မြောက်ကိုရီးယားတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုကြောင့် လူပေါင်း ၂၀ ခန့်သေဆုံးပြီး လယ်ယာ မြေအမြောက်အများရေမြုပ်နေခြင်းကြောင့် အရေးပေါ်အကူအညီလိုအပ်လျှက်ရှိကြောင်း ကုလသမဂ္ဂက ပြောကြားလိုက်သည်။
ရေကြီးမှုကြောင့် အိုးအိမ်များ၊ အဆောက်အဦများ၊ လမ်းတံတားများ၊ လယ်ယာမြေများပျက်စီးခဲ့ရပြီး ပြောင်း၊ ပဲ၊ စပါးခင်းများလည်း ပျက်စီးခဲ့ကြောင်း ကြာသပတေးနေ့က ကုလသမဂ္ဂက ပြောသည်။
ပြုံဂန်းပြည်နယ် တောင်ပိုင်းနှင့် အန်ဂျူမြို့၊ ကန်းဝန်ပြည်နယ်ရှိ ချုံနေးစီရင်စု များတွင် အထိအနာဆုံးဖြစ် ပြီး ယင်းဒေသများတွင် စားရေရိက္ခာအကူအညီများအရေးတကြီးလိုအပ်နေကြောင်း ဆိုသည်။
အန်ဂျူမြို့တွင် အိမ်ထောင်စု ၃၆ ၀၀၀ ခန့် သောက်သုံးရေသန့်လိုအပ်နေကြောင်း၊ ရေလျှံတက်ခြင်းကြောင့် အိမ်သာတွင်းများ၊ ရေမြောင်းများမှ အညစ်အကြေးများ ပျံ့နှံ့စီးဆင်းနေခြင်းကြောင့် ဝမ်းပျက်ဝမ်းလျော ရောဂါများဖြစ်ပွားရန် အလားအလာအလွန်များကြောင်း သိရသည်။ အန်ဂျူမြို့သမိုင်းတွင် ယခုတစ်ကြိမ် သည် အလွန်ဆိုးရွားသော သဘာဝဘေးအန္တရာယ်ကျရောက်ခြင်းဖြစ်ကြောင်း မြို့တော်တာဝန်ရှိသူတစ်ဦး ကဆိုသည်။
လွန်ခဲ့သောလက မုန်တိုင်းနှစ်လုံးကြောင့် ဖြစ်ပွားခဲ့သည့် ရေကြီးမှုကြောင့် အနည်းဆုံး လူ ၁၉၉ ဦးသေဆုံး ခဲ့ပြီး လူပေါင်း သောင်းနှင့်ချီ၍ အိုးမဲ့အိမ်မဲ့ဖြစ်ပွားခဲ့ကြောင်း မြောက်ကိုရီးယားသတင်းက ကြေငြာခဲ့သည်။
မကြာသေးမီက မိုးခေါင်ရေရှားခဲ့ပြီး ဒုက္ခရောက်ခဲ့သောမြောက်ကိုရီးယားတွင် ယခုမိုးကြီးပြန်သောကြောင့် အစာရေစာရှားပါးပြန်သည်။
မြောက်ကိုရီးယားလူဦးရေ ၂၄ သန်းတွင် သုံးပုံတစ်ပုံခန့်သည် အစားအစာရှားပါးမွတ်သိပ်မှုဒဏ်ကို အမြဲ ခံစားနေရသူများဖြစ်ကြောင်း ဇွန်လအတွင်းက ကုလသမဂ္ဂမှ ပြောကြားခဲ့သည်။ မြောက်ကိုရီးယားတာဝန် ရှိသူများက အရေးပေါ်စားနပ်ရိက္ခာများ၊ လောင်စာဆီများ အထောက်အပံ့ပေးရန် ကုလသမဂ္ဂသို့ တောင်းခံ ထားကြောင်း ကုလအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ မာတင်နက်ဆာကီက ကြာသပတေးနေ့ နယူးယောက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အရေးပေါ်အကူအညီလိုအပ်သော ပစ္စည်းများကို NGO များက လှူဒါန်းထားပြီးဖြစ်ကြောင်း၊ ယင်းအဖွဲ့များ ထဲတွင် ဗြိတိန်အခြေစိုက် ShelterBox အဖွဲ့က ရွက်ဖျင်တဲ အလုံး ၂၇၀ လှူဒါန်းထားကြောင်း သိရသည်။
လွန်ခဲ့သောနှစ်က ရေကြီးရေလျှံပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ရန် အမေရိကန်အစိုးရက မြောက်ကိုရီးယားကို ဒေါ်လာ ၉၀၀ ၀၀၀ ပေးအပ်ခဲ့သည်။
ယခုနှစ်အစောပိုင်းက အမေရိကန်အစိုးရက မြောက်ကိုရီးယား၏ နျူကလီးယားအစီစဉ်နှင့် အပေးအယူ လုပ်သောအားဖြင့် အစားအစာတန်ချိန် ၂၄၀ ၀၀၀ တန်ပေးရန် သဘောတူညီထားခဲ့ပြီး ဧပြီလအတွင်းက မြောက်ကိုရီးယားမှ တာဝေးပစ်ဒုံးကျည်ပစ်လွှတ်စမ်းသပ်မှုကြောင့် ပျက်ပြားခဲ့လေသည်။
Source: Al Jazeera
Showing posts with label အာရှပစိဖိတ်. Show all posts
Showing posts with label အာရှပစိဖိတ်. Show all posts
Friday, August 3, 2012
Monday, July 23, 2012
တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် မိုးကြီးရေလျှံ
တရုတ်တွင် နှစ်ပေါင်း ၆၀ အတွင်း အဆိုးဝါးဆုံးမိုးကြီးရေလျှံမှုဖြစ်ပွားပြီး ဘေဂျင်းမြို့တော်တွင် အနည်းဆုံး ၃၇ ဦး သေဆုံး၊ ၇ ဦးပျောက်ဆုံးလျှက်ရှိသည်။
စနေနေ့က မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ဟောင်းနွမ်းအိုမင်းနေသော ရေလွှတ်၊ ရေထုတ်စံနစ်များကြောင့် ရေလျှံရ ခြင်း၊ သက်ဆိုင်ရာက သတိပေးချက်ထုတ်ပြန်ပေးရန် ပျက်ကွက်ခဲ့ခြင်းများကြောင့် တနင်္လာနေ့က တရုတ်နိုင်ငံတွင် လူပေါင်း ၉ သန်းခန့်အသုံးပြုနေသော ဆီနာဝိုင်ဘို မိုက်ခရိုဘလော့တွင် မကျေမနပ်ရေးသားဖေါ်ပြကြလေသည်။
`တကယ်လို့ ရေလွှတ်၊ ရေထုတ်စံနစ်တွေသာ ကျောင်းမွန်ခဲ့မယ် ဆိုရင်၊ သက်ဆိုင်ရာကသာ အချိန်မီသတိ ပေးချက်တွေ ထုတ်ပြန်ခဲ့မယ် ဆိုရင်၊ လူတွေကို အိမ်ထဲမှာသာ နေကြဖို့ သတိပေးခဲ့မယ် ဆိုရင် ဒီလောက်သေဆုံး မှုတွေ ဖြစ်မှာမဟုတ်ဘူး။` ဟု ယင်းဝက်ဘ်ဆိုက် အသုံးပြုသူတစ်ဦးက ရေးသားထားသည်။
၁၉၅၁ ခုနှစ်မှ စ၍ တိုင်းတာချက်များအရ အဆိုးရွားဆုံးမိုးရွာသွန်းမှုအဖြစ် စံချိန်တင်ရွာသွန်းခဲ့မှုကြောင့် စနေနေ့က ၂၅ ဦး ရေနစ်သေဆုံးခဲ့သည်။ အိမ်ပြိုကျပြီး လူ ၆ ဦးသေဆုံးခဲ့သည်။ ၅ ဦးဓါတ်လိုက်သေဆုံးပြီး၊ တစ်ဦး မိုးကြိုးထိမှန်သေဆုံးခဲ့သည်။
လူပေါင်း ၆၆ ၀၀၀ ခန့်နေအိမ်မှ ရွှေ့ပြောင်းခဲ့ရပြီး အပျက်အစီး တန်ဖိုးဒေါ်လာ ၁.၅ သန်းခန့်ရှိကြောင်း နိုင်ငံသတင်းဌာန ကကြေငြာခဲ့သည်။
`တနင်္လာနေ့က မိုးကြီးရေလျှံမှုမျိုးအတွက် ကြိုတင်ပြင်ဆင်မှုမျိုး တရုတ်နိုင်ငံမြို့တော်တွေမှာ တစ်ခါမှ အတွေ့အကြုံမရှိခဲ့ပါဘူး။` ဟု Global Times သတင်းစာက ရေးသားထားသည်။
Source: Al jazeera
Wednesday, July 18, 2012
မြောက်ကိုရီးယား ကင်ဂျုံအန် စစ်ဦးချုပ်ရာထူးရယူ
မြောက်ကိုရီးယားခေါင်းဆောင်သစ် ကင်ဂျုံအန်ကို စစ်ဦးစီးချုပ်အဖြစ် ရာထူးတိုးမြှင့်ပေးလိုက်ပြီဖြစ်ကြောင်း မြောက်ကိုရီးယားသတင်းဌာနက ဗုဒ္ဓဟူးနေ့က အထူးသတင်းတွင် ကြေငြာလိုက်သည်။
မြောက်ကိုရီးယား ထိပ်ပိုင်းအစိုးအတွင်း ရာထူးအပြောင်းအလဲများပြုလုပ်ပြီး နောက်ပိုင်းကင်ဂျုံအန်ကို ရာထူးတိုးပေး လိုက်ခြင်းဖြစ်သည်။
ဖခင်ဖြစ်သူကင်ဂျုံအီသေဆုံးပြီးနောက် အရိုက်အရာကို ပိုင်ပိုင်နိုင်နိုင်ဆက်ခံနိုင်ခဲ့သည့် အနေအထားဖြစ်ကြောင်း ပြင်ပလေ့လာသုံးသပ်သူများက ဆိုသည်။
ယခင်စစ်တပ်အကြီးအကဲ ကျန်းမာရေးကြောင့် အနားယူသွားခဲ့ပြီးနောက်တစ်နေ့ အင်္ဂါနေ့တွင် ဒုတိယစစ်ဦးချုပ် အသစ်တစ်ယောက်ကို ရာထူးခန့်အပ်ခဲ့သည်။ ဒုတိယစစ်ဦးစီးချုပ်အဖြစ် ဟွန်ယောင်ချိုလ်ကို အာဏာရပါတီ၏ ဗဟိုစစ်ကော်မရှင်နှင့် ကာကွယ်ရေးကော်မရှင် တို့ကတနင်္လာနေ့က ရွေးချယ်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာန KCNA ကကြေငြာခဲ့သည်။
ယခုကင်ဂျုံအန်ရရှိခဲ့သော စစ်ဦးစီးချုပ်ရာထူးကို အဘိုးဖြစ်သူနှင့် အဖေဖြစ်သူတို့လည်း ရယူခဲ့သည်။
Source: Al Jazeera
Thursday, July 5, 2012
ကမ္ဘောဒီးယားတွင် ရောဂါဆန်းကြောင့် သုံးလအတွင်း ကလေး ၆၀ ကျော်သေဆုံး
ကမ္ဘောဒီယားတွင် သုံးလအတွင်း ကလေးသူငယ် ၆၀ ကျော်သေဆုံးခဲ့ရသည့် ရောဂါ၏ ဇစ်မြစ်ကို သက်ဆိုင်ရာ ကျန်းမာရေးတာဝန်ရှိသူများ ရှာဖွေစမ်းစစ်လျှက်ရှိသည်။
ကမ္ဘောဒီယားကျန်းမာရေးဝန်ကြီးဌာနနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO တို့မှ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်သော ကြေငြာ ချက်တွင် အာရုံကြောစံနစ်ဆိုင်ရာ ရောဂါလက္ခဏာများပါဝင်သော အသက်ရှူလမ်းကြောင်း ရောဂါကို လေ့လာနေ ကြောင်း ပြောကြားခဲ့သည်။
ဆေးရုံသို့ရောက်ရှိလာသော ရောဂါဖြစ်ပွားနေသည့် ကလေး ၆၂ ယောက်တွင် ၆၁ ယောက်သေဆုံးသွားခဲ့ကြောင်း သိရသည်။ အများစုမှာ ကမ္ဘောဒီးယားတောင်ပိုင်းဒေသမှ ကလေးများဖြစ်ကြပြီး ၎င်းတို့အချင်းချင်းကြားတွင်လည်း အဆက်အစပ်မရှိကြောင်း ဆိုသည်။ ထို့ကြောင့် ကူးစက်ပျံ့နှံ့သည့်ရောဂါလက္ခဏာမျိုးလည်း မတွေ့ရကြောင်း WHO ကပြောသည်။
`ရောဂါကူးစက်ခံရတဲ့ ကျန်းမာရေးဝန်ထမ်း၊ အနီးပတ်ဝန်းကျင်ကလူဆိုလို့ ဒီနေ့အထိ မကြားရသေးပါဘူး။` ဟု ဆိုသည်။
အစောပိုင်းစုံစမ်းစစ်ဆေးမှုများသာ ပြုလုပ်ရသေးသဖြင့် ရောဂါလက္ခဏာများကို တိတိကျကျပြော၍မရသေးကြောင်း ကမ္ဘောဒီးယားရှိ ကုလသမဂ္ဂဆိုင်ရာ ကျန်းမာရေးဌာနမှ ဆရာဝန် နီမာအက်စ်ဂါရီက ပြောသည်။ အဖျားပြင်းတက်ခြင်း၊ အဆုတ်နှင့်ပတ်သက်သောဝေဒနာခံစားရခြင်း နှင့် အချို့ကလေးများတွင် အာရုံကြောဆိုင်ရာ ရောဂါလက္ခဏာများတွေ့ရကြောင်း နီမာအက်စ်ဂါရီက ပြောသည်။
နီးစပ်ရာအသိုင်းအဝိုင်းတွင်းကူးစက်ပျံ့နှံ့ပြီး အစုလိုက်အပြုံလိုက်ရောဂါဖြစ်ပွားခြင်းမျိုးမရှိကြောင်း၊ သို့သော် အချိန်တို အတွင်းမှာပင် သေဆုံးမှုနှုန်းမြင့်မားခဲ့သဖြင့် ကြောက်မက်ဖွယ်ရာဖြစ်ကြောင်း အက်စ်ဂါရီက ပြောသည်။
`ဒီရောဂါကြောင့် ကလေးငယ်အများအပြားသေဆုံးခဲ့ရတဲ့ အတွက် WHO ကလည်း စိုးရိမ်ပူပန်နေပါတယ်။` ဟု ဆိုသည်။
သေဆုံးကလေးငယ်များအားလုံးမှာ အသက် ၇ နှင့် အောက်ငယ်သော ကလေးများဖြစ်ကြပြီး မြို့တော် ဖနွမ်းပင်ရှိ ဆေးရုံများနှင့် အနောက်တောင်ပိုင်း ဆီယမ်ရိပ် ရှိ ဆေးရုံများတွင် ကုသမှုခံယူခဲ့ကြသည်။
Source: Al Jazeera
Monday, July 2, 2012
ဂျပန်တွင် နျူကလီးယားစက်ရုံ ပြန်လည်လုပ်ကိုင်မှု လူထု မကျေနပ်
ဂျပန်နိုင်ငံတွင် နျူကလီးယားလျှပ်စစ်ဓါတ်အားပေးစက်ရုံ ပြန်လည် လည်ပတ်လုပ်ကိုင်ခြင်းကို မကျေမနပ် ဖြစ်ကြသော ဂျပန်နိုင်ငံသားများ ဆန္ဒသည့်အနေနှင့် စက်ရုံရှေ့တွင် သွားရောက်အော်ဟစ်ပြီး အချို့ကလည်း စက်ရုံအဝင်ဝပေါက်တွင် သွားရောက်ကခုန်နေခဲ့ကြသည်။ ဖူကူရှီးမားနျူကလီးယားဓါတ်အားပေးစက်ရုံ ပြဿနာ ပေါ်ပြီးနောက်ပိုင်း နိုင်ငံအဝှမ်း နျူကလီးယားစက်ရုံအားလုံးကို ပိတ်ပစ်လိုက်ပြီးနောက် ပထမဦးဆုံး ပြည်လည်စတင် လည်ပတ်သည့် အိုဟိုင်းနျူကလီးယားစက်ရုံ အမှတ် ၃ ဖြစ်သည်။ ယင်းသည် ဖူကူအိခရိုင်အတွင်းတည်ရှိပြီး တနင်္ဂနွေနေ့က ပြန်လည်စတင်လည်ပတ်ခဲ့ကာ ဆန္ဒပြမှုများ ပေါ်ပေါက်လျှက်ရှိသည်။
လွန်ခဲ့သောလက ဝန်ကြီးချုပ်ယိုရှီဟီကိုနိုဒါက အိုဟိုင်းစက်ရုံအမှတ် ၃ နှင့် အမှတ် ၄ ကို ပြန်လည်လုပ်ကိုင်ရန် ညွှန်ကြားခဲ့ပြီး နျူကလီးယားလျှပ်စစ်စွမ်းအင် အသုံးမပြုလျှင် လူထုဘဝအခြေအနေမြင့်မားရေးကို ထိန်းသိမ်းထား နိုင်ရန် မလွယ်ကူကြောင်း ပြောကြားခဲ့သည်။
လွန်ခဲ့သောနှစ် မေလအတွင်း ဖြစ်ပွားခဲ့သော ဖူကူရှီးမား နျူကလီးယားစက်ရုံယိုစိမ့်မှုကြောင့် အန္တရာယ်ဖြစ်ပေါ်ခဲ့ သည့်အပေါ် လူထုအများစုက ထိတ်လန့်ကြောက်ရွံ့နေကြပြီး နျူကလီးယားစွမ်းအင် သုံးစွဲခြင်းကို ဆန့်ကျင်ကန့်ကွက် လျှက်ရှိသည်။
သောကြာနေ့ညနေပိုင်းက ဆန္ဒပြသူ သောင်းကျော် ဝန်ကြီးချုပ်နိုဒါ၏ နေအိမ်ရှေ့တွင် စုရုံးကာ နျူကလီးယားစက်ရုံ ပြန်လည်စတင်လုပ်ကိုင်ခြင်းကို မလိုလားကြောင်း ကြွေးကြော်အော်ဟစ်ခဲ့ကြသည်။
ဂျပန်နိုင်ငံတွင် ဤမျှများပြားသောလူစုလူဝေးဖြင့် ဆန္ဒပြခြင်းဖြစ်ပွားမှု အလွန်ရှားပါးသည်။
Source: Al Jazeera
Saturday, June 30, 2012
မွန်ဂိုလီယာ ခြစားမှုအဆင့် ၁၂၀ တွင်ရပ်တည်
ပါလီမန်သစ်နှင့် အစိုးရသစ်တစ်ရပ်ရွေးချယ်ရန် မွန်ဂိုလီယာတွင် ကြာသပတေးနေ့က ဆန္ဒမဲပေးခဲ့ကြသည်။ တိုင်းပြည်လူဦးရေးသုံးသန်းတွင် တစ်သန်းခန့်မှာ ဆင်းရဲမွဲတေမှုမျဉ်းအောက်တွင် ရောက်ရှိနေကြပြီး စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု တစ်ကြိမ်တစ်ခါမှ မမြင်ဖူးကြောင်း မွန်ဂိုအများအပြားက ဆိုသည်။
ယခုရွေးကောက်ပွဲတွင် တိုင်းပြည်၏ အဓိကအရင်းအမြစ်ဖြစ်သော သတ္တုလုပ်ငန်းမှ ရရှိသည့်အကျိုးစီးပွားများကို အညီအမျှ ခံစားနိုင်ရေးအတွက် မျှော်လင့်နေကြသည်။ တိုင်းပြည်တွင်း ဝင်ငွေရှိသော်လည်း ဆင်းရဲနေဆဲပင်ဖြစ် သည်။
မွန်ဂိုလီယာသည် တရုတ်နှင့် ရုရှကြားညပ်နေသော တိုင်းပြည်တစ်ပြည်ဖြစ်ပြီး ကျောက်မီးသွေး၊ ကြေးနီ၊ ရွှေနှင့် ယူရေနီယံပေါကြွယ်ဝသော နိုင်ငံဖြစ်သည်။ သတ္တုသိုက်များမှာ ၁.၂ ထရီလီယံ ခန့်တန်ဖိုးရှိကြောင်း အစိုးရက တွက်ချက်ထားသည်။
လွန်ခဲ့သောနှစ်က တိုင်းပြည်စီးပွားရေး ၁၇.၃ ရာခိုင်နှုန်းအထိတိုးတက်လာခဲ့သည်။ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၅ ထောင်ပတ်ဝန်းကျင်ရှိသည်။ သို့သော် နေရာတိုင်းတွင် အကျင့်ပျက်ခြစားမှုများက ကြီးစိုးလျှက် ရှိရာ တိုင်းပြည်အနာဂတ်အတွက် အကြီးမားဆုံး အန္တရာယ်ပင်ဖြစ်သည်။
မွန်ဂိုလီယာသမ္မတ အယ်ဘက်ဒေါ်ရီတာကီယာက အယ်ဂျာဇီယာသတင်းဌာနသို့ ပြောကြားခဲ့ရာတွင် `အကျင့်ပျက် ခြစားမှုက တကယ့်ပြဿနာကြီးတစ်ရပ်ပါပဲ။ အကျင့်ပျက်ခြာစားမှုနဲ့ အုပ်ချုပ်ရေးညံ့ဖျင်းမှုတွေကြောင့် မြင့်တက်လာ မယ့် လူ့အဖွဲ့အစည်းတွေ ပြုတ်ပြုတ်ကျသွားရတာပါပဲ။ ဒါမျိုးကျွန်တော်တို့ ထပ်အဖြစ်မခံနိုင်တော့ပါဘူး။` ဟု ဆိုသည်။
နိုင်ငံတကာပွင့်လင်းမြင်သာရေး အဖွဲ့မှ ပြုစုသော ၂၀၁၁ အစီရင်ခံစာအရ အကျင့်ပျက်ခြားမှု တန်းစီဇယားတွင် ၁၈၃ နိုင်ငံ အနက် မွန်ဂိုလီယာက အဆင့် ၁၂၀ တွင်ရပ်တည်နေသည်။
Source: Al Jazeera
Friday, June 29, 2012
အိန္ဒိယ ဗြဟ္မပုတ္တရမြစ်ရေကြီး
အိန္ဒိယအရှေ့တောင်ပိုင်းတွင် မုတ်သုံမိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျေးရွာပေါင်း ၂ ၀၀၀ ကျော်ရေလွှမ်းမိုးခဲ့ပြီး ၂၇ ဦးခန့် အနည်းဆုံးသေဆုံးကာ လူသိန်းပေါင်းများစွာအိုးအိမ်စွန့်ခွါထွက်ပြေးကြရသည်။
ရေလွတ်ရာကုန်းမြင့်များပေါ်တွင် ကျွဲနွားများ၊ ဆင်ရိုင်းများနှင့် အတူနေထိုင်နေကြရသူများထံသို့ အိန္ဒိယလေတပ်မှ ထမင်းထုပ်များ လိုက်လံဝေငှလျှက်ရှိသည်။ ကယ်ဆယ်ရေးအဖွဲ့များကိုလည်း ဒုက္ခရောက်နေသူများထံသို့ ရဟတ်ယာဉ်များဖြင့် လိုက်လံပို့ဆောင်ပေးနေရသည်။
အာရှအကြီးဆုံးမြစ်ကြီးများထဲတွင် တစ်စင်းအပါအဝင်ဖြစ်သော ဗြဟ္မာ့ပုတ္တရမြစ်ရေလျှံတက်မှုကြောင့်အာသံပြည်နယ် တစ်ဝှမ်း ကျေးရွာပေါင်း ၂ ၀၈၂ ရေလွှမ်းမိုးခဲ့ပြီး လူပေါင်းတစ်သန်းခန့် နေရာရွှေ့ပြောင်းခဲ့ရသည်။
ယခုအချိန်အထိ သေဆုံးသူပေါင်း ၂၇ ဦးရှိပြီဖြစ်သော်လည်း နောက်ထပ်သေဆုံးမှုများရှိနိုင်သေးကြောင်း တာဝန်ရှိသူ များက ဆိုသည်။
ရထားလမ်းများ ရွှံ့ဖုံးလွှမ်းခဲ့သောကြောင့် ခရီးစဉ်များရပ်ဆိုင်းခဲ့ရပြီး တယ်လီဖုန်းလိုင်းများလည်း ပြတ်တောက်လျှက် ရှိသည်။ ယာဉ်အသွားအလာရှုပ်ထွေးသောကားလမ်းမပေါ်သို့ ကြံ့တစ်ကောင်တက်လာကြောင်း အာသန်ပြည်နယ် ဂွါဟက်တီမြို့ရှိ ယာဉ်မောင်းများက သတင်းပို့သည်။
`လွန်ခဲ့တဲ့အပတ်က ရွာတဲ့မုတ်သုံမိုးကြောင့် မြစ်ရေတက်လာပြီး အခုလိုအခြေအနေမျိုးအထိဖြစ်လာမယ်လို့ ထင်မထားဘူး။` ဟု အာသံပြည်နယ်အစိုးရဝန်ကြီး နီလိုမွန်နီဆန်ဒက်ကာ ကပြောသည်။
ဗြဟ္မာ့ပုတ္တရမြစ်လယ်ခေါင်ရှိ စတုရန်း ကီလိုမီတာ ၈၀ အကျယ်အဝန်းရှိသောမာဂျူလီ ရေလယ်ကျွန်းအား မြစ်ရေလုံးများက ဖုံးလွှမ်းသွားပြီး ရွာပေါင်း ၅၀ ခန့်ရှိ အိမ်များပါသွားခဲ့သည်။
`ကျွန်တော်တို့မှာ ကိုယ်ပေါ်မှာဝတ်ထားတဲ့ အဝတ်တွေပဲကျန်တော့တယ်။ အသက် ၆၀ ရှိ ရေလယ်ကျွန်း ရွာသားတစ်ဦးဖြစ်သူ ပန်နီရမ်ဟာဇာရီကာက ပြောသည်။ အဆိုပါကျွန်းတွင် နေထိုင်သူရွားသား ၇၅ ၀၀၀ ခန့်သည် ယခုအခါ ရွှံ့တောင်ကုန်းတစ်ခုပေါ်တွင် ဝါးလုံးများဖြင့် တဲထိုးကာ နေထိုင်နေကြရသည်။
မာဂျူလီကျွန်းသားများနည်းတူ လူမြင်ခံလေ့မရှိသော အာရှမျိုးနွယ်ဆင်ရိုင်းများလည်း ၎င်းတို့နှင့် အနီးအနားတွင် အကောင် ၇၀ ခန့်စုရုံးကာ နေထိုင်လျှက်ရှိကြောင်း မာဂျူလီကျွန်း သစ်တောအရာရှိ အာတူဒက်စ်ကပြောသည်။
`ဆင်တွေကလူတွေကိုတော့ ဒုက္ခမပေးပါဘူး။ ဒါပေမယ့် သူတို့ကိုတော့ စောင့်ကြည့်နေရတယ်။` ဟု ဆိုသည်။
Source: Al Jazeera
Saturday, June 23, 2012
တောင်ကိုရီးယားစစ်ရေးလေ့ကျင့်မှုလား၊ ခြိမ်းခြောက်မှုလား (ဘာသာပြန်ဆောင်းပါး)
တောင်နဲ့ မြောက်ကိုရီးယား နယ်စပ်၊ အပစ်ရပ်ဇုံကနေ ၂၅ ကီလိုမီတာအကွာမှာရှိတဲ့ ပိုချီယွန်တောင်ကုန်းတစ်ဝိုက် တင့်ကားအမြောက်ပစ်ခတ်သံတွေက တအုန်းအုန်းမြည်ဟီးနေပါတယ်။ ပြီးတော့ ဂျက်တိုက်လေယာဉ်တွေက ထပ်မံ ပစ်ခတ်တိုက်ခိုက်ပါတယ်။ နောက် ရဟတ်ယာဉ်တွေ ပျံတက်လာပြန်တယ်။ ပစ်မှတ်တွေကို ပစ်ခတ်လိုက်တဲ့ ဆီကနေ အဝါရောင်မီးပွင့်မီးပွားတွေကို အဝေးကနေတောင်လှမ်းမြင်ရပါတယ်။ ပြီးတော့ မီးခိုးတွေ လုံးပြီးတက်လာ တယ်။ ပစ်ခတ်သံ၊ ပေါက်ကွဲသံတွေက မြေပြင်က အဆက်အပြတ်တုန်ခါနေပါတော့တယ်။
ဒါတွေကတော့ ၁၉၅၀၊ ဇွန်လ ၂၅ ရက်နေ့မှာ တောင်၊ မြောက်အပစ်အခတ်ရပ်စဲထားမှု ၆၂ နှစ်မြောက် အထိမ်း အမှတ်အနေနဲ့ တောင်ကိုရီးယားရဲ့ လက်နက်ကိရိယာအစစ်တွေနဲ့ ပြုလုပ်တဲ့ အကြီးမားဆုံးစစ်ရေးလေ့ကျင့်မှု တစ်ခုဖြစ်ပါတယ်။
တပ်သား အင်အား ၂ ၀၀၀၊ တင့်ကားတွေ၊ ဂျက်တိုက်လေယာဉ်တွေ၊ အမြောက်ပစ်စင်တွေ အများအပြားပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှုဖြစ်ပြီး နောက်ထပ် စစ်ရေးလေ့ကျင့်မှု နှစ်ခုနဲ့ အတူတစ်ပြိုင်နက် ပြုလုပ်နေခြင်းဖြစ်ပါတယ်။ နောက်နှစ်ခုက ကိုရီးယားကျွန်းဆွယ်တောင်ဘက်မှာ တောင်ကိုရီးယား-အမေရိကန်-ဂျပန် ပူးတွဲလေ့ကျင့်မှုနဲ့ အနောက်ဘက်ကမ်းခြေမှာ အမေရိကန်-ကိုရီးယား ပူးတွဲလေ့ကျင့်မှု တို့ဖြစ်ပါတယ်။
တောင်ကိုရီးယားစစ်တပ်အနေနဲ့ တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေတယ်ဆိုတာ ပြသဖို့ အစမ်းလေ့ကျင့်မှုတွေပြုလုပ်ခြင်း ဖြစ်တယ် လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးတာဝန်ရှိသူများက ဆိုပါတယ်။
`ရန်သူရဲ့ တိုက်ခိုက်လာမှုတွေနဲ့ ရန်စမှုတွေကို တားဆီးကာကွယ်ဖို့ ကျွန်တော်တို့ စစ်တပ်မှာ ခေတ်မီလက် နက်တွေနဲ့ တိုက်ခိုက်မှုစွမ်းရည်အပြည့်နဲ့ အင်အားအပြည့်အဝရှိနေတယ်ဆိုတာ ပြသတာပါ။` ဟု တောင်ကိုရီးယား စစ်တပ် ဗိုလ်မှူးကြီး ပတ်ချုံတေးက ပြောပါတယ်။
`ကျွန်တော်တို့ အရေးကြုံလာတဲ့ အချိန်မှာ အတူတကွ ပူးတွဲတိုက်တွဲဝင်နိုင်ဖို့ အဆင့်သင့်ဖြစ်နေအောင်လို့ တောင်ကိုရီးယားနဲ့ ပူးတွဲလေ့ကျင့်ခဲ့ခြင်းဖြစ်ပါတယ်။ ပူးတွဲတိုက်ပွဲဝင်ခြင်းက ကျွန်တော်တို့ကို ပိုပြီးအင်အား တောင့်တင်းစေပါတယ်။` လို့ အမေရိကန်အမှတ် ၂ တပ်ရင်းပြောရေးဆိုခွင့်ရ ဒုတိယဗိုလ်မှူးကြီး ဂျိုးစခရိုကာက ပြောပါတယ်။
ဒီလို စစ်ရေးလေ့ကျင့်မှုတွေက အဓိကအားဖြင့်တော့ တောင်ကိုရီးယားရဲ့ စစ်မျက်နှာမှာ ရှိနေတဲ့ မြောက်ကိုရီးယား ကိုရည်ရွယ်ပါတယ်။ ဒီနှစ်နိုင်ငံက ၁၉၅၃ ခုတုန်းက အပစ်အခတ်ရပ်စဲရေးစာချုပ်သာ ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီးတော့ ငြိမ်းချမ်းရေးစာချုပ် မဟုတ်ပါဘူး။ ဒါကြောင့် အချိန်မရွေး အပစ်အခတ်ရပ်စဲမှု ကျိုးပေါက်သွားနိုင်ပါတယ်။ တောင်ကိုရီးယားဘက်က ဒီလို စစ်ရေးလေ့ကျင့်မှုတွေလုပ်တိုင်း မြောက်ကိုရီးယားက ရန်လိုရန်စမှုအဖြစ်ရှုမြင်ပြီး ရှုံ့ချပြောဆိုလေ့ရှိပါတယ်။
`စစ်ပွဲသစ်တစ်ခုရဲ့ တိမ်တိုက်မဲကြီးကတော့ ကိုရီးယားကျွန်းဆွယ်အပါအဝင် အရှေ့မြောက်အာရှဒေသကို ထူထပ်ပိန်းပိတ်စွာ အုပ်မိုးထားပါတယ်။` လို့ မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းစာဖြစ်တဲ့ ရိုဒွန်းဆင်မွန်းမှာ စစ်ပွဲဖြစ် သွားနိုင်တယ် ဆိုတဲ့အကြာင်း ရေးသား သတိပေးခဲ့ပါတယ်။
ဒါပေမယ့် ကျွမ်းကျင်သူတွေက မြောက်ကိုရီးယားအနေနဲ့ အကြောင်းကြောင်းတွေကြောင့် ချက်ခြင်းတုံ့ပြန်တိုက်ခိုက် နိုင်စွမ်းမရှိသေးဘူးလို့ဆိုပါတယ်။ မြောက်ကိုရီးယားမှာ အထူးသဖြင့် ကျေးလက်ဒေသတွေ အကြီးအကျယ်မိုးခေါင် ရေရှားမှုဖြစ်နေပါတယ်။ မြောက်ကိုရီးယားအတွက် စားနပ်ရိက္ခာလှူးဒါန်းနိုင်ဖို့ ကုလသမဂ္ဂက ဒေါ်လာ သန်း ၂၀၀ လိုအပ်ကြောင်း ပြောထားပါတယ်။ နောက်တစ်ချက်က တောင်ကိုရီးယားမှာ သမ္မရွေးကောက်ပွဲရှိနေတဲ့ အချက် ဖြစ်ပါတယ်။
`ဒီနှစ်ကုန်ပိုင်းမှာ တောင်ကိုရီးယားမှာ သမ္မတရွေးကောက်ပွဲရှိနေတဲ့အတွက် မြောက်ကိုရီးယားက ဘာမှ တုံ့ပြန်ဦးမှာ မဟုတ်ပါဘူး။ စစ်ရေးအရ တုံ့ပြန်မယ်ဆိုရင် သမ္မတရွေးကောက်ပွဲပြီးမှသာ ဖြစ်ပါလိမ့်မယ်။` လို့ ကိုရီးယားကာကွယ်ရေးဖိုရမ်မှ သုတေသီတစ်ဦးဖြစ်သူ ယန်းဝုခ် က သုံးသပ်ပြောကြားသွားပါတယ်။
ရွေးကောက်ပွဲမတိုင်မီ တုံ့ပြန်တိုက်ခိုက်လိုက်ရင် တောင်ကိုရီးယားတွေကြား မြောက်ကိုရီးယားဆန့်ကျင်ရေးစိတ်ဓါတ် တွေ ပိုမိုကြီးထွားလာပြီး မြောက်ကိုရီးယားမုန်းတီးတဲ့ သမ္မတသစ်တက်လာမှာကို မြောက်ကိုရီးယားက လိုလားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
သမ္မတ ကင်ဒေးရုံလက်ထက်တုန်းက မြောက်ကိုရီးယားကို အကူအညီတွေအများအပြားပေးခဲ့ပါတယ်။ `နွေးထွေးစွာ ဆက်ဆံရေး` ဆိုတဲ့ ၂၀၀၀ ခုနှစ်ချမှတ်မူဝါဒနဲ့ အညီ စီးပွားရေးအကူအညီတွေနဲ့ အတူ ကွန်မြူနစ်မြောက်ကိုရီးယား ကို စည်းရုံးနိုင်ဖို့ကြိုးစားခဲ့ပါတယ်။ သူ့ကိုဆက်ခံခဲ့တဲ့ သမ္မတဟောင်း ရိုမူဟွန်းလည်း ဒီမူဝါဒအတိုင်း ဆက်လက်ကျင့် သုံးခဲ့ပါတယ်။
ဒါပေမယ့် ၂၀၀၈ ခုနှစ်မှာ လီမြောင်ဘတ် သမ္မတဖြစ်လာတော့ အကျုံးမဝင်တဲ့ အကူအညီတွေကို ရပ်ဆိုင်းလိုက်ပါ တော့တယ်။ လီမြောင်ဘတ်ရဲ့ အားထုတ်မှုကတော့ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်တွေဖျက်သိမ်းရင် ရပ်ဆိုင်းရင်း အစားအသောက်နဲ့ အခြားအကူအညီတွေ ပေးသွားမယ်ဆိုတဲ့ အပေးအယူလုပ်ကြည့်ခြင်းဖြစ်ပါတယ်။
လွန်ခဲ့တဲ့နှစ်နှစ်က မြောက်ကိုရီးယားကို `နွေးထွေးစွာဆက်ဆံခြင်း` ဆိုတဲ့မူဝါဒနဲ့ ငြိမ်းချမ်းရေးလုပ်ကြည့်ခဲ့ခြင်းက မအောင်မြင်ခဲ့ပါဘူးလို့ ပြန်လည်ပေါင်းစည်းရေး တောင်ကိုရီးယားဝန်ကြီးဌာန ရဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ တင်ပြခဲ့ပါတယ်။
ဒါပေမယ့် အပြောင်းအလဲတွေဖြစ်လာနိုင်တဲ့ မျှော်လင့်ချက်ကို မြင်နေရပါတယ်။ `နွေးထွေးစွာဆက်ဆံရေး` မူဝါဒကို ပြန်လည် အသက်သွင်းနိုင်တယ်လို့ မျှော်လင့်ရတဲ့ သမ္မတရိုမူဟွန်းလက်ထက်က သမ္မတရုံးအကြီးအကဲအဖြစ်တာဝန် ထမ်းဆောင်ခဲ့တဲ့ မွန်းဂျေးအင် သမ္မတလောင်းအဖြစ်ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ မကြာသေးမီကပဲ ကြေငြာခဲ့ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင်တွေအနေနဲ့ တောင်ကိုရီးယားစစ်ရေးလေ့ကျင့်မှုတွေကို အနီးကပ်စောင့်ကြည့်နေမှာ မဟုတ်ပါဘူး။ တောင်ကိုရီးယားရွေးကောက်ပွဲကိုပဲ အသေအချာစောင့်ကြည့်နေမှာဖြစ်ပါတယ်။ အဲဒီမှာ သူတို့အတွက် အခွင့်အလမ်းကောင်းတွေရှိနိုင်ပါတယ်။
Source: Al Jazeera BlogFriday, June 15, 2012
မယုံကြည်မှုကြောင့် ထောင်ကျရသူ (ဘာသာပြန်ဆောင်းပါး)
အလက်ဇန်းဒါးအာအန်ကို ချုပ်ထားတဲ့ ရဲစခန်းကို ကျွန်မသွားတွေ့ခဲ့ပါတယ်။ သူ့ကိုဖေဖေါ်ဝါရီလ ကတည်းက ဖမ်းထားတာဖြစ်ပါတယ်။
`ကျွန်တော်တို့ နိုင်ငံတစ်ဝှမ်းမှာ ဒီလောက်ဆင်းရဲမွဲတေနေတာတွေကို ကြည့်ပြီး ထာဝရဘုရားသခင်ရှိတယ်ဆိုတာ ကျွန်တော်ဘယ်လိုမှကို ယုံကြည်လို့မရတော့ဘူး။` လို့ ကျွန်မကို ပြောပြပါတယ်။
သူက အသက် ၃၂ နှစ်ရှိပြီဖြစ်ပြီး အစိုးရဝန်ထမ်းတစ်ဦးဖြစ်ပါတယ်။ ဆူမားတြားအနောက်ဘက် ဒါမာဆရာယားမှာနေတယ်။ သူ့ကို ထောင်ဒဏ် ၂ နှစ်ခွဲနဲ့ ငွေဒဏ် ဒေါ်လာ တစ်သောင်း ပြစ်ဒဏ်ချမှတ် ထားတယ်။ ဖေ့စ်ဘွတ်စာမျက်နှာထက်မှာ တမန်တော်မိုဟာမက်နဲ့ပတ်သက်ပြီး မယုံကြည်တဲ့အကြောင်း၊ ဘာသာရေးနဲ့ပတ်သက်ပြီး ဆန့်ကျင်ရေးသားခဲ့တဲ့ အတွက် တရားရုံးက အပြစ်ရှိတယ်လို့ သတ်မှတ်ပြီး ထောင်ချလိုက်တာဖြစ်ပါတယ်။ အဲဒီအမှုရဲ့ ဆုံးဖြတ်ချက်ကို တစ်ကမ္ဘာလုံးက စိတ်ဝင်စားနေကြပါတယ်။ ဘာသာမဲ့တွေအပါအဝင် လူနည်းစုတွေအပေါ် အင်ဒိုနီးရှားရဲ့သီးခံနားလည်နိုင်စွမ်းရှားပါးမှုကို တစ်ကမ္ဘာလုံးက မေးခွန်းထုတ်နေကြပါတယ်။
အင်ဒိုနီးရှားမှာ အခုဆိုရင် ဘာသာမဲ့တွေ ပိုများလာနေပြီး တွစ်တာမှာ ဘာသာမဲ့ဦးရေ ၁၀၀၀ လောက်ပါ ဝင်တဲ့ `အင်ဒိုနီးရှား ဘာသာမဲ့များအဖွဲ့` ဆိုတဲ့ အမည်နဲ့ အုပ်စုတစ်စုရှိပါတယ်။ အဖွဲ့ဝင်အများစုကတော့ သူတို့ဘယ်သူဘယ်ဝါဆိုတာ အတိအကျမပြောရဲကြပါဘူး။ မယုံကြည်သူတွေကို အင်ဒိုအစိုးရက ဖမ်းဆီး အရေးယူမှာကို သူတို့ကြောက်ကြပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဘာသာရေးလွတ်လပ်ခွင့်ကို အာမခံချက်ပေးထားပေမယ့် အင်ဒိုနိုင်ငံသားအား လုံး ထာဝရဘုရားသခင်ကို ယုံကြည်ရမယ် လို့လည်းဆိုပါတယ်။ ဒီလိုရှေ့နောက်မညီတဲ့ ဥပဒေကြောင့် ဘာသာရေးဂုရုတွေကြားမှာ ပြောဆိုရှင်းလင်းငြင်းခုန်မှုတွေဖြစ်နေရပြီး ထာဝရဘုရားကို မယုံကြည်တဲ့သူ တွေဟာ ဥပဒေနဲ့ ငြိစွန်းနေသလား၊ လွတ်လပ်စွာယုံကြည်ခွင့်အရ မငြိစွန်းဘူးလားဆိုတာ ဇဝေဇဝါဖြစ် နေရပါတယ်။
ဒါကြောင့် အာအန်ကို ထောင်ဒဏ်အပြစ်ပေးခဲ့တဲ့ တရားသူကြီးက သူ့ကို ဘာသာမဲ့မို့လို့ ထောင်ချတာ မဟုတ်ဘူး၊ ဘာသာရေးစော်ကားတဲ့ အပြောအဆိုအရေးအသားတွေကြောင့် ထောင်ချတာလို့ ဆင်ဝှေ့ရန်ရှောင် စီရင်ချက်ချလိုက်တယ်။
သမိုင်းအရ အင်ဒိုနီးရှားမှာ ဘာသာမဲ့ဖြစ် ခြင်းကို လက်မခံတဲ့ အတွေးအခေါ်တွေ ဟိုးတုန်းကတည်း ကရှိခဲ့ပြီး အမှောင်လွှမ်းခဲ့တဲ့ခေတ်တစ်ခုကို ဖြတ်သန်းခဲ့ရပါတယ်။ ။ ၁၉၆၀ ခုနှစ်တွေက ကွန်မြူနစ်ပါတီဝင် တစ်သန်းလောက်ကို စစ်တပ်နဲ့ မွတ်စလင်လူငယ်အုပ်စုတွေက သတ်ဖြတ်ပစ်ခဲ့ပါတယ်။ လူငယ်တွေကို သတ်ချင်ဖြတ်ချင်စိတ်တွေပေါ်ပေါက်လာအောင် ဘာသာရေးအရိုးစွဲတွေက ကွန်မြူနစ်တွေဟာ ထာဝရဘုရားနဲ့ မိုဟာမက်ကို မယုံကြည်သူတွေဖြစ်တဲ့ အကြောင်း၊ မိစ္ဆာကောင်တွေဖြစ်တဲ့အကြောင်း ဝါဒဖြန့်လှုံ့ဆော်ခဲ့ပါတယ်။
ဒီနေ့အထိပဲ ဘာသာမဲ့တွေနဲ့ ကွန်မြူနစ်တွေအပေါ် ဆန့်ကျင်ဘက်အမြင်တွေရှိနေပါသေးတယ်။ ဒါပေမယ့် ဒီကနေ့မျိုးဆက်သစ်လူငယ်တွေကတော့ ဟိုတစ်ချိန် အမှောင်ခေတ်က သတ်ဖြတ်ခဲ့တဲ့ အဖြစ်ဆိုးကြီး တွေကို မေ့မေ့ပျောက်ပျောက်ဖြစ်နေကြပါပြီ။ ဘာသာရေးကြောင့် ခွဲခြားနှိမ့်ချဆက်ဆံတာတွေကို တွေ့မြင်လာရတဲ့ လူငယ်အချို့ဆိုရင်တောင် ဘာသာမဲ့တွေဘက်ကို အားဖြည့်ပူးပေါင်းလာကြတာ တွေ့နေရပါတယ်။
အာဏာရှင်ဟောင်း ဆူဟာတိုလက်ထက်၊ ၁၉၉၈ ခုကဆိုရင် ဘာသာရေးအဓိကရုဏ်းတွေကြောင့်လူတွေ ထောင်နဲ့ချီသေဆုံးခဲ့ပါသေးတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကလည်း ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေ၊ အခြားလူနည်းစုဘာသာခြားတွေကို တိုက်ခိုက်မှုတွေအများအပြားဖြစ်ပွားခဲ့ပါတယ်။
`အင်ဒိုနီးရှားတွေက ဘာသာရေးနဲ့ပတ်သက်ပြီး သီးညည်းခံနိုင်စွမ်းရှိပါတယ်။ ဆန့်ကျင်ဘက်ပြုလာ ရင်တောင် သီးခံနိုင်ပါတယ်။` လို့ အာအန်ကို စီရင်ချက်ချလိုက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ ဂျကာတာပို့စ်သတင်းစာရဲ့ အယ်ဒီတာချုပ်က ပြန်လည်ဖြေကြားခဲ့ပါတယ်။
ကျွန်မ ဒီစာကို ရေးနေတာ အနောက်ဂျာဗားမှာနေပြီးရေးနေတာပါ။ ဖြစ်ချင်တော့ အဲဒီဒေသမှာ အမျိုးသား ဥပဒေတွေနဲ့ ဆန့်ကျင်ပြီး မွတ်စလင်ရှာရီယာ ဥပဒေကို ဒေသတွင်းဥပဒေအဖြစ်ပြဋ္ဌာန်းဖို့ ပြည်နယ်အစိုးရ က ဆုံးဖြတ်ထားတဲ့ နေရာဖြစ်နေပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဘာကြောင့် ဒီဥပဒေကို ပြဋ္ဌာန်းမှာလဲ လို့မြို့တော်ဝန်ကိုမးကြည့်တော့
`ဘာသာရေးအရိုးစွဲအုပ်စုတွေက ဒီဥပဒေကို ပြဋ္ဌာန်းပေးဖို့ ကျုပ်ရုံးရှေ့မှာ နေ့တိုင်းလာပြီး ဆန္ဒပြနေကြလို့ဗျာ။` လို့ ပြန်ဖြေတယ်။
အာအန်ကို ထောင်ချခဲ့တဲ့ အနောက် ဆူမားတြားက တရားသူကြီးလည်း ဒီလိုဖိအားတွေ ပေးခံခဲ့ရတာဖြစ်ပါတယ်။ အာအန်ကို ပြင်းပြင်းထန်ထန်အပြစ်မပေးဘူးဆိုရင် ခေါင်းဖြတ်သတ်ပစ်မယ်၊ အကြမ်းဖက်မှုတွေဖြစ်သွားမယ်လို့ ဘာသာရေးအရိုးစွဲအုပ်စုတွေက ခြိမ်းခြောက်ခဲ့ပါတယ်။
ဒါက သီးခံနိုင်စွမ်းမရှိတာမဟုတ်ဘူးလေ။ သီးခံနိုင်စွမ်းမရှိတဲ့ လူတွေရဲ့ ဖိအားပေးမှုကို မခံနိုင်တာသာ ဖြစ်ပါတော့တယ်။
Source: Al Jazeera
အယ်ဂျာဇီယာဘလော့ဂါ သတင်းထောက် Step Vaessen ရေးသားသော In Indonesia, jailed for non-believing သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်။မြန်မာပြည် ကချင်ဒေသတွင် စစ်ပြေးဒုက္ခသည် ၆၀ ၀၀၀ ခန့်ရှိ (ဗွီဒီယိုသတင်း)
မြန်မာအစိုးရနှင့် တိုင်းရင်းသား ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ကြား ၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲရေး လွန်ခဲ့သောနှစ်က အဆုံးသတ်သွားပြီးခဲ့ပြီး တိုက်ပွဲများဆက်တိုက်ဖြစ်ပွားလာခဲ့လေသည်။
အစိုးရစစ်တပ်များက ထိုးစစ်များဆက်တိုက်ဆင်ပြီး KIA ခြေကုပ်မြို့များကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းလာမှု ကြောင့် သူပုန်တပ်များ ကြိုးစားခုခံနေရပုံများကို လွန်ခဲ့သောလက အယ်ဂျာဇီယာမှ သွားရောက်မှတ်တမ်း သတင်းယူခဲ့သည်။
လက်ရှိအချိန်တွင် မြန်မာပြည်တွင်းနယ်စပ်များနှင့် တရုတ်နယ်စပ်များရှိ ဒုက္ခသည်စခန်းများတွင် ဒုက္ခသည် ၆၀ ၀၀၀ ခန့်ခိုလှုံနေကြရသည်။ မိုးရာသီကျရောက်လာပြီဖြစ်သောကြောင်း အကူအညီစားနပ်ရိက္ခာ၊ ဆေးဝါးများ ရောက်ရှိရေးအတွက် ခက်ခဲလျှက်ရှိသည်။
အယ်ဂျာဇီယာသတင်းထောက် ဝိန်းဟေးက ဘန်ကောက်မှ သတင်းပေးပို့ခဲ့သည်။
Source: Al Jazeeraဂျပန် ဥုံမ်ဂိုဏ်း နောက်ဆုံးတရားခံဖမ်းဆီးရမိ
၁၉၉၅ ခုနှစ်အတွင်းက တိုကျိုတွင် အဆိပ်ဓါတ်ငွေ့ဖြင့် တိုက်ခိုက်မှုကြောင့် ၁၃ ဦးသေဆုံးပြီး လူပေါင်း ထောင်ကျော်ဒဏ်ရာရရှိခဲ့သည့် အကြမ်းဖက်မှုအတွက် တာဝန်ရှိသူ လွတ်မြောက်နေသော တရားခံကို ဖမ်းဆီးနိုင်ခဲ့ပြီဖြစ်ကြောင်း ဂျပန်ရဲများက ဆိုသည်။
တိုကျိုမြို့မြေအောက်ရထားဘူတာရုံတွင် အာရုံကြောများပျက်စီးသေဆုံးစေနိုင်သော အဆိပ်ငွေ့ထုတ်လွှင့် ပြီး အကြမ်းဖက်ခဲ့သော ဘာသာရေးအစွန်းရောက် တရားခံတစ်ခုတွင် နောက်ဆုံးကျန်ရှိနေသော ကက်ဆူယာတာကာဟာရှီကို ၁၇ နှစ်ကြာလိုက်လံစုံစမ်းခဲ့ရပြီး သောကြာနေ့က ဖမ်းဆီးရမိခဲ့သည်။
တိုကျိုတောင်ပိုင်း တွင် ကက်ဆူယာတာကာဟာရှီနှင့် တူသောလူတစ်ယောက်ကို စာအုပ်ဆိုင် တစ်ဆိုင်တွင်တွေ့ ရကြောင်း ရဲက သတင်းရရှိပြီး ရဲစုံထောက်များက သူ့ကို နီးစပ်ရာရဲ စခန်းသို့ခေါ် ဆောင်လာခဲ့ကြောင်း သိရသည်။ ထို့နောက် သူ့လက်ဗွေရာကို ရယူပြီး တိုက်ဆိုင်စစ်ဆေးကြည့်ရာ တူညီနေသဖြင့် ဖမ်းဆီးထား ခဲ့သည်။
တာကာဟာရှီ အသက် ၅၄ နှစ်ကို လူသတ်မှုအပါအဝင် အခြားအမှုများဖြင့် တရားစွဲဆိုထားသည်။
သူ့ကို ဘာသာရေးအစွန်းရောက်ဂိုဏ်း၏ အထက်ပုဂ္ဂိုလ်များက ခိုင်းစေသဖြင့် လုပ်ဆောင်ခဲ့ရကြောင်း ထွက်ဆိုခဲ့သည်။
လွန်ခဲ့သောနှစ်ပတ်က တာကာဟာရှီနှင့် တစ်ဖွဲ့တည်းဖြစ်၍ ဥုံမ်သစ္စာတရားဂိုဏ်း ဟု အမည်ရသော ဘာသာရေးဂိုဏ်းမှ နာအိုကိုကီကူချီကို ဖမ်းဆီးရမိခဲ့သည်။ သူတို့နှစ်ဦးသည် ၁၉၉၆ ခုနှစ် အခင်းဖြစ်ပွား ပြီးကတည်းက ထွက်ပြေးလွတ်မြောက်နေခဲ့သူများဖြစ်သည်။ သူတို့အဖွဲ့၏ ခေါင်းဆောင်ဆရာကြီးက ကမ္ဘာပျက်မည့်အကြောင်း နိမိတ်ကြိုတင်မြင်မက်သည်ဟု ဆိုကာ လူအများကို အဆိပ်ငွေ့လွှတ်သတ်ဖြတ် စေခဲ့ခြင်းဖြစ်သည်။
တာကာဟာရှီသည် ဥုံမ် ဂိုဏ်းဆရာကြီး ရှိုကိုအဆာဟာရ၏ သက်တော်စောင့်လုပ်ခဲ့ဖူးပြီး ဓါတ်ငွေ့လွှတ် သတ်ဖြတ်မည့် အစီအစဉ်ကို ဖေါ်ဆောင်ရာတွင် ကားမောင်းသည့်တာဝန်ကို ယူခဲ့သူဖြစ်သည်။
သူသည် နောက်ထပ်တရားခံပြေးတစ်ဦးဖြစ်သူ မာကိုတိုဟီရာတာနှင့် အတူ ပြန်ပေးဆွဲမှုတစ်ခုကို ကျူးလွန်ခဲ့ပြီး ၁၉၉၅ ခုနှစ်အတွင်း ထိုစဉ်က တိုကျိုမြို့တော်ဝန် ယူကီအိုအာမိုရှီးမားထံသို့ ဗုံးပို့ဆောင်လုပ်ကြံခဲ့သည်။
လွန်ခဲ့သောနှစ် နှစ်သစ်ကူးညသန်းခေါင်ယံ နှစ်ကူးမတိုင်မီ မိနစ်ပိုင်းအလိုမျှတွင် တရားခံပြေး ဟီရာတာ သည် ရဲစခန်းသို့လာရောက်အဖမ်းခံခဲ့သည်။
ဥုံမ်ဂိုဏ်းသည် ၁၉၉၄ ခုနှစ်အတွင်းက မတ်ဆုမိုတိုမြို့တိုက်ခိုက်မှုကိုလည်း ကျူးလွန်ခဲ့ပြီး ထိုစဉ်က ၈ ယောက်သေဆုံးခဲ့သည်။ ဂျပန်တွင် ရထားဘူတာတိုင်း၌ ၎င်းတို့၏ဓါတ်ပုံများကို ချိတ်ဆွဲပြီး ဝရမ်းထုတ်ထား သော်လည်း နာအိုကိုကီကူချီ၊ တာကာဟာရှီနှင့် ဟီရာတာတို့သုံးဦးမှာ လွတ်မြောက်နေခဲ့ လေသည်။
ဆာရင်းဓါတ်ငွေ့ထုတ်လုပ်ရာတွင်ပါဝင်ခဲ့သော နာအိုကိုကီကူချီကို ဇွန်လ ၃ ရက်နေ့က ဖမ်းဆီးရမိခဲ့သည်။
ဥုံဂိုဏ်းတည်ထောင်သူ ဆရာကြီး အဆာဟာရသည် မျက်စိနှစ်ဘက်ကွယ်နေသူဖြစ်ပြီး ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာအယူအဆများရောမွှေထားသော သဘောတရားများကို တီထွင်ဟောပြောပြီး ကမ္ဘာပျက်မည့် တရားများ ပို့ချခဲ့သည်။ ထို့နောက် သူ့ရန်သူများက သူ့ကို ဆာရင်းဓါတ်ငွေ့ဖြင့်တိုက်ခိုက်မည်ဟု အစွဲအလန်းဖြစ်ကာ ယင်းဓါတ်ငွေ့ကို ကိုယ်တိုင်ထုတ်လုပ်ခဲ့သည်။
ထို့နောက် မြေအောက်ဘူတာရုံတိုက်ခိုက်မှုအပြီး နှစ်လခန့်အကြာတွင် ဖူဂျီတောင်အနီး၌ဖမ်းဆီးရမိကာ ကြိုးမိန့်ပေးခြင်းခံခဲ့ရသည်။ သူနှင့် အဖွဲ့ဝင် ၁၂ ဦးပါသော အဖွဲ့ကို ကြိုးမိန့်ပေးပြီး လက်ရှိအချိန်အထိ ချုပ်နှောင်ထားဆဲဖြစ်သည်။
Source: Al JazeeraThursday, June 14, 2012
ကမ္ဘာ့အကြီးဆုံး ပင်လယ်ပြင်ထိန်းသိမ်းဧရိယာ သြစတြေးလျ ဆောင်ရွက်မည်
တရုတ်တွင် ၇ လသားကိုယ်ဝန်ဖျက်ချခိုင်းမှုကြောင့် မကျေမနပ်ဖြစ်
တရုတ်အာဏာပိုင်းများက အဓမ္မဖိအားပေးဖျက်ချခိုင်းသဖြင့် ကိုယ်ဝန် ၇ လသားအရွယ်တွင် ဖျက်ချလိုက်ရသော ကလေးငယ်အလောင်းဓါတ်ပုံများကို အင်တာနက်ပေါ်တွင် ဖြန့်ချိခဲ့သည့် ကိစ္စအား စုံစမ်းစစ်ဆေးသွား မည်ဟု တရုတ်အစိုးရက ပြောကြားလိုက်သည်။
တရုတ်အစိုးရမှ ချမှတ်ထားသော မိသားတစ်စု-ကလေးတစ်ယောက်မူဝါဒအား ချိုးဖေါက်ပြီး နောက်တစ် ယောက် ကိုယ်ဝန်ထပ်ရှိခဲ့သဖြင့် ရှန်းဇီပြည်နယ်မှ ကိုယ်ဝန်ဆောင်အမျိုးသမီး ဖန်းဂျီအန်မေကို အာဏာပိုင်များက ဒဏ်ငွေတောင်းခံခဲ့ရာ မပေးဆောင်သဖြင့် အဓမ္မဖျက်ချခိုင်းခဲ့ကြောင်း မကျေမနပ်ဖြစ် နေကြသော လှုပ်ရှားတက်ကြွသူများက ဆိုသည်။
ယင်းကိစ္စမှာ တရုတ်နိုင်ငံဇန်းပင်းစီရင်စု အတွင်းဖြစ်ပွားခဲ့ပြီး သက်ဆိုင်ရာစီရင်စု အာဏပိုင်များက အထူး စုံစမ်းရေးကော်မီတီတစ်ရပ်ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း၊ အမျိုးသားမိသားစုစီမံကိန်းဌာန တာဝန်ရှိသူများကလည်း ယင်းကိစ္စတွင်ပါဝင်ဆောင်ရွက်ခဲ့သူများကို အရေးယူသွားမည်ဟု ပြောကြားခဲ့ သည်။
အမျိုးသားလူဦးရေနှင့် မိသားစုစီမံကိန်းကော်မစ်ရှင်ဌာနမှ အမည်မဖေါ်လိုသူ တာဝန်ရှိသူတစ်ဦးကလည်း ယင်းကိစ္စကို အလေးထားကြောင်းနှင့် စုံစမ်းစစ်ဆေးမှုများကို ထိပ်တန်းအဆင့်ဖေါ်ဆောင်သွားမည်ဖြစ် ကြောင်း ပြောကြားလိုက်သည်။
တရုတ်နိုင်ငံ အွန်လိုင်းအသုံးပြုသူများကလည်း ဆေးရုံကုတင်ပေါ်တွင် သွေးသံရဲရဲဖြင့် သေဆုံးနေသော ကလေးငယ်အလောင်း၏ ဘေးတွင် ဖန်းလဲလျောင်းနေသောဓါတ်ပုံကို ကြည့်ရှုပြီး ဒေါသထွက်နေကြပြီး ဂျပန်ခေတ်က ဖက်ဆစ်နာဇီမကောင်းဆိုးဝါးဂျပန်များ၏ ဆိုးသွမ်းရက်စက်ပုံနှင့် နှိုင်းယှဉ်ပြောဆိုနေကြ သည်။
ဖန်းနှင့် သူ၏ ခင်ပွန်းတို့က ကလေးဖျက်ချပေးရမည့် ကိစ္စကိုကန့်ကွက်ခဲ့ကြသေးကြောင်း ဆွေမျိုးတော်စပ် သူတစ်ဦးက အေအက်ဖ်ပီသတင်းဌာနသို့ ပြောပြခဲ့သည်။
Source: Al JazeeraSunday, June 10, 2012
ရေဒီယိုသတ္တိကြွ တိုင်းတာနိုင်မည့်ဖုန်း ဂျပန်ထုတ်လုပ်မည်
ဂျပန်နိုင်ငံထုတ်လက်ကိုင်ဖုန်းများသည် ခေတ်မီဆန်းသစ်မှုဖြင့် ကြော်ကြားလေသည်။ အတားအဆီးများ ကြားခံနေသော်လည်း ဆက်သွယ်ပြောဆိုနိုင်ခြင်း၊ ရုပ်မြင်သံကြားကြည့်ရှုနိုင်ခြင်း၊ ခန္ဓာကိုယ် အဆီပမာဏ တိုင်းတာနိုင်ခြင်း၊ လေထုမည်မျှညစ်ညမ်းမှုဖြစ်နေကြောင်း ပြသပေးနိုင်ခြင်း စသည့် ကိရိယာများပါဝင်လေ သည်။
ယခုအခါ လက်ကိုင်ဖုန်း အဓိကထုတ်လုပ်ရောင်းချသော ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Softbank မှ ရေဒီယို သတ္တိကြွမှုတိုင်းတာသည့် ကိရိယာပါဝင်သော လက်ကိုင်ဖုန်းများ ထုတ်လုပ်ရောင်းချတော့မည်ဖြစ်သည်။ ဖုန်းတွင် ပါဝင်သည့် သက်ဆိုင်ရာခလုတ်ကို နှိပ်လိုက်ရုံမျှဖြင့် မိမိရှိနေသော လေထုအတွင်း ရေဒီယိုသတ္တကြွမှု မည်မျှဖြစ်ပေါ်နေသည်ကို ဖေါ်ပြမည်ဖြစ်သည်။
လွန်ခဲ့သောနှစ်အတွင်းက ဆူနာမီနှင့် ငလျင်တို့ကြောင့် ဖူကူရှီးမားနျူကလီးယားစွမ်းအင်သုံးလျှပ်စစ်ဓါတ် အားပေးစက်ရုံ ရေဒီယိုသတ္တိကြွယိုစိမ့်မှုပြီးနောက်ပိုင်း စိုးရိမ်ရသည့် အခြေအနေများကြောင့် ၎င်းဖုန်းများ အရောင်းသွက်မည့် အလားအလာရှိသည်။
ဂျပန်အစိုးရနှင့် စက်ရုံပိုင်ရှင် TEPCO ကုမ္ပဏီများက အန္တရာယ်မရှိတော့ကြောင့် အာမခံချက်ပေးထားသော် လည်း ဂျပန်ပြည်သူအများစုက မယုံကြည်ကြသေးပေ။ ထို့ကြောင့် ဂီဂါကောင်တာခေါ် ရေဒီယိုသတ္တိကြွ တိုင်းတာသည့် ကိရိယာများ အရောင်းသွက်ခဲ့ပြီး အချို့ဒေသများတွင် ယင်းကိရိယာကို တစ်ဦးတည်းဈေး ကြီးပေးမဝယ်ယူနိုင်သဖြင့် စုပေါင်းဝယ်ယူကာ မိမိတို့စားသောက်မည့် အစားအသောက်များတွင် ရေဒီယို သတ္တိကြွမှုရှိ၊ မရှိ တိုင်းတာရန် အသုံးပြုနေကြရသည်။
လက်ကိုင်ဖုန်းကုမ္ပဏီက အဆိုပါကိရိယာပါဝင်သည့် ဖုန်း၏ ဈေးနှုန်းကို ဈေးကွက်တွင်းဖြန့်ချိမည့်ဈေးနှုန်း ကို မကြေငြာသေးပေ။ လာမည့် နွေရာသီတွင် စတင်ဖြန့်ချိမည်ဖြစ်ကြောင်း၊ အများဝယ်ယူသုံးစွဲနိုင်မည့် ဈေးနှုန်းဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။
Source: BBCThursday, June 7, 2012
မလေးရှားရောက် ကမ္ဘောဒီးယား အိမ်အကူလုပ်သားများ (ဗွီဒီယိုသတင်း)
Friday, June 1, 2012
ထိုင်းရှပ်ဝါများ ပါလီမန်ကို ဆန္ဒပြ
ထိုင်းနိုင်ငံသို့ ဝန်ကြီးချုပ်ဟောင်း သက်ဆင် တရားဝင်ပြန်လည်ဝင်ရောက်လာနိုင်ရေးအတွက် အဓိကဦးတည်ပြဌာန်းမည့်ဥပဒေဟု အတိုက်အခံများက ဝေဖန်နေသော အမျိုးသားပြန်လည်သင့်မြတ်ရေး ဥပဒေတစ်ရပ် ထိုင်းပါလီမန်အတွင်းဆွေးနွေးနေခြင်းကို ရပ်ဆိုင်းထားရန် ရှပ်ဝါများက ဆန္ဒပြခဲ့ကြသည်။
ရှပ်ဝါများဟု သိကြသော ပြည်သူ့မဟာမိတ်ဒီမိုကရေစီပါတီ (PAD ) ပါတီမှ အင်အား ၁ ၀၀၀ ကျော်ခန့် သောကြာနေ့က ပါလီမန်ကို ဝန်းရံထားကြပြီး ဘန်ကောက်မြို့တွင်းသို့ဝင်ရောက်မည့်လမ်းများကို ပိတ်ဆို့ ဆန္ဒပြခဲ့ကြသည်။ ပါလီမန်အတွင်းဝင်ရောက်မည့် ကိုယ်စားလှယ်များကိုလည်း ဝင်ရောက်ခွင့်မပြုခဲ့ကြပေ။
`အခြေအနေအေးအေးနဲ့ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်စေဖို့ အစည်းအဝေးကို ရပ်ဆိုင်းထားလိုက်ဖို့ ကျွန်တော် ညွှန်ကြားထားပြီးပါပြီ။` ဟု ပါလီမန်ဥက္ကဌ ဆွမ်ဆက်ကီယက်ဆူရန်နော့က သောကြာနေ့က သတင်းထောက်များကို ပြောကြားခဲ့သည်။
`အခြေအနေအရပ်ရပ်ကို ပြန်လည်သုံးသပ်ပြီးတော့မှ ဘယ်အချိန်အစည်းအဝေးပြန်လည်စတင် မယ်ဆိုတာ ကျွန်တော်တို့ ဆုံးဖြတ်ပါမယ်။` ဟု ဆို၏။
ပါလီမန်အပြင်ဘက်တွင် ရဲများနှင့် ဆန္ဒပြသူများ အနည်းငယ် တွန်းတွန်းတိုက်တိုက်ဖြစ်ပွားခဲ့သည်။
သက်ဆင်အားမျက်ကွယ်တွင် ချမှတ်ထားသည့် ထောင်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ရစေပြီး ထိုင်းနိုင်ငံ အတွင်းပြန်လည်ဝင်ရောက်နေထိုင်နိုင်ရန် ဥပဒေကို အသုံးချလိမ့်မည်ဟု ရှပ်ဝါဝတ်များက စွပ်စွဲပြီး ဆန့်ကျင်ခဲ့ကြခြင်းဖြစ်သည်။
ဥပဒေအရ ၂၀၀၅ ခုနှစ်မှ ၂၀၁၀ နှစ်လယ်ပိုင်းခန့်အထိ ထိုင်းနိုင်ငံရေးတွင် မငြိမ်မသက်ဖြစ်မှုများနှင့် အမှားအယွင်းဖြစ်ခဲ့သော ပါတီများအားလုံးကို လွတ်ငြိမ်းခွင့်ပြုနိုင်မည်ဖြစ်သည်။
သောကြာနေ့က ဆန္ဒပြပွဲတွင် လက်ရှိအစိုးရအား ဆန့်ကျင်သည့် စာတမ်းများကိုင်ဆွဲထားကြပြီး ပါလီမန် ပတ်လည်တွင် ဝန်းရံဆန္ဒပြခဲ့ကြသည်။
လုံထိန်းရဲများက ပါလီမန်ကို ကာကွယ်ထားကြပြီး ဆန္ဒပြခေါင်းဆောင် ချမ်လောင်ဆရီမူအန်က ထရပ်ကား တစ်စင်း၏ ခေါင်းမိုးပေါ်သို့တက်ရောက်ကာ အစိုးရ၏ အမျိုးသားပြန်လည်သင့်မြတ်ရေး ဥပဒေအဆိုတင် သွင်းချက်ကို ကန့်ကွက်ကြောင်း ပြောကြားခဲ့သည်။
`ဒီကိစ္စကို အစိုးရနဲ့ ကျွန်တော်တို့ ညှိနှိုင်းရပါမယ်။ ကျွန်တော်တို့ပြောတာ နားမထောင်ဘူးဆိုရင် တော့ PAD ပါတီဆိုတာက ဝန်ကြီးချုပ်တွေကို ဖြုတ်ချတဲ့နေရာမှာ အင်မတန်ထူးချွန်ပြောင်မြောက်တယ် ဆိုတာ သိရပါလိမ့်မယ်။` ဟု ပြောသောအခါ အောက်မှ လူအုပ်ကြီးက အားပေးခဲ့ကြလေသည်။
ဝေဖန်သူများက ဥပဒေသည် သက်ဆင်ပြန်လည်နိုင်ရေးအတွက် တစ်စိတ်တစ်ပိုင်းရေးဆွဲထားကြောင်း ဆိုသည်။ ၂၀၀၆ ခုနှစ်အတွင်းကစစ်တပ်မှအာဏာသိမ်းပြီးသက်ဆင်ကိုဖယ်ရှားခဲ့သည်။
လက်ရှိအစိုးရကို သက်ဆင်၏ ညီမတော် ယင်လပ်ရှင်နာဝပ်ထရာက ဦးဆောင်ပြီး လွန်ခဲ့သော ဇူလိုင်လ ရွေးကောက်ပွဲအတွင်း အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ယင်လပ်အစိုးရကို သက်ဆင်က ဒူဘိုင်းမှ နေ၍ ကြိုးဆွဲညွှန်ကြားနေကြောင်း အများစုက ထင်မြင်ကြသည်။
စစ်တပ်မှ အာဏာသိမ်းပြီးနောက် သက်ဆင်အား လာဘ်စားမှုများဖြင့် ထောင်ဒဏ်နှစ်နှစ် မျက်ကွယ်တွင် ချမှတ်ထားခဲ့ပြီး ထိုအချိန်မှ စ၍သက်ဆင်သည် နိုင်ငံခြားတိုင်းပြည်များတွင် သွားရောက်နေထိုင်ခဲ့ပြီး ယခုအခါ ဒူဘိုင်းတွင်နေထိုင်လျက်ရှိသည်။
သက်ဆင်က သူ့တွင် အပြစ်မရှိကြောင်း ငြင်းဆိုထားသည်။
၂၀၀၆ ခုနှစ်စက်တင်ဘာလအတွင်းက ရှပ်ဝါဝတ်များဦးဆောင်သော ဆန္ဒပြပွဲများကျင်းပခဲ့ပြီးနောက် စစ်တပ်မှ အာဏာသိမ်းကာ သက်ဆင်ကို ဖြုတ်ချခဲ့ခြင်းဖြစ်သည်။
Source: Al Jazeera
Thursday, May 31, 2012
အိန္ဒိယတွင် လောင်စာဆီဈေးနှုန်းမြင့်တက်မှုကြောင့် ဆန္ဒပြမှုများဖြစ်ပွား
လောင်စာဆီဈေးနှုန်းများမြင့်တက်မှုကြောင့် အိန္ဒိယတွင် နိုင်ငံအဝှမ်းဆန္ဒပြမှုများဖြစ်ပွားနေခြင်းကြောင့် ဆိုင်အများအပြားပိတ်ထားပြီး သယ်ယူပို့ဆောင်ရေးလုပ်ငန်းများလည်း ရပ်တန့်နေရသည်။ အစိုးရ၏ စီးပွားရေးစီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့် ပြည်သူလူထု၏ မကျေနပ်မှုများကို ခံနေရပြီး ပြည်သူနှင့် အစိုးရကြား နောက်ထပ်သဘောထားကွဲလွဲမှုများ ဖြစ်ပွားလျက်ရှိသည်။
အတိုက်အခံနိုင်ငံရေးပါတီများနှင့် ကုန်သွယ်ရေးသမဂ္ဂများက မြို့ကြီးအများအပြားတွင် လုပ်ငန်းခွင်များ ရပ်တန့်ဆန္ဒပြကြရန် နှိုးဆော်ကြပြီး မြို့တော် နယူးဒေလီနှင့် စီးပွားရေးမြို့တော် မွန်ဘိုင်းတို့တွင် ချီတက် ဆန္ဒပြမှုများဖြစ်ပွားခဲ့သည်။
နယူးဒေလီတွင် လုပ်ငန်းများ၊ ဆိုင်များ ပိတ်ထားကြပြီး မော်တော်ယာဉ်အသွားအလာအလွန်နည်းပါးလျက် ရှိသည်။ အလုပ်သွား၊ ပြန် သယ်ပို့ယာဉ်များ ပြေးဆွဲမှုရပ်ဆိုင်းထားခြင်းကြောင့် အလုပ်သမားများလည်း လုပ်ငန်းခွင်သို့ သွားရောက်နိုင်ခြင်းမရှိကြချေ။
မွန်ဘိုင်းမြို့တွင်လည်း BJP ပါတီ၏ မိတ်ဖက်ပါတီဖြစ်သော ရှိဗ်ဆီနာပါတီက မြို့သူမြို့သားများအား အိမ်တွင်း၌သာ နေကြရန် နှိုးဆော်ထားလေသည်။ ဘတ်စ်ကားများကို ခဲများဖြင့် ပစ်ပေါက်ခြင်း၊ ရုံးခန်းများ ကို တိုက်ခိုက်ခြင်းများဖြစ်ပွားလျက်ရှိကြောင်း သတင်းများကြားသိရသည်။
ပက်နာမြို့တွင် ဆန္ဒပြသူများက အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်း၏ ပုံစံတူအရုပ်ကို မီးရှို့ကာ ဆန္ဒပြခဲ့ ကြပြီး ကလကတ္တားတွင်း အစိုးရဆန့်ကျင်ကြွေးကြော်သံများ အော်ဟစ် ဆန္ဒပြကြလေသည်။
ဇန်နဝါရီလ မှ မတ်လ အထိကာလအတွင်း စီးပွားရေးတိုးတက်မှုနှုန်းမှာ ကိုးနှစ်အတွင်း အနိမ့်ဆုံးဖြစ်ပြီး ၅.၃ ရာခိုင်နှုန်းသာ ရှိခဲ့ကြောင်း စာရင်းထွက်ပေါ်လာသည့် နေ့မှာပင် ဆန္ဒပြမှုများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အယ်ဂျာဇီယာသတင်းထောက် ပရာနာဆူရီ နယူးဒေလီမြို့မှ သတင်းပေးပို့ခဲ့ရာတွင် အစိုးရက လောင်စာဆီဈေးနှုန်း ၁၁ ရာခိုင်နှုန်း တိုးမြှင့်ရန် ဆုံးဖြတ်ခဲ့ကြောင်း၊ အိန္ဒယသမိုင်းတွင် အမြင့်မားဆုံးလောင်စာဆီဈေးနှုန်းဖြစ်လာခဲ့ပြီး ဆန္ဒပြမှုဖြစ်စေခဲ့ကြောင်း ဆိုသည်။
`အတိုက်အခံအုပ်စုတွေက ပြည်သူတွေရဲ့ အစိုးရအပေါ် အမျက်ဒေါသကို အသုံးချပြီး ဆန္ဒပြပွဲ တွေကို ထောက်ခံအားပေးနေပါတယ်။` ဟု သတင်းထောက်က ပြောသည်။
Source: Al Jazeera
Tuesday, May 29, 2012
တိန်အန်မန် အရေးအခင်းတွင်း သေဆုံးခဲ့သူများကိစ္စ တရုတ်လျစ်လျူရှု
တိန်အန်မန်ရင်ပြင်ဆန္ဒပြပွဲအတွင်း အသတ်ခံခဲ့ရသည့် သားဖြစ်သူအတွက် အစိုးရက တစ်စုံတစ်ရာ ဆောင်ရွက်ပေးခြင်းမရှိသည့် အပေါ် မကျေနပ်ဆန္ဒပြသည့်အနေနှင့် ဖခင်ဖြစ်သူက မိမိကိုယ်ကိုယ် ဆွဲကြိုး သတ်သေခဲ့သည့် အမှုတစ်ခု တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် ဖြစ်ပွားခဲ့ကြောင်း တိန်အန်မန်မိခင်များ ဟု အမည်ရသော အုပ်စုက ပြောကြားခဲ့သည်။
အသက် ၇၃ နှစ် ရှိ ယာဝေလင်းသည် ဘေဂျင်းမြို့ရှိ အထပ်မြင့်အဆောက်အဦတစ်ခု၏ မြေအောက်ထပ် ကားရပ်နားရာ နေရာဟောင်းတစ်ခုအတွင်း သတ်သေခဲ့ခြင်းဖြစ်ကြောင်း ယူဆရလေသည်။
၁၉၈၉ ခုနှစ်အတွင်း တရုတ်နိုင်ငံတွင် တိန်အန်မန်အရေးအခင်းဖြစ်ပွားခဲ့ပြီး အစိုးရက ချေမှုန်းခဲ့ရာတွင် အရပ်သား ရာနှင့်ချီ၍ သေဆုံးခဲ့သည်။ အစိုးရက စစ်ဥပဒေထုတ်ပြန်ထိန်းချုပ်ခဲ့ပြီး ဆန္ဒပြသူ အင်အား ငါးသိန်းခန့်ရှိကာ စီးပွားရေးပြုပြင်ပြောင်းလဲရေးနှင့် လွတ်လပ်မှုအတွက် တောင်းဆိုခဲ့ကြသည်။
တိန်အန်မန်မိခင်များ ဝက်ဘ်ဆိုက်တွင် ယာဝေလင်း၏ သားဖြစ်သူ ယာအိုင်ဂူသည် ဘေဂျင်းတွင် စစ်တပ်မှ ပစ်ခတ်ခဲ့သဖြင့် ဦးခေါင်းတွင် သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း ဖေါ်ပြထားသည်။
အဆိုပါဝက်ဘ်ဆိုက်၌ပင် ယာအိုင်ဂူ၏ မိခင်က သူမ၏သားသည် ထိုစဉ်က အသက် ၂၂ ရှိပြီး အလုပ် တစ်ခုလျှောက်ထားစောင့်ဆိုင်းနေစဉ် သူ့ရည်းစားနှင့် ဈေးဝယ်ထွက်ရာမှ ညနေပိုင်းတွင် အသတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ဆိုသည်။
ယာဝေလင်းသည် သူ့သားသေဆုံးခဲ့ရခြင်းပတ်သက်သော အချက်အလက်အသေးစိတ်များကို ရေးသားထားသော စာရွက်တစ်ခု ကိုင်ဆောင်ထားခဲ့သည်ဟု မိသားစုဝင်များပြောပြချက်နှင့် အတူဝမ်းနည်း ကြေကွဲကြောင်း သဝဏ်လွှာတစ်စောင်ကိုလည်း တိန်အန်မန်မိခင်များ ဝက်ဘ်ဆိုက်တွင် ဖေါ်ပြထားသည်။
အဆိုပါ စာရွက်၌ မိမိသားသေဆုံးခဲ့သည်မှာ အနှစ် ၂၀ ကျော်ခဲ့ပြီဖြစ်ပြီး အစိုးရက တစ်စုံတစ်ရာအရေးယူ ဆောင်ရွက်ပေးခြင်းမရှိသည့် အတွက် ဆန္ဒပြယင်း သေမည်ဖြစ်သည်ဟု ရေးသားထားကြောင်း သိရသည်။
`ဒီအကြောင်းကို ရေးပြီး တင်ပြနေတာ ၁၈ နှစ်ရှိသွားပါပြီ။ ဒါပေမယ့် တစ်ခါမှအကြောင်းမပြန်ခဲ့ပါ ဘူး။ တစ်ခါကလေးတောင် အကြောင်းမပြန်ပါဘူး။ သူတို့က ဒီကိစ္စကို လုံးဝလျစ်လျူရှုထားပါတယ်။ ` ဟု ၂၀၀၇ ခုနှစ်အတွင်းက ကာတာလိုနီးယန်း ရုပ်မြင်သံကြား ၃ နှင့်အင်တာဗျူးဖြေကြားရာတွင် ယာဝေလင်း ကပြောကြားခဲ့ဖူးသည်။
ယာဝေလင်း သေဆုံးမှုနှင့် ပတ်သက်ပြီး ဘေဂျင်းရဲဌာနသို့ ဖက်စ်နှင့်ပို့၍ မေးမြန်းထားရာတွင် တစ်စုံတစ်ရာတုံ့ပြန်ဖြေဆိုခြင်းမရှိသေးပေ။
တိန်အန်မန်အရေးအခင်းသည် ၁၉၈၉ ခုနှစ် ဇွန်လ ၃-၄ ရက်များတွင် ဖြစ်ပွားခဲ့ပြီး ယာဝေလင်းသည် နှစ်ပတ်လည်မတိုင်မီ တစ်ပတ်အလိုတွင် သေဆုံးခဲ့ခြင်းဖြစ်သည်။
တိန်အန်မန်အရေးအခင်းနှင့် ပတ်သက်၍ အစိုးရက လုံးဝရေငုံနှုတ်ပိတ်ထားပြီး ကျောင်းသုံးစာအုပ်များတွင် ပြဌာန်းခြင်းမရှိ၊ လူထုကြားပြောဆိုဆွေးနွေးမှုများကိုလည်း တင်းကြပ်စွာ ပိတ်ပင်တားမြစ်ထားလေသည်။
တိန်အန်မန်အရေးအခင်းအတွင်း သေဆုံးခဲ့သူများ၏ မိခင်များဖြင့် ဖွဲ့စည်းထားသော တိန်အန်မန်မိခင်များ အဖွဲ့က အခါအခွင့်သင့်တိုင်း တရုတ်အစိုးရခေါင်းဆောင်များထံသို့ အိတ်ဖွင့်ပေးစာများပေးပို့ကာ ဖြေရှင်း ပေးရန် တောင်းဆိုလျက်ရှိသည်။
ကျောင်းသားများဦးဆောင်သော ယင်းအရေးအခင်းအတွင်း စစ်တပ်မှ သတ်ဖြတ်၍ သေဆုံးခဲ့သူများ အတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်ပေးရန်၊ ယင်းကိစ္စတွင် တာဝန်ရှိသူများကို အပြစ်ပေးရန်၊ သက်ဆိုင်ရာ မိသားစုများကို လျှော်ကြေးများပေးရန် တောင်းဆိုမှုများ ပြုလုပ်လာသည်မှာ နှစ်ပေါင်း ၂၀ ကျော်ကြာခဲ့ပြီ ဖြစ်သည်။
သို့သော် တရုတ်အစိုးရက မည်သည့်အခါကမျှ ပြန်လည်တုံ့ပြန်ခဲ့ခြင်းမရှိကြောင်း ဆိုသည်။
Source: Al Jazeera
Monday, May 28, 2012
တိဘက်တွင် ကိုယ့်ကိုယ်ကိုယ် မီးရှို့ဆန္ဒပြမှုဖြစ်ပွား
တိဘက်မြို့တော် လာဆာတွင် တိဘက်အမျိုးသားနှစ်ဦး မိမိကိုယ်ကိုယ်မီးရှို့ဆန္ဒပြသတ်သေခဲ့ရာတွင် တစ်ဦး သေဆုံးသွားခဲ့ကြောင်း တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနက ကြေငြာခဲ့သည်။
လာဆာမြို့သည် တရုတ်အစိုးရက လုံခြုံရေးတင်းကြပ်စွာချထားသောမြို့ဖြစ်ပြီး တနင်္ဂနွေနေ့ ကမီးရှို့ဆန္ဒ ပြမှုတွင် ရဲများက မိနစ်ပိုင်းအတွင်း လာရောက်မီးငြိမ်းသတ်ခဲ့သဖြင့် တစ်ဦးအသက်ရှင်ခဲ့ကြောင်း၊ အခြေ အနေ ပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်း သတင်းဌာနက ကြေငြာခဲ့သည်။
အမေရိကန်အခြေစိုက် လွတ်လပ်သော အာရှရေဒီယိုဌာန RFA က အစောပိုင်းကြေငြာချက်တွင် အဆိုပါ ပုဂ္ဂိုလ်နှစ်ဦးမှာ ဘုန်းကြီးနှစ်ပါးဖြစ်ကြောင်း၊ လာရှာမြို့တွင် ဗုဒ္ဓဘာသာဘုရားဖူးများဖြင့် စည်ကားသော နေရာတစ်ခုတွင် မိမိကိုယ်ကိုယ်မီးရှို့ခြင်းဖြစ်ကြောင်း ကြေငြာခဲ့သည်။
ဆင်ဟွာသတင်းဌာနက ဆက်လက်ထုတ်ပြန်ခဲ့ရာတွင် အသက်ရှင်သူတစ်ဦးမှာ အဘာဟု အမည်ရပြီး တိဘက်နှင့် နယ်ချင်းစပ် နေသော တရုတ်အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်မှ ဖြစ်၍ သေဆုံးသွားသူ တစ်ဦးမှာ တို့ဘ်ဂျိုင်းဇီတန်း အမည်ရပြီး တရုတ်အနောက်မြောက်ပိုင်း ဂန်ဆုပြည်နယ်မှ ဖြစ်ကြောင်း ဆိုသည်။
ဒေသတွင်းရှိ ကွန်မြူနစ်ပါတီ ဌာနမှ အခြေအနေကို အလျင်အမြန်ပြန်လည်ထိန်းသိမ်းလိုက်နိုင်ပြီး အေးဆေးသွားပြီဖြစ်ကြောင်း ဆင်ဟွာက ကြေငြာခဲ့လေသည်။
အဘာမှာ ခါတီ ဘုန်းကြီးကျောင်းတွင် ရောက်ရှိနေလျက်ရှိသည်။ ယင်းဘုန်းကြီးကျောင်းသည် တိဘက်တွင် တရုတ်အုပ်ချုပ်ရေးကို ဆန့်ကျင်ဆန္ဒပြစဉ်ကာလအတွင်းက အဓိကကျသည့်နေရာတစ်ခုဖြစ် ခဲ့သည်။
တိဘက်တွင် တရုတ်တို့က ယဉ်ကျေးမှုနှင့် ဘာသာရေးအရဖိနှိပ်ချုပ်ခြယ်မှုများပြုလုပ်အုပ်ချုပ်နေသည်ကို မကျေမနပ်ဆန္ဒပြမှုများစတင်ခဲ့သည့် ၂၀၁၁ မတ်လမှ စတင်၍ဗုဒ္ဓဘာသာဘုန်းတော်ကြီးများနှင့် သီလရှင်များအပါအဝင်လူပေါင်း ၃၀ ကျော်ခန့်မိမိကိုယ်ကိုယ် မီးရှို့သတ်သေဆန္ဒပြခဲ့ကြပြီးဖြစ်သည်။
ယင်းသို့ မီးရှို့ဆန္ဒပြမှုအများစုမှာ တရုတ်နိုင်ငံတွင်း တိဘက်အများစုနေထိုင်လေ့ရှိသော ဒေသများတွင် ဖြစ်ပွားခဲ့ပြီး တိဘက်နယ်တွင်း၌ တစ်ခုသာဖြစ်ပွားခဲ့ဖူးပြီး ယခုကဲ့သို့ တိဘက်မြို့တော်တွင်း တစ်ကြိမ်မျှဖြစ် ပွားဖူးခြင်းမရှိခဲ့ပေ။
တရုတ်အစိုးရကမူ အချို့သောမီးရှို့ဆန္ဒပြမှုများကိုသာ အတည်ပြုပြောဆိုခဲ့ပြီး အားလုံးကို အတည်ပြုပြော ကြားခဲ့ခြင်းမရှိပေ။
၂၀၀၈ ခုနှစ်အတွင်း လာဆာတွင် တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှု ဆန္ဒပြပွဲအဓိကရုဏ်းများဖြစ်ပွားခဲ့ပြီး နောက်ပိုင်း မြို့တစ်ခုလုံးတွင် လုံခြုံရေးများ တင်းပြည့်ကျပ်ပြည့်ချထားပြီး အမြဲစောင့်ကြည့်လျက်ရှိခြင်း ကြောင့် တိဘက်နှင့် အထူးသဖြင့် လာဆာမြို့တွင်း ဆန္ဒပြမှုများဖြစ်ပွားခြင်း အလွန်ရှားပါးလေသည်။
မီးရှို့ဆန္ဒပြမှုဖြစ်ပွားပြီးနောက် လာဆာ၌ ရဲများ၊ ပြည့်သူ့စစ်များဖြင့်လုံခြုံရေးတင်းကြပ် ထားပြီး အခြေအနေတင်းမာလျက်ရှိကြောင်း RFA က တနင်္လာနေ့က ကြေငြာခဲ့သည်။
ဒေသတွင်း အုပ်ချုပ်ရေးယန္တယားဖြစ်သော ကွန်မြူနစ်ပါတီခေါင်းဆောင်ပိုင်းက ယင်းအဖြစ်အပျက်သည် ခွဲထွက်ရေးသမားတို့၏ ဆန္ဒပြမှုဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ဆင်ဟွာက ကြေငြာသည်။
`တိဘက်တွေနေထိုင်တဲ့ အခြားနေရာတွေမှာလည်း ကိုယ့်ကိုယ်ကိုယ် မီးရှို့ဆန္ဒပြမှုတွေ ဆက်လက်ဖြစ်ပွားနေခဲ့ပြီး ဒါတွေက တိဘက်ကို တရုတ်ကနေခွဲထွက်ချင်နေတဲ့ ခွဲထွက်ရေးသမားတွေရဲ့ ဆန္ဒပြလုပ်ဆောင်မှုတွေဖြစ်ပါတယ်။` ဟု တိဘက်ကော်မတီ၏ နိုင်ငံရေးနှင့် ဥပဒေရေးရာ ကော်မရှင် အတွင်းရေးမှူး ဟာအိုပန်းက ပြောဆိုသွားကြောင်း ဆင်ဟွာက ကြေငြာခဲ့သည်။
တရုတ်အစိုးရက တိဘက်နယ်သည် တရုတ်နိုင်ငံတွင်း ကာလကြာမြင့်စွာကပင် ပါဝင်နေခဲ့သောနယ်မြေ ဖြစ်ကြောင်း ပြောဆိုနေပြီး တိဘက်တို့ကမူ ၎င်းတို့၏ ဟိမဝန္တာဒေသသည် ရာစုနှစ်များစွာကပင် လွတ်လပ်သောနယ်မြေအဖြစ်တည်ရှိနေခဲ့ပြီး ၁၉၅၀ ခုနှစ်များတွင် မှ တရုတ်တို့ကျူးကျော်သိမ်းပိုက်မှုကို ခံခဲ့ရခြင်းဖြစ်ကြောင်းဆိုသည်။
တရုတ်အစိုးရက ပြည်ပရောက် တိဘက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားကို တရုတ်ဆန့်ကျင်ရေး သွေးထိုးလှုံ့ဆော်မှုဖြင့် အမြဲအပြစ်တင်ပြောကြားလေ့ရှိပြီး ဒလိုင်းလားမားနှင့် တိဘက်လွတ်မြောက်ရေး လှုပ်ရှားမှုများကို အားပေးထောက်ခံသော ဘုန်းကြီးကျောင်းများနှင့် သီလရှင်ကျောင်းများကို အခါအား လျော်စွာ ဝင်ရောက်ရှင်းလင်းလေ့ရှိသည်။
Source: Al Jazeera
Wednesday, May 23, 2012
အရှေ့တောင်အာရှနှင့် အာဖရိကရှိ ငှက်ဖျားဆေး သုံးပုံတစ်ပုံခန့် အတုဖြစ်ကြောင်း တွေ့ရှိ
လေ့လာစမ်းသပ်မှုအသစ်များပြုလုပ်ပြီးတွေ့ရှိချက်များအရ အရှေ့တောင်အာရှနှင့် ဆာဟာရအောက်ဘက် အာဖရိကဒေသများတွင် အသုံးပြုနေသော ငှက်ဖျားပျောက်ဆေးများထဲမှ သုံးပုံတစ်ပုံခန့်မှာ အတုများ သို့မဟုတ် အရည်အသွေးညံ့ဖျင်းသော ဆေးဝါးများဖြစ်ကြောင်း တွေ့ရှိခဲ့လေသည်။
`ဒီတွေ့ရှိချက်က ပိုမိုထိရောက်တဲ့ ဆောင်ရွက်မှုများလုပ်ဆောင်ဖို့ ၊ ဥပဒေကိုဆန့်ကျင်ပြီးထုတ် လုပ်နေတဲ့ ဆေးဝါးအတုတွေကိုရော၊ အရည်အသွေးညံ့ဖျင်းတဲ့ ဆေးဝါးအတုထုတ်လုပ်မှုတွေကိုရော တခါ တည်းတိုက်ဖျက်ပစ်ဖို့ အရေးတကြီးလှုံ့ဆော်မှုဖြစ်ပါတယ်။` ဟု အမေရိကန်အမျိုးသားကျန်းမာရေးဌာန (NIH) ရှိ Fogarty International Center မှ ဂျိုးလ်ဘရီမင်က အင်္ဂါနေ့က ပြောသည်။
`ဆေးဝါးအတုတွေကို စီးပွားဖြစ်ထုတ်လုပ်ရောင်းချနေခြင်းနဲ့ ရာဇဝတ်မှုကျူးလွန်နေခြင်းတွေက အင်မတန် အန္တရာယ်များပါတယ်။` ဟု Lancet Infectious Disease Journal တွင် ဖေါ်ပြထားသော လေ့လာချက်စာတမ်းတွင် ရေးသားထားသည်။
စစ်တမ်းများကောက်ယူခြင်းနှင့် စာတမ်းများပြုစုထုတ်ဝေမှုများအရ သုတေသီများသည် အရှေ့တောင်အာရှ ၇ နိုင်ငံတွင် ဆေးအမျိုးအစားငါးမျိုးပါဝင်သော နမူနာ ၁၄၃၇ ခုတွင် ၃၆ ခုမှာ အတုများဖြစ်ကြောင်းတွေ့ရှိ ခဲ့လေသည်။ ၃၀ ရာခိုင်နှုန်းမှာ ဆေးအတွင်းပါဝင်ရမည့်ပစ္စည်းများပါဝင်ခြင်းမရှိသောစံချိန်မမီဆေးများ ဖြစ်သည်။
အာဖရိကနိုင်ငံများမှ လာသောဆေးအမျိုးအစား ၆ မျိုးပါဝင်သော နမူနာ ၂၅၀၀ တွင် ၂၀ ရာခိုင်နှုန်းမှာ အတုများဖြစ်ပြီး ၃၅ ရာခိုင်နှုန်းမှာ စံချိန်မမီဆေးများဖြစ်လေသည်။
ကုလသမဂ္ဂကျန်းမာရေးအဖွဲ့ကြီးဖြစ်သော WHO မှ ပြုစုသောစစ်တမ်းအရ ၂၀၁၀ ခုနှစ်အတွင်းက ငှက်ဖျား ကြောင့်သေဆုံးသူဦးရေ ၆၅၅ ၀၀၀ ဦးရေရှိကြောင်းသိရသည်။
လက်ရှိအချိန်တွင် အာဖရိက၌ နေ့စဉ် ကလေးငယ် ၂ ၀၀၀ ခန့် ငှက်ဖျားကြောင့် သေဆုံးနေပြီး ကမ္ဘာတစ်ဝှမ်း လူဦးရေ ၃.၃ ဘီလီယံတွင် ကူးစက်ခံရနိုင်သည့် အန္တရာယ်ရှိသည်။
ဆေးဝါးအတုများကို တိုက်ဖျက်နိုင်လျင် ကမ္ဘာတစ်ဝှမ်းငှက်ဖျားကြောင့်သေဆုံးရသည့် ဦးရေ ၂၀၀ ၀၀၀ ခန့်လျော့ကျသွားနိုင်ကြောင်း WHO ကဆိုသည်။ ဆေးဝါးတုအများဆုံးထုတ်လုပ်ခြင်း သို့မဟုတ် အရည် အသွေးမမီခြင်းများသည် ငှက်ဖျားဆေးဝါးများနှင့် သက်ဆိုင်သည့် နယ်ပယ်မှသာ လာကြောင်း လေ့လာမှု စစ်တမ်းက ထောက်ပြပြောဆိုလိုက်သည်။
လွန်ခဲ့သည့်နှစ်အနည်းငယ်မှစ၍ ဆေးကောင်းဝါးကောင်းများသုံးစွဲနေသော်လည်း ကမ္ဘောဒီးယားအနောက် ပိုင်း၊ မြန်မာနှင့် ထိုင်းနယ်စပ်ဒေသများတွင် ငှက်ဖျားဆေး မတိုးသည့် အခြေအနေများကြုံတွေ့လာခဲ့ရ သည်။
ဆေးဝါးသုံးစွဲမှုတွင် မှန်ကန်သည့်လမ်းညွှန်မှုများမရခြင်း၊ ဆေးဝါးတုများနှင့် အရည်အသွေးညံ့ဆေးဝါးများ ကို စစ်ဆေးအရေးယူမှုများ ပြုလုပ်ရန်ပျက်ကွက်ခဲ့သည့် အတွက် ယင်းသို့ဖြစ်ရကြောင်း ဆိုသည်။
`အရည်အသွေးမပြည့်မီတဲ့ဆေးဝါးတွေက အန္တရာယ်ပေးနိုင်ပါတယ်။ ပြီးတော့လွန်ခဲ့တဲ့ ဆယ်စုနှစ် အတွင်း ငှက်ဖျားတိုက်ဖျက်ရေးနဲ့ ပတ်သက်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ထိထိရောက် လုပ်ဆောင်ခဲ့ခြင်းလည်း မရှိခဲ့ပါဘူး။` ဟု ဘရီမင် ကပြောကြားခဲ့သည်။
Source: Al Jazeera





















12:17 PM
HRDP NEWS WORLD







