Showing posts with label အမေရိက. Show all posts
Showing posts with label အမေရိက. Show all posts

Saturday, September 1, 2012

အမေရိကန်-အစ္စရေးလ်စစ်ရေးပူးပေါင်းလေ့ကျင့်မှု အချိန်ရွှေ့ဆိုင်း

အမေရိကန်-အစ္စရေးလ် တိုက်ချင်းပစ်ဒုံးပျံပူးတွဲလေ့ကျင့်ရေးအစီအစဉ် တစ်ရပ်ကို ယခုနှစ်နှောင်းပိုင်းအထိရွှေ့ဆိုင်း လိုက်ပြီး စီစဉ်ထားသည့် အမေရိကန်စစ်သားအရေအတွက်ထက်လည်း လျှော့ချသွားမည်ဖြစ်ကြောင်း အမေရိကန် ပင်တာဂွန်စစ်ဌာနက အတည်ပြုပြောကြားလိုက်သည်။ သို့သော် ယင်းသို့အစီအစဉ်ရွှေ့ဆိုင်းလိုက်ခြင်းနှင့် စစ်သားဦးရေလျှော့ချလိုက်ခြင်းမှာ အစ္စရေးလ်အပေါ် ယုံကြည်မှု မရှိခြင်းကြောင့်ဖြစ်သည်ဟူသော ပြောဆိုချက်များမှာ မမှန်ကန်ကြောင်း သောကြာနေ့က အမေရိကန်က ငြင်းဆိုခဲ့ သည်။ ထို့ပြင် အီရန်၏ နျူကလီးယားခြိမ်းခြောက်မှုကို အစ္စရေးလ်ဝန်ကြီးချုပ်နေတန်ယာဟုနှင့် ကာကွယ်ရေးဝန်ကြီး အီဟွတ်ဘာရက်တို့က တစ်ကိုယ်တော်ကြိတ်ဝါဒဖြင့် မိမိတို့တစ်နိုင်ငံတည်းအနေနှင့် တိုက်ခိုက်ချေမှုန်းသွားမည်ဟူ သော စစ်ရေးအရခြိမ်းခြောက်ပြောဆိုမှုများပြုလုပ်နေစဉ် အမေရိကန်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုလုပ်ဆောင်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ `သြစတီရီချဲလင့်-၁၂ လို့အမည်ရတဲ့ တိုက်ချင်းပစ်ဒုံးပျံပစ်ခတ်စမ်းသပ်မှုဟာ ကျွန်တော်တို့နှစ်နိုင်ငံကြားမှာ အကြီးမားဆုံးဒုံးပျံကာကွယ်ရေးစံနစ်ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်တုန်းက တစ်ကြိမ်ပြုလုပ်ခဲ့ပြီး အဲဒီကနေ အဆင့်မြှင့်တင်ခဲ့တာဖြစ်ပါတယ်။` ဟု ပင်တာဂွန်ပြောရေးဆိုခွင့်ရ လေတပ်ဒုတိယဗိုလ်မှူးကြီး ဂျက်မီလာက ပြောကြားခဲ့သည်။ `စစ်ရေးလေ့ကျင့်မှုမှာ သတ်မှတ်ထားတဲ့ စံနစ်တွေနဲ့ အချက်အလက်တွေအတိုင်းလေ့ကျင့်သွားမှာဖြစ်ပါ တယ်။ လေ့ကျင့်မှုဆောင်ရွက်သူတွေနဲ့ အတူ တပ်ဆင်ထားတဲ့စံနစ်တွေဟာလည်း အားလုံးပုံမှန်တာဝန်များကို အပြည့်အဝဖေါ်ဆောင်လေ့ကျင့်သွားမှာဖြစ်ပါတယ်။` ဟု ဆို၏။ ယခင်က စစ်ရေးလေ့ကျင့်မှုအတွက် အမေရိကန်စစ်သားဦးရေ ၅ ၀၀၀ ခန့်ပါဝင်မည်ဟု သတ်မှတ်ထားသော်လည်း ၁ ၅၀၀ မှ ၁ ၂၀၀ ကြားတွင်သာ ပါဝင်တော့မည်ဖြစ်ကြောင်း တိုင်းမ်မဂ္ဂဇင်းက သောကြာနေ့က သတင်းရေးသားဖေါ် ပြခဲ့သည်။ ပက်ထရီယော့ ဟု အမည်ပေးထားသော ဒုံးချင်းဖျက်ဒုံးများ အစ္စရေးလ်သို့ သတ်မှတ်ထားသည့် အချိန် အတွင်းရောက်ရှိသွားမည်ဖြစ်သော်လည်း ယင်းတို့ကို ကိုင်တွယ်ပစ်ခတ်မည့် သူများတစ်ပါတည်းလိုက်ပါသွားခြင်း မရှိသေးကြောင်း သတင်းကဖေါ်ပြခဲ့သည်။ ထို့နောက် ဒုံးပျံကာကွယ်ရေးစစ်သင်္ဘော အဟောင်းနှစ်စင်းအစား တစ်စင်းသာ အစီအစဉ်အတွင်းပါဝင်မည်ဖြစ်ပြီး နောက်တစ်စင်းအတွက် `ပါဝင်ကောင်းပါဝင်နိုင်သည်` ဟူသော မှတ်ချက်သာရှိသေးကြောင်းလည်း ဆိုသည်။ အထက်ပါ သတင်းနှင့် ပတ်သက်၍ တိုင်းမ် မဂ္ဂဇင်းက အမည်မဖေါ် လိုသော အစ္စရေးလ်စစ်ဘက်အရာရှိတစ်ဦးက ပြောဆိုကြောင်းနှင့် အစ္စရေးလ်အပေါ် ယုံကြည်မှုလျော့နည်းခြင်း ကြောင်း ဖြစ်ကြောင်း ရေးသားဖေါ်ပြခဲ့သည်။ သို့သော် ဗိုလ်မှူးကြီးမီလာက အထက်ပါအချက်ကိုငြင်းဆိုခဲ့ပြီးအမေရိကန်-အစ္စရေးလ်ဆက်ဆံရေးမှာ အခိုင်အမာ ဖြစ်ကြောင်း၊ သြစတီရီချဲလင့် စစ်ရေးလေ့ကျင့်မှုအစီအစဉ်သည် အပြန်အလှန်ယုံကြည်မှုကို သက်သေပြနေသည့် အချက်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ နောက်ထပ်အမေရိကန်စစ်ဘက်ဆိုင်ရာအရာရှိတစ်ဦးကလည်း စစ်ရေးလေ့ကျင့်မှုအတွက် အမေရိကန်စစ်သားဦးရေ မဆိုစလောက်သာလျှော့ချလိုက်ခြင်းဖြစ်ပြီး တိုင်းမ်မဂ္ဂဇင်းမှ ဖေါ်ပြသည့်ကိန်းဂဏန်းမှာ မမှန်ကန်ကြောင်း ပြောကြား ခဲ့သည်။ အစ္စရေးလ်ကာကွယ်ရေးဝန်ကြီးဌာနတာဝန်ရှိသူတစ်ဦးကလည်း လွန်ခဲ့သော ၂ နှစ်က ပြုလုပ်ခဲ့သည့် အမေရိကန်-အစ္စရေးလ်စစ်ရေးလေ့ကျင့်မှုအတိုင်းပင် ယခုအကြိမ်တွင်လည်း သတ်မှတ်စံနှုန်းများအတိုင်းပြုလုပ်သွားမည်ဖြစ် ကြောင်း ရိုက်တာသတင်းဌာနသို့ပြောကြားခဲ့သည်။ စစ်ရေးလေ့ကျင့်မှုအတွက် သတ်မှတ်အစီအစဉ်များထက် လျှော့ချလိုက်သည်ဆိုသည့်အချက်မှာ လေ့ကျင့်မှုတွင် ပါဝင်မည့် အခြေခံအချက်များကို အနည်းငယ်ပြင်ဆင်သတ်မှတ်လိုက်ခြင်းသာဖြစ်ပြီး အခြားလျှော့ချပြောင်းလဲမှုများ မရှိကြောင်း အစ္စရေးလ်တာဝန်ရှိသူများက ဆိုသည်။ `စစ်ရေးလေ့ကျင့်မှုအတွက် အစောကြီးကတည်းက ကြိုတင်ပြင်ဆင်ထားခဲ့တာဖြစ်ပြီး အပြောင်းအလဲပြုလုပ် လိုက်တာတွေက အရေးကြီးတဲ့အချက်တွေမဟုတ်ပါဘူး` ဟု ဆို၏။ စစ်ရေးလေ့ကျင့်မှုကို ယခင်ကမေလအတွင်းပြုလုပ်ရန် စီစဉ်ထားခြင်းဖြစ်ပြီး အစ္စရေးလ်တာဝန်ရှိသူများက ဆောင်းဦး ပေါက်အထိ ရွှေ့ဆိုင်းပေးရန်တောင်းဆိုမှုကြောင့် ရွှေ့ဆိုင်းလိုက်ခြင်းသာဖြစ်ကြောင်း ဗိုလ်မှူးကြီးမီလာက ပြောသည်။ `အစ္စရေးလ်က ရွှေ့ဆိုင်းပေးဖို့တောင်းဆိုလာတဲ့ အခါကျတော့ အဲဒီအချိန်မှာ အခြားစစ်ရေးလေ့ကျင့်မှုတွေ နဲ့ တိုက်ဆိုင်နေတာကြောင့် စစ်သားဦးရေနဲ့ လက်နက်ကိရိယာပစ္စည်းတွေ ယခင်သတ်မှတ်ထားတဲ့ အရေအတွက်ထက်လျှော့နည်းသွားမှာ ဖြစ်တယ်လို့ အမေရိကန်ဘက်က ပြောလိုက်ပါတယ်။ အစ္စရေးလ်က ဆောင်းဦးပေါက် အထိရွှေ့ဆိုင်းလိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။` ဟု မီလာက ပြောကြားခဲ့သည်။ Source: Al Jazeera

Monday, August 6, 2012

အင်္ဂါဂြိုလ်ပေါ်သို့ နာဆာစူးစမ်းရေးယာဉ် ဆင်းသက်တော့မည်

အင်္ဂါဂြိုလ်ပေါ်တွင် တစ်ချိန်တုန်းက သက်ရှိများရှင်သန်နေထိုင်ခဲ့ဖူးသည်ဟူသော အယူအဆကို မှန်၊ မမှန် ရှာဖွေဖေါ်ထုတ်ရန်နှင့် အင်္ဂါဂြိုလ်နှင့် ပတ်သက်၍ လူသားများအမျိုးမျိုးအဖုံဖုံစဉ်းစားနေသော ပဟေဋ္ဌိများ ကို ဖြေရှင်းနိုင်ရန် အမေရိကန်အာသာသသိပ္ပံဌာန နာဆာမှ စေလွှတ်လိုက်သော လူမဲ့ အာကာသစူးစမ်း ရေးယာဉ် ကျူရီယိုစီးတီး အင်္ဂါဂြိုလ်၏ မျက်နှာပြင်သို့ဆင်းသက်ရန် နာရီပိုင်းမျှသာ လိုတော့သည်ဖြစ်ရာ လူအများစိတ်လှုပ်ရှားလျှက်ရှိနေကြသည်။ ဒေါ်လာ ၂.၅ ဘီလီယံအကုန်အကျခံတည်ဆောက်ပြီး စေလွှတ်လိုက်သော စူးစမ်းရေးယာဉ်သည် မော်တော်ကားတစ်စင်း အရွယ်မျှရှိပြီး အင်္ဂါဂြိုလ်မျက်နှာပြင်ပေါ်သို့ တနင်္လာနေ့ ဂရင်းနစ်စံတော်ချိန် ၀၅း၃၁ နာရီ (အမေရိကန်အနောက်ဘက်ကမ်းခြေဒေသစံတော်ချိန် ၁၀း၃၁ ) တွင် ဆိုက်ရောက်မည်ဖြစ် သည်။ ဘီးခြောက်ဘီးတပ် စူးစမ်းရေးယာဉ်ကို ပထမဦးဆုံးအနေနှင့် ဒုံးပျံပဲ့ထိန်းတွန်းကန်စံနစ်ကိုသုံးကာ ယာဉ်ကို မြေပြင်ပေါ်သို့ချပေးမည်ဖြစ်ပြီး ပထမအကြိမ် နာဆာမှ လွှတ်တင်စဉ်က လေအိပ်များကို အသုံးပြုခဲ့သည်။ `ကျွန်တော်တို့ ယုံကြည်မှုအပြည့်ရှိနေပါတယ်။ အင်္ဂါဂြိုလ်လေထုတွင်း ချဉ်းနင်းဝင်ရောက်မှု၊ ဆင်းသက်မှု၊ မြေပြင်ကို ဆိုက်ကပ်မှု ဖြစ်စဉ် အဆင့်ဆင့်လှုပ်ဆောင်ရမှာတွေကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြပါတယ်။` တယ်ဟု ယင်းအဆင့်များကို တာဝန်ယူဆောင်ရွက်သော အဖွဲ့ခေါင်းဆောင် နာဆာအင်ဂျင်နီယာ အဒမ်တယ်လ်ဇနာက ပြောသည်။ ယင်းသို့ ဆင်းသက်ခြင်းနောက်ဆုံးအဆင့်တွင် အာကာသယာဉ်သည် ဂြိုလ်၏ဆွဲငင်အားကြောင့် လေထုတွင်း ပွတ်တိုက်မီးလောင်နိုင်သော အရှိန်ဖြစ်သည့် တစ်နာရီ၂၁ ၂၄၀ ကီလိုမီတာ နှုန်းဖြင့် ဆင်းသက်မည်ဖြစ်ပြီး အထူးပြုလုပ်ထားသော လေထီးဖြင့် နောက်ပိုင်းတွင် အရှိန်လျှော့ချပေး သွားမည်ဖြစ်သည်။ ထို့နောက် မြေပြင်သို့ရောက်ခါနီးတွင် ဒုံးပျံတွန်းကန်အားသုံးလက်တံများထွက်လာပြီး မြေပြင်သို့တွန်းကန်ပေးထားစဉ်တွင် စူးစမ်းရေးယာဉ်ကို သားရေနိုင်လွန်ကြိုးဖြင့် မြေကြီးပေါ်သို့ ဘီးခြောက်ဘီးပေါ် တွင် တည့်တည့်မတ်မတ်ကျရောက်သွားစေရန် ထိန်းမတ်ချပေးလိုက်မည်ဖြစ်သည်။ Source: Al Jazeera

Sunday, July 1, 2012

အမေရိကန်ပြည်ထောင်စုတွင် အပူလှိုင်းနှင့် မိုးကြိုးမုန်းတိုင်း ကျရောက်

အမေရိကန်ပြည်ထောင်စု အရှေ့ဘက်တွင် အပူလှိုင်းကျရောက်ပြီး မိုးကြိုးမုန်တိုင်းတိုက်ခတ်ခဲ့သဖြင့် လျှပ်စစ်ဓါတ်အားလိုင်းများပြတ်တောက်ကာ လူဦးရေ သုံးသန်းခန့် လျှပ်စစ်မီးမရဘဲ ဖြစ်လျှက်ရှိသည်။ မိုးကြိုးမုန်တိုင်းကြောင့် လူ ၁၃ ဦး အနည်းဆုံးသေဆုံးခဲ့ကြောင်း စနေနေ့က တာဝန်ရှိသူများက ပြောသည်။ ဗာဂျီးနီးယားပြည်နယ်တွင် ၆ ဦးသေဆုံးခဲ့ပြီး ထိုအထဲတွင် အသက် ၉၀ အဘွားအိုတစ်ဦးဖြစ်ကာ အိပ်ယာထဲတွင် အိပ်နေစဉ် သူမအိမ်ပေါ်သို့ သစ်ပင်လဲကျပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။ နယူးဂျာစီပြည်နယ်တွင်လည်း အပျော်တမ်းစခန်းချခရီးထွက်နေသော ညီအစ်ကိုနှစ်ဦး၏ ရွက်ဖျင်တဲပေါ်သို့ သစ်ပင်လဲကျကာ သေဆုံးခဲ့သည်။ မေရီလင်းပြည်နယ်တွင် နှစ်ဦး၊ အိုဟိုင်းအိုးတွင် တစ်ဦးနှင့် ဝါရှင်တန်ဒီစီတွင် တစ်ဦး အသီးသီးသေဆုံးခဲ့သည်။ ကိုလမ်ဘီယာ၊ အိုဟိုင်းအိုး၊ ဗာဂျီးနီးယားနှင့် အနောက်ဗာဂျီးနီးယားပြည်နယ်များတွင် တစ်ညလုံးမုန်တိုင်းကျရောက် ပြီး အပျက်အစီးများဖြစ်ပွားခဲ့သောကြောင့် အရေးပေါ်အခြေအနေကြေငြာထားလေသည်။ ဟာရီကိန်းမုန်တိုင်းကြောင့် ဖြစ်ပေါ်လာသော လေပြင်းသည် ကီလိုမီတာ ၆၀၀ ခန့်ကျယ်ဝန်းသော နယ်မြေအတွင်း ဝင်ရောက်တိုက်ခတ် ခဲ့ခြင်းဖြစ်သည်။ ပိုမိုအင်အားပြင်းထန်သောမုန်တိုင်းနှင့် အတူ အပူလှိုင်းထပ်မံကျရောက်ဦးဖြစ်ကြောင်း မိုးလေဝသသတင်းများက ကြေငြာအသိပေးထားသည်။ လျှပ်စစ်ဓါတ်အားလိုင်းများပြန်လည်ပြင်ဆင်ရန် အချိန်တစ်ပတ်မျှကြာမြင့်မည်ဖြစ်ပြီး အိုဟိုင်းအိုးနှင့် ဗာဂျီးနီးယားပြည်နယ်များတွင် အပျက်အစီးအလွန်များပြားလေသည်။ `အပူလှိုင်းကလည်းကျရောက်နေတဲ့ အချိန် လျှပ်စစ်ဓါတ်အားပြန်ရဖို့ကလည်း အချိန်နည်းနည်းယူရဦးမယ်။` ဗာဂျီးနီးယားပြည်နယ်အရေးပေါ်ကိစ္စစီမံခန့်ခွဲရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဘော့ဘ်စပီးလ်ဒန်နာက ပြောသည်။ ဗာဂျီးနီးယားတွင် လူဦးရေတစ်သန်းခန့် လျှပ်စစ်ဓါတ်အားပြတ်တောက်နေသော အခြေအနေတွင် နေထိုင်နေရပြီး ပြည်နယ်သမိုင်းတွင် ဟာရီကိန်းနှင့် ဆက်စပ်ပျက်စီးဆုံးရှုံးမှုများ မဖြစ်ခဲ့ဖူးကြောင်း ဘော့ဘ်က ပြောသည်။ ဝါရှင်တန်နှင့် ဖီလာဒဲလ်ဖီးယားကြားရှိ ရထားလမ်းပျက်စီးသွားကြောင်း Amtrak ရထားဌာနက ပြောသည်။ ဓါတ်အားကုမ္ပဏီများကလည်း လျှပ်စစ်ဓါတ်အားလိုင်းများ ပြန်လည်ပြင်ဆင်ရန် အနီးအနားပြည်နယ်များထံမှ အကူအညီတောင်းခံထားသည်။ လျှပ်စစ်ဓါတ်အားများပြတ်တောက်နေစဉ် အိုဟိုင်းအိုးတောင်ကြားနှင့် မြောက်ဘက်အတ္တလန္တိတ်အလယ်ပိုင်း ပြည်နယ်များတွင် ပိုမိုပြင်းထန်သော မိုးကြိုးမုန်တိုင်းများနှင့် အပူလှိုင်းများကျရောက်ဦးမည်ဖြစ်ကြောင်း မိုးလေဝသ ဌာနများက ကြေငြာထားသည်။ ပြည်နယ်နှင့် ဒေသဆိုင်ရာအာဏာပိုင်များက လူအများကို လေအေးပေးစက်ရှိသောနေရာများတွင် နေထိုင်ကြရန်၊ ရေများများသောက်ရန်၊ အရောင်ဖျော့ဖျော့ အဝတ်အစားများဝတ်ဆင်ထားကြရန် တိုက်တွန်းနှိုးဆော်ထားသည်။ အပူဒဏ်ကို ခံနိုင်ရည်နည်းသော သက်ကြီးရွယ်အိုများ၊ ကလေးငယ်များနှင့် စိတ်ဝေဒနာသည်များကို ကြည့်ရှုစောင့် ရှောက်ထားကြရန်လည်း နှိုးဆော်ထားသည်။ `ဒီကနေ့ အပူချိန် ၁၀၀ ဒီဂရီအထိ ရောက်သွားမှာကို ကျွန်တော်တို့ အကြောက်ဆုံးပါပဲ။` ဟု မေရီလင်းပြည်နယ် အရေးပေါ်ကိစ္စများ စီမံခန့်ခွဲရေးဌာန ပြောခွင့်ရ အက်ဒ်မက်ဒိုးနပ်က ပြောသည်။ အပူဒဏ်မှ အကာအကွယ်ရရန် လူများသည် ကုန်တိုက်ကြီးများ၊ ဟိုတယ်များတွင် သွားရောက်နေကြလေသည်။ ကားလမ်းမများတွင်လည်း မီးပွိုင့်များပျက်နေသည်။ ဝါရှင်တန်မြို့စွန်တွင် အရေးပေါ်ဆက်သွယ်ရမည့် ဌာနများတွင် လျှပ်စစ်မီးပြတ်တောက်နေသဖြင့် အကူအညီလိုအပ် သူများအနေနှင့် ရဲစခန်းများနှင့် မီးသတ်ဌာနများသို့ သွားရောက်ကြရန် ညွှန်ကြားထားသည်။ ဆဲလ်ဖုန်းလိုင်းများ ပြတ်တောက်ပြတ်တောက်ဖြစ်နေပြီး ရေများ သိုလှောင်ထားကြရန်လည်း ညွှန်ကြားထားသည်။ ဇွန်လ အပူချိန်အနေနှင့် သောကြာနေ့တွင် ဝါရှင်တန်၊ အတ္တလန္တာ၊ နက်ရှ်ဗီးလ်၊ တန်နက်စီ၊ လူးဝစ်ဗီးလ် နှင့် ကန်တပ်ကီပြည်နယ်များတွင် စံချိန်လွန်ပူပြင်းခဲ့လေသည်။ အမျိုးသားမိုးလေဝသဌာနမှ ပြောကြားချက်အရ မြို့လေးမြို့တွင် အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယပ်စ်အထိ ပူပြင်းခဲ့ကြောင်း သိရသည်။ Source: Al Jazeera

Friday, June 29, 2012

အမေရိကန်ပြည်ထောင်စု အိမ်ယာမဲ့ပြဿနာ

အမေရိကန်ပြည်ထောင်စုတွင် ရို့ဒ်ကျွန်းသည် အိမ်ယာမဲ့အခွင့်အရေးဥပဒေပထမဦးဆုံး ရေးဆွဲပြဋ္ဌာန်းသည့် ပြည်နယ်ဖြစ်သည်။ ဥပဒေအရ အလုပ်အကိုင်အခွင့်အလမ်း၊ အိမ်ယာအခွင့်အလမ်း၊ အများပြည်သူနေရာများဆိုင်ရာ အခွင့်အလမ်းများ အများနည်းတူ ခံစားပိုင်ခွင့်ရှိသည်။ အိမ်ယာမဲ့များ၏ အခွင့်အရေးများကို ကာကွယ်ရေးအတွက် ရို့ဒ်ကျွန်းတွင် လှုပ်ရှားနေစဉ်တွင် အမေရိကန်ပြည် ထောင်စုတွင်း မြို့ ၅၀ ကျော်တွင် အများပြည်သူနှင့်သက်ဆိုင်သော နေရာများတွင် အိပ်စက်ခြင်း၊ အထုတ်အပိုးများ ချ၍ နေထိုင်ခြင်း၊ အစားအသောက်စားသောက်ခြင်းများကို တားမြစ်သောဥပဒေများ ပြဋ္ဌာန်းထားကြသည်။ အထက်ပါတားမြစ်ချက်ဥပဒေများကို ထောက်ခံသူများက အများပြည်သူကျန်းမာရေးနှင့် လုံခြုံရေးအတွက် ယင်းဥပဒေများလိုအပ်ကြောင်းထောက်ပြကြသည်။ သို့သော် လူ့အခွင့်အရေးလှုပ်ရှားသူများက ယင်းဥပဒေများ ကြောင့် အိမ်ယာမဲ့များအတွက် စားစရာ၊ အိပ်စရာနေရာများပါ မရှိတော့ကြောင်း ဆိုသည်။ အမေရိကန်ပြည်ထောင်စု မြို့အများစုတွင် အိမ်ယာမဲ့များအတွက် စားသောက်ရန်၊ နေထိုင်ရန် အလွန်ခက်ခဲလေ သည်။ ယခုအခါတွင်မူ အိမ်ယာမဲ့များအတွက် ရည်ရွယ်၍ လှုပ်ရှားမှုများ ဆောင်ရွက်နေပြီဖြစ်သည်။ ဖီလာဒဲဖီးယားတွင် အစားသောက်များကို အိမ်အပြင်တွင် ပေးကမ်းခြင်းသည်ဥပဒေနှင့် ငြိစွန်းသည်။ စိန့်ပီတာစဘတ်နှင့် ဖလော်ရီဒါတွင် အများပိုင်နေရာများတွင် ပစ္စည်းများထားခြင်း၊ အိပ်စက်ခြင်းတို့သည် ဥပဒေနှင့် ငြိစွန်းသည်။ လော့စ်အိန်ဂျလိစ်တွင် လူသွားစင်္ကြံတွင် ဆေးလိပ်ပြာခြွေခြင်း၊ အများပြည်သူသုံးနေရာများတွင် အရက်သောက်ခြင်းမှစ၍ လမ်းပေါ်တွင် လက်ကမ်းစာရွက် များဝေငှခြင်းသည်ပင် ဥပဒေနှင့် မညီညွတ်ချေ။ လူ့အခွင့်အရေးလှုပ်ရှားသူများက လော့စ်အိန်ဂျလိစ်ကို အမေရိကန်ပြည်ထောင်စုတွင် `လက်ပေါက်အကပ်ဆုံးမြို့` ဟု အမည်ပေးထားသည်။ `ကျွန်တော်အလုပ်လုပ်လာတဲ့ အချိန်အများစုဟာ အိမ်ယာမဲ့ဘဝနဲ့ဖြစ်ပါတယ်။ အလုပ်လုပ်လို့ရတဲ့ပိုက်ဆံက အိမ်တစ်လုံးငှားဖို့တောင် မတတ်နိုင်တော့တဲ့အခါကျတော့ အိမ်ယာမဲ့ဖြစ်ရတာပဲ။ ဝါရှင်တန်ဒီစီလို့မြို့မှာ အလုပ်လုပ်ရင် ရတဲ့ပိုက်ဆံက အိမ်ငှားခရဲ့ လေးပုံတစ်ပုံလောက်ပဲရတယ်။` အိမ်ယာမဲ့အခွင့်အရေးလှုပ်ရှားသူနှင့် ကိုယ်တိုင်လည်း အိမ်ယာမဲ့ဖြစ်သူ အဲရစ်ရှက်ပ်တော့က ပြောသည်။ အိမ်ယာမဲ့ပြဿနာများကို ဝါရှင်တန်အစိုးရ သတိထားမိသွားပြီး အိမ်ယာမဲ့များအား ဥပဒေပြင်ပရောက်နေသူများဖြစ် သွားစေမည့် ဥပဒေပြဋ္ဌာန်းမှုများ၊ လုပ်ရပ်များကို ဝေဖန်ပြောကြားလိုက်သည်။ ပြည်ထောင်စုအစိုးရက အဆိုပါလုပ်ရပ်များသည် ပြဿနာကိုဖြေရှင်းခြင်းမဟုတ်ဘဲ အိမ်ယာမဲ့များအား မမြင်မတွေ့ နိုင်အောင် ဖုံးဖိထားခြင်းသာဖြစ်ကြောင်း ပြောဆိုလိုက်သည်။ အောက်ပါအချက်များမှာ အမေရိကန်ပြည်ထောင်စု အိမ်ယာမဲ့များအကြောင်းဖြစ်သည်။ ညတိုင်း အိမ်ယာမဲ့ ၆၃၆ ၀၀၀ ဦးရေရှိသည်။ ၂၀၁၁ ခုနှစ်ထက် ၁% သာလျှော့နည်းသွားသည်။ အိမ်ယာမဲ့ဦးရေလျှော့ချရေး စီမံကိန်းများ မအောင်မြင်ပေ။ အိမ်ယာမဲ့ ၄၀% တွင် ခိုလှုံရာနေရာမရှိပေ။ အိမ်ယာမဲ့ဦးရေ၏ ၃၇% သည် ကလေးရှိသော မိသားစုများဖြစ်သည်။ ၂၀၀၉-၂၀၁၀ ကြားကလအတွင်းမှာပင် အမေရိကန်ကလေး တစ်သန်းခန့် အိမ်ယာမဲ့ခဲ့သည်။ ပြည်နယ် ၂၄ ခုနှင့် ဝါရှင်တန်ဒီစီတွင် အိမ်ယာမဲ့ဦးရေတိုးပွားလျက်ရှိသည်။ ဝင်ငွေနိမ့်မိသားစု ၆.၂ သန်းတွင် ၎င်းတို့၏ ဝင်ငွေတစ်ဝက်ကျော်ကို အိမ်ငှားရမ်းရာတွင် အသုံးပြုနေရသည်။ ဝင်ငွေနိမ့် ၇၅% မှာ အိမ်ငှားရမ်းမှုအတွက် ဝန်ထုပ်ဝန်ပိုးပိလျှက်ရှိသည်။ ဝိုင်ရိုးမင်းပြည်နယ်တွင် ၂၀၁၁ ခုနှစ်၌ အိမ်ယာမဲ့ဦးရေ ၃၁၀% တိုးတက်လာခဲ့သည်။ Source: Al Jazeera

Monday, June 18, 2012

၁၉၉၂ အမေရိကန်အဓိကရုဏ်းမီးပွား ရော့ဒ်နီကင်း ကွယ်လွန်

၁၉၉၁ ခုနှစ်အတွင်းက လော့စ်အိန်ဂျယ်လိစ်ရဲများ၏ ရိုက်နှက်နှိပ်စက်မှုကို ခံခဲ့ရပြီး၊ ယင်းပြဿနာကြောင့် အမေရိကန်သမိုင်းတွင် အလွန်ကြီးမားသည့် အဓိကရုဏ်းကြီးတစ်ခုပေါ်ပေါက်ခဲ့မှု၏ အကြောင်းရင်း ပုဂ္ဂိုလ် ဖြစ်သောလူမည်းအမျိုးသား ရော့ဒ်နီကင်း ကွယ်လွန်ခဲ့ပြီဖြစ်ပြီး အသက် ၄၉ နှစ်ဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် သူ့အဖြစ်အပျက်ကို The Riot Within: My Journey from Rebellion to Redemption.ဟူသော အမည်ဖြင့် စာအုပ်ထုတ်ဝေခဲ့သည်။ သူ့အလောင်းကို ရည်းစားဖြစ်သူက ရေကူးကန်အတွင်းတွေ့ရှိခဲ့ခြင်းဖြစ်ကာ လုပ်ကြံခံရသည့် အရိပ်အယောင်မတွေ့ရကြောင်း BBC သတင်းက ကြေငြာခဲ့သည်။ ၁၉၉၁ ခုနှစ်အတွင်းက သူ့ကိုရိုက်နှက်နှိပ်စက်ခဲ့သော ရဲများကို တရားရုံးက အပြစ်မရှိကြောင်း စီရင်ပြီး ပြန်လည်လွှတ်ပေးခဲ့သည့်အတွက် ၁၉၉၂ တွင်အဓိကရုဏ်းဖြစ်ပွားခဲ့ပြီး သုံးရက်ကြာမြင့်ကာ ၅၅ ဦးသေဆုံးပြီး ၂၀၀၀ ကျော်ဒဏ်ရာရရှိခဲ့သည်။ လော့စ်အိန်ဂျယ်လိစ်မြို့ အချို့နေရာများကို မီးရှို့ခံခဲ့ရသည်။ ထိုစဉ်က အဓိကရုဏ်းကြီး အထွဋ်အထိပ်သို့ရောက်နေချိန်တွင် ရော့ဒနီကင်းက ရုပ်မြင်သံကြားမှနေ၍ ဖြန်ဖြေစကားပြောကြားပေးခဲ့သည်။ ၁၉၉၁ ခုနှစ် မတ်လ ၃ ရက်နေ့ညက သူကားမောင်းနှင်သွားစဉ် သတ်မှတ်အရှိန်ထက်ကျော်လွန်မောင်းနှင် မောင်းနှင်မှုကြောင့် လော့စ်အိန်ဂျယ်လိစ်ရဲများက သူ့ကားကို ဟန့်တားပြီး ကားပေါ်မှ ဆွဲချကာ ရဲလေးဦး က အချက်ပေါင်း ၅၀ ကျော်ခန့် ဝိုင်းဝန်းရိုက်နှက်ခဲ့သည်။ ခြေထောက်များဖြင့် ကန်ကြောက်ပြီး အသံဗုံးခွဲသည့် သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်။ ထိုအချိန်တွင် အနီးအနားအိမ်မှ လူတစ်ယောက်က အဖြစ်အပျက်ကို ထွက်ကြည့်ရင်း ဗွီဒီယိုရိုက်ယူခဲ့ပြီး နောက် ယင်းတိပ်ခွေကို ကူးကာ ရုပ်မြင်သံကြားဌာနတစ်ခုသို့ပေးပို့ခဲ့သည်။ ယင်းအဖြစ်အပျက်မှတ်တမ်း ဗွီဒီယိုကို ရုပ်မြင်သံကြားဌာနက ထပ်ခါတလဲလဲပြသခဲ့ပြီးနောက် အမေရိကန်နိုင်ငံအတွင်း လူမျိုးရေးတင်း မာမှုဖြစ်ပွားလာခဲ့သည်။ ဗွီဒီယိုတိပ်ခွေမှတ်တမ်းအရ ရိုက်နှက်မှုကျူးလွန်ခဲ့သော ရဲသားများမှာ အပြစ်ထင်ရှားလေသည်။ ထို့နောက် ယင်းအမှုကို ကြိုတင်စီစဉ်ထားသည့်အတိုင်း လူဖြူများနေထိုင်သော ကယ်လီဖိုးနီးယားပြည်နယ် ဆီမီဗယ်လီ တွင်ရုံးတင်ခဲ့လေသည်။ ၁၉၉၂ ဧပြီလ ၂၉ ရက်နေ့တွင် လူဖြူများသာပါဝင်သော ဂျူရီလူကြီးများက ရဲသားလေးဦးအနက် သုံးဦးကို တရားသေလွှတ်ပေးခဲ့သည်။ ထိုအခါ လော့စ်အိန်ဂျယ်လိစ် တောင်ပိုင်းမှစတင်၍ အကြမ်းဖက်မှုများ ရုတ်တရက်ဖြစ်ပွားလေတော့သည်။ လော့စ်အိန်ဂျယ်လိစ်ရဲများလည်း ရုတ်တရက်အငိုက်မိကာ အဓိကရုဏ်းကို လူအုပ်ကို ထိန်းမနိုင်ဘဲ ထွက်ပြေးခဲ့ရလေသည်။ ထို့နောက် ကိုရီးယားတောင်း နယ်မြေအတွင်းသို့ ပြန့်နှံ့ကူးစက်လာကာ ဆိုင်ပိုင်ရှင်များနှင့် လုယက်ရမ်းကားသူများကြား ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြန်သည်။ ယင်းသို့ အဓိကရုဏ်းကာလအတွင်း လူဖြူတက္ကဆီယာဉ်မောင်း ရက်ဂျီနယ်ဒန်နီကို လူမည်းများက ကားပေါ်မှ ဆွဲချပြီး ဝိုင်းဝန်းရိုက်နှက်ကြသဖြင့် သေလုမြောပါးခံစားခဲ့ရလေသည်။ ဆေးရုံတွင် ခွဲစိတ်ကုသမှုခံယူခဲ့ရပြီး ကြေသွားသော ဦးခေါင်းခွံကိုပြန်လည်ချုပ်ရခြင်း၊ မေးရိုးများပြန်လည် တည့်မတ်ပေးရခြင်း၊ မျက်လုံးတစ်လုံးကို မျက်စေ့အိမ်အတွင်းပြန်လည်ထည့်သွင်းပေးရခြင်းများပြုလုပ်ခဲ့ရ သည်။ Source: Al Jazeera

Thursday, June 14, 2012

အာကာသမှန်ပြောင်းသစ်တစ်ခု နာဆာထပ်မံလွှတ်တင် (ဗွီဒီယိုသတင်း)

စင်္ကြာဝဠာအကြောင်းများပိုမိုသိရှိနိုင်ရန် နာဆာက စင်္ကြာဝဠာတွင်းနက်ကြီး ရှာဖွေရေး ဟုခေါ်သော ခေါင်းစဉ်ဖြင့် တယ်လီစကုပ်မှန်ပြောင်းအသစ်တစ်ခုထပ်မံလွှတ်တင်လိုက်ပြီဖြစ်သည်။ NuStar ခေါ် အဏုမြူအလင်းလှိုင်းအာရုံခံစံနစ်မှန်ပြောင်းကို ပစိဖိတ်အလယ်ပိုင်း မာရှယ်ကျွန်းပေါ်ရှိ အမေရိကန် လေတပ်အခြေစိုက်စခန်းမှ လွှတ်တင်ခဲ့သည်။ NuStar မှန်ပြောင်းသည် ဘတ်စ်ကားတစ်စင်းအရွယ်မျှရှိပြီး အာကာသတွင်းရောက်ရှိသွားလျှင် ထပ်မံဆန့်ထွက်ရှည်လျားလာမည်ဖြစ်သည်။ အာကာသတွင်းရောက်ရှိပြီး စတင်အလုပ်လုပ်ဆောင်နိုင်ရန် အချိန်တစ်ပတ်မျှသာကြာမည်ဖြစ်သည်။ ယခင်လွှတ်တင်ထားသောမှန်ပြောင်းများမှ ပေးပို့သော စင်္ကြာဝဠာပုံရိပ်များထက် ပိုမိုအလှမ်းဝေးသော၊ ပိုမိုပြည့်စုံသော ပုံရိပ်များဖမ်းယူရရှိနိုင်မည်ဖြစ်ပြီး အဓိကအားဖြင့် Black Hole ခေါ် စင်္ကြာဝဠာတွင်းနက် ကြီးများကို ရှာဖွေသွားမည်ဖြစ်သည်။ NuStar ၏ စွမ်းပကားဖြင့် နက္ခတပညာရှင်များအနေနှင့် ကြယ်များ၊ တွင်းနက်ကြီးများအကြောင်းကို အနီးကပ်၊ အသေးစိတ်ထပ်မံ လေ့လာနိုင်တော့မည်ဖြစ်၏။ Source: Al Jazeera

Wednesday, June 13, 2012

မက္ကဆီကိုတွင် အစုလိုက်အပြုံလိုက် ခုတ်ပိုင်းသတ်ဖြတ်ထားသော အလောင်းများတွေ့

မက္ကဆီကို အရှေ့ဘက် ဗာရာခရုဇ်ပြည်နယ်တွင် အနည်းဆုံးလူ ၁၄ ယောက်ခန့်ကို ခုတ်ထစ်ပိုင်းဖြတ် သတ်ထားသော အလောင်းများ စွန့်ပစ်ထားသော ကားတစ်စင်းပေါ်တွင် တွေ့ရှိခဲ့ကြောင်း အာဏာပိုင်များ က ပြောသည်။ ဗာရာခရုဇ်ပြည်နယ်သည် မူးယစ်ဂိုဏ်းများနှင့်ဆက်စပ်၍ အကြမ်းဖက်မှုများဖြစ်ပွားလေ့ ရှိသော ဒေသတစ်ခုဖြစ်သည်။ တနင်္လာနေ့က တစ်စုံတစ်ယောက်က တယ်လီဖုန်းဖြင့်ဆက်သွယ်အကြောင်းကြားခဲ့သဖြင့် သွားရောက်ကြည့်ရှုခဲ့ရာ အလောင်းများတင်ထားသော ကားကို တာမူလီပတ်ပြည်နယ်နှင့် အနီး တပ်ဇ်ပန်မြို့လမ်းမပေါ်တွင် တွေ့ရှိ ခဲ့သည်။ မျက်မြင်သက်သေများ၏ ပြောပြချက်များအရ အသတ်ခံထားရသော လူများမှာ အသက် ၂၀ ဝန်းကျင် ခန့်ရှိ လူငယ်များဖြစ်ပြီး ခုတ်ထစ်ထားသော အပိုင်းများကို အိတ်များအတွင်း ထိုးသိပ်ထည့်ကာ စွန့်ပစ်သွားကြောင်း ဒေသတွင်းသတင်းများက ဖေါ်ပြကြသည်။ အသတ်ခံရသောသူများသည် နာမည်ကြီး ဇီတာမူးယစ်ဂိုဏ်းနှင့် ရန်ငြှိုးရန်စရှိထားသူများဖြစ်ကြောင်း အခင်းဖြစ်ပွားရာနေရာတွင် ရေးသားထားသော စာအရသိရှိရသည်။ ၁၉၉၀ နှစ်များအတွင်းက အလုပ်မှနှုတ်ထွက်သွားကြပြီး အစိုးရ မူးယစ်နှိမ်နင်းရေး အထူးကွန်မန်ဒိုတပ်ဖွဲ့ဝင်များက ပင်လယ်ကွေ့မူးယစ်ဂိုဏ်းအတွက် ကြေးစားလုပ်ကိုင်ပေးခဲ့ကြပြီးနောက်ပိုင်း ဇီတာဂိုဏ်းကို စတင်တည်ထောင်ခဲ့ကြသည်။ မြောက်ပိုင်းရှိ တာမူလီပတ်ပြည်နယ်သည် ဇီတာဂိုဏ်း အဓိကကြီးစိုးရာနယ်မြေဖြစ်ပြီး ဆီနာလိုအာဂိုဏ်း၊ ပင်လယ်ကွေ့ဂိုဏ်း တို့နှင့် ပြဿနာများမကြာခဏဖြစ်လေ့ရှိသည်။ ၂၀၁၁ ခုနှစ်မှ စ၍ ယင်းသို့အစုလိုက်အပြုံလိုက်သတ်ဖြတ် စွန့်ပစ်ထားခြင်းများ မကြာခဏဖြစ်ပွားလေ့ရှိပြီး တစ်ခါတစ်ရံ လူနေထူထပ်သည့်နေရာများတွင်ပင် ဖြစ်ပွားလေ့ရှိသည်။ ဇွန်လ ၇ ရက်နေ့က မက္ကဆီကိုမြောက်ပိုင်း စီအူဒက်မန်တီမြို့ မြို့တော်ခန်းမအနီးတွင်ရပ်ထားသောကား ပေါ်မှ ခုတ်ပိုင်းထားသော အလောင်း ၁၄ လောင်း၊ မေလ ၁၄ ရက်နေ့က တာမူလီပတ်ပြည်နယ်မြို့တော် နူဗိုလယ်ဒိုတွင် အလောင်း ၁၄ လောင်းနှင့် ယင်းနေ့တစ်နေ့တည်းမှာပင် ယင်းမြို့ရှိ ကုန်းကျော်တံတားပေါ်မှ ဆွဲကြိုးချသတ်ဖြတ်ထားသော အလောင်း ၉ လောင်းတွေ့ရှိခဲ့သည်။ နူဗိုလယ်ဒိုမြို့သည် နယ်စပ်မြို့သို့သွားရာ မှောင်ခိုလမ်းကြောင်းပေါ်တွင် တည်ရှိသည့် အဓိကမြို့ဖြစ်ပြီး မက္ကဆီကိုမှ မြောက်ပိုင်း အမေရိကန်သို့တင်သွင်းသမျှသော မူးယစ်ဆေးဝါး ၄၀ ရာခိုင်နှုန်းခန့်မှာ ယင်းမြို့ ကို ဖြတ်သန်းသန်းသွားသည်။ လွန်ခဲ့သော စက်တင်ဘာလအတွင်းက နိုင်ငံအဝှမ်း တရားရေးအဖွဲ့ဝင်များ စုံညီအစည်းအဝေးမကျင်းပရန် ရက်ပိုင်းမျှ အလိုတွင် ဗာရာခရုဇ်မြို့ဆိပ်ကမ်းရှိ ကားအသွားအလာထူထပ်သော လမ်းမကြီးပေါ်တွင် အလောင်း ၃၅ လောင်တင်ဆောင်ထားသော ကားတစ်စင်းကို နေ့ခင်းကြောင်တောင် လာရောက်စွန့်ပစ် သွားခဲ့လေသည်။ Source: Al Jazeera

Saturday, June 9, 2012

မိမိကိုယ်ကိုယ် အဆုံးစီရင်သည့် အမေရိကန်စစ်သားဦးရေ တိုးတက် (ဗွီဒီယိုသတင်း)

အီရတ်နိုင်ငံတွင် တာဝန်ထမ်းဆောင်ရင်း အမေရိကန်စစ်သည် ဂျွန်နသန်ဘတ်လက်၏ ခြေထောက်နှစ်ဖက် ဆုံးရှုံးခဲ့ရသည်။ ထို့နောက် သူ့ကိုယ်သူ ပြန်လည်ထူထောင်နိုင်ခဲ့ပြီး စီးပွားစီမံခန့်ခွဲ ဘာသာရပ်ဖြင့် ဘွဲ့တစ် ခုရအောင်ယူနိုင်ခဲ့ကာ အလုပ်အကိုင်ရရှိခဲ့လေသည်။ သို့သော် လွန်ခဲ့သောနှစ်လက ရေချိုးခန်းအတွင်း ကိုယ့်ကိုယ်ကိုယ် သေနတ်ဖြင့်ပစ်သတ်ကာ အဆုံးစီရင် သွားခဲ့လေသည်။ မိသားစုနှင့် မိတ်ဆွေသူငယ်ချင်းများကိုမူ သူ့ကိုမေ့ပျောက်ပစ်လိုက်စေချင်ကြောင်း အသိပေးခဲ့သည်။ အစောပိုင်းကမူ ဒုက္ခိတဘဝရောက်သွားရသော်လည်း သူ့ကိုယ်သူ ပျော်ရွှင်စွာဖြင့်ပင်ဘဝကို ဖြတ်သန်း နေသူတစ်ဦးဖြစ်ကြောင်း ရွှင်ရွှင်ပျပျပင်ပြောဆိုနေခဲ့သေးသည်။ ဆယ်ကျော်သက်ဘဝက ၉/၁၁ ဖြစ်စဉ်ကို မြင်တွေ့ခဲ့ရပြီး မိမိနိုင်ငံကို စော်ကားလာသူများအား ပြန်လည်အပြစ်ပေးရမည်ဟု ယူဆခဲ့ကြောင်း ပြောသည်။ စစ်ယူနီဖေါင်းကို ဝတ်ဆင်ခြင်းမပြုတော့သည့်သူ့ကို စစ်ပွဲကြောင့် ဒုက္ခိတဖြစ်ရသည့်သူတစ်ယောက်ဟု အများက မသိကြတော့ပေ။ ထို့နောက်တွင် သူ့ကိုယ်သူ အဆုံးစီရင်သွားခဲ့တော့ပြီး တာဝန်ထမ်းဆောင် ဆဲ မိမိကိုယ်ကိုယ်အဆုံးစီရင်သွားသည့် အမေရိကန်စစ်သား ၁၅၄ ဦးမြောက်စာရင်းသို့ဝင်သွားတောသည်။ ဤအရေအတွက်သည် နှစ်တစ်နှစ်၏ ပထမဦးဆုံး ၁၅၅ ရက်အတွင်း ကိုယ့်ကိုယ်ကိုယ်သတ်သေသည့် အမေရိကန်စစ်သားအရေအတွက်ပင်ဖြစ်တော့သည်။ Source: Al Jazeera

ဂျမေကာမူးယစ်ရာဇာကို အမေရိကန်အစိုးရ ထောင်ဒဏ် ၂၃ နှစ်ချ

ဂျမေကာလူမျိုး မူးယစ်ရာဇာ ခရစ္စတိုဖာ ဒူးဒပ်စ် ကုတ်အား အမေရိကန် မူးယစ်နှိမ်နင်းရေးက ဖမ်းဆီးခဲ့ ပြီး ထောင်ဒဏ် ၂၃ နှစ်ချမှတ်လိုက်သည်။ ကုတ်သည် ၎င်းအား ပြိုင်ဘက်များနှင့် နောက်လိုက်များက ရိုသေကြောက်ရွံ့မှုရှိစေရန် အစွမ်းကုန်ရက်စက်ပြသော နည်းလမ်းများကို အသုံးပြု၍ မူးယစ်လောကတွင် ကျင်လည်ခဲ့သူတစ်ယောက်ဖြစ်သည်။ ၂၀၁၁ ခုနှစ် သြဂုတ်လအတွင်း ကျူးလွန်ခဲ့သော မူးယစ်မှောင်ခိုမှုများနှင့် တိုက်ခိုက်မှုများအတွက် အပြစ်ရှိ ကြောင်း ခံဝန်ချက်ပေးခဲ့ပြီး အမေရိကန်တရားရုံးတစ်ခုက အသက် ၄၃ နှစ်ရှိ ကုတ်အား သောကြာနေ့က အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၂၃ နှစ် ကျခံစေရန် အမိန့်ချမှတ်လိုက်သည်။ ကုတ်ကို အမေရိကန်က အလိုရှိနေပြီး ဂျမေကာအာဏာပိုင်များအကူအညီဖြင့် အမေရိကန်သို့လွှဲပြောင်း ပေးရေးအတွက် ကြိုးပမ်းခဲ့ပြီးနောက် ယခုကဲ့သို့ပြစ်ဒဏ်ချမှတ်နိုင်ခဲ့ခြင်းဖြစ်သည်။ ၁၉၉၀ ခုနှစ်များအတွင်း နယူးယောက်၊ မိုင်ယာမီ နှင့် ကင်းစတန်၊ ဂျမေကာ မြို့များအပါအဝင် ကမ္ဘာအနှံ့သို့ ဆေးခြောက်၊ ကိုကင်း စသည့်မူးယစ်ဆေးဝါးများဖြန့်ချိရေးလုပ်ကိုင်သည့် Shower Posse ဟု အမည်ရသည့် နိုင်ငံတကာ မူးယစ် ရာဇဝတ်ဂိုဏ်းတစ်ခုကို ကုတ် တည်ထောင်လည်ပတ်ခဲ့သည်။ ကုတ်သည် ဂျမေကာရှိ တီဗိုလီ ဂါးဒင်းမြို့တွင် အခြေချပြီး ကမ္ဘာအနှံ့မူးယစ်ဆေးဖြန့်ချိသည့် လုပ်ငန်းကို ကြီးကြပ်ကွပ်ကဲခဲ့သည်။ ယင်းမြို့ကို အမေရိကန်အာဏာပိုင်များက လက်နက်ကိုင် အဖွဲ့အစည်းများ ကြီးစိုး သည့် မြို့ဟု အမည်ပေးထားပြီး ၂၀၁၀ တွင် ဂျမေကာအာဏာပိုင်များက ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ပြီး အမေရိကန်သို့လွှဲပြောင်းပေးခဲ့သည်။ ထိုမြို့ကို ကုတ်၏ တပည့်လက်သားများက လက်နက်ကိုင်စောင့်ကြပ်ထားခဲ့ကြောင်း၊ ယင်းလက်နက်များမှာ အမေရိကန်မှ ဂျမေကာသို့မှောင်ခိုတင်သွင်းပြီး မှောင်ခိုဈေးကွက်မှ ဝယ်ယူကိုင် ဆောင်သော လက်နက်များဖြစ်ကြောင်း တရားရေးအဖွဲ့က ပြောသည်။ သူ့ကို မက်ဟန်တန် ခရိုင်တရားရုံးတွင် သောကြာနေ့က ရုံးထုတ်စဉ် ကုတ်သည် မီးခိုးရောင် ထောင်ဝတ်စုံ ကို ဝတ်ဆင်ထားလျှက် အေးတိအေးစက် အမူအရာဖြင့်သာထိုနေခဲ့သည်။ တရားသူကြီးက ကုတ်ကို မေးမြန်းရာတွင် ကုတ်က သူသည်လူကောင်းတစ်ဦးဖြစ်ကြောင်း၊ ဂျမေကာရှိ သူ့လူမျိုးများအတွက် ကောင်းမွန်သည့်လုပ်ရပ်များသာ လုပ်ဆောင်ခဲ့သူ ဖြစ်ကြောင်း ဖြေကြားခဲ့သည်။ သို့သော် တရားသူကြီး ပက်တာဆန်က မူးယစ်မှောင်ခိုမှုများအတွက် ထောင်ဒဏ်အနှစ် ၂၀ နှင့် လက်နက်ကိုင်တိုက်ခိုက်သတ်ဖြတ်မှုများအတွက် ထောင်ဒဏ် ၃ နှစ်တို့ကို တစ်သီးတစ်ခြားစီနှင့် တစ်ဆက်တည်းကျခံစေရန် အမိန့်ချမှတ်လိုက်သည်။ ထို့ပြင် ဒဏ်ငွေ ဒေါ်လာ ၁.၅ သန်းပေးဆောင်ရမည်ဖြစ်သည်။ `ဒီအမှုကို စီရင်ချက်ချနိုင်တာဟာ ခရစ္စတိုဖာကုတ်လို လုံးဝမထိရဲလောက်အောင် အကောင်ကြီးတဲ့ ရာဇဝတ်သားတွေကို ဖေါ်ထုတ်နှိုင်တယ်၊ ဖမ်းနိုင်တယ်၊ စီရင်ချက်ချနိုင်တယ် ဆိုတဲ့ တရားဥပဒေစိုးမိုးရေးရဲ့ ခိုင်မာတဲ့ ပြယုဂ်ကို ထုတ်ဖေါ်ပြသလိုက်ခြင်းပဲဖြစ်ပါတယ်။`ဟု အမေရိကန်မူးယစ်နှိမ်နင်းရေးဌာန နှင့် လက်တွဲအလုပ်လုပ်နေသော စုံထောက် ဝီးလ်ဘတ်ပလမ်မာ ကပြောသည်။ ကုတ်၏ ရှေ့နေဖြစ်သူ စတီဖင်ရိုဆင်က ကုတ်အတွက် စီရင်ချက်ထောင်ဒဏ်များကို တစ်ပေါင်းတည်း ကျခံပေးရန် လျှောက်လဲချက်ရှုံးနိမ့်ခဲ့သည့်အတွက် စိတ်ပျက်မိကြောင်း၊ အယူခံဝင်တော့မည်မဟုတ် ကြောင်း ပြောကြားခဲ့သည်။ သို့သော် ကုတ်အသက် ၆၀ ခန့်တွင် လျှော့ပေါ့ရက်များဖြင့် ပြန်လည်လွတ်မြောက်ပြီး ဂျမေကာသို့ ပြန်နိုင် မည်ထင်ကြောင်း ရိုဆန်က ပြောသည်။ ဂျမေကာ အမျိုးသားလုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ပီတာဘန့်တင်းက ကုတ်အားယခုကဲ့သို့ အပြစ်ပေးလိုက် ခြင်းသည် ရာဇဝတ်သားများအား ဥပဒေအထက်တွင် မည်သူမျှ မရှိဟူသော အချက်ကို အသိပေးလိုက်ခြင်းပင်ဖြစ်ပြီး အယူခံဝင်နိုင်ခြင်းသာမရှိခဲ့ပါက ကုတ်အနေနှင့် တစ်သက်တစ်ကျွန်းပင် ကျသွားနိုင်ကြောင်း ပြောသည်။ Source: Al Jazeera

Thursday, June 7, 2012

ကိုလံဘီယာ မူးယစ်ဂိုဏ်းများ သောင်းကျန်း (ဗွီဒီယိုသတင်း)

ကိုလံဘီယာနိုင်ငံသည် ကမ္ဘာပေါ်တွင် ကိုကင်းထုတ်လုပ်မှု ထိပ်တန်းနိုင်ငံတစ်နိုင်ငံဖြစ်ခဲ့ဖူးသည်။ သို့သော် အစိုးရ၏ တင်းတင်းကြပ်ကြပ်ကိုင်တွယ်နှိမ်နင်းမှုကြောင့် ယခုအခါ ကိုကင်းထုတ်လုပ်ဖြန့်ချိသော ရာဇဝတ် ဂိုဏ်းများသည် ၎င်းတို့ပုံမှန်ထုတ်လုပ်မှုထက် တစ်ဝက်မျှသာ ထုတ်လုပ်နိုင်တော့လေသည်။ မူးယစ်ဆေးဝါးဆန့်ကျင်နှိမ်နင်းရေး ပြုလုပ်ခဲ့ပြီး မူးယစ်ဂိုဏ်းများလျော့နည်းသွားခြင်းသည် အခြားရာဇဝတ် မှုများ အပါအဝင် လူသတ်မှုများလည်း တစ်ပါတည်းလျော့ကျသွားစေခဲ့သည်။ သို့သော် တစ်ချိန်က ကိုလံဘီယာမူးယစ်ဂိုဏ်းများ အများဆုံးအခြေစိုက်ရာ ကာလီမြို့တွင် အပြိုင်အဆိုင် ဂိုဏ်းများအချင်းချင်း အပြန်အလှန်သတ်ဖြတ်မှုများပြန်လည်ဖြစ်ပွားလျက်ရှိပြီး နိုင်ငံတွင်း အန္တရာယ်အကြီးများဆုံး မြို့တစ်မြို့ဖြစ်နေကြောင်း လူပြောများလျက်ရှိသည်။ သတင်းထောက် ထရီဆာဘို က ကာလီမြို့မှ သတင်းပေးပို့ထားသည်။ Source: Al Jazeera

Wednesday, June 6, 2012

ပါကစ္စတန် Sesame Street အစီအစဉ်အတွက် အမေရိကန် အကူအညီရပ်ဆိုင်း

အမေရိကန်နိုင်ငံတွင် ကလေးသူငယ်များအား ဖျော်ဖြေမှုပေးရင်း ပညာသင်ကြားပေးသည့် အစီအစဉ်တစ်ရပ် ဖြစ်သော Sesame Street ရုပ်သံစီးရီးမှာ ထင်ရှားကြော်ကြားလေသည်။ ပါကစ္စတန်ပုံစံ Sesame Street အစီအစဉ်အတွက် အမေရိကန် မှ အထောက်အပံ့ပေးထားခဲ့ရာ အစီအစဉ်ထုတ်လုပ်ရေးအဖွဲ့အတွင်း အကျင့်ပျက်ခြစားမှုများရှိကြောင်း အခိုင်အမာသိရှိရသဖြင့် အထောက်အပံ့များရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း အမေရိကန်က ပြောသည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ မာ့ခ်တိုနာက အင်္ဂါနေ့က အပြည်အပြည်ဆိုင်ရာဖွံ့ဖြိုးရေး အမေရိကန်အထောက်အပံ့အဖွဲ့ (USAID) က Sesame Street အစီအစဉ် အတွက် ပါကစ္စတန် ရာဖီပီယာပြဇါတ်ရုံ အလုပ်အဖွဲ့နှင့် စာချုပ်ချုပ်ဆိုခဲ့ပြီး အကျင့်ပျက်ခြစားမှုများ အတွက် တရားစွဲဆိုရန် သတိပေးလိုက်ပြီဖြစ်ကြောင်း ပြောသည်။ `ကျွန်တော်တို့ စုံစမ်းစစ်ဆေးနေပါတယ်။ လုပ်ငန်းသဘောတူညီချက်တွေကို ရပ်ဆိုင်းထားဖို့လည်း ပြဇါတ်ရုံ အလုပ်အဖွဲ့ကို ကျွန်တော်တို့ စာပို့ပြီးပါပြီ။` ဟု တိုနာက သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ပြောကြားခဲ့သည်။ ပါကစ္စတန် Sesame Street အစီအစဉ်အတွက် USAID မှ ဒေါ်လာ သန်း ၂၀ ချထားပေးပြီး ၂၀၁၁ ခုနှစ် အတွင်းက စတင်ထုတ်လွှင့်ခဲ့ရာတွင် ပါကစ္စတန်၌ Sim Sim Hamara ဟု လူသိများလေသည်။ ယခုအချိန် အထိ ယင်းအစီအစဉ်အတွက် အမေရိကန်ဒေါ်လာ ၆.၇ သန်းခန့် သုံးစွဲပြီးဖြစ်သည်။ နောက်ပိုင်းကျန်ရှိနေသည့် ငွေများကိုလည်း ဆက်လက်သုံးစွဲခွင့်ပိတ်ပင်ထားကြောင်း တိုနာက ပြောသည်။ Sesame Street အလုပ်အဖွဲ့သည် အကျိုးအမြတ်မဲ့ကုသိုလ်ဖြစ်အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး Sesame Street အစီအစဉ်အပါအဝင် အခြားကလေးအစီအစဉ်များစွာကို နိုင်ငံပေါင်း ၁၅၀ ကျော်တွင် သက်ဆိုင်ရာ နိုင်ငံ ပုံစံအတိုင်း တင်ဆက်လုပ်ဆောင်နေသည်။ ပါကစ္စတန် ရာဖီပီယာပြဇါတ်ရုံနှင့် ပတ်သက်၍ ယခုကဲ့သို့ ငွေကြေးခြစားမှုများရှိကြောင်း ကြားသိရသောအခါ အံ့သြစိတ်ပျက်မိကြောင်း ပြောသည်။ Source: Al Jazeera

Tuesday, June 5, 2012

ကနေဒါ လူသတ်သမားကို ဘာလင်တွင် ဖမ်းမိ

လုခ်ရော့ကိုမဂ္ဂနော့တာ
ယခင်အပတ်က ကနေဒါတွင် လူတစ်ယောက်ကို သတ်ပြီး အစိတ်အပိုင်းများဖြတ်တောက်နေပုံကို ဗွီဒီယို ရိုက်ခဲ့ပြီး ဖြတ်တောက်ထားသော ခန္ဓာကိုယ်အစိတ်အပိုင်းများကို စာတိုက်မှတစ်ဆင့် ပို့ဆောင်ခဲ့သော တရားခံ အသက် ၂၉ နှစ်ရှိ ညစ်ညမ်းဗွီဒီယိုသရုပ်ဆောင်ဖြစ်သူ လုခ်ရော့ကိုမဂ္ဂနော့တာကို ဂျာမဏီတွင် ဖမ်းဆီးရမိခဲ့ပြီဖြစ်ကြောင်း ကနေဒါနှင့် ဂျာမဏီဆိုင်ရာ တာဝန်ရှိသူများက ပြောသည်။ တရားခံသည် ဂျာမဏီနိုင်ငံ ဘာလင်မြို့ရှိ အင်တာနက်ဆိုင်တစ်ဆိုင်တွင် အင်တာနက်သုံးစွဲနေစဉ် အခြားသူတစ်ဦးက သူ့ကိုမှတ်မိသွားပြီး ရဲသို့သတင်းပေးပို့ခဲ့ပြီး ဖမ်းဆီးလိုက်နိုင်ကြောင်း ဘာလင်ရဲဌာန ပြောခွင့်ရ ခါစတင်ဇိစမာက ပြောသည်။ မဂ္ဂနော့တာကို ကနေဒါအာဏာပိုင်များက လူသတ်မှုအပါအဝင် အခြားအမှုများဖြင့်လည်း အလိုရှိနေသည်။ သူသည် အသက် ၃၃ နှစ်ရှိ တရုတ်လူမျိုးတက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်သူ ဂျွန်လင်းကို သတ်ဖြတ်ခဲ့ ပြီး ခန္ဓာကိုယ်ကို တစ်စစီပိုင်းဖြတ်ကာ ခြေထောက်ပြတ်တစ်ဖက်ကို ကနေဒါအာဏာပါတီဌာနချုပ်သို့ ပေးပို့ခဲ့သည်။ Source: Al jazerra

Sunday, June 3, 2012

အမေရိကန်သမ္မတဟောင်းဘုရှ်အား ဖမ်းဆီးပေးရန် တောင်းဆို

လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ကြီးဖြစ်သော အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် Amnesty International (AI) အဖွဲ့က ကနေဒါ စီးပွားရေးထိပ်သီးစည်းဝေးပွဲသို့ တက်ရောက်မည့် အမေရိကန် သမ္မတဟောင်း ဂျော့ဒဗလျူဘုရှ်သည် သမ္မတဖြစ်စဉ်အခါက `အကြမ်းဖက်တိုက်ဖျက်ရေး`ဟူသော ခေါင်းစဉ်ဖြင့် လူ့အခွင့်အရေးချိုးဖေါက်ခဲ့ကြောင်း စွပ်စွဲချက်ဖြင့် ကနေဒါအစိုးရအား ဘုရှ်ကို ဖမ်းဆီးပေးရန် တောင်းဆိုလိုက်သည်။ ဘုရှ်သည် လာမည့်အောက်တိုဘာ ၂၀ ရက်နေ့တွင် ကနေဒါအနောက်ပိုင်း ဘရစ်တစ်ရှ်ကိုလမ်ဘီယာ ပြည်နယ်တွင် ကျင်းပမည့် ထိပ်သီးစည်းဝေးပွဲသို့ တက်ရောက်မည်ဖြစ်သည်။ ကနေဒါအစိုးရအနေနှင့် အပြည်ပြည်ဆိုင်ရာဥပဒေအရ နှိပ်စက်ညှဉ်းပမ်းမှုများအပါအဝင် ရာဇဝတ်မှုများ အတွက်တာဝန်ရှိသော သမ္မတဟောင်း ဘုရှ်ကို ဖမ်းဆီးပေးရန် နိုင်ငံတကာလူ့အခွင့်အရေး ဆိုင်ရာတာဝန်တစ်ရပ်အနေနှင့် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့ထုတ် ကြေငြာချက်တွင် AI အဖွဲ့ကြီးက တောင်းဆိုထားသည်။ လန်ဒန်အခြေစိုက် AI အဖွဲ့သည် စာမျက်နှာ ၂၇ မျက်နှာရှိသော မှတ်တမ်းတစ်ခုကို စက်တင်ဘာလ အတွင်းက ကနေဒါရှေ့နေချုပ်ထံသို့ ပေးပို့ခဲ့ပြီးဖြစ်သည်။ `အမေရိကန်အာဏာပိုင်တွေက ဘုရှ်ကို ဥပဒေရှေ့မှောက် မပို့ပေးနိုင်တဲ့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက မဖြစ်မနေဆောင်ရွက်ရပါမယ်။` ဟု အမေရိကတိုက်ဆိုင်ရာ AI အဖွဲ့ဒါရိုက်တာ ဆူဆန် လီးက ပြောကြားခဲ့သည်။ `အကယ်၍ ကနေဒါအစိုးရ ဘုရှ်ရောက်တဲ့ အချိန်မှာ ဖမ်းဆီးပြီး ဥပဒေရှေ့မှောက်ပို့ဆောင်ဖို့ ပျက်ကွက်ခဲ့မယ်ဆိုရင် ဒါဟာ ကုလသမဂ္ဂသဘောတူညီချက်ဖြစ်တဲ့ အခြေခံလူ့အခွင့်အရေးများကို ချိုးဖေါက်ပြီး နှိပ်စက်ညှဉ်းပမ်းခြင်း၊ ပြုမူခြင်းများမပြုရ ဆိုတဲ့ အချက်ကို အလိုတူအလိုပါ ချိုးဖေါက်လိုက် ခြင်းပဲဖြစ်ပါတယ်။` ဟု ဆိုသည်။ အထက်ပါကိစ္စနှင့်ပတ်သက်၍ ကနေဒါအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူက ပြန်လည်တုံ့ပြန်ပြောဆိုလာခြင်း မရှိသေးပေ။ ဖေဖေါ်ဝါရီလအတွင်းကလည်း အလားတူ တောင်းဆိုမှုများကြောင့် ဆွစ်ဇာလန်သို့ သွားမည့် ဘုရှ်၏ ခရီးစဉ်ကို ဖျက်သိမ်းခဲ့ရသည်။ AI အနေနှင့် သမ္မတဟောင်း ဘုရှ်သွားရောက်မည့်နိုင်ငံများမှ အစိုးရများနှင့် ပူးပေါင်း၍ သူ၏ ရာဇဝတ်မှု များအတွက် ဥပဒေရှေ့မှောက်ပို့ဆောင်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဖွဲ့၏ အထွေထွေအတွင်းရေးမှူး အဲလက်နိဗ် က သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ပြောကြားခဲ့သည်။ `နှိပ်စက်ညှဉ်းပမ်းမှုပြုခဲ့တယ်ဆိုရင် ဥပဒေနဲ့ညိစွန်းပါတယ်။ သူတို့ရဲ့ရာဇဝတ်မှုတွေက အလွန်ဆိုး ရွားပါတယ်။ ဒါကြောင့် နိုင်ငံတကာနဲ့ ပူးပေါင်းပြီးတော့ ကျူးလွန်ခဲ့တဲ့သူတွေကို ဥပဒေရှေ့မှောက်ပို့ဆောင် ရမှာ ဖြစ်ပါတယ်။` `မိတ်ဆွေဖြစ်စေ ရန်သူဖြစ်စေ၊ သာမန်အချိန်မျိုးမှာဖြစ်စေ အရေးပေါ်အချိန်မျိုးမှာ ဖြစ်စေ၊ အင်အားကြီးနိုင်ငံဖြစ်စေ အင်အားငယ်နိုင်ငံဖြစ်စေ၊ အကြမ်းဖက်မှုနဲ့ ရင်ဆိုင်နေရသည်ဖြစ်စေ အခြားခြိမ်း ခြောက်မှုများနဲ့ ရင်ဆိုင်နေရသည်ဖြစ်စေ ဘယ်လို အခြေအနေ၊ ဘယ်လို အကြောင်းပြချက်မျိုးနဲ့မှ လူတစ်ယောက်ကို နှိပ်စက်ညှဉ်းပမ်းမှုပြုလို့မရပါဘူး။` ဟု အဲလက်နိဗ်ကပြောကြားခဲ့သည်။ ၂၀၀၂ ခုနှစ်နှင့် ၂၀၀၉ ခုနှစ်အတွင်း CIA တွင် လျှို့ဝှက်ထိန်းသိမ်းထားသော အကျဉ်းသားများအား နည်းမျိုးစုံဖြင့် ညှဉ်းပမ်းနှိပ်စက်ပြီးစစ်ဆေးရန်၊ ရေနှစ်၍ နှိပ်စက်မေးမြန်းရန် ဘုရှ်က ခိုင်းစေခဲ့ကြောင်း AI က ဆိုသည်။ AI အဖွဲ့သည် အပြည်ပြည်ဆိုင်ရာ လူထုလွတ်လပ်ခွင့်စောင့်ကြည့်ရေး အဖွဲ့ကြီးက ကျောထောက်နောက်ခံပေးထားသော အဖွဲ့ဖြစ်သည်။ ဘုရှ်ကိုယ်တိုင်က ရေနှစ်နှိပ်စက်ခြင်းနှင့် အခြားနှိပ်စက်နည်းလမ်းပေါင်းစုံ အသုံးပြုရန် ညွန်ကြားခဲ့ကြောင်း ဝန်ခံပြောဆိုထားသည်။ AI ၏မှတ်တမ်းများမှာ အမေရိကန်ဌာနဆိုင်ရာ မှတ်တမ်းမှတ်ရာများ၊ လူထုထံမှ စစ်တမ်းများ၊ ဘုရှ်၏ ကိုယ်ပိုင် မှတ်တမ်းမှတ်ရာများ၊ အမေရိကန်အစိုးရ၏ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးမူဝါဒကို မနှစ်မြို့သော အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့မှ အစီရင်ခံစာများအပေါ်တွင် အခြေပြုစုထားခြင်းဖြစ် သည်။ ရေတပ်အခြေစိုက် စခန်းရှိသော ဂွါတာနာမိုအကျဉ်းထောင်၊ အာဖဂန်နစ္စတန်နှင့် အီရတ်တို့တွင် ဖမ်းဆီးထားသူများအား နှိပ်စက်ညှဉ်းပမ်းမှုများ အများအပြားပါဝင်လေသည်။ ထို့ပြင် စက်တင်ဘာ ၁၁ အကြမ်းဖက်တိုက်ခိုက်မှုတွင် နောက်ကွယ်မှ ကြိုးကိုင်ဆရာကြီးများဟု ဆိုကာ ပါကစ္စတန်မှ ဖမ်းဆီးခဲ့သည့် အဘူဇူဘေဒါးနှင့် ခါလစ်ရှိတ်မိုဟာမက်တို့အား နှိပ်စက်ညှဉ်းပမ်းသည့် အကြောင်းများလည်း ပါဝင်သည်။ ၎င်းတို့နှစ်ဦးအား ၂၀၀၂ ခုမှ ၂၀၀၃ ခုနှစ် ကြားကာလအတွင်း ရေနှစ်နှိပ်စက် စစ်ဆေးမှု ၂၆၆ ကြိမ်ပြု လုပ်ခဲ့ကြောင်း စီအိုင်အေ အထွေထွေစုံစမ်းစစ်ဆေးရေးမှူးက ပြောကြားခဲ့ကြောင်း AI က ဖေါ်ပြထားသည်။ Source: Al jazeera

Thursday, May 31, 2012

ကနေဒါတွင် လူ့ခန္ဓာကိုယ်အစိတ်အပိုင်းများ စာတိုက်မှပို့သော လူသတ်မှုဖြစ်ပွား

လုခ်ရော့ကိုမဂ္ဂနော့တာ
ကနေဒါတွင် လူသတ်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းများကို စာတိုက်တစ်ဆင့် ပို့ဆောင်ပေးလိုက်သည့် အမှု တွင် တရားခံကိုရဲများက အမည်ဖေါ်ထုတ်ခဲ့ပြီး အဆိုးဝါးဆုံးရာဇဝတ်မှုခင်းတစ်ခုဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောကြားလိုက်သည်။ စစ်ဆေးချက်များအရ အာဏာရကွန်ဆာဗေးတစ်ပါတီသို့ ပေးပို့လိုက်သော ခြေထောက်တစ်ဖက်၊ အခြား အထုတ်အပိုးတစ်ခုအတွင်းတွေ့ရသော လက်တစ်ဖက်နှင့် မွန်ထရီရယ်မြို့အမှိုက်ပုံးတစ်ခုတွင်တွေ့ရသော ခန္ဓာကိုယ်အပေါ်ပိုင်း စသည်တို့မှာ လူတစ်ဦးတည်း၏ အစိတ်အပိုင်းများဖြစ်ကြောင်း ရဲကပြောကြားခဲ့ သည်။ ရဲက တရားခံဖြစ်သူမှာ လုခ်ရော့ကိုမဂ္ဂနော့တာ ခေါ် အဲရစ်ကလင်တန်နယူးမန်း ခေါ် ဗလာဒီမာရိုမန်နော့ဗ် ဖြစ်ကြောင်း ဓါတ်ပုံနှင့်တကွ ဖေါ်ပြခဲ့ပြီး တွေ့ရှိပါက အကြောင်းကြားပေးရန် ကနေဒါနိုင်ငံအနှံ့ ကြေငြာထားသည်။ ထို့နောက်ရဲများကြေငြာထားသည့် ဓါတ်ပုံထဲမှ လုခ်ရော့ကိုမဂ္ဂနာတာနှင့် တူသော ပုဂ္ဂိုလ်တစ်ဦး၏ ပုံများ အင်တာနက် ဝက်ဘ်ဆိုက်များပေါ်တွင် ဖေါ်ပြထားကြလေသည်။ ၎င်းဝက်ဘ်ဆိုက်များက ထိုသူသည် ကြောင်ကလေးများကို လည်ပင်းညှစ်သတ်ပြီး စပါးကြီးမြွေတစ်ကောင်ကို အစာကျွေးခဲ့သည့် ဗွီဒီယိုကို အင်တာနက်ပေါ်တွင် ပြသခဲ့သော လူဖြစ်ကြောင်းဆိုလေသည်။ အခြားဝက်ဘ်ဆိုက်များက ထိုသူသည် ကိုယ်ဟန်ပြမောင်တစ်ဦးဖြစ်ပြီး ညစ်ညမ်းကားများတွင် ပါဝင်သရုပ် ဆောင်သူဖြစ်ကြောင်း ဆိုသည်။ ဗုဒ္ဓဟူးနေ့က ခရီးဆောင်အိတ်အတွင်း ခန္ဓာကိုယ်အပိုင်းတွေ့ရှိခဲ့သည့် နေရာအနီးရှိ တရားခံ၏ မွန်ထရီရယ် စတူဒီယိုတွင် ရဲများက ဝင်ရောက်ပိုက်စိပ်တိုက်ရှာဖွေခဲ့သည်။ `အဲဒီနေရာမှာ ရဲတွေတစ်ညလုံး ရှာဖွေခဲ့ကြပါတယ်။ သူတို့အလုပ်လုပ်လာတဲ့ သက်တမ်းတစ် လျောက် ဒီလိုမှုခင်းမျိုးမကြုံဖူးကြပါဘူး။` ဟု မွန်ထရီရယ် ရဲတပ်ကြပ်ကြီး အီယန်လက်ဖရိန်ရီးက ပြောသည်။ `တရားခံနဲ့ အသတ်ခံရတဲ့သူတွေက အသိအကျွမ်းတွေပါပဲ။ အုပ်စုဖွဲ့ရာဇဝတ်မှုဂိုဏ်းတွေနဲ့ တော့ မပတ်သက်ပါဘူး။` ဟုဆိုသည်။ ခြေထောက်ပြတ်တစ်ချောင်းနှင့် လက်ပြတ်တစ်ချောင်းတို့ပါဝင်သော ပါဆယ်ထုတ်များကို အင်္ဂါနေ့က အိုတာဝါတွင် တွေ့ရှိခဲ့ကြပြီး မွန်ထရီရယ်မြို့ စာတိုက်မှ ပို့လိုက်ခြင်းဖြစ်သည်။ ခြေထောက်ပြတ်ထည့်ထားသော ပါဆယ်ထုတ်ကို ကွန်ဆာဗေးတစ်ပါတီ ဌာနချုပ်သို့ ပို့ဆောင်လိုက်ခြင်း ဖြစ်ပြီး ဝန်ကြီးချုပ် စတီဖင်ဟာပါ၏ နိုင်ငံရေးအကြံပေး ဂျန်နီဘရန်းက ဖွင့်ကြည့်ခဲ့ရာ ခြေထောက်ပြတ်ကို တွေ့ရှိခဲ့သည်။ အထုပ်ကိုဖွင့်လိုက်သည်နှင့် တပြိုင်နက် ရုံးခန်းအတွင်း အပုတ်နံ့များလှိုင်သွားသည်ဟု ဆိုလေသည်။ `အတော်ကို ဆိုးရွားတဲ့ အပုတ်နံ့ပါပဲ။ ကျွန်တော်တို့တွေ အားလုံးအဲဒီအနံ့ကို မေ့လို့ရမှာ မဟုတ် တော့ပါဘူး။`ဟု ပါတီ၏ ပြောခွင့်ရ ဖရက်ဒီလိုရီက ပြောသည်။ အဆိုပါ ပါဆယ်ထုတ်သည် ကနေဒါကွန်ဆားဗေးတစ်ပါတီ ဌာနချုပ်ဟုသာ လိပ်မူထားပြီး တစ်ဦးတစ်ယောက်ကို သီးသန့်ရည်ညွှန်းပို့ဆောင်ခဲ့ခြင်းမဟုတ်ပေ။ ထို့နောက် အိုတာဝါမြို့စာတိုက်ဌာနတွင် လက်ပြတ်တစ်ဖက်ပါဝင်သော ပါဆယ်ထုတ်ကို တွေ့ခဲ့ကြောင်း ဗုဒ္ဓဟူးနေ့က ရဲက အတည်ပြုခဲ့သည်။ ယင်းအထုတ်သည် မည်သူ့ထံသို့ လိပ်မူထားသည်ကိုမူ ရဲက ထုတ်ဖေါ်ပြောကြားခြင်းမရှိပေ။ မွန်ထရီရယ်မြို့တွင် အင်္ဂါနေ့က အဆောက်အဦတစ်လုံး၏ အနောက်ဘက် အမှိုက်စွန့်သည့်နေရာတွင် ခရီးဆောင်အိတ်တစ်လုံးအတွင်း လူ့ခန္ဓာကိုယ်အပေါ်ပိုင်းပြတ်တစ်ခု အမှိုက်သိမ်းသူတစ်ဦးကတွေ့ရှိခဲ့ပြီး နောက် အိုတာဝါရဲများနှင့် မွန်ထရီရယ်ရဲများ ဆွေးနွေးပြောဆိုမှုများပြုလုပ်ခဲ့ကြလေသည်။ Source: AL Jazeera

Wednesday, May 30, 2012

ဗီယက်နမ် စစ်ပွဲပြီးဆုံးခြင်း နှစ် ၅၀ ပြည့်အထိမ်းအမှတ်ကျင်းပ (ဗွီဒီယိုသတင်း)

၁၀ နှစ်ကြာဆင်နွှဲခဲ့သည့် ဗီယက်စစ်ပွဲတွင် အမေရိကန်စစ်သည် ၅၈ ၀၀၀ သေဆုံးခဲ့ရပြီး နှစ် ၅၀ မြောက် အောက်မေ့ဖွယ်အထိမ်းအမှတ်အခမ်းအနားတစ်ရပ်ကို အမေရိကန် စစ်ပြန်များကဦးဆောင် ကျင်းပခဲ့သည်။ အမေရိကန်သမ္မတ ဘားရက်အိုဘားမား အောက်မေ့ဖွယ်စကားပြောကြားခဲ့ရာတွင် အမေရိကန်သမိုင်းတွင် ဗီယက်နမ်စစ်ပွဲသည် နာကျင်ခံစားရဆုံးဖြစ်ရပ်တစ်ခုဖြစ်ကြောင်း ပြောသည်။ ထို့နောက် အီရတ်တွင် အမေရိကန်စစ်သားများ မရှိတော့ပါဟု ကိုးနှစ်အတွင်း ပထမဦးဆုံးအကြိမ်အဖြစ်ပြောကြားခဲ့လေသည်။ သို့သော် အချို့သော စစ်ပြန်များနှင့် အရပ်သားများအတွက်မူ အမေရိကန်သမိုင်းတွင် အရှည်လျားဆုံး ဖြစ်သော အာဖဂန်စစ်ပွဲနှင့် ကိုးနှစ်ကြာမြင့်ခဲ့သော အီရတ်စစ်ပွဲများအတွက်မူ လောလောလတ်လတ် ခံစားနေရဆဲ ဖြစ်သည်။ အချို့စစ်ပြန်များက ၎င်းတို့အားချီးမြှင့်ထားသော ဆုတံဆိပ်များကို လွှင့်ပစ်ခဲ့ကြလေသည်။ Source: Al Jazeera

ရီပတ်ဘလီကန် သမ္မတလောင်းအဖြစ် ရွမ်းနေ ဝင်ရောက်ယှဉ်ပြိုင်မည်

အမေရိကန်တွင် လာမည့်နိုဝင်ဘာလအတွင်းကျင်းပမည့် သမ္မတရွေးကောက်ပွဲတွင် လက်ရှိသမ္မတ အိုဘားမားနှင့် ယှဉ်ပြိုင်အရွေးချယ်ခံမည့် ရီပတ်ဗလီကန်ပါတီမှ သမ္မတလောင်းအဖြစ် မစ်ရွမ်းနေ ကိုရွေးချယ်လိုက်ပြီဖြစ်သည်။ တက္ကဆက်တွင် လပေါင်းအတန်ကြာ မဲဆွယ်စည်းရုံးမှုများပြုလုပ်ပြီးနောက် အင်္ဂါနေ့ကညက သမ္မတလောင်းအဖြစ် ရီပတ်ဘလီကန်မှ ဝင်ရောက်အရွေးချယ်ခံမည့် ကိုယ်စားလှယ်အဖြစ် သေချာသွား ခဲ့လေသည်။ တက္ကဆက်ရှိ ကိုယ်စားလှယ် ၁၅၅ ဦးထံမှ ထောက်ခံမဲရရှိအောင် ကြိုးစားနိုင်ခဲ့ပြီး အနိုင်ရရှိခဲ့ခြင်းဖြစ် ကြောင်း ရွမ်းနေက ပြောကြားခဲ့သည်။ `လွန်ခဲ့သောသုံးနှစ်ခွဲလောက်က ဖြစ်ပျက်ခဲ့တဲ့ ကျွန်တော်တို့ပါတီရဲ့ အမှားတွေကို ပြန်လည်ပြင် ဆင်ပြီးကျွန်တော်တို့ ပြန်လည်ရပ်တည်နေပါပြီ။ အရှေ့မှာ ကြိုတင်စောင့်ဆိုင်းနေမယ့် အခက်အခဲတွေကို လည်း ရှင်းရှင်းလင်းလင်းသိမြင်ထားပါတယ်။ ဘယ်လို စိန်ခေါ်မှုမျိုးတွေနဲ့ပဲ ကြုံတွေ့ရပါစေ၊ အမေရိကန် ပြည်သူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ၊ စီးပွားရေးဖွံ့ဖြိုးမှုတွေ ဖန်တီးပေးဖို့ ကျွန်တော်တို့ ကြိုးစားသွားမှာပါ။` ဟု ဆိုသည်။ ရီပတ်ဘလီကန် သမ္မတလောင်း ရွေးချယ်ရာတွင် ပြိုင်ဘက် ရစ်ဆန်တိုရမ်နှင့် နယူးတ်ဂင်ဂရစ်တို့ ပြိုင်ပွဲ မှ နှုတ်ထွက်သွားခဲ့ပြီး ရွမ်းနေမှာ သေချာသွားပြီးဖြစ်သော်လည်း လာမည့်သြဂုတ်လ နှောင်းပိုင်း တွင် တမ်ပါ၌ကျင်းပမည့် ရီပတ်ဘလီကန်အမျိုးသားညီလာခံပြီးမှ တရားဝင်ကြေငြာမည်ဖြစ်သည်။ Source: Al Jazeera

Monday, May 28, 2012

မက္ကဆီကို ပိုလာဝက်ဝံ နေရာရွှေ့ပြောင်းပေးရေး လှုပ်ရှား (ဗွီဒီယိုသတင်း)

မက္ကဆီကိုရှိ ပိုလာဝက်ဝံတစ်ကောင်အား သူ့အတွက်ပိုမိုသင့်လျှော်သည့် နေရာသို့ရွှေ့ပြောင်းပေးရေး အတွက် အစိုးရမှ အရေးတယူဆောင်ရွက်လာစေရန် တိရစ္ဆာန်အခွင့်အရေးလှုပ်ရှားသူများ အရှိန်မြှင့် ဆောင်ရွက်လာကြသည်။ ယူပီ အမည်ရှိ အသက် ၂၀ အရွယ်ပိုလာဝက်ဝံကို မက္ကဆီကို မိုရီလီယာ မြို့တိရစ္ဆာန်ရုံတွင်ပြသထားပြီး ပို၍အေးမြပြီး သင့်လျှော်သည့် ကနေဒါနိုင်ငံသို့ပို့ဆောင်ရေး လှုပ်ရှားမှုတွင် လူမှုကွန်ယက်သတင်းဖြန့်ချိရေး ကဏ္ဍများက အဓိကနေရာမှ ပါဝင်လျက်ရှိလေသည်။ Source: Al Jazeera

မော်ရိုကို ဆန္ဒပြမှု အလုပ်လက်မဲ့နှုန်းမြင့်မားမှုကြောင့်ဖြစ်

အလုပ်လက်မဲ့ပြဿနာနှင့် အခြားသောလူမှုဒုက္ခများအား အစိုးရကဖြေရှင်းပေးနိုင်ခြင်းမရှိသည့်အတွက် မော်ရိုကိုနိုင်ငံ ကာဆာဘလန်ကာမြို့တွင် လူအများ တနင်္ဂနွေနေ့က ဆန္ဒပြခဲ့ကြသည်။ ယင်းဆန္ဒပြပွဲကို ကုန်သွယ်ရေးသမဂ္ဂများက စည်းရုံးလှုပ်ရှားခဲ့ခြင်းဖြစ်ပြီး အစိုးရသစ်တက်ပြီးနောက်ပိုင်း အကြီးမားဆုံးဆန္ဒပြပွဲကြီးတစ်ခုဖြစ်သည်။ လူမှုလူတန်းစားမျှတရေးဆောင်ရွက်ပေးမည်ဟု ကတိပေးပြီး အနိုင်ရရှိခဲ့သော ဝန်ကြီးချုပ် အဘ္ဘဒယ်လီလာ ဘန်ကီရိန်း နိုဝင်ဘာလမှစ၍ အာဏာရရှိခဲ့ပြီး ဆောင်ရွက်ပေးရန် ပျက်ကွက်လျက်ရှိ ကြောင်း ဆန္ဒပြသူများက အပြစ်တင်ကြသည်။ `လူထုဒုက္ခအဝဝကို ဖြေရှင်းနိုင်ဖို့အတွက် လူထုနဲ့ အစိုးရကြား စစ်မှန်တဲ့ပြောဆိုဆွေးနွေးမှုတွေပြု လုပ်ဖို့ လူပေါင်း ၅၀ ၀၀၀ ကျော်လောက် ဆန္ဒပြတောင်းဆိုနေကြပါတယ်။` အတိုက်အခံဆိုရှယ်လစ် ပါတီဝင် လွှတ်တော်အမတ် ဟက်ဆန်တာရစ်ခ်က ဆိုသည်။ `ကုန်သွယ်ရေးသမဂ္ဂအဖွဲ့က စည်းလုံးညီညွတ်ကြပြီးတော့ ဝန်ကြီးချုပ်ကိုတောင်းဆိုထားတဲ့ အချက် က ရှင်းလင်းပါတယ်။ သူ့ရဲ့မူဝါဒတွေကို ပြောင်းလဲဖို့လိုအပ်နေပါပြီ။` ဟု တာရစ်က AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။ နိုင်ငံလူဦးရေ၏ တစ်ဝက်ခန့်ရှိသော အသက် ၁၅ နှစ်မှ ၂၉ နှစ်ကြားလူငယ်အများစုမှာ အလုပ်လည်းမရှိ၊ ကျောင်းလည်းမတက်နိုင်ဘဲ ရှိနေကြောင်း ယခုလထုတ်ပြန်သော ကမ္ဘာ့ဘဏ်စစ်တမ်းက ဖေါ်ပြထားပြီး လုပ်ခ လစာများတိုးမြှင့်ပေးရန်နှင့် လူထုအကြပ်အတည်းများ ဖြေရှင်းပေးရန် သမဂ္ဂခေါင်းဆောင်များက အစိုးရကို တောင်းဆိုထားသည်။ မော်ရိုကိုအစိုးရတွင်လည်း မိုးခေါင်ရေရှားခြင်းနှင့် ခရီးသွားလုပ်ငန်းအကြီးအကျယ်ကျဆင်းမှုများကြောင့် ဘဏ္ဍာရေးအကြပ်အတည်းဆိုက်လျက်ရှိပြီး နိုင်ငံ၏ အဓိကဝင်ငွေမှာ နိုင်ငံခြားရောက် မော်ရိုကိုလူမျိုးများ တင်ပို့ငွေနှင့် ဖော့စဖိတ် တင်ပို့ရောင်းချမှုတို့မှ ရရှိလေသည်။ ၂၀၁၁ နိုဝင်ဘာလအတွင်းက ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် အလယ်အလတ်ဆန်သော အစ္စလာမ်ပါတီဖြစ်သည့် တရားရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပါလီမန်တွင်း နေရာအတော်များများအနိုင်ရရှိခဲ့ပြီး ညွန့်ပေါင်းအစိုးရတစ်ရပ်ဖွဲ့စည်း အုပ်ချုပ်ခဲ့သည်။ လက်ရှိအစိုးရ မဲဆွယ်စဉ်က အလုပ်လက်မဲ့နှုန်းမြင့်မားခြင်း၊ စာတတ်မြောက်မှုနှုန်းကျဆင်းနေခြင်းတို့ကို တိုက်ဖျက်သွားမည်ဖြစ်ကြောင်း ကတိပေးပြောကြားခဲ့ဖူးသည်။ သို့သော် အာဏာရရှိပြီး ခြောက်လကြာမြင့်လာခဲ့ပြီးသည့်အထိ အပြောင်းအလဲတစ်စုံတစ်ရာ မတွေ့မြင်ရ သေးသဖြင့် ဝန်ကြီးချုပ်ဘန်ကီရိန်းကို ငြိုငြင်လာကြပြီး ဆန္ဒပြခြင်းဖြစ်သည်။ `ဘန်ကီရိန်းနဲ့ ဖူးအက်အလီအယ်ဟင်မာ ဆိုတာ ခေါင်းနဲ့ပန်းလို ဟိုဘက်ဒီဘက်ပဲ။` ဟု ကာဆာဘလန်ကာ လမ်းမများထက် ဆန္ဒပြသူများ ဟစ်အော်ကြသည်။ ဖူးအက်အလီအယ်ဟင်မာ ဆိုသည်မှာ မော်ရိုကိုဘုရင်၏ အယုံကြည်ဆုံး အနီးကပ်အကြံပေးတစ်ဦးဖြစ်သည်။ ဧပြီလအတွင်းက ၂၀၁၂ အသုံးစားရိတ်အတွက် ပါလီမန်တွင် ရေးဆွဲအတည်ပြုခဲ့သည်။ လူမှုဖူလုံရေး အသုံးစားရိတ်များ ဆက်လက်ထောက်ပံ့ပေးထားရန် ပါဝင်လေသည်။ Source: Al Jazeera

Friday, May 25, 2012

နှစ်ပေါင်း ၃၀ ကျော်က လူသတ်မှုပေါ်ပေါက်

၁၉၇၉ ခုနှစ်အတွင်းက ကျောင်းမှအပြန်ပျောက်ဆုံးခဲ့သော ယောင်္ကျားလေးငယ်တစ်ဦးကို မသေမချင်းလည်ပင်းညှစ်သတ်ခဲ့ကြောင်း အမျိုးသားတစ်ဦးက ယခုအခါမှ ဝန်ခံလာခဲ့ကြောင်း နယူးယောက်ရဲတပ်ဖွဲ့ ကပြောသည်။ ထိုအမျိုးသားမှာ မေပယ်လ်ရှိတ်တွင်နေသော ပက်ဒရိုဟာနန်ဒက်ဇ် အမည်ရသူဖြစ်ပြီး သေဆုံးခဲ့သူ အီတန်ပက်ဇ်ကို အိတ်တစ်အိတ်အတွင်းထည့်ကာ လမ်းကြားတစ်ခုတွင် စွန့်ပစ်ထားခဲ့ကြောင်း နယူးယောက်ရဲမင်းကြီး ရေမွန်ကယ်လီက သတင်းထောက်များကို ပြောကြားခဲ့သည်။ အီတန်ပက်ဇ်ပျောက်ဆုံးမှုသည် အမေရိကန်ပြည်ထောင်စုရှိ မိဘများနှင့်ရဲများအား ဆယ်စုနှစ် သုံးခုမျှ ကြာအောင် ခြောက်လှန့်နေခဲ့ပြီး အိမ်အပြင်ဘက်ထွက်ကစားသောကလေးများ လုံခြုံစိတ်ချရမှုမရှိဟူသော ကြောက်လန့်မှုဖြစ်စေခဲ့လေသည်။ အီတန်ပက်ဇ်ပျောက်ဆုံးသွားပြီးနောက် နွားနို့စက္ကူပုံးများတွင် သူ၏ရုပ်ပုံကိုရိုက်နှိပ်ကာ တွေ့ရှိပါက အကြောင်းကြားပေးပါရန် လူထုအားအသိပေးခြင်းခံရသော ပထမဦးဆုံးကလေးဖြစ်သည်။ သူပျောက်ဆုံး သွားသည့် မေလ ၂၅ ရက်နေ့ကို နိုင်ငံလုံးဆိုင်ရာ ပျောက်ဆုံးကလေးငယ်များနေ့ အဖြစ်သတ်မှတ်ခဲ့လေ သည်။ ကြာသပတေးနေ့က သတ်ဖြတ်ခဲ့ကြောင်းဝန်ခံမှုပြုလုပ်လိုက်ခြင်းကြောင့် ကမ္ဘာ့ခေတ်အမီဆုံး ရဲဌာနတစ်ခု ၏ စွမ်းဆောင်ရည်ညံ့ဖျင်းမှုကို ထင်ရှားစေခဲ့ပြီး ယနေ့မိဘများအတွက်လည်း စိုးရိမ်ပူပန်မှုများဖြစ်ပွား စေခဲ့သည်။ ဟာနန်ဒက်ဇ်၏ ထွက်ဆိုချက်မှာ သုံးနာရီမျှကြာမြင့်ခဲ့ပြီးနောက် အခင်းဖြစ်ပွားခဲ့သည့် နေရာသို့ နယူးယောက်ရဲများနှင့်အတူသွားရောက်ခဲ့သည်။ ယင်းနေရာတွင် ထိုစဉ်က ကုန်စုံဆိုင်တစ်ဆိုင်ရှိခဲ့ပြီး ယခုအခါ မျက်မှန်ဆိုင်ဖွင့်လှစ်ထားလေသည်။ ဟာနန်ဒက်ဇ်က အီတန်ပက်ဇ်ကို ဆိုဒါဝယ်တိုက်မည်ဟု စည်းရုံးပြီးခေါ်ဆောင်လာခဲ့ကြောင်းဆိုသည်။ အီတန်သည် ထိုစဉ်က ခြောက်နှစ်သားမျှသာရှိပြီး ကျောင်းကားအလာကို တစ်ဦးတည်းစောင့်နေခဲ့ခြင်းဖြစ် သည်။ ဟာနန်ဒက်ဇ်က အီတန်ကို ကုန်စုံဆိုင်မြေအောက်ထပ် ကုန်သိုလှောင်ခန်းအတွင်းသို့ ခေါ်ဆောင် သွားခဲ့ပြီး လည်ပင်းညှစ်သတ်ခဲ့ကာ အမှိုက်ထည့်သော အိတ်အတွင်းထည့်၍ အမှိုက်ပုံးအတွင်း ပစ်ထားခဲ့ သည်ဟု ထွက်ဆိုခဲ့သည်။ ဟာနန်ဒက်ဇ်သည် ဆယ်ကျော်သက်အရွယ် သမီးဖြစ်သူနှင့် လက်ထပ်ထားသူဖြစ်သည်။ သူသည် အမေရိကန်နိုင်ငံသားတစ်ဦးဖြစ်ပြီး ရာဇဝတ်မှုမှတ်တမ်းမရှိ၊ စုံစမ်းစစ်ဆေးခြင်းမခံရခဲ့ရပဲ သူ့အပေါ် မည်သူ ကမျှ သံသယမရှိခဲ့ပေ။ လွန်ခဲ့သောလက အက်ဖ်ဘီအိုင်စုံထောက်များ မက်ဟန်တန်ရှိ မြေအောက်ထပ်တစ်ခုကို တူးဆွရှာဖွေရာမှ သဲလွန်စရရှိပြီး ဟာနန်ဒက်ဇ်ထံသို့သွားရောက်ရှာဖွေခဲ့ခြင်းဖြစ်သည်။ အီတန်အမှုကို နှစ်ပေါင်း ၃၀ မျှကြာအောင် အာဏာပိုင်များမှ လိုက်လံစုံစမ်းရှာဖွေပြီးနောက် ဟာနန်ဒက်ဇ် အပြစ်ရှိကြောင်း တွေ့ရှိခဲ့လေသည်။ နယူးယောက်တွင် ကလေးငယ်တစ်ဦးကို သတ်ခဲ့ပြီး မကောင်းမှုကျူးလွန်ခဲ့ကြောင်း၊ နောင်တအလွန်ရမိ ကြောင်း ဟာနန်ဒက်ဇ်က မိသားစုဝင်များနှင့် အခြားလူများကို ပြောပြခဲ့သည်။ လူသတ်မှုအကြောင်း ဝန်ခံလိုက်သည့်အတွက် စိတ်သက်သာရာရမိကြောင်းလည်း ဆိုသည်။ Source: Al Jazeera

Thursday, May 24, 2012

အမေရိကန်ရေငုပ်သင်္ဘောတစ်စင်း မီးလောင်မှုဖြစ်ပွား

အမေရိကန်ပြည်ထောင်စု၊ မိန်းပြည်နယ်ရှိ သင်္ဘောကျင်းတွင် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော တစ်စင်း မီးလောင်မှုဖြစ်ပွားခဲ့ရာ လေးဦးဒဏ်ရာရရှိခဲ့သည်။ ကမ္ဘာလှည့်ခရီးသွားများဖြင့် အမြဲစည်ကားနေသော ပေါ့စမောက်မြို့အနီး ကစ်တရီကျွန်းပေါ်ရှိ ရေတပ် သင်္ဘောကျင်းတွင် ဆိုက်ကပ်ထားသော ယူအက်စ်အက်စ် မိုင်ယာမီ SSN 755 ရေငုပ်သင်္ဘောတွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဒဏ်ရာရသူလေးဦးကို ကုသမှုပေးပြီးနောက် ဆေးရုံးမှ ပြန်လည်ဆင်းသွားပြီဖြစ်ကြောင်း သင်္ဘောကျင်း တာဝန်ရှိသူများက ဆိုသည်။ မီးသတ်သများဒဏ်ရာရရှိခဲ့ကြောင်း ပေါ့စ်မောက်သံတော်ဆင့် သတင်းစာက ဖေါ်ပြခဲ့သည်။ သင်္ဘောအရှေ့ပိုင်း အတွင်းဘက်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သင်္ဘောကျင်းလူမှုရေးရာကျွမ်း ကျင်သူ ဂယ်ရီဟစ်ရိက ပြောသည်။ မီးလောင်မှုဖြစ်ပွားစဉ်တွင် သင်္ဘော၏ နျူကလီးယားဓါတ်ပေါင်းဖို လည်ပတ်နေခြင်းမရှိခဲ့၍ ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။ မီးလောင်ကျွမ်းမှုဖြစ်ရသည့် အကြောင်းရင်းကို မူ မသိရသေးပေ။ အဆိုပါရေငုပ်သင်္ဘောကို ပြန်လည်ပြင်ဆင်မွန်းမံမှုများပြုလုပ်ရန် မတ်လအတွင်းက လာရောက်ဆိုက်ကပ် ထားခြင်းဖြစ်သည်။ ၎င်း၏ကိုယ်ပိုင်ဆိပ်ကမ်းမှာ အမေရိကန်ရေတပ်ဌာနစခန်းတည်ရှိရာ ကွန်နက်တီကပ် ပြည်နယ် ဂရော်တွန်မြို့ဆိပ်ကမ်းတွင်ဖြစ်သည်။ Source: Al Jazeera

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။