Showing posts with label ဥရောပ. Show all posts
Showing posts with label ဥရောပ. Show all posts

Thursday, August 9, 2012

မွတ်စလင်ဂိုဏ်းခေါင်းဆောင်လေးဦးကို ရုရှတွင် တရားစွဲ

ရုရှနိုင်ငံ တာတာစတန်ဒေသတွင် ကလေးသူငယ်များအား ရက်ရက်စက်စက် မြေအောက်ခန်းတွင်းထည့် သွင်းထားခြင်းကြောင့် လူ့အဖွဲ့အစည်းမှ သွေဖယ်နေသော မွတ်စလင်ဘာသာရေးအဖွဲ့အစည်းတစ်ခုမှ အဖွဲ့ဝင်လေးဦးကို တရားစွဲဆို ထားလေသည်။ ယင်းအဖွဲ့ကိုတည်ထောင်သူ ခေါင်းဆောင်၏ နေအိမ်အောက်ဘက်တွင် မြေအောက်ခန်းတူးကာ မြေအောက် သဂြိုင်္င်းသဖွယ် ဖွဲ့ထားသောအခန်းများအတွင်း ကလေးငယ် ၂၇ ဦး၊ လူကြီး ၃၈ ဦးတို့နေထိုင် လျှက်ရှိကြောင်း ရဲများကတွေ့ရှိခဲ့လေသည်။ ကလေးငယ်များကို ယင်းမြေတိုက်ခန်းများအတွင်း မည်မျှကြာ အောင် ထားရှိခဲ့သည်ကိုမူ မသိရသေးပေ။ တည်ထောင်သူမှာ အသက် ၈၃ နှစ်ရှိ ဖိုင်ဇရာခ်မန်းဆတာရော့ဗ် ဖြစ်ပြီး သူ့ကိုယ်သူ မွတ်စလင်ပရောဖက် ဖြစ်ကြောင်း ဆိုသည်။ ထင်ရာမြင်ရာဆုံးဖြတ်ပြောဆိုမှု၊ အဆင်အခြင်နည်းမှု တို့ဖြင့်လည်း ဗုဒ္ဓဟူးနေ့ တရားစွဲဆိုထားသည်။ အဖွဲ့ဝင်များသည် သူတို့ကိုယ်သူတို့ အာရပ်ဘာသာဖြင့် `ယုံကြည်သူများ` ဟု အဓိပ္ပါယ်ရသော `မွမ်မင်း` ဟု ခေါ်ဆိုကြပြီး အဖွဲ့ဝင်တစ်ဦးတစ်ယောက်ကိုမျှ ဖမ်းဆီးခဲ့ခြင်းမရှိပေ။ မွတ်စလင်အများစုနေထိုင်ရာဒေသဖြစ်သော တာတာစတန်ဒေသတွင် မွတ်စလင်ဘုန်းတော်ကြီးများကို တိုက်ခိုက်ခြင်းနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်ရာမှ ကာဇန်မြို့ရှိ အဆိုပါအဖွဲ့၏ နေအိမ်အောက် မြေအောက်ခန်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ယခင်က ဗလီဆရာတစ်ဦးဖြစ်ခဲ့သော ဆာတာရော့ဗ်က သူ့နေအိမ်ကို လွတ်လပ်သော မွတ်စလင်နိုင်ငံ တော်အဖြစ်ကြေငြာထားခဲ့သည်။ ၂၀၀၀ ခုနှစ် အစောပိုင်းများမှ စ၍သူနှင့်သူ့အဖွဲ့ဝင်များသည်ပြင်ပ ကမ္ဘာနှင့် အဆက်အသွယ်ဖြတ်ကာ ရှောင်ရှားနေထိုင်ခဲ့ကြလေသည်။ သူတို့အဖွဲ့ကို တည်ထောင်သူဖိုင်ဇရာခ်မန်း အမည်ကို အစွဲပြု၍ ဖိုင်ဇရာခ်မန်းနစ်များဟု ခေါ်တွင်လေသည်။ ၎င်းတို့သည် ရုရှနိုင်ငံတော်ဥပဒေများကိုလည်းကောင်း၊ တာတာစတန်တွင် ရှိသော လက်ရှိမွတ်စလင်ဂိုဏ်းချုပ်များ၏ ဥပဒေများကိုလည်းကောင်း အသိအမှတ်မပြုကြပေ။ အထပ် သုံးထပ်ရှိ စတာရော့ဗ်နေအိမ် အောက်တွင် မြေအောက်ခန်းများတူးကာ အဖွဲ့ဝင် ၇၀ ခန့်ကို စတာရော့ဗ်က နေထိုင်စေသည်။ အိမ်ခေါင်မိုးတွင် ဗလီမျှော်စင်နှင့် သတ္တုပြား လခြမ်းစိုက်ထူထားသည်။ အဖွဲ့ဝင်အချို့ကိုသာ အိမ်အပြင်သို့ထွက်ပြီး ဈေးအတွင်း အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်စေသည်။ စတာရော့ဗ်နေအိမ်မြေအောက်ခန်းအတွင်းမှ ကယ်တင်လာခဲ့သော ကလေးငယ်များကို လတ်တလော တွင် ဆေးရုံ၌ ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်နေပြီး နောက်ပိုင်းတွင် မိဘမဲ့ကလေးဂေဟာသို့ ယာယီ ပို့ဆောင် စောင့်ရှောက်ထားမည်ဖြစ်သည်။ မြေတိုက်ခန်းများအတွင်း လေဝင်လေထွက်စံနစ်မရှိ၊ အပူအအေးပေးစံနစ်၊ လျှပ်စစ်မီးမရှိဘဲ နေထိုင်ခဲ့ကြရသည်။ စတာရော့ဗ်၏ နေအိမ်ကို တရားမဝင်နေအိမ်အဖြစ်သတ်မှတ်ပြီး အစိုးရက ဖြိုချဖျက်စီးပစ်မည်ဖြစ်သည်။ စတာရော့ဗ်တွင် တာတာစတန်ဒေသတွင်းမြို့များနှင့် ဗိုလ်ဂါမြစ်ပြည်နယ်မြို့များမှ နောက်လိုက်နောက်ပါ များရှိသည်။ တာတာစတန်ရှိ မွတ်စလင်ဘာသာရေးခေါင်းဆောင်များက စတာရော့ဗ်၏ အတွေးအခေါ်များ သည် ၎င်းတို့၏ ယုံကြည်မှုများနှင့် ကွဲလွဲနေကြောင်း ဆိုသည်။ `တမန်တော်မိုဟာမက်ပြီးတဲ့ နောက်ပိုင်းမှာ နောက်ထပ် တမန်တော်မလာတော့ဘူးလို့ မွတ်စလင် ဘာသာမှာ ဆိုထားပါတယ်။` ဟု ကာဇန်အခြေစိုက် ဘာသာရေးဆရာ ရာအစ်ဆူလေမန်နော့ဗ် ကပြော သည်။ လွန်ခဲ့သောဇူလိုင်လလယ်ခန့်က မွတ်စလင်ဘာသာရေးခေါင်းဆောင်များတိုက်ခိုက်ခံရပြီး ကာဇန်မြို့နေ ဘာသာရေးခေါင်းဆောင် ဗယ်လီအူလာယာကူပေါ့ဗ် သေနတ်ဖြင့်ပစ်သတ်ခံရသည့် ကိစ္စများကို သက်ဆိုင်ရာက လိုက်လံစုံစမ်းရှာဖွေစစ်ဆေးရာမှ သောကြာနေ့က စတာရော့ဗ်နေအိမ်ကို ဝင်ရောက်ရှာဖွေ ခဲ့ကြခြင်းဖြစ်သည်။ ထို့ပြင်မွတ်စလင်ဂိုဏ်းချုပ် အီလ်ဒပ်စ်ဖိုင်ဇော့ဗ်၏ ကားဗုံးပေါက်ကွဲပြီး ခြေထောက်များတွင် ဒဏ်ရာရရှိခဲ့သည်။ သူတို့နှစ်ဦးစလုံးက ကော့ကေးဆပ်၊ တာတာစတန်နှင့် ရုရှနိုင်ငံအချို့အစိတ်အပိုင်းများပါဝင်သော နယ်မြေ များကို လွတ်လပ်သောမွတ်စလင်နိုင်ငံတော်အဖြစ်ခွဲထွက်ကာ ရှာရီယာခေါ် မွတ်စလင်ဥပဒေဖြင့် အုပ်ချုပ်သောနိုင်ငံပေါ်ပေါက်ရေးအတွက် ကြိုးပမ်းနေသူများဖြစ်ကြသည်။ တာတာစတန်ဒေသတွင် လူဦးရေ လေးသန်းခန့်ရှိရာ တစ်ဝက်ကျော်ခန့်မှာ ဆွန်နီမွတ်စလင်များဖြစ်ကြ သည်။ ယင်းဒေသမှလူများသည် လွန်ခဲ့သောနှစ်ပေါင်း တစ်ထောင်ခန့်ကတည်းက မွတ်စလင်ဘာသာကို ကူးပြောင်းသွားကြသူများဖြစ်သည်။ ထို့နောက် တာတာ-မွန်ဂို ခေါင်းဆောင်များက ရုရှနှင့် အရှေ့ဥရောပ ဒေသအချို့ကို အုပ်ချုပ်ခဲ့ကြပြီး မွတ်စလင်ဘာသာရေးနှင့် ယဉ်ကျေးမှုများလေ့လာပို့ချရာ အဓိကနယ် မြေအဖြစ်တည်ရှိခဲ့ဖူးသည်။ Source: Al Jazeera

Sunday, June 24, 2012

ဂျာမဏီတွင် ဒရုန်းကို မီးသတ်ရာတွင် အသုံးပြု (ဗွီဒီယိုသတင်း)

အမေရိကန်စစ်တပ်တွင် မောင်းသူမဲ့ဒရုန်းလေယာဉ်များကိုအသုံးပြုပြီး တိုက်ခိုက်ခြင်းကြောင့် နိုင်ငံတကာတွင် အငြင်းပွားဆန့်ကျင်မှုများတိုးပွားနေသော်လည်း ဂျာမဏီကုမ္ပဏီတစ်ခုက ယင်းနည်းပညာကို လူ့အသက်ကယ်ဆယ် ရေးတွင် အသုံးပြုရန် စတင်ပြသလိုက်ပြီဖြစ်သည်။ ဂျာမဏီမီးသတ်သမားများအတွက် မီးလောင်မှုဖြစ်ပွားရာနေရာများတွင် ဒရုန်းလေယာဉ်ကို အပေါ်စီးမှ မောင်းနှင်စေ လွှတ်ပြီး လူမမြင်နိုင်သည့် နေရာများကို ရှာဖွေကြည့်ရှုကာ ပိတ်မိနေသူများအားကယ်ဆယ်ခြင်း၊ မီးငြှိမ်းသတ်ခြင်း များတွင် အသုံးပြုလျှက်ရှိသည်။ အဆိုပါဒရုန်း၏ ဈေးနှုန်းမှာ လက်ရှိတွင် ဒေါ်လာ ၁၅ ၀၀၀ မျှသာရှိသော်လည်း မီးသတ်ဌာနတိုင်းကို ယင်းလေယာဉ်များရောင်းချသွားဦးမည် မဟုတ်သေး ကြောင်း၊ နိုင်ငံတော်အဆင့် အခြေအနေ၊ ကြီးမားသော မီးလောင်မှုများတွင်သာ အသုံးပြုရန်ဖြစ်ကြောင်း ကုမ္ပဏီတာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါ ဒရုန်းစံနစ်ကို ပြင်သစ်၊ အင်ဒိုနီးရှားနှင့် သြစတြေးလျတို့ကလည်း မီးသတ်ဌာနများတွင် အသုံးပြုရန် စိတ်ဝင်စားလျှက်ရှိသည်။ Source: Al Jazeera

Sunday, June 17, 2012

တူရကီတွင် အကျဉ်းထောင်မီးလောင်မှုဖြစ်ပွား၊ ၁၃ ဦးသေဆုံး

တူရကီအရှေ့တောင်ပိုင်းရှိ အကျဉ်းသား ၁ ၀၀၀ ခန့်ရှိသော အကျဉ်းထောင်တစ်ခုတွင် မီးလောင်မှုဖြစ် ပွားခဲ့ရာ အကျဉ်းသား ၁၃ ဦးခန့်သေဆုံးခဲ့သည်။ အခင်းဖြစ်ပွားခဲ့သည့် နေရာမှာ ဆန်လူအာဖာ အကျဉ်းထောင်ဖြစ်သည်။ မီးလောင်မှုဖြစ်ပွားရခြင်းအကြောင်းရင်းမှာ အကျဉ်းသားများက ၎င်းတို့၏ စောင်များ၊ အိပ်ယာခင်းများကို မီးရှို့ခဲ့ခြင်းကြောင့်ဖြစ်ပြီး မီးခိုးငွေ့များကြောင့် အသက်ရှုကြပ်ကာ သေဆုံးခဲ့ရခြင်းဖြစ်သည်။ သေဆုံးသူများ အပြင် အခြား ၅ ဦးကိုလည်း ဆေးရုံသို့တင်ပို့ကာ ကုသထားကြောင်း မြို့တော်ဝန် ဆယ်လာလက်တင်ဂူ ဗန့် ကပြောသည်။ အကျဉ်းသား ၁၈ ဦးစုပေါင်းနေထိုင်သည့် အခန်းတွင်စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး အခြားနေရာများသို့ ကူးစက်လောင်ကျွမ်းခြင်းမရှိမီ မီးငြှိမ်းသတ်နိုင်ခဲ့သည်။ အကျဉ်းသားအချင်းချင်း ရန်ဖြစ်ရာမှ မကျေမနပ် ဖြစ်ပြီး မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း တူရကီဝန်ကြီးချုပ် ရီဆက်တေယစ်အာဒိုဂန်က ပြောသည်။ `အကျဉ်းသားများပြားနေပြီး အခန်းနှင့် အကျဉ်းသားဦးရေမမျှတတဲ့ အခြေအနေတွေဖြစ်နေတဲ့ အကြောင်း မြို့တော်ဝန်က ကျွန်တော့်ကို ပြောပါတယ်။` ဟု အာဒိုဂန်က ဆိုသည်။ ဆန်လူအာဖာအကျဉ်းထောင်တွင်နိုင်ငံရေးအကျဉ်းသားများအဖြစ် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီပါတီ (BDP) မှ အမတ်များကိုလည်း ဖမ်းဆီးထားရှိသည်။ အကျဉ်းထောင်တွင်းမီးလောင်မှုဖြစ်ပွားပြီး လူသေပျောက်မှု များဖြစ်ပွားခဲ့သောကြောင့် အကျဉ်းကျနေသူများ၏ မိသားစုများလည်း အကျဉ်းထောင်ရှေ့တွင် လာရောက် စုရုံးလျက်ရှိရာ စစ်ရဲများနှင့် ရဲသားအများအပြားကို လုံခြုံရေးအတွက် စေလွှတ်ထားသည်။ အကျဉ်းထောင်သို့သွားရာလမ်းကို ရဲများက ပိတ်ဆို့ထားပြီး သေဆုံးသူအကျဉ်းသားများ၏ အမည်များကို ထုတ်ဖေါ်ပြောကြားရန် ဒေါသတကြီးတောင်းဆိုနေသော မိသားစုဝင်များကို ရဲများက ငရုပ်ကောင်းဖြန်း ဆေးဖြင့် ပက်ဖြန်းကာ လူစုခွဲခဲ့သည်။ အကျဉ်းထောင်တွင်း၌ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေဆဲဖြစ်သည်။ Source: Al Jazeera

Tuesday, June 12, 2012

အတိုက်အခံများကို ပူတင် နှိပ်ကွပ်

ရုရှသမ္မတ ဗလာဒီမာပူတင်အားဝေဖန်လျှက်ရှိပြီး ဆန္ဒပြပွဲတစ်ခုဖန်တီးရန် စည်းရုံးလှုံ့ဆော်ခဲ့သူ အတိုက်အခံ လှုပ်ရှားတက်ကြွသူများ၏ နေအိမ်များက ရုရှရဲများက ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့သည်။ တနင်္လာနေ့ အစောပိုင်း လူဖမ်းပွဲသည် ပူတင်၏ နောက်ထပ်သမ္မတခြောက်နှစ်သက်တမ်းစတင်တာဝန်ယူ ခါစအချိန်တွင် အတိုက်အခံများအပေါ် ဆက်ဆံရေးပြောင်းလဲလိုက်သည့် အချက်ကို ပြသလိုက်ခြင်းဖြစ် သည်။ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့များက သတိပေးနေသည့်ကြားမှ လမ်းမများပေါ်တွင် ထွက်ရောက်ဆန္ဒပြ ပွဲများကို တင်းကြပ်ပြီး ပြစ်ဒဏ်များတိုးမြှင့်ချမှတ်နိုင်သည့် ဥပဒေတစ်ရပ်ကို သောကြာနေ့က သမ္မတပူတင် လက်မှတ်ရေးထိုးခဲ့သည်။ ယင်းဥပဒေမှာ အတိုက်အခံများကို အသံမထွက်နိုင်အောင် ချည်နှောင်လိုက်သည့် ဥပဒေဖြစ်ကြောင်း ဆိုသည်။ ဥပဒေအရ ဆန္ဒပြပွဲများတွင် ပါဝင်သူများအား ငွေဒဏ် ရူဘယ် ၃၀၀ ၀၀၀ (ဒေါ်လာ ၉ ၂၀၀)၊ ဦးစီးခေါင်း ဆောင် လှုပ်ရှားသူများကို ရူဘယ် တစ်သန်း (၃၀ ၀၀၀) ဒဏ်ငွေများချမှတ်မည်ဖြစ်သည်။ ယင်းငွေပမာဏသည် ရုရှပြည်သူတစ်ယောက် တစ်နှစ်ဝင်ငွေခန့်နှင့် ညီမျှသည်။ အကျင့်ပျက်ချစားမှုတိုက်ဖျက်ရေး တက်ကြွလှုပ်ရှားသူ ဘလော့ဂါ အဲလက်ဇီနာဗယ်လင်း၏ နေအိမ်တံခါး ပေါက်ကို ရဲများက ရိုက်ချိုးဖျက်စီးကာ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး သတင်းသမားနှင့် ပူတင်ဝေဖန်ရေးသမား ကဆန်ယာဆော့ဘ်ချက် ကိုလည်း ထိုနည်းအတိုင်း ဝင်ရောက်ဖမ်းဆီးခဲ့သည်။ Source: Al Jazeera

Wednesday, June 6, 2012

ဒုတိယမြောက် အဲလိဇဘက် နန်းသက် ၆၀ ပြည့်

အင်္ဂလန် ဒုတိယမြောက်အဲလိဇဘက်ဘုရင်မကြီး၏ နန်းသက် နှစ် ၆၀ မြောက်အခမ်းအနားကို ကျင်းပခဲ့ကြပြီး အထိမ်းအမှတ်အဖြစ် ဘုရားကျောင်းခေါင်းလောင်းများ တီးခတ်ခြင်း၊ အမြောက်ပစ်ဖေါက်ခြင်းများပြုလုပ် ခဲ့ကြသည်။ ဘုရင်မကြီး၏ ကြင်ယာတော် ဖိလစ်မင်းသားကြီးမှာမူ ဆီးရောဂါကြောင့် ဆေးရုံသို့တက်ရောက်ကုသမှုခံ ယူနေရသဖြင့် အခမ်းအနားသို့တက်ရောက်နိုင်ခြင်းမရှိခဲ့ပေ။ ဖိလစ်မင်းသားကြီးသည် အသက် ၆၄ နှစ်ရှိပြီ ဖြစ်သည်။ စိန့်ပေါလ်ဘုရားကျောင်းတွင် နံနက်ပိုင်း ကျေးဇူးတော်ချီးမွမ်းခြင်းအခမ်းအနားပြုလုပ်ခဲ့ပြီး ဆန်တာဘူရီဂိုဏ်းချုပ်ဘုန်းတော်ကြီး ရိုဝန်ဝီလီယမ်က တိုင်းပြည်တွင်း သာယာဝပြောအောင် ဆောင်ရွက် ပေးခဲ့သည့်အတွက် ဘုရင်မကြီးအား ကောင်းချီးမင်္ဂလာပေးခဲ့သည်။ ထို့နောက် ဘုရင်မကြီးသည် နေ့လည်ပိုင်းတွင် ဘက်ကင်ဟမ်နန်းတော်သို့ပြန်သွားခဲ့သည်။ ထို့နောက် သူ့ကိုဆက်ခံမည့်သားတော် ချားလ်စ်မင်းသားနှင့် ကြင်ယာတော် ကမ္မီလာ၊ မင်းသားငယ် ဝီလီယံနှင့် ကြင်ယာတော် ကိတ်၊ အငယ်ဆုံးမင်းသား ဟင်နရီ တို့နှင့် အတူ နန်းတော် လေဆောင်သို့ ထွက်ကာ လူထုကို နှုတ်ဆက်ခဲ့ လေသည်။ ထို့နောက် တိုင်းပြည်အား ရုပ်မြင်သံကြားမှ တစ်ဆင့်စကားပြောကြားခဲ့ရာတွင် သူမ၏ နန်းသက် နှစ် ၆၀ ပြည့်အထိမ်းအမှတ်အခမ်းအနားသည် သာမန်ရိုးရိုးရှင်းရှင်းပွဲတစ်ခုသာ ဖြစ်ခဲ့ကြောင်း ဆိုသည်။ `ဓနဿဟာယနိုင်ငံတွေနဲ့ အင်္ဂလန်နိုင်ငံက တိုင်းသူပြည်သားတွေရဲ့ ကျွန်မအပေါ်ထားရှိတဲ့ ချစ်ခင်ကြင်နာမှုတွေကို ဆက်လက်ပြီး တန်ဖိုးထားသွားပါမယ်။` ဟု နှစ်မိကြာ မိန့်ခွန်းတွင် ပြောဆိုသွား ခဲ့ပြီး ယင်းမိန့်ခွန်းကို အင်္ဂလန်နိုင်ငံနှင့် ယခင်က ကိုလိုနီနိုင်ငံများဖြစ်ခဲ့ပြီး နောက်ပိုင်း ဓနဿဟာယနိုင်ငံ များဖြစ်လာသော တိုင်းပြည် ၅၄ နိုင်ငံတွင် ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသခဲ့သည်။ ၁၉၃၆ ခုနှစ်အတွင်းက ယခုအဲလိဇဘတ်ဘုရင်မ၏ ဦးရီးတော် ဒေးဗစ်နန်းစွန့်သွားပြီးနောက် သူမ၏ ဖခင် ဖြစ်သူ ထီးနန်းဆက်ခံခဲ့ကာ သူမက ဖခင်ကို ဆက်ခံပြီး ဘုရင်မဖြစ်လာခဲ့ခြင်းဖြစ်သည်။ ဘုရင်၊ ဘုရင်မများ အာဏာမရှိသော စည်းမျဉ်းခံဘုရင်စံနစ်အောက်တွင် ဘုရင်မကြီး၏ ဘဝမှာ ပွဲလမ်း သဘင်ဆင်ယင်ခြင်း၊ ကမ္ဘာအနှံ့ခရီးလှည့်လည်သွားခြင်းနှင့် အလွန်ကြီးကျယ်ခမ်းနားသော စည်းစိမ်ချမ်းသာ ခံစားခြင်းတို့ဖြင့်သာ အချိန်ကုန်ဆုံးခဲ့ရလေသည်။ Source: Al Jazeera

Wednesday, May 30, 2012

ဝီကီလိခ်ပိုင်ရှင် အယူခံရှုံးနိမ့်

အမေရိကန်နှင့် ကမ္ဘာ့နိုင်ငံအများအပြား၏ သံတမန်ရေးရာဆက်သွယ်မှု စာရွက်စာတမ်းအထောက်အထား များအား ဖွင့်ထုတ်ခဲ့သော ဝီကီလိခ်ဝက်ဘ်ဆိုက်တည်ထောင်သူ ဂျူလီယန်အက်ဆန်းအား အင်္ဂလန်က ဆွီဒင်သို့ လွှဲပြောင်းပေးရေး ဆုံးဖြတ်ချက်ကို အယူခံဝင်ထားခဲ့ရာ လန်ဒန်ရှိ တရားရုံးချုပ်က ပယ်ချလိုက်သည်။ ဆွီဒင်က ဂျူလီယန်အက်ဆန်းအား လိင်ပိုင်းဆိုင်ရာ မလျော်မကန်ပြုမူမှုဖြင့် အလိုရှိနေ ခြင်းဖြစ်သည်။ ဆွီဒင်တရားရေးက အက်ဆန်းအား တရားဝင်လွှဲပြောင်းပေးရေးအတွက် ဝရမ်းထုတ်ထားပြီး ဗုဒ္ဓဟူးနေ့က တရားသူကြီးများက ထောက်ခံမဲ ၅ မဲ၊ ကန့်ကွက်မဲနှစ်မဲဖြင့် အက်ဆန်းအား လွှဲပြောင်းပေးရန် ဆုံးဖြတ် ခဲ့သည်။ ထို့ကြောင့် အသက် ၄၀ ရှိ ဂျူလီယန်အက်ဆန်းကို ဆွီဒင်သို့လွှဲပြောင်းပေးတော့မည်ဖြစ်ပြီး အက်ဆန်း၏ ရှေ့နေက အမှုကို ပြန်လည်ဆန်းစစ်ပေးရန် တောင်းဆိုထားသည်။ အက်ဆန်းသည် သြစတြေးလျနိုင်ငံသားဖြစ်ပြီး ၂၀၁၀ ဒီဇင်ဘာလအတွင်းက လန်ဒန်တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ အက်ဆန်းက ဆွီဒင်တွင် လိင်ပိုင်းဆိုင်ရာ မလျော်မကန်ပြုမူခဲ့သည်ဟူသော အမှုကို ငြင်းဆန် ထားပြီး သူ့ကို ဆွီဒင်က နိုင်ငံရေးရည်ရွယ်ချက်ဖြင့်သာ အလိုရှိနေခြင်းဖြစ်ကြောင်း ဆိုသည်။ ဝီကီလိခ်သည် လွန်ခဲ့သောနှစ်က အမေရိကန်သံတမန်လျှို့ဝှက်ဖိုင်များကို ဖွင့်ထုတ်ခဲ့ခြင်းဖြစ်ပြီး အမေရိကန်အရှက်ကွဲကာ တစ်ကမ္ဘာလုံးလည်း ဆူပွက်သွားခဲ့လေသည်။ Source: Al Jazeera

Sunday, May 27, 2012

ယူရိုဗီးရှင်း အဆိုပြိုင်ပွဲ ဆွီဒင်အဆိုတော် အနိုင်ရ

အဇာဘိုင်ဂျန်တွင် ကျင်းပသော ၅၇ ကြိမ်မြောက် ယူရိုဗီးရှင်း အဆိုပြိုင်ပွဲတွင် ဆွီဒင်အဆိုတော် လော်ရင်းက သူမ၏ `ယူဖိုးရီးရား`ခေါ် ပျော်ရွှင်ဝမ်းမြောက်ခြင်း ဟုအမည်ရသော သီချင်းဖြင့် အနိုင်ရရှိခဲ့သည်။ အသက် ၂၈ ရှိ လော်ရင်းသည် ခြေထောက်ဗလာဖြင့် စင်မြင့်ထက်တွင် ဖျော်ဖြေပြိုင်ပွဲဝင်ခဲ့ပြီး ကြည့်ရှုသူ သန်း ၁၀၀ ကျော်သည်။စနေနေ့က နောက်ဆုံးဗိုလ်လုပွဲအဖြစ် အဇာဘိုင်ဂျန်မြို့တော် ဘူကူတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ကျွမ်းကျင်ပညာရှင် အကဲဖြတ်ဒိုင်များက အဆုံးအဖြတ်ပေးပြီး လော်ရင်းအနိုင်ရခဲ့ သည်။ စင်မြင့်ထက်တွင် ဖျော်ဖြေစဉ် သူမပေါ်သို့ နှင်းကျသည့်ပုံစံ အလှကြဲစက္ကူစများ ပြန့်ကျဲကျဆင်းလာသည့် တင်ဆက်မှုပါဝင်ခဲ့ပြီး အစမ်းလေ့ကျင့်စဉ်အခါက သူမကို ဒုက္ခပေးခဲ့သည့် အရာများဖြစ်သည်။ `မနေ့က အစမ်းလေ့ကျင့်တုန်းက အဲဒီ စက္ကူနှင်းဖတ် တစ်ဖတ်ကျွန်မပါးစပ်ထဲဝင်သွားပြီး လည်ချောင်းမှာ ကပ်နေတယ်။ ဒုက္ခရောက်တာပေါ့။ ဒါပေမယ့် တကယ်တိုက်ရိုက်တင်ဆက်ဖျော်ဖြေတဲ့ နေရာမှာတော့ ကျွန်မစိတ်အနှောက်အယှက်မရှိ ဖျော်ဖြေနိုင်ခဲ့ပါတယ်။`ဟု လော်ရင်းက ပြောပြခဲ့သည်။ သီချင်းအဆိုပြိုင်ပွဲ စီစဉ်သူ ဘန်ရောဘတ်ဆန်က နောက်နှစ်တွင် ဆွီဒင်နိုင်ငံ၌ ကျင်းပမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယခုနှစ်တွင် စတော့ဟုမ်းလ်ရှိ အိုးလ်တောင်းတွင် စီစဉ်ခဲ့ခြင်းဖြစ်သည်။ ရုရှအဆိုတော် ဘူရာနော့ဗ်စကီးယီ ဘာဘွတ်ရှကီက ဒုတိယ၊ ဆားဗီးယားအဆိုတော်က တတိယနေများ အသီးသီးရရှိခဲ့ကြသည်။ ယူရိုဗီးရှင်း အဆိုပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သူများသည် နိုင်ငံတကာနယ်ပယ်တွင် ကျော်ကြားသော အဆိုတော်များဖြစ်ခဲ့ကြသည်။ ၁၉၇၄ ခုနှစ်တွင် ဆွီဒင် ပေါ့ပ်အဆိုတော်အုပ်စုက `ဝါတာလူး`သီချင်းဖြင့်အနိုင်ရရှိခဲ့ပြီး အောင်မြင်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် ကနေဒါအဆိုတော် စလင်းဒီယွန်အနိုင်ရပြီးနောက်ပိုင်း ကမ္ဘာတစ်လွှား ကျော်ကြားလာ ခဲ့လေသည်။ Source: Al Jazeera

Saturday, May 26, 2012

ဖင်လန်တွင် လူအုပ်တွင်းပစ်ခတ်မှုဖြစ်ပွား၊ နှစ်ဦးသေဆုံး

သေနတ်သမားကိုင်ဆောင်ခဲ့သော ရိုင်ဖယ်
ဖင်လန်နိုင်ငံတွင် ဆယ်ကျော်သက် နှစ်ဦး သေဆုံးပြီး အခြား ၇ ဦးဒဏ်ရာရရှိ ခဲ့သည့်ပစ်ခတ်မှုတစ်ခုဖြစ် ပွားခဲ့ပြီး အသက် ၁၈ နှစ်အရွယ်အမျိုးသား သေနတ်သမားတစ်ဦးကို ဖမ်းဆီးခဲ့သည်။ စနေနေ့မနက်ပိုင်းက ဟိုင်ဗင်ကာမြို့လယ်တွင် အထပ်နိမ့်ခေါင်မိုးပေါ်မှ လူအုပ်အတွင်းသို့ ပစ်ခတ်ခဲ့သော ကြောင့် အသက် ၁၈ နှစ်ရှိ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့ကြောင်း စုံစမ်းစစ်ဆေးရေးအရာရှိ မာ့ခ်ကူးတိုမီနန်က ပြောသည်။ ထို့နောက်အခင်းဖြစ်ပွားရာသို့ ရောက်ရှိလာခဲ့သော ရဲတစ်ဦးလည်းဒဏ်ရရှိခဲ့သည်။ တရားခံမှာ စစ်ပျောက်ကြားဝတ်စုံဝတ်ဆင်ထားပြီး ပစ်ခတ်မှုပြီးနောက် ခုခံကာကွယ်ခြင်းမရှိဘဲ အဖမ်းဆီးခံခဲ့သည်။ `အမဲလိုက်သေနတ်တစ်လက်အပါအဝင် လက်နက်နှစ်ခုနဲ့ အတူဖမ်းဆီးရမိခဲ့ပါတယ်။`ဟု တိုမီနိုက ပြောသည်။ ပစ်ခတ်ရခြင်း၏ ရည်ရွယ်ချက်ကို မသိရသေးဘဲ စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း ဆိုသည်။ ဖင်လန်သည် ပုဂ္ဂလိက သေနတ်ကိုင်ဆောင်မှုအမြင့်မားဆုံးနိုင်ငံများထဲတွင် တစ်နိုင်ငံအပါအဝင်ဖြစ်သည်။ သို့သော် သေနတ်နှင့်ဆက်စပ်၍ အကြမ်းဖက်မှုနှုန်း နည်းပါးလေသည်။ ဖင်လန်တွင် သေနတ်ကိုင်မှုခင်း ဖြစ်ပွားမှုရှားပါးကြောင်း၊ သေနတ်အများစုမှာ အမဲလိုက်သေနတ်များသာဖြစ်ကြောင်း ဖင်လန်မှုခင်းရေးရာ ပညာရှင်များက ပြောသည်။ လွန်ခဲ့သောနှစ်ပိုင်းများအတွင်းက ဖင်လန်တွင် စာသင်ကျောင်းတွင်းပစ်ခတ်မှု သုံးခုဖြစ်ပွားခဲ့လေသည်။ လွန်ခဲ့သော နှစ်လက ဖင်လန်တောင်ပိုင်းတွင် အသက် ၂၃ နှစ်အရွယ် သေနတ်သမားတစ်ဦးက သူ့ရည်းစားဟောင်း၏ ဖခင်ဖြစ်သူကို ရုံးအဆောက်အဦတစ်ခုအတွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ ယင်းဖြစ်စဉ်သည် အထက်တန်းစာသင်ကျောင်းတစ်ခုတွင် ဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရမှုမရှိခဲ့ပေ။ ၂၀၀၈ ခုနှစ်အတွင်းက နိုင်ငံအနောက်ပိုင်း ကူဟာဂျိုကီမြို့တွင် အချက်အပြုတ်သင်တန်းသားများ အားလပ်ရက်အပန်းဖြေခရီးထွက်စဉ် သင်တန်းကျောင်းသားတစ်ဦးက အဖေါ်ကိုးဦးနှင့် ဆရာတစ်ဦးကိုပစ်သတ်ခဲ့ပြီး မိမိကိုယ်မိမိ ပစ်သတ်အဆုံးစီရင်ခဲ့သော အမှုဖြစ်ပွားခဲ့သည်။ ၂၀၀၇ ခုနှစ်အတွင်းက ဖင်လန်တောင်ပိုင်း တူဆူလာမြို့အထက်တန်းကျောင်းတွင် အသက် ၁၈ နှစ် ကျောင်းသားတစ်ဦးက သူနာပြုတစ်ဦး၊ ကျောင်းအုပ်ဆရာကြီးနှင့် ကျောင်းသား ၆ ယောက်ကို ပစ်သတ်ခဲ့သည်။ ယင်းသို့ပစ်ခတ်မှုများဖြစ်ပွားပြီးနောက်ပိုင်း အာဏာပိုင်များက ကျောင်းများတွင် ကင်မရာများတပ်ဆင်ခြင်း၊ စာသင်ခန်းတံခါးများတွင် သော့များတပ်ဆင်ခြင်း၊ ပစ်ခတ်မှုဖြစ်ပွားလာပါက အမြန်ဆုံးကိုင်တွယ်နိုင်ရန် ကျောင်းဝန်ထမ်းများကို လေ့ကျင့်ပေးခြင်းများပြုလုပ်ခြင်းဖြင့် စာသင်ကျောင်း လုံခြုံရေးတိုးမြှင့်မှုများ လုပ်ဆောင်ပေးခဲ့လေသည်။ Source: Al Jazeera

Sunday, May 20, 2012

အီတလီတွင် ၅.၉ မဂ္ဂနီကျုငလျင်လှုပ်

အီတလီနိုင်ငံ မြောက်ပိုင်း ဘိုလော့ညာမြို့အနီး ၅.၉ မဂ္ဂနီကျုပြင်းအားရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့သဖြင့် အနည်းဆုံးလေးဦးသေဆုံးပြီး ၅၀ ခန့်ဒဏ်ရာရရှိခဲ့ကြောင်း အီတလီသတင်းဌာန ANSA မှကြေငြာခဲ့သည်။ စက်ရုံတွင်း ညဘက်အလုပ်လုပ်နေနေသူတစ်ဦး အဆောက်အဦပိ၍သေဆုံးခဲ့ပြီး အခြားနှစ်ဦးမှာလည်း အဆောက်အဦပျက်များအောက်တွင် သေဆုံးနေကြောင်း ကယ်ဆယ်ရေးအဖွဲ့က တနင်္ဂနွေနေ့က ပြောကြား ခဲ့သည်။ ပလတ်စတစ်စက်ရုံလုပ်သားတစ်ဦးနှင့် ဘိလပ်မြေစက်ရုံလုပ်သားနှစ်ဦး သေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦးမှာမူ နှလုံးရောဂါဖြင့်သေဆုံးခဲ့ရကြောင်း သိရသည်။ အဆောက်အဦပျက်များအောက်တွင် ပိမိနေသောလူများရှိ နေသေးကြောင်း သတင်းပေးပို့ချက်များအပေါ်တွင် ကယ်ဆယ်လုပ်သားများမှ လိုက်လံစစ်ဆေးလျက်ရှိ သည်။ ဘွန်ဒီနိုမြို့အနီးတွင် အဆောက်အဦများပျက်စီးခဲ့ကြောင်း မီးသတ်သမားများက ပြောပြီး နောက်ဆက်တွဲ ငလျင်များမှာ ၅.၁ အထိပြင်းအားရှိကြောင်း သိရသည်။ `ဘိုလော့ညာ-ဖာရာရာ ဒေသတွင်းမှာဖြစ်ပါတယ်။ အကြီးအကျယ်ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ အချို့ အဆောက်အဦတွေဆိုရင် လူတွေနဲ့အတူ ပြိုကျခဲ့ပါတယ်။` ဟု ဖာရာရာမီးသတ်ဌာနချုပ်မှ ရိုက်တာသတင်း ဌာနသို့ တယ်လီဖုန်းဖြင့် ပြောကြားခဲ့သည်။ ဘိုလော့ညာနှင့် ဗီရွန်နာမြို့ကြားရှိ ဆာမီဒီမြို့တွင် အဆောက်အဦတစ်လုံးခေါင်မိုးပြိုကျပြီး အော်ဟစ်အကူ အညီတောင်းသံများကြားရကြောင်း သတင်းပေးထားလေသည်။ သမိုင်းဝင်အဆောက်အဦများနှင့် ယဉ်ကျေးမှုအဆောက်အဦများ အကြီးအကျယ်ထိခိုက်ပျက်စီးနေပုံများကို မနက်ပိုင်းတွင် ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသသွားခဲ့သည်။ ဘိုလော့ညာမြို့တွင် နံနက်အရုဏ်တက် အချိန်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကာ အိမ်တွင်းပရိဘောဂပစ္စည်းများ၊ ကားအချက်ပေးသံများဖြင့်ဆူညံသွား ကြောင်းသိရသည်။ သို့သော် ဘိုလော့ညာမြို့တွင်း၌မူပျက်စီးဆုံးရှုံးမှုမရှိကြောင်း သိရသည်။ Source: Al Jazeera

Monday, April 2, 2012

ရုရှခရီးသည်တင်လေယာဉ် ဆားဘီးယားတွင် ပျက်ကျ

ရုရှခရီးသည်တင်လေယာဉ်တစ်စင်းဆားဘီးယားတွင် ပျက်ကျခဲ့ရာ လေယာဉ်ပေါ်တွင် စုစုပေါင်း ၄၃ ဦးလိုက်ပါသွား ပြီး အနည်းဆုံး ၂၉ ဦး သေဆုံးကြောင်း နိုင်ငံပိုင်သတင်းတွင် ကြေငြာခဲ့သည်။ ART72 တာဘိုအင်ဂျင်နှစ်လုံးတပ် လေယာဉ်ဖြစ်ပြီး တနင်္လာနေ့က ဆားဘီးယားအနောက်ဘက် တယူမန်မြို့ မှ ၃၀-၃၅ ကီလိုမီတာအကွာတွင် ပျက်ကျခဲ့ခြင်းဖြစ်သည်။ `လက်ရှိအချိန်အထိ ၂၉ ယောက်သေဆုံးတယ်လို့ သိထားပါတယ်။ လေယာဉ်မှာပါတဲ့ ခရီးစဉ်မှတ်တမ်းတင် ပစ္စည်းကိုတော့တွေ့ရှိထားပါတယ်။ အရေးပေါ်အဖွဲ့တွေက မီးငြှိမ်းသတ်နေပါတယ်။` ဆားဘီးယားတယူမန်မြို့မှ ဆာဂတ်မြို့သို့ဦးတည်ပျံသန်းရာလမ်းတွင် ပျက်ကျခဲ့ခြင်းဖြစ်သည်။ ရုရှသတင်းမှ ကြေငြာခဲ့ရာတွင် လေယာဉ်ကွင်းမှ ပျံတက်ပြီး မကြာမီတွင် ရေဒါမြင်ကွင်းမှ ပျောက်ကွယ်သွားပြီး လေယာဉ်ကွင်းမှ ကီလိုမီတာ ၄၀ အကွာခန့်တွင် ဒေသစံတော်ချိန် နံနက် ၇း၅၀ ခန့်တွင်ပျက်ကျခဲ့ခြင်းဖြစ်သည်။ လေယာဉ်မောင်းခန်းကို ကယ်ဆယ်ရေးအဖွဲ့များ မီးလောင်လျက်တွေ့ရှိခဲ့လေသည်။ လေယာဉ်သည်မီးလောင်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး အပိုင်းပိုင်းအစအစပြတ်ထွက်ခဲ့သည်။ သေဆုံးသူများထဲတွင် ကလေး များလည်းပါဝင်ကြောင်း သိရသည်။ အသက်မသေဘဲကျန်ရစ်နေသူများလည်း ဒဏ်ရာအပြင်းအထန်ရရှိထားပြီး နီးစပ်ရာဆေးရုံသို့ ရဟတ်ယာဉ်ဖြင့် သယ်ယူပို့ဆောင်ထားသည်။ အသက်ရှင်သူ ၅ ဦးတွေ့ရှိထားပြီး စိုးရိမ်ရသည့် အခြေအနေတွင်ရှိသည်။ `ဒီလေကြောင်းလိုင်းက မတော်တဆမှုဖြစ်ပွားဖူးတဲ့ မှတ်တမ်းရှိပါတယ်။ ဒါပေမယ့် အခုအဖြစ်အပျက်က တော့ အကြောင်းရင်းကို သေချာမသိရသေးပါဘူး။``ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။` ဟု အယ်ဂျာဇီယာသတင်းထောက်က သတင်းပေးပို့ခဲ့သည်။ Source: Al Jazeera

Sunday, April 1, 2012

ဒိန်းမတ်တွင် မွတ်စလင်ဆန့်ကျင်ဆန္ဒပြပွဲ ဖြစ်ပွား


ဒိန်းမတ်နိုင်ငံ ဒုတိယမြို့တော်တွင် လူ ၂၀၀ နီးပါးခန့် မွတ်စလင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတစ်ရပ်ပြုလုပ်ခဲ့သည်။
စနေနေ့က ယင်းဆန္ဒပြပွဲကို လက်ယာစွန်းရောက်တက်ကြွလှုပ်ရှားသူများက ဦးဆောင်ခဲ့ပြီး ရဲကားနှစ်စီးဖြင့် လိုက်လံ ထိန်းသိမ်းပေးခဲ့သည်။

ဒိန်းမတ်ဒုတိယအကြီးဆုံးမြို့တော် အာဟက်စ်တွင် ဖြစ်ပြီး ကိုပင်ဟေဂင်မြို့မှ ကီလိုမီတာ ၂၀၀ အကွာတွင် တည်ရှိ သည်။ အခြားဥရောပနိုင်ငံများဖြစ်သော ဗြိတိန်၊ ဂျာမဏီ၊ ပိုလန်နှင့် ဆွီဒင်တို့တွင်လည်း ဆန္ဒပြမှုများဖြစ်ပွားခဲ့သည်။

`ဥရောပ (မွတ်စလင်) ဂျီဟက်ဆန့်ကျင်ရေး` ဟု အမည်ပေးထားသော လှုပ်ရှားမှုကို ပြင်သစ်တွင် အယ်ကေဒါ ဆန်ဆန် သေနတ် သမားတစ်ဦး၏ လက်ချက်ဖြင့် သေဆုံးသွားသူများအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေဖြင့် ခဏတာငြိမ်သက် စွာ ဝမ်းနည်းကြောင်း ပြသခြင်းဖြင့် စတင်ခဲ့လေသည်။

`လူ ၁၅၀၊ ၂၀၀ လောက်တော့ရှိပါတယ်။ ဒါပေမယ့် ဒီဆန္ဒပြမှုမှာ လူ ၁၀၀ လောက်မရှိရင်တောင် ကျွန်တော် လေးစားပါတယ်။` ဟု ဆန္ဒပြပွဲတွင် ထိန်းသိမ်းပေးနေသော ရဲအရာရှိတစ်ဦးက အေအက်ဖ်ပီသတင်းဌာန သို့ပြောကြားခဲ့သည်။

ထို့နောက် အာရပ်ဘာသာစကားများဟစ်ကြွေးပြီး တန်ပြန်ဆန္ဒပြသူများက မွတ်စလင်ဆန့်ကျင်ဆန္ဒပြသူများ ကိုတိုက်ခိုက်ရန် ကြိုးစားလာသဖြင့် ရဲများကြားဝင်ဟန့်တားခဲ့ရသည်။ ရဲနှစ်ဦးဒဏ်ရာရရှိခဲ့ပြီး တစ်ဦးက ပုလင်းကွဲဖြင့် အထိုးခံရခြင်းဖြစ်ပြီး တစ်ဦးက မျက်လုံးတွင်ဒဏ်ရာရရှိခဲ့သည်။

ဆန္ဒပြပွဲကို ဒိန်းမတ်ကာကွယ်ရေးအဖွဲ့က စုစည်းခဲ့ခြင်းဖြစ်ပြီး အစောပိုင်းက လူ ၁၀၀၀ ခန့်တက်ရောက်မည်ဟု မျှော်လင့်ထားကြောင်း ဆိုသည်။

တန်ပြန်ဆန္ဒပြသူအင်အား ၄၀၀၀ မှ ၅၀၀၀ အထိရှိပြီး `လူမျိုးပေါင်းစုံနေထိုင်နိုင်သော အာဟက်စ်မြို့` ဟူသော စာတန်းများကိုင်ဆောင်ထားကြသည်။

မြို့တော်တာဝန်ရှိသူများက ထုတ်ပြန်သော ကြေငြာချက်တွင် အာဟက်စ်မြို့တွင် အစွန်းရောက်အုပ်စုများအလိုမရှိ သောကြောင့် ဆန္ဒပြပွဲဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း ဆိုသည်။


Source: Al Jazeera

Saturday, March 31, 2012

ပြင်သစ်တွင် အစ္စလာမ်အစွန်းရောက်များကို လိုက်လံဖမ်းဆီး






ပြင်သစ်နိုင်ငံ မြို့တော်အများအပြားတွင် သမ္မတဆာကိုဇီ၏ အမိန့်ဖြင့် `အစ္စလာမ်အစွန်းရောက်`နှိမ်နင်းရေးလှုပ်ရှား မှုအနေနှင့် လူ ၁၉ ဦးကို ဖမ်းဆီးထားပြီးဖြစ်သည်။
လွန်ခဲ့သောရက်ပိုင်းအတွင်းက ပစ်ခတ်မှုဖြစ်ပွားပြီး ၇ ဦးသေဆုံးခဲ့သော တူလို့စ်မြို့တွင် သောကြာနေ့က ဖမ်းဆီးမှု များပြုလုပ်ခဲ့သည်။

ပြင်သစ်နိုင်ငံထောက်လှမ်းရေးအေဂျင်စီ (DCRI) နှင့် အထူးရဲတပ်ဖွဲ့ဝင်များပူးပေါင်းကာ တူလို့စ်၊ ပဲရစ်၊ နန်တက်စ်၊ လိုင်ယွန်၊ ပရိုဗင့် မြို့များတွင် နံနက်ပိုင်းဝင်ရောက်စီးနင်းဖမ်းဆီးမှုများပြုလုပ်ခဲ့သည်။

ဖမ်းဆီးထားသူ ၉ ဦးအနက် ၃ ဦးမှာ အမျိုးသမီးများဖြစ်ကြောင်း သိရသည်။ ၁၇ ဦးကို မေးမြန်းစစ်ဆေးမှုများပြုလုပ် နေကြောင်း တရားရေးရပ်ကွက်မှ သိရှိရသည်။ အကြီးတန်းရဲအရာရှိတစ်ဦးက ၎င်းတို့ထံတွင် မွတ်စလင်အစွန်း ရောက်ဟု သံသယရှိထားသူ အယောက် ၁၀၀ ခန့်ရှိကြောင်း ပြောခဲ့ပြီး သမ္မတဆာကိုဇီကလည်း သောကြာနေ့ ဖမ်းဆီးမှုများသည် အစပိုင်းမျှသာရှိသေးသည်ဟု ဆိုသည်။

သမ္မတဆာကိုဇီအား ဥရောပရေဒီယို ၁ မှ မေးမြန်းခဲ့ရာတွင် ဖမ်းဆီးမှုများအကြောင်း အတည်ပြုခဲ့ပြီး လက်နက်များ လည်း ဖမ်းမိရကြောင်း ဆိုသည်။ အစွန်းရောက်အစ္စလာမ်များနှင့် ပတ်သက်ပြီးဖမ်းဆီးခြင်းဖြစ်ကြောင်း၊ နောက်ထပ် ဖမ်းဆီးမှုများလည်းရှိဦးမည်ဖြစ်ကြောင်း ဆိုသည်။


Source: Al Jazeera

Friday, March 30, 2012

အစ္စလာမ်တရားဟောဆရာများကို ပြင်သစ်ပြည်ဝင်ခွင့်မပေး

အစ္စလာမ်တရားဟောဆရာ ရှိတ်ယူဆွတ်အယ်လ် ကာရာဒါဝီ

ပဲရစ်မြို့တွင်ကျင်းပမည့် မွတ်စလင်ညီလာခံကို တက်ရောက်ရန်အတွက် နာမည်ကြီး အစ္စလာမ်တရားဟောဆရာ ရှိတ်ယူဆွတ်အယ်လ် ကာရာဒါဝီနှင့် အီဂျစ်တရားဟောဆရာတစ်ဦးပါဝင်သော လေးဦးအဖွဲ့ကို ပြင်သစ်က ပြည်ဝင်ခွင့်မပေးပေ။

နိုင်ငံခြားရေးဝန်ကြီး အယ်လိန်းဂျူပီနှင့် ပြည်ထဲရေးဝန်ကြီး ကလော်ဒီဂူးအန့်တို့ပူးတွဲထုတ်ပြန်သော ကြေငြာချက်တွင် တရားဟောဆရာလေးဦးသည် အမုန်းပွားရေး၊ အကြမ်းဖက်ရေးတရားများဟောပြောပို့ချကြပြီး လက်ရှိအချိန်တွင် လူထုအတွင်း သွေးထိုးလှုံ့ဆော်မှုများပြုနေကြောင်း ဆိုသည်။

တူလို့စ်စာသင်ကျောင်းလူသတ်မှုပြီးနောက် အစွန်းရောက်များကို နှိမ်နင်းသုတ်သင်ရန် သမ္မတဆာကိုဇီက အမိန့်ပေး ခဲ့ပြီး ကာရာဒါဝီနှင့် မိုဟာမက်အယ်-မာဆီတို့အပါအဝင်လေးဦးကို ပြည်ဝင်ခွင့်မပေးကြောင်း ပြောဆိုခဲ့သည်။

ဧပြီလ ၆ ရက်နေ့မှ ၉ ရက်နေ့အထိကျင်းပမည့် ညီလာခံတွင် တက်ရောက်ရန် တရားဟောဆရာများကို ဖိတ်ကြား ထားသော ပြင်သစ်အစ္စလာမ်များအဖွဲ့သမဂ္ဂ (UOIF)က အစိုးရ၏ ဆုံးဖြတ်ချက်အတွက် နားမလည်နိုင်ကြောင်း ဆိုသည်။ ယခုကဲ့သို့တားမြစ်လိုက်ခြင်းကြောင့် ပြင်သစ်မွတ်စလင်များအနေနှင့် အန္တရာယ်ဟု နားလည်ထားပြီး ခွဲခြား ဆက်ဆံခြင်းဖြစ်ကြောင်း ဆိုသည်။

တရားဟောဆရာလေးဦးမှာ ပါလက်စတိုင်းတရားဟောဆရာတစ်ဦး၊ အီဂျစ်တရားဟောဆရာတစ်ဦးနှင့် ဆော်ဒီ တရားဟောဆရာနှစ်ဦးတို့ဖြစ်သည်။

Source: Al Jazeera

စပိန်တွင် အထွေထွေသပိတ်ဆင်နွှဲ


အလုပ်သမားဥပဒေပြုပြင်ပြောင်းလဲမှုများအတွက် မကျေမနပ်ဖြစ်နေကြသော စပိန်အလုပ်သမားများက အထွေထွေ သပိတ်တစ်ခု မရပ်တန်းပြုလုပ်သွားမည်ဖြစ်ကြောင်း ကြာသပတေးနေ့က ကြေငြာခဲ့ပြီး စက်ရုံများ၊ ဆိပ်ကမ်းများ ရပ်ဆိုင်းသွားခဲ့ပြီး လမ်းမပေါ်ဆန္ဒပြမှုများအတွင်း အကြမ်းဖက်မှုများဖြစ်ပွားခဲ့သည်။

အလုပ်သမားဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ၊ အသုံးစားရိတ်လျှော့ချမှုများအတွက် မကျေမနပ်ဖြစ်ကာ မက်ဒရစ် မြို့လယ် ရင်ပြင်တွင် အလုပ်သမားများ သောင်းနှင့်ချီဆန္ဒပြခဲ့ကြပြီး ဘာဆီလိုနာမြို့တွင်လည်း ဆန္ဒပြအလုပ်သမား များက အမှိုက်ပုံးများကို မီးရှို့ခြင်း၊ ရဲများက ရာဘာကျည်ဆန်များဖြင့် ပစ်ခတ်လူစုခွဲခြင်းကြောင့် အဓိကရုဏ်းများ ဖြစ်ပွားခဲ့လေသည်။

ပြုပြင်ပြောင်းလဲမှုများ၊ အသုံးစားရိတ်လျှော့ချမှုများကို စီးပွားရေးအကြပ်အတည်းမှ လွတ်မြောက်အောင် လုပ်ဆောင် ရခြင်းဖြစ်ကြောင်း အာဏာရကွန်ဆာဗေးတစ်ပါတီ အစိုးရက ပြောကြားခဲ့ပြီး ကြာသပတေးနေ့ ဆန္ဒပြပွဲများကို ကုန်သွယ်သမဂ္ဂများမှ ဦးဆောင်စည်းရုံးပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ယခုအချိန်အထိ ဆန္ဒပြမှုနှင့် ပတ်သက်၍ ၅၈ ဦးဖမ်းဆီး ထားသည်။

`ပြုပြင်ပြောင်းလဲမှုကို လက်မခံနိုင်လို့ အခုလိုဆန္ဒပြတုံ့ပြန်ခြင်းဖြစ်ပါတယ်။` ဟု CCOO အမည်ရှိ ကုန်သွယ်သမဂ္ဂတစ်ခု၏ ခေါင်းဆောင်ဖြစ်သူ အဂ္ဂနာဆီယိုဖာနန်ဒက်တိုဇိုက ပြောသည်။

ဝန်ကြီးချုပ် မာရီယာနိုရာဂျွိုင်း အာဏာရရှိပြီးနောက် ပထမဦးဆုံးအကြိမ်အဖြစ်အစိုးရနှင့် လူထုကြားသဘောထား ကွဲပြားမှုဖြစ်သည်။ မာရီယာနို မဲဆွယ်စဉ်က စပိန်အလုပ်လက်မဲ့ ၂၃ ရာခိုင်နှုန်းလျှော့ချပေးပြီး စီးပွားရေးတည်ငြိမ် အောင်ဆောင်ရွက်မည်ဟု ကတိပေးခဲ့သည်။

အယ်ဂျာဇီယာသတင်းထောက် ဘာနဘီဖစ်လစ် မက်ဒရစ်မြို့တော်မှသတင်းပေးပို့ခဲ့ရာတွင် စပိန်တွင် ကုန်သွယ်ရေး သမဂ္ဂများ၏ အခန်းကဏ္ဍမှေးမှိန်နေပြီဟု လူအများက ပြောဆိုနေကြသော်လည်း ယခုအခါ နိုင်ငံအနှံ့ပို့ဆောင်ဆက် သွယ်ရေး၊ စီးပွားရေးနှင့် စက်ရုံများအများအပြား ၎င်းတို့စည်းရုံးမှုဖြင့် ဆန္ဒပြသပိတ်မှောက်ကြသဖြင့်ပိတ်ထားရ ကြောင်း ဆိုသည်။

ပြုပြင်ပြောင်းလဲထားသော ဥပဒေသစ်တွင် အလုပ်ရှင်များက အလုပ်သမားများကို အလွယ်တကူအလုပ်ထုတ်ပစ်နိုင် လေသည်။ သို့သော်အစိုးရက ဤဥပဒေသည် ရေရှည်တွင် အလုပ်လက်မဲ့နှုန်းကိုလျှော့ချပေးနိုင်လိမ့်မည်ဟု ဆိုသည်။
Source: Al Jazeera

Wednesday, March 28, 2012

ဗြိတိန်အဓိကရုဏ်း လူငယ်အလုပ်လက်မဲ့နှုန်းမြင့်မားမှုကြောင့်ဖြစ်


မိဘ၏ ဆိုဆုံးမမှု၊ ထိန်းကျောင်းပဲ့ပြင်မှုအားနည်းခဲ့ပြီး အလုပ်အကိုင်ရရှိရန် အထောက်အပံ့ပေးခံရမှုမရှိဘဲ အလုပ်လက်မဲ့ဖြစ်နေသော လူငယ်များဦးဆောင်ခဲ့သော လွန်ခဲ့သောနှစ်က ဗြိတိန်တွင်ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းကို လေ့လာသုံးသပ်ထားသော အစီရင်ခံစာတစ်စောင် ထွက်ရှိလာခဲ့သည်။

အစီရင်ခံစာကို အဓိကရုဏ်းနှင့် အဓိကရုဏ်းကြောင့် ထိခိုက်နစ်နာရသူအများအဖွဲ့ ကပြုစုပြီး ၀န်ကြီးချုပ် ကင်မရွန်း ထံသို့ ဗုဒ္ဓဟူးနေ့တွင် တင်ပြမည်ဖြစ်သည်။ အစီရင်ခံစာတွင် ကလေးငယ်များအား ရေးတတ်၊ ဖတ်တတ်အောင် သင်ကြားမပေးနိုင်သည့် ဆရာများအား ဒဏ်တပ်သင့်ကြောင်း တောင်းဆိုထားသည်။

မြို့လယ်ခေါင်များတွင် အဓိကရုဏ်းများဖြစ်ပွားခဲ့ကြောင်း အစီရင်ခံစာပြုစုသောအဖွဲ့က လေ့လာတွေ့ရှိခဲ့သည်။ မိဘ ဆိုဆုံးမမှုကင်းမဲ့နေခြင်း၊ ပညာမဲ့ခြင်း၊ အလုပ်အကိုင်မဲ့နေခြင်းများကြောင့် အဓိကရုဏ်းဖြစ်သောအခါ ထိုလူငယ်များ ပူးပေါင်းပါဝင်လာကြပြီး ယင်းသို့ပါဝင်ခဲ့ခြင်းကြောင့် သူတို့ဘ၀အတွက် များစွာထူးထူးခြားခြားထိခိုက်နစ်နာမှုမရှိဟု ယူဆထားသူများ ဖြစ်ကြောင်း ရေးသားထားသည်။

လူနေမှုအဆင့်အတန်းအလွန်နိမ့်ကျနေပြီး အထောက်အပံ့ပေးခံရမှုမရှိသော လူတန်းစားတစ်ရပ် နိုင်ငံအ၀ှမ်း သန်း တစ်ဝက်ခန့်ရှိနေပြီး ယင်းတို့အတွက် အစိုးရက ဖွံ့ဖြိုးရေးအစီအစဉ်များချမှတ်ပေးသင့်ကြောင်း တိုက်တွန်းထားသည်။
`ပြဿနာ (လုယက်ခိုးဆိုးမှုများ) နဲ့ ခပ်ကင်းကင်းနေနိုင်ဖို့ဆိုတာ သူတို့မှာ အကြောင်းပြချက်ကောင်း ကောင်းရှိရမယ်။ အဲဒီလိုမရှိတော့ လူ့အဖွဲ့အစည်းအတွင်းမှာပါ နောက်ဆက်တွဲ မကောင်းကျိုးတွေ ဖြစ်ပျက်ခဲ့တာ သြဂုတ်လအတွင်းက အားလုံးမြင်တွေ့ကြတဲ့အတိုင်းပါပဲ။´ ဟု အစီရင်ခံစာပြုစုရေးအဖွဲ့ ဥက္ကဋ္ဌ ဒါရာဆင်းက ပြောသည်။ လွန်ခဲ့သောနှစ်သြဂုတ်လ ဗြိတိန်အဓိကရုဏ်းကို ရည်ညွှန်းပြောကြားသွားခြင်းဖြစ်သည်။

အဓိကရုဏ်းဖြစ်ပွားပြီးနောက် ယင်းအဖွဲ့ကို အစိုးရကဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ပြီး လွတ်လပ်စွာလုပ်ပိုင်ခွင့်ပေးထားလေ သည်။ နိုင်ငံအနှံ့ အဓိကရုဏ်းဒဏ်ခံစားခဲ့ရသူများနှင့် တွေ့ဆုံမေးမြန်းခဲ့သည်။

အဓိကရုဏ်းအတွင်း လူပေါင်း ၁၅,၀၀၀ ခန့်ပါဝင်ခဲ့ကြပြီး လန်ဒန်မြောက်ပိုင်းတွင် စတင်ဖြစ်ပွားခဲ့ကာ အခြားမြို့ကြီး များဖြစ်သော မန်ချက်စတာ၊ ဘာမင်ဂန် နှင့် ဘရစ်စတိုးလ်မြို့များသို့ ကူးစက်ပျံ့နှံ့သွားလေသည်။ အဆောက်အဦ များကို မီးရှို့ဖျက်ဆီးခြင်း ၊ ဆိုင်ခန်းများကို ချိုးဖေါက်လုယက်ယူငင်ခြင်းများပြုလုပ်ခဲ့ကြလေသည်။ ယင်းဖြစ်ရပ်များ အတွင်း လူ ၅ ဦးသေဆုံးခဲ့ပြီး ဒေါ်လာ သန်း ၈၀၀ ခန့်ဆုံးရှုံးခဲ့ လေသည်။

လန်ဒန်တစ်မြို့တည်းမှာပင် အဓိကရုဏ်းနှင့် ဆက်စပ်၍ လူပေါင်း ၃,၈၀၀ ဖမ်းဆီးခဲ့ရပြီး တရားရုံးများတွင် အမှုများ ရင်ဆိုင်နေရဆဲဖြစ်သည်။

ယခုနှစ် ဇူလိုင်နှင့် သြဂုတ်လများတွင် ကျင်းပမည့် အိုလံပစ်ပွဲတော်သို့ နိုင်ငံတကာမှ ဧည့်သည်များလာရောက်ကြ မည်ဖြစ်ရာ ဗြိတိန်နိုင်ငံတွင်း လုံခြုံရေးအတွက် နိုင်ငံတကာက ဝေဖန်မှုများပြုခဲ့လေသည်။

အစီရင်ခံစာအဖွဲ့က တွေ့ဆုံမေးမြန်းခဲ့သော လူငယ်အများအပြားမှာလည်း `မျှော်လင့်ချက်ကင်းမဲ့´ နေသော အနေ အထားတွင်ရှိပြီး အလုပ်အကိုင်ရရှိရန် အခွင့်အလမ်းမမြင်ကြောင်း ပြောဆိုကြသည်။
ကျောင်းမပြီးသေးဘဲထွက်ထားသူ ငါးယောက်တွင် တစ်ယောက်နှုန်းမှာလည်း ၁၁ သားအရွယ် စာရေး၊ စာဖတ်နှုန်း မျှသာရှိသည်။ ထို့ကြောင့် ကလေးများကို စာရေး၊ စာဖတ်ကောင်းကောင်းတတ်အောင် သင်ကြားပေးနိုင်ခဲ့ခြင်းမရှိ သော ဆရာ၊ ဆရာမများကို ဒဏ်ရိုက်ပြီး အခြားကျောင်းများကို ယင်းဒဏ်ကြေးငွေများဖြင့် ပိုမိုကောင်းမွန်လာ အောင် ပြုလုပ်သင့်ကြောင်း အစီရင်ခံစာအဖွဲ့က အကြံပြုထားသည်။

နှစ်နှစ်မျှ အလုပ်လက်မဲ့ဖြစ်နေသော လူငယ်များကိုလည်း အလုပ်အကိုင်ပြန်လည်ရရှိနိုင်အောင် အစိုးရမှ အာမခံချက်ပေးပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရှာဖွေပေးသင့်ကြောင်းဆိုသည်။

အင်္ဂလန်တွင် လူငယ်အလုပ်လက်မဲ့နှုန်းမြင့်မားလျက်ရှိပြီး တစ်သန်းခန့်ရှိသည်။ ယင်းပမာဏမှာ တစ်နိုင်ငံလုံးရှိ ၁၆ နှစ်မှ ၂၄ နှစ်ကြား လူငယ်ဦးရေ၏ ၂၂ ရာခိုင်နှုန်းဖြစ်သည်။

Source: Al Jazeera

Wednesday, March 21, 2012

ပြင်သစ်စာသင်ကျောင်းပစ်ခတ်မှုတရားခံဖမ်းဆီးရမိ


တနင်္လာနေ့က ပြင်သစ်နိုင်ငံ တူလို့စ်မြို့စာသင်ကျောင်းတွင် လေးဦးသေဆုံးခဲ့သောပစ်ခတ်မှုနှင့် ယခင်ရက်ပိုင်း အတွင်းက စစ်သား သုံးဦးသေဆုံးခဲ့ရသော ပစ်ခတ်မှုများ ကျူးလွန်ခဲ့သောတရားခံကို ပြင်သစ်ရဲများက ၀ိုင်းပြီးဖမ်း ဆီးခဲ့ကြသည်။

ပြင်သစ်ပြည်ထဲရေးဝန်ကြီး ကလော်ဒီဂူးအန့်က တရားခံသည် အသက် ၂၄ ရှိပြီဖြစ်ပြီး ရဲများဝန်းရံထားစဉ်အတွင်း သူနှင့် ညှိနှိုင်းခဲ့ရကြောင်း၊ နေ့လည်ပိုင်းတွင် လက်နက်ချအဖမ်းခံခဲ့ကြောင်း ပြောသည်။ အဘယ်ကြောင့်ဆိုသော် သူ့ကိုတရားရုံးတင်နိုင်ရေးအတွက် ရဲများက အရှင်ဖမ်းဆီးမိရန်ကြိုးပမ်းခဲ့ကြောင်း ဆိုသည်။

ရဲသတင်းရပ်ကွက်မှ ပြောကြားချက်အရ ၎င်း၏အမည်မှာ မိုဟာမက်မီရာဖြစ်ပြီး ပြင်သစ်နိုင်ငံသားဖြစ်ကာ အယ်လ်ဂျီရီးယား လူမျိုးဖြစ်ကြောင်း သိရှိရသည်။

ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် ၃း၀၀ ခန့်တွင် အထပ် ၅ ထပ်ရှိ အဆောက်အဦတစ်လုံးကို ရဲများက ၀န်းရံထားခဲ့ပြီး ပစ်ခတ်မှုများဖြစ်ပွားခဲ့သည်။ တရားခံက ပြန်လည်ခုခံပစ်ခတ်သဖြင့် ရဲသုံးဦးဒဏ်ရာရရှိခဲ့သည်။

ထို့နောက် သူ့ထံတွင်ရှိသော သေနတ်တစ်လက်ကို ဆဲလ်ဖုန်းတစ်လုံးနှင့် လဲလှယ်ခဲ့သည။် သို့သော်သူ့ထံတွင် အခြားသေနတ်များရှိနေသေးကြောင်း ရဲကပြောသည်။ တရားခံ၏ မိခင်ဖြစ်သူလည်း အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိလာကာ သားဖြစ်သူကို ဖြောင်းဖျပြောဆိုခဲ့သည်။

ပြည်ထဲရေးဝန်ကြီး ဂူးအန့်က တရားခံသည် ပြင်သစ်လူမျိုးပင်ဖြစ်ပြီး အယ်ကေဒါအဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း ဆိုသည်။ အရှေ့အလယ်ပိုင်း ပါလက်စတိုင်း-အစ္စရေးလ်အရေးတွင် ပါလက်စတိုင်းကလေးငယ်များသေဆုံးခဲ့ရခြင်း အတွက် လက်စားချေခြင်းဖြစ်ကြောင်း၊ ပြင်သစ်စစ်တပ်မှလည်း နိုင်ငံခြားစစ်ဆင်ရေးများတွင် ပါဝင်နေခြင်းကို သူ့အနေနှင့် မကျေနပ်ကြောင်း ရဲက ပြောသည်။

ကာတာရှိ Royal United Institute ၏ သုတေသီတစ်ဦးဖြစ်သော မိုက်ကယ်စတီဖင်က ပြင်သစ်ပြည်ထဲရေးဝန်ကြီး အနေနှင့် လုံလောက်သော သက်သေအထောက်အထားများရမှသာ ပြည့်ပြည့်စုံစုံပြောဆိုသင့်ကြောင်း၊ ယခုအချိန် တွင် ဘာမှမပြောသင့်သေးကြောင်းဆိုသည်။
`အဖွဲ့အစည်းနောက်ခံနဲ့ ကျူးလွန်တယ်ဆိုတဲ့ သက်သေအထောက်အထားနည်းပါသေးတယ်။ ပြည်ထဲရေးဝန် ကြီးပြောနေပုံက သူ့ဘာသာသုံးသပ်ပြီး အယ်ကေဒါလက်ချက်ဖြစ်တယ်လို့ ပြောနေပုံရပါတယ်။´ ဟု ဆို၏။

တရားခံ၏ အစ်ကိုဖြစ်သူကိုလည်း ဖမ်းဆီးထားပြီး သူသည် အာဖဂန်နှင့် ပါကစ္စတန်တို့သို့ ရောက်ဖူးကြောင်း အာဏာပိုင်များသိရှိထားသည်ဟု ဆိုသည်။


Source: Al Jazeera

အင်္ဂလန်တွင် အတိုးစား ငွေချေးလုပ်ငန်းများ တိုးပွားလာ (ဗွီဒီယိုသတင်း)

ငွေချေးလုပ်ငန်းကြေငြာတစ်ခု



`တောမီးလောင်တောကြောင် လက်ခမောင်းခတ်´ `လူနာမျက်ဖြူဆိုက်လေ၊ ဆရာကြိုက်လေ´ ဆိုတဲ့ စကားပုံတွေ အတိုင်းပဲ စီးပွားကျကာလအတွင်း စီးပွားဖြစ်နေတဲ့ အင်္ဂလန်က ခေတ်ပျက်သူဌေးတွေအကြောင်း အယ်ဂျာဇီယာ သတင်းဌာနက တင်ပြထားပါတယ်။
`ရေတိုပြဿနာဖြေရှင်းရေး´ လို့ ပြောပြီး ငွေရှင်တွေက အခြေခံဆင်းရဲသားတွေကို တရားဝင် ငွေတိုးချေးစားနေတဲ့ အသေးစား ငွေချေး (Payday Loan) လုပ်ငန်းရှင်တွေရဲ့ဒဏ်ကို အခုကာလစီးပွားကျဆင်းနေတဲ့ ဗြိတိန်နိုင်ငံသားတွေ အတော်ခံနေရ ပါတယ်။ အကြွေးနွံထဲနစ်သထက်နစ်နေတဲ့လူတွေ ပိုပိုများလာနေပါတယ်။
အချို့ကလည်း ဒီကိစ္စကို စည်းရုံးလှုပ်ရှားမှု (ကမ်ပိန်း) တွေလုပ်ပြီးဆန့်ကျင်ကန့်ကွက်နေကြပါတယ်။ ကမ်းပိန်းလုပ် သူတွေက ဒီငွေတိုးချေးစားသူတွေဟာ ဆင်းရဲသားတွေကို အဓိကပစ်မှတ်ထားပြီးလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
လာမယ့် လမှာ ငွေတိုးပြန်ဆပ်ရမယ့် သူတွေ အင်္ဂလန်မှာ လေးသန်း ရှိပြီလို့ ဆိုပါတယ်။ အယ်ဂျာဇီယာသတင်း ထောက် လောရင့်လီ သတင်းပေးပို့ခဲ့ရာမှာ ငွေတိုးချေးတဲ့သူတွေဆီမှာ ပိုက်ဆံသွားချေးရင် ဘာအကြွေးဝယ်ကဒ်မှ ပြစရာမလိုသလို၊ ဘာမေးခွန်းမှလည်း မမေးပါဘူး။ ဒါပေမယ့် လ၀က်၊ ဒါမှမဟုတ် လကုန် နှစ်ပတ်တစ်ခါ အကြွေးပြန်ဆပ်ရမယ့်နေ့ရောက်ရင်တော့ သတ်မှတ်ထားတဲ့ အတိုးနှုန်းအတိုင်း အနည်းဆုံး ၁၅% ပေးဆောင်ရမှာ ဖြစ်ပါတယ်။ မဆပ်နိုင်ရင် အတိုးပေါ်အတိုးဆင့်၊ ဒါမှမဟုတ် အတိုးမဆင့်ရင်တောင် ဆတိုးတွေတက်ပြီး နစ်သထက် နစ်သွားမှာ ဖြစ်ပါတယ်။

Source: Al Jazeera

Monday, March 19, 2012

ပြင်သစ်ရှိ ဂျူးစာသင်ကျောင်းတွင် သေနတ်သမားတစ်ဦး ပစ်ခတ်


ပြင်သစ်တောင်ပိုင်း တိုးလုစ်မြို့ရှိ ဂျူးစာသင်ကျောင်းတစ်ကျောင်းအပြင်ဘက်တွင် သေနတ်သမားတစ်ဦးလာရောက် ပစ်ခတ်သွားသဖြင့် ကလေးသုံးဦးအပါအ၀င် အနည်းဆုံးလေးဦး သေဆုံးခဲ့ကြောင်း သိရသည်။
ကျောင်းစတင်ဖွင့်ရက်ဖြစ်သဖြင့် အဆိုပါ အိုဇာဟက်တိုရာကျောင်းသို့ ကျောင်းသားများနှင့် အတူ မိဘများလည်း ရောက်ရှိနေခဲ့ကြသည်။ သေနတ်သမားသည် စကူတာဆိုင်ကယ်ကို မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။

ပစ်ခတ်မှုပြီးနောက် နိုင်ငံတ၀ှမ်းဂျူးစာသင်ကျောင်းများတွင် လုံခြုံရေးတင်းကြပ်ထားရန် ပြင်သစ်ပြည်ထဲရေးဝန်ကြီး ကလော်ဒီဂူးအန့်က အမိန့်ထုတ်ပြန်လိုက်သည်။ ထို့နောက် ပြင်သစ်သမ္မတဆာကိုဇီ၊ ပညာရေးဝန်ကြီးနှင့် ပြည်ထဲရေး ၀န်ကြီးတို့ ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်ကျောင်းသို့ သွားရောက်ခဲ့ကြသည်။

ကျောင်းသားမိဘတစ်ဦးဖြစ်သူ ပက်ထရစ်ရိုအူမီက သေနတ်သမားသည် လူအုပ်ထဲသို့ပစ်ခတ်ခြင်းဖြစ်ကြောင်း ဆိုသည်။
`မြင်မြင်သမျှကို ပစ်တာဗျ။ ကလေးတွေရော၊ လူကြီးတွေရော။ အချို့ကလေးတွေက ကျောင်းထဲဝင်ပြေး ကြတယ်။´ ဟုမြို့ခံ ရှေ့နေတစ်ဦးဖြစ်သူ မိုက်ကယ်ဗဲလက်က သတင်းထောက်များကို ပြောသည်။

ကျောင်းဒါရိုက်တာ၏ သမီးဖြစ်သူလည်း ပစ်ခတ်မှုကြောင့် ဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း သိရသည်။

သေဆုံးသွားကြသည့် ကလေးငယ်များမှာ အဆိုပါကျောင်းမှ ကျောင်းသားငယ်များပင်ဖြစ်ကြောင်း ပြင်သစ်ရှိ ဂျူးအဖွဲ့အစည်းဆိုင်ရာ ကောင်စီ၏ ဥက္ကဋ္ဌဖြစ်သူ နစ်ကိုးလ်ယာဒီနီက ဆိုသည်။
`ကလေးတွေက ၈ နှစ်၊ ၆ နှစ်၊ ၃ နှစ် နဲ့ ၁၇ နှစ်အရွယ်တစ်ယောက်တို့ဖြစ်ပါတယ်။ ´
ကလေးမိဘတစ်ဦးလည်း သေဆုံးသွားခဲ့ကြောင်း ယာဒီနီက ဆိုသည်။

သေနတ်သမားသည် ကလေးများပြေးရာသို့ လိုက်လံပစ်ခတ်ခဲ့ကြောင်း ကင်မရာတွင်ပြန်လည်တွေ့မြင်ရသဖြင့် ရည်ရွယ်ချက်ရှိရှိဖြင့် ပြုမူခြင်းဖြစ်ကြောင်း သူမက ဆက်လက်ပြောဆိုသည်။
`ကလေးတွေကိုလိုက်ပစ်တယ်။ ဖမ်းပြီးတော့တောင်မှ ခေါင်းကို ပစ်သတ်လိုက်တယ်။´


ပြင်သစ်နေ ဂျူးတရားဟောဆရာကြီးဖြစ်သူ ဂီလီးစ်ဘန်းဟိန်းက အလွန်ကြောက်မက်ဖွယ်ကောင်းသော အဖြစ်အပျက်တစ်ခုဖြစ်ပြီး အံ့သြတုန်လှုပ်မိကြောင်း ဆိုသည်။

`ဒီအဖြစ်အပျက်ကြောင့် အင်မတန်ကြောက်လန့်တုန်လှုပ်သွားရပါတယ်။ ပြင်သစ်အစိုးရက ဒီကိစ္စအပေါ်မှာ အသေအချာစုံစမ်းစစ်ဆေးပြီး တရားခံကို တရားဥပဒေဘောင်အတွင်း ပို့ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။´ ဟု အစ္စရေးလ်နိုင်ငံခြားရေးဝန်ကြီး ယီဂယ်လ်ပယ်လ်မာက အေအက်ဖ်ပီသတင်းသို့ပြောပြသည်။


ပြင်သစ်အနောက်တောင်ဘက်တွင်လည်း လွန်ခဲ့သောအပတ်က ပြည်သူ့စစ်သုံးဦး အသတ်ခံရပြီး နောက်ထပ်တစ်နေရာတွင် အခြားပြည်သူ့စစ်တစ်ဦး ဒဏ်ရာရရှိခဲ့သော ဖြစ်ရပ်တွင် ကျူးလွန်သူ တစ်ဦးတည်းဖြစ်ပြီး ရဲများက လိုက်လံရှာဖွေခဲ့ကြသည်။

အယ်ဂျာဇီယာသတင်းထောက် ဂျက်ကီရိုလန်က ပဲရစ်မြို့မှ သတင်းပေးပို့ခဲ့ရာတွင် အထက်ပါ အမှုနှစ်ခု ဆက်စပ်မှု ရှိနိုင်ကြောင်း၊ သေနတ်သမားများမှာ ဆိုင်ကယ်စီးသူများပင်ဖြစ်ကြောင်း ဆိုသည်။

`လွန်ခဲ့တဲ့အပတ်က ပြည်သူ့စစ်သုံးယောက်ကို ပစ်ခတ်ခဲ့တဲ့ သေနတ်သမားကလည်း စကူတာဆိုင်ကယ် စီးနင်းခဲ့တယ် လို့သိရပါတယ်။´ ဟု သတင်းထောက်က ပြောသည်။

ပြင်သစ်နိုင်ငံသည် ဥရောပတွင် ဂျူးလူမျိုးအများဆုံးလက်ခံထားရှိရာနိုင်ငံဖြစ်ပြီး ဦးရေ ၇၀၀,၀၀၀ ခန့်ရှိသည်။

Source: Al Jazeera

Monday, March 12, 2012

စပိန်တွင် ဖမ်းဆီးခြင်းခံခဲ့ရသော အယ်ဂျာဇီယာသတင်းထောက်ပြန်လည်လွတ်မြောက်


အယ်ဂျာဇီယာသတင်းထောက်တစ်ဦးဖြစ်သူ တေစီယာအလူနီသည် စပိန်တွင် ထောင်ဒဏ်ခုနှစ်နှစ် ကျခံရပြီးနောက် ပြန်လည်လွတ်မြောက်လာပြီဖြစ်သည်။

အလူနီသည် ဆီးရီးယားတွင် မွေးဖွားခဲ့သော စပိန်လူမျိုးဖြစ်ပြီး တနင်္ဂနွေနေ့က ကာတာနိုင်ငံ ဒိုဟာမြို့သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

စပိန်အာဏာပိုင်များက အလူနီသည် အယ်ကေဒါအဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်မှုများရှိကြောင်းဆိုသည်။ အယ်ကေဒါအုပ်စုအတွက် ငွေးကြေးသယ်ယူပို့ဆောင်ပေးသူဖြစ်ခြင်းကြောင့် အကြမ်းဖက်သမားများနှင့် ပူးပေါင်း ဆောင်ရွက်မှုစွပ်စွဲချက်ဖြင့် ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း စပိန်အာဏာပိုင်များက ဆိုသည်။

သို့သော် အလူနီက သူသည် အိုစမာဘင်လာဒင်ကို အင်တာဗျူးခဲ့သည့် အတွက် ဖမ်းဆီးထောင်ချခြင်းဖြစ်ကြောင်း ဆိုသည်။ အမေရိကန်တွင် ၉/၁၁ တိုက်ခိုက်မှုဖြစ်ပွားပြီး တစ်လအကြာတွင် အလူနီက အိုစမာဘင်လာဒင်ကို တွေ့ဆုံမေးမြန်းခဲ့ခြင်းဖြစ်သည်။ ထို့နောက်သူ့ကို စပိန်အစိုးရက ဖမ်းဆီးကာ ၂၀၀၅ ခုနှစ်တွင် ထောင်ဒဏ်ခုနှစ်နှစ် ချမှတ်ခဲ့သည်။ နောက်ပိုင်းတွင် ကျန်းမာရေးအခြေအနေကြောင့် ထောင်တွင်းမှ ထုတ်ကာ နေအိမ်အကျယ်ချုပ်ဖြင့် ကျခံစေပြီး ဆေးကုသမှုခံယူခဲ့သည်။ တနင်္ဂနွေနေ့က အယ်ဂျာဇီယာသတင်းဌာနချုပ်ရှိရာ ဒိုဟာမြို့သို့ ပြန်လည် ရောက်ရှိလာပြီး သူသည် စပိန်အာဏာပိုင်များစွပ်စွဲသကဲ့သို့ အကြမ်းဖက်သမားနှင့် ပူးပေါင်းခဲ့ခြင်းမရှိကြောင်း၊ သူ့ကို စပိန်အစိုးရက နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ဖမ်းဆီးထောင်ချခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။

`စပိန်မီဒီယာတွေက ကျွန်တော့်ကို တိုက်ခိုက်ကြပါတယ်။ ဒါပေမယ့် ကျွန်တော့်ကို အဓိကရည်ရွယ်တာ တော့ မဟုတ်ပါဘူး။ ကျွန်တော့်မိခင်သတင်းဌာနဖြစ်တဲ့ အယ်ဂျာဇီယာကို တိုက်ခိုက်ချင်တာပါ။ သူတို့က အယ်ဂျာဇီယာရဲ့ အောင်မြင်မှုတွေကို အားကျတယ်။ တစ်ချိန်တည်းမှာပဲ မနာလိုလည်းဖြစ်တယ်။´ ဟု ဆိုသည်။

အယ်ဂျာဇီယာသတင်းထောက်တစ်ဦးအနေနှင့် အလူနီက မိမိသည်အယ်ဂျာဇီယာဌာနကြီးတစ်ခုလုံးကို ကိုယ်စား ပြုနေကြောင်း သိရှိလိုက်ရသည်ဟု ဆိုသည်။

အာဖဂန်နစ္စတန်စစ်ပွဲအတွင်းက အလူနီသည် ကဘူးလ်ရှိ အယ်ဂျာဇီယာဌာန ခေါင်းဆောင်ဖြစ်သည်။ အမေရိကန်တို့ က ကဘူးလ် အယ်ဂျာဇီယာရုံးခန်းကို ဗုံးကြဲစဉ် သူရှိနေခဲ့ပြီး သေဘေးမှ လွတ်မြောက်ခဲ့သည်။
၂၀၀၃ တွင် အီရတ်စစ်ပွဲဖြစ်ပွားသောအခါ ဘဂ္ဂဒက် အယ်ဂျာဇီယာရုံးတွင် အလူနီသွားရောက်အလုပ်လုပ်ပြီး အီရတ် စစ်ပွဲသတင်းများပေးပို့ခဲ့သည်။ ထိုစဉ်ကလည်း ဒုတိယအကြိမ်တိုက်ခိုက်ခံရပြီး သူလွတ်မြောက်ခဲ့ပြန်သည်။

စပိန်တရားရုံးက ချမှတ်လိုက်သော ထောင်ဒဏ်ခုနှစ်နှစ်အပေါ် ဥရောပလူ့အခွင့်အရေးတရားရုံးက ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၇ ရက်နေ့က ပြန်လည်သုံးသပ်ပြီး တရားဥပဒေနှင့်ညီညွတ်မှုမရှိကြောင်း ဆုံးဖြတ်ခဲ့သည်။

အလူနီ၏ ရှေ့နေအဖွဲ့မှ တင်ပြသော အချက် ၇ ချက်ကိုသာ ဥရောပလူ့အခွင့်အရေးတရားရုံးက ကြည့်ရှုသုံးသပ် ခဲ့ပြီး စပိန်တရားရုံး၏ ဆုံးဖြတ်ချက်ကို ပယ်ဖျက်ခဲ့ခြင်းဖြစ်သည်။

Source: Al Jazeera

Sunday, March 11, 2012

မော်စကိုတွင် ပူတင်ကို ဆန္ဒပြ


ရုရှနိုင်ငံမြို့တော်မော်စကိုတွင် ယခုနှစ် ရွေးကောက်ပွဲတွင် တဖန်ပြန်လည်အနိုင်ရရှိသွားသော သမ္မတဟောင်းပူတင် ကို ဆန္ဒပြပွဲတစ်ခုစုစည်းပြုလုပ်ခဲ့သည်။ ယင်းဆန္ဒပြပွဲသို့ လူပေါင်း သောင်းနှင့်ချီလာရောက်ခဲ့ကြပြီး လွတ်လပ်တရား မျှတသော ရွေးကောက်ပွဲဖြစ်ပေါ်ရေး လှုပ်ရှားမှုသင်္ကေတဖြစ်သော အဖြူရောင်ဖဲကြိုးများကိုရင်ဘတ်တွင် တပ်ဆင် ထားကြပြီး အလံများ၊ စာတမ်းများချိတ်ဆွဲဆန္ဒပြခဲ့ကြသည်။

စနေနေ့က ပြုလုပ်သော ဆန္ဒပြပွဲသို့ လူပေါင်း ၂၅,၀၀၀ ခန့်လာရောက်ခဲ့ကြကြောင်း စည်းရုံးလှုပ်ရှားသူများက ဆိုသည်။ ရဲများ၏ အဆိုအရမူ ဆန္ဒပြသူဦးရေမှာ ၁၀,၀၀၀ ခန့်သာရှိပြီး ဘေးမှလာရောက်ကြည့်ရှုသူများက ၂၀,၀၀၀ ခန့်ရှိကြောင်း ဆိုသည်။


Source: Al Jazeera

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။