Saturday, June 30, 2012

မွန်ဂိုလီယာ ခြစားမှုအဆင့် ၁၂၀ တွင်ရပ်တည်

ပါလီမန်သစ်နှင့် အစိုးရသစ်တစ်ရပ်ရွေးချယ်ရန် မွန်ဂိုလီယာတွင် ကြာသပတေးနေ့က ဆန္ဒမဲပေးခဲ့ကြသည်။ တိုင်းပြည်လူဦးရေးသုံးသန်းတွင် တစ်သန်းခန့်မှာ ဆင်းရဲမွဲတေမှုမျဉ်းအောက်တွင် ရောက်ရှိနေကြပြီး စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု တစ်ကြိမ်တစ်ခါမှ မမြင်ဖူးကြောင်း မွန်ဂိုအများအပြားက ဆိုသည်။ ယခုရွေးကောက်ပွဲတွင် တိုင်းပြည်၏ အဓိကအရင်းအမြစ်ဖြစ်သော သတ္တုလုပ်ငန်းမှ ရရှိသည့်အကျိုးစီးပွားများကို အညီအမျှ ခံစားနိုင်ရေးအတွက် မျှော်လင့်နေကြသည်။ တိုင်းပြည်တွင်း ဝင်ငွေရှိသော်လည်း ဆင်းရဲနေဆဲပင်ဖြစ် သည်။ မွန်ဂိုလီယာသည် တရုတ်နှင့် ရုရှကြားညပ်နေသော တိုင်းပြည်တစ်ပြည်ဖြစ်ပြီး ကျောက်မီးသွေး၊ ကြေးနီ၊ ရွှေနှင့် ယူရေနီယံပေါကြွယ်ဝသော နိုင်ငံဖြစ်သည်။ သတ္တုသိုက်များမှာ ၁.၂ ထရီလီယံ ခန့်တန်ဖိုးရှိကြောင်း အစိုးရက တွက်ချက်ထားသည်။ လွန်ခဲ့သောနှစ်က တိုင်းပြည်စီးပွားရေး ၁၇.၃ ရာခိုင်နှုန်းအထိတိုးတက်လာခဲ့သည်။ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၅ ထောင်ပတ်ဝန်းကျင်ရှိသည်။ သို့သော် နေရာတိုင်းတွင် အကျင့်ပျက်ခြစားမှုများက ကြီးစိုးလျှက် ရှိရာ တိုင်းပြည်အနာဂတ်အတွက် အကြီးမားဆုံး အန္တရာယ်ပင်ဖြစ်သည်။ မွန်ဂိုလီယာသမ္မတ အယ်ဘက်ဒေါ်ရီတာကီယာက အယ်ဂျာဇီယာသတင်းဌာနသို့ ပြောကြားခဲ့ရာတွင် `အကျင့်ပျက် ခြစားမှုက တကယ့်ပြဿနာကြီးတစ်ရပ်ပါပဲ။ အကျင့်ပျက်ခြာစားမှုနဲ့ အုပ်ချုပ်ရေးညံ့ဖျင်းမှုတွေကြောင့် မြင့်တက်လာ မယ့် လူ့အဖွဲ့အစည်းတွေ ပြုတ်ပြုတ်ကျသွားရတာပါပဲ။ ဒါမျိုးကျွန်တော်တို့ ထပ်အဖြစ်မခံနိုင်တော့ပါဘူး။` ဟု ဆိုသည်။ နိုင်ငံတကာပွင့်လင်းမြင်သာရေး အဖွဲ့မှ ပြုစုသော ၂၀၁၁ အစီရင်ခံစာအရ အကျင့်ပျက်ခြားမှု တန်းစီဇယားတွင် ၁၈၃ နိုင်ငံ အနက် မွန်ဂိုလီယာက အဆင့် ၁၂၀ တွင်ရပ်တည်နေသည်။ Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။