Wednesday, June 6, 2012

ပါကစ္စတန် Sesame Street အစီအစဉ်အတွက် အမေရိကန် အကူအညီရပ်ဆိုင်း

အမေရိကန်နိုင်ငံတွင် ကလေးသူငယ်များအား ဖျော်ဖြေမှုပေးရင်း ပညာသင်ကြားပေးသည့် အစီအစဉ်တစ်ရပ် ဖြစ်သော Sesame Street ရုပ်သံစီးရီးမှာ ထင်ရှားကြော်ကြားလေသည်။ ပါကစ္စတန်ပုံစံ Sesame Street အစီအစဉ်အတွက် အမေရိကန် မှ အထောက်အပံ့ပေးထားခဲ့ရာ အစီအစဉ်ထုတ်လုပ်ရေးအဖွဲ့အတွင်း အကျင့်ပျက်ခြစားမှုများရှိကြောင်း အခိုင်အမာသိရှိရသဖြင့် အထောက်အပံ့များရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း အမေရိကန်က ပြောသည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ မာ့ခ်တိုနာက အင်္ဂါနေ့က အပြည်အပြည်ဆိုင်ရာဖွံ့ဖြိုးရေး အမေရိကန်အထောက်အပံ့အဖွဲ့ (USAID) က Sesame Street အစီအစဉ် အတွက် ပါကစ္စတန် ရာဖီပီယာပြဇါတ်ရုံ အလုပ်အဖွဲ့နှင့် စာချုပ်ချုပ်ဆိုခဲ့ပြီး အကျင့်ပျက်ခြစားမှုများ အတွက် တရားစွဲဆိုရန် သတိပေးလိုက်ပြီဖြစ်ကြောင်း ပြောသည်။ `ကျွန်တော်တို့ စုံစမ်းစစ်ဆေးနေပါတယ်။ လုပ်ငန်းသဘောတူညီချက်တွေကို ရပ်ဆိုင်းထားဖို့လည်း ပြဇါတ်ရုံ အလုပ်အဖွဲ့ကို ကျွန်တော်တို့ စာပို့ပြီးပါပြီ။` ဟု တိုနာက သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ပြောကြားခဲ့သည်။ ပါကစ္စတန် Sesame Street အစီအစဉ်အတွက် USAID မှ ဒေါ်လာ သန်း ၂၀ ချထားပေးပြီး ၂၀၁၁ ခုနှစ် အတွင်းက စတင်ထုတ်လွှင့်ခဲ့ရာတွင် ပါကစ္စတန်၌ Sim Sim Hamara ဟု လူသိများလေသည်။ ယခုအချိန် အထိ ယင်းအစီအစဉ်အတွက် အမေရိကန်ဒေါ်လာ ၆.၇ သန်းခန့် သုံးစွဲပြီးဖြစ်သည်။ နောက်ပိုင်းကျန်ရှိနေသည့် ငွေများကိုလည်း ဆက်လက်သုံးစွဲခွင့်ပိတ်ပင်ထားကြောင်း တိုနာက ပြောသည်။ Sesame Street အလုပ်အဖွဲ့သည် အကျိုးအမြတ်မဲ့ကုသိုလ်ဖြစ်အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး Sesame Street အစီအစဉ်အပါအဝင် အခြားကလေးအစီအစဉ်များစွာကို နိုင်ငံပေါင်း ၁၅၀ ကျော်တွင် သက်ဆိုင်ရာ နိုင်ငံ ပုံစံအတိုင်း တင်ဆက်လုပ်ဆောင်နေသည်။ ပါကစ္စတန် ရာဖီပီယာပြဇါတ်ရုံနှင့် ပတ်သက်၍ ယခုကဲ့သို့ ငွေကြေးခြစားမှုများရှိကြောင်း ကြားသိရသောအခါ အံ့သြစိတ်ပျက်မိကြောင်း ပြောသည်။ Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။