Sunday, June 3, 2012

အာဖဂန်တွင် ပြန်ပေးဆွဲခံထားရသော NGO လုပ်သားလေးဦး ပြန်လည်လွတ်မြောက်

ဟယ်လင်ဂျွန်ဆင်
အာဖဂန်အရှေ့တောင်ဘက် တောင်များကြားတွင် ခိုအောင်းနေသော အစွန်းရောက်အဖွဲ့က ပြန်ပေးဆွဲထားသော နိုင်ငံခြားသူနှစ်ဦးအပါအဝင် NGO လုပ်သား လေးယောက်အဖွဲ့အား ကယ်ဆယ်ရေးအဖွဲ့က သွားရောက် ကယ်ဆယ်လိုက်နိုင်ပြီဖြစ်ကြောင်း သိရသည်။ သူတို့လေးဦးကို မေလနှောင်းပိုင်းက ရေးဘေးဒုက္ခသင့် ဘက်ဒက်ရှန်းပြည်နယ်တွင် လက်နက်ကိုင် လူတစ်စုကဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။ စနေနေ့ မိုးမသောက်မီ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားရာ နေရာကို ဝင်ရောက်စီးနင်းပြီး ကယ်ဆယ်ခဲ့ခြင်းဖြစ်သည်။ ဗြိတိန်နိုင်ငံမှ အသက် ၂၈ နှစ်ရှိ ဟယ်လင်ဂျွန်ဆင်၊ ကင်ညာမှ အသက် ၂၆ နှစ်ရှိ မိုရာဂွါ အိုရီရီနှင့် အာဖဂန်နိုင်ငံသားနှစ်ဦးတို့ဖြစ်ကြပြီး ဆွစ်ဇာလန် NGO ဖြစ်သော Medair အဖွဲ့တွင် အလုပ်လုပ်နေသူ များဖြစ်ကြသည်။ အပြည်ပြည်ဆိုင်ရာလုံခြုံရေးအထောက်အကူတပ်ဖွဲ့ (ISAF) က ၎င်းတို့ဝက်ဆိုက်တွင် NGO လုပ်သားများ အားကယ်တင်ပြီးဖြစ်ကြောင်း၊ သူတို့ကို ဖမ်းဆီးခဲ့သူများမှာ လက်နက်ကိုင်သောင်းကျန်းသူများဖြစ်ကြောင်း အတည်ပြုရေးသားဖေါ်ပြခဲ့သည်။ `ဒီကယ်ဆယ်ရေးအောင်မြင်ဖို့အတွက် အစီတွေချ၊ အစမ်းလေ့ကျင့်ရေးတွေလုပ်ပြီး သွားရောက်ကယ်တင်နိုင်ခဲ့တဲ့ ISAF အဖွဲ့အတွက် ဂုဏ်ယူပြီးတော့ အာဖဂန်အစိုးရကိုလည်း ကျေးဇူးတင် ပါတယ်။` ဟု ISAF တပ်မှူး ဗိုလ်ချုပ်ဂျွန်အလန်ကပြောသည်။ ISAF ညွန့်ပေါင်းတပ်များသည် အာဖဂန်ပြည်ထဲရေးဝန်ကြီး၏ အကူအညီဖြင့် အဆိုပါ ကယ်ဆယ်ရေးစစ်ဆင်ရေးကို ဆင်နွှဲခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံထားရသူများကို နေတိုး-အာဖဂန် ပူးပေါင်းတပ်ဖွဲ့က သွားရောက်ကယ်တင်ခဲ့ခြင်းဖြစ်သည်။ ပြန်ပေးသမားများက NGO လုပ်သားများကို ပြန်လွှတ်ပေးရန် ပြန်ပေးငွေ တောင်းခဲ့ပြီး စစ်ဆင်ရေးအတွင်း ပြန်ပေးသမား ၅ ဦးစလုံးကို ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက သတ်ဖြတ်နိုင်ခဲ့သည်။ ယင်းဒေသတွင် နယ်မြေကြမ်းတမ်းခြင်း၊ လုံခြုံရေးလျော့ရဲခြင်းများကို အခွင့်ကောင်းယူကာ လက်နက်ကိုင် ရာဇဝတ်သားများက ယခုကဲ့သို့ ပြုလုပ်ခြင်းဖြစ်ကြောင်း ဘက်ဒက်ရှန်းရှိ ရဲက ပြောသည်။ `အများအားဖြင့် ဒုစရိုက်သမားတွေ အခြေစိုက်ကြတာများပါတယ်။ ဒါပေမယ့် ဒီကောင်တွေကိုလည်း တာလီဘန်က ထောက်ပံ့ထားတယ်။` ဟု ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ရှမ်းဆူ-ရာမန်က ပြောသည်။ ဆောင်းတွင်းကာလအတွင်းက နှင်းများလွန်ကဲစွာကျဆင်းပြီး ၎င်းတို့အရည်ပျော်ချိန်တွင် ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့သဖြင့် NGO လုပ်သားများသည် ကြမ်းတမ်းသောနယ်မြေအတွင်း မြည်းများကို စီးကာ ယာဝမ်ခရိုင် ဆေးပေးခန်းသို့ သွားရောက်ကြစဉ် အဖမ်းခံခဲ့ရခြင်းဖြစ်သည်။ လက်ဦးပိုင်းတွင် သူတို့အဖွဲ့မှာ ငါးဦးအဖမ်းခံရခြင်းဖြစ်ပြီး တစ်ဦးက ထွက်ပြေးလွတ်မြောက်ခဲ့သည်။ Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။