အစ္စရေးကျူးကျော်အိမ်ယာများနှင့် လျှပ်စစ်လွှတ်ထားသော ခြံစည်းရိုး (Gallo/Getty) |
သုံးနှစ်ကြာပြီးတဲ့နောက် အခုအခါ ၂၀၁၂ ရွေးကောက်ပွဲမှာပြန်အရွေးခံရအောင်လို့ စိတ်သိပ်မပါလှတဲ့ အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးကိစ္စမှာ အစ္စရေးတို့အလိုကျဖြစ်အောင်ထပ်မံပြောကြားလာပါတယ်။
AIPAC မှာနောက်ဆုံးပြောသွားတဲ့မိန့်ခွန်းအရ အိုဘာားမားက အစ္စရေးတို့နိုင်ငံရေးနဲ့ လုံခြုံရေးရည်မှန်းချက်များအတွက် အမေရိကန်က အခိုင်အမာရပ်တည်နေတဲ့အကြောင်း ကတိပေးခဲ့ပါတယ်။ သူ့မိန့်ခွန်းထဲမှာပါလက်စတိုင်းနိုင်ငံတော်ဖြစ်တည်မှုကို ငြင်းဆိုထား ပြီး နိုင်ငံတကာအဖွဲ့အစည်းတွေကို ချဉ်းကပ်ပြီးတော့ သူတို့ရဲ့ရပိုင်ခွင့်တွေကို ငြိမ်းချမ်းစွာတောင်းဆိုဖို့ကြိုးစား လာမယ့် ပါလက်စတိုင်းတို့ရဲ့ဘယ်လိုကြိုးစားမှုမျိုးမဆိုကိုလည်း ပိတ်ပင်တားဆီးသွားမယ်လို့ ပြောသွားပါတယ်။
ပါလက်စတိုင်းတို့ရဲ့ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ဆိုတာကို အိုဘားမားက ပါးစပ်ဖျားကလေးနဲ့သာ ပြောဆိုနေပြီး အစ္စရေးအကျိုး စီးပွားအတွက်တော့ အသေအချာကိုဆောင်ရွက်နေတယ်။ အထူးသဖြင့် အစ္စရေးတို့ရဲ့ လုံခြုံရေးက အရှေ့အလယ်ပိုင်းနဲ့ ပတ်သက်လို့အမေရိကန်နိုင်ငံခြားရေး မူဝါဒတွေထဲမှာ ထိပ်ဆုံးကရှိတယ်ဆိုတာကို ပြောပါတယ်။
နှစ်နိုင်ငံယှဉ်တွဲနေထိုင်ရေးမူဝါဒဆိုတာကို အမြှုပ်တစီစီထွက်အောင်ပြောနေတယ်။ ဒါပေမယ့် အစ္စရေးလုံခြုံရေးထိခိုက်မယ့် နယ်မြေကိစ္စတွေကိုတော့ ချန်လှပ်ထားခဲ့တယ်။
၁၉၆၇ ခုနှစ် အစိမ်းရောင်မျဉ်းလို့သတ်မှတ်ထားတဲ့ နယ်နိမိတ်ကိစ္စကိုပြောတာဟာလည်း အစ္စရေးတို့သိမ်းပိုက်ထားတဲ့ နယ်မြေ တွေကနေ အပြီးပြန်ဆုတ်ပေးလိုက်ဖို့ဆိုလိုတာမဟုတ်သလိုပါလက်စတိုင်းတို့ကိုလည်း ဂျေရုစလင်အရှေ့ဘက်အပါအဝင် အစိမ်းရောင်မျဉ်းအထိ အချုပ်အခြာ ပိုင်ဆိုင်တယ်လို့ ဆိုလိုတာလည်း မဟုတ်ပါဘူး။
စကားအသုံးအနှုန်းသုံးစွဲသွားတာကိုက ပါလက်စတိုင်းနိုင်ငံထူထောင်တဲ့နေရာမှာ “၁၉၆၇ ခုနှစ်နယ်နိမိတ်အပေါ်အခြခံစဉ်းစား ရမည်” ဆိုတာနဲ့ “၁၉၆၇ ခုနှစ်နယ်နိမိတ်အတိုင်း တည်ထောင်ရမည်” ဆိုတာ အတော်ကွာခြားပါတယ်။
ပထမအသုံးအနှုန်းကတော့ အစ္စရေးအတွက်နယ်မြေတွေဆက်လက်ထိန်းချုပ်ထားဖို့၊ လုံခြုံရေးအကြောင်းပြချက်နဲ့ ဆက်လက် တိုးချဲ့နိုင်ဖို့အထိ တာသွားစေပါတယ်။ သူကလည်းဒီအတိုင်းပဲပြောသွားပါတယ်။
သောကြာနေ့ကပြောသွားတဲ့ အစ္စရေးလိုလားကြောင်း အိုဘားမားမိန့်ခွန်းထဲမှာ ခပ်ပါးပါးလေးမြုပ်နေတဲ့နားလည်မှုလွဲနိုင်တဲ့ အချက်လေးတွေကို စိုးရိမ်ပုံရပါတယ်။ ၁၉၆၇ ခုနှစ်နယ်နိမိတ်ဆီပြန်သွားစရာမလိုဘူးဆိုတဲ့အကြောင်း ရှင်းရှင်းလင်းလင်း လုပ်သွားပါတယ်။
“မိန့်ခွန်းက အစ္စရေးနဲ့ပါလက်စတိုင်းတို့ ကိုယ်တိုင် ၁၉၆၀ ကျော်နှစ်များဆီက နယ်နိမိတ်အတိုင်း မဟုတ်ဘဲ ပြေလည် အောင်စေ့စပ်ညှိနှိုင်းကြဖို့ပါ။ လူဦးရေအပြောင်းအလဲအပါအဝင် လွန်ခဲ့တဲ့လေးဆယ့်ငါးနှစ်ကနဲ့မတူတော့တဲ့ အခြေအနေတွေ အတိုင်း အပြောင်းအလဲတွေကို လက်ခံဖို့ပါ။ ”
ပိုပြီးရှင်းရှင်းပြောရရင် ပါလက်စတိုင်းတို့ တရားဝင်နေနေတဲ့ မြေပေါ်မှာ လွန်ခဲ့တဲ့လေးဆယ့်ငါးနှစ်ကစလို့ အစ္စရေးတို့ တရားမဝင် နေထိုင်လာခြင်းကို တန်းတူထားပြောဆိုနေတာပါပဲ။ အခြေခံအားဖြင့်တော့ နိုင်ငံတကာဥပဒေအရဆိုရင် အစ္စရေးအခြေချတွေ ဟာ တရားမဝင်နေထိုင်သူတွေပါပဲ။ နောက်တော့သူတို့မြေဖြစ်သွားတယ်။
အစ္စရေးပါ-လက်စတိုင်းကိုပိုင်းခြားထားတဲ့ ၁၉၆၇ နယ်နိမိတ်ကိုကျော်ပြီး ပါလက်စတိုင်းမြေပေါ်ကို အစ္စရေးတို့ တဖြည်းဖြည်းချင်း ကျူးကျော်ဝင်ရောက်လာနေတယ်လို့ လူအများက လက်ခံလာကြပါပြီ။
အိုဘားမားရဲ့သောကြာနေ့မိန့်ခွန်းကတော့ အစ္စရေးရဲ့ တရားမဝင်နေထိုင်မှုကို တရားဝင်လာအောင်ပြောနေသလိုပါပဲ။ အစ္စရေးအတွက်အိုဘားမားပေးသွားတဲ့သတင်းစကားကတော့၂၀၀၅ခုနှစ်ကသမ္မတဘုရှ်ပြောသွားတဲ့ ပြဿနာများကို ဖြေရှင်းရာမှာ နောက်ဆုံးအစ္စရေးကသာ အခြေချဆောက်လုပ်ခွင့်အများအပြားနဲ့ ပြေလည်သွားစေရမယ်ဆိုတဲ့ စကားကိုသူက ဆက်လက်ထိန်းသိမ်းထားကြောင်းပြောသွားတာပါ။ အခြားတစ်ဘက်ကပြောမယ်ဆိုရင် အိုဘားမားပြောတဲ့ ပါလက်စတိုင်းရဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ဆိုတာ အစ္စရေးတို့ပြုသမျှနုဖို့သာဖြစ်ပါတယ်။
အရှေ့အလယ်ပိုင်းအရေးနဲ့ပတ်သက်လို့ AIPAC မှာပြောသွားတဲ့ မိန့်ခွန်းနဲ့ အရင်ပြောသွားတဲ့ မိန့်ခွန်းတွေက အာရပ်အုံကြွမှုတွေကို အိုဘားမားမြင်တာပဲလား၊ မမြင်ချင်ယောင်ဆောင်ပြောသွားတာပဲလားတော့ မသိဘူး။ အာရပ်တို့ရဲ့အုံကြွမှုက ဒေသတွင်း နိုင်ငံရေးချိန်ခွင်လျှာကို ပြောင်းလဲလိုက်ပြီဆိုတာ အစ္စရေးကနားလည်ထားရမယ်၊ အကျင့်ပျက်အာရပ် ခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းရေးမလုပ်ဘဲ အာရပ်လူထုနဲ့သာ ငြိမ်းချမ်းရေးလုပ်ဖို့နားလည်ထားရမယ် … လို့ပြောသွားတယ်။
တကယ်တော့ ပါလက်စတိုင်းအရေးဖြစ်လာတဲ့ အချိန်မှာ အိုဘားမားပြောနေတာက အာရပ်အုံကြွမှုမဖြစ်ခဲ့တဲ့ အတိုင်းပဲ။ အိုဘားမားအနေနဲ့ သတိရဖို့ကောင်းတာက အမေရိကန်ရဲ့ သစ္စာအရှိဆုံး အာရပ်မဟာမိတ်တွေတောင်မှ အမေရိကန်-အစ္စရေး တို့ချမှတ်ထားတဲ့ ပါလက်စတိုင်းနဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို ပေါ်ပေါ်တင်တင်မထောက်ခံရဲဘူးဆိုတာ။ ဒီလိုဆို ပါလက်စတိုင်း
လိုလားသူ သန်းချီသော အာရပ်တွေအတွက် ဒါကိုလက်ခံနိုင်စရာရှိပါဦးမလား။
ပါလက်စတိုင်းတို့ရဲ့အခွင့်အရေးများနဲ့ပတ်သက်ပြီးတော့ အမေရိကန်တို့ရဲ့ အပြောနဲ့ လက်တွေ့မညီတဲ့ ပြောဆိုမှုများလည်း အာရပ်အုံကြွမှုမှာ သက်ရောက်မှုရှိခဲ့ပုံရပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့အပြောင်းအလဲကိုတော့ အမေရိကန်တို့ ချဉ်းကပ် ဖန်တီးမှု မရှိသေးပါဘူး။
တစ်ဖန် အိုဘားမားက နေတန်ယာဟူးရဲ့တိုက်တွန်းမှုနဲ့ နိုင်ငံရေးမှာအင်အားသုံးခြိမ်းခြောက်ခဲ့ပါတယ်။ နေတန်ယာဟူးရဲ့ အဓိကရည်ရွယ်ချက်က ငြိမ်းချမ်းရေးအတွက် ဘယ်လိုဆောင်ရွက်မှုမျိုးမဆို အစ္စရေးရဲ့နယ်ပယ်ချဲ့ထွင်ရေးမူဝါဒကို မထိပါးရင် ပြီးတာပဲ။ သမ္မတကြီးရဲ့သိပ်အားမပါလှတဲ့ တောင်းဆိုချက်တွေကိုကြောက်လို့တော့ မဟုတ်ဘူး။
ဟုတ်ပါတယ်။ နေတန်ယာဟူးကလည်း ၁၉၆၇ ခုနှစ်နယ်နိမိတ်စည်းကို ကိုးကားပြီးတော့ဆွေးနွေးညှိနှိုင်းပြီးရရှိလာတဲ့ အဖြေကို လိုချင်မှာပါ။ ဘာကြောင့်လဲဆိုတော့ အစ္စရေးက လောလောဆယ်မှာ သူ့ရဲ့စစ်တပ်ကို အနာဂတ်နယ်နိမိတ်ဖြစ်လာမယ့် နေရာမှာ ချထားရေးအတွက် အလုပ်ရှုပ်နေတာပါ။ သူ့အနေနဲ့က အိုဘားမားရဲ့မိန့်ခွန်းထဲမှာပါတဲ့ အစ္စရေးလိုလားတဲ့ ပုံစံတွေကို အဓိပ္ပါယ် ကောက်မလွဲနိုင်ပါဘူး။
အမေရိကန်သမ္မတကြီးက မိန့်ခွန်းထဲကနေကောက်နှုတ်ပြီးတော့ အစ္စရေးရဲ့ အကျိုးစီးပွားနဲ့ လုံခြုံရေးလိုအပ်ချက်တွေအတွက် အပြည့်အဝဆောင်ရွက်ပေးသွားမယ်လို့ အသေအချာကြေငြာခဲ့သေးတာပဲ။
“ကျုပ်တို့နှစ်နိုင်ငံကြားစစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ ယခင်ကမကြုံဖူးတဲ့ အတိုင်းအတာအထိတိုးမြှင့်ဆောင်ရွက် ခဲ့တာပဲ။ ကျုပ်တို့ရဲ့ ခေတ်ရှေ့ပြေးနည်းပညာတွေကို မဟာမိတ်အစ္စရေးလည်းရရှိအောင်လုပ်ဆောင်နေတာပါ။”
“ဒါကြောင့် ဘဏ္ဍာရေးအကြပ်အတည်းကြုံတွေ့နေရတဲ့ ကာလမှာတောင် နိုင်ငံခြားစစ်ရေးအသုံးစားရိတ်ကို စံချိန်တင်သုံးစွဲခဲ့တာ ပါ။”
အိုဘားမားက အစ္စရေးကိုအမေရိကန်ရဲ့ ထောက်ခံမှုအပြည့်အဝပေးထားရုံတင်မဟုတ်ပါဘူး။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ ဥပဒေတွေအရ ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းဖို့ကြိုးစားလာမယ့် ပါလက်စတိုင်းရဲ့ဘယ်လိုကြိုးစားမှုမျိုးကိုမဆို ပိတ်ပင်တားဆီးပေးထားမယ်ဆိုတဲ့ ရှင်းလင်းတဲ့၊ ပိုပြီးတော့ ခိုင်မာတဲ့ရပ်တည်မှုနဲ့ အမေရိကန်ရဲ့ မူဝါဒကို ပြသခဲ့ပါတယ်။
“ကုလသမဂ္ဂမှာဖြစ်စေ၊ နိုင်ငံတကာအဖွဲ့အစည်းများမှာဖြစ်စေ အစ္စရေးကို ဖယ်ထုတ်ထားမယ့် ဘယ်လိုကြိုးစားမှုမျိုးကို မဆိုကျုပ်တို့ အမေရိကန်ပြည်ထောင်စုကလက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အစ္စရေးရဲ့တရားဝင် တည်ရှိမှုဟာ ငြင်းခုန်နေရမယ့်ကိစ္စမျိုးမဟုတ်ပါဘူး။” အစ္စရေးအတွက် အားကိုးယုံကြည်ထိုက်သော၊ အင်အားအရှိဆုံး ကျောထောက် နောက်ခံပေးမယ့်သူဖြစ်စေ့မယ်လို့ ကတိပေးခဲ့ပါတယ်။
ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ (PA) ရဲ့ကုလသမဂ္ဂမှာ ပါလက်စတိုင်းနိုင်ငံကို ၁၉၆၇ နယ်နိမိတ်အတိုင်း အသိအမှတ်ပြုပေးဖို့ တောင်းဆိုဖို့ လှုပ်ရှားမှုကိုလည်း အမေရိကန်က အစ္စရေးနဲ့အတူရပ်တည်ပြီးတော့ ကန့်ကွက်ပါတယ်။ အမေရိကန်က ပါလက်စတိုင်းအာဏာပိုင်အဖွဲ့နဲ့ တက်ကြွလှုပ်ရှားသူတွေကိုရော၊ ပါလက်စတိုင်းတွေကိုရော စစ်ကြေငြာမယ့် အနေအထား ရောက်နေပါပြီ။
အစ္စရေးရဲ့ကိုလိုနီပြုမှုကို ခံနေရတဲ့ပါလက်စတိုင်းတွေရဲ့ ငြိမ်းချမ်းတဲ့နည်းနဲ့ တရားဥပဒေဘောင်အတွင်းက လှုပ်ရှားမှုတွေကို အိုဘားမားက အရှက်မရှိထုချေပစ်ပါတော့မယ်။ ဒါပေမယ့် ပါလက်စတိုင်းနိုင်ငံဟာ အစ္စရေးကိုတရားမဝင်ဖြစ်အောင်ပြုလုပ်နေ တယ်လို့ ပြောပြီး၊ အစ္စရေးရဲ့ တကယ့်တရားမဝင် မူဝါဒတွေကိုတော့ အသိအမှတ်ပြုပြီး ပြောင်းပြန်ကျင့်ကြံနေပြန်ပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂတစ်ခုတည်းက အသိအမှတ်ပြုရုံနဲ့ ပါလက်စတိုင်းနိုင်ငံကိုတည်ထောင်လို့မရဘူး၊ လုပ်ထုံးလုပ်နည်းတွေ မှားနေတယ်လို့ပြောတယ်။ ဒီလိုဖြစ်သွားရင် အကြောင်းတရားအရ ဥပဒေကြောင်းအတိုင်းပြန်သွားရမယ်ဆိုရင် ဟိုယခင်က အစ္စရေးတို့ရဲ့ လုံခြုံရေးအတွက် စိတ်မချရတဲ့အနေအထားမျိုးပြန်ရောက်သွားမယ်။
ဒီလို ကုလသမဂ္ဂရဲ့အသိအမှတ်ပြုမှုမျိုးရှိသွားရင် ၁၉၆၇ ပါလက်စတိုင်းနယ်မြေအတိုင်းပြန်ပေးရလိမ့်မယ်။ အဲဒီအခါ အခု နယ်မြေကျော်ပြီးဆောက်လုပ်နေတဲ့ အစ္စရေးရဲ့ အဆောက်အဦတွေ ဖျက်ဆီးပစ်ရလိမ့်မယ်။ ဒီလိုမဟုတ်ရင်တော့ တရားဝင် အောင်လုပ်နေတာနဲ့ တူနေပြီးတော့ အမေရိကန်-အစ္စရေးလိုချင်တဲ့ပုံစံကို အစဉ်တည်တံ့အောင်ပြုလုပ်နေတာပါ။
ဒါပေမယ့် အိုဘားမားကလည်း ငြိမ်းချမ်းရေးအတွက် တကယ်မစွန့်စားသေးပါဘူး။ ဆယ်စုနှစ်တစ်လျှောက်လုံး အစ္စရေးတို့ ကျူးလွန်လာခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီးတော့ ကုလသမဂ္ဂမှာဆုံးဖြတ်ချက်ချသမျှ အမေရိကန်တို့က ဗီတိုသုံးပြီး ဖျက်ပေး နေရတဲ့ မူဝါဒကိုကိုင်စွဲထားခဲ့ရတယ်။ အခုလည်း အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေပတ်သက်တဲ့ ပဋိပက္ခတွေအပေါ် ဆွေးနွေးမှုအသစ်တွေလုပ်နေရတယ်။ ဒါကို အိုဘားမား နည်းနည်းတော့ထိတ်လန့်လာနေတယ်။
ဖာတာနဲ့ ဟားမတ်တို့ပြီးခဲ့တဲ့လက သဘောတူညီမှုရပြီးပြန်လည်ပေါင်းစည်းခဲ့တဲ့အပေါ် အိုဘားမားက ငြိမ်းချမ်းရေးအတွက် အတားအဆီးဖြစ်စေတဲ့ ပေါင်းစည်းမှုလို့ ကြေငြာခဲ့တာဟာ သိပ်တော့အံ့သြစရာမရှိဘူး။ နောက်ဆုံးတော့ အစ္စရေးလုံးဝလိုလားသူ တစ်ဦးဖြစ်တဲ့ အိုဘားမားအတွက် ပါလက်စတိုင်းပေါင်းစည်းမှုက ဘယ်လောက်ပဲကောင်းကောင်း၊ ဘယ်လိုပဲကြိုးစားကြိုးစား၊ အစ္စရေး အကျိုးစီးပွားကိုတော့ ဖြစ်ထွန်းစေမှာ မဟုတ်ဘူးလို့သာ သတ်မှတ်လိုက်မှာပဲ။ လုပ်လည်းလုပ်ခဲ့တဲ့၊ မှန်လည်းမှန်တဲ့ “သွေးခွဲသိမ်းပိုက်ရေး” နည်းစံနစ်ကျင့်သုံးနေမှုကြောင့်သာ နှစ်များစွာကြာတဲ့ အထိဘာမှ တိုးတက်မလာခဲ့တာပါ။
အိုဘားမားက ဟားမတ်ကို ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရမယ့် “ဘက်” အဖြစ်ရှုမြင်မပေးနိုင်ဘူးလို့ အကြိမ်ကြိမ်ပြောနေတာ အက်ကြောင်းထပ်နေရုံမျှမက၊ အစ္စရေးအစွန်းရောက်သူအဖြစ်နဲ့ ငြိမ်းချမ်းရေးအတွက် တကယ်စိတ်မပါသူအဖြစ်အမြင်မခံရဖို့ ဆင်ခြေပေးနေတာသာဖြစ်ပါတယ်။
ဘယ်သူတွေကမှ တကယ့်ကိုငြိမ်းချမ်းရေးအတွက်လက်ခံလို့မရတဲ့ သူတွေဆိုတာကို သိချင်ရင် အိုဘားမားလုပ်ရမှာက -
အစ္စရေးပါလီမန်မှာ ပြောဆိုဆွေးနွေးသမျှတွေကို အင်္ဂလိပ်စာသားနဲ့ ဘာသာပြန်ပြီးဖတ်ကြည့်လိုက်ရုံပါပဲ။ အဲဒီမှာ နိုင်ငံရေးသမား တွေက အာရပ်တွေကို တိရစ္ဆာန်တွေလို့ သုံးစွဲတာတွေ၊ ပါလက်စတိုင်းဆန့်ကျင်တဲ့၊ လူမျိုးရေးခွဲခြားတဲ့ အပြုအမူတွေ တွေ့ရပါ လိမ့်မယ်။
ဒါပေမယ့် မြေလွှဲပြောင်းရေးဆိုတဲ့ အစ္စရေးရဲ့မူဝါဒကို အိုဘားမားက အားပေးတယ်ဆိုရင် ပါလက်စတိုင်းလူ့အဖွဲ့အစည်းတစ်ခု လုံးရွှေ့ပြောင်းပေးပြီးတော့ လူဦးရေပြောင်းလဲမှု လို့ပဲနာမည်တပ်ပါလိမ့်မယ်။ ဒါဆိုရင် လက်ယာရောက်အစ္စရေးတွေရဲ့ လူမျိုးရေး စကားကြီးစကားကျယ်တွေနဲ့ ခြိမ်းခြောက်မှုတွေကို ဘာလို့ ဂရုစိုက်နေသေးလဲ။
သူ့နောက်ဆုံးမိန့်ခွန်းထဲမှာ မေလ ၁၅ ရက်နေ့ `နက္ကဘာနေ့` ဆန္ဒပြပွဲအကြောင်းအိုဘားမားထည့်မပြောခဲ့ပါဘူး။ ဒီဆန္ဒပြပွဲမှာ အစ္စရေးကစစ်တပ်က ဘယ်လိုတုံ့ပြန်ခဲ့လဲ။ သိတဲ့အတိုင်းပဲ … ။ လက်နက်မဲ့ဆန္ဒပြလူအုပ်ထဲကို အရမ်းပစ်ထည့်တာပါ။ ဒီလိုပစ်လိုက်တာ ဆီးရီးယား၊ လက်ဘနွန်နယ်စပ်မှာ အယောက် ၂၀ သေတယ်။
အိုဘားမားမိန့်ခွန်းထဲမှာ စိတ်ပျက်စရာအကောင်းဆုံးကတော့ အစ္စရေးရဲ့စကားတွေကို သူကပြောပေးနေတဲ့အပြင် ပိုပြီးချဲ့ကား ပေးတယ်၊ ပါလက်စတိုင်းတွေရဲ့ အခွင့်အရေးအားလုံးကို ငြင်းဆန်ပစ်လိုက်တယ်။
မိန့်ခွန်းနောက်ဆုံးမှာတော့ အစ္စရေးတို့ရဲ့သမိုင်းဟာ လွတ်မြောက်မှုအတွက်ရုန်းကန်ခဲ့ရတယ်ဆိုတာနဲ့ အဆုံးသတ်တာပါပဲ။
ဒါကို ၂၀၀၈ ခုနှစ် AIPAC မိန့်ခွန်းမှာတုန်းကတစ်ခါပြောခဲ့ဖူးပြီး အခုထပ်ပြောတာပါ။
အမေရိကန်သမ္မတကြီးက အစ္စရေးတို့ရဲ့ ဖိနှိပ်မှုတွေကို မမြင်ဘူး။ ပါလက်စတိုင်းတို့ရဲ့တရားဝင်မှုနဲ့ လွတ်မြောက်ရေးအတွက် ရုန်းကန်နေရတာ လည်းမမြင်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒါတွေကို မြင်လိုက်မယ်၊ လက်ခံလိုက်မယ်ဆိုရင် ဒုတိယသက်တမ်း ရွေးကောက်ပွဲမှာ ပြန်လည်အရွေးချယ်ခံရရေးကို ထိခိုက်သွားမယ်။
ဆောင်းပါးရှင် အရှေ့အလယ်ပိုင်းနှင့် ပါလက်စတိုင်းရေးရာ အကဲခတ် Lamis Andoni ဖြစ်သည်။
မူရင်းဆောင်းပါးခေါင်းစဉ် “Obama to Israel: Take whatever you want” ဖြစ်သည်။
Source: Al Jazeera
0 comments:
Post a Comment