Saturday, September 1, 2012

အမေရိကန်-အစ္စရေးလ်စစ်ရေးပူးပေါင်းလေ့ကျင့်မှု အချိန်ရွှေ့ဆိုင်း

အမေရိကန်-အစ္စရေးလ် တိုက်ချင်းပစ်ဒုံးပျံပူးတွဲလေ့ကျင့်ရေးအစီအစဉ် တစ်ရပ်ကို ယခုနှစ်နှောင်းပိုင်းအထိရွှေ့ဆိုင်း လိုက်ပြီး စီစဉ်ထားသည့် အမေရိကန်စစ်သားအရေအတွက်ထက်လည်း လျှော့ချသွားမည်ဖြစ်ကြောင်း အမေရိကန် ပင်တာဂွန်စစ်ဌာနက အတည်ပြုပြောကြားလိုက်သည်။ သို့သော် ယင်းသို့အစီအစဉ်ရွှေ့ဆိုင်းလိုက်ခြင်းနှင့် စစ်သားဦးရေလျှော့ချလိုက်ခြင်းမှာ အစ္စရေးလ်အပေါ် ယုံကြည်မှု မရှိခြင်းကြောင့်ဖြစ်သည်ဟူသော ပြောဆိုချက်များမှာ မမှန်ကန်ကြောင်း သောကြာနေ့က အမေရိကန်က ငြင်းဆိုခဲ့ သည်။ ထို့ပြင် အီရန်၏ နျူကလီးယားခြိမ်းခြောက်မှုကို အစ္စရေးလ်ဝန်ကြီးချုပ်နေတန်ယာဟုနှင့် ကာကွယ်ရေးဝန်ကြီး အီဟွတ်ဘာရက်တို့က တစ်ကိုယ်တော်ကြိတ်ဝါဒဖြင့် မိမိတို့တစ်နိုင်ငံတည်းအနေနှင့် တိုက်ခိုက်ချေမှုန်းသွားမည်ဟူ သော စစ်ရေးအရခြိမ်းခြောက်ပြောဆိုမှုများပြုလုပ်နေစဉ် အမေရိကန်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုလုပ်ဆောင်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ `သြစတီရီချဲလင့်-၁၂ လို့အမည်ရတဲ့ တိုက်ချင်းပစ်ဒုံးပျံပစ်ခတ်စမ်းသပ်မှုဟာ ကျွန်တော်တို့နှစ်နိုင်ငံကြားမှာ အကြီးမားဆုံးဒုံးပျံကာကွယ်ရေးစံနစ်ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်တုန်းက တစ်ကြိမ်ပြုလုပ်ခဲ့ပြီး အဲဒီကနေ အဆင့်မြှင့်တင်ခဲ့တာဖြစ်ပါတယ်။` ဟု ပင်တာဂွန်ပြောရေးဆိုခွင့်ရ လေတပ်ဒုတိယဗိုလ်မှူးကြီး ဂျက်မီလာက ပြောကြားခဲ့သည်။ `စစ်ရေးလေ့ကျင့်မှုမှာ သတ်မှတ်ထားတဲ့ စံနစ်တွေနဲ့ အချက်အလက်တွေအတိုင်းလေ့ကျင့်သွားမှာဖြစ်ပါ တယ်။ လေ့ကျင့်မှုဆောင်ရွက်သူတွေနဲ့ အတူ တပ်ဆင်ထားတဲ့စံနစ်တွေဟာလည်း အားလုံးပုံမှန်တာဝန်များကို အပြည့်အဝဖေါ်ဆောင်လေ့ကျင့်သွားမှာဖြစ်ပါတယ်။` ဟု ဆို၏။ ယခင်က စစ်ရေးလေ့ကျင့်မှုအတွက် အမေရိကန်စစ်သားဦးရေ ၅ ၀၀၀ ခန့်ပါဝင်မည်ဟု သတ်မှတ်ထားသော်လည်း ၁ ၅၀၀ မှ ၁ ၂၀၀ ကြားတွင်သာ ပါဝင်တော့မည်ဖြစ်ကြောင်း တိုင်းမ်မဂ္ဂဇင်းက သောကြာနေ့က သတင်းရေးသားဖေါ် ပြခဲ့သည်။ ပက်ထရီယော့ ဟု အမည်ပေးထားသော ဒုံးချင်းဖျက်ဒုံးများ အစ္စရေးလ်သို့ သတ်မှတ်ထားသည့် အချိန် အတွင်းရောက်ရှိသွားမည်ဖြစ်သော်လည်း ယင်းတို့ကို ကိုင်တွယ်ပစ်ခတ်မည့် သူများတစ်ပါတည်းလိုက်ပါသွားခြင်း မရှိသေးကြောင်း သတင်းကဖေါ်ပြခဲ့သည်။ ထို့နောက် ဒုံးပျံကာကွယ်ရေးစစ်သင်္ဘော အဟောင်းနှစ်စင်းအစား တစ်စင်းသာ အစီအစဉ်အတွင်းပါဝင်မည်ဖြစ်ပြီး နောက်တစ်စင်းအတွက် `ပါဝင်ကောင်းပါဝင်နိုင်သည်` ဟူသော မှတ်ချက်သာရှိသေးကြောင်းလည်း ဆိုသည်။ အထက်ပါ သတင်းနှင့် ပတ်သက်၍ တိုင်းမ် မဂ္ဂဇင်းက အမည်မဖေါ် လိုသော အစ္စရေးလ်စစ်ဘက်အရာရှိတစ်ဦးက ပြောဆိုကြောင်းနှင့် အစ္စရေးလ်အပေါ် ယုံကြည်မှုလျော့နည်းခြင်း ကြောင်း ဖြစ်ကြောင်း ရေးသားဖေါ်ပြခဲ့သည်။ သို့သော် ဗိုလ်မှူးကြီးမီလာက အထက်ပါအချက်ကိုငြင်းဆိုခဲ့ပြီးအမေရိကန်-အစ္စရေးလ်ဆက်ဆံရေးမှာ အခိုင်အမာ ဖြစ်ကြောင်း၊ သြစတီရီချဲလင့် စစ်ရေးလေ့ကျင့်မှုအစီအစဉ်သည် အပြန်အလှန်ယုံကြည်မှုကို သက်သေပြနေသည့် အချက်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ နောက်ထပ်အမေရိကန်စစ်ဘက်ဆိုင်ရာအရာရှိတစ်ဦးကလည်း စစ်ရေးလေ့ကျင့်မှုအတွက် အမေရိကန်စစ်သားဦးရေ မဆိုစလောက်သာလျှော့ချလိုက်ခြင်းဖြစ်ပြီး တိုင်းမ်မဂ္ဂဇင်းမှ ဖေါ်ပြသည့်ကိန်းဂဏန်းမှာ မမှန်ကန်ကြောင်း ပြောကြား ခဲ့သည်။ အစ္စရေးလ်ကာကွယ်ရေးဝန်ကြီးဌာနတာဝန်ရှိသူတစ်ဦးကလည်း လွန်ခဲ့သော ၂ နှစ်က ပြုလုပ်ခဲ့သည့် အမေရိကန်-အစ္စရေးလ်စစ်ရေးလေ့ကျင့်မှုအတိုင်းပင် ယခုအကြိမ်တွင်လည်း သတ်မှတ်စံနှုန်းများအတိုင်းပြုလုပ်သွားမည်ဖြစ် ကြောင်း ရိုက်တာသတင်းဌာနသို့ပြောကြားခဲ့သည်။ စစ်ရေးလေ့ကျင့်မှုအတွက် သတ်မှတ်အစီအစဉ်များထက် လျှော့ချလိုက်သည်ဆိုသည့်အချက်မှာ လေ့ကျင့်မှုတွင် ပါဝင်မည့် အခြေခံအချက်များကို အနည်းငယ်ပြင်ဆင်သတ်မှတ်လိုက်ခြင်းသာဖြစ်ပြီး အခြားလျှော့ချပြောင်းလဲမှုများ မရှိကြောင်း အစ္စရေးလ်တာဝန်ရှိသူများက ဆိုသည်။ `စစ်ရေးလေ့ကျင့်မှုအတွက် အစောကြီးကတည်းက ကြိုတင်ပြင်ဆင်ထားခဲ့တာဖြစ်ပြီး အပြောင်းအလဲပြုလုပ် လိုက်တာတွေက အရေးကြီးတဲ့အချက်တွေမဟုတ်ပါဘူး` ဟု ဆို၏။ စစ်ရေးလေ့ကျင့်မှုကို ယခင်ကမေလအတွင်းပြုလုပ်ရန် စီစဉ်ထားခြင်းဖြစ်ပြီး အစ္စရေးလ်တာဝန်ရှိသူများက ဆောင်းဦး ပေါက်အထိ ရွှေ့ဆိုင်းပေးရန်တောင်းဆိုမှုကြောင့် ရွှေ့ဆိုင်းလိုက်ခြင်းသာဖြစ်ကြောင်း ဗိုလ်မှူးကြီးမီလာက ပြောသည်။ `အစ္စရေးလ်က ရွှေ့ဆိုင်းပေးဖို့တောင်းဆိုလာတဲ့ အခါကျတော့ အဲဒီအချိန်မှာ အခြားစစ်ရေးလေ့ကျင့်မှုတွေ နဲ့ တိုက်ဆိုင်နေတာကြောင့် စစ်သားဦးရေနဲ့ လက်နက်ကိရိယာပစ္စည်းတွေ ယခင်သတ်မှတ်ထားတဲ့ အရေအတွက်ထက်လျှော့နည်းသွားမှာ ဖြစ်တယ်လို့ အမေရိကန်ဘက်က ပြောလိုက်ပါတယ်။ အစ္စရေးလ်က ဆောင်းဦးပေါက် အထိရွှေ့ဆိုင်းလိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။` ဟု မီလာက ပြောကြားခဲ့သည်။ Source: Al Jazeera

Monday, August 13, 2012

အီရန် ငလျင် လူ ၂၀၀ ကျော်သေဆုံး

အီရန်အနောက်တောင်ပိုင်း တက်ဘရစ်ဇ်မြို့အနီးတွင်စနေနေ့က အင်အားပြင်းငလျင်နှစ်ခုလှုပ်ခဲ့ရာ အနည်းဆုံး ၂၂၇ ဦးသေဆုံးခဲ့ပြီး ၂ ၀၀၀ ခန့်ဒဏ်ရာရရှိခဲ့သည်။ အဆောက်အဦ အပျက်အစီးများအတွင်းပိတ်မိနေသော လူများအားလုံးကို ရှာဖွေကယ်ဆယ်ပြီးဖြစ်၍ ကယ်ဆယ်ရေးလုပ်ငန်းများ ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ပြောကြား လိုက်သည်။ `အပျက်အစီးတွေကြား ပိတ်မိနေတဲ့လူတွေအားလုံးကို ကယ်ထုတ်ပြီးဖြစ်ပါတယ်။ အရေးပေါ် လိုအပ်တဲ့ အကူအညီပစ္စည်းတွေကို ဝေငှနေပါတယ်။` ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ အရေးပေါ်ကိစ္စစီမံခန့် ခွဲရေးဌာန တာဝန်ရှိသူ ဟို့စ်နီဂါဒါမီက ပြောကြားခဲ့သည်။ ငလျင်ဒဏ်ခံခဲ့ရသော လူများအတွက် ရေနှင့် ယာယီတဲများပေးဝေရေးလုပ်ဆောင်လျှက်ရှိပြီး ငလျင်လှုပ် ခတ်ပြီး နောက်ပိုင်း စနေနေ့ညက လူထောင်ပေါင်းများစွာ ယာယီတဲများ၊ လမ်းမများပေါ်တွင် အိပ်စက် ခဲ့ကြရသည်။ တနင်္ဂနွေနေ့တွင် အထိအနာဆုံး ဗာဇက်ဂန်မြို့တွင် ယာယီတဲများဝေငှမည်ဖြစ်ပြီး ဒဏ်ရာရရှိသူများကို ကုသပေးနိုင်ရန် အရေးပေါ်ယာယီဆေးရုံးတစ်ခုလည်း တည်ဆောက်မည်ဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။ Source: Al Jazeera

အီဂျစ်သမ္မတ စစ်တပ်ထိပ်တန်းများကို ရာထူးမှ အနားပေး

ဟူစိန်တန်တာဝီ၊ မော်စီ နှင့် အာနန် (ဝဲမှယာ)
အီဂျစ်ကာကွယ်ရေးဝန်ကြီးစစ်ဦးစီးချုပ် ဟူစိန်တန်တာဝီအပါအဝင် အခြားစစ်ဘက်ဆိုင်ရာထိပ်တန်း ခေါင်းဆောင်များကို သမ္မတမိုဟာမက်မော်စီ၏ အမိန့်ဖြင့်အနားပေးလိုက်ပြီဖြစ်သည်။ ထို့နောက် စစ်တပ်မှ ပြင်ဆင်ပြဋ္ဌာန်းထားသော သမ္မတ၏လုပ်ပိုင်ခွင့်အာဏာများကို ကန့်သတ်ထားသည့် ဥပဒေများကို ဖျက်သိမ်းလိုက်သည်။ စစ်ဦးစီးချုပ် တန်တာဝီကို စစ်တပ်မှ အနားပေးလိုက်ပြီး သမ္မတအကြံပေးအဖြစ်ခန့်အပ်လိုက်ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူမှတစ်ဆင့် တရားဝင်ကြေငြာခဲ့လေသည်။ တန်တာဝီ၏ နေရာတွင် အဘ္ဘဒယ်-ဖာတာ-အယ်ဆက်စီကို စစ်ဦးစီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီးအဖြစ်ရာထူးပေးအပ်မည်ဖြစ်ကြောင်း နိုင်ငံပိုင်ရုပ်သံသတင်းမှ ထုတ်လွှင့်ကြေငြာခဲ့သည်။ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် ဆာမီအာနန်ကိုလည်း စစ်တပ်မှအနားပေးပြီး သမ္မတအကြံပေး အဖြစ် မော်စီက ခန့်အပ်ခဲ့သည်။ ဒုတိယဗိုလ်ချုပ်ကြီး ဆစ်ကီအာမက်ကို အာနန်၏ နေရာတွင် အစားထိုး ခန့်အပ်မည်ဖြစ်သည်။ တရားသူကြီးချုပ် မိုဟာမက်မက်ကီကိုလည်း ဒုတိယသမ္မတအဖြစ်ခန့်အပ်ခဲ့ပြီး ရာထူးအပြောင်းအလဲများအားလုံး ချက်ခြင်း အသက်ဝင်ပြီးဖြစ်သည်။ အယ်ဂျာဇီယာသတင်းထောက် ရော်ရာရာဂီက ကိုင်ရိုမြို့မှ သတင်းပေးပို့ခဲ့သည်။ `နယ်စပ်ဒေသမှာ တိုက်ခိုက်မှုဖြစ်ပွားပြီး စစ်သား ၁၆ ယောက်သေဆုံးခဲ့ရတဲ့ ဇွန် ၅ ရက် တိုက်ခိုက်မှုနောက်ပိုင်း အာဏာပိုင်တွေဖြစ်တဲ့ စစ်ဘက်ရော၊ အရပ်ဘက်ရော အသံတိတ်နေခဲ့ကြပါတယ်။` `ဒီကိစ္စကို လူထုသိအောင်ထုတ်ပြန်ရာမှာ နောက်ကျခဲ့ပြီး လူထုကျေနပ်လောက်အောင်လည်း ရှင်းလင်းချက်မပေးနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ဒီကိစ္စနောက်ပိုင်း စစ်ဘက်ထိပ်တန်းပုဂ္ဂိုလ်တွေ အရာကျသွား လိမ့်မယ်လို့လည်း ဘယ်သူမှ မမျှော်လင့်ခဲ့ပါဘူး။ တန်တာဝီနဲ့ အာနန်တို့ဆိုတာ ကြားဖြတ်အစိုးရကာလအတွင်းမှာ အီဂျစ်တပ်မတော် ထိပ်သီးကောင်စီမှာ တန်ခိုးအာဏာအရှိဆုံးပုဂ္ဂိုလ်တွေဖြစ်ပါတယ်။ ရွေးကောက်ပွဲကျင်းပစဉ်ကာလရော၊ နောက်ပိုင်းအထိပါ နိုင်ငံအတွင်းမှာ အတော်များများကို ထိန်းချုပ်ထားနိုင်ခဲ့တဲ့ သူတွေဖြစ်ပါတယ်။ အခုတော့ သူတို့နှစ်ယောက်အပြင် လေတပ်နှင့် ရေတပ် ဦးစီးချုပ်တွေကိုပါ မော်စီက အနားပေးလိုက်ပါ တယ်။` ယခုကဲ့သို့ ရာထူးအပြောင်းအလဲများပြုလုပ်ခဲ့ခြင်းသည် ဇွန်လ ၃၀ ရက်နေ့တွင် မော်စီသမ္မတတာဝန်ကို စတင်ထမ်းဆောင်ပြီးနောက်ပိုင်း စစ်တပ်နှင့် အရပ်ဘက်အစိုးရကြား အာဏာလွန်ဆွဲပွဲနောက်ဆုံး ဖြစ်ရပ် တစ်ခုဖြစ်လေသည်။ Source: Al Jazeera

Thursday, August 9, 2012

မွတ်စလင်ဂိုဏ်းခေါင်းဆောင်လေးဦးကို ရုရှတွင် တရားစွဲ

ရုရှနိုင်ငံ တာတာစတန်ဒေသတွင် ကလေးသူငယ်များအား ရက်ရက်စက်စက် မြေအောက်ခန်းတွင်းထည့် သွင်းထားခြင်းကြောင့် လူ့အဖွဲ့အစည်းမှ သွေဖယ်နေသော မွတ်စလင်ဘာသာရေးအဖွဲ့အစည်းတစ်ခုမှ အဖွဲ့ဝင်လေးဦးကို တရားစွဲဆို ထားလေသည်။ ယင်းအဖွဲ့ကိုတည်ထောင်သူ ခေါင်းဆောင်၏ နေအိမ်အောက်ဘက်တွင် မြေအောက်ခန်းတူးကာ မြေအောက် သဂြိုင်္င်းသဖွယ် ဖွဲ့ထားသောအခန်းများအတွင်း ကလေးငယ် ၂၇ ဦး၊ လူကြီး ၃၈ ဦးတို့နေထိုင် လျှက်ရှိကြောင်း ရဲများကတွေ့ရှိခဲ့လေသည်။ ကလေးငယ်များကို ယင်းမြေတိုက်ခန်းများအတွင်း မည်မျှကြာ အောင် ထားရှိခဲ့သည်ကိုမူ မသိရသေးပေ။ တည်ထောင်သူမှာ အသက် ၈၃ နှစ်ရှိ ဖိုင်ဇရာခ်မန်းဆတာရော့ဗ် ဖြစ်ပြီး သူ့ကိုယ်သူ မွတ်စလင်ပရောဖက် ဖြစ်ကြောင်း ဆိုသည်။ ထင်ရာမြင်ရာဆုံးဖြတ်ပြောဆိုမှု၊ အဆင်အခြင်နည်းမှု တို့ဖြင့်လည်း ဗုဒ္ဓဟူးနေ့ တရားစွဲဆိုထားသည်။ အဖွဲ့ဝင်များသည် သူတို့ကိုယ်သူတို့ အာရပ်ဘာသာဖြင့် `ယုံကြည်သူများ` ဟု အဓိပ္ပါယ်ရသော `မွမ်မင်း` ဟု ခေါ်ဆိုကြပြီး အဖွဲ့ဝင်တစ်ဦးတစ်ယောက်ကိုမျှ ဖမ်းဆီးခဲ့ခြင်းမရှိပေ။ မွတ်စလင်အများစုနေထိုင်ရာဒေသဖြစ်သော တာတာစတန်ဒေသတွင် မွတ်စလင်ဘုန်းတော်ကြီးများကို တိုက်ခိုက်ခြင်းနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်ရာမှ ကာဇန်မြို့ရှိ အဆိုပါအဖွဲ့၏ နေအိမ်အောက် မြေအောက်ခန်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ယခင်က ဗလီဆရာတစ်ဦးဖြစ်ခဲ့သော ဆာတာရော့ဗ်က သူ့နေအိမ်ကို လွတ်လပ်သော မွတ်စလင်နိုင်ငံ တော်အဖြစ်ကြေငြာထားခဲ့သည်။ ၂၀၀၀ ခုနှစ် အစောပိုင်းများမှ စ၍သူနှင့်သူ့အဖွဲ့ဝင်များသည်ပြင်ပ ကမ္ဘာနှင့် အဆက်အသွယ်ဖြတ်ကာ ရှောင်ရှားနေထိုင်ခဲ့ကြလေသည်။ သူတို့အဖွဲ့ကို တည်ထောင်သူဖိုင်ဇရာခ်မန်း အမည်ကို အစွဲပြု၍ ဖိုင်ဇရာခ်မန်းနစ်များဟု ခေါ်တွင်လေသည်။ ၎င်းတို့သည် ရုရှနိုင်ငံတော်ဥပဒေများကိုလည်းကောင်း၊ တာတာစတန်တွင် ရှိသော လက်ရှိမွတ်စလင်ဂိုဏ်းချုပ်များ၏ ဥပဒေများကိုလည်းကောင်း အသိအမှတ်မပြုကြပေ။ အထပ် သုံးထပ်ရှိ စတာရော့ဗ်နေအိမ် အောက်တွင် မြေအောက်ခန်းများတူးကာ အဖွဲ့ဝင် ၇၀ ခန့်ကို စတာရော့ဗ်က နေထိုင်စေသည်။ အိမ်ခေါင်မိုးတွင် ဗလီမျှော်စင်နှင့် သတ္တုပြား လခြမ်းစိုက်ထူထားသည်။ အဖွဲ့ဝင်အချို့ကိုသာ အိမ်အပြင်သို့ထွက်ပြီး ဈေးအတွင်း အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်စေသည်။ စတာရော့ဗ်နေအိမ်မြေအောက်ခန်းအတွင်းမှ ကယ်တင်လာခဲ့သော ကလေးငယ်များကို လတ်တလော တွင် ဆေးရုံ၌ ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်နေပြီး နောက်ပိုင်းတွင် မိဘမဲ့ကလေးဂေဟာသို့ ယာယီ ပို့ဆောင် စောင့်ရှောက်ထားမည်ဖြစ်သည်။ မြေတိုက်ခန်းများအတွင်း လေဝင်လေထွက်စံနစ်မရှိ၊ အပူအအေးပေးစံနစ်၊ လျှပ်စစ်မီးမရှိဘဲ နေထိုင်ခဲ့ကြရသည်။ စတာရော့ဗ်၏ နေအိမ်ကို တရားမဝင်နေအိမ်အဖြစ်သတ်မှတ်ပြီး အစိုးရက ဖြိုချဖျက်စီးပစ်မည်ဖြစ်သည်။ စတာရော့ဗ်တွင် တာတာစတန်ဒေသတွင်းမြို့များနှင့် ဗိုလ်ဂါမြစ်ပြည်နယ်မြို့များမှ နောက်လိုက်နောက်ပါ များရှိသည်။ တာတာစတန်ရှိ မွတ်စလင်ဘာသာရေးခေါင်းဆောင်များက စတာရော့ဗ်၏ အတွေးအခေါ်များ သည် ၎င်းတို့၏ ယုံကြည်မှုများနှင့် ကွဲလွဲနေကြောင်း ဆိုသည်။ `တမန်တော်မိုဟာမက်ပြီးတဲ့ နောက်ပိုင်းမှာ နောက်ထပ် တမန်တော်မလာတော့ဘူးလို့ မွတ်စလင် ဘာသာမှာ ဆိုထားပါတယ်။` ဟု ကာဇန်အခြေစိုက် ဘာသာရေးဆရာ ရာအစ်ဆူလေမန်နော့ဗ် ကပြော သည်။ လွန်ခဲ့သောဇူလိုင်လလယ်ခန့်က မွတ်စလင်ဘာသာရေးခေါင်းဆောင်များတိုက်ခိုက်ခံရပြီး ကာဇန်မြို့နေ ဘာသာရေးခေါင်းဆောင် ဗယ်လီအူလာယာကူပေါ့ဗ် သေနတ်ဖြင့်ပစ်သတ်ခံရသည့် ကိစ္စများကို သက်ဆိုင်ရာက လိုက်လံစုံစမ်းရှာဖွေစစ်ဆေးရာမှ သောကြာနေ့က စတာရော့ဗ်နေအိမ်ကို ဝင်ရောက်ရှာဖွေ ခဲ့ကြခြင်းဖြစ်သည်။ ထို့ပြင်မွတ်စလင်ဂိုဏ်းချုပ် အီလ်ဒပ်စ်ဖိုင်ဇော့ဗ်၏ ကားဗုံးပေါက်ကွဲပြီး ခြေထောက်များတွင် ဒဏ်ရာရရှိခဲ့သည်။ သူတို့နှစ်ဦးစလုံးက ကော့ကေးဆပ်၊ တာတာစတန်နှင့် ရုရှနိုင်ငံအချို့အစိတ်အပိုင်းများပါဝင်သော နယ်မြေ များကို လွတ်လပ်သောမွတ်စလင်နိုင်ငံတော်အဖြစ်ခွဲထွက်ကာ ရှာရီယာခေါ် မွတ်စလင်ဥပဒေဖြင့် အုပ်ချုပ်သောနိုင်ငံပေါ်ပေါက်ရေးအတွက် ကြိုးပမ်းနေသူများဖြစ်ကြသည်။ တာတာစတန်ဒေသတွင် လူဦးရေ လေးသန်းခန့်ရှိရာ တစ်ဝက်ကျော်ခန့်မှာ ဆွန်နီမွတ်စလင်များဖြစ်ကြ သည်။ ယင်းဒေသမှလူများသည် လွန်ခဲ့သောနှစ်ပေါင်း တစ်ထောင်ခန့်ကတည်းက မွတ်စလင်ဘာသာကို ကူးပြောင်းသွားကြသူများဖြစ်သည်။ ထို့နောက် တာတာ-မွန်ဂို ခေါင်းဆောင်များက ရုရှနှင့် အရှေ့ဥရောပ ဒေသအချို့ကို အုပ်ချုပ်ခဲ့ကြပြီး မွတ်စလင်ဘာသာရေးနှင့် ယဉ်ကျေးမှုများလေ့လာပို့ချရာ အဓိကနယ် မြေအဖြစ်တည်ရှိခဲ့ဖူးသည်။ Source: Al Jazeera

Wednesday, August 8, 2012

အကြမ်းဖက်သမားများကို အီဂျစ်လေကြောင်းမှ တိုက်ခိုက်

အီဂျစ်ရဲစခန်းကို တိုက်ခိုက်ခဲ့သော အကြမ်းဖက်သမားများ ရှိသည့်အစ္စရေးလ်နှင့် နယ်စပ် ဆိုင်းနိုင်းဒေသကို အီဂျစ်စစ်တပ်မှ လေကြောင်း ဖြင့်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သဖြင့် အယောက် ၂၀ ကျော် သေဆုံးခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာနဖြစ်သည့် အာရမ်သတင်းဝက်ဘ်ဆိုက်တွင် ရေးသားထားသည်။ လွန်ခဲ့သောတနင်္ဂနွေနေ့က ရှိတ်ခ်ဇူးအိဒ်မြို့ ရဲစခန်းကို သေနတ်သမားများက ဝင်ရောက်ပစ်ခတ်ခဲ့ရာ နယ်စပ် စောင့်တပ်သား ၁၆ ဦးသေဆုံးခဲ့ရသည့် နောက်ပိုင်း စစ်တပ်မှ လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ သေနတ်သမားများမှာမူ မည်သူမည်ဝါ၊ မည်သည့်အဖွဲ့အစည်းမှ ဖြစ်ကြောင်း မသိရှိရသေးပေ။ ဂါဇာကမ်းမြှောင်ဒေသမှ ၁၀ ကီလိုမီတာခန့်အကွာတွင်ရှိသော ရှိတ်ဇူးအိဒ်မြို့မှ မျက်မြင်သက်သေများက တိုက်လေယာဉ်နှစ်စင်းကို မြင်တွေ့လိုက်ရပြီး ပေါက်ကွဲသံများကြားရကြောင်း၊ ကားသုံးစီးကို ထိမှန်ခဲ့ကြောင်း ပြောသည်။ `ကျွန်တော်တို့ အယ်လ်တူမာရွာထဲကို တိုက်ခိုက်ခဲ့ပါတယ်။ အကြမ်းဖက်သမား အယောက် ၂၀ ကိုသတ်ဖြတ်ပစ်နိုင်ခဲ့ပြီး လက်နက်တပ်ဆင်ထားတဲ့ ကားသုံးစီးကို ဖျက်ဆီးပစ်နိုင်ခဲ့ပါတယ်။ စစ်ဆင်ရေး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။` ဟု ရိုက်တာသတင်းဌာနသို့ တပ်မှူးတစ်ဦးက ပြောပြခဲ့သည်။ လေကြောင်းမှ ထိုးစစ်ဆင်ပြီးနောက်ဆိုင်းနိုင်းဒေသရှိ စစ်ဆေးရေးဂိတ်များတွင် စစ်တပ်နှင့် လက်နက်ကိုင်အကြမ်းဖက်အုပ်စုများကြား တိုက်ပွဲများဖြစ်ပွားခဲ့သည်။ အစ္စရေးလ်နှင့်နယ်စပ် ရာဖာမြို့အနီးစစ်ဆေးရေးဂိတ်များကို သေနတ်သမားများက ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း ရိုက်တာနှင့် အီဂျစ်သတင်းဌာနများက ဆိုသည်။ Source: Al Jazeera

Monday, August 6, 2012

အင်္ဂါဂြိုလ်ပေါ်သို့ နာဆာစူးစမ်းရေးယာဉ် ဆင်းသက်တော့မည်

အင်္ဂါဂြိုလ်ပေါ်တွင် တစ်ချိန်တုန်းက သက်ရှိများရှင်သန်နေထိုင်ခဲ့ဖူးသည်ဟူသော အယူအဆကို မှန်၊ မမှန် ရှာဖွေဖေါ်ထုတ်ရန်နှင့် အင်္ဂါဂြိုလ်နှင့် ပတ်သက်၍ လူသားများအမျိုးမျိုးအဖုံဖုံစဉ်းစားနေသော ပဟေဋ္ဌိများ ကို ဖြေရှင်းနိုင်ရန် အမေရိကန်အာသာသသိပ္ပံဌာန နာဆာမှ စေလွှတ်လိုက်သော လူမဲ့ အာကာသစူးစမ်း ရေးယာဉ် ကျူရီယိုစီးတီး အင်္ဂါဂြိုလ်၏ မျက်နှာပြင်သို့ဆင်းသက်ရန် နာရီပိုင်းမျှသာ လိုတော့သည်ဖြစ်ရာ လူအများစိတ်လှုပ်ရှားလျှက်ရှိနေကြသည်။ ဒေါ်လာ ၂.၅ ဘီလီယံအကုန်အကျခံတည်ဆောက်ပြီး စေလွှတ်လိုက်သော စူးစမ်းရေးယာဉ်သည် မော်တော်ကားတစ်စင်း အရွယ်မျှရှိပြီး အင်္ဂါဂြိုလ်မျက်နှာပြင်ပေါ်သို့ တနင်္လာနေ့ ဂရင်းနစ်စံတော်ချိန် ၀၅း၃၁ နာရီ (အမေရိကန်အနောက်ဘက်ကမ်းခြေဒေသစံတော်ချိန် ၁၀း၃၁ ) တွင် ဆိုက်ရောက်မည်ဖြစ် သည်။ ဘီးခြောက်ဘီးတပ် စူးစမ်းရေးယာဉ်ကို ပထမဦးဆုံးအနေနှင့် ဒုံးပျံပဲ့ထိန်းတွန်းကန်စံနစ်ကိုသုံးကာ ယာဉ်ကို မြေပြင်ပေါ်သို့ချပေးမည်ဖြစ်ပြီး ပထမအကြိမ် နာဆာမှ လွှတ်တင်စဉ်က လေအိပ်များကို အသုံးပြုခဲ့သည်။ `ကျွန်တော်တို့ ယုံကြည်မှုအပြည့်ရှိနေပါတယ်။ အင်္ဂါဂြိုလ်လေထုတွင်း ချဉ်းနင်းဝင်ရောက်မှု၊ ဆင်းသက်မှု၊ မြေပြင်ကို ဆိုက်ကပ်မှု ဖြစ်စဉ် အဆင့်ဆင့်လှုပ်ဆောင်ရမှာတွေကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြပါတယ်။` တယ်ဟု ယင်းအဆင့်များကို တာဝန်ယူဆောင်ရွက်သော အဖွဲ့ခေါင်းဆောင် နာဆာအင်ဂျင်နီယာ အဒမ်တယ်လ်ဇနာက ပြောသည်။ ယင်းသို့ ဆင်းသက်ခြင်းနောက်ဆုံးအဆင့်တွင် အာကာသယာဉ်သည် ဂြိုလ်၏ဆွဲငင်အားကြောင့် လေထုတွင်း ပွတ်တိုက်မီးလောင်နိုင်သော အရှိန်ဖြစ်သည့် တစ်နာရီ၂၁ ၂၄၀ ကီလိုမီတာ နှုန်းဖြင့် ဆင်းသက်မည်ဖြစ်ပြီး အထူးပြုလုပ်ထားသော လေထီးဖြင့် နောက်ပိုင်းတွင် အရှိန်လျှော့ချပေး သွားမည်ဖြစ်သည်။ ထို့နောက် မြေပြင်သို့ရောက်ခါနီးတွင် ဒုံးပျံတွန်းကန်အားသုံးလက်တံများထွက်လာပြီး မြေပြင်သို့တွန်းကန်ပေးထားစဉ်တွင် စူးစမ်းရေးယာဉ်ကို သားရေနိုင်လွန်ကြိုးဖြင့် မြေကြီးပေါ်သို့ ဘီးခြောက်ဘီးပေါ် တွင် တည့်တည့်မတ်မတ်ကျရောက်သွားစေရန် ထိန်းမတ်ချပေးလိုက်မည်ဖြစ်သည်။ Source: Al Jazeera

Friday, August 3, 2012

မြောက်ကိုရီးယား ရေကြီးမှု အစားအစာအကူအညီလိုအပ်

မြောက်ကိုရီးယားတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုကြောင့် လူပေါင်း ၂၀ ခန့်သေဆုံးပြီး လယ်ယာ မြေအမြောက်အများရေမြုပ်နေခြင်းကြောင့် အရေးပေါ်အကူအညီလိုအပ်လျှက်ရှိကြောင်း ကုလသမဂ္ဂက ပြောကြားလိုက်သည်။ ရေကြီးမှုကြောင့် အိုးအိမ်များ၊ အဆောက်အဦများ၊ လမ်းတံတားများ၊ လယ်ယာမြေများပျက်စီးခဲ့ရပြီး ပြောင်း၊ ပဲ၊ စပါးခင်းများလည်း ပျက်စီးခဲ့ကြောင်း ကြာသပတေးနေ့က ကုလသမဂ္ဂက ပြောသည်။ ပြုံဂန်းပြည်နယ် တောင်ပိုင်းနှင့် အန်ဂျူမြို့၊ ကန်းဝန်ပြည်နယ်ရှိ ချုံနေးစီရင်စု များတွင် အထိအနာဆုံးဖြစ် ပြီး ယင်းဒေသများတွင် စားရေရိက္ခာအကူအညီများအရေးတကြီးလိုအပ်နေကြောင်း ဆိုသည်။ အန်ဂျူမြို့တွင် အိမ်ထောင်စု ၃၆ ၀၀၀ ခန့် သောက်သုံးရေသန့်လိုအပ်နေကြောင်း၊ ရေလျှံတက်ခြင်းကြောင့် အိမ်သာတွင်းများ၊ ရေမြောင်းများမှ အညစ်အကြေးများ ပျံ့နှံ့စီးဆင်းနေခြင်းကြောင့် ဝမ်းပျက်ဝမ်းလျော ရောဂါများဖြစ်ပွားရန် အလားအလာအလွန်များကြောင်း သိရသည်။ အန်ဂျူမြို့သမိုင်းတွင် ယခုတစ်ကြိမ် သည် အလွန်ဆိုးရွားသော သဘာဝဘေးအန္တရာယ်ကျရောက်ခြင်းဖြစ်ကြောင်း မြို့တော်တာဝန်ရှိသူတစ်ဦး ကဆိုသည်။ လွန်ခဲ့သောလက မုန်တိုင်းနှစ်လုံးကြောင့် ဖြစ်ပွားခဲ့သည့် ရေကြီးမှုကြောင့် အနည်းဆုံး လူ ၁၉၉ ဦးသေဆုံး ခဲ့ပြီး လူပေါင်း သောင်းနှင့်ချီ၍ အိုးမဲ့အိမ်မဲ့ဖြစ်ပွားခဲ့ကြောင်း မြောက်ကိုရီးယားသတင်းက ကြေငြာခဲ့သည်။ မကြာသေးမီက မိုးခေါင်ရေရှားခဲ့ပြီး ဒုက္ခရောက်ခဲ့သောမြောက်ကိုရီးယားတွင် ယခုမိုးကြီးပြန်သောကြောင့် အစာရေစာရှားပါးပြန်သည်။ မြောက်ကိုရီးယားလူဦးရေ ၂၄ သန်းတွင် သုံးပုံတစ်ပုံခန့်သည် အစားအစာရှားပါးမွတ်သိပ်မှုဒဏ်ကို အမြဲ ခံစားနေရသူများဖြစ်ကြောင်း ဇွန်လအတွင်းက ကုလသမဂ္ဂမှ ပြောကြားခဲ့သည်။ မြောက်ကိုရီးယားတာဝန် ရှိသူများက အရေးပေါ်စားနပ်ရိက္ခာများ၊ လောင်စာဆီများ အထောက်အပံ့ပေးရန် ကုလသမဂ္ဂသို့ တောင်းခံ ထားကြောင်း ကုလအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ မာတင်နက်ဆာကီက ကြာသပတေးနေ့ နယူးယောက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ အရေးပေါ်အကူအညီလိုအပ်သော ပစ္စည်းများကို NGO များက လှူဒါန်းထားပြီးဖြစ်ကြောင်း၊ ယင်းအဖွဲ့များ ထဲတွင် ဗြိတိန်အခြေစိုက် ShelterBox အဖွဲ့က ရွက်ဖျင်တဲ အလုံး ၂၇၀ လှူဒါန်းထားကြောင်း သိရသည်။ လွန်ခဲ့သောနှစ်က ရေကြီးရေလျှံပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ရန် အမေရိကန်အစိုးရက မြောက်ကိုရီးယားကို ဒေါ်လာ ၉၀၀ ၀၀၀ ပေးအပ်ခဲ့သည်။ ယခုနှစ်အစောပိုင်းက အမေရိကန်အစိုးရက မြောက်ကိုရီးယား၏ နျူကလီးယားအစီစဉ်နှင့် အပေးအယူ လုပ်သောအားဖြင့် အစားအစာတန်ချိန် ၂၄၀ ၀၀၀ တန်ပေးရန် သဘောတူညီထားခဲ့ပြီး ဧပြီလအတွင်းက မြောက်ကိုရီးယားမှ တာဝေးပစ်ဒုံးကျည်ပစ်လွှတ်စမ်းသပ်မှုကြောင့် ပျက်ပြားခဲ့လေသည်။ Source: Al Jazeera

ဆီးရီးယားငြိမ်းချမ်းရေးကိုယ်စားလှယ် ကိုဖီအာနန် နှုတ်ထွက်တော့မည်

ကုလ-အာရပ်အဖွဲ့ချုပ်မှ ဦးဆောင်စေလွှတ်ထားသော ဆီးရီးယားငြိမ်းချမ်းရေးကိုယ်စားလှယ် ကိုဖီအာနန် ကိုယ်စားလှယ်အဖြစ်မှ နှုတ်ထွက်တော့မည်ဖြစ်ကြောင်း ကုလသမ္မဂ္ဂအထွေထွေအတွင်းရေးမှူး ဘန်ကီမွန်က ကြေငြာလိုက်သည်။ ဆီးရီးယားတွင် အကြမ်းဖက်မှုများဖြစ်ပွားနေသည်မှာ ၁၇ လတာကြာမြင့်ခဲ့ပြီဖြစ်ပြီး ထိန်းသိမ်း၍ မရနိုင်သေးပေ။ ကိုဖီအာနန်ကို ဖေဖေါ်ရီလ ၂၃ ရက်နေ့က ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖြစ်တာဝန်ပေးခဲ့ခြင်းဖြစ်ပြီး ဘန်ကီမွန်က ကိုဖီအာနန်နှုတ်ထွက်သွားသည့်အတွက် အလွန်အမင်းဝမ်းနည်းကြောင်းလည်း ကြာသပတေးနေ့က ပြောကြားခဲ့ သည်။ အစောပိုင်းကတည်းက ကိုဖီအာနန်က ၂၀၁၂ သြဂုတ်လ ၃၁ ရက်နေ့တွင် မိမိအားခန့်အပ်ထားသော ကိုယ်စားလှယ်တာဝန်သက်တမ်းကုန်ဆုံးချိန်တွင် ထပ်မံသက်တမ်းတိုးမြှင့်ပေးခြင်း မပြုလုပ်ရန် ဘန်ကီမွန် နှင့် အာရပ်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး နဘီးလ်အယ်အာရဘီကို ပြောကြားထားခဲ့ဖူးသည်။ ကိုဖီအာနန်က အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်သော လုံခြုံရေးကောင်စီ၏ တာဝန်တစ်ရပ်ပေးအပ်ရာတွင် `တစ်စုံတစ်ယောက်ကို လက်ညှိုးထိုး ခေါ်ယူခိုင်းစေ` တတ်သည့် အပြုအမူကြောင့် မိမိနှုတ်ထွက်ရခြင်းဖြစ် ကြောင်း ဂျီနီဗာတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပြီး ဗြိတိန်နေ့စဉ်ထုတ် Financial Times သတင်းစာတွင်လည်းကြာသပတေးနေ့က ဖေါ်ပြခဲ့သည်။ အမေရိကန်နှင့် အာရပ်နိုင်ငံများက ဆီးရီးယားသမ္မတအာဆက်နှင့် မည်သည့်စေ့စပ်ညှိနှိုင်းမှုမျှ လုပ်ဆောင် ၍ ရတော့မည်မဟုတ်ဟု ထင်မြင်ယူဆထားချိန်တွင် ကိုဖီအာနန်က ဆက်လက်ကြိုးစားရန် ဆုံးဖြတ်ခဲ့ခြင်း အပေါ် သဘောမတွေ့ခဲ့ကြကြောင်း လုံခြုံရေးကောင်စီဝင် သံတမန်များက အလွတ်သဘော ပြောကြားခဲ့ သည်။ ဘန်ကီမွန်က သူနှင့် အာရပ်အဖွဲ့ချုပ်ခေါင်းဆောင် အယ်လ်အာရဘီတို့သည် ကိုဖီအာနန်နေရာတွင် အစားထိုးခန့်အပ်မည့်ကိစ္စအတွက် ဆွေးနွေးတိုင်ပင်နေကြောင်း ဆိုသည်။ `အခက်အခဲဆုံးနဲ့ အပင်ပန်းဆုံး အလုပ်ကိစ္စတစ်ခုကို ကိုယ်ကျိုးမဲ့လုပ်ဆောင်ဖို့အတွက် ကိုဖီအာနန် ရဲ့ ကျွမ်းကျင်လိမ္မာမှု၊ ဂုဏ်သိက္ခာရှိမှုတွေကို ရင်းနှီးမြှုပ်နှံပြီး လုပ်ဆောင်သွားတဲ့အပေါ် ကျွန်တော်တို့ အင်မတန်လေးစားတန်ဖိုးထားပါတယ်။` ဟု ဘန်ကီမွန်က ပြောသည်။ ဆော်ဒီနိုင်ငံမှ တင်ပြထားသော ဆီးရီးယားအရေး ဆုံးဖြတ်ချက်မူကြမ်းကို သောကြာနေ့တွင် ကုလသမဂ္ဂ အထွေထွေညီလာခံမှ မဲခွဲဆုံးဖြတ်မည့်အရေးတွင် မည်သည့်အဖြေထွက်ရှိလာမည်ကို မသိရသေးကြောင်း အယ်ဂျာဇီယာသတင်းထောက် ခရစ်စတန်ဆလွန်မေက နယူးယောက်ရှိ ကုလသမဂ္ဂရုံးချုပ်မှ သတင်းပေး ပို့ခဲ့သည်။ ရုရှဆိုင်ရာ ကုလသမဂ္ဂကိုယ်စားလှယ် ဗိုက်တယ်လီချာကင်က ကိုဖီအာနန်နှုတ်ထွက်သွားသည့်အတွက် စိတ်ဓါတ်ကျမိကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။ `ဒါသူ့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ပဲဆိုတာ ကျွန်တော်တို့နားလည်ပါတယ်။ ဒီလိုနှုတ်ထွက်သွားတဲ့ အတွက် အလွန်စိတ်မကောင်းဖြစ်ရပါတယ်။ သူ့ရဲ့ ဆီးရီးယားအရေးဆောင်ရွက်ချက်တွေကို ကျွန်တော်တို့ အားသွန်ခွန်စိုက် ထောက်ခံပေးခဲ့ပါတယ်။` ဟု ချာကင်က ပြောသည်။ `သူ့မှာ နောက်ထပ်တစ်လ အချိန်ရပါသေးတယ်။ ဒီလအတွင်းမှာ အလွန်ခက်ခဲတဲ့ အခြေအနေတွေ အောက်မှာပဲ တတ်နိုင်သလောက်ကြိုးစားအားထုတ်သွားဖို့ ကျွန်တော်မျှော်လင့်ပါတယ်။` ဟု ချာကင်က ပြောကြားခဲ့ပြီး ကိုဖီအာနန်၏ နေရာတွင် နောက်ထပ်တစ်ယောက်ခန့်အပ်ရန် ဘန်ကီမွန်ကြိုးစားနေခြင်းကို အားပေးနေကြောင်းလည်း ဆို၏။ အနောက်အုပ်စုများက ကိုဖီအာနန်၏ ဆီးရီးယားငြိမ်းချမ်းရေးဆောင်ရွက်ချက်များအပေါ် အထင်သေးခဲ့ကြောင်း ချာကင်က သတင်းထောက်များကို ပြောသည်။ Source: Al Jazeera

Tuesday, July 31, 2012

အိုဘားမား နဲ့ ရွမ်းနေ ဘယ်သူက ပိုညစ်ပတ်သလဲ (ဆောင်းပါး)

အမေရိကန်ပြည်ထောင်စုမှာ သမ္မတရွေးကောက်ပွဲကျင်းပဖို့ သုံးလ ပတ်ဝန်းကျင်မျှသာ လိုပါတော့တယ်။ ဒီအချိန်မှာ သမ္မတလောင်းတွေ အကြိတ်အနယ်ယှဉ်ပြိုင်ရမယ့် ပြည်နယ် ၁၂ ခုမှာတော့ မဲဆွယ်၊ မဲချူတဲ့ ကြေငြာတွေက ခါတိုင်းနဲ့ မတူပဲ တစ်ယောက်အကြောင်း၊ တစ်ယောက် အပုတ်ချတဲ့ ကိစ္စတွေသာပြည့်နှက်နေပါတယ်။ ကြော်ငြာတွေက သမ္မလောင်းနှစ်ဦး တစ်ယောက်ရဲ့ အပုတ်တစ်ယောက်ဖေါ်၊ တစ်ယောက်ရဲ့ အနာတစ်ယောက်ဆွ နေကြတဲ့ အကြောင်းတွေကို သူတို့ရဲ့နောက်ပါ မဲဆွယ်စည်းရုံးရေး အဖွဲ့တွေနဲ့ ထောက်ခံသူတွေက ပိုက်ဆံပေးပြီး ကြော်ငြာနေကြခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီကြေငြာတွေနဲ့ ပတ်သက်ပြီး မဲဆန္ဒရှင်လူထုကြား စစ်တမ်းကောက်ကြည့်လိုက်တော့ တီဗွီမှာ နေ့စဉ်နဲ့ အမျှ ဒီလိုအတင်းအဖျင်း ကြေငြာတွေချည်းထိုင်ကြည့်နေရတာ ငြီးငွေ့နေပြီဖြစ်တဲ့ အကြောင်း လူထုက သဘောထား ဖေါ်ထုတ်ကြပါတယ်။ ဒီကြော်ငြာတွေကို မမောနိုင်မပန်းနိုင်ထိုင်ကြည့်လိုက်ပြီး နောက်ဆုံးကောက်ချက်ဆွဲလိုက်တဲ့ အခါကျတော့ ဒီလူတွေက လူညစ်တွေ၊ ယုတ်ရင်းကြမ်းတမ်းတဲ့သူတွေ၊ အပြစ်ရှာ ကတ်သတ်တတ်တဲ့လူတွေပဲလို့ ကျွန်တော် ကောက်ချက်ချမိပါတယ်။ ဒါပေမယ့် ဒီလူတွေကပဲ ယနေ့ အမေရိကန်ပြည်ထောင်စု သမ္မတရွေးကောက်ပွဲမှာ အဓိကပါဝင်ယှဉ်ပြိုင်ပြီး သမ္မတတက်လုပ်မယ့် သမ္မတလောင်းတွေပဲ ဖြစ်နေပြန်တယ်။ အမေရိကန်ရွေးကောက်ပွဲတွေမှာ `ဘက်` မသေချာတဲ့ ပြည်နယ်တွေ၊ သမ္မတလောင်းတွေ မဲရဖို့ အကြိတ်အနယ် ဟောပြောစည်းရုံးရတဲ့ ပြည်နယ်တွေဖြစ်တဲ့ အိုဟိုင်းအိုး၊ ဖလော်ရီဒါ၊ ကော်လိုရာဒိုနဲ့ ဗာဂျီးနီးယားတို့လို ပြည်နယ် တွေကို အမေရိကန်ရွေးကောက်ပွဲရဲ့ `စစ်မြေပြင်` လို့ တင်စားခေါ်ဝေါ်ကြပြီး အဲဒီပြည်နယ်တွေ ကိုယ့်ဘက်ကို ပါလာဖို့ အကြိတ်အနယ် အပုတ်ချ၊ အတင်းချတဲ့ ကြေငြာတွေ အဓိကထားပြီး လွှင့်ထုတ်ပေးခံနေရတာလည်း အဲဒီနေရာပဲဆိုတာ ပြောစရာမလိုတော့ပါဘူး။ ကြေငြာတစ်ခုမှာဆိုရင် ရီပတ်ဘလီကန်က ရွမ်းနေက `သမ္မတတစ်ယောက်က လိမ်ပြောနေတယ်ဆိုရင် ဒီလူကို နိုင်ငံဦးဆောင်ဖို့ ကျုပ်တို့ ဘယ်လိုစိတ်ချလက်ချ နေရာပေးလို့ရပါ့မလဲ။` လို့ အိုဘားမားကို နှိပ်တယ်။ နောက်တစ်ခါ အိုးဘားမားကလည်း နိုင်ငံတော်သီချင်းကို စည်းလွတ်ဝါးလွတ် အကျယ်ကြီးအော်ဆိုနေပြီး အောက်က ပြေးနေတဲ့ စာတမ်းမှာ သူ့ရဲ့ ဒေါ်လာတွေ ဆွစ်ဘဏ်မှာ ဘယ်လောက်တောင် သိမ်းဆည်းထားတယ်ဆိုတဲ့ အကြောင်း ဖေါ်ပြနေတယ်။ တစ်ယောက်ကိုတစ်ယောက် အပုတ်ချနေကြတဲ့ အထဲက တစ်ခုကို ပြောပြတာပါ။ အမေရိကန်လိုပြောတော့ `ရွှံ့နဲ့ ပေါက်နေကြတယ်` တဲ့။ NBC/WSJ က ကောက်ယူခဲ့တဲ့ နောက်ဆုံးစစ်တမ်းအရ လက်ရှိသမ္မတအိုဘားမားအပေါ် ၄၃% က သဘောမတွေ့ ဘူး။ ဒါက သမ္မတဖြစ်ပြီးတဲ့နောက်ပိုင်း ဒုတိယမြောက်အဆိုးဆုံးမှတ်တမ်း အဖြစ် လူထုက အဆိုးမြင်ခံရတဲ့ နှုန်းထားဖြစ်တယ်။ ရွမ်းနေက တော့ ၄၀% သဘောမတွေ့တဲ့ မှတ်တမ်းကို ရရှိတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်း လူထုထံကို ထုတ်လွှင့်နေတဲ့ သမ္မတလောင်းမဲဆွယ်စည်းရုံး ကြော်ငြာတွေဟာ အပြုသဘောမဆောင်တဲ့ အပုတ်ချ၊ အပုတ်ဆွ အကြောင်းတွေနဲ့သာ ပြည့်နှက်နေတဲ့ ဆိုတဲ့ အကြောင်း မဲဆန္ဒရှင်များက ဆိုပါတယ်။ အဲဒီလို အပုတ်ချတဲ့နေရာမှာ အိုဘားမားက ရွမ်းနေထက် အနည်းငယ်သာ တယ် လို့လည်း ဆိုကြပါတယ်။ မိုင်ယာမီဟာရဲလ် သတင်းစာရဲ့ သတင်းစာဆရာ ဆာဂျီယိုဘူတို့စ်က `ညစ်ပတ်ကြပါပေတယ်ဗျာ။` လို့ မှတ်ချက် ပေးထားပါတယ်။ ရွေးကောက်ပွဲအတွက် အဓိကကျတဲ့ ဖလော်ရီဒါပြည်နယ်မှာ ဆိုရင် အဲဒီလို ညစ်ပတ်၊ အပုတ်ချတဲ့ အကြောင်းတွေနဲ့ပဲ လေလှိုင်းတွေမှာ ပြည့်နှက်နေတယ် လို့ ဆာဂျီယိုက ပြောပါတယ်။ `အိုဘားမားဘက်က များတယ်ဗျ။ နောက်တော့ ရွမ်းနေလည်း တန်ပြန်ဆော်တော့တာပဲ။ ဒီတော့ အတူတူ လောက်ပါပဲဗျာ။ အလွန့်အလွန်ကို အရုပ်ဆိုးအကျည်းတန်တဲ့ မဲဆွယ်စည်းရုံးရေးလုပ်ရပ်တွေပဲဗျာ။` NBC/WSJ ကလည်း မဲဆန္ဒရှင်တွေကို အိုဘားမားနဲ့ ရွမ်းနေ ဘယ်သူဘက်က ပိုပြီးညစ်ပတ်သလဲဆိုတာ မေးမြန်းစစ်တမ်းကောက်ပြီးတဲ့နောက် နှစ်ဘက်စလုံးက ညီတူညီမျှ ညစ်ပတ်နေကြတယ်လို့ စစ်တမ်းထွက်လာပါတယ်။ ဒီတော့ …. ဒါတွေဟာ ပြောင်းလဲသွားနိုင်ပါသလား။ ကျွန်တော့် သဘောအရတော့ မထင်ပါဘူး။ အမေရိကန်နိုင်ငံလို အင်မတန်ကြီးကျယ်တဲ့ သမ္မတရွေးကောက်ပွဲတစ်ရပ်အတွက် မဲဆန္ဒရှင်တွေဆီကို သမ္မတလောင်းတွေရဲ့ သတင်းစကားတွေရောက်ရှိဖို့က ရုပ်မြင်သံကြားကဏ္ဍက အင်မတန်မှ အဓိကကျလှပါတယ်။ အမေရိကန်လူမျိုးတွေက သမ္မတလောင်းတွေ ဒီလို တစ်ယောက်ကိုတစ်ယောက် မျက်နှာ ရွှံ့နဲ့သုတ်နေကြတဲ့ ကိစ္စတွေအပေါ် ဝေဖန်ပြောဆိုနေပေမယ့် ဒီလုပ်ရပ်တွေရဲ့ ရလဒ်ကို ကြည့်လိုက်တော့လည်း ညစ်ပတ်ပေမယ့် အလုပ်ဖြစ်နေတယ် ဆိုတာ တွေ့ရတယ်။ ဆိုတော့ …. ဆက်လုပ်နေကြဦးမှာပဲ ။ ဝါရှင်တန်အခြေစိုက် အယ်ဂျာဇီယာသတင်းထောက် ဂျွန်တားရက်၏ Obama and Romney sling the mud ဆောင်းပါးကို ဘာသာပြန်ဆိုသည်။ Source: Al Jazeera

မာလီတွင်လက်မထပ်သော စုံတွဲကို လူပုံလယ် ခဲဖြင့် ပေါက်သတ်

မာလီနိုင်ငံတွင် အစ္စလာမ်အစွန်းရောက်များသိမ်းပိုက်ထားသော တောင်ပိုင်းအက်ဂယ်ဟော့မြို့၌ လက်မထပ်ဘဲ အတူနေသော စုံတွဲတစ်တွဲကို လူ ၂၀၀ ခန့်ရှေ့တွင် မသေမချင်းခဲဖြင့် ပစ်သတ်ခဲ့ကြောင်း ဒေသဆိုင်ရာတာဝန်ရှိသူ များက ပြောကြားခဲ့သည်။ အဆိုပါအဖြစ်အပျက်သည် တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့ပြီး တောင်ပိုင်းဒေသကို ရှာရီယာတို့ သိမ်းပိုက်ပြီးနောက်ပိုင်း ပထမဦးဆုံးကြားသိရသည့် သတ်ဖြတ်မှုဖြစ်သည်။ `ကျွန်တော် အဲဒီနေရာမှာ ရှိနေခဲ့ပါတယ်။ အစွန်းရောက်တွေက အဲဒီစုံတွဲကို အက်ဂယ်ဟော့မြို့လည်ကို ခေါ်ဆောင်လာပြီး တွင်းနှစ်တွင်းထဲမှာ ထည့်ထားပြီးတော့ ခဲနဲ့ပေါက်သတ်ခဲ့ပါတယ်။` ဟု အမည်မဖေါ်လိုသူ အစိုးရ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ `ခဲလုံးတစ်လုံး၊ နှစ်လုံးလောက်ထိမှန်အပြီးမှာ အမျိုးသမီးက မေ့လဲသွားပါတယ်။ အမျိုးသားကတော့ တစ်ခါပဲ အော်နိုင်ပြီး လဲကျသွားခဲ့ပါတယ်။` ဟု နောက်ထပ် အစိုးရတာဝန်ရှိသူတစ်ဦးက ထပ်မံအတည်ပြုပြော ကြားခဲ့ပြီး ယင်းစုံတွဲတွင် ကလေးနှစ်ယောက်ရှိကြောင်း၊ အငယ်ဆုံးကလေးမှာ ၆ လသားမျှသာ ရှိသေးကြောင်း ဆိုသည်။ `သူတို့က ချုံပုတ်တွေထဲမှာ နေကြတာပါ။ အစ္စလာမ္မစ်တွေက သူတို့ကို မြို့ထဲကို ခေါ်ဆောင်လာပြီး ခဲနဲ့ ပစ်သတ်ခဲ့တာပါ။ လူတွေအများကြီး ထွက်ကြည့်ခဲ့ကြပါတယ်။` ဟု ဆက်လက်ပြောကြားသွားခဲ့သည်။ အယ်လ်ဂျီးရီးယားနှင့် နယ်စပ် ကီဒယ်ဒေသရှိ မြို့ငယ်လေးသည် မာလီ တူအာရက်ခွဲထွက်သူပုန်များ ဇန်နဝါရီလ ၂၄ ရက်နေ့က ပထမဦးဆုံးသိမ်းပိုက်နိုင်ခဲ့သည့် မြို့ဖြစ်သည်။ အရပ်သား၊ စစ်သား ၈၂ ယောက် အစုလိုက်အပြုံလိုက် အပြစ်ပေးသတ်ဖြတ်ခြင်းခံခဲ့ရသည်။ သူပုန်များသည် အယ်ကေဒါပုံစံအတိုင်း ကျင့်သုံးလျှက် ရှိကြောင်း ယခုနှစ်အစောပိုင်းက ပြင်သစ်က ပြောကြားခဲ့သေးသည်။ မတ်လအတွင်းက တူအာရက်သူပုန်များ၏ အာဏာသိမ်းပွဲဖြစ်ပွားခဲ့သော်လည်း ယင်း၏ နောက်ဆက်တွဲအဖြစ် အစ္စလာမ္မစ်များနှင့် ကန္တာရတွင်းလှည့်လည်သွားလာနေထိုင်သူများကသာ ပြင်သစ်နိုင်ငံထက်ကျယ်ဝန်းသော မာလီ တောင်ပိုင်းကို သိမ်းပိုက်သွားခဲ့သည်။ အစ္စလာမ္မစ်အုပ်စုများသည် အစ္စလာမ္မစ်မက်ဂ္ဂရက်ရှိ အယ်ကေဒါအဖွဲ့ (AQIM) ၏ ကျောထောက်နောက်ခံပြုမှုဖြင့် တူအာရက်သူပုန်များကို မောင်းထုတ်နိုင်ခဲ့ပြီး တောင်ပိုင်းဒေသတွင်း ခိုင်မာစွာခြေကုပ်ရယူထားနိုင်ခဲ့သည်။ AQIM ၏ မဟာမိတ် အန်ဆာဒိုင်း ခေါ် ယုံကြည်မှုတပ်သားများ အဖွဲ့က အက်ဂူလ်ဟော့ မြို့ကို ထိန်းချုပ်ထားသည်။ တင်ဘုခ်တုမြို့တွင်လည်း အစ္စလာမ္မစ်ဥပဒေကိုတင်းကြပ်စွာပြဋ္ဌာန်းထားပြီး ရုပ်တုဆင်းတုကိုးကွယ်သည်ဟူသော အယူအဆဖြင့် ရှေးဟောင်းကမ္ဘာ့ယာဉ်ကျေးမှုအမွေအနှစ်များကို ဖျက်ဆီးပစ်ခဲ့သည်။ မာလီသည် ယခင်က ဒေသတွင်း အတည်ငြိမ်ဆုံးဒီမိုကရေစီနိုင်ငံတစ်နိုင်ငံဖြစ်ခဲ့ပြီး နှစ်ဝက်ခန့်အတွင်းမှာပင် အဓိကရုဏ်းများကြောင့် ပျက်စီးခဲ့ပြီး အာဏာသိမ်းစစ်တပ်ထံမှ အာဏာလွှဲပြောင်းရယူထားသော ကြားဖြတ်အစိုးရ အနေနှင့်လည်း သြဇာလွှမ်းမိုးနိုင်ခြင်းမရှိပေ။ အနောက်အာဖရိကနိုင်ငံများ စီးပွားရေးအဖွဲ့ (ECOWAS) မှ မာလီသို့ စစ်သား ၃၀၀၀ ခန့်ပို့ဆောင်ပေးရန် ရှိနေပြီး ကုလသမဂ္ဂနှင့် မာလီအစိုးရ၏ သဘောတူညီချက်ကို စောင့်ဆိုင်းလျှက်ရှိသည်။ Source: AFP

Tuesday, July 24, 2012

ဆီးရီးယားက နိုင်ငံခြားမှ ကျူးကျော်စစ်ပြုလာလျှင် ဓါတုလက်နက်သုံးစွဲခုခံမည်ဟု ပြောကြား

ဆီးရီးယားက ဓါတုလက်နှင့် ဇီဝလက်နက်များကို ဆီးရီးယားသူပုန်များအားတိုက်ခိုက်ရာတွင် အသုံးပြုမည်မဟုတ် ကြောင်း သို့သော် နိုင်ငံခြားတိုင်းပြည်များက ကျူးကျော်လာလျှင်မူ ယင်းတို့ကို အသုံးပြုတိုက်ခိုက်သွားမည်ဟု ပြောကြားလိုက်သည်။ တနင်္လာနေ့က ဒမတ်စကတ်တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျီဟက်မက်ဒီစီက အဆိုပါလက်နက်များကို ဆီးရီးယားအနေနှင့် မိမိနိုင်ငံကိုမိမိကာကွယ်ရာတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ပြည်တွင်းစစ်ပွဲတွင်မူ အသုံးပြုမည်မဟုတ်ကြောင်း ပြောဆိုလိုက်သည်။ `ဆီးရီးယားအာရပ်သမ္မတနိုင်ငံတော်က ပိုင်ဆိုင်တဲ့ အစုလိုက်အပြုံလိုက်သေကြေစေတဲ့လက်နက်တွေ၊ တားမြစ်လက်နက်တွေကို ဆီးရီးယားပြည်သူတွေအပေါ်၊ ဆီးရီးယားယား ပြည်တွင်းစစ်အတွင်း ဘယ်လိုအခြေအနေ မျိုးမှာပဲဖြစ်ဖြစ် သုံးစွဲမှာ မဟုတ်ပါဘူး။` ဟု မက်ဒီစီက ဆိုသည်။ သူပုန်များ၏ တိုက်ခိုက်မှုကြောင့် ကာကွယ်ရေးဝန်ကြီးနှင့် ဒုတိယကာကွယ်ရေးဝန်ကြီးတို့ အပါအဝင်ဆီးရီးယား သမ္မတအာဆက်၏ အစိုးရထိပ်ပိုင်းမှ ထိပ်တန်းအရာရှိလေးဦးသေဆုံးခဲ့ပြီးနောက် သူပုန်များအား နှိမ်နင်းရန် ဆီးရီးယား၏ ဓါတုလက်နက်များ နှင့် ဇီဝလက်နက်များအား အသုံးပြုလာမည့် အရေးအတွက် ဆွေးနွေးပြောဆို မှုများရှိလာခဲ့လေသည်။ ဆီးရီးယားတွင် ဓါတုလက်နက်များပိုင်ဆိုင်ကြောင်း အများက ယုံကြည်ထားကြသော်လည်း ဆီးရီးယားအနေနှင့် လူသိရှင်ကြားထုတ်ဖေါ် ပြောကြားခဲ့ခြင်း မရှိခဲ့ဖူးပေ။ Source: Al Jazeera

Monday, July 23, 2012

အမေရိကန် ရွေးကောက်ပွဲများ ပိုက်ဆံသာ အဓိကဖြစ်နေပြီလား (ဆောင်းပါး)

အမေရိကန်နိုင်ငံတစ်ဝှမ်း အခုလတ်တလောကြည့်လိုက်မယ်ဆိုရင် သူတို့အခေါ်အရ `လေကြောင်းတိုက်ပွဲ` စတင်နေပါပြီ။ ရီပတ်ဘလီကန်တွေနဲ့ ဒီမိုကရက်တွေ တီဗွီလိုင်းတွေမှာ အပြိုင်အဆိုင်ကြေငြာနေကြပါပြီ။ သူတို့ပါတီ ရဲ့ဝါဒတွေ၊ သူတို့ပါတီတွေက ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကို အပြိုင်အဆိုင်ပွဲထုတ်နေကြပါ ပြီ။ ပြည်နယ် ၃၈ ခုရှိတဲ့ အထဲမှာ ဘယ်သူတွေကဘယ်ပြည်နယ်မှာ အနိုင်ရမလဲဆိုတာ အခုကတည်းက ကျိန်းသေပေါက် ခင်ဗျားပြောလို့ရနေပြီ။ တက္ကဆက်၊ အယ်လ်ဘားမား၊ မစ္စစ္စပီ .. ဒီပြည်နယ်တွေက ရီပတ်ဘလီကင် ဘက်ကို ပါမယ်။ နယူးယောက်နဲ့ ကယ်လီဖိုးနီးယားက မိရိုးဖလာ ဒီမိုကရက်တွေ။ ဒါကြောင့် အိုဟိုင်းအိုး၊ ဗာဂျီးနီးယား၊ ဖလော်ရီဒါ၊ နီဗားဒါး တို့လို ပြည်နယ် ၁၁ ခု၊ ၁၂ လောက်မှာပဲ ရွေးကောက်ပွဲအတွက် အနိုင်ရဖို့ အရေးကြီးတဲ့ နေရာတွေဖြစ်တယ်။ ဒီနေရာတွေမှာ အနိုင်ရဖို့အတွက်ပဲ လူအား၊ ငွေအား စိုက်ထုတ်ရုန်းကန်ကြရမှာ ဖြစ်ပါတယ်။ မကြာသေးမီကမှ ထွက်ပေါ်လာတဲ့ စာရင်းဇယားများအရ အိုဘားမားကို ထောက်ခံတဲ့သူတွေက အိုဘားမား အနိုင်ရ ဖို့ တစ်ဒေါ်လာသုံးတိုင်း မစ်ရွန်းနေဘက်က လူတွေက ၈ ဒေါ်လာ သုံးတယ်။ ၂၀၁၀ တုန်းက အမေရိကန် တရားရုံးချုပ်က 'Citizens United' လို့ အများသိကြတဲ့ အငြင်းပွားဖွယ် ဥပဒေတစ်ရပ် ကို ထုတ်ပြန်ခဲ့တယ်။ ဥပဒေရဲ့ အဓိက ရည်ရွယ်ချက်ကတော့ မိမိထောက်ခံတဲ့ သမ္မတလောင်းအတွက် ပိုက်ဆံ ကောက်ခံတဲ့နေရာမှာ၊ သုံးစွဲတဲ့နေရာမှာ ကော်ပိုရေးရှင်းတွေ၊ သမဂ္ဂတွေ၊ တစ်သီးပုဂ္ဂလ ငွေရှင်ကြေးရှင်တွေအနေနဲ့ အကန့်အသတ်မရှိ ကောက်ခံသုံးစွဲနိုင်ဖို့ပဲဖြစ်ပါတယ်။ မဲဆွယ်စည်းရုံးလှုပ်ရှားမှုတွေမှာ ငွေကြေးကောက်ခံသုံးစွဲမှု အကန့်အသတ်နဲ့သာ ခွင့်ပြုခဲ့ပြီး အခုဥပဒေအရ နိုင်ငံရေးလှုပ်ရှားမှုကော်မီတီအကြီးစားကြီးတွေလို့ ခေါ်တဲ့ PACS အဖွဲ့တွေ ပိုပြီးကြီးထွားလာတော့မှာ ဖြစ်ပါတယ်။ အဲဒီ PACS အဖွဲ့တွေ အနေနဲ့ မဲဆွယ်စည်းရုံးလှုပ်ရှားမှုတွေနဲ့ တိုက်ရိုက်ထိတွေ့လုပ်ကိုင်မှုမရှိသ၍ ပိုက်ဆံကောက်ခံ သုံးစွဲမှုတွေ အကန့်အသတ်မရှိ ဆောင်ရွက်နိုင်ပါတယ်။ သမ္မတလောင်းမဲဆွယ်စည်းရုံးလှုပ်ရှားမှုတွေအတွက် ပိုက်ဆံ တွေ အစုလိုက်အပြုံလိုက် လှူဒါန်းမယ့် သူတွေကို မီးစိမ်းပြလိုက်ခြင်းပဲ ဖြစ်ပါတယ်။ လက်ရှိ ရွေးကောက်ပွဲအတွက် ဆိုရင်တော့ အဲဒီလို အလှူရှင်သုံးဦးလောက် မစ်ရွမ်းနေဘက်ကို သွားကြမှာဖြစ်ပါတယ်။ အဲဒီထဲမှာ ကမ္ဘာ့အချမ်းသာဆုံး ၈ ဦးစာရင်းဝင် ကာစီနိုလောင်းကစားရုံပိုင်ရှင် ရှယ်လ်ဒွန်အက်ဒယ်လ်ဆင် အပါအဝင်ဖြစ်ပါတယ်။ အစောပိုင်း မဲဆွယ်စည်းရုံးမှုတွေအတွင်းမှာ ဒီပုဂ္ဂိုလ်က နယူးတ်ဂင်းဂရစ်ကို ထောက်ပံ့ပေးခဲ့တယ်။ သူ့ရဲ့နောက်က PAC အဖွဲ့ကို ဒေါ်လာ ၂၅ သန်းလှူဒါန်းခဲ့တယ်။ ဂင်းဂရစ်ရဲ့ အမေရိကန်-အစ္စရေးလ် ဆက်ဆံရေးမူဝါဒတွေကို ကြိုက်လို့ အယ်ဒက်ဆင်က ထောက်ပံ့ပေးခဲ့တယ်လို့ လေ့လာသုံးသပ်သူတွေက ခန့်မှန်းခဲ့ကြတယ်။ အခုတော့ ရွမ်းနေကို ထောက်ပံ့နေတယ်။ သူ့ရဲ့ PAC ကို ပထမဦးဆုံး ဒေါ်လာ ၁၀ သန်းလှူပြီးပြီ။ ဝါရှင်တန်ဒီစီ၊ ဂျော့တောင်းတက္ကသိုလ်က နိုင်ငံရေးသိပ္ပံ ပါမောက္ခ မာ့ရွမ်က အယ်ဒယ်ဆင်လိုနိုင်ငံရေးမှာ ပါဝင်ပတ် သက်တဲ့ အခြား သူဌေးတွေလည်းရှိတယ် လို့ပြောပါတယ်။ `ဘီလီယံနာ သူဌေးအတွက်တော့ ဒေါ်လာ ၁၀ သန်း၊ သန်း ၂၀ ဆိုတာ ဘာမှမပြောပလောက်တဲ့ ငွေကြေးပမာဏလေးပါ။` လို့ ဆိုပါတယ်။ `အဲဒီအတွက် သူတို့ရဲ့ လုပ်ငန်းတွေမှာ အကျိုးအမြတ်တွေပြန်လည်ရရှိအောင် လုပ်ပါလိမ့်မယ်။ သူ့အနေနဲ့ သမ္မတအဖြစ်ကို ပိုက်ဆံပေးဝယ်လို့မရပေမယ့် သူကြိုက်တဲ့ သမ္မတလောင်းကိုတော့ သမ္မတဖြစ်သွားအောင် ပိုက်ဆံ ကိုသုံးပြီး လုပ်ပေးနိုင်တယ်။` အိုဘားမားဆိုရင်လည်း အမေရိကန်နိုင်ငံရေးသမိုင်းမှာ အခုအချိန်အထိ ရွေးကောက်ပွဲပိုက်ဆံအသုံးအများဆုံး သမ္မလောင်းတစ်ဦးအဖြစ်ရှိနေဆဲပါ။ ဒီတစ်ကြိမ်မှာလည်း သူ့နောက်မှာ ငွေထုပ်ပိုက်လိုက်ထောက်ခံပေးနေမယ့် လူတွေ လိုအပ်ပါတယ်။ သူ့အတွက် အမေရိကန်ဟာသမင်းသား ဘီလ်မာရှာက ဒေါ်လာ တစ်သန်း၊ ရုပ်ရှင်မင်းသား ဂျော့ကလုန်းနီက ကယ်လီဖိုးနီးယားမှာ ညစာစားပွဲလက်ခံကျင်းပပေးပြီး ကောက်ခံပေးခဲ့တာက ဒေါ်လာ ၁၅ သန်း ရရှိပြီးပါပြီ။ အိုဘားမားမဲဆွယ်စည်းရုံးရေးအတွက် ကုန်သွယ်ရေးသမဂ္ဂတွေနဲ့ ဒီမိုကရက်ချိတ်ဆက် PAC အဖွဲ့တွေက ကောက်ခံ ပေးငွေ ၁ ဘီလီယံလောက်အထိရှိလယ်လို့ ခန့်မှန်းထားကြပါတယ်။ ဖြစ်နိုင်ချေမရှိပေမယ့် ဒီတစ်ကြိမ်မှာတော့ ဒီမိုကရက်တွေ ဘယ်လောက်သုံးသုံး၊ ရီပတ်ဘလီကင်တွေက လိုက်ပြီး အပြိုင်သုံး အနိုင်ကြဲမယ့် သဘောရှိနေပါတယ်။ ဒါက ဘာကိုပြသလဲဆိုတော့ ဒီတစ်ကြိမ်မှာ ဒီမိုကရက်တွေကိုယ် တိုင် အိုဘားမားကို သိပ်အားမရတာကြောင့်လည်း ဖြစ်နိုင်တယ်၊ ရီပတ်ဘလီကင်တွေထဲမှာ အိုဘားမားကို အလိုမရှိ တော့တဲ့လူတွေ များလာတာလည်း ဖြစ်နိုင်တယ်။ ပါမောက္ခရွမ်ကတော့ နှစ်ခုစလုံးကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ် ထားပါတယ်။ `ခင်ဗျားမှာ ပိုက်ဆံချမ်းသာလေလေ၊ ရီပတ်ဘလီကင်ကို ခင်ဗျားထောက်ခံဖို့ ပိုအားသန်လေပဲ ဆိုတာ မေးခွန်းထုတ်စရာမရှိပါဘူး။` လို့ သူက ပြောပါတယ်။ `ရီပတ်ဘလီကင်တွေက ရာထူးရယူဖို့ထက် ပိုက်ဆံများများရဖို့ပဲ မျှော်လင့်ကြတဲ့သူတွေဖြစ်ပါတယ်။` လူထုသဘောထားစစ်တမ်းတွေ တစ်ခုပြီးတစ်ခုကောက်ယူလေ့လာခဲ့ရာမှာ PAC တွေရဲ့ ငွေကို အသုံးပြုပြီး ထင်တိုင်းကြဲနေကြတဲ့ အနေအထားကို လူထုက သဘောမတွေ့ကြပါဘူး။ ဒါပေမယ့် သမ္မတ ဂျော့ဒဗလျူဘုရှ် လက်ထက်တုန်းက အစိုးရအရာရှိတစ်ဦးလုပ်ခဲ့ပြီး အခုလက်ရှိ ဝါရှင်တန်ဒီစီ၊ အမေရိကန်တက္ကသိုလ်မှာ နိုင်ငံရေး ပါမောက္ခလုပ်နေတဲ့ အန်နီတာမက်ဘရိုက်ဒ်က ဗဟိုတရားရုံးရဲ့ ရည်ရွယ်ချက်က မဲဆွယ်ရွေးကောက်ပွဲတွေအတွက် ငွေကြေးသုံးစွဲတဲ့ နေရာမှာ တရားမဝင်ငွေကြေးတွေ သုံးစွဲမိမှာစိုးလို့ ဒီဥပဒေကို ပြဋ္ဌာန်းလိုက်တယ်လို့ ဆိုပါတယ်။ `တရားဥပဒေနဲ့ မငြိစွန်းပဲ ဒီပိုက်ဆံတွေ ဘယ်ကလာသလဲ ဆိုတဲ့အပေါ်မှာ ကျွန်တော်တို့ ငြင်းခုံနိုင်ပါတယ်။ ကျွန်တော့်သဘောထားကတော့ ဒီဥပဒေက လက်ခံနိုင်ပါတယ်။` နိုင်ငံရေးမှာ ငွေကြေးပုံအောသုံးစွဲခြင်းနဲ့ ပတ်သက်ပြီး လူတွေအနေနဲ့ ဘာမှ ထင်မြင်ချက်တွေ မရှိရင်လည်း မရှိ နိုင်ပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ ရွေးကောက်ပွဲ သုံးခုကိုပြန်ကြည့်မယ် ဆိုရင် ပိုက်ဆံအသုံးနိုင်ဆုံး ကိုယ်စားလှယ်လောင်းက နိုင်သွားတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ ပိုက်ဆံဆိုတာ နောက်ပိုင်းရွေးကောက်ပွဲတွေမှာ မလွဲမသွေအရေးအကြီးဆုံး ကဏ္ဍတစ်ခုမှာ ရပ်တည်လာပါလိမ့်မယ်။ ဒါကြောင့် တစ်နည်းမဟုတ်တစ်နည်းနဲ့တော့ ပိုက်ဆံအပေါ်မှာပဲ အားလုံးတည်မှီနေတော့မှာ ဖြစ်ပါတယ်။ Source: Al Jazeera Alan Fisher ရေးသားသည့် The US election: It's all about money အတွေးအမြင်ဆောင်းပါးကို ဘာသာပြန် ဆိုသည်။

အီရတ်တွင် တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွား

အီရတ်နိုင်ငံတွင် ဗုံးခွဲတိုက်ခိုက်မှုများ၊ ပစ်ခတ်တိုက်ခိုက်မှုများ ဒုတိယမြောက်နေ့အဖြစ်ဆက်တိုက်ဖြစ်ပွားခဲ့ပြီး မည်သည့်အဖွဲ့အစည်းမှန်းမသိရသည့် သေနတ်သေများများက စစ်တပ်အခြေစိုက်စခန်းများကိုတိုက်ခိုက်ခြင်း၊ ကားဗုံးခွဲခြင်းများ မြို့တော်ဘဂ္ဂဒက်နှင့် ကယ်ကွတ်မြို့တွင် ပြုလုပ်ခဲ့ကြသည်။ တနင်္လာနေ့နံနက်ပိုင်းတွင် တိုက်ခိုက်မှုပေါင်း ၁၇ ခုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၅၀ သေဆုံးကာ ၁၃၁ ဦးဒဏ်ရာရ ရှိခဲ့ကြောင်း သိရသည်။ ဆာလာဒင်ပြည်နယ်ရှိ စစ်စခန်းတစ်ခုကို သေနတ်သမားများက တိုက်ခိုက်ခဲသဖြင့် အီရတ်စစ်သား ၇ ဦးသေဆုံးခဲ့ပြီး ၄ ဦးဒဏ်ရာရရှိခဲ့သည်။ သို့သော်နောက်ပိုင်းတွင် သေဆုံးသူ စစ်သား ၁၅ ဦးအထိရှိကြောင်း စစ်တပ်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါစစ်စခန်းသည် ဘဂ္ဂဒက်မြို့ မြောက်ဘက် ၉၀ ကီလိုမီတာအကွာတွင်ရှိပြီး ဒူလူအီယာမြို့နယ် အရှေ့ဘက်တွင်ရှိပြီး တနင်္လာနေ့ နံနက်အစောပိုင်းတွင် တိုက်ခိုက်မှုဖြစ်ပွားခဲ့ကာ စစ်သားများ အိပ်ယာမှ မနိုးသေးပေ။ တိုက်ခိုက်မှုအတွက် မည်သည့်အဖွဲ့အစည်းကမျှ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ပြောဆိုခြင်းမရှိပေ။ ဘဂ္ဂဒက်မြို့မြောက်ဘက် တာဂျီမြို့တွင် လူနေထိုင်သော ရပ်ကွက်တစ်ခုကို ပစ်မှတ်ထား၍ ကားဗုံးတစ်လုံးပေါက်ကွဲ ခဲ့သည်။ အစောပိုင်းသတင်းများအရ ၁၈ ဦးသေဆုံးပြီး ၁၂ ဦးခန့်ဒဏ်ရာရှိကြောင်း ဆိုသည်။ ကယ်ဆယ်ရေးလုပ် သားများ အခင်းဖြစ်ပွားရာသို့ရောက်ရှိစဉ်တွင် နောက်ထပ်ဗုံးတစ်လုံးပေါက်ကွဲခဲ့လေသည်။ ကယ်ကွတ်မြို့တွင် ရဲများကို ပစ်မှတ်ထားတိုက်ခိုက်သော ကားဗုံးလေးလုံး တစ်ပြိုင်နက်ပေါက်ကွဲခဲ့ပြီး အရပ်သား ၃ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ၁၉ ဦးဒဏ်ရာရရှိခဲ့သည်။ ဘဂ္ဂဒက်အရှေ့ဘက် ဟူစိန်နီယာရပ်ကွက်တွင် တနင်္လာနေ့က ရပ်ထားသောကားဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံးသုံးဦး သေဆုံးပြီး ၃၁ ဦး ဒဏ်ရာရရှိခဲ့သည်။ ဘဂ္ဂဒက် မြောက်ဘက် ကီလိုမီတာ ၁၄၀ အကွာရှိ တိုအုခါမာတိုမြို့တွင် ဈေးတစ်ခုကို ပစ်မှတ်ထား၍ ဖေါက်ခွဲသော ကားဗုံးကြောင့် တစ်ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ ရှိသည်။ ယင်းမြို့၌ပင် အခြားပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံး ၊ ၃၅ ဦး ဒဏ်ရာရရှိခဲ့သည်။ မွတ်ဒါဒီယာမြို့တွင် မော်တော်ဆိုင်ကယ်ဗုံးပေါက်ကွဲမှုကြောင့် အရပ်သား ၂ ဦးသေဆုံးပြီး ၁၃ ဦးဒဏ်ရာရရှိသည်။ မြို့တော်တောင်ဘက် မာမွတ်ဒီယာတွင် ဗုံးသုံးလုံးဆက်တိုက်ပေါက်ကွဲမှုကြောင့် ၁၀ ဦးသေဆုံးပြီး ၃၈ ဦးဒဏ်ရာရရှိ သည်။ ဘဂ္ဂဒက်မြောက်ဘက် ကီလိုမီတာ ၁၂၀ အကွာရှိ ဆာမာရာမြို့လည်တွင် လုံခြုံရေးယူထားသော တိုင်းရင်းသားလက်နက်ကိုင်ညွန့် ပေါင်းတပ်ဖွဲ့ဝင်များအား အမည်မသိသေနတ်သမားများက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးခဲ့သည်။ ဘဂ္ဂဒက် မြောက်ဘက် ၇၅ ကီလိုမီတာအကွာရှိ ဒူဂျာအီမြို့တွင် ရှီးအိုက်ဘုရားရှိခိုးကျောင်း အနီး ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့သည်။ Source: Al Jazeera

တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် မိုးကြီးရေလျှံ

တရုတ်တွင် နှစ်ပေါင်း ၆၀ အတွင်း အဆိုးဝါးဆုံးမိုးကြီးရေလျှံမှုဖြစ်ပွားပြီး ဘေဂျင်းမြို့တော်တွင် အနည်းဆုံး ၃၇ ဦး သေဆုံး၊ ၇ ဦးပျောက်ဆုံးလျှက်ရှိသည်။ စနေနေ့က မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ဟောင်းနွမ်းအိုမင်းနေသော ရေလွှတ်၊ ရေထုတ်စံနစ်များကြောင့် ရေလျှံရ ခြင်း၊ သက်ဆိုင်ရာက သတိပေးချက်ထုတ်ပြန်ပေးရန် ပျက်ကွက်ခဲ့ခြင်းများကြောင့် တနင်္လာနေ့က တရုတ်နိုင်ငံတွင် လူပေါင်း ၉ သန်းခန့်အသုံးပြုနေသော ဆီနာဝိုင်ဘို မိုက်ခရိုဘလော့တွင် မကျေမနပ်ရေးသားဖေါ်ပြကြလေသည်။ `တကယ်လို့ ရေလွှတ်၊ ရေထုတ်စံနစ်တွေသာ ကျောင်းမွန်ခဲ့မယ် ဆိုရင်၊ သက်ဆိုင်ရာကသာ အချိန်မီသတိ ပေးချက်တွေ ထုတ်ပြန်ခဲ့မယ် ဆိုရင်၊ လူတွေကို အိမ်ထဲမှာသာ နေကြဖို့ သတိပေးခဲ့မယ် ဆိုရင် ဒီလောက်သေဆုံး မှုတွေ ဖြစ်မှာမဟုတ်ဘူး။` ဟု ယင်းဝက်ဘ်ဆိုက် အသုံးပြုသူတစ်ဦးက ရေးသားထားသည်။ ၁၉၅၁ ခုနှစ်မှ စ၍ တိုင်းတာချက်များအရ အဆိုးရွားဆုံးမိုးရွာသွန်းမှုအဖြစ် စံချိန်တင်ရွာသွန်းခဲ့မှုကြောင့် စနေနေ့က ၂၅ ဦး ရေနစ်သေဆုံးခဲ့သည်။ အိမ်ပြိုကျပြီး လူ ၆ ဦးသေဆုံးခဲ့သည်။ ၅ ဦးဓါတ်လိုက်သေဆုံးပြီး၊ တစ်ဦး မိုးကြိုးထိမှန်သေဆုံးခဲ့သည်။ လူပေါင်း ၆၆ ၀၀၀ ခန့်နေအိမ်မှ ရွှေ့ပြောင်းခဲ့ရပြီး အပျက်အစီး တန်ဖိုးဒေါ်လာ ၁.၅ သန်းခန့်ရှိကြောင်း နိုင်ငံသတင်းဌာန ကကြေငြာခဲ့သည်။ `တနင်္လာနေ့က မိုးကြီးရေလျှံမှုမျိုးအတွက် ကြိုတင်ပြင်ဆင်မှုမျိုး တရုတ်နိုင်ငံမြို့တော်တွေမှာ တစ်ခါမှ အတွေ့အကြုံမရှိခဲ့ပါဘူး။` ဟု Global Times သတင်းစာက ရေးသားထားသည်။ Source: Al jazeera

Wednesday, July 18, 2012

မြောက်ကိုရီးယား ကင်ဂျုံအန် စစ်ဦးချုပ်ရာထူးရယူ

မြောက်ကိုရီးယားခေါင်းဆောင်သစ် ကင်ဂျုံအန်ကို စစ်ဦးစီးချုပ်အဖြစ် ရာထူးတိုးမြှင့်ပေးလိုက်ပြီဖြစ်ကြောင်း မြောက်ကိုရီးယားသတင်းဌာနက ဗုဒ္ဓဟူးနေ့က အထူးသတင်းတွင် ကြေငြာလိုက်သည်။ မြောက်ကိုရီးယား ထိပ်ပိုင်းအစိုးအတွင်း ရာထူးအပြောင်းအလဲများပြုလုပ်ပြီး နောက်ပိုင်းကင်ဂျုံအန်ကို ရာထူးတိုးပေး လိုက်ခြင်းဖြစ်သည်။ ဖခင်ဖြစ်သူကင်ဂျုံအီသေဆုံးပြီးနောက် အရိုက်အရာကို ပိုင်ပိုင်နိုင်နိုင်ဆက်ခံနိုင်ခဲ့သည့် အနေအထားဖြစ်ကြောင်း ပြင်ပလေ့လာသုံးသပ်သူများက ဆိုသည်။ ယခင်စစ်တပ်အကြီးအကဲ ကျန်းမာရေးကြောင့် အနားယူသွားခဲ့ပြီးနောက်တစ်နေ့ အင်္ဂါနေ့တွင် ဒုတိယစစ်ဦးချုပ် အသစ်တစ်ယောက်ကို ရာထူးခန့်အပ်ခဲ့သည်။ ဒုတိယစစ်ဦးစီးချုပ်အဖြစ် ဟွန်ယောင်ချိုလ်ကို အာဏာရပါတီ၏ ဗဟိုစစ်ကော်မရှင်နှင့် ကာကွယ်ရေးကော်မရှင် တို့ကတနင်္လာနေ့က ရွေးချယ်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာန KCNA ကကြေငြာခဲ့သည်။ ယခုကင်ဂျုံအန်ရရှိခဲ့သော စစ်ဦးစီးချုပ်ရာထူးကို အဘိုးဖြစ်သူနှင့် အဖေဖြစ်သူတို့လည်း ရယူခဲ့သည်။ Source: Al Jazeera

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။