Showing posts with label သတင်းဆောင်းပါး. Show all posts
Showing posts with label သတင်းဆောင်းပါး. Show all posts

Tuesday, June 19, 2012

ပင်လယ်ညစ်ညမ်းမှု စိုးရိမ်အမှတ်ရောက်ရှိ (သတင်းဆောင်းပါး)

မကြာသေးမီက သိပ္ပံပညာရှင် သုတေသီများရဲ့ လေ့လာတွေ့ရှိချက်တွေအရ ကမ္ဘာ့သမုဒ္ဒရာကြီးများ ညစ်ညမ်းလာမှု အခြေအနေတွေက စိုးရိမ်စရာဖြစ်နေပြီလို့ ကျယ်ကျယ်လောင်လောင် ပြောဆိုလာကြပါတယ်။ ပစိဖိတ်သမုဒ္ဒရာထဲက ပလတ်စတစ်အမှိုက်ဝဲဂယက်ကြီးက ကြီးမားကျယ်ပြန့်လို့လာပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းလေး ဆယ်အတွင်း အဆ တစ်ရာတိုးပွားလာပြီး ပိုက်တိုပလန့်တွန်း လို့ခေါ်တဲ့ ကမ္ဘာ့လေထုတွင်းကို အောက်ဆီဂျင်အဓိက ထုတ်လုပ်ပေးနေတဲ့ အဏုဇီဝ ပင်လယ်ပိုးမွှားတွေ အများအပြားဆုံးရှုံးကျဆင်းသွားပါတယ်။ အလွန်အကျွံငါးဖမ်းယူမှုတွေကြောင့် ပင်လယ်ငါးဦးရေကျဆင်း လာပြီး ပင်လယ်တွင်းဆားဓါတ်ဆုံးရှုံးမှုတွေကြောင့် ရာသီဥတုပြင်းထန်ဖေါက်ပြန်မှုတွေ၊ ပင်လယ်ပြင်ပူနွေးမှုတွေဖြစ် ပြီး အာတိတ်ရေခဲပြင် အရည်ပျော်ကျမှုနှုန်းကို မြင့်တက်လာစေပါတယ်။ လူသားတွေရဲ့ ပယောဂကြောင့် ပင်လယ်သမုဒ္ဒရာတွေ ထိခိုက်ပျက်စီးမှု တိုးပွားလာတဲ့အကြောင်း ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဒီယေဂိုမြို့ စခရစ္စပ်စ် အဏ္ဏဝါဗေဒဌာနရဲ့ ထင်ရှားတဲ့ ဇီဝဗေဒသိပ္ပံပညာရှင် ဂျရမီဂျက်ဆင်က သတိပေးပြောကြားလိုက်ပါတယ်။ ၂၀၀၈ ခုနှစ်ထုတ် Proceedings of the National Academy of Sciences ဂျာနယ်က ဆောင်းပါးတစ်ပုဒ်မှာ ဂျက်ဆင်က လူသားတွေရဲ့ သဘာဝပတ်ဝန်းကျင်အပေါ် အပြုအမူအနေအထိုင်တွေ မပြောင်းလဲဘူးဆိုရင် အကြောင်းရင်းမသိရတဲ့ ဂေဟဗေဒစံနစ် အပြောင်းအလဲတွေဖြစ်ပေါ်လာပြီး သမုဒ္ဒရာတွင်းသက်ရှိတွေ မျိုးတုန်းကုန် လိမ့်မယ်လို့ သတိပေးရေးသားခဲ့ပါတယ်။ ဒီသတိပေးစကားဟာ အလွန်အကျွံချဲ့ကားပြောတာလို့ ထင်ကောင်းထင် နိုင်ပါတယ်။ ဒါပေမယ့် သိပ္ပံဆောင်းပါးရှင် အယ်လန်နာမစ်ရှဲကလည်း သမုဒ္ဒရာနဲ့ပတ်သက်လို့ အောက်ပါအတိုင်း ရေးသားသတိပေးခဲ့ပြန်ပါတယ်။ `သင်ငိုလိုက်တဲ့ မျက်ရည်တစ်ပေါက်ဟာ ပင်လယ်ဆီကို ရောက်ပါတယ်။ သင်ရှုထုတ်လိုက်တဲ့ ကာဗွန်ဒိုင် အောင်ဆိုဒ်ရဲ့ တတိယမော်လီကျူးတစ်ခုဟာလည်း ပင်လယ်ဆီကိုရောက်ပါတယ်။ သင်စက္ကန့်တိုင်းရှုသွင်းနေတဲ့ အောက်ဆီဂျင်ကို အဏုဇီဝပိုးမွှားတွေက ထုတ်လုပ်ပေးနေတာ ဖြစ်ပါတယ်။` ဘရားဇီးနိုင်ငံရိုင်ရိုဒီဂျနဲရိုးမြို့မှာ ၂၀၁၂ ခုနှစ် ဇွန်လ ၂၀ ရက်နေ့က ၂၂ ရက်နေ့အထိကျင်းပမယ့် ကမ္ဘာ့သဘာဝကျင် ဖွံ့ဖြိုးတိုးတက်ရေးညီလာခံကြီးမှာ အဲဒီကိစ္စတွေအပါအဝင် အခြားထိန်းသိမ်းရေးကိစ္စတွေကို အကျယ်တဝံ့ဆွေးနွေး ကြမှာဖြစ်ပါတယ်။ လူသားပယောဂကြောင့် ညစ်ညမ်းပျက်စီးရတဲ့ အခြေအနေတွေကို ပင်လယ်ပြင်အတွင်းမှာတာ့ အထင်ရှားဆုံးတွေ့မြင် ကြရပါတယ်။ ညစ်ညမ်းမှုဖြစ်ရတဲ့ အခြေခံအကြောင်းအရာတွေ မြောက်များစွာထဲက အထင်ရှားဆုံးတစ်ခုကတော့ ပင်လယ်ထဲမှာ အကြီးအကျယ်ဝဲကတော့ထိုးနေတဲ့ ပလတ်စတစ်စက်ဝိုင်းကြီးတွေပဲ ဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေ နောက်ဆုံးတွေ့ရှိထားတဲ့ ပင်လယ်ထဲက အမှိုက်ပုံကြီးကတော့ မြောက်ပစိဖိတ်အပူလျော့ပိုင်း ပလတ်စတစ်ဝဲဂယက်ကြီးပဲဖြစ်ပါတယ်။ အဲဒါကို `ပစိဖိတ်အမှိုက်ကြီး` လို့ နာမည်ပေးထားပါတယ်။ အဲဒီအမှိုက်ပုံကြီးဟာ လူသားစွန့်ပစ်ပလတ်စတစ်ပစ္စည်း အပိုင်းအစလေးတွေနဲ့ ဖွဲ့စည်းပြီး ဧရာမကြီးဖြစ်နေတာပါ။ ဟာဝိုင်အီနဲ့ ကယ်လီဖိုးနီးယားကြားမှာရှိတဲ့ အမှိုက်ပုံကြီးရဲ့အရှေ့ဘက် အပိုင်းတင်ပဲ တက္ကဆက်ပြည်နယ်ရဲ့ နှစ်ဆ လောက်ကျယ်ဝန်းပါတယ်။ မေလ ၈ ရက်နေ့ထုတ် လေ့လာစစ်တမ်းရဲ့ ဖေါ်ပြချက်အရ ပင်လယ်တွင်း ဂေဟဗေဒ စံနစ်ကို အကြီးအကျယ်ထိခိုက်ပျက်စီးစေတယ်လို့ ဆိုပါတယ်။ စခရစ္စပ်စ် အဏ္ဏဝါဗေဒဌာနရဲ့ သုတေသီနဲ့ လေ့လာရေးအဖွဲ့ခေါင်းဆောင် မာရီယမ်ဂိုးလ်စတိန်းက အယ်ဂျာဇီယာသတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပင်လယ်ထဲမှာ ဒီလောက်ကြီးမားတဲ့ ပလတ်စတစ်အမှိုက်ပုံကြီး ရှိနေတာကြောင့် သမုဒ္ဒရာဂေဟဗေဒစံနစ်ကို အကြီးအကျယ်ထိခိုက်ပျက်စီးစေတယ်လို့ ပြောသွားပါတယ်။ `အမှိုက်ပုံပလတ်စတစ်တွေပေါ်မှာ ဆီးစကိတ်တာ လို့ခေါ်တဲ့ ပင်လယ်ရေပေါ်အင်းဆက်ကောင်တွေရဲ့ ဥတွေ ကျွန်မတို့တွေ့ရပါတယ်။ ရေပေါ်အင်းဆက်ကောင်တွေဟာ ဝဲဂယက်တွေရှိတဲ့ နေရာတွေမှာ နေလေ့ရှိပြီး သူတို့ရဲ့ဥတွေကို ပေါလောပေါ်နေတဲ့ အရာဝတ္ထုတွေအပေါ်မှာ ဥချလေ့ရှိပါတယ်။ ပလတ်စတစ်အမှိုက်တွေများလာ တာနဲ့အမျှ သူတို့ဥတွေလည်း များလာပါတယ်။` `ကျွန်မတို့လေ့လာတွေ့ရှိချက်တွေအရ သုမုဒ္ဒရာရဲ့ဂေဟဗေဒစံနစ်မှာ ကြိုတင်ခန့်မှန်းတွက်ချက်လို့မရ နိုင်တဲ့ အကျိုးသက်ရောက်မှုတွေဖြစ်လာနိုင်ပါတယ်။ ကမ္ဘာ့သမုဒ္ဒရာကြီးတွေမှာ သမုဒ္ဒရာရေစီးကြောင်းကြောင့် ဖြစ်ပေါ်နေတဲ့ ဝဲဂယက်ကြီး ငါးခုရှိပါတယ်။ သူတို့က သမုဒ္ဒရဲ့အကြီးဆုံးအစိတ်အပိုင်းတွေဖြစ်ပြီးတော့ အားလုံးပေါင်း စပ်ပြီးတော့မှ ကမ္ဘာ့ပင်လယ်သမုဒ္ဒရာအဖွဲ့အစည်းဖြစ်ပေါ်လာတာပါ။ ဒါကြောင့် သူတို့ကို သွားပြီးတော့ အပြောင်းအလဲတွေ ဖြစ်စေမယ်ဆိုရင် ကျန်တဲ့ ကမ္ဘာ့အခြေအနေအရပ်ရပ်ပေါ်မှာ မမျှော်လင့်တဲ့ အကျိုးသက်ရောက် မှုတွေ ဖြစ်လာစေမှာ မလွဲပါဘူး။` စသည်ဖြင့် ဂိုးလ်စတိန်းက ရှင်းပြပြောဆိုသွားခဲ့ပါတယ်။ လေ့လာတွေ့ရှိချက်အရ ပလတ်စတစ်ကြောင့် ဖြစ်ရသော ညစ်ညမ်းမှုတစ်မျိုးတည်းနှင့်ပင် သမုဒ္ဒရာအစာသံသရာ အတွင်း အလွန်ဆိုးရွားသော အကျိုးဆက်များဖြစ်ပေါ်နေကြောင်း သိရှိရပါတယ်။ စခရစ္စပ်စ်မှ ပြုစုသော နောက်ထပ်လေ့လာရေးစာတမ်းတစ်စောင်တွင် လေ့လာရေးခရီးစဉ်အတွင်းဖမ်းဆီးစစ်ဆေးခဲ့ သော ငါးများထဲမှ ၉ ရာခိုင်နှုန်း၏ ဝမ်းဗိုက်ထဲတွင် ပလတ်စတစ်စများတွေ့ရှိရကြောင်း တင်ပြထားပါတယ်။ Marine Ecology Progress Series ဂျာနယ်တွင် ဖေါ်ပြထားသော စစ်တမ်းအရလည်း မြောက်ပစိဖိတ်သမုဒ္ဒရာအတွင်း မနက်လွန်းမတိမ်လွန်းသော ပင်လယ်ရေပြင်အတွင်းဖမ်းဆီးရမိသော နှစ်စဉ်ငါးတန်ချိန် ၁၂ ၀၀၀ မှ ၂၄ ၀၀၀ အထိရှိသော ငါးများ၏ ဝမ်းဗိုက်အတွင်း ပလတ်စတစ်များမျိုချ ထားကြောင်း ရေးသားထားပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ် သိပ္ပံအကယ်ဒမီကျောင်းမှ သုတေသီတစ်ဦးဖြစ်သူ ဒေါက်တာ ဝဲလေ့စ် ဂျေနစ်ကိုးလ်စ်က သူ သွားရောက်လည်ပတ်ခဲ့ဖူးသည့် ကမ်းခြေတိုင်းတွင် ပလတ်စတစ်အမှိုက်များတွေ့ရကြောင်း၊ ထို့ကြောင့် ပင်လယ် လိပ်များအနေနှင့် သက်တမ်းတစ်လျှောက် မည်သည့်နည်းနှင့်မဆို ယင်းပလတ်စတစ်များနှင့် ပတ်သက်တွေ့ကြုံရ မည်သာဖြစ်ကြောင်း ထောက်ပြပြောဆိုသွားပါတယ်။ ပင်လယ်ကူးသင်္ဘော မာလိန်မှူးနှင့် အဏ္ဏဝါဗေဒအကြံပေးတစ်ဦးဖြစ်သူ ဂျိုးရွိုင်လီက သူလည်း အလားတူ အတွေ့အကြုံမျိုးရှိကြောင်း ဆိုပါတယ်။ `သမုဒ္ဒရာအနှံ့ကျွန်မ သွားလာဖူးနေတာ ၁၃ နှစ်ရှိသွားပါပြီ။ အန္တာတိကတိုက်ရဲ့ ကမ်းခြေမှာ ပလတ်စတစ်တွေသောင်တင်နေတာ တွေ့ဖူးပါတယ်။ လူသူမရောက်မပေါက်တဲ့ ကျွန်းတွေရဲ့ကမ်းခြေတွေမှာတောင် ပလတ်စတစ်တွေရောက်နေတာ နှစ်ပေါင်းအတော်ကြာနေပါပြီ။ လွန်ခဲ့တဲ့ ၇ နှစ်အတွင်းမှာ ဆိုရင်ပိုပြီးတော့များလာ တာသတိထားမိပါတယ်။ ပလတ်စတစ်မရှိတဲ့ကမ်းခြေကိုရောက်ခဲ့ဖူးတာ ဘယ်တုန်းကလဲ ဆိုတာတောင် မမှတ်မိ တော့ပါဘူး။` ဟု ဆိုပြောပါတယ်။ ဗြိတိသျှ၊ ဆောက်သန်တန်တက္ကသိုလ် အမျိုးသားအဏ္ဏဝါဗေဒဌာနမှ အဏ္ဏဝါဇီဝသိပ္ပံပညာရှင် ဒေါက်တာ ဒီဘိုရာ အဂ္ဂလစ်ရှား-ရော်ဒရီဂတ်စ်ကလည်း အောက်ပါအတိုင်း ပြောပါတယ်။ `ပင်လယ်ညစ်ညမ်းမှုက အလွန်အရေးကြီးတဲ့ ကိစ္စဖြစ်ပါတယ်။ ပင်လယ်ဟာ အကန့်အသတ်မရှိတဲ့ အရွေ့ စွမ်းအင်တည်ရှိတယ် ဆိုတာတော့ မှန်ပါတယ်။ ဒါပေမယ့် ပလတ်စတစ်အစိတ်အပိုင်းငယ်လေးတွေက ပင်လယ်သတ္တဝါတွေရဲ့ အစာစံနစ်မှာသွားပြီးတော့ နှောက်ယှက်နေတော့ ငါးသေဆုံးမှုနှုန်းတွေတိုးပွားလာပါတယ်။ အဲဒီရဲ့နောက်ဆက်တွဲအဖြစ် အစားအသောက်လုံခြုံရေးနဲ့ ကမ်းခြေဒေသပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေပါတယ်။ ညစ်ညမ်းမှုတွေက သမုဒ္ဒရာမှာ အလွန်ဆိုးဆိုးရွားရွားဖြစ်နေပြီး အမြန်ဆုံးဖြေရှင်းကြဖို့လိုအပ်ပါတယ်။` ကမ္ဘာ့သမုဒ္ဒရာတွေထဲမှာ ညစ်ညမ်းအကျိုးသက်ရောက်မှုတွေ ဖြစ်ပွားနေတဲ့ နောက်ထပ်နေရာတွေက ကမ်းရိုးတန်း ဒေသတွေမှာရှိတဲ့ Dead Zones ခေါ် `အသေဇုံ` တွေပဲဖြစ်ပါတယ်။ ဒီနယ်မြေတွေက သဘာဝတရားကြောင့်လည်း ဖြစ်တတ်ပေမယ့် လူလုပ်ညစ်ညမ်းမှုတွေ၊ စက်ရုံအလုပ်ရုံထုတ်စွန့်ပစ်ပစ္စည်းတွေကြောင့် ပိုမိုဆိုးဝါးလာရပါတယ်။ အမေရိကန် အမျိုးသားအဏ္ဏဝါဗေဒနှင့် ကမ္ဘာ့လေထုထိန်းသိမ်းစောင့်ရှောက်ရေးဌာနမှ ထုတ်ပြန်သော စစ်တမ်းအရ ကမ္ဘာ့အပူချိန်မြင့်တက်လာမှုကြောင့် သမုဒ္ဒရာများပူနွေးလာစေခဲ့တယ်လို့ပြောပါတယ်။ ဒါကြောင့် အောက်ဆီဂျင်ကို ထိန်းသိမ်းထား နိုင်တဲ့ အင်အားလျော့နည်းသွားစေတယ်လို့ဆိုပါတယ်။ ဖေါ့စပရစ်နဲ့ နိုက်ထရိုဂျင်တို့အဓိကပါဝင်တဲ့ စက်ရုံထုတ်ဓါတုဓါတ်မြေသြဇာများအလွန်အကျွံသုံးစွဲခြင်းကလည်း သမုဒ္ဒရာ အတွင်း အကျိုးသက်ရောက်မှုဖြစ်စေပါတယ်။ အဲဒီစက်ရုံတွေက စွန့်ပစ်ပစ္စည်းတွေ သမုဒ္ဒရာတွင်းသို့ရောက်ရှိတဲ့အခါ အခါ ရေမှော်ပင်များ ပိုမိုရှင်သန်ဖွံ့ဖြိုးစေဖို့အားပေးပြီး ကျန်တဲ့ ပင်လယ်သတ္တဝါများအတွက် အောက်ဆီဂျင်ရှားပါး ပြတ်လပ်မှုကို ဖြစ်ပေါ်စေပါတယ်။ ကမ္ဘာ့ဒုတိယအကြီးဆုံးနဲ့ ကမ်းခြေဒေသမှာ လူလုပ် အသေဇုံဖြစ်ပေါ်မှု အကြီးဆုံးနေရာတစ်ခုက မက္ကဆီကို ပင်လယ်ကွေ့အတွင်းမှာ တည်ရှိပါတယ်။ အထက်ဖေါ်ပြပါ ဓါတုပစ္စည်းတွေ၊ တိရစ္ဆာန်အစားအသောက်တွေမှာ ပါဝင်တဲ့ နိုက်ထရိုဂျင်စွန့်ပစ်ပစ္စည်းတွေ၊ အမှိုက်သန့်စင်စက်ရုံတွေ၊ မြို့ပြတွေကစွန့်ပစ်တွေ စီးမျောလာပြီး မစ္စစပီမြစ်ဝမှာ လာရောက်ပို့ချတာတွေ အားလုံးပေါင်းစပ်ပြီးတော့ အသေဇုံကြီးတစ်ခု ဖြစ်ထွန်းနေပါတယ်။ `အားလုံးမက္ကဆီကို ပင်လယ်ကွေ့မှာ ပေါင်းဆုံပြီးတော့ နွေရာသီရောက်ပြီဆိုရင် ရေမှော်ပင်တွေတောထ နေပြီ။ အဲဒီရေမှော်ပင်တွေ သေတော့ ရေအောက်ကို မြုပ်သွားတယ်။ အဲဒီမှာ ဘက်တီးရီးယားတွေက စားသောက်ပြီးတော့ ရေထဲမှာ အောက်ဆီဂျင်ပါဝင်မှုနှုန်းလျော့ကျသွားစေတယ်။ နောက်ထပ် အောက်ဆီဂျင်ပျော်ဝင်နိုင်စွမ်းလည်း မရှိတော့ဘူး။ အဲဒီအခါမှာ အသက်ရှုမွန်းကြပ်လာတဲ့ ရေနေသတ္တဝါတွေဟာ အဲဒီနေရာကနေ လွတ်အောင် ကူးမပြေးနိုင်ရင် သေတာပဲ။` ဟု ပင်လယ်ကွေ့ပြန်လည်ထိန်းသိမ်းရေးကွန်ယက်၊ သိပ္ပံနှင့် ရေထုဆိုင်ရာ မူဝါဒရေးရာ ဒါရိုက်တာ မက်ရိုတာက ပြောပါတယ်။ မက္ကဆီကို အသေဇုံကို ၁၉၈၅ ခုနှစ်အတွင်းက တိုင်းတာစဉ်က ၉ ၇၇၄ စတုရန်းကီလိုမီတာကျယ်ဝန်းပြီး ဆက်လက် ကြီးထွားလာနေလျှက်ရှိကြောင်း တွေ့ရပါတယ်။ နှစ်စဉ် မစ္စစပီမြစ်ဝမှာ အသေဇုံ ပေါ်ပေါက်လေ့ရှိပြီး လူဝီဆီယားနားကမ်းခြေ တစ်ခုလုံးအပါအဝင် တက္ကဆက်အထိ ကျယ်ပြန့်ကြောင်းတွေ့ရပါတယ်။ လူဝီဆီယားနား တက္ကသိုလ် အဏ္ဏဝါဗေဒဌာနမှ ဒေါက်တာနန်စီရာဘာလားယစ်မှ ၁၉၈၀ နှစ်များအလယ်ခန့်တွင် ယင်း မက္ကဆီကို အသေဇုံကြီးကို တွေ့ရှိခဲ့ပြီးတော့ နှစ်စဉ်ဆက်လက်လေ့လာနေခဲ့ပါတယ်။ သူမနှစ်စဉ်တိုင်းတာလာ ရာမှာ အရင်က မစ္စမပီမြစ်ဝအနောက်ဘက်မှာပဲ အသေဇုံဖြစ်ထွန်းလေ့ရှိပြီး အခုဆိုရင် အရှေ့ဘက်မြစ်ဝမှာပါ လာရောက်ဖြစ်ထွန်းနေတာတွေ့ရတယ်လို့ ပြောပါတယ်။ `အသေဇုံဖြစ်ထွန်းမှုကြောင့် လူဝီဆီယားနားက ငါးဖမ်းလုပ်ငန်းတွေ ထိခိုက်ကုန်ပါတယ်။ ငါးဖမ်းလှေတွေ အနေနဲ့ အသေဇုံလွတ်ရာ ကမ်းလွန်ပင်လယ်ပြင်ထဲ နောက်ထပ်အဝေးကြီးထွက်ပြီး ငါးဖမ်းနေကြရတယ်။` ဟု သူမက ရှင်းပြပါခဲ့ပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ရာမှာတော့ အရင်းအမြစ်က မြစ်ရဲ့ အထက်မှာရှိတဲ့ လူတွေရဲ့ စားသောက်နေထိုင်မှု ပုံစံတွေ အပေါ်မှာ မူတည်တဲ့ အကြောင်းပြောပါတယ်။ `အထက်ပိုင်း ရေဝေဒေသမှာ ဒီလိုပဲ အလားတူ ညစ်ညမ်းမှုရှိနေပါတယ်။ ဒါကြောင့် အထက်ပိုင်းမှာ ဖြေရှင်းလိုက်မယ် ဆိုရင် ဒီမြစ်ဝနဲ့ ကမ်းလွန်ပင်လယ်ပြင်ဒေသ ရေထုညစ်ညမ်းမှုကိုပါ ဖြေရှင်းပြီးသားဖြစ်သွားပါ လိမ့်မယ်။` လို့ သူမကပြောသွားပါတယ်။ ဒါပေမယ့် သူမမှာလည်း ပြဿနာတစ်ခုက သုတေသနထောက်ပံ့ကြေးငွေပါ။ သူမကို အမျိုးသားအဏ္ဏဝါနှင့် လေထုအဖွဲ့က ထောက်ပံ့ပေးထားပြီး နောက်နှစ်ကစလို့ ထောက်ပံ့ကြေးဖြတ်တော့မယ့် အခြေအနေမျိုးဖြစ်နေပါ တယ်။ `တကယ်လို့ ထောက်ပံ့ကြေးမရှိတော့ဘူးဆိုရင် သုတေသနဆက်မလုပ်နိုင်တော့ဘူးလေ။ အဲဒါဆိုရင် ပြဿနာကိုလေ့လာပြီး လူတွေသိအောင် ပြောပြလို့မရတော့ဘူး။ ဒီတော့ ဒီဘက်မှာ ပြဿနာတက်နေတဲ့အချိန်မှာ လူတွေကလည်း ဘာမှမဖြစ်ဘူးဆိုပြီးတော့ နေမြဲတိုင်း အေးအေးလူလူနေနေကြတော့မှာပဲ။ ပြဿနာက ပိုဆိုးလာဖို့ ပဲရှိတော့တယ်။` ၂၀၀၈ နဲ့ ၂၀၁၁ ကြားကာလမှာ အသေဇုံကြီးထွားလာမှုနှုန်း ၁၇ ၃၄၈ စတုရန်းကီလိုမီတာအထိ ဖြစ်လာပြီးတော့ အမေရိကန်ပြည်ထောင်စုရဲ့ ကွန်နက်တီကက် ဒါမှမဟုတ် နယူးဂျာဆီပြည်နယ် အကျယ်အဝန်းလောက်အထိ ဖြစ်လာပါတယ်။ အဲဒီဇုံအတွင်းက ရေနေသတ္တတွေ သေကြေပျက်စီးမှုလည်း တိုးပွားလာပြီး အသေဇုံတွေက ပင်လယ်ညစ်ညမ်းမှုကို အားပေးနေတဲ့ အချက်နောက်တစ်ချက်အဖြစ်ရပ်တည်နေတယ်။ ၂၀၁၁ ခုနှစ် မေလ အတွင်းက ထုတ်ဝေတဲ့ Proceedings of The Royal Society ဂျာနယ်မှာ အသေဇုံအတွင်း တွေ့ရှိရတဲ့ အတ္တလန္တိတ် ငါးပုတ်သင် အမတွေရဲ့ ဥအိမ်တွေမှာ အထီးအသွင်ပြောင်းနေတဲ့ ပုံသဏ္ဍာန်တွေတွေ့ရပြီး ဖို၊မ ဟော်မုန်းဓါတ်တွေရောနေတဲ့ ဂလင်းတွေတွေ့ရှိရတဲ့ အကြောင်းရေးသားထားပါတယ်။ `အသေဇုံမှာရှိတဲ့ ငါးပုတ်သင် အထီးတွေရဲ့ ဖိုအင်္ဂါနဲ့ သုတ်လွှတ်အစိတ်အပိုင်းတွေလည်း ပျက်စီးနေတာ တွေ့ရပါတယ်။` ဟု အဆိုပါစာတမ်းတွင်ရေးသားထားပါတယ်။ အတ္တလန္တိတ်ငါးပုတ်သင်လေ့လာရေးအဖွဲ့က အသေဇုံတွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်းငါးဆယ်အတွင်း လူတွေရဲ့ပယောဂကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးရမှု အပြင်းထန်ဆုံးနေရာတွေဖြစ်တယ်လို့ မှတ်ချက်ပြုထား ပြီး အခုဆိုရင် ကမ္ဘာအနှံ့မှာ ၂၅၀ ၀၀၀ စတုန်းကီလိုမီတာလောက်ကို အသေဇုံတွေက နေရာယူထားပြီလို့ ဖေါ်ပြ ပါတယ်။ ကုလသမဂ္ဂရဲ့ ကမ္ဘာ့ပတ်ဝန်းကျင်သုံးသပ်မှုနှစ်စဉ်စစ်တမ်း ၂၀၀၃ ခုနှစ်စာအုပ်မှာ တစ်ကမ္ဘာလုံး အသေဇုံပေါင်း ၁၄၆ ခုရှိတယ်လို့ မှတ်တမ်းပြုထားရာမှာ အခုဆိုရင် ၄၀၇ ခုရှိပြီး နှစ်ဆတက်သွားပါပြီ။ မက်ရိုတာတို့ အုပ်စုနဲ့ အခြား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအုပ်စုတွေက အမေရိကန်သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေးဌာန EPA ကို မတ်လအတွင်းက တရားစွဲဆိုခဲ့ပါတယ်။ `ဒါဟာ အမျိုးသားရေးကိစ္စဖြစ်ပြီးတော့ EPA လို ပြည်ထောင်စုအဆင့် ဌာနတွေမှာ တာဝန်ရှိပါတယ်။ သူတို့အဖွဲ့တွေနဲ့ ဗဟိုအစိုးရအဖွဲ့တွေက ဒီပြဿနာတွေပေါ်မှာ ကောင်းကောင်းဖြေရှင်းပေးခြင်း မရှိခဲ့ပါဘူး။` `အသေဇုံ လျှော့ချရေးလုပ်ဆောင်နိုင်ဖို့အတွက် ကျွန်တော်တို့မှာ လုပ်ထုံးလုပ်နည်းဥပဒေတွေလိုအပ်ပါ တယ်။` လို့ မက်ရိုတာက ပြောပါတယ်။ `EPA ရဲ့ ချီတုံချတုံလုပ်နေတာတွေကြောင့် မက္ကဆီကို ပင်လယ်ကွေ့ရဲ့ ဂေဟဗေဒစံနစ်နဲ့ စီးပွားရေးလုပ်ငန်း တွေ အများကြီး ထိခိုက်နစ်နာခဲ့ရပါပြီ။ EPA အနေနဲ့ အကောင်းဆုံးလုပ်ပေးနိုင်မှာက မစ္စစပီရေဝေဒေသတွင်းကနေ ညစ်ညမ်းပစ္စည်းတွေ စွန့်ပစ်မှုကို အတိုင်းအတာအကန့်အသတ်နဲ့ စွန့်ပစ်ဖို့သာ ခွင့်ပြုရမှာဖြစ်ပါတယ်။ ဒါမှသာ ငါးတွေနဲ့ ငါးဖမ်းလုပ်ငန်းတွေ ပြန်ပြီး နာလံထူနိုင်မှာပါ။` သုတေသီဂိုးလ်စတိန်းကလည်း ပင်လယ်တွင်း ပလတ်စတစ်အမှိုက်များတိုးတက်များပြားလာခြင်းက တကမ္ဘာလုံးရဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ဂေဟစံနစ်ကို အလွန်ထိခိုက်ပျက်စီးစေကြောင်း လူအများသိရှိနားလည် စေချင်တယ် လို့ ဆိုပါတယ်။ `အရင်က ဘာမှ မရှိတဲ့နေရာတွေကိုတောင် ပလတ်စတစ်တွေရောက်နေတယ်ဆိုတာ မှော်အတတ်နဲ့ လုပ်လိုက်တာမဟုတ်ပါဘူး။ မျှော်လင့်မထားတဲ့ အကျိုးဆက်တွေနဲ့ မကြုံတွေ့ရစေဖို့ ကျွန်မတို့မှာ ဖြေရှင်းစရာ နည်းလမ်းတွေလည်း ရှိပါတယ်။ အခုဆိုရင် ကျွန်မတို့ ခေတ်သစ်လူ့အဖွဲ့အစည်းရဲ့ ဘေးထွက်ဆိုးကျိုး အနေနဲ့ အသုံးပြုခဲ့တဲ့နေရာနဲ့ မိုင်ပေါင်းထောင်ချီဝေးကွာတဲ့ သမုဒ္ဒရာထဲမှာ ပလတ်စတစ်တွေ မျောလွင့်နေပါတယ်။ အခုအချိန်အထိ ပင်လယ်ထဲက ပလတ်စတစ်အမှိုက်တွေကို ရှင်းလင်းပစ်ဖို့ ကျွန်မတို့ ဘာမှမလုပ်ကြသေးပါဘူး။ အနာဂတ်မှာတော့ လုပ်ဆောင်လာနိုင်မယ်လို့ ကျွန်မမျှော်လင့်ပါတယ်။`လို့ ဂိုးလ်စတိန်းက ပြောပါတယ်။ Source: Al Jazeera

Friday, June 8, 2012

စွန့်စွန့်စားစားဘဝများ (သတင်းမှတ်တမ်း)

တာဂျာပါရူးမြစ်ဟာ ဘရာဇီးမြောက်ပိုင်း အမေဇုံဒေသမှာရှိပြီးတော့ အင်မတန်ကျဉ်းမြောင်းတဲ့ မြစ်ဖြစ်ပါတယ်။ အဲဒီမှာ ထူးခြားတဲ့ အရောင်းအဝယ်လုပ်ငန်းတစ်ခုရှိတယ်။
ကမ်းခြေနားကနေ ခရီးသည်တင် လှေတွေ ဖြတ်သန်းခုတ်မောင်း သွားတဲ့အခါ ကနူးလှေငယ်လေးတွေအတွက် အရောင်းအဝယ် လုပ်လို့ရပါပြီ။
မြစ်ထဲသွားလာနေတဲ့ သင်္ဘောတွေကြားမှာ ကူးချည်၊ သန်းချည်လုပ်ပြီးတော့ ကလေးတွေအလုပ်လုပ်နေတာကို တွေ့ရပါလိမ့် မယ်။ သူတို့ရဲ့အောက်တည့်တည့်မှာတော့ အရှိန်နဲ့ ခုတ်နေတဲ့ သင်္ဘောဒလက်ရှိလေရဲ့ ။
အချို၊ ချဉ်စားဖွယ်လေးတွေနဲ့ ယိုမျိုးစုံတို့ကို ငွေစကြေးစလေး အနည်းငယ်အတွက် အဲဒီလို သက်စွန့်ဆံဖျားလုပ်နေတဲ့အထဲမှာ အသက် ၁၄ ရှိတဲ့ ဂျက်ဆီနဲ့ အသက် ၁၁ ရှိတဲ့ လီဆက်တီတို့လည်းပါတယ်။

“သတိထား … ။ အရှေ့ကိုတက်လာခဲ့ … ။ ဒီလမ်းအတိုင်း .. ။ ကြိုးကို ဒီဘက်မှာတင်လိုက်။
ဂယက်က ကြီးတယ်။ လှေမှောက်သွားမယ်။ လှေကို အမြုပ်မခံနိုင်ဘူး။” ဒီအသံတွေကတော့ အရှိန်နဲ့ခုတ်မောင်းနေတဲ့
သင်္ဘောနံဘေးမှာ ကပ်လိုက်နေတဲ့ လှေထဲက ကလေးတစ်ယောက်ရဲ့ အော်ဟစ်ပြောဆိုနေကျအသံတွေပါ။

အဲဒီသင်္ဘောတွေပေါ်မှာ ရောင်းအကောင်းဆုံး ပစ္စည်းကတော့ အဲဒီမြစ်အနီးတစ်ဝိုက်မှာသာပေါက်ရောက်လေ့ရှိတဲ့ အင်ဂက်စ်လို့ ခေါ်တဲ့ ဒေသထွက် အသီးတစ်မျိုးပါ။ သင်္ဘောပေါ်ကလူတွေ အများဆုံးဝယ်ကြပါတယ်။
ဒါပေမယ့် ဒီအသီးကို သွားခူးဆွတ်ရတာလည်း အန္တရာယ်များတဲ့ အလုပ်ပါပဲ။ မီတာ ၃၀ လောက်မြင့်တဲ့ အချို့အပင်တွေရဲ့ ထိပ်မှာပဲတွေ့ရတတ်တယ်။ အင်ဂက်စ်လေးလုံးကို ၀.၂၅ ဒေါ်လာနဲ့ညီမျှတဲ့ ဘရာဇီးငွေ ၁ ရီရယ်နဲ့ရောင်းတယ်။

တစ်ဒါဇင်လောက်ရှိတဲ့ ကနူးလှေငယ်လေးတွေ ဘွန်ဂျီးဆပ် (Bom Jesus) လို့ခေါ်တဲ့ သင်္ဘောဘေးမှာကြိုးတွေနဲ့ တွယ်ကပ် ထားကြတယ်။ သင်္ဘောရဲ့ ကပ္ပတိန် ဆန်းတို့စ်ကတော့ အရှိန်ကို ပုံမှန်အတိုင်းပဲ ဆက်ခုတ်နေတယ်။
သူ့သင်္ဘောပေါ်မှာ ဒီလိုနည်းနဲ့ ဈေးတက်ရောင်းတဲ့ ကလေးတွေအတွက် သူစိတ်တော့ပူမိတယ်။ ဘရာဇီးဥပဒေအရ မြစ်တွင်း မတော်တဆဖြစ်မှုတွေမှာ ကပ္ပတိန်က တာဝန်ရှိတယ်။

“ဒီအလုပ်လုပ်တဲ့ ကလေးတွေရဲ့ နာမည်တွေအားလုံးစာရင်းပြုစုထားရတယ်။ အခုတလော ပိုများလာသလိုပဲ။
အသက် ၆ နှစ်တောင်မရှိသေးတဲ့ ကလေးတွေများလာတယ်။”
“တာဝန်ရှိသူတွေကို သူတို့အကြောင်းပြောပြထားရတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့လုပ်တဲ့ပုံက အန္တရာယ်
သိပ်ကြီးတယ်။ အထူးသဖြင့် ညအချိန်တွေဆိုရင်ပေါ့ဗျာ။ ညဘက် ဒီလိုဈေးလာမရောင်းဖို့မှာထားရတယ် ။
နေ့ဘက်ဒီလိုလုပ်တာ ကိစ္စမရှိဘူး။ ”

ကလေး ၁၂ ယောက်မှာ အငယ်ဆုံးဖြစ်တဲ့ ဂျက်ဆီက သူ့အိမ်အတွက်အနည်းငယ်မျှ အထောက်အပံ့ဖြစ်စေမယ့် သုံးဒေါ်လာခွဲ ရှာသွားပေးတယ်။ မိသားစုကလည်း လူကြီး ၁၂ ယောက် ကလေး ၁၆ ယောက်ရှိတယ်။ ခြေတံရှည်အိမ်နဲ့နေကြတယ်။ ဒါကတော့ မြစ်ပတ်ဝန်းကျင်မှာ လည်ပတ်လှုပ်ရှားနေတဲ့ ဘဝတွေပဲ။

ဂျက်ဆီရဲ့ အမေဖြစ်သူ ဘန်းနက်ဒစ်တာက မြစ်ထဲမှာ အလုပ်သွားဖို့ ဂျက်ဆီကို မနက်တိုင်းနှိုးတယ်။ သူက အသက် ၆၀ နီးပြီ။
ဘန်းနက်ဒီကာက မထူးဆန်းသလိုလို ပုံစံမျိုးနဲ့ အေးအေးဆေးဆေးပဲပြောပြတယ်။

“ယောင်္ကျားက အလုပ်မလုပ်နိုင်အောင်အသက်ကြီးသွားပြီလေ … ။ တစ်ခါတစ်လေများ အိပ်ယာကနိုးလာတဲ့ အချိန်ကနေ တစ်နေ့လုံးစားစရာမရှိတဲ့ ရက်တွေရှိတယ်။”
“နောက်နေ့တော့ စားဖို့တစ်ခုခုရှိမှာပဲလို့ မျှော်လင့်နေရတယ်။ ဒီမှာက ဒီလိုပဲလေ ။ တစ်ခါတစ်လေ စားရတယ်။ တစ်ခါတစ်လေ မစားရဘူး။”

ဂျက်ဆီကာရဲ့အဖိုးက ပေါ်တူဂီကနေလာပြီး ဒီမှာအခြေချခဲ့တာပါ။ ရော်ဘာလုပ်ငန်းတွေ ခေတ်ကောင်းစဉ်ပေါ့။ နောက်တော့ သစ်လုပ်ငန်းတွေချဲ့ထွင်လာကြတယ်။ အမေဇုံရေဝေဒေသမှာ မြစ်ချောင်းတွေက အရာရာအတွက် အသက်သွေးကြောတွေပဲ။
ရေစီးကတော့ အမြဲတစ်ဖက်ပဲစီးတယ်။ ပြီးတော့ ဒီရေစီးကပဲ လူတွေ၊ ကုန်သွယ်ရေးတွေရဲ့ စီးဆင်းမှုလည်းဖြစ်တယ်။
ဘတ်စ်ကားတွေ၊ ရထားတွေ၊ ဓါတ်ရထားတွေဘာမှမရှိဘူး။ ဆွဲသင်္ဘောကြီးတွေပဲ အဓိကသယ်ပို့ ယာဉ်တွေဖြစ်ပါတယ်။

ခရီးသည်တင် သင်္ဘောတွေဟာ တန်ချိန် ၁,၅၀၀ လောက်လေးပြီးတော့ တစ်နာရီကို ကီလို ၃၀ လောက်နဲ့ ခုတ်မောင်းနေတာပါ။ ဒီလိုခုတ်မောင်းနေတဲ့ သင်္ဘောပေါ်ကို တက်ရောက်နိုင်ဖို့ မလွယ်ပါဘူး။ ဒါပေမယ့် ဂျက်ဆီကတော့ ဘယ်နေရာကနေတက်ရင် အန္တရာယ်အကင်းဆုံးလဲဆိုတာ သိတယ်။ ရှေ့ဦးပိုင်းဘေးကနေ လှေကိုကပ်ပြီးတွယ်တက်ရင် အန္တရာယ်ကင်းပါတယ်။
နောက်ပိုင်းကဆိုရင်သင်္ဘောဒလက်ကရိုက်ထုတ်လိုက်တဲ့ ဂယက်တွေရှိတဲ့ အတွက် အန္တရာယ်များတယ်။

ကုန်တင်လှေတွေနဲ့ ဆွဲလှေကြီးတွေကတော့ သူတို့အတွက် သဘောအဆိုးဆုံးပါပဲ။ သင်္ဘောသားတွေက သူတို့သင်္ဘောပေါ်ကို ကလေး တွေအခုလို တွယ်တက်ဈေးရောင်းတာ မကြိုက်ဘူး။ ဒါပေမယ့် အဲဒီလိုသဘောဆိုးတဲ့ သင်္ဘောသားတွေမှာလည်း အကြောင်းပြချက်ကောင်းကောင်းရှိနေတယ်။ ဒီမြစ်ထဲမှာပဲ သင်္ဘောဓါးပြတိုက်ခံရမှုတွေ နောက်ပိုင်းတိုးပွားလာနေတယ်။
ဘန်ဒစ်ဆိုတဲ့ လူငယ်တစ်ဦး ဒီလိုပဲ ကနူးလှေကလေးကို အသုံးပြုပြီး ကုန်သည်လှေသင်္ဘောဦးကနေညအချိန်တွယ်တက် ခဲ့တယ်။

တစ်နေ့တော့ ဂျက်ဆီဟာ လုယက်ဖို့ကြိုးစားလို့ ဆွဲသင်္ဘောတစ်စီးရဲ့ ကပ္ပတိန်ကနေပြီးတော့ သေနတ်နဲ့ပစ်သတ်ခဲ့တယ်။ သူ့အစ်ကို ကလော်ဒီယိုလည်း ဂျက်ဆီကိုဘယ်လိုမှ မကယ်တင်နိုင်ခဲ့ဘူး ။

ဘာပဲဖြစ်ဖြစ်လေ … သူတို့ရဲ့ဘဝတွေ၊ သူတို့ရဲ့ အသက်မွေးလုပ်ငန်းဖြစ်တဲ့ ကနူးလှေသေးသေးလေးတွေနဲ့ ကီလိုမီတာ ၃၀ လောက်ခုတ်မောင်းနေတဲ့ သင်္ဘောတွေအနားကို ကပ်ပြီး သက်စွန့်ဆံဖျားဈေးလိုက်ရောင်းစားနေရတဲ့ အဖြစ်တွေလည်း ရှိနေ ဦးမှာပါ။ ဒီမြစ်ချောင်းကမ်းနားဘေးက ကလေးတွေရဲ့ ဘဝမှာတော့ဘာမှ အပြောင်းအလဲမရှိပါဘူး ။

Source: Al Jazeera (Risking it all)

Tuesday, December 20, 2011

ကင်ဂျုံအီလ်ကို ဆက်ခံမည့်သူ


အသက် ၆၉ နှစ်အရွယ်မှာ ကင်ဂျုံအီလ်ကွယ်လွန်သွားတဲ့နောက် သူ့အရိုက်အရာကို ဆက်ခံမယ့် ကင်မျိုးဆက်အဖြစ် သားအငယ်ဆုံးဖြစ်တဲ့ ကင်ဂျုံအန်က သတင်းပြေးနေပါတယ်။ သူ့အဖေထက်စာရင် သူ့ကိုလူသိနည်းပြီး ပဟေဋ္ဌိဆန် တဲ့ လူငယ်လေးတစ်ဦးဖြစ်ပါတယ်။

စနေနေ့က ဖခင်ဖြစ်သူ ကင်ဂျုံအီလ်သေဆုံးသွားပြီဖြစ်တဲ့အကြောင်း နိုင်ငံပိုင်ရုပ်သံကနေကြေငြာပြီးတဲ့ အခါမှာတော့ သားဖြစ်သူ ကင်ဂျုံအန်အပေါ် ဆက်လက်ပြီးသစ္စာခံဖို့ တနင်္လာနေ့မှာပဲ ရုပ်သံက လူထုကိုတိုက်တွန်းပြောကြားလိုက် ပါတယ်။
အငယ်ဆုံးသားဖြစ်သူ ကင်ဂျုံအန်ဟာ သူ့ဘဝတစ်လျှောက်လုံး လူမသိ၊ သူမသိနေထိုင်ခဲ့ပြီးတော့ ကင်ဂျုံအီလ် တစ်ယောက်၂၀၀၈ သြဂုတ်လမှာ လေဖြတ်ဝေဒနာခံစားရပြီးနောက်ပိုင်းကျမှ ဖခင်ဖြစ်သူ ကင်ဂျုံအီလ်ကိုယ်တိုင်က သူ့အရိုက်အရာကိုဆက်ခံမယ့် သားအဖြစ်ရှေ့တန်းကိုပို့ ဆောင်ပြီးနေရာပေးမယ့် အစီအစဉ်တွေကို မြန်မြန်ဆန် ဆန် ဆောင်ရွက်လာခဲ့ပါတယ်။

၂၀၁၀ စက်တင်ဘာလမှာတော့ ကင်ဂျုံအန်ကို ကြယ်လေးပွင့်အဆင့်ဗိုလ်ချုပ်ရာထူးနဲ့ ပါတီတွင်း အကြီးတန်းရာထူး တွေပေးအပ်ခဲ့ပါတယ်။ ဒါပေမယ့် ကင်ဂျုံအန်မှာ စစ်ရေးအတွေ့အကြုံလုံးဝမရှိပါဘူး။ အဲဒီနောက်မှာတော့ နိုင်ငံပိုင် သတင်းတွေမှာ သူ့ရဲ့အရွယ်ရောက်နေတဲ့ရုပ်ပုံတွေကို ပထမဦးဆုံးအကြိမ်အဖြစ်မြင်တွေ့ကြရပါတယ်။ မော်စီတုန်းပုံစံဝတ်စုံကိုဝတ်ပြီး ဝဝဖိုင့်ဖိုင့်ကိုယ်လုံးကိုယ်ပေါက်နဲ့ ကင်ဂျုံအန်ကို ကွန်မြူနစ်ပါတီထိပ်တန်းအရာရှိတွေ နဲ့အတူထိုင်နေတာကို တွေ့ကြရပါတယ်။

ဒီလိုအနေအထားမျိုးတွေနဲ့အတူ ကင်ဂျုံအီလ်ကို သူ့ဖခင်ဘေးမှာ အမြဲတစေတွေ့ရပြီး နိုင်ငံရေးရာကိစ္စတွေမှာလည်း ထဲထဲဝင်ဝင်ပါဝင်ပတ်သက်လာတာတွေ့ရပါတယ်။ မြောက်ကိုရီးယားဝါဒဖြန့်ယန္တယားတွေကလည်း ၁၉၉၄ မှာ ကွယ်လွန်သွားပြီး နိုင်ငံတော်တည်ထောင်သူ ထာဝရခေါင်းဆောင်အဖြစ်သတ်မှတ်ထားတဲ့ အဖိုးဖြစ်သူ ကင်အီလ်ဆန်း၊ သူ့ကိုဆက်ခံတဲ့ အဖေဖြစ်သူကင်ဂျုံအီလ်တို့အပေါ် လူထုရဲ့ကိုးကွယ်ဆည်းကပ်မှုတွေကိုအခုဆက်ခံ မယ့် ကင်ဂျုံအန်ဆီကိုပါ ဆက်လက် သယ်ဆောင်နိုင်ဖို့ ဝါဒဖြန့်မြဲဖြန့်နေကြပါတယ်။

မြောက်ကိုရီးယားအစိုးရသတင်းဌာနတွေက ကင်ဂျုံအန်ကို ဖခင်အရိုက်အရာကို “ဆက်ခံသူ” အဖြစ် တနင်္လာနေ့က ကြေငြာခဲ့ပါတယ်။ မြောက်ကိုရီးယား ရေပေါ်ဆီအုပ်ချုပ်ရေးလူတန်းစားက ကင်ဂျုံအန်ဆီကို အာဏာလွှဲပြောင်းပေး ဖို့ အားလုံးအစီအစဉ်တကျစီမံထားပြီးပြီဆိုတာ သိသာပါတယ်။

“ကင်အီလ်ဆန်က စခဲ့တဲ့တော်လှန်ရေးကို ကင်ဂျုံအီလ်က ဆက်လက်ပြီးအောင်မြင်အောင် ဆောင်ရွက်ခဲ့တယ်။ အဲဒါကို ကင်ဂျုံအန်က လက်ဆင့်ကမ်းပြီးဆက်လက်သယ်ဆောင်သွားရာမှာ အကောင်းဆုံးဦးဆောင်မှုပေးပြီး သွားနိုင်ပါလိမ့်မယ်။” ဟု အစိုးရသတင်းဌာနက ကြေငြာသွားခဲ့ပါတယ်။

သို့သော် အဖေမှသားသို့ အာဏာလက်ဆင့်ကမ်းအမွေလွှဲပြောင်းပေးသော ကမ္ဘာ့တစ်ခုတည်းသော ကွန်မြူနစ်စံနစ် တွင် မည်သို့မည်ပုံအာဏာလွှဲပြောင်းပေးခဲ့ကြသည်ကိုမူ အသေအချာသိရှိသူ နည်းပါတယ်။
နိုင်ငံရေးမှာ တရားဝင်ရာထူးများရယူထားခြင်းမရှိပေမယ့် ကင်ဂျုံအီလ်ပြီးရင် ဒုတိယမြောက်ခေါင်းဆောင် အဖြစ်ထင်ရှားတဲ့ ကင်ဂျုံအီလ်ရဲ့ တစ်ဦးတည်းသော ညီမဖြစ်သူ ကင်ကျုံဟူနဲ့ သူမခင်ပွန်း ဂျန်ဆောင်သက် တို့က ကင်ဂျုံအန်ရဲ့ နောက်ကွယ်ကနေပြီး နိုင်ငံရေးအရသြဇာညောင်းမည့်သူများနဲ့ သူ့ကိုလမ်းညွှန်မည့်သူများဖြစ် လာမှာပါ။

နျူကလီးယားလက်ဝယ်ပိုင်ထားတဲ့မြောက်ကိုရီးယားမှာ ကင်ဂျုံအီလ်ဆုံးပါးသွားပြီး သားဖြစ်သူကင်ဂျုံအန် ငယ်ငယ် ရွယ်ရွယ်နဲ့ ခေါင်းဆောင်ဖြစ်လာတဲ့ အတွက် ချက်ခြင်းဆိုသလိုမတည်မငြိမ်ဖြစ်လာလိမ့်မယ်လို့တော့ ဘယ်သူကမှ မထင်ကြပါဘူး ။ ဒါပေမယ့် ရေရှည်မှာတော့ ဘာတွေဖြစ်လာဦးမယ်ဆိုတာလည်း ဘယ်သူမှ မသိနိုင်ပါဘူး။

“ မြောက်ကိုရီးယားရဲ့ သြဇာအာဏာကြီးတဲ့ အထက်တန်းလွှာအုပ်စုကတော့ ဒီစံနစ်ကိုပဲ ဆက်လက်တည် မြဲနေအောင် အားစိုက်ထုတ်နေခဲ့ကြပြီး သူတို့ရဲ့စည်းစိမ်၊ သြဇာ၊ စံနစ်တွေ ဆက်လက်လည်ပတ်နေဖို့အတွက် ကင်ဂျုံအန်ကို နေရာပေးကြမှာပါ။” ဝါရှင်တန်မှာရှိတဲ့ Heritage Foundation က အရှေ့မြောက်အာရှရေးရာကျွမ်း ကျင်သူ ဘရုစ်ကလင်နာက ဆိုပါတယ်။

သားဖြစ်သူ ကင်ဂျုံအန်ဟာ အတွေ့အကြုံနုနယ်ရုံသာမက ကိုယ်ပိုင်သြဇာအာဏာတည်ဆောက်ထားနိုင်တဲ့အရည် အချင်းလည်းမရှိသေးတာကြောင့် ကင်ဂျုံအီလ်ဟာ သူမရှိတဲ့နောက်ပိုင်း သူ့သားကင်ဂျုံအန်အာဏာဆက်ခံနိုင်ရေးမှာ အဟန့်အတားသဖွယ်ဖြစ်နိုင်တဲ့ ထိပ်တန်းခေါင်းဆောင်တွေကို ရာထူးတွေကနေဖယ်ရှားထားပစ်ခဲ့ပါတယ်။
“ထိပ်တန်းခေါင်းဆောင်တွေက အတွေ့အကြုံမရှိတဲ့ခေါင်းဆောင်တစ်ယောက်ကြောင့် ပြည်ပနိုင်ငံတွေက ပေးလာမယ့် ခြိမ်းခြောက်မှုတွေကြောင့် ပြည်တွင်းရေးမငြိမ်မသက်ဖြစ်မှာစိုးရိမ်ကြပါတယ်။ အကြီးတန်းအစိုးရအရာရှိ တွေ၊ ခေါင်းဆောင်တွေက ကင်ဂျုံအန်ရဲ့ အားနည်းချက်တွေကို ထောက်ပြီးအာဏာဆက်ခံရေးမှာ ဝင်ရောက်နှောက် ယှက်နိုင်ပါတယ်။” လို့ကလင်နာက ပြောပါတယ်။

ကင်ဂျုံအန်ဟာ ဆွစ်ဇာလန်နိုင်ငံမှာသွားရောက်ပညာသင်ကြားခဲ့ပြီး သူ့အတွက် ဂျပန်ဆူရှီလုပ်ပေးရတဲ့ ဂျပန်စားတော်ကဲ ခန်းဂျီး ဖူဂျီမိုတိုက“ မျက်နှာကျ၊ ကိုယ်ဟန်အနေအထား၊ ဥပဓိရုပ်ရည်လက္ခဏာက သူ့အဖေ ကင်ဂျုံအီလ်နဲ့ တစ်ပုံတည်း ရိုက်သွင်းထားသလိုပါပဲ။”လို့ ပြန်ပြောင်းပြောဆိုခဲ့ဖူးပါတယ်။

၂၀၀၉ ခုနှစ်လောက်ကစပြီး ကင်ဂျုံအန်ဟာ တောင်ကိုရီးယားသတင်းတွေမှာ မကြာခဏပါဝင်လာပြီးတော့ သူ့အဖေ အရိုက်အရာကိုဆက်ခံမယ့်သားအဖြစ် ထင်မြင်ယူဆချက်တွေက ရှိနေခဲ့ပါတယ်။

သူ့ရဲ့စရိုက်လက္ခဏာကို ဘယ်သူမှအသေအချာမသိကြပေမယ့် သူ့အဖေနဲ့ ဆိုက်တူ၊ ဂိုက်တူဖြစ်လိမ့်မယ်လို့တော့ ကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။
“ဂျုံအန်ဟာ စိတ်ဓါတ်ခက်ထန်တဲ့၊ သွေးအေးရက်စက်တတ်တဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်လာမယ့် လူ လို့ ထင်မြင်နေကြပါတယ်။ သူ့မှာ ခေါင်းဆောင်ဥပဓိရုပ်တော့ အပြည့်အဝရှိပါတယ်။” အာဏာဆက်ခံခြင်းကိစ္စရပ် တွေမှာကျွမ်းကျင်တဲ့ ဆီဂျွန်ကျောင်းက ဝေဖန်ရေးသမား ချောင်ဆောင်ချန်းက AFP သတင်းကိုပြောပြခြင်းဖြစ်ပါ တယ်။
“၂၀၁၀ နွေရာသီလောက်ကစပြီး ကင်ဂျုံအန်ဟာ နိုင်ငံခြားရေးကိစ္စရပ်တွေ၊ ပြည်တွင်းရေးကိစ္စရပ်တွေမှာ သူ့အဖေ ကင်ဂျုံအီလ်နဲ့ အာဏာတန်းတူပါဝင်လာပြီးတော့ နိုင်ငံရေးမှာ လွှမ်းမိုးနိုင်အောင် အားထုတ်လာခဲ့ပါတယ်။”

လွန်ခဲ့တဲ့နှစ်က ကင်ဂျုံအီလ်ကျန်းမာရေးချို့တဲ့လာတဲ့အချိန်ကစပြီးတော့ ကင်ဂျုံအန်ကို သွားလေရာတကောက် ကောက်ခေါ်ဆောင်သွားပြီးတော့ အရေးကြီးတဲ့ နိုင်ငံရေးဆိုင်ရာ မူဝါဒချမှတ်ဆုံးဖြတ်တဲ့နေရာတွေမှာ ပါဝင်စေပြီး အာဏာလွှဲပြောင်းပေးရေးလုပ်ငန်းစဉ်ပိုမြန်ဆန်လာအောင် အရှိန်မြှင့်ခဲ့ပါတယ်။

အချို့ကလည်း ဒုတိယသားဖြစ်တဲ့ ကင်ဂျုံချူလ်ကို အာဏာလွှဲပြောင်းပေးလိမ့်မယ်လို့ ယူဆကြတယ်။ ဒါပေမယ့် ဖူဂျီမိုတိုက သူမှတ်မိသလောက်ဆိုရင် ကင်ဂျုံအီလ်ဟာ ကင်ဂျုံချူလ်ကို ပျော့ညံ့ပြီး မိန်းမဆန်တယ်လို့ ထင်တဲ့ အကြောင်း၊ ခေါင်းဆောင်တစ်ယောက်အဖြစ် မသင့်တော်ဘူးလို့ထင်တဲ့အကြောင်းပြောပါတယ်။
အကြီးဆုံးသား ကင်ဂျုံနမ်ဟာလည်း ၂၀၀၁ ခုနှစ်တုန်းက ဂျပန်နိုင်ငံဒစ္စနေလန်းကို သွားချင်လွန်းလို့ ပတ်စ်ပို့အတု လုပ်ပြီး သွားခဲ့ရာမှာ မိသွားလို့ပြန်အပို့ခံခဲ့ရပြီးတဲ့နောက်ပိုင်း သူ့ရဲ့သိက္ခာကျဆင်းပြီး နိုင်ငံရေးအလားအလာတွေပျက်စီးသွား ခဲ့ရပါတယ်။

ဂျုံအန်ကိုတော့ ကင်ဂျုံအီလ်ရဲ့ တတိယဇနီးသည်က မွေးတာပါ။ ဂျပန်မှာမွေးတဲံ ကိုရီးယားတိုင်းရင်းသူ အကမယ် ကိုယောင်ဟီဖြစ်ပါတယ် ၂၀၀၄ ခုနှစ် အတွင်းက ရင်သားကင်ဆာနဲ့သေဆုံးသွားခဲ့တယ်လို့ ယူဆရပါတယ်။ ကင်ဂျုံအီဟာလည်း ဆွစ်ဇာလန်နိုင်ငံမှာ နာမည်အတုနဲ့ သွားရောက်ပညာသင်ကြားခဲ့တယ်လို့ ယူဆကြပါတယ်။

သတင်းစာတွေမှာတော့ ကင်ဂျုံအီလ်ဟာ ဆွစ်ဇာလန်မှာကျောင်းတက်နေတုန်းက ဘတ်စကက်ဘောကစားခြင်းနဲ့ စကိတ်စီးခြင်းကို နှစ်သက်ပြီး ရှက်တတ်တဲ့ကောင်လေးတစ်ယောက်အဖြစ် ကျောင်းဝန်ထမ်းများနဲ့ အတန်းဖေါ်များက သိထားတဲ့အကြောင်း ၊ ဟောလိဝုဒ်သရုပ်ဆောင် ဂျင်းကလော်ဒီဗန်ဒိန်းကို သဘောကျတဲ့ အကြောင်းရေးသားကြ ပါတယ်။

Source: Al Jazeera

Tuesday, July 5, 2011

ပါကစ္စတန်နှင့် ရေဘေးဒုက္ခ (သတင်းဆောင်းပါး)


လွန်ခဲ့သော နွေရာသီက ပြင်းထန်သော မုတ်သုံရာသီ မိုးကြောင့် ပါကစ္စတန်တစ်လွှား ရေလွှမ်းမိုးမှုများ အကြီးအကျယ် ဖြစ်ပွားခဲ့သည်။ လူပေါင်း သန်း ၂၀ခန့်အထိ ဒုက္ခရောက်ခဲ့ကြရသည်။ လူ ၂,၀၀၀ ခန့် သေဆုံးပြီး ၁.၅ သန်း အိုးမဲ့အိမ်မဲ့ ဖြစ်ကာ ၁၁သန်းကျော် ရွှေ့ပြောင်းခဲ့ရသည်။ 

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ပါကစ္စတန်ရှိ ရေဘေးသင့် ဒေသများသို့ သွားရောက်ခဲ့စဉ်က-

“ဒီလောက်ဆိုးရွားတဲ့ သဘာဝဘေးဒဏ်မျိုး ကမ္ဘာကြီးမှာ တစ်ခါမှ မမြင်ဖူးသေးဘူး။” ဟု ပြောကြားခဲ့သည်။

ဘေးလွတ်ရာ ပြောင်းရွှေ့ ခဲ့ရသော လူများလည်း ပြန်လာခဲ့ကြပြီး နေအိမ်များ ပြန်လည် ဆောက်လုပ်နေကြပြီဟု အစိုးရနှင့် ကုလ တာဝန်ရှိသူများက ဆိုသည်။ သို့သော် အချို့မှာမူ ပြန်လာစရာ နေရာမရှိဘဲ ယာယီ စခန်းချ၏ ပေးထားသော နေရာများမှာပင် ဆက်လက် နေထိုင်နေရကြောင်း၊ ပြန်လည် နေထိုင်ကြသူ များမှာလည်း နောက်တစ်ကြိမ်ထပ်မံ ပျက်စီးဆုံးရှုံးမည့် အရေးကိုတွေး၍ ကြောက်လန့် နေကြကြောင်း ဆိုသည်။ 

ပါကစ္စတန် အစိုးရနှင့် ကုလသမဂ္ဂက ယခုနှစ်တွင် မုတ်သုံရာသီမှာ ပုံမှန်ထက် တစ်ပတ်ခန့် စော၍ ကျရောက်မည် ဖြစ်ကြောင်း ရေကြီးခြင်း သတိပေးချက်များ ထုတ်ပြန် ကြေငြာခဲ့ပြီး ဖြစ်သည်။

ယခုနှစ် ကျရောက်မည့် ရေဘေးတွင် လူပေါင်း ၂.၇သန်းခန့်အထိ ဒုက္ခရောက်လိမ့်မည် ဖြစ်ကြောင်း ကုလသမဂ္ဂက တွက်ချက်ပြော ဆိုထားသည်။ ထို့ထက်ပို၍ ဆိုဝါးခဲ့မည်ဆိုလျှင် လူငါးသန်းခန့် အကူအညီ လိုအပ်လိမ့်မည် ဖြစ်ကြောင်း ဆို၏။

လွန်ခဲ့သောနှစ်က ရေးဘေးဒုက္ခ ခံစားခဲ့ရသော သူများမှာ ပြန်လည် အခြေတကျ မဖြစ်သေးမီမှာပင် အကြမ်းဖက်မှုများနှင့် စစ်ဆင်ရေးများကြောင့် နိုင်ငံ၏ အနောက်မြောက်ဘက်တွင် နောက်ထပ် လူပေါင်း သန်းနှင့်ချီ၍ ရွှေ့ပြောင်းခဲ့ရပြန်သည်။ ယင်းဒေသများတွင် သောင်းကျန်းသူများ တည်ရှိနေခြင်းကြောင့် အစိုးရ သြဇာအာဏာလည်း လွှမ်းမိုးနိုင်ခြင်း မရှိပေ။

တိုင်းပြည် စီးပွားရေးလည်း အလွန်ဆိုးဝါးစွာ ထိခိုက်လျက်ရှိရာ အဖွဲ့အစည်း အသီးသီး၌ တင်ရှိနေသော အကြွေး ၅၉ ဘီလီယံ ဒေါ်လာရှိနေသည်။ ထို့ကြောင့် သဘာဝ ဘေးဒဏ်များ၊ စစ်ဘေးဒဏ်များကြောင့် ဒုက္ခရောက်နေသူများကို အကူအညီ ပေးရေး လုပ်ငန်းများလည်း ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခြင်း မရှိဟု ဆိုလျှင်မှားမည်မထင်။ 

“ပါကစ္စတန်က သဘာဝ ဘေးဒဏ်နဲ့ ခွဲခြားလို့မရတဲ့ တိုင်းပြည် ဖြစ်နေတယ်။ နိုင်ငံရဲ့ တောင်နဲ့မြောက်ကို ပြတ်ရွေ့ ကြောင်းကြီးက ကန့်လန့် ဖြတ်ထားတယ်။” လူသားချင်း စာနာထောက်ထား အကူအညီပေးရေး ပါကစ္စတန်ဆိုင်ရာ ကုလ ရုံးဥက္ကဋ္ဌ ဖြစ်သူ မန်နူယယ်လ်ဘက်စလာက ဆိုသည်။

လွန်ခဲ့သောနှစ်က အတိုင်းပင် မိုးရွာသွန်းပြီး ရေကြီးနှုန်း ကြီးမားမည် ဟုတော့ မထင်ရချေ။ အချို့ ဒေသများတွင် ပုံမှန်ထက် မိုးရွာသွန်းမှုနှုန်း ပိုနိုင်သည်မှလွဲ၍ ကျန်ဒေသများတွင် ပုံမှန်ထက် ၁၀% ခန့်လျော့နည်းမည်ဟု ပါကစ္စတန် မိုးဇလဌာန ကျွမ်းကျင်သူများက ခန့်မှန်းထားကြသည်။

“တစ်တိုင်းပြည်လုံး ရေလွှမ်းမိုးမယ်လို့တော့ ကျွန်တော်တို့ မမျှော်လင့်ပါဘူး။ နေရာအလိုက်ပဲ ရေလွှမ်းမိုးမှုတွေ ဖြစ်ပါလိမ့် မယ်။ ဒါပေမယ့် အတိအကျပြောရတော့ ခက်ပါသေးတယ်။ ကျွန်တော်တို့ စောင့်ကြည့်ရဦးမှာပါ။”


လွန်ခဲ့သောနှစ်က အကူအညီပေးရေး နှောင့်နှေးခဲ့သည့်အတွက် ပါကစ္စတန် အစိုးရကို အပြင်းအထန် ဝေဖန်ခဲ့ကြသည်။ တိုင်းပြည်တွင်း အရေးပေါ် အခြေအနေ ကြေငြာချက်ကိုမူ စောစောစီးစီး ထုတ်ပြန်မည် မဟုတ်ကြောင်း ဆိုသည်။ မနှစ်က တိုင်းပြည် ရေနစ်နေချိန်တွင် ပါကစ္စတန်သမ္မတ အာဆစ်အလီဇာဒါရီက ဥရောပသို့ ခရီးထွက်သွားခဲ့ပြီး သတင်းကင်မရာများ ရှေ့တွင် ပြုံးပြုံးရွှင်ရွှင် ဓါတ်ပုံ အရိုက်ခံနေသော ပုံများကို တွေ့မြင်ရသော ပါကစ္စတန် နိုင်ငံသားများ ဒေါသထွက်ခဲ့ကြသည်။ 

ရေဘေး ဒုက္ခသည်များအတွက် လတ်တလော လိုအပ်ချက်များ ဖြေရှင်းနိုင်ရန် လိုအပ်သော  ငွေကြေး ရှာဖွေစုဆောင်း မှုများလည်း ကုလသမဂ္ဂမှ ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိပေ။ ရေဘေး ကျရောက်ပြီး ၁၀ ရက်အတွင်း ကုလသမဂ္ဂမှ သုံးစွဲသော ငွေကြေးပမာဏမှာ ဒုက္ခသည် တစ်ဦးအတွက် ဒေါ်လာ ၃.၂၀ သာ သုံးစွဲခဲ့ပြီး ၂၀၁၁ ဟေတီငလျင်တွင် တစ်ဦးအတွက် ၄၉၅ ဒေါ်လာ သုံးစွဲခဲ့သည်။ 

“မနှစ်က ရေကြီးမှုကနေ ကျွန်တော်တို့ သင်ခန်းစာတွေ ရရှိခဲ့ပါတယ်။ ကျွန်တော်တို့ လူသားချင်း စာနာထောက်ထား အကူအညီပေးရေး အဖွဲ့တွေနဲ့ အစိုးရက ပိုကောင်းအောင် ပြင်ဆင်ထားရပါမယ်။”

ယခုနှစ်တွင် ဖေဖေါ်ဝါရီလ ကတည်းက စတင်၍ ပါကစ္စတန် အစိုးရ၊ ကုလနှင့် အခြား အကူအညီပေးရေး အဖွဲ့များ ပုံမှန် တွေ့ဆုံကြပြီး  ဖြစ်လာနိုင်သည့် အခြေအနေများနှင့် ပတ်သက်၍ အစီအစဉ်များ ရေးဆွဲကြလျက် ရှိသည်။ 

“ဖြစ်နိုင်ချေရှိတဲ့ အခြေအနေတွေကို ခန့်မှန်းသုံးသပ်ပြီး ကျွန်တော်တို့ အစီအစဉ်တွေ ရေးဆွဲနေပါတယ်။ အနီးစပ်ဆုံး ခန့်မှန်းထားတာကတော့ လူ ၂.၀၇သန်း လောက်ကို အကူအညီတွေ ပေးရလိမ့်မယ်။ ဒီထက် ပိုဆိုးလာရင်တော့ ၅သန်း အထိဖြစ်သွားနိုင်ပြီး တိရစ္ဆာန်တွေ ဆုံးရှုံးမယ်၊ ကျောင်းတွေ ပျက်စီးသွားမယ်၊ ပြီးတော့ နေရာရွှေ့ပြောင်းရလိမ့်မယ်။” ဟု ဘက်စလာက ပြောပြသည်။

ရေကြီးမှုဒဏ်ကြောင့် အပျက်အစီး ဖြစ်လာမည့် စာရင်းထဲများထဲတွင် စံချိန်မီ တည်ဆောက်မထားသော အဆောက်အဦများ၊ ခိုင်ခန့်မှု မရှိသော ရေကာတာများလည်း အပါအဝင်ဖြစ်သည်။ နိုင်ငံမြောက်နှင့် အနောက်ဘက်ရှိ တောင်တန်းဒေသများ အတွက်လည်း ကုလသမဂ္ဂက စိုးရိမ်ပူပန်သည်။ အထူးသဖြင့် ရေစီးပြင်းထန်သော ခိုင်ဘာပက် ထွန်းခွါဒေသတွင် အပျက်အစီး အလွန်ဆိုးရွားနိုင်သည်။ ဤဒေသကို သာမန်ထက် မိုးပိုမို ရွာသွန်းနိုင်သည့် ဒေသအဖြစ် တွက်ချက်ထားသည်။ 

“ရွှံ့မြေပြိုတွေ ပြိုကျပြီး တံတားတွေ၊ လမ်းတွေ၊ ရွာတွေကို ပိတ်ဆို့ ဖုံးလွှမ်းသွားနိုင်တယ်။” ဟု ဘက်စလာက ဆိုသည်။ 

“ဒီရာသီအတွက် တွက်ချက်ထားတဲ့ မိုးရေချိန်က သာမန်ထက် ၁၀% လျော့ကျနိုင်တယ်။ ဒါပေမယ့် ပန်ဂျပ်၊ ကက်ရှမီးယား၊ ခိုင်ဘာပက်ထွန်းခွါ ပြည်နယ်တွေမှာတော့ မိုးပိုနိုင်တယ်။” ဟု မိုးဇလဌာနမှ မာမွတ်က ပြောသည်။ 

“ပြီးခဲ့တဲ့နှစ်က အဲဒီဒေသတွေကို သောက်ရေ၊ ဆေးဝါးတွေ ရောက်ဖို့ ကျွန်တော်တို့ တော်တော် ခက်ခက်ခဲခဲ လုပ်ခဲ့ရတယ်။

သောက်သုံးရေ ထည့်ဖို့ကန်တွေ ကျွန်တော်တို့မှာ အလုံအလောက် မရှိဘူးလေ။ ဒီနှစ်တော့ အဲဒါကို ရှေ့တန်းတင် ဆောင်ရွက်နေပါ တယ်။” ဟု ဘက်စလာက ပြောသည်။

ပါကစ္စတန်ပြည်နယ် ငါးခုသို့ အကူအညီ ပေးရေး ပစ္စည်းများ ပို့ဆောင်ရေး အတွက် လုံခြုံရေး အခြေအနေ စိုးရိမ်ရကြောင်း အကူအညီ ပေးရေး အဖွဲ့များက ဆိုသည်။ ဘလိုချီစတန်၊ ခိုင်ဘာပက်ထွန်းခွါ၊ ဖာတာ၊ ဆစ်ဒ်နှင့် ပန်ဂျပ်ပြည်နယ်များတွင် လုံခြုံရေး အခြေအနေကြောင့် အကူအညီပေးမှုများ အလုံအလောက် မဆောင်ရွက်နိုင်ကြောင်း မုတ်သုံရာသီ ဘေးအန္တရာယ် ကယ်ဆယ်ရေး အဖွဲ့စုံမှ ပြောကြားခဲ့သည်။ 

“အဲဒီကို တိုက်ရိုက်သွားရင် ကျွန်တော်တို့ လုံခြုံရေးအတွက် စိတ်မချရပါဘူး။ ကျွန်တော်တို့နဲ့ အတူ ဒေသခံ လက်နက်ကိုင် အဖွဲ့အစည်းတွေ ဒါမှမဟုတ် စစ်တပ်ကနေ လိုက်ပါ စောင့်ရှောက်ပေးမှ ဖြစ်မှာပါ။” ဟု အကူအညီပေးရေး လုပ်သားတစ်ဦးက ဆိုသည်။


အကဲဖြတ် သုံးသပ်သူများနှင့် အကူအညီပေးရေး လုပ်သားများက အစိုးရအတွက် အချုပ်အခြာအာဏာ အပြည့်အဝ မပိုင်သော သူပုန်ဒေသများသို့ အကူအညီ ပေးရမည့်အရေး တွေးကာ စိုးရိမ် ပူပန်လျက်ရှိသည်။ အခါများစွာပင် ဒေသတွင်းရှိ သောင်းကျန်းသူ များက အကူအညီ ပေးဝေနေသော နေရာများသို့ ရောက်ရှိလာကာ သူတို့ ကိုယ်တိုင် ဝင်ရောက် လုပ်ကိုင်ကြလေ့ ရှိသည်။

ဒေါက်တာ မိုဟာမက်တာကီသည် ဆရာဝန် တစ်ဦးဖြစ်ပြီး Daily Times သတင်းစာတွင် ဆောင်းပါး ပုံမှန်ရေးနေသော စာရေးဆရာ တစ်ဦးလည်း ဖြစ်သည်။ ၂၀၀၅ခုနှစ် ငလျင် လှုပ်ခတ်ပြီးနောက် ဆရာဝန် အဖွဲ့တစ်ဖွဲ့နှင့် ဆေးဘက်ဆိုင်ရာ အကူအညီပေးရန် ခရီးထွက်ခွါခဲ့သည်။ 

သူက “ကျွန်တော် ပထမဆုံး တွေ့ရတဲ့ ဆေးရုံကားမှာ ‘Al-Rashid Trust’ လို့ ရေးထားတယ်။ ကားပေါ်မှာ စစ်ဗိုလ်တစ်ယောက် ပါသွားတာ တွေ့လိုက်ရတယ်။” Al-Rashid Trust သည် အယ်လ်ကေဒါနှင့် တာလီဘန်တို့ကို ငွေကြေး ထောက်ပံ့နေသည်ဟု သံသယရှိသဖြင့် ယင်းအဖွဲ့ကို ကုလသမဂ္ဂက ၂၀၀၁ အောက်တိုဘာလမှ စတင်၍ ပိတ်ဆို့အရေးယူမှု စာရင်းထဲတွင် ထည့်သွင်းထားခဲ့သည်။ Al-Rashid Trust အဖွဲ့သည် ကိုဆိုဗို စစ်သွေးကြွများနှင့် အဆက်အသွယ် ရှိကြောင်း ကုလသမဂ္ဂ ပိတ်ဆို့အရေးယူ ရေးကော်မီတီ၏ ဝက်ဆိုက်တွင် ဖေါ်ပြထားသည်။ 

“ခိုင်ဘာပက်ထွန်းခွါပြည်နယ်ထဲက ဘလာကော့ဒေသမှာ အကူအညီပေးရေးလုပ်ကိုင်ဆောင်ရွက်နေတဲ့ ဘာသာရေးနောက်ခံအဖွဲ့ တစ်ခု၊ နှစ်ခုတော့ရှိနိုင်တယ်။” ဟု တာကီက ပြောသည်။

ပါကစ္စတန် အနောက်မြောက်ဘက် အထူးသဖြင့် ဖာတာမှာ သောင်းကျန်းသူ အုပ်စုများ အခိုင်အမာ တည်ရှိနေသော ဒေသဖြစ်သည်။ ထို့ကြောင့် အကူအညီ လိုအပ်နေသော ဒေသများကို သူတို့အတွက် အသုံးချခံရမှုမှာ သေချာသလောက်ပင်။ 

“အစွန်းရောက် အဖွဲ့တွေ အများစုက ဟဇ္ဇဘိုလာတွေအတိုင်းပဲ။ လူမှုရေးလုပ်ငန်း နယ်ပယ်တွေ ထဲမှာ ဝင်ရောက်ပြီးတော့ အကူအညီ လိုအပ်နေတဲ့ ဒေသတွေကို အလွယ်တကူ ဝင်ရောက်ထိန်းချုပ်လို့ ရအောင် လုပ်လေ့ရှိတယ်။ ကျွန်တော်တို့ လူမှုရေး အဖွဲ့တွေ၊ ဘာသာရေး အဖွဲ့တွေကလည်း ဘာမှ မတတ်နိုင်ကြဘူးလေ။” တာကီက ပြောပြသည်။

“မနှစ်က ဆိုရင် အကူအညီတွေ အရမ်းလိုအပ်နေပြီးတော့ အကူအညီပေးရေး အဖွဲ့တွေဆီကို ကျွန်တော်တို့ အကူအညီ လှမ်းတောင်းတယ်။ အချို့ အကူအညီလာပေးဖို့ သဘောတူတယ်။ ဒါပေမယ့် နိုင်ငံရေး ရည်ရွယ်ချက် တွေပါတယ်။”

သို့သော် လွန်ခဲ့သောနှစ်က အကူအညီပေးရေး လုပ်ငန်းများတွင် ဘာသာရေး အုပ်စုများက ကောင်းစွာ ဆောင်ရွက် ပေးနိုင်ခဲ့ကြ သည်။ 

“ဘယ်သူတွေက လူသားချင်း စာနာမှုနဲ့ ကူညီကြသလဲ၊ ဘယ်သူတွေက နိုင်ငံရေး ရည်ရွယ်ချက်တွေနဲ့ ကူညီကြသလဲ ဆိုတာ ခွဲခြားဖို့က အစိုးရရဲ့အလုပ်ပါ။ ကုလသမဂ္ဂရဲ့အလုပ် မဟုတ်ပါဘူး။”

Source: Al Jazeera

Monday, July 4, 2011

ပြင်သစ်ရောက် တူနီးရှားဒုက္ခသည်များ (သတင်းဆောင်းပါး)

ပြင်သစ်သမ္မတဆာကိုဇီနှင့် တူနီးရှားသမ္မတဟောင်းဘင်အလီ

ပါရီမြို့ လမ်းများပေါ်တွင် ခိုလှုံခွင့် တောင်းခံနေသော တူနီးရှား ဒုက္ခသည်များ မရည်ရွယ်ပဲ ပြဿနာအတွင်း ကျရောက်သွား ခဲ့သည့်ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့လေသည်။ ယခုနှစ်ဦးပိုင်း၌ တူနီးရှားတွင် သမ္မတ ဇိုင်းအယ်လ် အဘီဒိုင်းဘင်အလီကို ဖြုတ်ချခဲ့သော လူထု အုံကြွမှုများနှင့်အတူ တိုင်းပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး အကြပ်အတည်းများကြောင့် ထောင်ပေါင်း များစွာသော တူနီးရှား ဒုက္ခသည်များ ထွက်ပြေး လာခဲ့ကြသည်။ ယင်းတို့ထဲမှ ဒုက္ခသည် ၆၀၀ခန့် ပြင်သစ်နိုင်ငံမြို့တော် ပါရီလမ်းမများ ပေါ်တွင် ရောက်ရှိလျက် ရှိကြသည်။ အများစုမှာ တူနီးရှား တောင်ပိုင်းဒေသမှ ဖြစ်ပြီး ပြင်သစ်အစိုးရနှင့် တူနီးရှား အာဏာပိုင်များက အကူအညီ ပေးမှုများ အလွန်နည်းပါးလျက် ရှိသေးသည်။ ပြင်သစ် အစိုးရက တူနီးရှား ဒုက္ခသည်များ အပေါ်တွင်လည်း သဘောထား တင်းတင်းမာမာ ထားရှိကာ တစ်နေရာပြီး တစ်နေရာ လိုက်လံ ဖမ်းဆီးလျက် ရှိသဖြင့် ရဲများနှင့် ဒုက္ခသည်များကြား လိုက်တမ်း ပြေးတမ်း ကစားနေ သကဲ့သို့ပင် ဖြစ်လေသည်။

တူနီးရှား တောင်ပိုင်းမှ ကာရင်အမည်ရှိ အသက် ၃၀ အရွယ် ဒုက္ခသည် တစ်ဦးက အီတလီကျွန်း တစ်ကျွန်း ဖြစ်သော လမ်ပါဒူဆာသို့ ဖေဖေါ်ဝါရီလ ၁၀ နေ့က သင်္ဘောဖြင့် ရောက်ရှိခဲ့ပြီး နောက် ၅ရက် အကြာတွင် ပါရီမြို့သို့  ရထားဖြင့် ရောက်ရှိလာခဲ့ရသော သူ့ခရီးစဉ် အတွေ့အကြုံများကို ပြောပြခဲ့သည်။ 

ပါရီသို့ ရောက်သည့် အချိန်မှစ၍ ညစဉ် အိပ်စက်ရန် နေရာကို တစ်နေရာပြီး တစ်နေရာ ရှာဖွေ အိပ်စက် ခဲ့ရကြောင်း ဆိုသည်။ 

“တကယ့်ကို စိတ်ပျက်စရာပါပဲဗျာ။” ဟု သူကဆိုသည်။ 

အမြင်မှန် ရသွားသူ အများအပြားက အိမ်သို့ ပြန်ချင်နေကြ သော်လည်း အိမ်ပြန် လက်မှတ်ဝယ်ရန် ပိုက်ဆံ မရှိကြတော့ပေ။

“အိမ်ကို ပြန်ချင်နေတဲ့ လူတွေ အများကြီးပဲ။ ဒါပေမယ့် ပိုက်ဆံမရှိ ကြတော့ဘူး။ ပေးမယ့် ကမ်းမယ့် လူလည်း မရှိဘူး။ တူနီးရှား သံရုံးကလည်း သူတို့အတွက် ဘာမှ လုပ်မပေးနိုင်ဘူး။” ဟု ပြင်သစ်တွင် နှစ်ပေါင်းများစွာ နေထိုင်လာခဲ့သော တူနီးရှားအရေး တက်ကြွ လှုပ်ရှားသူ တူနီးရှား-ပြင်သစ်ကပြား တစ်ဦးဖြစ်သူ အလီဂါဂူရီက အယ်လ်ဂျာဇီယာသို့ ပြောပြခဲ့သည်။ 

ယင်းတို့အထဲမှ အုပ်စုတစ်စုက သူတို့အတွက် လုံလုံခြုံခြုံ အိပ်စက်၍ ရနိုင်မည်ဟု ယူဆရသော နေရာတစ်နေရာကို ရှာဖွေတွေ့ရှိ ခဲ့ကြသည်။ မေလ ၃၁နေ့က စွန့်ပစ်ထားသော အစိုးရဆိုင်ရာ အဆောက်အဦ တစ်ခုဖြစ်ပြီး တူနီးရှား ယဉ်ကျေးမှုဌာနဆိုသော အဆောက်အဦကို တူနီးရှားဒုက္ခသည် ၃၀ ခန့် ပါဝင်သော အုပ်စုတစ်စုက စတည်းချ ၀င်ရောက် နေထိုင်ခဲ့ကြသည်။ ယင်း အဆောက်အဦမှာ ပါရီမြို့ အရှေ့မြောက်ဘက်အနီး ဘော့ဇာရစ်လမ်း အမှတ် ၃၆ ဖြစ်ပြီး သမ္မတ ဘင်အလီ၏ ဖျက်သိမ်းခံ ပါတီဖြစ်သော ဥပဒေပြု လွှတ်တော် ကိုယ်စားပြု ဒီမိုကရေစီ ပါတီ (RDC)နှင့် ပတ်သက်သော စာရွက်စာတမ်း အချက်အလက်များကို တွေ့ရှိခဲ့ကြပြီး တအံ့တသြ ဖြစ်ခဲ့ကြရသည်။ 

အခန်းနှစ်ခန်းအတွင်းရှိ စာရွက်စာတမ်းများတွင် ဓါတ်ပုံမှတ်တမ်းများ၊ အပြန်အလှန် ပေးစာများ၊ ဘဏ္ဍာရေး မှတ်တမ်းများ၊ ပြင်သစ်ရှိ RDC ပါတီဝင်များစာရင်း၊ တူနီးရှား အတိုက်အခံများနှင့် ပတ်သက်သော သတင်း အချက်အလက်များ၊ ပြင်သစ် နိုင်ငံရေးသမားများနှင့် သတင်းသမားများ၏ ဖိုင်များ ပါဝင်ကြောင်း အယ်လ်ဂျာဇီယာသို့ပြောသည်။

ပြင်သစ်နိုင်ငံရေး သမားများနှင့် ပတ်သက်သော အချက်အလက်များတွင် ဟိုးလေးတကျော် ဖြစ်သွားနိုင်သော မကောင်းသတင်းများ ပါဝင်ကြောင်း ဆိုသည်။ သတင်းသမားများ စိတ်ဝင်စားနေသော အဆိုပါ စာရွက်စာတမ်း ကိစ္စများအတွက် ဖြေရှင်းနိုင်ရန် ကော်မတီတစ်ခုကို ဖွဲ့စည်းလိုက်ကြောင်း ဂါဂူရီက အယ်လ်ဂျာဇီယာသို့ ပြောပြသည်။ ယခု အချိန်အထိ စာရွက်စာတမ်းများပါ အချက်အလက် အတိအကျကိုမူ မသိရသေးပေ။ 

တစ်ပတ်ခန့် အကြာတွင် တူနီးရှား သံရုံး၏ တောင်းဆိုမှုကြောင့် ထိုသူတို့ကို နေရာမှ ဖယ်ရှားပစ်ခဲ့သည်။ ထို့နောက် ဖယ်ရှားခံရပြီး နာရီပိုင်းမျှ အကြာတွင် သွားစရာ နေစရာ နေရာမရှိသော ဒုက္ခသည်များသည် နေရာဟောင်းသို့ပင် ပြန်လာခဲ့ကြသည်။ 

ဒုက္ခသည်များ ဝင်ရောက်နေထိုင်ခြင်း မပြုမီ အချိန်အထိ ယခင်က အများပြည်သူပိုင် နေရာတစ်ခု ဖြစ်သော ယင်း အဆောက်အဦကို တူနီးရှား အာဏာပိုင်များက စိတ်ဝင်စားမှု မရှိခဲ့ပဲ ယခုအခါတွင်မှ ပိုင်ဆိုင်ကြောင်း ပြောဆိုလျက် ရှိသည်။ မတ်လအတွင်းက တူနီးရှား တရားရုံးမှ RDC ပိုင်ဆိုင်မှုများကို နိုင်ငံတော်ပိုင် အဖြစ် သိမ်းဆည်းခဲ့ပြီး ပါတီကို ဖျက်သိမ်းကာ ပိုင်ဆိုင်မှုများနှင့် ငွေကြေးများကိုလည်း သိမ်းယူခဲ့သည်။

ပါရီမြို့ရှိ တူနီးရှားသံရုံးက ဇွန်လ ၉ရက်နေ့က ကြေငြာချက် တစ်စောင် ထုတ်ပြန်ခဲ့ရာ ဝင်ရောက်နေထိုင်ကြသော ဒုက္ခသည်များသည် ဖျက်ဆီးမှုများနှင့် အကြမ်းဖက်မှုများ ပြုကြကြောင်း အနီးအနား နေထိုင်သူများထံမှ တိုင်ကြားမှုများ ရရှိသဖြင့် ဖယ်ရှားပစ်ရန် ဆုံးဖြတ်ခဲ့ကြောင်းဆိုသည်။ 

ထို့နောက် ဇွန်လ ၁၆ရက်နေ့တွင် ပြင်သစ်ရဲများ ရောက်လာပြီး နေထိုင်သူ ဒုက္ခသည်များကို အတင်းအဓမ္မ နှင်ထုတ်ခဲ့သည်။ 

ကြေငြာချက်ထဲတွင် ယင်းအဆောက်အဦကို တူနီးရှားသံရုံး လက်အောက်သို့ သွတ်သွင်းလိုက်ပြီး ယခုအချိန်မှစ၍ သံတမန်ကင်းလွတ်ခွင့်၏ အရိပ်အောက်တွင် ရှိရမည် ဖြစ်ကြောင်း ဆိုသည်။

ပြင်သစ်လူမျိုး သတင်းလွတ်လပ်ခွင့် တက်ကြွလှုပ်ရှားသူ ပေါလ်ဒါဆေးလ်ဗားက စာရွက်စာတမ်းများပါ ယခင် တူနီးရှား ခေါင်းဆာင်များနှင့် ပြင်သစ် အစိုးရတို့ကြား ဆက်ဆံရေး အကြောင်း အများသိရှိသွားပါက ဒေါသဖြစ်စရာ အချက်အလက်များ ပါဝင်ကြောင်းဆိုသည်။ 

“ဒါကြောင့်မို့ ကျွန်တော်တို့ ကောက်ချက်ချလို့ ရတာက ပြင်သစ် နိုင်ငံရေးသမားတွေနဲ့ ဘင်အလီကြားမှာ အရှုပ်အရှင်းတွေ ရှိတယ်ဆိုတာပါပဲ။” ဟုသူကဆိုသည်။

ဇန်နဝါရီလ ၁၄ရက်နေ့တွင် ဘင်အလီရာထူးမှ စွန့်ခွာပြီး နိုင်ငံတစ်ဝှမ်း ရုံးများ မီးရှို့ခံရပြီးနောက် RDC နှင့် သက်ဆိုင်သော တရားဝင် စာရွက်စာတမ်းများ ပျောက်ဆုံးသွားခဲ့ရသည်။ ယခုအခါ ပါရီရှိ မှတ်တမ်းမှတ်ရာ အစုအဝေးများမှာ ရှေ့နေများနှင့် တက်ကြွလှုပ်ရှားသူများ အဖို့ RDC ၏ ပြုမူဆောင်ရွက်ချက် များကို လေ့လာ စိစစ် နိုင်ငံရေးအတွက် ဒုတိယ အခွင့်အရေး အဖြစ် ပေါ်ပေါက်လာခဲ့သည်။

ပြင်သစ်ရှိ ပါတီကြီး တစ်ခုဖြစ်သော Europe Ecology ကသာလျှင် တူနီးရှား ဒုက္ခသည်များကို ကူညီစောင့်ရှောက်ရန် ပျက်ကွက်မှုအပေါ် အပြစ်တင် ပြောကြားခဲ့သည်။ တူနီးရှားသည်ပင် လစ်ဗျား ဒုက္ခသည် ၅၀၀,၀၀၀ ကို လက်ခံရန် ကမ်းလှမ်းခဲ့ သေးကြောင်း ထောက်ပြ ပြောဆိုခဲ့သည်။ 

“တူနီးရှား အစိုးရဟောင်းနဲ့ ပတ်သက်တဲ့ အဆောက်အဦတွေ၊ စာရွက်စာတမ်းတွေကို ပြင်သစ်အစိုးရက ထိန်းသိမ်းထား ပေးတာ အံ့သြစရာပဲ။ ပြီးတော့ တူနီးရှားတွေ အပေါ်လူသားချင်း စာနာထောက်ထားမှုတွေ မရှိဘူး။” ဟု ပါတီ၏ အတွင်းရေးမှူး ဆဲလ်ဆိုင်းလ်ဒူဖလော့က ပြောသည်။ စာရွက်စာတမ်းများ တွေ့ရှိမှုသည် ပြင်သစ်ရှိ ဘင်အလီ၏ ပိုင်ဆိုင်မှုများကို စုံစမ်းစစ်ဆေးမှုများ စတင်ဆောင်ရွက်နေသော အချိန်နှင့် တိုက်ဆိုင်လျက်ရှိသည်။ ဘင်အလီ အစိုးရနှင့်ပတ်သက်၍ စွပ်စွဲမှုများအပေါ် တူနီးရှား နိုင်ငံရေးသမားများ မည့်သည့် အတိုင်းအတာ အထိ စုံစမ်းစစ်ဆေးမည် နည်းဟူသည့် မေးမြန်းမှုများ ပေါ်ပေါက်လျက်ရှိပြီး ပြင်သစ်မှ တွေ့ရှိရသော စာရွက်စာတမ်း များမှာ တစ်သီးပုဂ္ဂလ ရှေ့နေများနှင့် တက်ကြွလှုပ်ရှား သူများအတွက် အသုံးဝင်လိမ့်မည် ဖြစ်သည်။ ပြင်သစ်နှင့် တူနီးရှား တရားရုံး တို့ကလည်း သူတို့နည်း သူတို့ဟန်ဖြင့် တရားရေး ဆောင်ရွက်ဖွယ် ကိစ္စများကို ဆောင်ရွက်လိမ့်မည် ဖြစ်သည်။ 

ဘင်အလီနှင့် ဇနီးဖြစ်သူ လိုင်လာထရာဘယ်စီတို့သည် ခိုးဝှက်မှုနှင့် တရားမဝင် လက်နက်၊ ကျောက်မျက်ရတနာများ ပိုင်ဆိုင်မှုတို့ဖြင့် မျက်ကွယ်တွင် အပြစ်ရှိကြောင်း လွန်ခဲ့သော တစ်ပတ်က တွေ့ရှိခဲ့သည်။ သမ္မတဟောင်းနှင့် သူနှင့်ဆက်စပ် နေသူများအားလုံး နောက်ထပ်ပြစ်မှုများ အတွက် လာမည့် အပတ်နှင့် လာမည့်လများတွင် ရင်ဆိုင်ရဖွယ်ရှိသည်။

တရားစီရင်ရေးနှင့် ပတ်သက်၍မူ ဝေဖန်ခံရမှုများ ရှိနေသည်။ ပထမဆုံး ပြစ်မှုအတွက် ဆုံးဖြတ်ချက် ချရာတွင် ၂၄နာရီအတွင်း မျက်ကွယ် စီရင်ချက် ချခဲ့ခြင်းဖြစ်ပြီး စုံစမ်းစစ်ဆေးရေး များအတွက် လုံလောက်သော အထောက်အထား အခိုင်အမာ တင်ပြနိုင်ရန် လုံလောက်သော အချိန်မရှိခဲ့ဟု ဝေဖန်သုံးသပ်သူများက ဆိုသည်။ သို့သော တက်ကြွလှုပ်ရှားသူများက ဘင်အလီ သည် အလွန်အမင်း ခြစားပျက်စီး ခဲ့ကြောင်းဆိုသည်။ တူနီးရှား အနေနှင့် ဒီမိုကရေစီသို့  အောင်မြင်စွာ ကူးပြောင်းရေးတွင် အမှန်တရားကို သိရှိနိုင်မှုသည် အရေးပါကြောင်းဆိုသည်။ 

“တူနီးရှား တရားစီရင်ရေး စနစ်က အမှီအခို မကင်းသေးပါဘူး။ လူတွေဟာလည်း လက်ရှိ အာဏာကိုင်ထားတဲ့ အစိုးရကို စောင့်ကြည့်ဖို့ထက် ဘင်အလီကို ဘယ်လိုပြစ်ဒဏ် စီရင်မလဲ ဆိုတာကိုပဲ အာရုံစိုက်နေကြတယ်။” ဟု ဂါဂူရီကဆိုသည်။ 

တူနီးရှား သမ္မတဟောင်း ဘင်အလီနှင့် အီဂျစ်သမ္မတဟောင်း ဟိုစနီမူဘာရက် တို့အပေါ် တရားစီရေး ရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှု များအတွက် ပြင်သစ်တွင် ဇွန် ၁၄ ရက်နေ့၌ စတင်မည်ဖြစ်သည်။

ဇန်နဝါရီလ ၁၇ရက် နေ့တွင် လူ့အခွင့်အရေး ဆိုင်ရာ အာရပ်ကော်မရှင်၊ SHERPA နှင့် နိုင်ငံတကာ ပွင့်လင်း မြင်သာမှု (ပြင်သစ်) အဖွဲ့တို့က ပြင်သစ် ရှေ့နေများနှင့် အတူ ပြင်သစ်ရှိ ဘင်အလီနှင့် မူဘာရက် မိသားစုများ၏ ပိုင်ဆိုင်မှုများကို စုံစမ်းစစ်ဆေးမှု ပြုလုပ်နိုင်ရန် တင်ပြမည်ဖြစ်သည်။

ပြင်သစ် တရားစီရင်ရေး အာဏာပိုင်များသည် ဇွန်လ ၉ရက် နေ့တွင် စတင် စစ်ဆေးမည် ဖြစ်ကြောင်း နိုင်ငံတကာ ပွင့်လင်းမြင်သာမှု အဖွဲ့(ပြင်သစ်) သုတေသန အဖွဲ့ခေါင်းဆောင် မိုင်ရီယမ်ဆဗီ ကအယ်လ်ဂျာဇီယာသို့ ပြောသည်။ 

“တူနီးရှား ပြည်သူတွေဆီကို ငွေတွေ၊ ပိုင်ဆိုင်မှုတွေ အားလုံး ပြန်လည် ပေးအပ်နိုင်အောင်လို့ စုံစမ်းစစ်ဆေးမှုတွေကို အသေးစိတ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။” ဟု ဆဗီကဆိုသည်။ 

တူနီးရှားသမ္မတ ဘင်အလီကမူ ပြင်သစ်တွင်ရော၊ မည်သည့် နိုင်ငံခြား တိုင်းပြည်တွင်မဆို ပိုင်ဆိုင်မှုများ၊ ဘဏ်စရင်းများ မရှိကြောင်း သတင်းစာ တစ်စောင်သို့ ပြောကြားခဲ့သည်။

ဇွန်လ ၁၅ရက်နေ့ ညနေတွင် RCD ပိုင် တူနီးရှား ယဉ်ကျေးမှု အဆောက်အဦအတွင်းမှ ဒုက္ခသည်များကို ဖယ်ရှားခြင်း မပြုမီ အချိန်လေးတွင် တူနီးရှား ပြည်ထဲရေးဝန်ကြီး ဟာဘစ်အက်စစ် ပါရီမြို့သို့ လာရောက်ခဲ့သည်။ မည်သည့် အကြောင်းကြောင့် သွားရောက်ခြင်း ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေငြာခြင်း မရှိသလို အယ်လ်ဂျာဇီယာက ပြည်ထဲရေး ဝန်ကြီးဌာနသို့ ဆက်သွယ် မေးမြန်းရာတွင်လည်း တစ်စုံတစ်ရာ ဖြေကြားခြင်းမရှိပေ။ 

ဘော့ဇာရစ်လမ်း အဆောက်အဦ အတွင်းမှ လူများကို မောင်းထုတ်ဖယ်ရှား ပြီးနောက် အဆောက်အဦ ကိုရော၊ အတွင်းရှိ စာရွက် စာတမ်းများကိုပါ ပုဂ္ဂလိက လုံခြုံရေး ကုမ္ပဏီတစ်ခုမှ ၂၄နာရီ တာဝန်ယူ စောင့်ကြပ်လျက် ရှိသည်။

ပြင်သစ်ရဲများ

ဘော့ဇာရစ်လမ်း အမှတ် (၃၆ )ကို ဇွန်လ ၁၇ရက်တွင် တူနီးရှားသံရုံးမှ သိမ်းယူခဲ့သည်။ ထို့နောက် သံတမန်ကင်းလွတ်ခွင့် အကာအကွယ်ကို ယူခဲ့ပြီး စာရွက်စာတမ်း အထောက်အထားများကို ပြင်သစ်အာဏာပိုင်များ ယူငင်သိမ်းဆည်း သွားမည့်အရေးမှ ကာကွယ် ထားလိုက်ခြင်းပင် ဖြစ်သည်။

ဒုက္ခသည်များကို ရွှေ့ပြောင်းခြင်း မပြုမီ အချိန်အနည်းငယ် အလိုတွင် စာရွက်စာတမ်း သုံးပုံတစ်ပုံခန့်ကို လုံခြုံစိတ်ချရသော နေရာသို့ ပို့ဆောင်ပြီး ဖြစ်ကြောင်း ဂါဂူရီနှင့် ပြင်သစ်-တူနီးရှား ရှေ့နေ တစ်ဦးဖြစ်သူ ဆူမာယာတာဘူဘီတို့ ကပြောသည်။ 

အချို့သော စာရွက်စာတမ်းများ ပျောက်ဆုံးခဲ့ပြီး စာရွက်စာတမ်း ၁,၀၀၀ခန့်ကို တက်ကြွလှုပ်ရှား သူများက ရွှေ့ပြောင်း သိမ်းဆည်း ထားခဲ့ကြကြောင်း ဆိုသည်။

တူနီးရှား ဒုက္ခသည်များ အတွက်မူ ပုလိပ်များ၏ ဖိအားပေးမှု အောက်တွင် တကွဲတပြား ရွှေ့ပြောင်း ထွက်ခွါပေးကြရသည်။ အဆောက်အဦထဲမှ ရွှေ့ပြောင်း ထွက်ခွါပေးရပြီးနောက် လမ်းတစ်ဖက်ရှိ ဘတ်တပ်စ်ချူးမောက် ပန်းခြံအတွင်းသို့ ရွှေ့ပြောင်းသွားကြပြီး ပုလိပ်များနှင့် နေ့စဉ် ရင်ဆိုင်နေကြရသည်။ 

“ရဲကား မဟုတ်တဲ့ ကားတွေနဲ့ နေ့တိုင်းလာပြီးတော့ လူတွေကို ခြောက်လှန့်နေကြတယ်။ ဒုက္ခသည်တွေကို အကြောက်တရားနဲ့ ဖိအားပေးနေတာတွေက မလိုလားအပ်တဲ့ အရာတွေပဲ” ဟု ဂါဂူရီက ပြောသည်။

“တစ်ညတော့ မျက်ရည်ယို ဗုံးတွေသုံးပြီးတော့ နှိမ်နင်းပါတယ်။ ဒုက္ခသည် တဲစခန်းတွေကို ရဲ ၅၀ လောက်က ဖျက်ဆီး ပစ်လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က တူနီးရှား ၂၂ယောက်ကို နှစ်ဆယ့်လေးနာရီ ထိန်းသိမ်းထားဖို့အတွက် ဖမ်းဆီးခေါ်ဆောင် သွားပါတယ်။ ”

ယခုဖြစ်ရပ်သည် ပြင်သစ်နိုင်ငံအနေဖြင့် နိုင်ငံတွင်း ရွှေ့ပြောင်းဝင်ရောက် နေထိုင်လာသူများကို နှိပ်ကွပ်ကြောင်း နမူနာပြ သည့်လုပ်ရပ်များပင်ဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူများက ဆိုသည်။

ဥရောပသမဂ္ဂ Frontex မှ တွက်ချက်ထားသော စာရင်းများအရ ဇန်နဝါရီလမှ မတ်လအထိ အီတလီနိုင်ငံတွင်း ဝင်ရောက်လာသူပေါင်း ၂၂,၀၀၀ဦးရေ ရှိကာ လွန်ခဲ့သောနှစ်က စာရင်းထက် ၉၉% တိုးပွားလာကြောင်းဆိုသည်။ 

သို့သော် အခြားတစ်ဘက်မှ ကြည့်မည်ဆိုလျှင် ပါရီမြို့ လမ်းမများပေါ်ရှိ ဒုက္ခသည်များမှာ များစွာ ကံကောင်းသေးသည်ဟု ဆိုသည်။ အဘယ်ကြောင့်ဆိုသော် ဇန်နဝါရီလနှင့် မတ်လအတွင်းက ဥရောပသို့ ဝင်ရောက်ရန် ကြိုးစားခဲ့သော လစ်ဗျားနှင့် တူနီးရှား ဒုက္ခသည် ၁,၃၈၇ ဦးခန့် ရေနစ်သေဆုံး ခဲ့ရကြောင်း ဥရောပ အန်ဂျီအို တစ်ခုဖြစ်သော UNITED က အယ်လ်ဂျာဇီယာသို့ ပြောပြ ခဲ့သည်။

ပဲရစ်မြို့တော်ကောင်စီ၏ ဥရောပသမဂ္ဂပြင်ပ နိုင်ငံခြားသားများနှင့် လူမျိုးစုများအတွက် ဖွဲ့စည်းထားသော အဖွဲ့နှင့်ပူးတွဲ ဆောင်ရွက်နေသူ တစ်ဦးဖြစ်သော ပက်စကေးလ် ဘိုင်အိုစတပ်က ပြင်သစ်အစိုးရသည် ရွှေ့ပြောင်း ဝင်ရောက်လာသူ ဒုက္ခသည် များအရေးကို လစ်လျူရှုထားကြောင်း အယ်လ်ဂျာဇီယာ သို့ပြောသည်။ ဆိုရှယ်လစ် ကြီးစိုးသော မြို့တော် အာဏာပိုင်များသည် ပြင်သစ်သို့ ဝင်ရောက်လာသော တူနီးရှား ဒုက္ခသည် ထောင်ပေါင်း များစွာတို့ကို အစားအစာနှင့် အခြားလိုအပ်ချက် အကူအညီများ အပါအဝင် ကူညီနိုင်သည့် အရာအားလုံး အကူအညီ ပေးနေကြောင်း ဘိုင်အိုစတပ်က ပြောသည်။ မြို့တော် စည်ပင်က မကြာမီက ဝင်ရောက်လာသော တူနီးရှားရွှေ့ပြောင်း ၃၁၀ ဦးကို နေရာထိုင်ခင်း စီစဉ်ပေးခဲ့ကြောင်း သူမကပြော၍ ဤကိစ္စများသည် အမျိုးသား အစိုးရက တာဝန်ယူ ဆောင်ရွက်ရမည့် ကိစ္စများ ဖြစ်ကြောင်းလည်း ဆိုသည်။ 

“နိုင်ငံတော် အစိုးရက ဘာမှကို လုပ်မပေးတာပါ။” ဟု ဆိုရှယ်လစ် ပါတီဝင် တစ်ဦးလည်း ဖြစ်သူ ဘိုင်အိုစတပ်ကဆိုသည်။

“ဧပြီလ ၂၂ ရက်နေ့ ကတည်းက ကျွန်မတို့ ပြင်သစ် ပြည်ထဲရေးနဲ့ လူဝင်မှု ဝန်ကြီးဖြစ်တဲ့ ကလော်ဒီဂူးအန့်ဆီကို လူသားချင်း စာနာ ထောက်ထားရေး အခြေအနေတွေကို စာရေး အသိပေးခဲ့ပါတယ်။ ဒါပေမယ့် သူပြန်ပြောတာက တူနီးရှားတွေကို ဖမ်းသာဖမ်း …. တဲ့။”

အီတလီ အာဏာပိုင်တွေက ယာယီ နေထိုင်ခွင့် လက်မှတ် ထုတ်ပေးထားတဲ့ လူတွေအပါအဝင် တူနီးရှားတွေက ပြင်သစ်နိုင်ငံကို တရားမဝင် ဝင်ရောက်လာတဲ့အတွက် ဘာအကူအညီမှ ပေးဖို့မလိုကြောင်း ဂူးအန့်က ပါရီစည်ပင်သာယာ အာဏာပိုင်တွေကို ပြောခဲ့ ပါတယ်။ 

“ရွှေ့ပြောင်း ဒုက္ခသည်တွေကို ဖမ်းလိုက်၊ ခဏထိန်းသိမ်း ထားပြီးရင် ပြန်လွှတ်ပေးလိုက်၊ အဲဒီလိုအမြဲ ဖြစ်နေရတယ်။” ဟု ဘိုင်အိုစတပ်က ဆိုသည်။ ၂၀၀၈ ခုနှစ်က တူနီးရှား သမ္မတဘင်အလီနှင့် ပြင်သစ်သမ္မတ နီကိုလပ်ဆာကိုဇီတို့ ချုပ်ဆိုထားခဲ့သော စာချုပ်ကို ပြင်သစ်အစိုးရက လစ်လျူရှုနေခြင်း ဖြစ်ကြောင်း၊ ယင်းစာချုပ်ပါ သဘောတူညီချက်မှာ ပြင်သစ်မှ တစ်နှစ်လျှင် တူနီးရှား ရွှေ့ပြောင်း ၉,၀၀၀ ကို အိမ်ပြန်နိုင်ရေးအတွက် အကူအညီပေးရန်ဖြစ်သည်။

ဇန်နဝါရီလမှစ၍ အစိုးရက အိမ်ပြန်ပို့ဆောင်ပေးရေး သဘောတူညီချက်ကို လစ်လျူရှုထားလိုက်ပြီး လူသားချင်း စာနာထောက် ထားရေးဆိုင်ရာ အခြေအနေများ ပိုမိုဆိုးဝါး လာနေကြောင်း ၊ နိုင်ငံတွင်း လူဝင်မှုနှင့် ပတ်သက်လျှင် တင်းမာသော အစိုးရမူဝါဒကို အလျှော့မပေးရေး အတွက်ဖြစ်ပြီး ရွှေ့ပြောင်းဝင်ရောက် လာသူများအတွက် ဘာမှ လုပ်ကိုင်မပေးခြင်း ဖြစ်ကြောင်း ဘိုင်အိုစတပ်က ဆိုသည်။

ဘော့ဇာရစ် လမ်းအဆောက်အဦတွင် ဖြစ်ပွားခဲ့သော ကိစ္စနှင့်ပတ်သက်၍ ဝင်ရောက်နေထိုင်သူများကို ဖယ်ရှားရေး တောင်းဆို ချက်အတွက် မြို့တော်စည်ပင်မှ ဆောင်ရွက်လုပ်ကိုင်ပေးခဲ့ခြင်း မရှိကြောင်း ၊ ရဲများ သို့မဟုတ် ပြည်ထဲရေးဝန်ကြီး၏ ဆုံးဖြတ်ချက်ဖြင့်သာ ဆောင်ရွက်သွားခြင်းဖြစ်ကြောင်း လည်း သူမက ပြောသည်။ 

“အဆောက်အဦ ထဲကနေ တူနီးရှား ဒုက္ခသည်တွေကို မောင်းထုတ်လိုက်တာ တူနီးရှားသံရုံးရဲ့ တောင်းဆိုမှုနဲ့ပါ။ ဒီအကြောင်းကို ရဲတွေကလည်း ကျွန်မတို့ကို အသိပေး အကြောင်းခြင်း မရှိခဲ့ပါဘူး။ ပြင်သစ်က စံတန်ဘိုးတွေ အစဉ်အလာတွေ ရှိခဲ့တဲ့ သမိုင်းကြောင်းနဲ့အညီ ကျင့်ကြံပြုမူ လုပ်ဆောင်နေခြင်း မရှိပါဘူး။” ဟု သူမကဆိုသည်။

ဂူးအန့် ဦးဆောင်နေသော လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်ထဲရေး ဝန်ကြီးဌာန နှစ်ခုစလုံးက အယ်လ်ဂျာဇီယာမှ မေးမြန်းမှုကို ဖြေကြား ခြင်းမရှိပေ။ ပါရီရဲဌာနမှလည်း အလားတူပင် ဖြေကြားခြင်း မပြုပေ။ 

ပါရီရှိ တူနီးရှားရွှေ့ပြောင်း ဒုက္ခသည်များအတွက် ၁.၂မီလီယံဒေါ်လာ လျာထားကြောင်း ပဲရစ်မြို့ ဆိုရှယ်လစ် မြို့တော်ဝန် ဘာထရန်ဒီလာနိုက ပြောကြားလိုက်သည်။ ဘော့ဇာရစ် ဒုက္ခသည် အုပ်စုအတွက် အလုပ်လုပ်နေသော တက်ကြွ လှုပ်ရှားသူများက ဤဘဏ္ဍာငွေများကို ဒုက္ခသည်များကို မည်သည့် နရာများတွင် ကူညီမည် ဆိုသည်ကို စောင့်ကြည့်ရဦးမည် ဖြစ်ကြောင်း ပြောကြသည်။ 

ယခုဆောင်းပါးကို ရေးနေချိန်အထိ ဒုက္ခသည်များအတွက် နေရာထိုင်ခင်း စီစဉ်ပေးနိုင်ခြင်း မရှိသေးပေ။ အိမ်ယာမဲ့များအတွက် အကူအညီ ပေးနေသော ပြင်သစ် အန်ဂျီအို အချို့ကမူ အကူအညီပေးရေး ကမ်းလှမ်းမှုများ ထွက်ပေါ်လာခဲ့သည်။

“ပြဿနာ နည်းနည်းရှိသေးကြောင်းနဲ့ ငွေကြေးအလုံအလောက် မရှိသေးကြောင်း အဖွဲ့အစည်းတွေက ပြောနေပါတယ်။” ဟု ဒါဆေးလ်ဗားက ပြောသည်။ 

တူနီးရှားနိုင်ငံမှ နိုင်ငံရေး သမားများကလည်း အောက်တိုဘာတွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် အလုပ်ရှုပ် နေကြသဖြင့် ယခုအရေးကိစ္စနှင့် ပတ်သက်ပြီး ရေငုံနှုတ်ပိတ် နေကြလျက်ရှိသည်။
“တူနီးရှား နိုင်ငံရေး ပါတီတွေကလည်း နောက်လ အနည်းငယ် အတွင်းမှာ အာဏာရတဲ့ သူက အုပ်ချုပ်ရတော့မယ်။ ပါတီတွေအနေနဲ့ ဒုက္ခသည်တွေ ကိုယ်စား ပြင်သစ်အစိုးရနဲ့  ပြောဆိုမှုတွေ လုပ်သင့်ပါတယ်။” ဟု ဂါဂူရီက ဆိုသည်။

တူနီးရှား လက်ဝဲပါတီ ဖြစ်သော အလုပ်နှင့် လွတ်လပ်မှုအတွက် ဒီမိုကရက်တစ် ဟစ်တိုင်ပါတီ (Ettakatol-FDTL)က ဒုက္ခသည်များကို အဆောက်အဦ အတွင်း နှင်ထုတ်ခြင်း အတွက် ရှင်းလင်းသော ဖြေရှင်းချက် ပေးရန် တူနီးရှား သံရုံးကို တောင်းဆိုလိုက်သည်။ 

ပါတီ၏ အထွေထွေ အတွင်းရေးမှူး မူစတာဖာဘင်ဂျာဖာက ပြင်သစ်သမ္မတ ဆာကိုဇီ ထံသို့စာရေးခဲ့ရာ “တူနီးရှား နိုင်ငံသားဖြစ် သည်ဟုသော အကြောင်းပြချက် တစ်ခုတည်းဖြင့် ဥပဒေကို ချိုးဖေါက်ခြင်း လည်းမရှိ၊ အကြမ်းဖက် သမားများလည်း မဟုတ်သော တူနီးရှား လူငယ်လူရွယ်များကို ရာဇဝတ်သားများကဲ့ လိုက်လံ ဖမ်းဆီးနှိမ်နင်း နေခြင်းမှာ သင့်လျှော်သော အလုပ်မဟုတ်ကြောင်း၊ ထို့ပြင် ပြင်သစ်နိုင်ငံသည် အိမ်နီးချင်း မိတ်ဆွေ နိုင်င်ငံလည်းဖြစ်ပြီး လူ့အခွင့်အရေး စတင်မွေးဖွားရာ နေရာဖြစ်သည်ဟုလည်း သိရှိ ထားကြောင်း” စသည့်ဖြင့် ရေးသားပေးပို့ခဲ့သည်။

တာဝန်ရှိသူများ၏ ဆောင်ရွက်နေမှုများနှင့် မတူပဲ လူမှု ဆက်သွယ်ရေး မီဒီယာများတွင်မူ ဘော့ဇာရစ် ဒုက္ခသည်များကို ထောက်ခံကြောင်း လှုပ်ရှားမှုများ ပေါ်ပေါက်လာခဲ့သည်။ တူနီးရှား ဒုက္ခသည်အရေး တက်ကြွလှုပ်ရှားသူ လူအနည်းစု၏ ကျေးဇူးကြာင့် တွစ်တာနှင့် ဘော့ဇာရစ် အုပ်စုအတွက် အင်တာနက် ဝက်ဆိုက်များတွင် သတင်းများ၊ ဓါတ်ပုံများ၊ ဒုက္ခသုက္ခရောက်နေပုံ ဗွီဒီယိုများ ထွက်ပေါ်လာခဲ့ပြီး စည်းစည်းလုံးလုံး အားပေးထောက်ခံကြရန် တောင်းဆိုမှုများ၊ အကြံဉာဏ် ပေးမှုများ စသည်ဖြင့် ထွက်ပေါ်လာကြလေသည်။

ဒုက္ခသည်အုပ်စုကို အဆောက်အဦအတွင်းမှ မောင်းထုတ်ခဲ့ပြီး ရက်ပိုင်းမျှအကြာတွင် တွစ်တာလိပ်စာ hashtag#Botzariz36တွင် အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ဒုတိယ အများဆုံး ဆွေးနွေးသည့် လိပ်စာ တစ်ခုအဖြစ် ပြင်သစ်တွင် ပေါ်ထွက်လာခဲ့ လေသည်။ သို့သော ညဘက် ၀င်ရောက် စီးနင်းသော ရဲများ၏ ရန်ကြောင့် အများစုမှာ ဘတ်တပ်စ်ချူးမောက် ပန်းခြံအတွင်း အိပ်စက်ခြင်း မပြုကြတော့ချေ။ 

“ကျွန်တော်တို့ တော်တော်ကို ခက်ခဲနေပါတယ်။ ရဲတွေနဲ့ရော၊ ပြင်သစ်နိုင်ငံနဲ့ရော၊ ကိုယ့်နိုင်ငံဖြစ်တဲ့ တူနီးရှားနဲ့ရော ဘယ်ဘက်ကမှ မချောင်ပါဘူးဗျာ။ ကျွန်တော်တို့တော့ လမ်းဆုံး ရောက်တဲ့အထိ ဆက်လျှောက်ရမှာပဲ။ ကျွန်တော်တို့ လုပ်နိုင်တာ ဒါပါပဲ။ အခြားဘာမှ ရွေးချယ်ခွင့် မရှိပါဘူး။”

Source: Al Jazeera

Sunday, June 5, 2011

သေမင်းကို အံတုနေသော ကိုလံဘီယာလေယာဉ်မှူးများ

ဒီလေကြောင်းလိုင်း ကတော့ ကမ္ဘာပေါ်မှာ အန္တရာယ်အများဆုံး လေကြောင်းလိုင်းတစ်ခုပါ။
အင်မတန် ထူထပ်သိပ်သည်းလှတဲ့ အမေဇုန် တောအုပ်ကြီးကို ဖြတ်ပြီးတော့ ကမ္ဘာကြီးနဲ့ အဆက်အသွယ် ပြတ်နေတဲ့ အထီးကျန် ရွာငယ်လေးတွေကို အစားအသောက်တွေ၊ ကုန်စည်တွေ ဒီလေကြောင်းက ပို့ဆောင်ပေးနေပါတယ်။

ခရီးစဉ် စတင်ရာ နေရာကတော့ အန်ဒီယန်း ကော်ဒီလာရာ တောင်ခြေက မြို့တစ်မြို့ ဖြစ်တဲ့ ဗီလာဗစ် ဆန်ဆီယို ဖြစ်ပါတယ်။ ဆိုက်ရောက်မယ့် နေရာတွေကတော့ တောအုပ်တစ်ခွင်မှာ ဟိုဒီ တစ်ရွာစီ ပျံ့ကျဲနေပြီး မြို့ပြ ယဉ်ကျေးမှုတွေနဲ့ အဆက်အသွယ် ပြတ်နေတဲ့ အင်ဒီးယန်း ရွာငယ်လေးတွေ ပဲဖြစ်ပါတယ်။

ရွာကို လေယာဉ်ဆိုက်တဲ့ အချိန်ဟာ ဆိုရင်တော့ ရွာမှာ တကယ့်ပွဲတော်ကြီး တစ်ခုလိုပဲ။ ရွာကိုတစ်လ နှစ်ကြိမ်ရောက်တယ်။ အသီးအနှံတွေ၊ အိပ်ရာတွေ၊ ခွေးတွေ၊ ကြက်တွေကအစ တယ်လီဗေးရှင်း အထိပါတယ်။

ကိုလံဘီယာမှာတော့ DC3 လေယာဉ်တွေက ကျေးလက်ဘတ်စ်ကားတွေလိုပဲ။

ဘရာဇီးနဲ့နယ်စပ် အမေဇုန် မိုးသစ်တော အထက် ကိုလံဘီယာဝေဟင်မှာ DC3 လေယာဉ်အိုကြီးတစ်စီး အပူပိုင်း မုန်တိုင်းတစ်ခုနဲ့ မိနေပါပြီ။ မြင်ကွင်းက ဘာမှမမြင်ရတော့ဘူး။ ရေဒီယို ပြတ်သွားပြီ။ လေယာဉ်အမှတ် ၃၀-၃၇ ကတော့ ဒုက္ခအကြီးအကျယ် တွေ့နေပါပြီ။ မုန်တိုင်းထဲကနေ လွတ်မြောက်နိုင်ဖို့ အင်ဂျင်နှစ်လုံးတပ် လေယာဉ်ကို အတတ်နိုင်ဆုံး အတည်ငြိမ်ဆုံး ဖြစ်အောင် ကပ္ပတိန် ရာအူးလ် ကြိုးစား ထိန်းသိမ်းနေပါတယ်။

ဒါပေမယ့် အန္တရာယ် အပေးနိုင်ဆုံးက မုန်တိုင်းတော့ မဟုတ်ပါဘူး။ အင်ဂျင် ချို့ယွင်းခြင်းလည်း မဟုတ်ဘူး။ အောက်ဘက် မီတာ ၂,၀၀၀ မှာရှိနေတဲ့ အစိမ်းရောင် အမေဇုန် တောကြီးပါ။ အစိမ်းရောင် ငရဲပြည်လို့  ခေါ်လို့ရပါတယ်။

အမေရိကန်က တက္ကဆက်ပြည်နယ် နှစ်ဆစာလောက် ကျယ်ဝန်းတဲ့ အင်မတန် နက်ရှိုင်းကျယ်ဝန်းတဲ့ တောကြီးထဲကို လေယာဉ်တစ်ခုခု ဖြစ်လို့များ အရေးပေါ် ဆင်းသက်စရာ နေရာမရှိပါဘူး။ လေယာဉ်မှူးတွေ အကြောက်ဆုံး အန္တရာယ်ပါ။ တစ်စုံတစ်ခုမှားယွင်းပြီ၊ ချို့ယွင်းပြီဆိုတာနဲ့ လေယာဉ်ပျက်ကျပြီ။ အရေးပေါ် ဆင်းသက်ဖို့ဆိုတာ လုံးဝမရှိ။

လေယာဉ်ပေါင်း မြောက်များစွာလည်း အမေဇုန်တောအုပ်ထဲကို ပျက်ကျ ပျောက်ဆုံးခဲ့ဖူးပါပြီ။ တောအုပ်က ဝါးမြိုပစ်လိုက်တာပါပဲ။

နတ်ဒေဝါ စောင့် မ လို့ပဲလား၊ ကပ္ပတိန် ရာအူးလ်ရဲ့ ကျွမ်းကျင်မှု ကြောင့်ပဲလား … တော့ မသိဘူး။ လေယာဉ်ကို မုန်တိုင်းနဲ့ ကင်းလွတ်ရာဆီ ဦးလှည့် ထွက်လာနိုင်ခဲ့တယ်။ ခရီးသည်တွေလည်း အင်ဒီယန်း ရွာငယ်လေးဖြစ်တဲ့ အကာရီကွာရာကို ချောချောမောမော ဆိုက်ရောက်လာခဲ့တယ်။

လေယာဉ်ပြေး လမ်းကို မြင်နေရပါပြီ။ တစ်လမ်းမောင်းပါ။ ထိန်းချုပ်ရေး မျှော်စင်လည်း မရှိပါဘူး။ လေယာဉ်ကွင်း အပြင်အဆင် အရာအားလုံးက ဟိုးလွန်ခဲ့တဲ့ ၁၉၂၀-၃၀ ခုနှစ်များဆီက အတိုင်းပါပဲ။ အာရုံသိ၊ ဆုံးဖြတ်ချက် မှန်ကန်မှု၊ အတွေ့အကြုံတို့ ပေါင်းစပ်ပြီး လေယာဉ်ကို ဆင်းရပါတယ်။ ပြေးလမ်းက ချော်ချွတ်ချွတ်နဲ့ ကျင်းတွေချိုင့်တွေနဲ့။ ပြီးတော့ တိုလည်း တိုတယ်။ လေယာဉ်မှူး အနေနဲ့ ပြေးလမ်း အစကနေကို လေယာဉ်ကို ဘီးချနိုင်မှ ဖြစ်မယ်။

အကာရီကွာရာ ရွာလေးမှာ လူတစ်ရာလောက်ပဲ ရှိပါတယ်။ အခုလို DC3 လေယာဉ်သာ မရှိဘူးဆိုရင် သူတို့ဟာ လုံးဝ အဆက်ပြတ်ပြီး စားစရာတောင်ရှိမှာ မဟုတ်ဘူး။ အခြား ဆက်သွယ်ရေး လမ်းကြောင်းအနေနဲ့ မြစ်တော့ရှိတယ်။ ဒါပေမယ့် သိပ်ကိုရှည်လျား ရှုပ်ထွေးလွန်းပြီး ဒီကိုရောက်ဖို့အတွက် အချိန်တွေ အကြာကြီးယူရမယ်။

“ဒီလေယာဉ်သာ ဒီကိုမလာဘူးဆိုရင် ဒီကလူတွေငတ်သေကုန်လိမ့်မယ်” လို့ ကာမာဂိုက ပြောတယ်။

လေယာဉ်ရပ် ပြီးသွားပြီဆိုရင်တော့ ကပ္ပတိန်ရာအူးလ် ၁၅ မိနစ်ထက် ပိုမနေပါဘူး။ ပါလာတဲ့ ကုန်စည်တွေလည်း ဒီအချိန်အတွင်းမှာ ချပြီးပါပြီ။ ပြီးတာနဲ့ ကလေးတစ်အုပ်ကြီးကို ရှောင်ကွင်းပြီးတော့ လေယာဉ်တက်ဖို့ သူပြင်ပါတယ်။ ဒီလိုနေရာမျိုးမှာ ညဘက်ဆို ရင်တော့ သူမမောင်းပါဘူး။
“ကလေးတွေကဗျာ … အန္တရာယ်ကို မသိဘူး။ လေယာဉ်ပြေးလမ်းမှာ လျှောက်ပြေးဆော့နေတာပဲ။ လေယာဉ်ပတ်ပတ် လည်မှာ သူတို့တွေ ဝိုင်းနေတော့ ကျွန်တော့်မှာ သတိကြီးကြီးနဲ့ မောင်းရတယ်။” ကပ္ပတိန်ရာအူးလ်က ပြောပါတယ်။

ဗီလာဗစ်ဆန်ဆီယို အပြန် ခရီးကျတော့လည်း တစ်ခါတောအုပ်ကို ဖြတ်ပျံရပြန်ပြီ။ ခရီးသည်တွေကတော့ စိတ်မသက်မသာပါပဲ။
တကယ်လို့ ပျက်ကျခဲ့ရင်တော့ အသက်ရှင်ဖို့လမ်း အလွန်နည်းတယ်။ တောအုပ်ကိုနှစ်နာရီကြာ ဖြတ်ပျံပြီးတဲ့ အခါမှာတော့ ဗီလာဗစ်ဆန်ဆီယိုကို တောင်ခြေမှာ လှမ်းမြင်နေရပါပြီ။

ကပ္ပတိန် ရာအူးလ်မောင်းနေတဲ့ DC3 လို လေယာဉ်မျိုးတွေက တကယ့် ဂန္ဓဝင်တွေပါ။ လေထဲမှာ ပျံသန်းနေသေးတဲ့ အဲဒီလို လေယာဉ်မျိုးတွေ အစီးတစ်ရာလောက် ရှိနေပါသေးတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော်လောက်ကတည်းက စပြီးဆောက် လုပ်ခဲ့တဲ့ အမျိုးအစားတွေ ဖြစ်ပြီးတော့ စစ်ပွဲတွေ၊ အိုမင်းရင့်ရော်မှုတွေကို အံတုပြီးကျန်နေခဲ့တာ။
“စစ်အတွင်းကတော့ ပျံသန်းမှု မှတ်တမ်းတွေ လုပ်မထားနိုင်ခဲ့ကြဘူး။ ခရီးသည်တင် လေယာဉ်အဖြစ် စတင်ပျံသန်းပြေး ဆွဲတော့မှပဲ မှတ်တမ်းမှတ်ရာ စပြီးလုပ်ခဲ့ကြတာ။ ကျွန်တော့် အထင်တော့ ဒီသံပြားလေးမှာ ရေးထားတဲ့ အတိုင်း ၁၉၆၂ လို့ထင် တာပဲ။” ကပ္ပတိန်ရာအူးလ်က လေယာဉ် ဝမ်းတွင်း ကိုယ်ထည်တစ်နေရာက သံပြားလေးကို ပြပြီးပြောပါတယ်။

တကယ်တော့ ဒီလေယာဉ်ရဲ့သက်တမ်းကို ကပ္ပတိန်ရာအူးလ် ကိုယ်တိုင်မသိပါဘူး။ ဘယ်နေရာမှာမှလည်း ရေးထိုးထားခြင်း မရှိဘူး။ DC3 တွေကတော့ သူတို့သက်တမ်းနဲ့ သူတို့ရဲ့ အခြေအနေနဲ့ အမေဇုန်သစ်တောကို ဖြတ်သန်းပျံနိုင်တဲ့ အမျိုးအစားအ ချို့ထဲက တစ်မျိုးဖြစ်ပါတယ်။

ကိုလံဘီယာမှာတော့ ဒါမျိုး အစင်း ၃၀ ရှိပါသေးတယ်။ ဗီလာဗစ်ဆန်ဆီယို မှာတော့ ရှေးဟောင်းလေယာဉ်တွေ ကမ္ဘာပေါ်မှာ အများဆုံးပါပဲ။ တစ်ဝက်လောက်က အမြဲပြင်နေရတယ်။ ဟိုဆေးက မြေပြင်လေယာဉ်ပြင်ဆင်ရေးအလုပ်ရုံမှာ အလုပ်လုပ်တယ်။ ဆက်ဒယ်လ်ကာ လေကြောင်းပိုင်အမှတ် ၁၁၄၉ လေယာဉ်ကို လောလောဆယ်ပြင်ဆင်နေတယ်။ လေယာဉ်စက်ပြင်နှစ်ဦးရှိတဲ့ တစ်စီးတည်းသော လေယာဉ်ပါ။ လွန်ခဲ့တဲ့ ၁၈ လတုန်းက ဒီလေယာဉ်ပေါ်မှာပဲ သူလိုက်ပါသွားတဲ့ အချိန်လေယာဉ်က ဗီလာဗစ်ဆန်ဆီယိုကနေ ၅ ကီလိုမီတာအကွာလောက်မှာရှိတဲ့ စပါးခင်း ထဲအရေးပေါ်ဆင်းသက်ခဲ့ရတာနဲ့ ကြုံခဲ့ရတယ်။
“ဘယ်ဘက်အင်ဂျင် စလင်ဒါက ဒုက္ခပေးတာဗျာ။ ဆန့်ငင်ဆန့်ငင်ဖြစ်ပြီးတော့ အင်ဂျင်ရပ်သွားတယ်။ ကုန်တွေနဲ့ ခရီးသည် ၁၅ ယောက်ပါတယ်။ အရေးပေါ်ထွက်ပေါက်ကိုဖွင့်ပြီးတော့ ကုန်တွေကို ပစ်ချ။ နောက်အင်ဂျင်တစ်လုံးကိုတော့ ပိတ်ချ ပစ်လိုက်တယ်။ လေယာဉ်မှူးက စပါးကွင်းထဲဆင်းဖို့ ဆုံးဖြတ်လိုက်တယ်ဗျ ။”
“ကျွန်တော်တို့မြေပြင်ပေါ်ကို ရှောရှောရှုရှုတော့ရောက်သွားတယ်။ ဒါပေမယ့် ပန်ကာပျက်စီးသွားတယ်။ ဘီးနဲ့သူ့ အထိုင်တွေ ပြုတ်ထွက်သွားတယ်။ ကျွန်တော်တို့တော့ မသေဘူးပေါ့ဗျာ။” ဟိုဆေးက သူ့အတွေ့အကြုံကိုပြောပြပါတယ်။

အခု ပြင်နေရတာလည်း ဒီအင်ဂျင်ပဲ။
“အမေရိကန်မှာဆိုရင်တော့ဗျာ … ပန့်တစ်ခုလောက်ပျက်လည်း အင်ဂျင်တစ်လုံးလုံး ဖြုတ်လဲပစ်လိုက်တာပဲ။ ကိုလံဘီယာမှာတော့ ကျွန်တော်တို့က ဖြတ်လမ်းပဲ။ ဘယ်နေရာပျက်လဲ။ ပျက်တဲ့နေရာကိုလိုက်ပြင်တယ်။”

၁၁၄၉ ရဲ့ကပ္ပတိန် ဖာဟာဒိုကတော့ သူ့လေယာဉ်ပျက်တာကို ပေါ့ပေါ့ပါးပါးပဲပြောတယ်။
“ပုံမှန်ပြင်ဆင်ထိန်းသိမ်းခြင်းနဲ့ အင်ဂျင်ကို အနည်းငယ်မျှ သခြင်း” လို့ပဲ သူကပြောတယ်။
“ဘာမှ ကြီးကြီးကျယ်ကျယ်ဖြစ်တာ မဟုတ်ပါဘူး။” တဲ့။

ဒါပေမယ့် ပြင်ဆင်ချိန်က မျှော်လင့်ထားတာထက်ပိုကြာနေတော့ ခရီးသည်တွေလည်း စိတ်ပျက်လာပြီ။ ငါးနာရီကြာပြီးတဲ့နောက် မှာတော့ ခရီးစဉ်ဖျက်သိမ်းလိုက်ပါတော့တယ်။
“ပြဿနာက အမြဲဖြစ်နေတာပဲ။ တစ်ခုခုတော့ အမြဲချို့ယွင်းနေတာပဲ။ လွန်ခဲ့တဲ့ နှစ်ပတ်ကလည်း ဆက်ဒယ်ကာ လေကြောင်းက လေယာဉ် ပန်ကာကျိုးသေးတယ်။ ဒါနဲ့ လူတွေ အမေဇုံတောကြီးအလယ်မှာ တစ်ပတ်လောက်သောင်တင်နေ သေးတယ်။” ခရီးသည်အမျိုးသမီးနှစ်ဦးက မကျေမနပ်နဲ့ပြောနေတာပါ။

အဲဒီအချိန်မှာပဲ ကပ္ပတိန်ရာအူးလ်နဲ့ သူ့တွဲဘက် မာရီယာတို့လည်း မုန်တိုင်းအခြေအနေကြောင့် လေယာဉ်ထွက်ဖို့ မဖြစ်နိုင်ဘူး။ ဒီတော့ လေယာဉ်မထွက်ရင် ပိုက်ဆံမရဘူး။ ဒါကုမ္ပဏီရဲ့သတ်မှတ်ချက်ပဲ။
“လေယာဉ်မထွက်ရရင် ကျွန်တော်တို့လည်း ပိုက်ဆံမရဘူး။ ဒါကြောင့် လေထဲမှာရောက်နေလေလေ၊ ကောင်းလေလေ ပဲ။ ဒီလိုလေယာဉ်မထွက်နိုင်တဲ့ အခါမျိုး အလကားပဲ။ တစ်ပြားမှ မရဘူး။”ကပ္ပတိန်ရာအူးလ်ကပြောပါတယ်။

သူကဆက်ပြီးတော့ ကမ္ဘာမှာ သာမန်လေယာဉ်မှူးတွေထက် သူရတာကနည်းပြီးတော့ တာဝန်ကတော့ ပိုကြီးတယ်။ လေယာဉ် ထွက်ဖို့ အားလုံးဝိုင်းပြီးတော့ သူလည်းလုပ်ရတယ်၊ ခရီးသည်ရှာရတယ်။
“ခရီးစဉ်တွေကတော့ ရှယ်တွေချည်းပဲ။ ဘယ်နေ့ထွက်မယ်၊ ဘယ်အချိန်ထွက်မယ် ဆိုတဲ့ပျံသန်းမှုအစီအစဉ်ဇယား မရှိဘူး။ ကုန်ရဖို့၊ ခရီးသည်ရဖို့ပဲလိုတယ်။ ပြည့်ရင်ထွက်။ ဒါပဲ။ ”

ရာသီဥတုက ခန့်မှန်းရခက်နေပေမယ့် ကပ္ပတိန်ရာအူးလ်က ထွက်ဖို့ ဆုံးဖြတ်လိုက်တယ်။ မိုးရွာနေရင် မိုးရေတွေက ဓါတ်ဆီတိုင်ကီ ထဲကို ဝင်သွားနိုင်တယ်။ ဒါမျိုးဖြစ်ခဲ့ရင် ပျံနေရင်းနဲ့ လေယာဉ်ရပ်သွားတတ်တယ်။



လေယာဉ်မှူးနဲ့ ကုန်သည်ပွဲစား ပက်ဘလို တို့ လေယာဉ်ပေါ်တင်မယ့် ကုန်အတွက် ဈေးစကားပြောနေကြတယ်။ ပက်ဘလိုက ကုန်အလေးချိန်ကို ညာပြောတယ်။ ဒါပေမယ့် ကပ္ပတိန်ရာအူးလ်က ကုန်တွေ ချိန်တွယ်တာအသေအချာလိုက်ကြည့်နေတယ်။ သူ့လေယာဉ်ပေါ်ကို ၁.၅ တန်ထက်ပိုပြီးတော့မတင်ဘူး။
“ဒါ အန္တရာယ်ရှိတယ်။ ပြဿနာသေးသေးလေးကတောင် လေယာဉ်ကို ပျက်ကျသွားအောင်လုပ်နိုင်တယ်။”
“ဒါကြောင့်ကုန်အလေးချိန်ကို ကျွန်တော်တို့သေချာကြည့်ရတယ်။ တစ်ခုခုချွတ်ယွင်းသွားရင် အလေးချိန်ပိုနေတဲ့ကုန် တွေကိုကျွန်တော်တို့ ပစ်ချရတယ်။ ဒါမှလေယာဉ်က လိုရာကိုဆက်ပျံလို့ရမယ်။”

လေယာဉ်ဆီကိုလည်း အတတ်နိုင်ဆုံးလျှော့ထားရတယ်။ ဆီအများကြီးထည့်ထားရင် အရမ်းလေးနေမယ်။ ဆီနည်းသွားရင် လည်း ဆီပြတ်ပြီး အမေဇုန်ထဲကို ပျက်ကျသွားမယ်။
နောက်ထပ်ပျံသန်းရမယ့် နေရာတစ်ခုကတော့ ဗီလာဗစ်ဆန်ဆီယိုကနေ တစ်နာရီခွဲလောက်သွားရမယ့် မီရာဖလိုရက်စ် ဆိုတဲ့ မြို့ငယ်လေးပါ။ ကိုလံဘီယာတောအုပ် အလယ်က မြို့ငယ်လေးဖြစ်ပါတယ်။
အခုတော့ အဲဒီမြို့ကလေးက (Revolutionary Armed Forced of Colombia – FARC) လို့ခေါ်တဲ့ ကိုကင်းမှောင်ခိုကုန်ကူးတဲ့ သူပုန်တွေရဲ့ထိန်းချုပ်မှုအောက်ရောက်သွားပါပြီ။

ဗီလာဗစ်ဆန်ဆီယို မှာရှိတဲ့ ဆက်ဒယ်ကာလေယာဉ်ပြင်ရုံထဲမှာတော့ အမှတ် ၁၁၄၉ ကိုပြင်ပြီးသွားပါပြီ။ ဒါပေမယ့် အင်ဂျင်ကို တောင်ပံမှာပြန်လည်တပ်ဆင်ဖို့က နည်းနည်းခက်ခဲတဲ့ အပိုင်းဖြစ်နေပြန်တယ်။
ကပ္ပတိန် ဖာဟာဒိုက လေယာဉ်ကို စမ်းသပ်မောင်းနှင်ပါလိမ့်မယ်။ DC3 လေယာဉ်တွေကို သူမောင်းနှင်လာတာ ၇ နှစ်လောက် ရှိပြီ။ ဒီလေယာဉ်တွေအကြောင်းသူကောင်းကောင်းသိတယ်။ လွန်ခဲ့တဲ့ ၁၈ လတုန်းက လယ်ကွင်းထဲကို ပျက်ကျတုန်းက သူလည်းပါတာပေါ့။ အခုပြင်ဆင်ပြီးသွားတဲ့လေယာဉ်ကို မတက်ခင် သူအသေအချာစစ်ဆေးကြည့်ရှုနေပါတယ်။

ဘယ်ဘက်ခြမ်း အင်ဂျင်ကို အားလုံးက သတိထားကြည့်နေကြပါတယ်။ ရုတ်တရက် ညာဘက်အင်ဂျင်က ရပ်သွားပါတယ်။ လေယာဉ်ထဲကလူတွေနည်းနည်းတော့ တုန်တုန်လှုပ်လှုပ်ဖြစ်သွားပေမယ့် အင်ဂျင်တစ်လုံးတည်းနဲ့ပဲ ဆက်လက်ပျံနေပါတယ်။ အဲဒီနောက် လေယာဉ်မှူးက မြေပြင်ကို ဆင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။
“ကျွန်တော် ဆီပရက်ရှာကို စစ်ဆေးနေတာပါ။ ကောင်းပါတယ်။ နည်းနည်းတော့ကျနေတယ်။ ဒါပေမယ့် ပြင်လို့ရပါတယ်။” ကပ္ပတိန် ဖဟာဒိုကပြောပါတယ်။ ပြီးတော့ လေယာဉ်ကို တစ်ခါလေပေါ်မောင်းတက်သွားပြန်ပါတယ်။

ဗီလာဗစ်ဆန်ဆီယိုမှာ ကပ္ပတိန်ရာအူးလ်နဲ့ သူ့အဖွဲ့သားတွေ နောက်တစ်ကြိမ်ခရီးစဉ်အတွက် အသေအချာပြင်ဆင်နေကြပါ တယ်။ မုန်တိုင်းလည်း စဲသွားပါပြီ။ လေယာဉ်မှူးကတော့ သိပ်ပြီးကြည်ကြည်လင်လင်မရှိလှဘူး။ ကိုလံဘီယာမှာ အဆိုးဝါးဆုံးနဲ့ အန္တရာယ်အများဆုံး ပြေးလမ်းမှာသူဆင်းသက်ရမှာဖြစ်ပါတယ်။ ပြီးတော့ ဒါသူ့အတွက် ပထမဦးဆုံးအကြိမ်ဆင်းရမှာ။
“အစစအရာရာ ချောချောမွေ့မွေ့ဖြစ်အောင်လုပ်ရမှာ။ မြေပြင်မှာ ဘယ်နေရာကို ဘီးချမလဲဆိုတာ အတိအကျသိရမယ်။”
“တစ်ခုခုမှားယွင်းသွားလို့ကတော့ ပျက်ကျရင်ကျ၊ မကျရင် ပြေးလမ်းအပြင်ဘက်ကို လည်ထွက်သွားမယ်။ ပြေးလမ်းတစ်ဘက်မှာ ချောက်ကြီးရှိတယ်။” ကပ္ပတိန်ရာအူးလ်က စိတ်မသက်မသာဖြင့်ပြောပြသည်။

ပြေးလမ်းအဆုံးက ချောက်က ၈၀ မီတာ အနက်ရှိပါတယ်။ လေယာဉ်ပေါ်မှာတင်သွားရမှာက မီးလောင်ပေါက်ကွဲလွယ်တဲ့ လောင်စာဆီ လီတာ ၁,၈၀၀။ မီးပွားလေးတစ်ချက်၊ ရှော့လေးတစ်ချက်ဝင်တာနဲ့ အားလုံးပေါက်ကွဲသွားမယ်။
“တကယ်သွေးပျက်စရာပါပဲ။ အထူးသဖြင့် မြေပြင်ကို ဆင်းတဲ့ အခါမျိုးတွေမှာပေါ့။ ကျွန်မတို့ ပြေးလမ်းအပြင်ဘက်ထွက် သွားပြီး ဘရိတ်ကို ဆွဲထားတယ်။ ဘယ်ညာလျှောထွက်နေတယ်။ လေယာဉ်ကဆက်သွားနေတုန်း။ ဒါပေမယ့် ကျွန်မတို့ ဘာမှ မတတ်နိုင်ဘူး။” ကပ္ပတိန်ရာအူးလ်၏ တွဲဘက် မာရီယာကပြောပြသည်။

ဒါပေမယ့် အသေအချာ ပြောလို့ရတာကတော့ ကိုလံဘီယာ ရှေးဟောင်း DC3 လေယာဉ်ပျံ ကြီးတွေကို မောင်းနေရတဲ့ လေယာဉ်မှူး တွေကတော့ တစ်ချိန်ချိန်အထိ ဆက်မောင်းနေရ ဦးမှာပါ။

Source: Al Jazeera (Risking it all)

Wednesday, June 1, 2011

လိုတာ အကုန်လုံးယူ (သတင်းဆောင်းပါး)

အစ္စရေးကျူးကျော်အိမ်ယာများနှင့် လျှပ်စစ်လွှတ်ထားသော ခြံစည်းရိုး (Gallo/Getty)
၂၀၀၈ ခုနှစ်တွင် အိုဘားမားသမ္မတအဖြစ်အရွေးခံရန်မဲဆွယ်စဉ်က အစ္စရေးလိုလားသူများနဲ့ အစ္စရေးတို့ဆီက မဲများရရှိအောင် အမေရိကန်-အစ္စရေးလူထုရေးရာကော်မတီ (American Israel Public Affairs Committee – AIPAC) မှာမိန့်ခွန်းပြောကြား တုန်းက ဂျေရုစလင်ဟာ အစ္စရေးတို့ရဲ့မြို့တော်ပဲဖြစ်စေရ မယ်လို့ပြောကြားခဲ့ ပါတယ်။
သုံးနှစ်ကြာပြီးတဲ့နောက် အခုအခါ ၂၀၁၂ ရွေးကောက်ပွဲမှာပြန်အရွေးခံရအောင်လို့ စိတ်သိပ်မပါလှတဲ့ အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးကိစ္စမှာ အစ္စရေးတို့အလိုကျဖြစ်အောင်ထပ်မံပြောကြားလာပါတယ်။

AIPAC မှာနောက်ဆုံးပြောသွားတဲ့မိန့်ခွန်းအရ အိုဘာားမားက အစ္စရေးတို့နိုင်ငံရေးနဲ့ လုံခြုံရေးရည်မှန်းချက်များအတွက် အမေရိကန်က အခိုင်အမာရပ်တည်နေတဲ့အကြောင်း ကတိပေးခဲ့ပါတယ်။ သူ့မိန့်ခွန်းထဲမှာပါလက်စတိုင်းနိုင်ငံတော်ဖြစ်တည်မှုကို ငြင်းဆိုထား ပြီး နိုင်ငံတကာအဖွဲ့အစည်းတွေကို ချဉ်းကပ်ပြီးတော့ သူတို့ရဲ့ရပိုင်ခွင့်တွေကို ငြိမ်းချမ်းစွာတောင်းဆိုဖို့ကြိုးစား လာမယ့် ပါလက်စတိုင်းတို့ရဲ့ဘယ်လိုကြိုးစားမှုမျိုးမဆိုကိုလည်း ပိတ်ပင်တားဆီးသွားမယ်လို့ ပြောသွားပါတယ်။

ပါလက်စတိုင်းတို့ရဲ့ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ဆိုတာကို အိုဘားမားက ပါးစပ်ဖျားကလေးနဲ့သာ ပြောဆိုနေပြီး အစ္စရေးအကျိုး စီးပွားအတွက်တော့ အသေအချာကိုဆောင်ရွက်နေတယ်။ အထူးသဖြင့် အစ္စရေးတို့ရဲ့ လုံခြုံရေးက အရှေ့အလယ်ပိုင်းနဲ့ ပတ်သက်လို့အမေရိကန်နိုင်ငံခြားရေး မူဝါဒတွေထဲမှာ ထိပ်ဆုံးကရှိတယ်ဆိုတာကို ပြောပါတယ်။

နှစ်နိုင်ငံယှဉ်တွဲနေထိုင်ရေးမူဝါဒဆိုတာကို အမြှုပ်တစီစီထွက်အောင်ပြောနေတယ်။ ဒါပေမယ့် အစ္စရေးလုံခြုံရေးထိခိုက်မယ့် နယ်မြေကိစ္စတွေကိုတော့ ချန်လှပ်ထားခဲ့တယ်။
၁၉၆၇ ခုနှစ် အစိမ်းရောင်မျဉ်းလို့သတ်မှတ်ထားတဲ့ နယ်နိမိတ်ကိစ္စကိုပြောတာဟာလည်း အစ္စရေးတို့သိမ်းပိုက်ထားတဲ့ နယ်မြေ တွေကနေ အပြီးပြန်ဆုတ်ပေးလိုက်ဖို့ဆိုလိုတာမဟုတ်သလိုပါလက်စတိုင်းတို့ကိုလည်း ဂျေရုစလင်အရှေ့ဘက်အပါအဝင် အစိမ်းရောင်မျဉ်းအထိ အချုပ်အခြာ ပိုင်ဆိုင်တယ်လို့ ဆိုလိုတာလည်း မဟုတ်ပါဘူး။
စကားအသုံးအနှုန်းသုံးစွဲသွားတာကိုက ပါလက်စတိုင်းနိုင်ငံထူထောင်တဲ့နေရာမှာ “၁၉၆၇ ခုနှစ်နယ်နိမိတ်အပေါ်အခြခံစဉ်းစား ရမည်” ဆိုတာနဲ့ “၁၉၆၇ ခုနှစ်နယ်နိမိတ်အတိုင်း တည်ထောင်ရမည်” ဆိုတာ အတော်ကွာခြားပါတယ်။

ပထမအသုံးအနှုန်းကတော့ အစ္စရေးအတွက်နယ်မြေတွေဆက်လက်ထိန်းချုပ်ထားဖို့၊ လုံခြုံရေးအကြောင်းပြချက်နဲ့ ဆက်လက် တိုးချဲ့နိုင်ဖို့အထိ တာသွားစေပါတယ်။ သူကလည်းဒီအတိုင်းပဲပြောသွားပါတယ်။

သောကြာနေ့ကပြောသွားတဲ့ အစ္စရေးလိုလားကြောင်း အိုဘားမားမိန့်ခွန်းထဲမှာ ခပ်ပါးပါးလေးမြုပ်နေတဲ့နားလည်မှုလွဲနိုင်တဲ့ အချက်လေးတွေကို စိုးရိမ်ပုံရပါတယ်။ ၁၉၆၇ ခုနှစ်နယ်နိမိတ်ဆီပြန်သွားစရာမလိုဘူးဆိုတဲ့အကြောင်း ရှင်းရှင်းလင်းလင်း လုပ်သွားပါတယ်။
“မိန့်ခွန်းက အစ္စရေးနဲ့ပါလက်စတိုင်းတို့ ကိုယ်တိုင် ၁၉၆၀ ကျော်နှစ်များဆီက နယ်နိမိတ်အတိုင်း မဟုတ်ဘဲ ပြေလည် အောင်စေ့စပ်ညှိနှိုင်းကြဖို့ပါ။ လူဦးရေအပြောင်းအလဲအပါအဝင် လွန်ခဲ့တဲ့လေးဆယ့်ငါးနှစ်ကနဲ့မတူတော့တဲ့ အခြေအနေတွေ အတိုင်း အပြောင်းအလဲတွေကို လက်ခံဖို့ပါ။ ”

ပိုပြီးရှင်းရှင်းပြောရရင် ပါလက်စတိုင်းတို့ တရားဝင်နေနေတဲ့ မြေပေါ်မှာ လွန်ခဲ့တဲ့လေးဆယ့်ငါးနှစ်ကစလို့ အစ္စရေးတို့ တရားမဝင် နေထိုင်လာခြင်းကို တန်းတူထားပြောဆိုနေတာပါပဲ။ အခြေခံအားဖြင့်တော့ နိုင်ငံတကာဥပဒေအရဆိုရင် အစ္စရေးအခြေချတွေ ဟာ တရားမဝင်နေထိုင်သူတွေပါပဲ။ နောက်တော့သူတို့မြေဖြစ်သွားတယ်။
အစ္စရေးပါ-လက်စတိုင်းကိုပိုင်းခြားထားတဲ့ ၁၉၆၇ နယ်နိမိတ်ကိုကျော်ပြီး ပါလက်စတိုင်းမြေပေါ်ကို အစ္စရေးတို့ တဖြည်းဖြည်းချင်း ကျူးကျော်ဝင်ရောက်လာနေတယ်လို့ လူအများက လက်ခံလာကြပါပြီ။

အိုဘားမားရဲ့သောကြာနေ့မိန့်ခွန်းကတော့ အစ္စရေးရဲ့ တရားမဝင်နေထိုင်မှုကို တရားဝင်လာအောင်ပြောနေသလိုပါပဲ။ အစ္စရေးအတွက်အိုဘားမားပေးသွားတဲ့သတင်းစကားကတော့၂၀၀၅ခုနှစ်ကသမ္မတဘုရှ်ပြောသွားတဲ့ ပြဿနာများကို ဖြေရှင်းရာမှာ နောက်ဆုံးအစ္စရေးကသာ အခြေချဆောက်လုပ်ခွင့်အများအပြားနဲ့ ပြေလည်သွားစေရမယ်ဆိုတဲ့ စကားကိုသူက ဆက်လက်ထိန်းသိမ်းထားကြောင်းပြောသွားတာပါ။ အခြားတစ်ဘက်ကပြောမယ်ဆိုရင် အိုဘားမားပြောတဲ့ ပါလက်စတိုင်းရဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ဆိုတာ အစ္စရေးတို့ပြုသမျှနုဖို့သာဖြစ်ပါတယ်။

အရှေ့အလယ်ပိုင်းအရေးနဲ့ပတ်သက်လို့ AIPAC မှာပြောသွားတဲ့ မိန့်ခွန်းနဲ့ အရင်ပြောသွားတဲ့ မိန့်ခွန်းတွေက အာရပ်အုံကြွမှုတွေကို အိုဘားမားမြင်တာပဲလား၊ မမြင်ချင်ယောင်ဆောင်ပြောသွားတာပဲလားတော့ မသိဘူး။ အာရပ်တို့ရဲ့အုံကြွမှုက ဒေသတွင်း နိုင်ငံရေးချိန်ခွင်လျှာကို ပြောင်းလဲလိုက်ပြီဆိုတာ အစ္စရေးကနားလည်ထားရမယ်၊ အကျင့်ပျက်အာရပ် ခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းရေးမလုပ်ဘဲ အာရပ်လူထုနဲ့သာ ငြိမ်းချမ်းရေးလုပ်ဖို့နားလည်ထားရမယ် … လို့ပြောသွားတယ်။

တကယ်တော့ ပါလက်စတိုင်းအရေးဖြစ်လာတဲ့ အချိန်မှာ အိုဘားမားပြောနေတာက အာရပ်အုံကြွမှုမဖြစ်ခဲ့တဲ့ အတိုင်းပဲ။ အိုဘားမားအနေနဲ့ သတိရဖို့ကောင်းတာက အမေရိကန်ရဲ့ သစ္စာအရှိဆုံး အာရပ်မဟာမိတ်တွေတောင်မှ အမေရိကန်-အစ္စရေး တို့ချမှတ်ထားတဲ့ ပါလက်စတိုင်းနဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို ပေါ်ပေါ်တင်တင်မထောက်ခံရဲဘူးဆိုတာ။ ဒီလိုဆို ပါလက်စတိုင်း
လိုလားသူ သန်းချီသော အာရပ်တွေအတွက် ဒါကိုလက်ခံနိုင်စရာရှိပါဦးမလား။

ပါလက်စတိုင်းတို့ရဲ့အခွင့်အရေးများနဲ့ပတ်သက်ပြီးတော့ အမေရိကန်တို့ရဲ့ အပြောနဲ့ လက်တွေ့မညီတဲ့ ပြောဆိုမှုများလည်း အာရပ်အုံကြွမှုမှာ သက်ရောက်မှုရှိခဲ့ပုံရပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့အပြောင်းအလဲကိုတော့ အမေရိကန်တို့ ချဉ်းကပ် ဖန်တီးမှု မရှိသေးပါဘူး။
တစ်ဖန် အိုဘားမားက နေတန်ယာဟူးရဲ့တိုက်တွန်းမှုနဲ့ နိုင်ငံရေးမှာအင်အားသုံးခြိမ်းခြောက်ခဲ့ပါတယ်။ နေတန်ယာဟူးရဲ့ အဓိကရည်ရွယ်ချက်က ငြိမ်းချမ်းရေးအတွက် ဘယ်လိုဆောင်ရွက်မှုမျိုးမဆို အစ္စရေးရဲ့နယ်ပယ်ချဲ့ထွင်ရေးမူဝါဒကို မထိပါးရင် ပြီးတာပဲ။ သမ္မတကြီးရဲ့သိပ်အားမပါလှတဲ့ တောင်းဆိုချက်တွေကိုကြောက်လို့တော့ မဟုတ်ဘူး။

ဟုတ်ပါတယ်။ နေတန်ယာဟူးကလည်း ၁၉၆၇ ခုနှစ်နယ်နိမိတ်စည်းကို ကိုးကားပြီးတော့ဆွေးနွေးညှိနှိုင်းပြီးရရှိလာတဲ့ အဖြေကို လိုချင်မှာပါ။ ဘာကြောင့်လဲဆိုတော့ အစ္စရေးက လောလောဆယ်မှာ သူ့ရဲ့စစ်တပ်ကို အနာဂတ်နယ်နိမိတ်ဖြစ်လာမယ့် နေရာမှာ ချထားရေးအတွက် အလုပ်ရှုပ်နေတာပါ။ သူ့အနေနဲ့က အိုဘားမားရဲ့မိန့်ခွန်းထဲမှာပါတဲ့ အစ္စရေးလိုလားတဲ့ ပုံစံတွေကို အဓိပ္ပါယ် ကောက်မလွဲနိုင်ပါဘူး။

အမေရိကန်သမ္မတကြီးက မိန့်ခွန်းထဲကနေကောက်နှုတ်ပြီးတော့ အစ္စရေးရဲ့ အကျိုးစီးပွားနဲ့ လုံခြုံရေးလိုအပ်ချက်တွေအတွက် အပြည့်အဝဆောင်ရွက်ပေးသွားမယ်လို့ အသေအချာကြေငြာခဲ့သေးတာပဲ။
“ကျုပ်တို့နှစ်နိုင်ငံကြားစစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ ယခင်ကမကြုံဖူးတဲ့ အတိုင်းအတာအထိတိုးမြှင့်ဆောင်ရွက် ခဲ့တာပဲ။ ကျုပ်တို့ရဲ့ ခေတ်ရှေ့ပြေးနည်းပညာတွေကို မဟာမိတ်အစ္စရေးလည်းရရှိအောင်လုပ်ဆောင်နေတာပါ။”
“ဒါကြောင့် ဘဏ္ဍာရေးအကြပ်အတည်းကြုံတွေ့နေရတဲ့ ကာလမှာတောင် နိုင်ငံခြားစစ်ရေးအသုံးစားရိတ်ကို စံချိန်တင်သုံးစွဲခဲ့တာ ပါ။”

အိုဘားမားက အစ္စရေးကိုအမေရိကန်ရဲ့ ထောက်ခံမှုအပြည့်အဝပေးထားရုံတင်မဟုတ်ပါဘူး။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ ဥပဒေတွေအရ ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းဖို့ကြိုးစားလာမယ့် ပါလက်စတိုင်းရဲ့ဘယ်လိုကြိုးစားမှုမျိုးကိုမဆို ပိတ်ပင်တားဆီးပေးထားမယ်ဆိုတဲ့ ရှင်းလင်းတဲ့၊ ပိုပြီးတော့ ခိုင်မာတဲ့ရပ်တည်မှုနဲ့ အမေရိကန်ရဲ့ မူဝါဒကို ပြသခဲ့ပါတယ်။
“ကုလသမဂ္ဂမှာဖြစ်စေ၊ နိုင်ငံတကာအဖွဲ့အစည်းများမှာဖြစ်စေ အစ္စရေးကို ဖယ်ထုတ်ထားမယ့် ဘယ်လိုကြိုးစားမှုမျိုးကို မဆိုကျုပ်တို့ အမေရိကန်ပြည်ထောင်စုကလက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အစ္စရေးရဲ့တရားဝင် တည်ရှိမှုဟာ ငြင်းခုန်နေရမယ့်ကိစ္စမျိုးမဟုတ်ပါဘူး။” အစ္စရေးအတွက် အားကိုးယုံကြည်ထိုက်သော၊ အင်အားအရှိဆုံး ကျောထောက် နောက်ခံပေးမယ့်သူဖြစ်စေ့မယ်လို့ ကတိပေးခဲ့ပါတယ်။

ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ (PA) ရဲ့ကုလသမဂ္ဂမှာ ပါလက်စတိုင်းနိုင်ငံကို ၁၉၆၇ နယ်နိမိတ်အတိုင်း အသိအမှတ်ပြုပေးဖို့ တောင်းဆိုဖို့ လှုပ်ရှားမှုကိုလည်း အမေရိကန်က အစ္စရေးနဲ့အတူရပ်တည်ပြီးတော့ ကန့်ကွက်ပါတယ်။ အမေရိကန်က ပါလက်စတိုင်းအာဏာပိုင်အဖွဲ့နဲ့ တက်ကြွလှုပ်ရှားသူတွေကိုရော၊ ပါလက်စတိုင်းတွေကိုရော စစ်ကြေငြာမယ့် အနေအထား ရောက်နေပါပြီ။

အစ္စရေးရဲ့ကိုလိုနီပြုမှုကို ခံနေရတဲ့ပါလက်စတိုင်းတွေရဲ့ ငြိမ်းချမ်းတဲ့နည်းနဲ့ တရားဥပဒေဘောင်အတွင်းက လှုပ်ရှားမှုတွေကို အိုဘားမားက အရှက်မရှိထုချေပစ်ပါတော့မယ်။ ဒါပေမယ့် ပါလက်စတိုင်းနိုင်ငံဟာ အစ္စရေးကိုတရားမဝင်ဖြစ်အောင်ပြုလုပ်နေ တယ်လို့ ပြောပြီး၊ အစ္စရေးရဲ့ တကယ့်တရားမဝင် မူဝါဒတွေကိုတော့ အသိအမှတ်ပြုပြီး ပြောင်းပြန်ကျင့်ကြံနေပြန်ပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂတစ်ခုတည်းက အသိအမှတ်ပြုရုံနဲ့ ပါလက်စတိုင်းနိုင်ငံကိုတည်ထောင်လို့မရဘူး၊ လုပ်ထုံးလုပ်နည်းတွေ မှားနေတယ်လို့ပြောတယ်။ ဒီလိုဖြစ်သွားရင် အကြောင်းတရားအရ ဥပဒေကြောင်းအတိုင်းပြန်သွားရမယ်ဆိုရင် ဟိုယခင်က အစ္စရေးတို့ရဲ့ လုံခြုံရေးအတွက် စိတ်မချရတဲ့အနေအထားမျိုးပြန်ရောက်သွားမယ်။

ဒီလို ကုလသမဂ္ဂရဲ့အသိအမှတ်ပြုမှုမျိုးရှိသွားရင် ၁၉၆၇ ပါလက်စတိုင်းနယ်မြေအတိုင်းပြန်ပေးရလိမ့်မယ်။ အဲဒီအခါ အခု နယ်မြေကျော်ပြီးဆောက်လုပ်နေတဲ့ အစ္စရေးရဲ့ အဆောက်အဦတွေ ဖျက်ဆီးပစ်ရလိမ့်မယ်။ ဒီလိုမဟုတ်ရင်တော့ တရားဝင် အောင်လုပ်နေတာနဲ့ တူနေပြီးတော့ အမေရိကန်-အစ္စရေးလိုချင်တဲ့ပုံစံကို အစဉ်တည်တံ့အောင်ပြုလုပ်နေတာပါ။
ဒါပေမယ့် အိုဘားမားကလည်း ငြိမ်းချမ်းရေးအတွက် တကယ်မစွန့်စားသေးပါဘူး။ ဆယ်စုနှစ်တစ်လျှောက်လုံး အစ္စရေးတို့ ကျူးလွန်လာခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီးတော့ ကုလသမဂ္ဂမှာဆုံးဖြတ်ချက်ချသမျှ အမေရိကန်တို့က ဗီတိုသုံးပြီး ဖျက်ပေး နေရတဲ့ မူဝါဒကိုကိုင်စွဲထားခဲ့ရတယ်။ အခုလည်း အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေပတ်သက်တဲ့ ပဋိပက္ခတွေအပေါ် ဆွေးနွေးမှုအသစ်တွေလုပ်နေရတယ်။ ဒါကို အိုဘားမား နည်းနည်းတော့ထိတ်လန့်လာနေတယ်။

ဖာတာနဲ့ ဟားမတ်တို့ပြီးခဲ့တဲ့လက သဘောတူညီမှုရပြီးပြန်လည်ပေါင်းစည်းခဲ့တဲ့အပေါ် အိုဘားမားက ငြိမ်းချမ်းရေးအတွက် အတားအဆီးဖြစ်စေတဲ့ ပေါင်းစည်းမှုလို့ ကြေငြာခဲ့တာဟာ သိပ်တော့အံ့သြစရာမရှိဘူး။ နောက်ဆုံးတော့ အစ္စရေးလုံးဝလိုလားသူ တစ်ဦးဖြစ်တဲ့ အိုဘားမားအတွက် ပါလက်စတိုင်းပေါင်းစည်းမှုက ဘယ်လောက်ပဲကောင်းကောင်း၊ ဘယ်လိုပဲကြိုးစားကြိုးစား၊ အစ္စရေး အကျိုးစီးပွားကိုတော့ ဖြစ်ထွန်းစေမှာ မဟုတ်ဘူးလို့သာ သတ်မှတ်လိုက်မှာပဲ။ လုပ်လည်းလုပ်ခဲ့တဲ့၊ မှန်လည်းမှန်တဲ့ “သွေးခွဲသိမ်းပိုက်ရေး” နည်းစံနစ်ကျင့်သုံးနေမှုကြောင့်သာ နှစ်များစွာကြာတဲ့ အထိဘာမှ တိုးတက်မလာခဲ့တာပါ။

အိုဘားမားက ဟားမတ်ကို ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရမယ့် “ဘက်” အဖြစ်ရှုမြင်မပေးနိုင်ဘူးလို့ အကြိမ်ကြိမ်ပြောနေတာ အက်ကြောင်းထပ်နေရုံမျှမက၊ အစ္စရေးအစွန်းရောက်သူအဖြစ်နဲ့ ငြိမ်းချမ်းရေးအတွက် တကယ်စိတ်မပါသူအဖြစ်အမြင်မခံရဖို့ ဆင်ခြေပေးနေတာသာဖြစ်ပါတယ်။

ဘယ်သူတွေကမှ တကယ့်ကိုငြိမ်းချမ်းရေးအတွက်လက်ခံလို့မရတဲ့ သူတွေဆိုတာကို သိချင်ရင် အိုဘားမားလုပ်ရမှာက -
အစ္စရေးပါလီမန်မှာ ပြောဆိုဆွေးနွေးသမျှတွေကို အင်္ဂလိပ်စာသားနဲ့ ဘာသာပြန်ပြီးဖတ်ကြည့်လိုက်ရုံပါပဲ။ အဲဒီမှာ နိုင်ငံရေးသမား တွေက အာရပ်တွေကို တိရစ္ဆာန်တွေလို့ သုံးစွဲတာတွေ၊ ပါလက်စတိုင်းဆန့်ကျင်တဲ့၊ လူမျိုးရေးခွဲခြားတဲ့ အပြုအမူတွေ တွေ့ရပါ လိမ့်မယ်။

ဒါပေမယ့် မြေလွှဲပြောင်းရေးဆိုတဲ့ အစ္စရေးရဲ့မူဝါဒကို အိုဘားမားက အားပေးတယ်ဆိုရင် ပါလက်စတိုင်းလူ့အဖွဲ့အစည်းတစ်ခု လုံးရွှေ့ပြောင်းပေးပြီးတော့ လူဦးရေပြောင်းလဲမှု လို့ပဲနာမည်တပ်ပါလိမ့်မယ်။ ဒါဆိုရင် လက်ယာရောက်အစ္စရေးတွေရဲ့ လူမျိုးရေး စကားကြီးစကားကျယ်တွေနဲ့ ခြိမ်းခြောက်မှုတွေကို ဘာလို့ ဂရုစိုက်နေသေးလဲ။

သူ့နောက်ဆုံးမိန့်ခွန်းထဲမှာ မေလ ၁၅ ရက်နေ့ `နက္ကဘာနေ့` ဆန္ဒပြပွဲအကြောင်းအိုဘားမားထည့်မပြောခဲ့ပါဘူး။ ဒီဆန္ဒပြပွဲမှာ အစ္စရေးကစစ်တပ်က ဘယ်လိုတုံ့ပြန်ခဲ့လဲ။ သိတဲ့အတိုင်းပဲ … ။ လက်နက်မဲ့ဆန္ဒပြလူအုပ်ထဲကို အရမ်းပစ်ထည့်တာပါ။ ဒီလိုပစ်လိုက်တာ ဆီးရီးယား၊ လက်ဘနွန်နယ်စပ်မှာ အယောက် ၂၀ သေတယ်။
အိုဘားမားမိန့်ခွန်းထဲမှာ စိတ်ပျက်စရာအကောင်းဆုံးကတော့ အစ္စရေးရဲ့စကားတွေကို သူကပြောပေးနေတဲ့အပြင် ပိုပြီးချဲ့ကား ပေးတယ်၊ ပါလက်စတိုင်းတွေရဲ့ အခွင့်အရေးအားလုံးကို ငြင်းဆန်ပစ်လိုက်တယ်။

မိန့်ခွန်းနောက်ဆုံးမှာတော့ အစ္စရေးတို့ရဲ့သမိုင်းဟာ လွတ်မြောက်မှုအတွက်ရုန်းကန်ခဲ့ရတယ်ဆိုတာနဲ့ အဆုံးသတ်တာပါပဲ။
ဒါကို ၂၀၀၈ ခုနှစ် AIPAC မိန့်ခွန်းမှာတုန်းကတစ်ခါပြောခဲ့ဖူးပြီး အခုထပ်ပြောတာပါ။
အမေရိကန်သမ္မတကြီးက အစ္စရေးတို့ရဲ့ ဖိနှိပ်မှုတွေကို မမြင်ဘူး။ ပါလက်စတိုင်းတို့ရဲ့တရားဝင်မှုနဲ့ လွတ်မြောက်ရေးအတွက် ရုန်းကန်နေရတာ လည်းမမြင်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒါတွေကို မြင်လိုက်မယ်၊ လက်ခံလိုက်မယ်ဆိုရင် ဒုတိယသက်တမ်း ရွေးကောက်ပွဲမှာ ပြန်လည်အရွေးချယ်ခံရရေးကို ထိခိုက်သွားမယ်။

ဆောင်းပါးရှင် အရှေ့အလယ်ပိုင်းနှင့် ပါလက်စတိုင်းရေးရာ အကဲခတ် Lamis Andoni ဖြစ်သည်။
မူရင်းဆောင်းပါးခေါင်းစဉ် “Obama to Israel: Take whatever you want” ဖြစ်သည်။

Source: Al Jazeera

ဟမ်ဇာအယ်လ်ခါတိ အသက် ၁၃ နှစ် ၊ ညှဉ်းပန်းနှိပ်စက်ခံရ၍သေဆုံး (သတင်းဆောင်းပါး)







ဆီးရီးယားတောင်ပိုင်းဒေသမှာ မိုးတွေရွာရင် ဟမ်ဇာအယ်လ်ခါတိ သဘောကျတယ်။ မိုးရေတွေက လယ်ကွင်းတွေထဲမှာဖွေး နေတဲ့အခါ သူတို့ ကလေးတစ်သိုက် ခုန်ပေါက်မြူးတူးရေကူးကြရတာကို သဘောကျတယ်။
ဒါပမယ့် လွန်ခဲ့တဲ့နှစ်အနည်းငယ်ကစလို့ မိုးခေါင်လာတဲ့အတွက် သူတို့ဒီလိုမပျော်ကြရတာ ကြာပြီပေါ့။ ဟမ်ဇာရဲ့အသက်က ၁၃ နှစ်ပါ။
ဒီလိုရေကူးပျော်ရွှင်ဖို့ အခွင့်အရေးမရပေမယ့် သူကတော့ ခိုအိမ်တွေဆောက်၊ အိမ်ခေါင်မိုးပေါ်တက်ပြီး ဂျုံ၊ အာလူးတွေစိုက်တဲ့ ကွင်းပြင်တွေရဲ့အပေါ်မှာ ပျံဝဲနေတဲ့ငှက်တွေကို မော့ကြည့်ရင်းနေတတ်လေရဲ့။
သူကိုယ်တိုင်က ချမ်းသာတဲ့မိသားစုက မဟုတ်ပေမယ့် ဟမ်ဇာကသူ့ထက်နွမ်းပါးတဲ့သူတွေကိုတွေ့ရင် သနားတတ်သေးတယ်။ ဒီအကြောင်းကို သူ့ရဲ့ဝမ်းကွဲတစ်ယောက်က အယ်လ်ဂျာဇီယာကိုပြောပြတယ်။
“နွမ်းပါးတဲ့လူတွေကို ပေးကမ်းစွန့်ကြဲဖို့ သူ့မိဘတွေဆီမှာ မကြာခဏပူဆာလေ့ရှိတယ်။ ကျွန်တော်မှတ်မိသေးတယ်။ တစ်ခါကဆိုရင် လူတစ်ယောက်ကို ဆီးရီးယားငွေပေါင် ၁၀၀ (၂ ဒေါ်လာ) ပေးချင်တဲ့အကြောင်းသူ့မိဘတွေကိုပြောတယ်။ သူတို့တွေက ဒီငွေဟာ အရမ်းများတယ်လို့ပြောတော့ `ကျွန်တော့်မှာ အိပ်စရာရှိတယ်။ စားစရာရှိတယ်။ အဲဒီလူမှာတော့ ဘာမှ မရှိရှာဘူး။` သူကဒီလိုပြောပြီးတော့ ငွေ ၁၀၀ လောက်ပေးလိုက်ဖို့ ပူဆာတယ်။”

သမ္မတ ဘက်ရှာအယ်လ်အာဆက်ရဲ့ လုံခြုံရေးတွေလက်ထဲမှာတော့ ဟမ်ဇာအတွက် ညှာတာခြင်း၊ သနားခြင်းတွေ မရခဲ့ပါဘူး။ သူ့ရဲ့လူတစ်ယောက်ဆိုတဲ့ ဂုဏ်သိက္ခာရှိတဲ့ အဖြစ်ဟာလည်း ရိုက်နှက်ဖို့၊ မီးနဲ့တို့ဖို့၊ နှိပ်စက်ဖို့၊ စုတ်ပြတ်သတ်သွားအောင်လုပ်ဖို့ အသားစိုင်၊ အသားခဲတစ်ခဲအဖြစ်သာ ရောက်ရှိခဲ့ရပါတယ်။ နောက်ဆုံး အသက်ပျောက်ပြီး မအော်နိုင်တော့တဲ့ အထိပေါ့။

ဒါရားမြို့နဲ့ ၁၀ ကီလိုမီတာအဝေး ဆိုင်ဒါမြို့ဆန္ဒပြပွဲတစ်ခုမှာ ဧပြီ ၂၉ ရက်နေ့က ဖမ်းဆီးခံလိုက်ရပြီးတော့ ဟမ်ဇာရဲ့အလောင်းကို မေ ၂၄ ရက် အင်္ဂါနေ့မှာပြန်တွေ့ရတော့ မမှတ်မိနိုင်တော့လောက်အောင်ကို ရုပ်ပျက်ဆင်းပျက်ဖြစ်နေပါပြီ။ ကလေးဟာ ဆီးရီးယား ရဲတွေရဲ့လက်ထဲမှာ တစ်လနီးပါးထိန်းသိမ်းခံထားခဲ့ရပါတယ်။ နောက်ဆုံးအလောင်းကို ပြန်ပို့တဲ့ အခါမှာတော့ ရက်ရက်စက်စက်နှိပ်စက်ထားတဲ့ ဒဏ်ရာတွေဗရပွနဲ့။ တုတ်နဲ့ရိုက်ထားတဲ့ ဒဏ်ရာတွေ၊ အကွဲအပြဲရာတွေ၊ မီးလောင်ထားတဲ့ ဒဏ်ရာတွေက သူ့ရဲ့ ခြေထောက်၊ တံတောင်ဆစ်၊ မျက်နှာနဲ့ ဒူးခေါင်းတွေမှာ။ ဒီဒဏ်ရာတွေက လျှပ်စစ်နဲ့ရှော့ရိုက်ထားတဲ့ ဒဏ်ရာတွေ၊ ဝါယာကြိုးနဲ့ရိုက်ထားတဲ့ ဒဏ်ရာတွေဖြစ်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့မှတ်တမ်းများအရသိရပါတယ်။
သုံးလအတွင်း ဆန္ဒပြမှုတွေကို အကြမ်းဖက်ဖြိုခွင်းပြီးဖမ်းဆီးသွားတဲ့ လူတွေကို နှိပ်စက်ညှဉ်းပန်းရာမှာ အသုံးပြုတဲ့နည်းလမ်း တွေကို လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့တွေက မှတ်တမ်းတင်ထားတာပါ။

မျက်လုံးတွေက ဖူးယောင်နေပြီးတော့ကျည်ဆံရာလို့ယူဆရတဲ့ ဒဏ်ရာတွေလည်းတွေ့ရပါတယ်။ နံဘေးဘက်နှစ်ဘက်စလုံးမှာ လက်ကိုဖေါက်ပြီးဝင်သွားတဲ့ ကျည်ပေါက်ရာတွေတွေ့ရပြီးတော့ ကျည်ဆံက ဗိုက်သားထဲမှာမြုပ်နေပါတယ်။ ဟမ်ဇာရဲ့ ရင်ဘတ်မှာ မည်းတူးနေတဲ့ မီးလောင် ရာတွေ့ရတယ်။ လည်ပင်းက ကျိုးနေပြီးတော့ လိင်အင်္ဂါဖြတ်ခံထားရတယ်။
“လူ့အခွင့်အရေးကော်မတီတွေ ဘယ်မှာလဲ။ နိုင်ငံတကာရာဇဝတ်မှုတရားရုံးက ဘယ်မှာလဲ။” ယူကျုမှာတင်ထားတဲ့ ဗွီဒီယိုထဲမှာ လူတစ်ယောက်ရဲ့အော်သံကို ကြားရတာပါ။

“တစ်လလောက်သူ့မိသားစုတွေက သူဘယ်ရောက်နေမှန်းမသိရဘူး။ ဘယ်အချိန်ပြန်လွတ်လာမလဲလို့မျှော်နေတယ်။ နောက်ဆုံးတော့ အလောင်းပဲပြန်ပို့လိုက်တယ်။ ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေကို လေ့လာကြည့်ပါ။ အပြင်းအထန်ရက်ရက်စက်စက် ညှဉ်းပန်းထားတာပါ။”
“ဟမ်ဇာရဲ့အမေလာကြည့်တော့ သူ့ကို မျက်နှာလောက်ပဲပြကြပါတယ်။ သူ့အဖေကိုလည်း ကျွန်တော်တို့က မကြည့်ဖို့ ပြောပါတယ်။ ဒါပေမယ့် သူက စောင်ကိုဆွဲလှန်လိုက်ပြီးကြည့်လိုက်တော့ အလောင်းကိုမြင်လိုက်ရတဲ့ အချိန်မှာသူမေ့လဲသွား တယ်။ သူ့ကိုဝိုင်းဖေးကြတဲ့လူတွေနဲ့ ဗွီဒီယိုရိုက်ကြတဲ့လူတွေနဲ့ ရုန်းရင်းဆန်ခတ်ပါပဲ။”

ဧပြီလ ၉ ရက်နေ့ကို “ဒါရားမှာ ထိန်းချုပ်ထားမှုတွေ အဆုံးသတ်ရေးသောကြာနေ့” ဆိုပြီး ဆန္ဒပြသမားတွေက နာမည်ပေးပြီး လှုပ်ရှားကြတယ်။ ဟမ်ဇာကတော့ နိုင်ငံရေးအရတက်ကြွပြီးလိုက်ပါဆန္ဒပြတာမဟုတ်ဘူး။ ဒါပေမယ့် လူတိုင်းလိုလိုပဲ သွားကြ တော့ သူလည်းပါသွားပုံရတယ်။ မိသားစုဝင်တွေ ၊ သူငယ်ချင်းတွေနဲ့ ဆိုင်ဒါအနောက်မြောက် ဂျီးဇာ့က သူ့အိမ်နဲ့ ၁၂ ကီလိုမီတာ လောက်ဝေးတဲ့ လမ်းမတစ်ခုပေါ်မှာ လမ်းလျှောက်နေခဲ့ကြတယ်။ ဆိုင်ဒါအစွန်ကိုရောက်တယ် ဆိုရင်ပဲ စပြီးပစ်တော့တာပဲ။
“လူတွေသေတဲ့လူနဲ့ ဒဏ်ရာရတဲ့လူနဲ့။ အားလုံးရုန်းရင်းဆန်ခတ်ဖြစ်နေကြတော့ အဲဒီအချိန်မှာ ဟမ်ဇာဘယ်ရောက်သွား လဲ မသိလိုက်ဘူး။ သူပျောက်သွားတာပါပဲ။” ညီအစ်ကိုဝမ်းကွဲတော်သူက ပြောပါတယ်။

ဧပြီ ၂၉ ရက်နေ့က ဖမ်းဆီးခံရတဲ့သူ ၅၁ ယောက်ထဲမှာ ဟမ်ဇာပါသွားတာလို့ အဲဒီက ဒေသခံတက်ကြွလှုပ်ရှားသူတစ်ဦးက အယ်လ်ဂျာဇီယာကိုပြောပါတယ်။ ဖမ်းဆီးထိန်းသိမ်းထားသူ အတော်များများကို လေတပ်ထောက်လှမ်းရေးက ရက်ရက်စက်စက် ညှဉ်းပန်းတဲ့နည်းတွေသုံးပြီး နှိပ်စက်ကြောင်းလည်း သူကပြောပါတယ်။
“ထောင်ထဲကို ရောက်သွားတုန်းက အားလုံးအသက်ရှင်လျက်ဝင်သွားကြတာချည်းပဲ။ ဒါပေမယ့် ဒီအပတ်ထဲမှာပဲ နှိပ်စက်လို့သေသွားတဲ့ အလောင်း ၁၃ လောင်းကျွန်တော်တို့ပြန်ရပါတယ်။ လေတပ်ထောက်လှမ်းရေးက နှိပ်စက်တဲ့နေရာမှာ နာမည်ကြီးပါတယ်။ ဒီကောင်တွေက အရိုင်းအစိုင်းကောင်တွေပါ။ လာမယ့်နောက်နေ့တွေလည်း အလောင်း ၁၀ ကျော်လောက် ထပ်ထွက်လာဦးမယ်လို့ ကျွန်တော်တို့ ထင်နေတယ်။”

ဟမ်ဇာရဲ့ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ အလောင်းကိုရိုက်ပြထားတဲ့ ဗွီဒီယိုကို ပြန်လည်ချေပတဲ့အနေနဲ့ အစိုးရအကြိုက်လွှင့်တဲ့ တစ်ခုတည်းသော ပုဂ္ဂလိကပိုင်ရုပ်မြင်သံကြားဖြစ်တဲ့ အယ်လ်ဒူနီယာတီဗွီက ဒမားစကတ်မြို့ တစ်ရှ်ရီး စစ်ဆေးရုံမှ ဆရာဝန်တစ်ယောက်နဲ့တွေ့ဆုံမေးမြန်းခန်းလုပ်ခဲ့တယ်။ တစ်ရှ်ရီးမှာသေမှုစစ်လုပ်တဲ့ ဒေါက်တာ အက္ကရမ်အယ်လ်ရှားက ညှဉ်းပန်း နှိပ်စက်လို့ရတဲ့ ဒဏ်ရာတွေမဟုတ်၊ သဘာဝအတိုင်းသာရုပ်ပျက်သွားတာဖြစ်တယ် လို့ပြောသွားပါတယ်။

ဒါပေမယ့် ဒေါက်တာ ရှားရဲ့ပြောဆိုချက်အရ ဒါရားမှာဆန္ဒပြသူတွေကို ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်နေတယ်ဆိုတဲ့ အကြောင်း၊ အဲဒီမှာ သေကြေ၊ ဒဏ်ရာရသွားတဲ့လူတွေကို ဒမားစကတ်က လုံခြုံရေးဌာနတွေကို ပို့နေတယ်ဆိုတဲ့ အကြောင်း ဆီးရီးယားအစိုးရက ပထမဆုံး အကြိမ်အဖြစ် တရားဝင် ကြေငြာလိုက်သလိုပါပဲ။

အခုလအစောပိုင်းကပဲ ဒါရားမှာ စစ်တပ်က သတ်လို့သေသွားတဲ့ အလောင်း ၂၄၄ ကို တစ်ရှ်ရင်း စစ်ဆေးရုံကို ပို့ဆောင်လိုက်တဲ့ အကြောင်း လူ့အခွင့်အရေးလေ့လာရေး ဒမားစကတ်ဌာနက အစီရင်ခံထားပါတယ်။ အဲဒီမှာ သေသွားတဲ့လူတွေ၊ သေခါနီးဖြစ်နေ တဲ့ ဆန္ဒပြသူတွေကို ကုသပေးတဲ့အကြောင်း အယ်လ်ဂျာဇီယာက ပထမဦးဆုံး သတင်းတင်ပြခဲ့ပါတယ်။
ဟမ်ဇာဘယ်လိုဘယ်ပုံနဲ့သေဆုံးသွားရတယ်ဆိုကမ္ဘာကသိအောင် ဗွီဒီယိုရိုက်ယူပြီးတဲ့ အခါမှာတော့ နေရပ်ကဗလီမှာပဲ ထုံးတမ်းစဉ်လာဝတ်ပြုဆုတောင်းမှုတွေလုပ်ပြီး ဂျီဇာမှာ မြှုပ်နှံသင်္ဂြိုလ်လိုက်ပါတယ်။ ဈာပနအခမ်းအနားပြီးတဲ့အခါမှာတော့ ဂျီဇာလမ်းများပေါ်မှာ ကလေးတွေက ဟမ်ဇာရဲ့ဓါတ်ပုံကိုကိုင်၊ အသက် ၁၃ နှစ်ဖြစ်သူ ဟမ်ဇာသည် ရဲတို့၏ ညှဉ်းပန်းနှိပ်စက်မှု ကြောင့် သူရဲကောင်းပီပီသေဆုံးခဲ့ရသည် ဟူသောစာတမ်းပါ နဖူးစည်းပိတ်ကို လွှင့်ထူကာ လမ်းလျှောက်ခဲ့ကြပါတယ် ။

ဆီးယားအစိုးရက ပြည်ပသတင်းဌာနများကို ပိတ်ပင်ထားသဖြင့် ပြည်တွင်း အတွေ့အကြုံရှိသတင်းသမားများနှင့် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့တို့ ကရိုက်ယူထားသော ဟမ်ဇာဗွီဒီယိုတိပ်ခွေသည် အစစ်အမှန်ပင်ဖြစ်ကြောင်း သံသယရှိစရာမလိုပေ။

ဟမ်ဇာ၏ ဖခင်ဖြစ်သူ အလီအယ်လ်ခါတိကို ထောက်လှမ်းရေးတွေက လာပြီးခြိမ်းခြောက်ထားတာတောင်မှ စစ်တပ်နှင့်ရဲကို တရားစွဲလိုတယ်လို့ ဝမ်းကွဲညီအစ်ကိုတော်သူကပြောပါတယ်။
“ခင်ဗျားတို့ကြောင့် ဖြစ်ခဲ့တာတွေ တော်လောက်ပါပြီ။ တကယ်လို့ခင်ဗျားတို့ မီဒီယာကိုပြောပြမယ်ဆိုရင် ဘာတွေဖြစ်လာဦးမယ် ဆိုတာ ခင်ဗျား တို့သိပါတယ်။” လို့ထောက်လှမ်းရေးကခြိမ်းခြောက်ပြောဆိုသွားကြောင်း ဟမ်ဇာ့အမေက လှုပ်ရှားသူတွေကိုပြောပြပါတယ်။ အဲလိုပြောနေတဲ့ အချိန်မှာ သူ့ကိုကြည့်ရတာ အတော်ကြောက်လန့်တုန်လှုပ်နေပါတယ်။
အဖမ်းခံရပုံ၊ သေဆုံးရပုံတွေကိုတော့ အသေးစိတ်ထပ်မပြောတော့ပါဘူး။
စနေနေ့နေ့လည်ပိုင်းလောက်က ဟမ်ဇာ့ အဖေကို ခဏခေါ်သွားတယ်။ ဟမ်ဇာ့ကို ဆွန်နီအစွန်းရောက် ဆာလာဖစ်တွေက သတ်တာဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာတွေမှာပြောဆိုပေးဖို့ တောင်းဆိုပါတယ်။ အခုအုံကြွမှုတွေကိုလည်း ဆာလာဖစ်တွေက လုပ်နေတာလို့ အစိုးရက စွပ်စွဲထားတယ်။

“ရဲဌာနကို သူ့အဖေကိုသွားရတယ်။ ဟမ်ဇာသေဆုံးရခြင်းနဲ့ပတ်သက်ပြီးတော့ သူတို့ပြောချင်တာတွေပြောပြလို့ ရအောင်လို့ပါ။ သူ့ကိုတော့ ကောင်းကောင်းမွန်မွန်ပဲဆက်ဆံပါတယ်။”

ဆီးရီးယားထောင်တွေထဲက နှိပ်စက်ညှဉ်းပမ်းမှုတွေဟာ ကမ္ဘာမှာ အဆိုးဆုံးဆိုတဲ့စာရင်းထဲဝင်နေပြီး အခုဆိုရင် လူ့အခွင့်အရေး စောင့်ကြည့်ရေးသမားတွေကြောင့် ဒီအကြောင်းတွေ အတော်ပျံ့နှံ့နေပါပြီ။
“အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေနဲ့ လူမဆန်စွာညှဉ်းပမ်းနှိပ်စက်မှုတွေ ဖြစ်လာပြီဆိုရင် လူသားမျိုးနွယ်အပေါ်ကျူး လွန်တဲ့ ရာဇဝတ်မှုဖြစ်နေပါပြီ။ ဆီးရီးယားမှာ ဒီလိုအဖြစ်မျိုးတွေ ကျယ်ကျယ်ပြန့်ပြန့်နဲ့ စံနစ်တကျလုပ်ဆောင်နေတယ်ဆိုတာ ရှင်းရှင်းလင်းလင်းပေါ်လာပါပြီ။” အေဗား လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ ဒါရိုက်တာ ရစ်ကန်ပက်တယ်လ် ကပြောပါတယ်။

“အကြောက်တရားလွှမ်းမိုးသွားအောင် အကြမ်းဖက်မှုတွေကို အစီအစဉ်ရှိရှိနဲ့ လုပ်ဆောင်နေတာပါ။ ရက်ရက်စက်စက် ညှဉ်းပမ်းနှိပ်စက် သတ်ဖြတ်ထားတဲ့ အကြောင်းအရာတွေကို ဖုံးဖိမထားဘဲနဲ့ လူတွေသိအောင် တမင်ကြော်ငြာပြတာပါ။”

အာဏာပိုင်တွေမျှော်လင့်ထားတဲ့အတိုင်းလူတွေကြောက်ရွံ့ပြီးငြိမ်သက်သွားကြပါသလား … ။ ဟမ်ဇာ့ကို ရက်ရက်စက်စက် သတ်ဖြတ်ထားတဲ့ ဗွီဒီယိုကိုအွန်လိုင်းပေါ်တင်ပြီးနာရီပိုင်းအတွင်းမှာပဲ ဒါရားမြို့လမ်းမတွေပေါ်မှာ စစ်တပ်ကထိန်းချုပ်ထားတာကို အံတုပြီး ဟမ်ဇာအသတ်ခံရတဲ့ ကိစ္စကိုအမျက်ဒေါသဖြစ်နေတဲ့လူပေါင်း ရာနဲ့ချီပြီးတော့ဆန္ဒထွက်ပြခဲ့ကြပါတယ်။
“ဟမ်ဇာကိစ္စနဲ့ပတ်သက်ပြီးတော့ လူတွေဟာ တော်တော်ဒေါသဖြစ်နေကြပါတယ်။ ဒါဟာ ထောက်လှမ်းရေးတွေ၊ အာဏာပိုင်တွေက ရာဇဝတ်သားတွေဖြစ်ပြီး အပြောင်းအလဲလုပ်မယ်ဆိုတဲ့သူတို့ကို ယုံကြည်နိုင်စရာမရှိဘူးဆိုတာကို
နောက်ထပ်ပြသလိုက်တာပါပဲ။” ဒါရားတစ်ခွင်သွားလာခဲ့သော လှုပ်ရှားသူတစ်ဦးကပြောပြပါတယ်။

ဟမ်ဇာ့အလောင်းပြန်ရပြီး တစ်ပတ်အကြာတွင် “ကျွန်ုပ်တို့အားလုံးသည်ဟမ်ဇာအယ်လ် ခါတိဖြစ်သည်” ဟူသောခေါင်းစဉ်ဖြင့် Facebook စာမျက်နှာတစ်ခုထွက်ပေါ်လာရာ ပရိတ်သတ် ၆၀,၀၀၀ ကျော်တက်တယ်။ လွန်ခဲ့သောနှစ်က အီဂျစ်တွင် ခါလက် ဆာအိဒ်သေဆုံးမှုကိုအကြောင်းပြု၍ပေါ်ထွက်လာသော Facebook စာမျက်နှာအတိုင်းရည်ရွယ်၍ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ ယင်းအဖြစ်အပျက်ကြောင့် ကိုင်ရိုတွင်လူထုအုံကြွမှုပေါ်ပေါက်လာခဲ့ပြီး အစိုးရပြုတ်ကျခဲ့ပါတယ်။

ဆီးရီးယား အရှေ့မြောက်စွန်း ရာဇန်မူစတာဖာရှိ အတိုက်အခံ ကာဒစ်အနာဂတ်လှုပ်ရှားမှုအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ဟမ်ဇာဗွီဒီယိုကို သူတို့လည်းကြည့်ရကြောင်းဆိုပါတယ်။
“ဒီ ဗွီဒီယိုက ဆီးရီးယားတွေနဲ့ပဲဆိုင်တာမဟုတ်ဘူး။ တကမ္ဘာလုံးနဲ့လည်းဆိုင်ပါတယ်။ ဒါလက်ခံနိုင်စရာ၊ ခွင့်လွှတ်နိုင် စရာမရှိပါဘူး။ ကြောက်မက်ဖွယ်နှိပ်စက်ပြနေတာတွေက လူတွေကြောက်ပြီး ဆန္ဒပြတောင်းဆိုနေတာတွေရပ်တန့်သွားအောင် လို့ပါ။” ဒါပေမယ့် ဒီလိုရက်စက်ပြလိုက်တဲ့အတွက် လူတွေပိုထွက်လာတာပါပဲ။

“လမ်းပေါ်ကိုလူတွေပိုထွက်ကုန်ပါပြီ။ သူတို့ဒီကိစ္စကို ငြင်းနေပေမယ့် ဒီကလေးအသတ်ခံရမှုနဲ့ပတ်သက်ပြီး ဆီးရီးယား ထောက်လှမ်းရေးတွေမှာ လုံးဝတာဝန်ရှိတယ်လို့ပဲ ကျွန်တော်တို့သတ်မှတ်ထားတယ်။”

အချို့တုံ့ပြန်မှုတွေကတော့ စကားလုံးနဲ့တောင်ဖေါ်ပြနိုင်စွမ်းမရှိပါဘူး။ ဟမ်ဇာ့အဖေက အသက် ၆၅ ရှိပြီး မိန်းမနှစ်ယောက်နဲ့ ကလေးအယောက် ၂၀ ရှိပေမယ့် ဟမ်ဇာကို ဆုံးရှုံးရတာဟာ သူ့အတွက်တော့ တစ်ဦးတည်းသောသေဆုံးသွားရတာနဲ့ မခြားပါ ဘူး။
“ဘယ်လိုမိဘမျိုးမဆို ကိုယ့်သားသမီးအဖြစ်ဆိုးနဲ့ သေရတာကို မြင်ရရင် ဘယ်လိုခံစားရမလဲ။”
“ဟမ်ဇာ့အဖေ ငိုတာ သူ့တစ်သက်တစ်ခါမှမတွေ့ဖူးဘူး။ အခုတော့ သူ့မျက်လုံးမှာ မျက်ရည်တွေပဲပြည့်လျှံနေတယ်။”
ဟမ်ဇာ့ညီအစ်ကို ဝမ်းကွဲက ပြောပြခဲ့ပါတယ်။

Source: Al Jazeera

Friday, May 20, 2011

အယ်လ်ဂျာဇီရား သတင်းထောက်၏ ဆီးရီးယားအတွေ့အကြုံ


အယ်ဂျာဇီးရား သတင်းထောက် ဒေါ်ရသီ ပါဗက်ဇ် ပြန်လည် လွတ်မြောက် လာခဲ့ပါပြီ။ သူမဟာ ဆီးရီးယား နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲကို သွားရောက်သတင်းယူရာမှာ အဖမ်းဆီး ခံခဲ့ရခြင်းဖြစ်ပါတယ်။ စုစုပေါင်း ၁၉ ရက်ကြာမြင့်ခဲ့ပါတယ်။

သူ့ရဲ့ အတွေ့ အကြုံကို အောက်ပါ အတိုင်း ပြန်လည် ပြောပြပါတယ် … ။

သွေးကွက်ငယ် နှစ်ခုပေါ်မှာ ကျွန်မ မတ်တတ်ရပ်ပြီး ဆီးရီးယား လူမျိုးခုနှစ်ယောက်ကကျွန်မကို ဘာကြောင့် အော်ဟစ်နေကြတာလဲ ဆိုတာကို စဉ်းစားနေမိပါတယ်။ အဲဒီထဲက တစ်ယောက်ကိုတော့ နောက်ပိုင်းမှာ “ဦးတိတ်စမ်း” လို့ ကျွန်မ နာမည်ပေးလိုက်ပါ တယ်။ ဆီးရီးယား လူမျိုး အများအပြားကို ထိန်းသိမ်းထားရာ အဲဒီအချုပ်မှာကျွန်မကို သုံးရက်တာ ထိန်းသိမ်းထားရာမှာ အင်္ဂလိပ်လို

“တိတ်စမ်း” “တိတ်စမ်း” လို့ မကြာခဏ အော်ငေါက်တဲ့ အတွက်ပါ။

ကျွန်မရဲ့ အိတ်ကို ရှာဖွေနေကြတာကို ကြည့်နေရင်း အခန်းအလယ် စာရေးစာပွဲနောက်က အိပ်စင်ပေါ်မှာချိတ်ဆွဲထားတဲ့ လက်ထိပ်တစ်စုံကို စူးစမ်းကြည့်ရှုနေမိပါတယ်။ ကျွန်မကိုတော့ ဖမ်းပြီလို့တွက်လိုက်တယ်။ အနည်းဆုံးတော့ ထိန်းသိမ်းထား မယ့်အဆင့်ပေါ့။

“ရှင်တို့ဘာကြောင့်ဒီလိုလုပ်တာလဲ … ” ကျွန်မကမေးလိုက်တဲ့ အခါမှာတော့

“တိတ်စမ်း … ။ တိတ် ……. စမ်း။” လို့  ဦးတိတ်စမ်းက အော်ပါတယ်။



… … … … … … … … … … … …





အဲဒီနေရာကိုရောက်လို့သိပ်မကြာခင်မှာပဲ လက်နက်ကိုင်လူနှစ်ယောက်က ကျွန်မကိုဟိုဘက်ဒီဘက်ညှပ်ပြီး ဆံပင်ကနေဆွဲ ခေါ်သွားပါတယ်။ ကျွန်မနေတဲ့ ဟိုတယ်ကိုပို့ပေးမယ်လို့ပြောပါတယ်။ ဒါပေမယ့် အရပ်ဝတ်နဲ့ လုံခြုံရေးဝန်ထမ်းတွေက ကျွန်မနေတဲ့နေရာကို ကိုယ်တိုင်ကိုယ်ကျလိုက်ပို့ပေးမယ်ဆိုတာကတော့ မဖြစ်နိုင်ဘူးဆိုတာ သိပြီးသားပါ။

ကျွန်မ မျက်နှာကို အဝတ်စည်းပြီးခေါ်သွားဖို့ကြိုးစားပေမယ့် ကျွန်မငြင်းဆန်နိုင်ခဲ့ပါတယ်။ ကျွန်မကိုပစ်သတ်ဖို့ဆိုရင် တော့ဒီလို မျက်နှာကိုအဝတ်စည်းပေးဖို့မလိုဘူးဆိုတာတော့ တွေးမိတယ်။

မိနစ်နှစ်ဆယ်လောက်ကြာတဲ့အခါ အဝေးပြေးလမ်းမကြီးကိုရောက်ပြီး စစ်ဆေးရေးဂိတ်နှစ်ခုကို ဖြတ်ခဲ့ပါတယ်။

အဲဒီနေရာတွေကိုရောက်ရင် လက်သရမ်းတဲ့ကျွန်မရဲ့ဘယ်ဘက်က လူက ကျွန်မမျက်လုံးတွေကို ကျွန်မရဲ့ ပဝါနဲ့အုပ်ထားပါ တယ်။ လက်နက်ကိုင်အစောင့်တွေက ဂိတ်တံခါးကိုဖွင့်ပေးပြီး စစ်တပ်ဝင်းတစ်ခုလို့ထင်ရတဲ့အထဲကိုဝင်သွားပါတယ်။

အဲဒီမှာ အရပ်ဝတ်အရပ်စားနဲ့ လူတွေ ဒါဇင်ပေါင်းများစွာရှိပြီး ခေါင်းတွေကို ပတ်တီးနဲ့စည်းထားကြပါတယ်။ အဓိကရုဏ်း အရှိန် မြင့်မားနေတယ်ဆိုတဲ့ သင်္ကေတပါပဲ။

ဂွါတာနာမိုအသေးစားပါ။ အဲဒီနေရာက အစိုးရကိုဆန့်ကျင်ဆန္ဒပြသူတွေရော၊ ဘေးကရပ်ကြည့်နေသူတွေကိုပါ သိမ်းကြုံးဖမ်း ဆီးလာပြီးတော့ထားတဲ့နေရာတွေထဲက တစ်ခုဖြစ်နိုင်ပါတယ်။ ကျွန်မလည်းအခုရောက်လာပါပြီ။ ကျွန်မရဲ့ခရီးဆောင်အိတ်ထဲက ဂြိုလ်တုဖုန်းတစ်လုံးနဲ့ အင်တာနက်ချိတ်တဲ့ ကိရိယာတစ်ခုကိုတွေ့ရှိသွားခဲ့လို့ပါ။ အမှန်တော့ ဒါတွေဟာ ဈေးကွက်မှာလူတိုင်း ဝယ်သုံးလို့ရပြီး ဘာမှအထူးပြုလုပ်ထားတဲ့ပစ္စည်းတွေ မဟုတ်တဲ့ အပြင် ဆက်သွယ်ရေး မကောင်းတဲ့နေရာတွေကို ခရီးသွားမယ်ဆိုရင် လိုအပ်တဲ့ ပစ္စည်းတွေပါပဲ။

ဒါတွေကို အခုတော့ သံသယအဖြစ်ခံရတယ်။ နောက်တော့ အမေရိကန်ပတ်စ်ပို့။ အယ်လ်ဂျာဇီရားက စေလွှတ်ခြင်းဖြစ် ကြောင်းအထောက်အထားလည်း အဲဒီမှာရေးထားပြီးသားပါ။ ထောက်လှမ်းရေးတွေက ကျွန်မဘယ်သူဖြစ်တယ်ဆိုတာကို ပြော ပြလို့ကိုမရဘူး။ ပိုဆိုးတာက အစ္စရေးအတွက်အလုပ်လုပ်ပေးနေတဲ့ အမေရိကန်စပိုင်ဖြစ်ဖြစ်၊ အယ်လ်ဂျာဇီရားသတင်းထောက်ပဲ ဖြစ်ဖြစ် သူတို့အဖို့တော့ အတူတူပဲသတ်မှတ်ထားတော့ခက်နေတယ်။

မျက်နှာကို အဝတ်နဲ့စည်းပြီးတော့ ပထဆုံးအချုပ်ခန်းကိုကျွန်မကိုခေါ်လာတယ်။ အလျားခြေငါးလှမ်းစာ၊ အကျယ်သုံး လှမ်းစာလောက်ပဲရှိတဲ့ အခန်းကျဉ်းလေးတစ်ခုပါ။ ကြမ်းပြင်ပေါ်မှာတော့ ခပ်စုတ်စုတ်အညိုရောင်စောင်တစ်ထည်ခင်းထားပြီး အဲဒီအပေါ်မှာ ငိုရလွန်းလို့မျက်နှာဖေါင်းအစ်နေတဲ့ မိန်းမငယ်တစ်ယောက်ထိုင်နေတယ်။ သူ့အသက်က ၂၅ နှစ်ရှိပြီး ဒမတ်စကတ် မြို့ကဖြစ်ကြောင်းနဲ့ ဒီကိုရောက်နေတာ လေးရက်ရှိပြီဖြစ်တဲ့ အကြောင်းပြောပြပါတယ်။ သူ့ကိုဘာဖြစ်လို့ ဆီးရီးယားထောက် လှမ်းရေးတွေက ဒီကိုဖမ်းခေါ်လာခဲ့တာလဲမသိဘူးလို့လည်းပြောတယ်။ သူက အဝတ်အထည်စတိုးဆိုင်က အရောင်းသမတစ်ဦး သာဖြစ်ပြီး ဖုန်းပြောနေတုန်း ကားပေါ်ဖမ်းတင်ကာ မျက်နှာကို အဝတ်စည်းပြီး ခေါ်လာတာခံခဲ့ရတယ်လို့ဆိုပါတယ်။ သူဘယ်မှာရောက်နေမှန်းမသိသလို ဘယ်လောက်ကြာကြာနေရဦးမယ်ဆိုတာလည်း မသိဘူးလို့ဆိုပါတယ်။ မိသားစုနဲ့ လည်းဆက်သွယ်ခွင့်မရပါဘူး။ ကျွန်မတို့ရဲ့မျက်လုံးများက နံရံပေါ်က အရင်နေသွားတဲ့လူတစ်ယောက်ယောက်ဆွဲသွားတဲ့ တစ်လစာ ပြက္ခဒိန်ဆီကိုရောက်သွားပြီး သူမဘယ်လောက် ကြာကြာဒီမှာနေရဦးမယ်ဆိုတာ စဉ်းစားရင်း စကားမပြောဘဲ အကြည့်ချင်းဆုံကြပါတယ်။

လူတစ်ယောက်က နှစ်ခါလောက်အချုပ်ခန်းရှေ့လာပြီးတော့မှ ကျွန်မကို မျက်နှာအဝတ်စည်း၊ လက်ထိပ်ခတ်ပြီး တရားရုံးလို့ထင်ရတဲ့နေရာတစ်ခုကိုခေါ်သွားပါတယ်။ သူကကျွန်မကို နံရံကိုမျက်နှာမူမတ်တတ်ရပ်ခိုင်းထားပြီးတော့ အဲဒီအတိုင်းပဲ နေဖို့ပြောပါတယ်။ ကျွန်မအဲဒီလိုနေနေတဲ့ အချိန်မှာပဲ စစ်ဆေးမေးမြန်း၊ ရိုက်နှက်နေတဲ့ အသံနှစ်ခုကိုကြားရပြီး တော့ တစ်ခုချင်းစီက ကျွန်မနဲ့ ဆယ်မီတာအဝေးလောက်စီမှာရှိတယ်လို့ ထင်ရပါတယ်။


ရိုက်နှက်တာတွေက အင်မတန်ပြင်းထန်ပါတယ်။ အရိုက်ခံရတဲ့လူတွေကတော့ ကြောက်ခမန်းလိလိအော်သံကြီးတွေနဲ့

(Wallahi)“ဘုရားကို ကျိန်ပြီးပြောပါတယ်။” (La! La!) “မဟုတ်ရပါဘူး” ဆိုတဲ့ အသံတွေကြားနေရပါတယ်။

ကျွန်မအဲဒီမှာရပ်နေရတာ တစ်သက်လောက်ကြာတယ်လို့ထင်ရပါတယ်။ နောက်တော့ လူတစ်ယောက်လာပါတယ်။



“မင်းက ဘယ်သူ့အတွက်အလုပ်လုပ်နေတာလဲ”

“အယ်လ်ဂျာဇီရား အွန်လိုင်း”

“တစ်ယောက်တည်းပဲလား”

“တစ်ယောက်တည်းပါ”



ကျွန်မကိုနောက်ထပ်အချုပ်ခန်းတစ်ခုဆီကို ခေါ်သွားပြန်ပါတယ်။ ဒီအခန်းထဲမှာတော့ နံရံပေါ်မှာသွေးတွေပေကျံနေတာ တွေ့ရပါတယ်။ သွေးမရှိဘူးလို့ထင်ရတဲ့ အခန်းထောင့်တစ်ခုမှာကျွန်မ ထိုင်နေလိုက်ပါတယ်။ သန်းခေါင်အချိန်လောက်မှာ နောက်တစ်ခါလာခေါ်ပြန်ပါတယ်။ တစ်ခါလက်ထိပ်ခတ်ပြန်ပါတယ်။ မျက်နှာကို အဝတ်မစည်းခင်မှာ မြင်လိုက်ရတာက လူသွား စင်္ကြံအပြင်ဘက်က အပူပေးစက်နဲ့တွဲပြီးတော့အသက်နှစ်ဆယ်လောက်ရှိတဲ့ လူငယ်လေးတစ်ဦးကိုသံကြိုးခတ်ထားပါတယ်။

သူ့ဒူးခေါင်းပေါ်မှာ ရုံးသုံးစာရွက်တစ်ရွက်ရှိပြီးတော့ ဘောလ်ပင်ကိုတောင်မကိုင်နိုင်လောက်အောင် တုန်တုန်ရီရီဖြစ်နေပါတယ်။ တစ်စုံတစ်ခုဝန်ခံချက်ရေးပေးဖို့ဖြစ်ပုံရပါတယ်။

အဲဒီအချိန်မှာပဲ အပြင်ဘက်က ရိုက်နှက်သံတွေနဲ့ အော်ဟစ်သံတွေထွက်လာပြန်ပါတယ်။ ကျွန်မကိုကြောင်လိမ်လှေ ကားအတိုင်းခေါ်လာပါတယ်။ အဲဒီနောက်ကျွန်မကို စစ်ဆေးဖို့စောင့်ဆိုင်းနေတဲ့ ရုံးခန်းဆီကိုရောက်ပါတယ်။ ကျွန်မမျက်နှာကို စည်းထားတဲ့ အဝတ်ကို ဖြုတ်ပေးဖို့ ကျွန်မသူ့ကိုပြောပါတယ်။ သူ့ကို ဖိုင်းရက်စ် လို့ပဲခေါ်ကြပါစို့။ သူလိုတဲ့အခါယဉ်ယဉ်ကျေး ကျေးဆက်ဆံတတ်ပါတယ်။ အိပ်ယာတစ်ခု၊ အာလူးတွေထည့်ထားတဲ့ ခြင်းတွေနဲ့ ရေခဲသေတ္တာတစ်လုံးလည်းရှိနေတဲ့ အခန်းထဲမှာ အခုလို စစ်ဆေးမေးမြန်းရတဲ့အတွက် သူကတောင် တောင်းပန်နေသေးတယ်။

“အခုရက်တွေအတွင်း ကျွန်တော်တို့ အလုပ်ရှုပ်နေလို့ပါ။” တဲ့။

တိုင်းရင်းသားလူမျိုးစုသေးသေးလေးရဲ့ ပြဿနာဆိုရင် ထောက်လှမ်းရေးတွေအနေနဲ့ ဘာကြောင့် ဒီလောက်အလုပ်ရှုပ် စရာရှိလဲလို့ ကျွန်မမေးလိုက်ချင်တယ်။ ဒါပေမယ့် အခုချိန်က ဒီလိုအနာပေါ်တုတ်ကျတဲ့စကားမျိုးပြောဖို့ အချိန်မဟုတ်သေးဘူး လေ။ ဒီလူကတော့ အင်္ဂလိပ်စကားကိုကောင်းကောင်းပြောတတ်ပါတယ်။ ကျွန်မကိုသူလျှိုလို့လည်းယူဆထားပုံရတယ်။

နောက်တော့ အယ်လ်ဂျာဇီရားအကြောင်းပြောပါတယ်။ အယ်ဂျာဇီရားသတင်းဌာနကိုလူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့ တစ်ခုလိုသဘောထားပြီးပြောနေတာပါ။ အယ်ဂျာဇီယာဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ ဆီးရီးယားကြားမှာ ကြီးမားတဲ့ ပြဿနာကြီးတွေဖန်တီး နေတယ်လို့ သူက ဆိုပါတယ်။

ကျွန်မကို လေးနာရီကြာမေးမြန်းစစ်ဆေးအပြီးမှာ နောက်ထပ်အခန်းတစ်ခုကိုပို့ပြန်ပါတယ်။ ဒီအခန်းကတော့ အသုံးမပြု တာကြာပြီဖြစ်တဲ့ ရုံးခန်းဟောင်းတစ်ခုဖြစ်ပြီး ကြောက်ရွံ့နေတဲ့ ကောင်မလေးတစ်ယောက် တန်းလျားရှည်ပေါ်တစ်လုံးပေါ်မှာ အိပ်နေပါတယ်။

နောက်နေ့မနက်မှာတော့ ကျွန်မရဲ့ အခန်းဖေါ်အသစ်နဲ့ ကျွန်မ ခင်မင်သွားကြပါတယ်။ တစ်ယောက်အကြောင်းတစ် ယောက်အသေးစိတ် ပြောစရာမလိုဘူးလို့ သတ်မှတ်ထားသလိုပဲ သူနဲ့ ကျွန်မဘာမှ များများစားစားမပြောဖြစ်ကြပါဘူး။ သူလည်း ဒီလိုပါပဲ လမ်းပေါ်ကနေဘာမှန်းညာမှန်းမသိဘဲ ကောက်ပြီး အဖမ်းခံလာခဲ့ရတာ။

ကျွန်မနဲ့တွေ့တဲ့ အချိန်မှာတော့ သူအဲဒီကိုရောက်နေတာ ရှစ်ရက်ရှိပြီဖြစ်ပြီး ဖျားနေတဲ့ပုံပေါက်နေပါတယ်။ တစ်နေ့ကို အစာသုံးကြိမ်ကျွေးပါတယ်။ အစားအသောက်တွေက သိုးနံ့ထွက်နေပြီးတော့ ကြုံရာကျပန်းပါပဲ။ အံထွက်ချင်လောက်အောင်ကို အနံ့က ပုတ်တာပါ။ ဒါပေမယ့် သူဆာလွန်းတော့လည်း မရပ်မနားစားပစ်လိုက်တာပါပဲ။

ဆရာဝန်တစ်ယောက်ရှိပါတယ်။ သူ့နောက်မှာ “ခေါင်းဆောင် အာဆက်” လို့ရေးထားတဲ့ စာတန်းတစ်ခုရှိပါတယ်။ ဒါပေမယ့် ဆရာဝန်နဲ့တွေ့ဖို့လည်း မိန်းကလေးက ကြောက်နေတာပါပဲ။

နေ့တိုင်းနီးပါးပါပဲ။ လူငယ်တွေကို အပြင်းအထန်ရိုက်နှက်မေးမြန်းစစ်ကြောနေတဲ့ အသံတွေကို နားထောင်ရင်း အချိန်တွေ ကုန်လွန်ခဲ့ရတာ။ တစ်ခါတစ်လေ အရိုးတွေကျိုးကြေထွက်သွားမလားထင်ရအောင်တင်းကြပ်နေအောင်ချည်နှောင် ထားသေးတယ်။ ဒါတွေက ကျွန်မတို့ရဲ့ ရေချိုးခန်းပြူတင်းက မြင်နေရတာပါ။ (ရေချိုးခန်းက ရေမရှိတဲ့ ရေချိုးခန်းပါ။ ရေပိုက်ခေါင်းတစ်ခုနဲ့ အောက်မှာ ရေဆိုးရေပုတ်တွေ ၁၀ စင်တီမီတာလောက်တက်နေတဲ့ လက်ဆေးကန်ပဲရှိတယ်။)

တစ်ခုသောနေ့လည်ဘက်မှာတော့ ပြင်းပြင်းထန်ထန်ရိုက်နှက်နေတဲ့ အသံတွေကိုကြားရပါတယ်။ စစ်ကြောနေတဲ့လူရဲ့ ဘွတ်ဖိနပ်နဲ့ အားရပါးရကန်တဲ့အသံ၊ လက်သီးနဲ့ထိုးတဲ့အသံတွေဟာ ခံရသူမေ့မျောသွားလောက်ပါပေရဲ့။ အစစ်ခံသူရဲ့ နံကြား ကိုထိုးနှက်ကန်ကြောက်နေတဲ့ အသံတွေနဲ့ စစ်မေးနေတဲ့ မေးခွန်းတွေရဲ့ အသံတွေက စည်းချက်ကျကျပါပဲ။

ကျွန်မရဲ့ အခန်းဖေါ်ကတော့ ကြောက်လွန်းလို့တုန်ပြီးငိုနေပါတယ်။ အမျိုးသမီးတွေကိုတော့ ဒီလိုမရိုက်လောက်ပါဘူး လို့ သူ့ကိုယ်သူပြောသလိုလို၊ ကျွန်မကိုပဲပြောသလိုလိုနဲ့ပြောနေပါတယ်။

ခဏနားပြီးထပ်မံရိုက်နှက်ပြန်ပါတယ်။ ကျွန်မအလိုလိုလုပ်မိတာကတော့ နားပိတ်လိုက်မိတာပါပဲ။ ဒါပေမယ့် “ဒီလူအော် ဟစ်ငိုညည်းသံတွေကို တစ်စုံတစ်ယောက်က မကြားသင့်ဘူးလား ” လို့တွေးမိပြန်ပါတယ်။

ပြီးသွားတဲ့အခါမှာတော့ အပြင်ကဖြတ်သွားဖြတ်လာကြားရတဲ့ ကားသံတွေကိုနားထောင်ရင်း ဒီဟာက အဝေးပြေးလမ်းမ တစ်နေရာမှာဖြစ်ပြီးတော့ ပြူတင်းပေါက်ကနေ မြင်ရသလောက် အိမ်တစ်လုံးမှ မရှိပါဘူး။ ထိန်းသိမ်းရေးစခန်းဝင်းကြီးပဲဖြစ်ပါ တယ်။ အကျဉ်းထောင်ဟောင်းဖြစ်ပုံရပြီးတော့ ရုံးခန်းအချို့ရှိပြီး တစ်ချိန်ကတော့ ကောင်းကောင်းအသုံးပြုခဲ့ပုံရပါတယ်။ ဒါက ကျွန်မတို့ အချုပ်ခန်းကနေမြင်ရသလောက်ပါပဲ။

ထောက်လှမ်းရေးတစ်ယောက် အထဲကိုဝင်လာတဲ့ အခါမှာတော့ ကျွန်မရဲ့ အခန်းဖေါ်ဆယ်ကျော်သက်အရွယ်မိန်းက လေးက သူ့အနားကိုကပ်သွားပြီး မိဘတွေဆီကိုအကြောင်းကြားဖို့ သူမရဲ့ဆဲလ်ဖုန်းကို အသုံးပြုခွင့်ပေးဖို့တောင်းပန်ပါတယ်။

ဒါပေမယ့် ဖြစ်မလာပါဘူး ။ အပြင်မှာကြားနေရတဲ့ ရိုက်နှက်သံတွေအကြောင်းကိုမေးတဲ့ အခါမှာတော့ ဒါရာမှာ လူတွေကို ပစ်သတ်လာခဲ့တဲ့ လူသတ်သမားတွေဖြစ်ကြောင်း အဲဒီလူက ပြန်ဖြေပါတယ်။

အဲဒီနောက်တော့ ဦးတိတ်စမ်းကြီးလာပြီးတော့ ကောင်မလေးကို စစ်ဆေးဖို့ခေါ်သွားပါတယ်။ ကျွန်မစိတ်မကောင်း ဖြစ်မိတယ်။ တစ်နာရီလောက်ကြာတဲ့အခါကျတော့ သူပြန်ရောက်လာတယ်။ ပြူတင်းပေါက်အပြင်ကိုကြည့်ပြီးငိုနေတယ်။ မိဘ တွေနဲ့ပြန်တွေ့ရပါ့တော့မလားလို့ တွေးတောရင်း မိဘတွေအတွက်စိတ်ပူပြီး ငိုနေပါတယ်။ ကျွန်မလည်း ဘာမှမတတ်နိုင်ပါဘူး ။ ဒါပေမယ့် တွေးနေမိတာကတော့ ဆီးရီးယားနိုင်ငံကို ဒီကလေးမလေးက ဘယ်လိုအန္တရာယ်တွေပေးနိုင်တာမို့လို့ဒီလို နံစော်နေတဲ့ အခန်းထဲမှာ ချုပ်နှောင်ထားတာပါလိမ့်။ သူတို့ ဘာကိုဒီလောက်ကြောက်နေတာပါလိမ့်။

သုံးရက်အကြာမှာတော့ ဖိုင်းရက်စ်လာပြောပါတယ်။ ကျွန်မကို လွှတ်ပေးပြီး ကာတာကို ပြန်ရတော့မယ်လို့။ ကျွန်မ အလွန်ဝမ်းသာသွားပါတယ်။ သူက ကျွန်မကို သူရဲ့ဆရာရုံးခန်းကို ခေါ်သွားပါတယ်။ ဒီမှာ သတိထားမိရဲ့လား ။ ဘယ်သူမှ နာမည်မရှိဘူး။ အလွန်အင်မတန်မှ အနည်းစုဖြစ်တဲ့ တိုင်းရင်းသားတွေရဲ့ ပြဿနာရှာမှုတွေကြောင့် ပျော်ရွှင်နေကြတဲ့ လူများစုကြီးက ဆီးရီးယားမှာဒုက္ခရောက်နေရကြောင်း ကျွန်မကို ဟောပြောပါတော့တယ်။

ဒီအထဲကပြန်ထွက်တဲ့အခါတော့ နောက်ဆုံးအနေနဲ့ ကြည့်ခွင့်ရခဲ့တာက စုတ်ပြတ်သတ်နေတဲ့ ရုံးခန်းတွေနဲ့၊ ဘက်ရှာအယ်လ်အာဆက်ရဲ့ ရုပ်ပုံကားချပ်တွေကပ်ထားတဲ့ နံရံတွေပါ။ သတ္တုဘောင်ကွပ်ထားပြီး ရုပ်ရှင်ရုံ၊ ပြဇါတ်ရုံတွေမှာ

(2 for 1 drinks) ဆိုပြီး အရောင်းမြှင့်တင်ရေးလုပ်သလိုပဲ နေရာအနှံ့ချထားတော့တာပဲ။ စိတ်ပျက်စရာ။

ကျွန်မကို လေဆိပ်ကိုခေါ်သွားပါတယ်။ ဒါပေမယ့်ကာတာကိုပြန်ဖို့အတွက်တော့ မဟုတ်သေးပါဘူး။ ကျွန်မကို ရိုက်နှက် တရွတ်ဆွဲပြီး တီဟီရန်ကိုသွားမယ့် လေယဉ်ပေါ်တင်ပေးလိုက်ပါတယ်။ ဆီးရီးယားတာဝန်ရှိသူတွေက ကျွန်မကို သူလျှိုလို့ အီရန် တွေကိုပြောလိုက်ပါတယ်။ အီရန်မှာဆိုရင် သေဒဏ်အထိကျနိုင်တဲ့ ပြစ်မှုပါ။

ကံကောင်းထောက်မစွာပဲ ကျွန်မအမှုမှာ အမှန်ပေါ်ပေါက်လာပါတော့တယ်။ နှစ်ပတ်ကြာစစ်ဆေးအပြီးမှာတော့ အီရန် စစ်ကြောရေးအရာရှိတွေက ကျွန်မဟာ သူလျှိုမဟုတ်မှန်း၊ သတင်းသမားမှန်း သိသွားကြပါတယ်။

ဗုဒ္ဓဟူးနေ့မှာတော့ ဘာမှထူးထူးခြားခြားမဖြစ်တော့ဘဲ တရားသူကြီးရဲ့ ခွင့်ပြုချက်နဲ့ ကျွန်မကိုလွှတ်ပေးလိုက်ပြီး တီဟီရန်ကနေ ဒိုဟာကိုသွားမယ့် မနက်စောစောလေယာဉ်ပေါ်ကို တင်ပေးလိုက်ပါတော့တယ်။

အီရန်နိုင်ငံရေးမူဝါဒတွေနဲ့ပတ်သက်ပြီး ကျွန်မ ဝေဖန်ရေးသားခဲ့ဖူးပေမယ့် ကျွန်မကိုလေးလေးစားစားဆက်ဆံကြ ပါတယ်။ ထိန်းသိမ်းထားစဉ်ကာလတစ်လျှောက်လုံး ဂရုတစိုက်၊ သိက္ခာရှိရှိနဲ့ ဆက်ဆံခဲ့ကြပါတယ်။

နေရတဲ့အခန်းဟာလည်း သန့်ရှင်းပြီးတော့ စစ်ကြောရေးအရာရှိတွေကလည်းပြောစရာ မရှိအောင်ကိုယဉ်ကျေးပါတယ်။ အီဗင်အကျဉ်းထောင်အမျိုးသမီးထိန်းသိမ်းရေးဌာနက ကျွန်မကိုတာဝန်ယူရတဲ့ အမျိုးသမီးဟာဆိုရင်ကျွန်မလိုအပ်တာသမျှ ကိုဖြည့်ဆည်းပေးပါတယ်။ အထူးသဖြင့်တော့ ကျွန်မအိပ်ရင် ဖက်လုံး လိုတာပါ။ ဆီးရီးယားမှာကြားခဲ့ရတဲ့ “ဝါလာဟီ၊ ဝါလာဟီ” ဆိုတဲ့ အသံတွေကကျွန်မနားထဲမှာ ညတိုင်းကြားနေတာပါပဲ။ သူတို့ရဲ့ထိခိုက်နာကျင်မှုများလည်း ဘယ်တော့မှ ပျောက်ကင်းမလဲ ဆိုတာ ကျွန်မတွေးတောနေမိပါတော့တယ်။

Source: Aljazeera



 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။