Thursday, May 19, 2011

အာရပ်အရေးနှင့်ပတ်သက်၍ အိုဘားမားမိန့်ခွန်းပြောကြားမည်

မြောက်အာဖရိကနှင့် အရှေ့အလယ်ပိုင်း နိုင်ငံရေး အပြောင်းအလဲများ ဖြစ်ပွားမှုနှင့် တ်သက်၍ အမေရိကန် ရပ်တည်ချက်များကို ဖေါ်ထုတ်ပြသသော မိန့်ခွန်း အိုဘားမား ပြောကြားမည် ဖြစ်သည်။


အီဂျစ်နှင့် တူနီးရှားတို့ကို စီးပွားရေးအရ အထောက်အပံ့များ ပေးသွားမည်ဖြစ်ကြောင်း ကြာသပတေးနေ့တွင် အိုဘားမား ပြောကြားမည့်မိန့်ခွန်းတွင် ပါဝင်မည်ဖြစ်သည်။ အရှေ့အလယ်ပိုင်း ဒေသအတွင်း ဆူပူအုံကြွ မှုများ ဖြစ်ပွားပြီးလအတန်ကြာတွင် ပြောကြားမည့် အဆိုပါမိန့်ခွန်းတွင် အဓိကကျသော မူဝါဒများနှင့်ပတ်သက်၍

အီဂျစ်ပေါ်တွင် အမေရိကန်က တင်ရှိနေသော အကြွေး ၁ ဘီလီယံကို အမေရိကန်က လျှော်ပစ်မည်ဖြစ်ကြောင်း အိုဘားမား မိန့်ခွန်းတွင် ပါဝင်မည်ဟု ဗုဒ္ဓဟူးနေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အကြီးတန်း အစိုးရအရာရှိတစ်ဦးက ပြောသည်။ ငွေကြေးများကို အလုပ်အကိုင် ဖန်တီးရေးအတွက် အသုံးပြုရာတွင် အမေရိကန်က ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း သိရှိရသည်။ အခြေခံအဆောက်အဦးများ တည်ဆောက်ရေးအတွက် နောက်ထပ် ၁ ဘီလီယံ ထုတ်ချေးဦးမည်ဟု ဝါရှင်တန်က ကမ်းလှမ်းမည် ဖြစ်သည်။ 

အခြားနိုင်ငံတကာ အဖွဲ့အစည်းများဖြစ်သော IMF (အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့)နှင့် ကမ္ဘာ့ဘဏ်များကလည်း အီဂျစ်ကို ဒေါ်လာဘီလီယံပေါင်းများစွာ ချေးငှားရန် ရှိနေသည်။
“တစ်ဦးချင်း အခွင့်အလမ်းတွေနဲ့ စီးပွားရေးတိုးတက်မှု မရှိလို့ အရှေ့အလယ်ပိုင်းဒေသ ဆူပူအုံကြွမှုတွေ ဖြစ်ပွားလာရတယ်လို့ ကျွန်တော်တို့ထင်ပါတယ်။ နိုင်ငံရေးအရ ဖိနှိပ်မှုတွေကြောင့်လည်း ပါပါတယ်။” အစိုးရအရာရှိက သတင်းထောက်များကိုပြောကြားခဲ့သည်။

အကြွေးကင်းခြင်း

ကြာသပတေးနေ့ ပြောကြားမည့်မိန့်ခွန်းကို “အရေးကြီးမိန့်ခွန်း” ဟူ၍ အိမ်ဖြူတော်အရာရှိများက သတ်မှတ်ခေါ်ဆိုကြသည်။ သို့သော် ဆွေးနွေးရန် ခက်ခဲသော မိန့်ခွန်းပါ အကြောင်းအရာများ အတွက်မူ ၎င်းတို့ ဆွေးနွေးခြင်း မရှိပေ။ ဗုဒ္ဓဟူးနေ့ သတင်းစာ ရှင်းလင်းပွဲတွင် အရှေ့အလယ်ပိုင်းဒေသ ဦးစွာတော်လှန်သော တူနီးရှားနှင့် အီဂျစ်အရေးကို ဆွေးနွေးခဲ့ကြပြီး “အရှေ့အလယ်ပိုင်းမီးမောင်းကြီးများ” ဟူ၍ အိမ်ဖြူတော်က နာမည်ပေးခဲ့သည်။
အစိုးရတာဝန်ရှိသူများက အဆိုပါနှစ်နိုင်ငံနှင့် ပတ်သက်၍ စီးပွားရေး ကုန်သွယ်ရေး ကိစ္စများကို အသားပေး ပြောကြားသွားသည်။ အိုဘားမားမိန့်ခွန်းအတွင်း အငြင်းပွားဖွယ် အခြေအနေများအသွင် ဆောင်လာဖွယ်ရှိသည်။ ဆီးရီးယားနိုင်ငံအပေါ် အမေရိကန် မူဝါဒကို မေးမြန်းရာတွင် တာဝန်ရှိသူများက ရှောင်လွှဲ ဖြေကြားသွားသည်။

“မနက်ဖြန်မှ ခင်ဗျားတို့ စောင့်မျှော်နားထောင်ရမယ့် မိန့်ခွန်းထဲက အချက်အလက်တွေကို ကျွန်တော်တို့က ပြောပြနေတာပါ” ဟူ၍ဆိုသည်။ ယခုနှစ်တွင် အီဂျစ်သည် စုစုပေါင်းတိုင်းပြည်ဝင်ငွေ (GDP) ၉ ရာခိုင်နှုန်းကျော် လျော့ကျသွားဖွယ်ရှိ သည်။ စီးပွားရေး တိုးတက်မှုနှုန်းမှာ ၁ ရာခိုင်နှုန်းသာရှိပြီး ယမန်နှစ်က ၅ ရာခိုင်နှုန်းရှိသည်။
အီဂျစ်နှင့် တူနီးရှား နှစ်နိုင်ငံစလုံးမှာ အလုပ်လက်မဲ့နှုန်း မြင့်မားလျက်ရှိပြီး စီးပွားရေး ညီမျှမှု မရှိခြင်းများကြောင့် ဆူပူအုံးကြွမှုများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ကြာသပတေးနေ့ မိန့်ခွန်းတွင် စီးပွားရေး အကူအညီပေးရေး အစီအစဉ်များ ပါဝင်မည်ဖြစ်ကြောင်း၊ အဓိက အားဖြင့် အကြွေးလျှော်ပစ်ခြင်းလည်း ပါဝင်မည်ဖြစ်ပြီး အီဂျစ်တူနီးရှား နှစ်နိုင်ငံလုံးအတွက် ငွေကြေးထောက်ပံ့မှုများ ရရှိမည်ဖြစ်ကြောင်း အစိုးရ တာဝန်ရှိသူများက ဆိုသည်။
“ထောက်ပံ့ငွေကြေးများကို ချက်ခြင်းရရှိနိုင်မှာ ဖြစ်ပါတယ်။ အီဂျစ်အစိုးရအတွက်ဆိုရင် အရေးကြီးတဲ့ အပိုင်းများမှာ သုံးစွဲနိုင်မှာဖြစ်ပြီး ကျွန်တော်တို့ဆီမှာလည်း လိုအပ်နေတဲ့ လူငယ်များ အလုပ်အကိုင်ရရှိရေး၊ ကိုယ်ပိုင်စီးပွားရေး လုပ်နိုင်စွမ်းရေး စတဲ့ကိစ္စတွေမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်” ဟူ၍ အခြားအစိုးရတာဝန်ရှိသူ တစ်ဦးက ဗုဒ္ဓဟူးနေ့ကပြောသည်။
သမ္မတ မူဘာရက် ရာထူးမှပြုတ်သွားပြီးကတည်းက အကြွေးပြေငြိမ်းခွင့်မှာ အီဂျစ်အစိုးရအတွက် ထိပ်တန်း လိုအပ်ချက်တစ်ခုဖြစ်သည်။ လွန်ခဲ့သောလကပင် အီဂျစ် ဘဏ္ဍာရေးဝန်ကြီး ဆမားရာဒဝမ် ဝါရှင်တန် သို့သွားကာ အကြွေးပြေငြိမ်းခွင့် ပေးရန် အမေရိကန်အစိုးရကို တောင်းဆိုခဲ့သည်။
အီဂျစ်က အမေရိကန်ပေါ်တင်ရှိသည့် ၃.၅ ဘီလီယံဒေါ်လာအနက်အိုဘားမားပေးမည့် အကြွေးပြေငြိမ်း ခွင့်မှာ ၁ ဘီလီယံသာဖြစ်သည်။ နိုင်ငံတော်ဗဟိုဘဏ်၏ အဆိုအရ အီဂျစ်တင်ရှိနေသော အကြွေး ၃.၅ ဘီလီယံမှာ ၅ နှစ်အတွင်းအမြင့်ဆုံးနှုန်းဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း ကိုင်ရိုအစိုးရအနေနှင့် ဘီလီယံပေါင်းများစွာ အတိုးသတ်နေရသည်။ အမေရိကန်အစိုးရသို့ နှစ်စဉ် ၃၅၀ မီလီယံနှင့် အများဆုံးကြွေးရှင်အဖြင် ၉ ဘီလီယံချေး သောဥရောပ သမဂ္ဂသို့ နှစ်စဉ် ၁ ဘီလီယံအတိုးသတ်ရသည်။
ထို့ပြင် IMFမှ ချေးငွေအာမခံများနှင့် အခြားအဖွဲ့အစည်း များကလည်း အီဂျစ်၏ နိုင်ငံခြားအကြွေးကို ပိုမို ကြီးမားလာစေသည်။
အိုဘားမားမိန့်ခွန်းတွင် စီးပွားရေး အကြောင်းအရာများသာ လွှမ်းမိုးနေမည်မဟုတ်ဘဲ အမေရိကန်နှင့် အရှေ့အလယ်ပိုင်း ဆက်ဆံရေး ကောင်းမွန်စေရန်ကိုသာ အဓိကထားမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ဆိုသည်။
“ဒါဟာ အမေရိကန်အတွက် အခွင့်အလမ်းတစ်ရပ်ပါပဲ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်များကဆိုရင် အမေရိကန်ဟာ အရှေ့အလယ်ပိုင်းမှာ အီရတ်စစ်ပွဲနဲ့ အိုစမာဘင်လာဒင်နဲ့ပဲ နပန်းလုံးနေခဲ့ရတာပါ။” ဟူ၍ အိမ်ဖြူတော်ပြန် ကြားရေး အတွင်းရေးမှူး ဂျေးကာနီက ဆိုသည်။
ပါလက်စတိုင်း-အစ္စရေးအရေးနှင့်ပတ်သက်၍မူ အိုဘားမားမိန့်ခွန်းတွင် ရှုပ်ထွေးဖွယ်ရှိကြောင်း အရိပ် အမြွက်မျှ အစိုးရတာဝန်ခံများက ပြောကြားခဲ့သည်။ အစိုးရကြားအချင်းများမှုများနှင့် ညှိနှိုင်းဆွေးနွေးပွဲများကို ရပ်တန့်ထားမှုများကြောင့် အစ္စရေး-ပါလက်စတိုင်းဒေသ တာဝန်ခံ ဂျော့ မစ်ရှယ်မှာ လွန်ခဲ့သော အပတ်ကပင် နှုတ်ထွက်သွားခဲ့သည်။
လွန်ခဲ့သောနှစ်က တိုက်ရိုက် တွေ့ဆုံဆွေးနွေးပွဲများ ပျက်ပြားသွားခဲ့သည်။ အနောက်ဘက်ကမ်းတွင် တရားမဝင် အိမ်ယာ တည်ဆောက်နေမှုများကို ပြန်လည် ပြင်ဆင်ရန်လည်း အစ္စရေးလ်က ငြင်းဆိုခဲ့သည်။ “အိုဘားမားအနေနဲ့ အစ္စရေးကို ဒီအတိုင်းပဲဆက်လုပ်သွားဖို့ လူသိရှင်ကြားရှင်းရှင်းလင်းလင်းသာ ပြောရပါမယ်။” ဟူ၍ တောင်ကယ်လီဖိုးနီးယားတက္ကသိုလ် လူထုသံတမန်ရေးရာဌာန ဒါရိုက်တာ ဖီးလစ်ဆီးအစ်ကပြောသည်။
ဆီးရီးယားအတွက်လည်းမေးခွန်းထုတ်စရာရှိသည်။ အိုဘားမားအစိုးရက လွန်ခဲ့သော အပတ်များက လေသံလွှင့်ခဲ့သော ဆီးရီးယားသမ္မတ ဘက်ရှာ အယ်အာဆက် ရာထူးမှ ဆင်းပေးရေးဆိုသည်မှာလည်း တိတ်ဆိတ်သွားပြီဖြစ်သည်။ ဗုဒ္ဓဟူးနေ့အစောပိုင်းကမူ အာဆက်နှင့် အခြားအကြီးတန်း အစိုးရအဖွဲ့ဝင်ခြောက်ဦးကို ပစ်မှတ်ထား၍ စီးပွားရေးပိတ်ဆို့မှု တစ်ရပ်ထုတ်ပြန်ခဲ့သည်။ အခြားအသေချာမရေရာမှုတစ်ခုမှာ အမေရိကန်မူဝါဒများနှင့်ပတ်သက်၍ အိုဘားမားမိန့်ခွန်းတွင် လေလုံးထွားမှုများ၊ ရှေ့နောက်မညီမှုများပါဝင်လာမည်လားဟူ၍ဖြစ်သည်။

ယခုအပတ်အစောပိုင်းက ပြုပြင်ပြောင်းလဲမှုများ အကောင်းဆုံးပြုလုပ်ခဲ့သော ဂျော်ဒန်ဘုရင့် နိုင်ငံအတွက် ဒေါ်လာသန်း ၅၀၀ အကူအညီပေးရန် ကြေငြာခဲ့သည်။ ဆန္ဒပြသူများကို ရက်စက်စွာ နှိမ်နင်းခဲ့သော ဘာရိန်းနိုင်ငံကိုလည်း အိမ်ဖြူတော်က ကျောထောက် နောက်ခံပေးထားသည်။

လွန်ခဲ့သောသုံးလမှစ၍ ဆန္ဒပြသူရာနှင့်ချီ၍ သတ်ဖြတ်နှိမ်နင်းခဲ့သော ယီမင်သမ္မတ အလီအဗ္ဗဒူလာ ဆာလာကို အိုဘားမားအနေနှင့် တရားဝင်ရှုံ့ချမှုပြုရဦးမည်။
“ယီမင်ကို အကောင်းမြင်သဘောနဲ့ ဖိအားပေးဖို့အရေးကနေ အမေရိကန်က လက်ရှောင်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ အမေရိကန်သမ္မတ အိုဘားမားအနေနဲ့ ယီမင်သမ္မတကို ရာထူးကနေ ဆင်းပေးဖို့ တရားဝင်ပြောတာ ကြားလိုပါတယ်။” ပရင်စတန် တက္ကသိုလ်မှ ယီမင်အရေးကျွမ်းကျင်သူ ဂရီဂိုရီဂျွန်ဆင်က ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ဝါရှင်တန်တွင်တော့ အရှေ့အလယ်ပိုင်းဒေသတွင် အိုဘားမားမိန့်ခွန်းပြောကြားလိမ့်မည်ဟူသော သတင်းကို အရှေ့အလယ်ပိုင်းသားတို့က အာရုံသိပ်ကျလိမ့်မည်မဟုတ်ဟု ထင်မြင်လျက်ရှိသည်။ အိုဘားမား၏ ၂၀၀၉ ကိုင်ရိုမိန့်ခွန်းပါ လေလုံးကြီးကတိများမှာ ယခုထိဖြစ်မလာသေးပေ။ ထို့ပြင် အရှေ့အလယ်ပိုင်းအရေး အခင်းများနှင့်ပတ်သက်၍ အမေရိကန်၏ တုန့်ပြန်မှုများမှာ အားရဖွယ်မရှိပေ။
“ကျွန်တော်တော့ အများကြီး မမျှော်လင့်ပါဘူး။” ဟူ၍ ကိုင်ရိုရှိ စီးပွားရေးသုံးသပ်သူ ဒွန်ညာဟာဆန်က ဆိုသည်။

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။