အမေရိကန်ပြည်ထောင်စုမှာ သမ္မတရွေးကောက်ပွဲကျင်းပဖို့ သုံးလ ပတ်ဝန်းကျင်မျှသာ လိုပါတော့တယ်။ ဒီအချိန်မှာ သမ္မတလောင်းတွေ အကြိတ်အနယ်ယှဉ်ပြိုင်ရမယ့် ပြည်နယ် ၁၂ ခုမှာတော့ မဲဆွယ်၊ မဲချူတဲ့ ကြေငြာတွေက ခါတိုင်းနဲ့ မတူပဲ တစ်ယောက်အကြောင်း၊ တစ်ယောက် အပုတ်ချတဲ့ ကိစ္စတွေသာပြည့်နှက်နေပါတယ်။
ကြော်ငြာတွေက သမ္မလောင်းနှစ်ဦး တစ်ယောက်ရဲ့ အပုတ်တစ်ယောက်ဖေါ်၊ တစ်ယောက်ရဲ့ အနာတစ်ယောက်ဆွ နေကြတဲ့ အကြောင်းတွေကို သူတို့ရဲ့နောက်ပါ မဲဆွယ်စည်းရုံးရေး အဖွဲ့တွေနဲ့ ထောက်ခံသူတွေက ပိုက်ဆံပေးပြီး ကြော်ငြာနေကြခြင်း ဖြစ်ပါတယ်။
ဒါပေမယ့် အဲဒီကြေငြာတွေနဲ့ ပတ်သက်ပြီး မဲဆန္ဒရှင်လူထုကြား စစ်တမ်းကောက်ကြည့်လိုက်တော့ တီဗွီမှာ နေ့စဉ်နဲ့ အမျှ ဒီလိုအတင်းအဖျင်း ကြေငြာတွေချည်းထိုင်ကြည့်နေရတာ ငြီးငွေ့နေပြီဖြစ်တဲ့ အကြောင်း လူထုက သဘောထား ဖေါ်ထုတ်ကြပါတယ်။
ဒီကြော်ငြာတွေကို မမောနိုင်မပန်းနိုင်ထိုင်ကြည့်လိုက်ပြီး နောက်ဆုံးကောက်ချက်ဆွဲလိုက်တဲ့ အခါကျတော့ ဒီလူတွေက လူညစ်တွေ၊ ယုတ်ရင်းကြမ်းတမ်းတဲ့သူတွေ၊ အပြစ်ရှာ ကတ်သတ်တတ်တဲ့လူတွေပဲလို့ ကျွန်တော် ကောက်ချက်ချမိပါတယ်။ ဒါပေမယ့် ဒီလူတွေကပဲ ယနေ့ အမေရိကန်ပြည်ထောင်စု သမ္မတရွေးကောက်ပွဲမှာ အဓိကပါဝင်ယှဉ်ပြိုင်ပြီး သမ္မတတက်လုပ်မယ့် သမ္မတလောင်းတွေပဲ ဖြစ်နေပြန်တယ်။
အမေရိကန်ရွေးကောက်ပွဲတွေမှာ `ဘက်` မသေချာတဲ့ ပြည်နယ်တွေ၊ သမ္မတလောင်းတွေ မဲရဖို့ အကြိတ်အနယ် ဟောပြောစည်းရုံးရတဲ့ ပြည်နယ်တွေဖြစ်တဲ့ အိုဟိုင်းအိုး၊ ဖလော်ရီဒါ၊ ကော်လိုရာဒိုနဲ့ ဗာဂျီးနီးယားတို့လို ပြည်နယ် တွေကို အမေရိကန်ရွေးကောက်ပွဲရဲ့ `စစ်မြေပြင်` လို့ တင်စားခေါ်ဝေါ်ကြပြီး အဲဒီပြည်နယ်တွေ ကိုယ့်ဘက်ကို ပါလာဖို့ အကြိတ်အနယ် အပုတ်ချ၊ အတင်းချတဲ့ ကြေငြာတွေ အဓိကထားပြီး လွှင့်ထုတ်ပေးခံနေရတာလည်း အဲဒီနေရာပဲဆိုတာ ပြောစရာမလိုတော့ပါဘူး။
ကြေငြာတစ်ခုမှာဆိုရင် ရီပတ်ဘလီကန်က ရွမ်းနေက `သမ္မတတစ်ယောက်က လိမ်ပြောနေတယ်ဆိုရင် ဒီလူကို နိုင်ငံဦးဆောင်ဖို့ ကျုပ်တို့ ဘယ်လိုစိတ်ချလက်ချ နေရာပေးလို့ရပါ့မလဲ။` လို့ အိုဘားမားကို နှိပ်တယ်။
နောက်တစ်ခါ အိုးဘားမားကလည်း နိုင်ငံတော်သီချင်းကို စည်းလွတ်ဝါးလွတ် အကျယ်ကြီးအော်ဆိုနေပြီး အောက်က ပြေးနေတဲ့ စာတမ်းမှာ သူ့ရဲ့ ဒေါ်လာတွေ ဆွစ်ဘဏ်မှာ ဘယ်လောက်တောင် သိမ်းဆည်းထားတယ်ဆိုတဲ့ အကြောင်း ဖေါ်ပြနေတယ်။
တစ်ယောက်ကိုတစ်ယောက် အပုတ်ချနေကြတဲ့ အထဲက တစ်ခုကို ပြောပြတာပါ။ အမေရိကန်လိုပြောတော့ `ရွှံ့နဲ့ ပေါက်နေကြတယ်` တဲ့။
NBC/WSJ က ကောက်ယူခဲ့တဲ့ နောက်ဆုံးစစ်တမ်းအရ လက်ရှိသမ္မတအိုဘားမားအပေါ် ၄၃% က သဘောမတွေ့ ဘူး။ ဒါက သမ္မတဖြစ်ပြီးတဲ့နောက်ပိုင်း ဒုတိယမြောက်အဆိုးဆုံးမှတ်တမ်း အဖြစ် လူထုက အဆိုးမြင်ခံရတဲ့ နှုန်းထားဖြစ်တယ်။ ရွမ်းနေက တော့ ၄၀% သဘောမတွေ့တဲ့ မှတ်တမ်းကို ရရှိတယ်။
ဒါပေမယ့် လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်း လူထုထံကို ထုတ်လွှင့်နေတဲ့ သမ္မတလောင်းမဲဆွယ်စည်းရုံး ကြော်ငြာတွေဟာ အပြုသဘောမဆောင်တဲ့ အပုတ်ချ၊ အပုတ်ဆွ အကြောင်းတွေနဲ့သာ ပြည့်နှက်နေတဲ့ ဆိုတဲ့ အကြောင်း မဲဆန္ဒရှင်များက ဆိုပါတယ်။ အဲဒီလို အပုတ်ချတဲ့နေရာမှာ အိုဘားမားက ရွမ်းနေထက် အနည်းငယ်သာ တယ် လို့လည်း ဆိုကြပါတယ်။
မိုင်ယာမီဟာရဲလ် သတင်းစာရဲ့ သတင်းစာဆရာ ဆာဂျီယိုဘူတို့စ်က `ညစ်ပတ်ကြပါပေတယ်ဗျာ။` လို့ မှတ်ချက် ပေးထားပါတယ်။ ရွေးကောက်ပွဲအတွက် အဓိကကျတဲ့ ဖလော်ရီဒါပြည်နယ်မှာ ဆိုရင် အဲဒီလို ညစ်ပတ်၊ အပုတ်ချတဲ့ အကြောင်းတွေနဲ့ပဲ လေလှိုင်းတွေမှာ ပြည့်နှက်နေတယ် လို့ ဆာဂျီယိုက ပြောပါတယ်။
`အိုဘားမားဘက်က များတယ်ဗျ။ နောက်တော့ ရွမ်းနေလည်း တန်ပြန်ဆော်တော့တာပဲ။ ဒီတော့ အတူတူ လောက်ပါပဲဗျာ။ အလွန့်အလွန်ကို အရုပ်ဆိုးအကျည်းတန်တဲ့ မဲဆွယ်စည်းရုံးရေးလုပ်ရပ်တွေပဲဗျာ။`
NBC/WSJ ကလည်း မဲဆန္ဒရှင်တွေကို အိုဘားမားနဲ့ ရွမ်းနေ ဘယ်သူဘက်က ပိုပြီးညစ်ပတ်သလဲဆိုတာ မေးမြန်းစစ်တမ်းကောက်ပြီးတဲ့နောက် နှစ်ဘက်စလုံးက ညီတူညီမျှ ညစ်ပတ်နေကြတယ်လို့ စစ်တမ်းထွက်လာပါတယ်။
ဒီတော့ …. ဒါတွေဟာ ပြောင်းလဲသွားနိုင်ပါသလား။ ကျွန်တော့် သဘောအရတော့ မထင်ပါဘူး။ အမေရိကန်နိုင်ငံလို အင်မတန်ကြီးကျယ်တဲ့ သမ္မတရွေးကောက်ပွဲတစ်ရပ်အတွက် မဲဆန္ဒရှင်တွေဆီကို သမ္မတလောင်းတွေရဲ့ သတင်းစကားတွေရောက်ရှိဖို့က ရုပ်မြင်သံကြားကဏ္ဍက အင်မတန်မှ အဓိကကျလှပါတယ်။ အမေရိကန်လူမျိုးတွေက သမ္မတလောင်းတွေ ဒီလို တစ်ယောက်ကိုတစ်ယောက် မျက်နှာ ရွှံ့နဲ့သုတ်နေကြတဲ့ ကိစ္စတွေအပေါ် ဝေဖန်ပြောဆိုနေပေမယ့် ဒီလုပ်ရပ်တွေရဲ့ ရလဒ်ကို ကြည့်လိုက်တော့လည်း ညစ်ပတ်ပေမယ့် အလုပ်ဖြစ်နေတယ် ဆိုတာ တွေ့ရတယ်။ ဆိုတော့ …. ဆက်လုပ်နေကြဦးမှာပဲ ။
ဝါရှင်တန်အခြေစိုက် အယ်ဂျာဇီယာသတင်းထောက် ဂျွန်တားရက်၏ Obama and Romney sling the mud ဆောင်းပါးကို ဘာသာပြန်ဆိုသည်။
Source: Al Jazeera
Showing posts with label ဘာသာပြန်ဆောင်းပါး. Show all posts
Showing posts with label ဘာသာပြန်ဆောင်းပါး. Show all posts
Tuesday, July 31, 2012
Monday, July 23, 2012
အမေရိကန် ရွေးကောက်ပွဲများ ပိုက်ဆံသာ အဓိကဖြစ်နေပြီလား (ဆောင်းပါး)
အမေရိကန်နိုင်ငံတစ်ဝှမ်း အခုလတ်တလောကြည့်လိုက်မယ်ဆိုရင် သူတို့အခေါ်အရ `လေကြောင်းတိုက်ပွဲ` စတင်နေပါပြီ။ ရီပတ်ဘလီကန်တွေနဲ့ ဒီမိုကရက်တွေ တီဗွီလိုင်းတွေမှာ အပြိုင်အဆိုင်ကြေငြာနေကြပါပြီ။ သူတို့ပါတီ ရဲ့ဝါဒတွေ၊ သူတို့ပါတီတွေက ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကို အပြိုင်အဆိုင်ပွဲထုတ်နေကြပါ ပြီ။
ပြည်နယ် ၃၈ ခုရှိတဲ့ အထဲမှာ ဘယ်သူတွေကဘယ်ပြည်နယ်မှာ အနိုင်ရမလဲဆိုတာ အခုကတည်းက ကျိန်းသေပေါက် ခင်ဗျားပြောလို့ရနေပြီ။ တက္ကဆက်၊ အယ်လ်ဘားမား၊ မစ္စစ္စပီ .. ဒီပြည်နယ်တွေက ရီပတ်ဘလီကင် ဘက်ကို ပါမယ်။ နယူးယောက်နဲ့ ကယ်လီဖိုးနီးယားက မိရိုးဖလာ ဒီမိုကရက်တွေ။ ဒါကြောင့် အိုဟိုင်းအိုး၊ ဗာဂျီးနီးယား၊ ဖလော်ရီဒါ၊ နီဗားဒါး တို့လို ပြည်နယ် ၁၁ ခု၊ ၁၂ လောက်မှာပဲ ရွေးကောက်ပွဲအတွက် အနိုင်ရဖို့ အရေးကြီးတဲ့ နေရာတွေဖြစ်တယ်။ ဒီနေရာတွေမှာ အနိုင်ရဖို့အတွက်ပဲ လူအား၊ ငွေအား စိုက်ထုတ်ရုန်းကန်ကြရမှာ ဖြစ်ပါတယ်။
မကြာသေးမီကမှ ထွက်ပေါ်လာတဲ့ စာရင်းဇယားများအရ အိုဘားမားကို ထောက်ခံတဲ့သူတွေက အိုဘားမား အနိုင်ရ ဖို့ တစ်ဒေါ်လာသုံးတိုင်း မစ်ရွန်းနေဘက်က လူတွေက ၈ ဒေါ်လာ သုံးတယ်။
၂၀၁၀ တုန်းက အမေရိကန် တရားရုံးချုပ်က 'Citizens United' လို့ အများသိကြတဲ့ အငြင်းပွားဖွယ် ဥပဒေတစ်ရပ် ကို ထုတ်ပြန်ခဲ့တယ်။ ဥပဒေရဲ့ အဓိက ရည်ရွယ်ချက်ကတော့ မိမိထောက်ခံတဲ့ သမ္မတလောင်းအတွက် ပိုက်ဆံ ကောက်ခံတဲ့နေရာမှာ၊ သုံးစွဲတဲ့နေရာမှာ ကော်ပိုရေးရှင်းတွေ၊ သမဂ္ဂတွေ၊ တစ်သီးပုဂ္ဂလ ငွေရှင်ကြေးရှင်တွေအနေနဲ့ အကန့်အသတ်မရှိ ကောက်ခံသုံးစွဲနိုင်ဖို့ပဲဖြစ်ပါတယ်။ မဲဆွယ်စည်းရုံးလှုပ်ရှားမှုတွေမှာ ငွေကြေးကောက်ခံသုံးစွဲမှု အကန့်အသတ်နဲ့သာ ခွင့်ပြုခဲ့ပြီး အခုဥပဒေအရ နိုင်ငံရေးလှုပ်ရှားမှုကော်မီတီအကြီးစားကြီးတွေလို့ ခေါ်တဲ့ PACS အဖွဲ့တွေ ပိုပြီးကြီးထွားလာတော့မှာ ဖြစ်ပါတယ်။
အဲဒီ PACS အဖွဲ့တွေ အနေနဲ့ မဲဆွယ်စည်းရုံးလှုပ်ရှားမှုတွေနဲ့ တိုက်ရိုက်ထိတွေ့လုပ်ကိုင်မှုမရှိသ၍ ပိုက်ဆံကောက်ခံ သုံးစွဲမှုတွေ အကန့်အသတ်မရှိ ဆောင်ရွက်နိုင်ပါတယ်။ သမ္မတလောင်းမဲဆွယ်စည်းရုံးလှုပ်ရှားမှုတွေအတွက် ပိုက်ဆံ တွေ အစုလိုက်အပြုံလိုက် လှူဒါန်းမယ့် သူတွေကို မီးစိမ်းပြလိုက်ခြင်းပဲ ဖြစ်ပါတယ်။ လက်ရှိ ရွေးကောက်ပွဲအတွက် ဆိုရင်တော့ အဲဒီလို အလှူရှင်သုံးဦးလောက် မစ်ရွမ်းနေဘက်ကို သွားကြမှာဖြစ်ပါတယ်။
အဲဒီထဲမှာ ကမ္ဘာ့အချမ်းသာဆုံး ၈ ဦးစာရင်းဝင် ကာစီနိုလောင်းကစားရုံပိုင်ရှင် ရှယ်လ်ဒွန်အက်ဒယ်လ်ဆင် အပါအဝင်ဖြစ်ပါတယ်။
အစောပိုင်း မဲဆွယ်စည်းရုံးမှုတွေအတွင်းမှာ ဒီပုဂ္ဂိုလ်က နယူးတ်ဂင်းဂရစ်ကို ထောက်ပံ့ပေးခဲ့တယ်။ သူ့ရဲ့နောက်က PAC အဖွဲ့ကို ဒေါ်လာ ၂၅ သန်းလှူဒါန်းခဲ့တယ်။ ဂင်းဂရစ်ရဲ့ အမေရိကန်-အစ္စရေးလ် ဆက်ဆံရေးမူဝါဒတွေကို ကြိုက်လို့ အယ်ဒက်ဆင်က ထောက်ပံ့ပေးခဲ့တယ်လို့ လေ့လာသုံးသပ်သူတွေက ခန့်မှန်းခဲ့ကြတယ်။ အခုတော့ ရွမ်းနေကို ထောက်ပံ့နေတယ်။ သူ့ရဲ့ PAC ကို ပထမဦးဆုံး ဒေါ်လာ ၁၀ သန်းလှူပြီးပြီ။
ဝါရှင်တန်ဒီစီ၊ ဂျော့တောင်းတက္ကသိုလ်က နိုင်ငံရေးသိပ္ပံ ပါမောက္ခ မာ့ရွမ်က အယ်ဒယ်ဆင်လိုနိုင်ငံရေးမှာ ပါဝင်ပတ် သက်တဲ့ အခြား သူဌေးတွေလည်းရှိတယ် လို့ပြောပါတယ်။
`ဘီလီယံနာ သူဌေးအတွက်တော့ ဒေါ်လာ ၁၀ သန်း၊ သန်း ၂၀ ဆိုတာ ဘာမှမပြောပလောက်တဲ့ ငွေကြေးပမာဏလေးပါ။` လို့ ဆိုပါတယ်။
`အဲဒီအတွက် သူတို့ရဲ့ လုပ်ငန်းတွေမှာ အကျိုးအမြတ်တွေပြန်လည်ရရှိအောင် လုပ်ပါလိမ့်မယ်။ သူ့အနေနဲ့ သမ္မတအဖြစ်ကို ပိုက်ဆံပေးဝယ်လို့မရပေမယ့် သူကြိုက်တဲ့ သမ္မတလောင်းကိုတော့ သမ္မတဖြစ်သွားအောင် ပိုက်ဆံ ကိုသုံးပြီး လုပ်ပေးနိုင်တယ်။`
အိုဘားမားဆိုရင်လည်း အမေရိကန်နိုင်ငံရေးသမိုင်းမှာ အခုအချိန်အထိ ရွေးကောက်ပွဲပိုက်ဆံအသုံးအများဆုံး သမ္မလောင်းတစ်ဦးအဖြစ်ရှိနေဆဲပါ။ ဒီတစ်ကြိမ်မှာလည်း သူ့နောက်မှာ ငွေထုပ်ပိုက်လိုက်ထောက်ခံပေးနေမယ့် လူတွေ လိုအပ်ပါတယ်။ သူ့အတွက် အမေရိကန်ဟာသမင်းသား ဘီလ်မာရှာက ဒေါ်လာ တစ်သန်း၊ ရုပ်ရှင်မင်းသား ဂျော့ကလုန်းနီက ကယ်လီဖိုးနီးယားမှာ ညစာစားပွဲလက်ခံကျင်းပပေးပြီး ကောက်ခံပေးခဲ့တာက ဒေါ်လာ ၁၅ သန်း ရရှိပြီးပါပြီ။
အိုဘားမားမဲဆွယ်စည်းရုံးရေးအတွက် ကုန်သွယ်ရေးသမဂ္ဂတွေနဲ့ ဒီမိုကရက်ချိတ်ဆက် PAC အဖွဲ့တွေက ကောက်ခံ ပေးငွေ ၁ ဘီလီယံလောက်အထိရှိလယ်လို့ ခန့်မှန်းထားကြပါတယ်။
ဖြစ်နိုင်ချေမရှိပေမယ့် ဒီတစ်ကြိမ်မှာတော့ ဒီမိုကရက်တွေ ဘယ်လောက်သုံးသုံး၊ ရီပတ်ဘလီကင်တွေက လိုက်ပြီး အပြိုင်သုံး အနိုင်ကြဲမယ့် သဘောရှိနေပါတယ်။ ဒါက ဘာကိုပြသလဲဆိုတော့ ဒီတစ်ကြိမ်မှာ ဒီမိုကရက်တွေကိုယ် တိုင် အိုဘားမားကို သိပ်အားမရတာကြောင့်လည်း ဖြစ်နိုင်တယ်၊ ရီပတ်ဘလီကင်တွေထဲမှာ အိုဘားမားကို အလိုမရှိ တော့တဲ့လူတွေ များလာတာလည်း ဖြစ်နိုင်တယ်။ ပါမောက္ခရွမ်ကတော့ နှစ်ခုစလုံးကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ် ထားပါတယ်။
`ခင်ဗျားမှာ ပိုက်ဆံချမ်းသာလေလေ၊ ရီပတ်ဘလီကင်ကို ခင်ဗျားထောက်ခံဖို့ ပိုအားသန်လေပဲ ဆိုတာ မေးခွန်းထုတ်စရာမရှိပါဘူး။` လို့ သူက ပြောပါတယ်။
`ရီပတ်ဘလီကင်တွေက ရာထူးရယူဖို့ထက် ပိုက်ဆံများများရဖို့ပဲ မျှော်လင့်ကြတဲ့သူတွေဖြစ်ပါတယ်။`
လူထုသဘောထားစစ်တမ်းတွေ တစ်ခုပြီးတစ်ခုကောက်ယူလေ့လာခဲ့ရာမှာ PAC တွေရဲ့ ငွေကို အသုံးပြုပြီး ထင်တိုင်းကြဲနေကြတဲ့ အနေအထားကို လူထုက သဘောမတွေ့ကြပါဘူး။ ဒါပေမယ့် သမ္မတ ဂျော့ဒဗလျူဘုရှ် လက်ထက်တုန်းက အစိုးရအရာရှိတစ်ဦးလုပ်ခဲ့ပြီး အခုလက်ရှိ ဝါရှင်တန်ဒီစီ၊ အမေရိကန်တက္ကသိုလ်မှာ နိုင်ငံရေး ပါမောက္ခလုပ်နေတဲ့ အန်နီတာမက်ဘရိုက်ဒ်က ဗဟိုတရားရုံးရဲ့ ရည်ရွယ်ချက်က မဲဆွယ်ရွေးကောက်ပွဲတွေအတွက် ငွေကြေးသုံးစွဲတဲ့ နေရာမှာ တရားမဝင်ငွေကြေးတွေ သုံးစွဲမိမှာစိုးလို့ ဒီဥပဒေကို ပြဋ္ဌာန်းလိုက်တယ်လို့ ဆိုပါတယ်။
`တရားဥပဒေနဲ့ မငြိစွန်းပဲ ဒီပိုက်ဆံတွေ ဘယ်ကလာသလဲ ဆိုတဲ့အပေါ်မှာ ကျွန်တော်တို့ ငြင်းခုံနိုင်ပါတယ်။ ကျွန်တော့်သဘောထားကတော့ ဒီဥပဒေက လက်ခံနိုင်ပါတယ်။`
နိုင်ငံရေးမှာ ငွေကြေးပုံအောသုံးစွဲခြင်းနဲ့ ပတ်သက်ပြီး လူတွေအနေနဲ့ ဘာမှ ထင်မြင်ချက်တွေ မရှိရင်လည်း မရှိ နိုင်ပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ ရွေးကောက်ပွဲ သုံးခုကိုပြန်ကြည့်မယ် ဆိုရင် ပိုက်ဆံအသုံးနိုင်ဆုံး ကိုယ်စားလှယ်လောင်းက နိုင်သွားတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။
ပိုက်ဆံဆိုတာ နောက်ပိုင်းရွေးကောက်ပွဲတွေမှာ မလွဲမသွေအရေးအကြီးဆုံး ကဏ္ဍတစ်ခုမှာ ရပ်တည်လာပါလိမ့်မယ်။ ဒါကြောင့် တစ်နည်းမဟုတ်တစ်နည်းနဲ့တော့ ပိုက်ဆံအပေါ်မှာပဲ အားလုံးတည်မှီနေတော့မှာ ဖြစ်ပါတယ်။
Source: Al Jazeera
Alan Fisher ရေးသားသည့် The US election: It's all about money အတွေးအမြင်ဆောင်းပါးကို ဘာသာပြန် ဆိုသည်။
Sunday, June 24, 2012
အက်ဆန်း နှင့် အီကွေဒေါ (သာသာပြန်ဆောင်းပါး)
ဝီကီလိခ်တည်ထောင်သူ သြစတြေးလျနိုင်ငံသား ဂျူလီယန်အက်ဆန်း အင်္ဂလန်ရှိ အီကွေဒေါနိုင်ငံသံရုံးသို့ သွားရောက်ကာ ခိုလှုံခွင့်တောင်းခံခဲ့သည့်သတင်းသည် သတင်းမီဒီယာလောကတွင် လတ်တလောအကြီးမားဆုံး ခေါင်းကြီးသတင်းဖြစ်နေလေသည်။ အီကွေဒေါသံရုံးမှ အက်ဆန်းကိစ္စနှင့်ပတ်သက်၍ အောက်ပါ ကြေငြာချက်ကို ထုတ်ပြန်ခဲ့လေသည်။
`ယနေ့နေ့လည်ပိုင်းက မစ္စတာဂျူလီယန်အက်ဆန်းသည် အီကွေဒေါသံရုံးသို့ရောက်ရှိလာကာ အီကွေဒေါ အစိုးရထံ နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့လေသည်။ သူ၏လျှောက်လွှာကို ကျွန်ုပ်တို့ သံရုံးမှ တစ်ဆင့် အီကွေဒေါနိုင်ငံ ကျူအီတိုမြို့ရှိ သက်ဆိုင်ရာဌာနသို့ ချက်ခြင်းပို့ဆောင်ပေးလိုက်သည်။ မစ္စတာအက်ဆန်း၏ လျှောက်ထားမှုကို အီကွေဒေါအစိုးရက လက်ခံစဉ်းစားနေစဉ်တွင် မစ္စတာအက်ဆန်းသည် အီကွေဒေါသံရုံးအတွင်း အီကွေဒေါအစိုးရ၏ ကာကွယ်စောင့်ရှောက်မှုအောက်တွင် ရှိနေပါသည်။`
ယခုသတင်းသည် ၂၀၁၀ ခုနှစ်အတွင်း အက်ဆန်းဖေါက်ချခဲ့သည့် ဝီကီလိခ်သတင်းများကို ပြန်ပြောင်းအမှတ်ရစေ ခဲ့သည်။
၂၀၁၀ ဧပြီလအတွင်းက ဝီကီလိခ်သည် အီရတ်တွင် အမေရိကန်စစ်သားများက အရပ်သား ၁၈ ယောက်ကို ပစ်သတ်ခဲ့ပုံကို လေယာဉ်မောင်းခန်းအတွင်းမှ ရိုက်ကူးထားသည့် ဗွီဒီယိုဖိုင်ကို ဖေါ်ပြခဲ့သည်။ ထို့နောက်လအနည်း ငယ်အကြာတွင် အီရတ်၊ အာဖဂန်စစ်ပွဲများနှင့် ပတ်သက်၍ အမေရိကန်အစိုးရ၏ အတွင်းရေးလျှို့ဝှက်စာရွက် စာတမ်းများကို ဖေါက်ချဖေါ်ပြခဲ့ပြန်သည်။ ဆက်လက်၍ အမေရိကန်အစိုးရ၏ ကမ္ဘာတစ်ဝှမ်းနိုင်ငံများနှင့် သံတမန် ဆက်သွယ်ရေး ကိစ္စရပ်များ၊ အမေရိကန်အစိုးရ၏ ယင်းနိုင်ငံများအပေါ် သဘောထားဆက်ဆံမှုများအကြောင်း ပါဝင်သော အတွင်းကျကျစာရွက်စာတမ်းများ အဖြတ်အတောက်မဲ့ ဖေါ်ထုတ်ခဲ့ပြန်သည်။
ယင်းနှစ်ထဲမှာပင် မစ္စတာအက်ဆန်းကို ဆွီဒင်အစိုးရက အလိုရှိနေခဲ့ပြီး နောက်ပိုင်း ဗြိတိန်ကလည်း အလိုတူအလိုပါ ဖြစ်လာခဲ့သည်။
ဖြစ်ရပ်မှာ ၂၀၁၀ သြဂုတ်လအတွင်းက မစ္စတာအက်ဆန်း ဆွီဒင်သို့သွားရောက်ကာ သင်တန်းတစ်ခုပို့ချစဉ်အခါက အမျိုးသမီးတစ်ဦးကို မုဒိန်းပြုကျင့်ခဲ့ပြီး လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုမူကျင့်ကြံခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် ဆွီဒင်က အလိုရှိနေခြင်းဖြစ်သည်။ ထို့နောက် ဥရောပမှ ဖမ်းဝရမ်းထုတ်လိုက်သောအခါ ၂၀၁၀ ဒီဇင်ဘာလတွင် လန်ဒန်မြို့၌ အက်ဆန်းကို ဖမ်းဆီးခဲ့သည်။ သူ့ကိုထောင်တွင်း ၈ ရက်ကြာချုပ်နှောင်ထားပြီးနောက် ဒေါ်လာ ၃၁၅ ၀၀၀ တန်အာမခံဖြင့် ပြန်လည်အပြင်ထွက်ခွင့်ရခဲ့သည်။ ထို့အချိန်မှစ၍ ဗြိတိန်ရှိ နေအိမ်နှစ်လုံးတွင် နေအိမ် အကျယ်ချုပ်ဖြင့် သူ့ကို ထားရှိခဲ့သည်။
သူ့ကိုတရားရုံးမှ စစ်ဆေးနေစဉ်နေကာလအတွင်း အက်ဆန်းက လိင်ပိုင်းဆိုင်ရာအမှုမှာ အကွက်ဆင်ခြင်းသာဖြစ်ပြီး အမှန်တကယ်အားဖြင့် နိုင်ငံရေးအရ သူ့ကို ဖမ်းဆီးခြင်းသာဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ထို့ပြင် ဆွီဒင်အစိုးရက သူ့ကို အမေရိကန်သို့လွှဲပြောင်းပေးလိုက်မည်ဖြစ်ပြီး အမေရိကန်အစိုးရက သူ့အတွက် ဂွါတာနာမိုတွင် အချုပ်ခန်း တစ်ခန်း နာမည်တပ်ထားပြီးဖြစ်ကြောင်း ပြောဆိုခဲ့သည်။
၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလတွင် ဗြိတိသျှတရားရုံးက သူ့ကိုဆွီဒင်အစိုးရသို့ လွှပြောင်းပေးအပ်ရန် ဆုံးဖြတ်လိုက် သည်။ ထိုအချိန်မှ စ၍ အက်ဆန်းသည် ဗြိတိသျှတရားရုံးသို့ နည်းမျိုးစုံဖြင့် အယူခံဝင်ပြီး ဆက်လက်တိုက်ပွဲဝင် နေခဲ့ရသည်။ နိုဝင်ဘာလတွင် ဗြိတိသျှ တရားရုံးချုပ်က အက်ဆန်းအား ဆွီဒင်သို့လွှပြောင်းပေးရေးဆုံးဖြတ်ချက်မှာ မှန်ကန်ကြောင်း၊ တရားသဖြင့်သာဖြစ်ကြောင်း ထောက်ခံလိုက်လေတော့သည်။
အက်ဆန်းအတွက် ဗြိတိန်တွင် တရားရေးအရ အခွင့်အလမ်းများကုန်ဆုံးသွားပြီဖြစ် သော်လည်းနာက်ဆုံးကြိုးတစ်စ ကျန်ရှိနေသေးသည်။ ဇွန်လ ၂၈ ရက်နေ့တွင် ဥရောပသမဂ္ဂလူ့အခွင့်အရေးတရားရုံးသို့ အယူခံဝင်နိုင်သည့် အခွင့်အရေး အက်ဆန်းတွင်ရှိသည်။ သို့သော် ယင်းအခွင့်အရေးကို အက်ဆန်း လက်မလှမ်းတော့ဘဲ အီကွေဒေါသံရုံးသို့သွားရောက်ကာ နိုင်ငံရေးခိုလှုံခွင့်တောင်းခံလိုက်တော့သည်။
အီကွေဒေါကို အက်ဆန်းရွေးချယ်ရသည့် အကြောင်းရင်းမှာ အမေရိကန်ဆန့်ကျင်ရေးစိတ်ဓါတ်ပြင်းထန်သော ကြောင့်ဖြစ်၏။ လွန်ခဲ့သောနှစ် ဧပြီလအတွင်းက အီကွေဒေါက အမေရိကန်သံအမတ် ဟီသာဟော့ဂ်ျ၏ သံတမန် ဆက်သွယ်ရေးလမ်းကြောင်းမှ တစ်ဆင့် အီကွေဒေါရဲတပ်ဖွဲ့များ၏ အကျင့်ပျက်ချစားမှုများကို ပေါ်ပေါက်စေခဲ့ကြောင်း စွပ်စွဲချက်ဖြင့် သူမကို နှင်ထုတ်ရန် ကြေငြာခဲ့သည်။ သံတမန်ဆက်သွယ်ရေးလမ်းကြောင်းအတွင်း ရေးသားသူများက လုံခြုံစိတ်ချရသည်ဟူသော အထင်ဖြင့် ပွင့်ပွင့်လင်းလင်းရေးသားထားမှုများကို ဝီကီလိခ်မှ ဖွင့်ချ လိုက်သောအခါ အားလုံးမြင်သာထင်ဖြစ်သွားပြီး သိရှိခဲ့ခြင်းဖြစ်သည်။
၂၀၁၀ ခုနှစ်အတွင်းက အမေရိကန်က အက်ဆန်းကို နိုင်ငံတော်ရန်သူအဖြစ် သတ်မှတ်ထားချိန်တွင် အီကွေဒေါ ဒုတိယနိုင်ငံခြားရေးဝန်ကြီးက အက်ဆန်းကို အကာအကွယ်ပေးသင့်ကြောင်း ပထမဆုံးပြောကြားခဲ့သည့် ပုဂ္ဂိုလ်ဖြစ် သည်။
၂၀၁၁ ခုနှစ် နှစ်လယ်ပိုင်းလောက်က အက်ဆန်းကို နေအိမ်အကျယ်ချုပ်ထားသော နေအိမ်သို့ ဝီကီလိခ်အရေးနှင့် ပတ်သက်၍ပြုလုပ်သောပွဲတစ်ခုသို့ ကျွန်တော် ရောက်ခဲ့ဖူးသည်။ အခြားသူအများအပြား စကားပြောခဲ့ကြသော် လည်း ထိုအထဲမှ တစ်ဦးပြောသောစကားကို ကျွန်တော်ကောင်းကောင်းမှတ်မိနေသည်။
ထိုသူက အီကွေဒေါလူမျိုးတစ်ဦးဖြစ်သည်။ လန်ဒန် အီကွေဒေါသံရုံးမှ တာဝန်ရှိသူတစ်ဦးဖြစ်သည်။ ထိုသူပြောသွား သောစကားမှာ
`အမေရိကန် ဝါရှင်တန်အစိုးရက ကျွန်တော်တို့ အီကွေဒေါသမ္မတကို လက်မခံဘူးဆိုတာ ကျွန်တော်တို့ သိပါတယ်။ အလားတူ ဟူဂိုချေဗက်ဇ်အပါအဝင် အခြားလက်တင်အမေရိကရဲ့ လက်ဝဲခေါင်းဆောင်တွေအားလုံးကိုလည်း သူတို့လက်မခံပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ နိုင်ငံကိစ္စတွေကိုတော့ အမေရိကန်က ဘယ်လောက်အထိ အကျယ်အကျယ်ဝင်ရောက်စွက်ဖက်နေသလဲဆိုတာ ကျွန်တော်မသိပါဘူး။ ဝီကီလိခ်နဲ့ သူ့ရဲ့ ဖေါက်ထုတ်လိုက်တဲ့ သံတမန်ဆက်သွယ်ရေးကွန်ယက်ထဲက စာရွက်စာတမ်းတွေကို ဖတ်ရမှ အားလုံးသိရတော့တယ်။ အရင်က မှုန်ဝါးဝါး၊ ထင်သာမြင်သာမရှိတဲ့ ကမ္ဘာလုံးဆိုင်ရာ သံတမန်ဆက်ဆံရေးကိစ္စတွေ အားလုံးကို ကြည်ကြည်လင်လင်ထင်ထင်ရှားရှားမြင်လိုက်ရတော့တယ်။ ကျွန်တော်တို့နိုင်ငံက အက်ဆန်းကို အမြဲတမ်း ကျေးဇူးတင်နေမှာပါ။ ဒါကြောင့် ဒီကနေ့ကျွန်တော်ဒီနေရာကို ရောက်လာခြင်းဖြစ်ပါတယ်။ အက်ဆန်းနဲ့ သူ့ရဲ့ ဝီကီလိခ်အဖွဲ့အစည်းကို ထောက်ခံပါတယ်။`
လွန်ခဲ့သောလက ရုရှနိုင်ငံပိုင်ရုပ်မြင်သံကြား RTV မှ ထုတ်လွှင့်သော စကားပြောခန်းအစီအစဉ်တွင် အက်ဆန်းက အီကွေဒေါသမ္မတ ရာဖေးလ်ကော်ရီယာကို အင်တာဗျူးပြုလုပ်ခဲ့သည်။ ကော်ရီယာသည်လည်း ချေဗက်ဇ်ကဲ့သို့ပင် လက်ယာသမားများပိုင်ဆိုင်သောမီဒီယာများ၏ ဝိုင်းဝန်းနှိပ်ကွပ်မှုကို ခံနေရသော သမ္မတတစ်ဦးဖြစ်သည်။
သို့သော် အက်ဆန်းနှင့် ကော်ရီယာတို့၏၂၅ မိနစ်ကြာ အွန်လိုင်း စကားပြောခန်းမှာ အဆင်ပြေချောမွေ့ခဲ့လေသည်။ ကော်ရီယာကို အက်ဆန်းက `အီကွေဒေါနိုင်ငံ စာမျက်နှာသစ်ကို လွှင့်ခဲ့သည့် လက်ဝဲသမား` ဟု ခေါ်ဆိုခဲ့သည်။
စကားပြောခန်းအဆုံးတွင် ကော်ရီယာက အက်ဆန်းကို ``ဝမ်းသာစရာကြီးဟေ့ ။ မောင်ရင့်ကို နှိပ်ကွပ်မယ့် အဖွဲ့က ကြိုဆိုပါတယ်ကွာ။`` ဟု ရင်းရင်းနှီးနှီးနောက်ပြောင် ပြောသွားခဲ့သေးသည်။
ယင်းသို့ခင်မင်ရင်းနှီးစွာပြောဆိုသွားသော်လည်း ယခုကဲ့သို့ ခိုလှုံခွင့်လျှောက်ထားသည့်ကိစ္စကို အစိုးရတစ်ရပ် အနေနှင့် စဉ်းစားရမည့်အချိန်တွင် မည်သို့စဉ်းစားမည်နည်း။
အဘယ်ကြောင့်ဆိုသော် ဂျူလီယန်အက်ဆန်းဆိုသည်မှာ အီကွေဒေါအစိုးရအနေနှင့် အစိမ်းသက်သက်မဟုတ်။ သာမန်နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူလည်းမဟုတ်။ ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် ဆက်ဆံရေးကျဲတောက်အေးဆက် သော အနေအထားအောက်တွင် နှစ်ပေါင်းများစွာကြာအောင်နေထိုင်လာခဲ့ရသည့်နိုင်ငံများအပေါ် ဝီကီလိခ်သက် ရောက်မှု မည်မျှဖြစ်ခဲ့သည်ကိုလည်း အသိပင်။
အက်ဆန်းသည် ဥရောပတွင် သင်းကွဲနေသူ ဖြစ်၏။ သူ၏ နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားမှုသည် မည်မျှအထိတာသွားနိုင်သည်ကို လည်းအက်ဆန်းတစ်ယောက် သိရှိမှာထားမည်ဖြစ်သည်။
၂၀၁၀ နိုဝင်ဘာလအတွင်းက အယ်ဂျာဇီယာသတင်းဌာန Listing Post ကဏ္ဍအတွက် သူ့ကို ကျွန်တော်အင်တာဗျူး စဉ်က ဥပဒေလမ်းကြောင်းများအရ သူ့အတွက် ထွက်ပေါက်မရှိကြောင်း ပြောဆိုခဲ့သေးသည်။ ငါးနှစ်မျှ မည်သည့် နေရာတွင် သွားနေရမည်ဟု ထင်သနည်းဟု ကျွန်တော်က မေးမြန်းသောအခါ
`အခြေအနေတွေက အခုလိုအတိုင်းဖြစ်နေတာ ကျွန်တော်ဘာလုပ်လို့ရမှာလဲ။ ကျူးဘားမှာသွားပြီး ဒုက္ခသည်အဖြစ်ခိုလှုံရင်ကောင်းမလားလို့တောင် ဟိုတစ်နေ့ညက ကျွန်တော်နောက်နေသေးတယ်။` ဟု ဖြေ၏။
သို့သော် ကျွန်တော်တွေးမိသည်က ကျူးဘားသည် အမေရိကန်နှင့် အိမ်နီးချင်းပင်ဖြစ်လေသည်။ အက်ဆန်းအတွက် နေရာမှန်တော့ မဟုတ်သေး။ အနည်းဆုံး လေယာဉ်ပေါ်မှ နေ၍ ဂွါတာနာမိုကို လှမ်းမြင်နိုင်သေးသည်။ အမေရိကန်လေကြောင်းပိုင်နက်ကို ဖြတ်သန်းရဦးမည်ဖြစ်၍ အက်ဆန်းအတွက်တော့ သိပ်နေရာမကျလှသေးပေ။
Source: Al Jazeera
Assange's appeal to Ecuador is no surprise by Richard GizbertSunday, June 10, 2012
မူလာအိုမာ သို့မဟုတ် ဒဏ္ဍာရီဆန်သူ (ဘာသာပြန်ဆောင်းပါး)
အမေရိကန်ဦးဆောင် နေတိုးအဖွဲ့ဝင်နိုင်ငံများ စုပေါင်းတိုက်ခိုက်ခဲ့၊ တိုက်ခိုက်နေဆဲဖြစ်သည့် အာဖဂန်တာလီဘန်တို့နှင့် စစ်ပွဲ ဆယ်စုနှစ်တိုင်ခဲ့ပြီဖြစ်သည်။ သို့သော် တာလီဘန်လှုပ်ရှားမှု၏ ပုံရိပ်ဖြစ်သော၊ သြဇာ အကြီးဆုံး၊ အလွှမ်းမိုးနိုင်ဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် အလွန်လျှို့ဝှက်သိုသိပ်သော ဘာသာရေးခေါင်းဆောင် မျက်စိတစ်ဖက်လပ်မူလာအိုမာကို ဖမ်းဆီးနိုင်ခြင်းမရှိသေးဘဲ အာဖဂန်တွင် လွှမ်းမိုးထားဆဲ သူ၏အရိပ်ကိုလည်း တိုက်ဖျက်ပစ်နိုင်ခြင်း မရှိသေးပေ။
၂၀၁၁ ခုနှစ်၊ မေလ အတွင်း အိုစမာဘင်လာဒင်ကို သတ်ဖြတ်နိုင်ခဲ့ပြီး ကမ္ဘာ့အခြေအနေနှင့် အယ်လ်ကေဒါတို့၏ အနေအထားများကို မီးမောင်းထိုးပြနိုင်ခဲ့သည်။ နေတိုးအနေနှင့် ရှေ့တန်းစစ်မျက်နှာများတွင် အောင်ပွဲဆင်နေနိုင်သော်လည်း၊ မူလာအိုမာကို ဆုငွေ ဒေါ်လာ ၁၀ သန်းထုတ်ထားသော်လည်း၊ အရိပ်အယောင်သဖွယ် အလွန်ကိုယ်ယောင်ဖျောက်နိုင်ပြီး သိုသိပ်နိုင်လွန်းသော ထိုပုဂ္ဂိုလ်အား နေတိုးမဟာမိတ်များ လက်လျှော့ထားရဆဲဖြစ်သည်။
အာဖဂန်တွင် ငါးနှစ်တာ အုပ်စိုးသွားစဉ်ကပင် အာဖဂန်အများစုမှာ သူ့ကိုမြင်တွေ့ဖူးသူ၊ သူ့အသံကိုကြားဖူး သူ အလွန်ရှားပါးလေသည်။ ထို့ကြောင့် အိုမာသည် အာဖဂန်တွင် ဒဏ္ဍာရီအနည်းငယ်ဆန်လွန်းနေသူ ဖြစ်၏။ ယနေ့အချိန်တွင်တော့ ဒဏ္ဍာရီဆန်သူ မူလာအိုမာသည် နေတိုးနိုင်ငံများကြား သူ့အတွက် ဗျာများနေအောင် ဖန်တီးနိုင်သူ၊ တာလီဘန်တို့၏ စည်းလုံးညီညွတ်နေမှုကို ပြသနေသူအဖြစ် အများက လက်ခံလာကြသည်။
လက်ရှိအာဏာရသမ္မတ ဟာမစ်ခါဇိုင်း၏ အစိုးရတွင်း အဂတိလိုက်စားပျက်စီးနေမှုများကလည်း အာဖဂန် ပြည်သူများကြား မူလာအိုမာ၏ ဖြောင့်မတ်မှန်ကန်အဂတိကင်းရှင်းမှုနှင့် နှိုင်းယှဉ်ပြောစရာဖြစ်လာကာ မူလာအိုမာ ဟူသော နာမည်သည်လည်း လူအများအမှတ်တရတီးတိုးပြောစကားဖြစ်လာနေတော့သည်။
`ကျုပ်တို့က သူ့ကို ဘယ်လောက်ငွေတွေပုံအောပြီး ဆုကြေးတွေ ထုတ်ထုတ်၊ သူ့ကိုဖမ်းဖို့ ဘယ်လောက်ကြိုးစား၊ ကြိုးစား၊ လူတွေက သူ့ရဲ့ ဖြောင့်မတ်မှန်ကန်မှုကြောင့် သူ့ဘက်ကပဲရပ်တည်ပြီး နေကြမှာပဲဗျ။` ဟု အမေရိကန်ဗိုလ်ချုပ်တစ်ယောက်ကို ပြောပြခဲ့ဖူးကြောင်း ကန်ဒါဟာရှိ အစိုးရအရာရှိ တစ်ဦးက ပြောသည်။
`ခွေးပွဲတွေ၊ ကြက်ပွဲတွေ၊ ယောင်္ကျားချင်းလိင်ဆက်ဆံတာတွေ အစရှိတဲ့ ဒုစရိုက်မှုတွေကို ကန်ဒါဟာမှာ တာလီဘန်တွေက အားလုံးရှင်းလင်းပစ်လိုက်တယ်လို့ လူတွေက ပြောကြတယ်။`
မူလာအိုမာအကြောင်းများက လျှို့ဝှက်ဆန်းကြယ်လွန်းသည်။ သို့သော် သူ၏ သူရဲကောင်းဆန်ဆန် အကြောင်းများကို နေရာတိုင်းမှာ ကြားရတတ်သည်။ ယင်းတို့ထဲမှ တစ်ခုမှာ ဆိုဗီယက်တို့နှင့် စစ်ပွဲများ အရှိန်မြင့်နေစဉ်ကာလအတွင်းက သူ့ညာဘက်မျက်လုံးတစ်ဖက် ဗုံးစထိမှန်ထားသည့်တိုင် ဒဏ်ရာကြီးကို ဂရုမစိုက်ဘဲ တိုက်ပွဲတွင်း ဆက်လက်တိုက်ခိုက်နေခဲ့ကြောင်း ဆိုသည်။
ဆိုဗီယက်တပ်များဆုတ်ခွါသွားပြီးနောက် နိုင်ငံတွင်း လုယက်ခိုးဆိုးမှုများ ဖြစ်ပွားကျန်ရစ်ခဲ့သည်။ ဒေသတွင်း သူတစ်လူငါတစ်မင်း လက်နက်ကိုင်အုပ်စုများကလည်း ထောင်ကြွနေခဲ့ပြီး မူလာအိုမာနှင့် ဘာသာရေး အရိုးစွဲအစွန်းရောက် အုပ်စုများစုစည်းမိပြီး တာလီဘန်အဖြစ်ပေါ်ပေါက်လာခဲ့တော့သည်။
နောက်တစ်ချက်မှာ ဖရိုဖရဲဖြစ်နေသောတိုင်းပြည်အား ကယ်တင်ရန် မူလာအိုမာက ဦးဆောင်ရမည်ဖြစ်ကြောင်း တမန်တော်မိုဟာမက်မှ သူ့ကို အိပ်မက်ထဲတွင် လာရောက် ပြောကြားသွားခဲ့ကြောင်း ပြောစမှတ်ပြုကြသည်။
`မူလာအိုမာ ဆိုတာ ဆိုဗီယက်ဆန့်ကျင်ရေးကာလအတွင်းလောက်မှာပဲ ထင်ရှားခဲ့တဲ့သူတစ် ယောက်ပါ။ ဘာမှမဟုတ်ပါဘူး။`ဟု တာလီဘန်ကြီးစိုးစဉ်ကာလကတည်းက တာလီဘန်အကြောင်း အနီးကပ်လေ့လာခဲ့သော အာဖဂန်လူမျိုး မနုဿဗေဒနှင့် သမိုင်းပညာရှင် အိုမာရှာရီဖီက ပြောသည်။
`ကန်ဒါဟာဒေသ နိုင်ငံရေးနယ်ပယ်မှာ သူ့ရဲ့ အကြောင်းအရာတွေကို ဂဗ္ဘီရဆန်ဆန်ပြောလေ့ ရှိကြတယ်။`
မူလာအိုမာ အသက် ၃၆ နှစ်ခန့်ရှိပြီဖြစ်သော ၁၉၉၆ တွင် အာဖဂန်ခေါင်းဆောင်အဖြစ် တရားဝင်ကြေငြာခဲ့ သည်။ အာဖဂန်တွင် မွေတော်ရတနာတစ်ပါးအဖြစ် မြတ်နိုးတန်ဖိုးထားသော တမန်တော်မိုဟာမက် ဝတ်ရုံခဲ့သည့် ဝတ်ရုံကို မူလာအိုမာ ဝတ်ရုံခဲ့သည်ဟု ဆိုသည်။
အာဖဂန်တွင်ဘုရင် အာမက်ရှားအဘ္ဘဒလီအုပ်စိုးခဲ့သည်မှစ၍ နှစ်ပေါင်း ၂၅၀ အကြာတွင် ပထမဦး ဆုံးအကြိမ်အဖြစ် ယင်းဝတ်ရုံကို မူလာအိုမာက ဝတ်ရုံပြီး အိုစမာဘင်လာဒင်အပါအဝင် ဘာသာရေးခေါင်း ဆောင် ၁ ၅၀၀ တို့နှင့် တွေ့ ဆုံပွဲထွက်ခဲ့သည်။
`အဲဒီဝတ်ရုံကို မိုဟာမက်ဝတ်ရုံခဲ့တယ်။ ဘုရင် အဘ္ဘဒလီဝတ်ရုံခဲ့တယ်။ ပြီးတော့ မူလာအိုမာ ဝတ်တယ်။ ဒီဝတ်ရုံကို ဝတ်ပြလိုက်ခြင်းက အာဖဂန်နိုင်ငံရေးမှာ အင်မတန် အချက်ကျပြီး အားလုံးကို ရှိန်သွားစေတယ်။` ဟု ရှာရီဖီက ဆိုသည်။
သို့သော် ယင်းအချက်နှင့်ပတ်သက်၍ တစ်ချိန်က တာလီဘန်အစိုးရအတွင်း နိုင်ငံခြားရေးဝန်ကြီး အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သူ၊ ယခုအာဖဂန်အရေး ဝေဖန်သုံးသပ်သူ ဝါဟစ်မူဇ်ဒါက ငြင်းချက်ထုတ်ခဲ့သည်။
`အိုမာနဲ့ အနီးကပ်နေခဲ့တဲ့ သူဆီကနေရော၊ ဝတ်ရုံကို ထိန်းသိမ်းထားတဲ့ ဘုရားကျောင်းတာဝန်ခံဆီက နေရော ကျွန်တော်ပြန်သိရတာက မိုဟာမက်ဝတ်ရုံကို အိုမာက တကယ်ဝတ်ပြခဲ့တာမဟုတ်ပါဘူး။ ခေါင်းဆောင်တွေ သစ္စာခံဖို့ စုစည်းကြတဲ့ပွဲမှာ အဲဒီဝတ်ရုံကို အလွန်အရိုအသေအလေးအမြတ်ထားပြီးတော့ ကိုင်ဆောင်ပြခဲ့တာပါ။` ဟု ဝါဟစ်မူဇ်ဒါကဆိုသည်။
အခြားအကြောင်းအရင်းများထက် ယင်းအချက်တစ်ခုတည်းကြောင့်ပင် မူလာအိုမာတွင် နိုင်ငံရေးအင်အား၊ နောက်လိုက်တိုင်းရင်းသားအင်အား ကြီးကြီးကျယ်ကျယ်မရှိဘဲ အာဖဂန်နိုင်ငံ၏ ၉၀ ရာခိုင်နှုန်းအားး တင်းတင်းကြပ်ကြပ်ဓါးမိုး အုပ်ချုပ်နိုင်သည့် အရှင်သခင်အဖြစ် ရောက်ရှိစေခဲ့သည်မှာ ၂၀၀၁ ခုနှစ် အမေရိကန်ကျူးကျော်သိမ်းပိုက်ခဲ့သည့် အချိန်ထိအောင်ဖြစ်ခဲ့သည်။
ထိုစဉ်က အိုမာမူလာ၏ ဘွဲ့အမည်နာမမှာ `အာဖဂန်နစ္စတန်စော်ဘွားနိုင်ငံတော် အရှင်သခင်၊ သစ္စာတည်သေနာပတိ` ဟူ၍ ဖြစ်၏။
တာလီဘန်လှုပ်ရှားမှုပေါက်ဖွားလာခြင်းနှင့်မူ ပတ်သက်၍ မည်သည့်မှတ်တမ်းမှတ်ရာမျှ မတွေ့ရ၊ နောက်ကွယ်တွင် မည်သူမည်ဝါရှိခဲ့သည်ဟူ၍ မတွေ့ရပေ။ ဆိုဗီယက် အထွက် တိုင်းပြည်ဖရိုဖရဲဖြစ်နေ ချိန်တွင် အခြေအနေ၊ အချိန်အခါ၏ တောင်းဆိုမှုကြောင့် ပေါက်ဖွားလာ ခြင်းသာ ဖြစ်ကြောင်း မူဇ်ဒါကောက်ချက်ချသကဲ့သို့ပင် အများကလည်း ယူဆကြလေသည်။ နောက်ပိုင်းတွင် ပါကစ္စတန် ထောက်လှမ်းရေး ISI ၏ ကျောထောက်နောက်ခံပေးထားမှုဖြင့် အရှိန်အဟုန်တစ်ခုရလာခဲ့ကြောင်း မူဇ်ဒါက ဆို၏။
သို့သော်အိုမာမူလာကို ခေါင်းဆောင်အဖြစ် ရွေးကောက်ပြီး တာလီဘန်ဟူ၍ မပေါ်ပေါက်လာမီ ရှေးပဝေဏသီ ကပင် တာလီဘန်တို့နှင့် ပုံစံတူလှုပ်ရှားမှုများပေါ်ပေါက် ခဲ့ဖူးကြောင်း ရှာရီဖီက ပြောပြီး မူဇ်ဒါ၏ အယူအဆကို ချေဖျက်သည်။
၁၉၉၀ နှစ်များက တိုင်းပြည်တွင်း အစိုးရကင်းမဲ့နေမှု၊ လူထုမင်းမဲ့စရိုက်များ ထွန်းကားနေမှုများကြောင့်သာ တာလီဘန်တို့နေရာရလာခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ကျေးဇူးရှင်ဖြစ်သော ISI ၏ မျှော်လင့်ချက်များကို ပင်နေရာမပေးတော့ဘဲ တာလီဘန်ခေါင်းဆောင်များ အာဏာအထွဋ်အထိပ်ရောက်ကာ ထင်တိုင်းကြဲခဲ့ ကြောင်း ရှာရီဖီက ဆက်လက်ရှင်းပြသည်။
`လူမျိုးစုတွေကြား အရိုးစွဲ တင်းမာမှုတွေ လွန်ကဲနေတဲ့ တိုင်းရင်းသားလူမျိုးစုအဖွဲ့အစည်းတစ်ခု အတွင်းမှာ လှုပ်ရှားမှုတစ်ခုကို ခင်ဗျားဘယ်လိုဖေါ်ဆောင်နိုင်မှာလဲ။`ဟု ရှာရီဖီက မေးခွန်းထုတ်သည်။
ဘာသာရေးအစွန်းရောက်မှု၊ ခေါင်းဆောင်ကိုးကွယ်မှု စတဲ့ အချက်တွေကို မူလာအိုမာက သူ့အာဏာစက် သက်ရောက်ရေးအတွက် အသုံးချခဲ့ကြောင်း ဆိုသည်။ လူအများရှေ့မှောက်တွင် ထင်ထင်ပေါ်ပေါ်နေခြင်း များကို ရှောင်ကြဉ်ပြီး သိုသိုသိပ်သိပ်နေထိုင်ခြင်းဖြင့် လူအများ၏ ယုံကြည်ကိုးစားမှုကို ကောင်းစွာ ထိန်းသိမ်းထားနိုင်ခဲ့ ကြောင်း အချို့ကလည်းပြောသည်။
မူလာအိုမာသည် ပါကစ္စတန်နိုင်ငံ ကျမ်းစာသင်ကျောင်းတွင်သာ ပညာသင်ကြားခဲ့ဖူးကြောင်း အချို့က ရေးသားဖေါ်ပြခဲ့ကြသည်။ အချို့ကလည်း ကန်ဒါဟာရှိ ဘာသာရေးကျောင်းများတွင် တက်ရောက်ခဲ့ကြောင်း ဆိုသည်။ မည်သို့ပင်ဆိုစေ သူ့အကြောင်းကိုလူအများက ဒဏ္ဍာရီဆန်ဆန်ပြောဆို နေကြရလောက်အောင် စွမ်းဆောင်နိုင်သော အရည်အချင်းမျိုး မူလာအိုမာတွင် ရှိမည်မထင်ကြောင်း ရှာရီဖီက ဆို၏။
ဘီဘီစီ ပက်ရှ်တွန်းဘာသာ (အာဖဂန်၊ ပါကစ္စတန်သုံးစကား) ကဏ္ဍတွင် အလုပ်လုပ်နေသော အာဖဂန် သတင်းထောက် အီမယ်လ်ပါဆာလီ သည် မူလာအိုမာနှင့် ကြိုတင်ချိန်းဆိုထားခြင်းမရှိဘဲ တယ်လီဖုန်းဖြင့် လေး၊ ငါးမိနစ် ခန့်အကြာ အင်တာဗျူးသုံးကြိမ် ပြုလုပ်ခဲ့ဖူးသည်။ နောက်ဆုံးအကြိမ်မှာ ၂၀၀၁ ခုနှစ် အတွင်းက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိုအချိန်က တာလီဘန် ထိန်းချုပ်ဒေသများတွင် အမေရိကန်က ဘီ-၅၂ ဗုံးကြဲလေယာဉ်များဖြင့် ဗုံးမိုးရွာသွန်းကြဲချနေစဉ်ဖြစ်၏။
`ကျွန်တော် နောက်ဆုံးထင်လိုက်မိတာကတော့ သူဟာ ပြဿနာရဲ့ အတိမ်အနက်ကို နားမလည်တာပဲလား၊ ဒါမှမဟုတ် သိပ်ကိုလိမ္မာပါးနပ်လွန်းပြီး သူ့ရဲ့ အတွင်းစိတ်ကို သူတစ်ပါးရိပ်မိသွား မယ့် အရိပ်အမြွက်လေးတောင် အစွန်းမထွက်အောင်ပြောသွားတာပဲလား။` ဟု ပက်ဆာလီက ပြန်ပြောင်း ပြောပြသွားလေသည်။
တာလီဘန်တို့ ကြီးပွားစ အစောပိုင်းအချိန်များက အာဖဂန်ပညာရှင်များနှင့် လှုပ်ရှားတက်ကြွသူများ၏ ကိုယ်စားလှယ်တော်တစ်ဦးနှင့် အတူ ကဗျာဆရာ ဘာရီဂျာဟန်နီလည်း မူလာအိုမာ၏ ရုံးခန်းသို့ ရောက်ဖူးခဲ့သည်။ မူလာအိုမာနှင့် သူတို့တွေ့ဆုံခဲ့ရသော အခန်းမှာ မှောင်မည်းနေပြီး ပြူတင်းပေါက် တစ်ခုမှ ဖေါက်ထားခြင်းမရှိပေ။
`အားလုံးက သူ့ကို အရိုအသေပေးရပါတယ်။ လုံခြုံရေးတွေက သူနဲ့အတူ တစ်ပါတည်းပါလာ တယ်ဗျ။ သူက အရပ်မြင့်မြင့်နဲ့၊ ခန့်ခန့်ညားညားရှိပြီး သူများစကားပြောတဲ့အခါ ငြိမ်ပြီးနားထောင်နေ တတ်တယ်။`ဟု ဂျာဟန်နီက ပြောပြသည်။
`ကျွန်တော် ပြောရမယ့်အလှည့်ကျတော့ ကျွန်တော်က … စိတ်တော့မကောင်းပါဘူးဗျာ။ ကျွန်တော်ပြောမယ့် အကြောင်းအရာတွေက နားဝင်ချိုမယ်တော့ မထင်ပါဘူး … လို့ စပြောလိုက်တယ်။`
ထို့နောက်တွင်တော့ ဂျာဟန်နီက ဂျာလာလာဘက်မှ ကဘူးလ်သို့ သူခရီးထွက်လာရာ လမ်းတစ်လျှောက် မြင်ခဲ့၊ ကြားခဲ့ရသမျှတွင် ဘာသာရေးအရ တင်းကြပ်စွာထိန်းချုပ်ထားကြောင်း သိရသဖြင့် သဘောမကျမိ ကြောင်း မူလာအိုမာကို တိုက်ရိုက်ပြောချလိုက်သည်ဟု ဆို၏။
`ဒီတော့ မူလာအိုမာက ကျွန်တော့်ကို အကြာကြီး စိုက်ကြည့်နေတယ်။ ပြီးတော့မှ သူ မတ်တတ် ထရပ်ပြီးတော့ ကျွန်တော့်ကို ပွေ့ဖက်လိုက်ပြီး … ဘုရားသခင်မင်းကို စောင့်ရှောက်ပါစေ … လို့ပြောပြီး ထွက်သွားတယ်။ ဒါပါပဲ။`
တာလီဘန်လက်ထက်တွင် အမျိုးသမီးများအား ကျောင်းတက်ခြင်း၊ ဝင်ငွေရှာအလုပ်လုပ်ခြင်းများ ခွင့်မပြု ခဲ့ပေ။ ရုပ်မြင်သံကြားစက်များ သုံးစွဲခြင်း၊ ကြည့်ရှုခြင်းသည် ဥပဒေနှင့် ငြိစွန်းသည်။ ဓါတ်ပုံရိုက်ခြင်းကို တားမြစ်သည်။ ပန်းချီစသည့် အနုပညာရှင်များအား ထောင်သွင်းအကျဉ်းချပြီး အနုပညာကို ဖိနှိပ်သည်။
တေးဂီတကို ပိတ်ပင်သည်။ ပါကစ္စတန်နယ်စပ် တော့ခ်ဟမ်ဒေသကို ဖြတ်သန်း၍ ခရီးသွားလာဖူးသူများ သည် သစ်ပင်နှင့် ရိုက်ချိုးထားသော တူရိယာပစ္စည်းများကို မြင်ဖူးကြသည်။
သတင်းမီဒီယာများ ဆိတ်သုဉ်းပြီးသကာလ တာလီဘန်ပိုင် တစ်ခုတည်းသော ရေဒီယိုအသံလွှင့်ဌာန ရှာရီရာရေဒီယိုမှ မူလာအိုမာ၏ အဆိုအမိန့်များကိုသာ ဒိုင်ခံအသံလွှင့်တော့သည်။
သို့သော် ဤနေရာတွင်လည်း မူလာအိုမာကိုယ်တိုင်ပြောခြင်းမဟုတ်။ `သစ္စာတည်သေနာပတိကြီး၏ အဆိုအမိန့်များ` ဟူ၍ ရေဒီယိုအသံလွှင့်ပင်တိုင်ရှင် နာမည်ကျော် ဆန်ဂါနီယာဇိုင်က ဖတ်ကြားအသံလွှင့် ပေးရခြင်းဖြစ်၏။
ကဘူးလ်ကို တာလီဘန်တို့ သိမ်းပိုက်စဉ်က နီယာဇိုင်နှင့် နောက်ဝန်ထမ်းတစ်ယောက်သာ ရေဒီယိုဌာနသို့ လာရောက် အလုပ်ဆင်းခဲ့ကြပြီး ကျန်ဝန်ထမ်းများမှာ ကြောက်လန့်တကြားအိမ်တွင်းပုန်းနေခဲ့ကြ၏။![]() |
| နီယာဇိုင် |
`ကျွန်တော် ပထမဆုံးစလုပ်တာက မိုက်ကရိုဖုန်းနောက်မှာ ထိုင်ပြီး မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက် မြက်ရေးကဗျာတွေကို ရွတ်ဆိုနေတာပါပဲ။ ကျန်တဲ့အပိုင်းကတော့ အစိုးရပြောင်းသွားတဲ့ အကြောင်းနဲ့ ပတ်သက်တဲ့ သတင်းတွေတင်ဆက်တယ်။ မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်ရေး သီချင်းတွေလွှင့်တယ်။ တာလီဘန် မူဝါဒတွေ ဘာမှမလာသေးဘူး။` နောက်ပိုင်းနေ့ရက်များတွင်တော့ မူလာအိုမာနှင့် ပတ်သက်၍ လူမက၊ နတ်မကျ ဘုန်းတော်ကြီးမားသည့် အကြောင်းအရာများနှင့် အဆိုအမိန့်များကိုသာ နီယာဇိုင်၏ နက်ရှိုင်းသော တောင်ပေါ်သံဝဲဝဲဖြင့် လွှင့်ထုတ် တင်ဆက်နေရတော့၏။ ထို့နောက် မူလာအစ္စခက်နီဇာမီကို ရေဒီယိုဌာန အထွေထွေညွှန်မှူးအဖြစ် ခန့်အပ်လိုက်ပြီးနောက် သူက မူလာအိုမာထံမှ အရေးကြီးမိန့်ခွန်းများကို ကိုယ်တိုင် ထုတ်လွှင့်တင်ဆက် တော့သည်။ `ထွေထွေညွှန်မှူးကြီးက သတင်းတွေ၊ မူလာအိုမာရဲ့ အဆိုအမိန့်တွေကို မနက်ပိုင်းရော၊ နေ့လည်ပိုင်းရော၊ ညနေပိုင်းရော အရမ်းကို ကိုယ်တိုင်ကြေငြာအသံလွှင့်ချင်တာဗျ။ ဒါနဲ့ ကျွန်တော်တို့က …. ခင်ဗျားက ညွန်မှူးကြီးတစ်ယောက်ဖြစ်တယ်။ ကိုယ်တိုင်ကြေငြာစရာမလိုဘူး။ ကျွန်တော်တို့က ဝန်ထမ်း တွေ၊ အဒါတွေက ကျွန်တော်တို့ လုပ်ရမှာ … အဲဒီလိုပြောယူရတယ်။` ၂၀၀၁ ခုနှစ်တွင် အာဖဂန်ကို အမေရိကန်ဝင်ရောက်သိမ်းပိုက်လိုက်သောအခါ မူလာအိုမာ ပါကစ္စတန်အတွင်း ထွက်ပြေးသွားလိမ့်မည်ဟု ယူဆကြသည်။ အမေရိကန်နှင့် အာဖဂန် အစီရင်ခံစာ အချို့တွင် မူလာအိုမာ ကရာချိတွင် ပုန်းအောင်းနေကြောင်း ဖေါ်ပြခဲ့ကြသည်။ လွန်ခဲ့သောနှစ်များအတွင်း က မူလာအိုမာသည် မည်သည့်နေရာမှန်း မသိရသည့်နေရာမှ နေ၍ အသံသွင်းထုတ်လွှင့်ချက်များ၊ ရေးသားထုတ်ဖေါ်ပြောကြားချက်များ အများအပြား ထုတ်ဝေခဲ့သည်။ ယခုအခါ မူလာအိုမာ အသက် ၅၂ နှစ်ခန့်ရှိပြီဖြစ်သည်။ သို့သော် လိုက်လံရှာဖွေဖမ်းဆီးရန် ကြိုးပမ်း အားထုတ်နေလျှက်ကပင် လွတ်မြောက်နေဆဲဖြစ်၏။ သူနှင့်ပတ်သက်၍ ခိုင်လုံတိကျသော သတင်းအချက် အလက် အလွန်ရှားပါးလှသည်။ လွန်ခဲ့သောဆယ်နှစ်ခန့်က ရရှိထားခဲ့သော မှုန်ဝါးဝါးဓါတ်ပုံများမှာလည်း ယခုအခါ ခိုင်လုံမှုမရှိတော့ပေ။ မူလာအိုမာအနေနှင့်လည်း မည်သည့်အခါမျှ လူကြားသူကြားထဲထွက်လာမည်မဟုတ်ချေ။ သူ့ကို ဒဏ္ဍာရီဆန်ဆန်ပြောဆို နေမှုများနှင့် ထိုက်တန်မှုမရှိသောကြောင့်သာမူလာအိုမာအနေနှင့် လူကြားသူကြားထွက်မလာခြင်းပင်ဖြစ်သည်ဟု ရှာရီဖီကဆိုလေသည်။ Source: Al Jazeera မာဂျစ်မာရှယ် ရေးသားသော The myth of Mullah Omar ဆောင်းပါးကို ဘာသာပြန်ဆိုသည်။
Thursday, June 7, 2012
ဥရောပသို့ အာဖရိကန် လူကုန်ကူးမှုများ၏ သားကောင်များ
![]() |
| ကက်ဆယ်ဗော်တာနိုမြို့မှ နိုင်ဂျီးရီးယားပြည့်တန်ဆာများ |
နှစ်စဉ် အနောက် အာဖရိကနိုင်ငံများမှ ဥရောပသို့ သောင်းဂဏန်းနှင့် ရွှေ့ပြောင်း ဝင်ရောက်နေထိုင်လျှက် ရှိပါတယ်။ ဒါပေမယ့် မာဖီးယားဂိုဏ်းတွေက သူတို့ရဲ့မျှော်လင့်ချက်တွေအပေါ်မှာ အမြတ်ထုတ် နေကြတာကြောင့် အချို့ကတော့ အဖြစ်ဆိုးတွေနဲ့ ကြုံတွေ့ကြရပါတယ်။ ။ အီတလီ တောင်ပိုင်းမှာဆိုရင် နိုင်ဂျီးရီးယား မိန်းကလေးတွေ အများစုဟာ လိင်ကုန်ကူးမှုရဲ့ သားကောင်တွေအဖြစ် ကျရောက်သွားကြရပါတယ်။
ပထမဦးဆုံး ထွက်ပေါ်လာတဲ့ အစီရင်ခံစာ နှစ်စောင်မှာ သတင်းထောက် ဂျူလီယာနာရူးဖတ်စ်က အာဖရိကန် မိန်းကလေးများ ဒုစရိုက်ဂိုဏ်းတွေရဲ့ သားကောင်ဖြစ်သွားရမှုများ၊ ပြည့်တန်ဆာအဖြစ်
စေခိုင်းမှုများနှင့် လူကုန်ကူးမှုများ အကြောင်း စုံစမ်း တင်ပြခဲ့ပါတယ်။ အောက်မှာ ဖေါ်ပြမယ့် အကြောင်းအရာတွေကတော့ အီတလီနိုင်ငံ တောင်ပိုင်းမှာ ဖြစ်ပွားနေတဲ့ အဖြစ်အပျက်တွေကို ရုပ်ရှင်မှတ် တမ်းရိုက်ကူးရာမှာ ပါဝင်ခဲ့တဲ့ အီတလီ သတင်းစာဆရာ ချိုင်ရာ ကာပရီယိုက ပြောပြခဲ့တာ ဖြစ်ပါတယ်။
ဒက်စထရာဗော်လ်တာနို ဆင်းရဲသားရပ်ကွက်တစ်ခုမှာ အသက် ၇ နှစ်သာရှိသေးတဲ့ မယ်ရီမော်ရက်ရဲ့ ဈာပနအခမ်းအနား ကျင်းပနေပါတယ်။ သူ့ကို စိတ်ဝေဒနာခံစားနေရတဲ့ ယောင်္ကျားတစ်ယောက်က သတ်သွားခြင်းဖြစ်ပါတယ်။ ကက်စယ်ဗော်လ်တာနိုမြို့မှာ တရားဝင် နေထိုင်တဲ့ မြို့သား ၂၅,၀၀၀ မှာ သုံးပုံတစ်ပုံက ဂါနာနဲ့ နိုင်ဂျီးရီးယား အများစု ပါဝင်တဲ့ အာဖရိကန်တွေဖြစ်ပါတယ်။
အဲဒီမြို့ငယ်လေးမှာရှိတဲ့ နိုင်ဂျီးရီးယန်း ဒုစရိုက်ဂိုဏ်းတွေအကြောင်း အယ်လ်ဂျာဇီယာသတင်းဌာနမှ သွားရောက်စုံစမ်းလေ့လာ ခဲ့ပါတယ်။ ၂၀၀၈ တုန်းက ကာဆာလဲဆီလို့ခေါ်တဲ့ လူမျိုးစု မာဖီးယားဂိုဏ်းက ဂါနာလူငယ်ခြောက်ဦးကို သတ်ဖြတ်ခဲ့မှုနဲ့ ပတ်သက်ပြီး အာဖရိကန်တွေ လမ်းမတွေပေါ်ထွက် ဆန္ဒပြခဲ့ကြပြီးတော့ အဓိကရုဏ်းတွေ ဖြစ်ခဲ့ပြီးတဲ့နောက်ပိုင်း ကက်ဆယ်လ်ဗော်တာနိုမြို့လေးကို မေ့မေ့ပျောက်ပျောက်ပဲ ထားခဲ့ ကြပါတယ်။
မယ်ရီရဲ့မိသားစုကတော့ မယ်ရီ့ဈာပနနေ့မှာ သူ့ရဲ့ ခေါင်းတလားကို စောင့်ရင်း ခေါင်းကလာတာ နောက်ကျနေတာနဲ့ အခြားပြဿနာတွေနဲ့ ရုတ်ရုတ်သဲသဲဖြစ်ခဲ့ပါတယ်။ မယ်ရီ့ရဲ့အမေက နိုင်ဂျီးရီးယား အမျိုးသမီးဖြစ်ပြီး အီတလီကို လူကုန်ကူးခံခဲ့ ရသူဖြစ်ပြီး အဓမ္မလိင်ဖျော်ဖြေမှု ခိုင်းစေခြင်းခံခဲ့ရသူလည်း ဖြစ်ပါတယ်။ သူ့သမီးရဲ့ဈာပနမှာ တုန်ယင်ခြောက်ခြားပြီး ဂဏာမငြိမ် ဖြစ်နေပါတယ်။ သူမက ငိုယိုနေပြီး သူမရဲ့မိတ်ဆွေတွေက နောက်ထပ် နိုင်ဂျီးရီးယား မိန်းမတစ်ယောက်ကို ယူသွားတဲ့ မယ်ရီ့အဖေကို ဒေါသဖြစ်နေကြပါတယ်။
နောက်ဆုံး မယ့်ရီ့ခေါင်းတလား ရောက်ရှိလာပြီး ယောင်္ကျားအုပ်စုက မွတ်စလင်ထုံးစံအတိုင်း အသုဘ အခမ်းအနားကို စတင်ပါတယ်။ နေပူကျဲတဲကြီးအောက်မှာပဲ အာဖရိကန် အသုဘအခမ်းအနားကို ကျင်းပခဲ့ကြပါတယ်။
![]() |
| တရားမဝင် နိုင်ဂျီးရီးယား မိန်းကလေးတစ်ဦးကို အီတလီရဲများ ဖမ်းဆီးစဉ် |
“ဒိုမီတီယာနာ လမ်းမကြီးက ကက်ဆယ်ဗော်တာနိုမြို့ကို ၂၈ ကီလိုမီတာလောက် ဖြတ်သွားပါတယ်။” မြို့ရဲစခန်းက စုံထောက်တစ်ဦးဖြစ်သူ စတက်ဖနို ရစ်ဆီယာဒီအီလိုက ပြောပြပါတယ်။ အဲဒီရဲစခန်းမှာတော့ ဒုစရိုက်အဖွဲ့က ကျူးလွန်တဲ့အမှုတွေ၊ ပြည်တော်ပြန် အမှုတွေ၊ လူသတ်မှုတွေအကြောင်း မှတ်တမ်း အစီရင်ခံစာတွေနဲ့ ဖုံးလွှမ်းနေတဲ့ ဖရိုဖရဲ ရုံးခန်းတစ်ခု ပဲဖြစ်ပါတယ်။
“အာဖရိကန် မာဖီးယားတွေရဲ့ လှုပ်ရှားမှုတွေက မြို့တစ်ခုလုံး ပျံ့နှံ့နေပါပြီ။” သူက လမ်းတစ်လျှောက်မှာ ဖေါက်သည် အလာကို စောင့်နေကြတဲ့ နိုင်ဂျီးရီးယား အမျိုးသမီးတွေ၊ မိန်းမငယ်လေးတွေကို လိုက်လံ ပြသရင်း ပြောပြပါတယ်။
ကုလသမဂ္ဂ အနယ်နယ်ဆိုင်ရာ ရာဇဝတ်မှုနဲ့ တရားဥပဒေ စိုးမိုးရေး သုတေသနဌာန (UNICRI) ရဲ့မှတ်တမ်းများအရ အီတလီမှာ နိုင်ဂျီးရီးယား ပြည့်တန်ဆာ ၁၀,၀၀၀ ကျော် ရှိနေတယ်လို့ သိရပါတယ်။ ဘီနင်မြို့ကနေတစ်ဆင့် ဒိုမီတီယာနာ လမ်းမကြီးနဲ့ အဲဒီလမ်းမကြီး ဆိုက်ရောက်ရာ ကမ်းခြေလို ဥရောပမြို့တော်တွေ၊ ရာဇဝတ်မှု ဇုံတွေဆီကို လူကုန်ကူး ခံခဲ့ကြရတဲ့သူတွေ ဖြစ်ပါတယ်။
“နိုင်ဂျီးရီးယား ဒုစရိုက်သမားတွေက ကိုလံဘီယာ မာဖီးယားကနေ တရုတ်မာဖီးယားဂိုဏ်းတွေအထိ ဘယ်ဂိုဏ်း မှာမဆို အလုပ်လုပ်လို့ ရတယ်။
သူတို့အတွက် အလုပ်လုပ်ဖို့ လွယ်ကူနေတဲ့ နောက်တစ်ချက်က နေ့ရောညပါ ပြည့်တန်ဆာ လိုက်ရှာနေတဲ့ အီတလီဖေါက်သည် ဦးရေက အင်မတန်များတယ်။” နေပဲလ်စ်ဒေသ မာဖီးယား တိုက်ဖျက်ရေးက ရှေ့နေတစ်ယောက်ဖြစ်တဲ့ ဂျော်ဗန်နီကွန်ဇိုက ပြောပါတယ်။
“မာဖီးယား ဂိုဏ်းတွေ အရင်ကထက် ပိုပြီး အင်အား ကောင်းလာတယ်။ ဒေသ တစ်ခုလုံးကို သူတို့တွေ အုပ်စိုးမသွားခင် ကျွန်တော်တို့ တားဆီးရမယ်။” ကွန်ဇာက ဒီလိုပြောနေပေမယ့် သူ့ရဲ့စကားက မျှော်လင့်ချက်ရှိပုံတော့သိပ်မပေါ်ဘူး။
အခုဆို အီတလီမှာ အမျိုးသမီး လူကုန်ကူးမှုတွေ၊ လိင်ကုန်ကူးမှုတွေနဲ့ ပတ်သက်လို့ ပြောကြရင် အရင်က လူကုန်ကူးမှုရဲ့ သားကောင်ဖြစ်ခဲ့ဖူးတဲ့ နိုင်ဂျီးရီးယား အမျိုးသမီး အီဆိုကီအိုက်ပစ်တန်ယီကို နမူနာထားပြီး ပြောကြပါတယ်။ သူမကလည်း အဲဒီ နယ်ပယ်ထဲက အဖြစ်အပျက်တွေကို အားလုံးသိတယ်။ သူမက အောက်ပါအတိုင်း ပြောပြပါတယ်။
“ဒီနေ့ အီတလီမှာ `မာမီကြီး` တွေ အယောက် ၁၀,၀၀၀ လောက်ရှိတယ်။ တစ်ယောက်ချင်းစီမှာ အနည်းဆုံး ပျမ်းမျှ မိန်းကလေး နှစ်ယောက်၊ သုံးယောက်လောက် ထိန်းထားတယ်။ သူတို့က `အစ်ကိုကြီး`တွေနဲ့ အလုပ်တွဲလုပ်တယ်။ အစ်ကိုကြီး တွေဆိုတာက `ဘေဘီလေး`တွေကို လိင်ဖျော်ရေး လောကထဲကို အဓမ္မ သွတ်သွင်းတဲ့ ကိုယ်တိုင်ကိုယ်ကျ လူကုန်ကူးသူတွေ လေ။”
`ဘေဘီလေး` တွေဆိုတာ ပြည့်တန်ဆာ အဖြစ် အဓမ္မစေခိုင်းဖို့ လူကုန်ကူးလာတဲ့ မိန်းကလေးတွေကိုခေါ်တဲ့ သူတို့လောကရဲ့ အသုံးအနှုန်းပါ။
![]() | ||
| အာဖရိကန် ဂျူဂျူး ထုံးတမ်းဓလေ့ဆိုင်ရာအစီအမံများ |
ဒါပေမယ့် နိုင်ဂျီးရီးယား လူကုန်ကူးမှုတွေမှာ မူးယစ်ဆေးမှုတွေ၊ အောက်လမ်းပညာတွေပါ တစ်ခါတစ်ရံ ပူးတွဲပါလာတတ်ပါတယ်။
အမျိုးသမီးတွေ၊ မိန်းမငယ်လေးတွေဟာ အာဖရိကန် ဂျူဂျူးအောက်လမ်းနည်းပညာနဲ့ စီရင်ထားတဲ့ အစီအမံ ထုံးတမ်းစဉ်လာအရ ကျမ်းသစ္စာ ကျိန်ဆိုရပါသေးတယ်။ သူတို့ကို လူကုန်ကူး လာပေးတဲ့ အစ်ကိုကြီးတွေ၊ မာမီကြီးတွေအပေါ် တင်ရှိနေတဲ့ အကြွေးတွေကို ကျေအောင်ဆပ်ပါ့မယ်။ ဆပ်ဖို့ ပျက်ကွက်ခဲ့ပါက အသေဆိုးနဲ့ သေပါစေ၊ ရူးပါစေ စသည်ဖြင့်။
“ဂျူဂျူးလို့ခေါ်တဲ့ အဲဒီမှော်အတတ်ဟာ အမှန်တော့ မကောင်းတာ မဟုတ်ဘူး။ အမှန်တရားကို စောင့်ရှောက်ဖို့ ကျင့်သုံး တာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့လက်ထဲရောက်တော့ တလွဲသုံးတာပဲ။ ပိုက်ဆံရ နေသ၍တော့ အဲဒီပိုက်ဆံ ဘယ်လိုရရ သူတို့ ဂရုမစိုက်ဘူး။ ဂျူဂျူးကိုတောင် ကျွန်ပြုတဲ့လုပ်ငန်းမှာ သူတို့ အသုံးချကြတယ်။” အီဆိုကီက ပြောရင်း စိတ်ဆိုးမာန်ဆိုးဖြစ်နေ သေးတယ်။
အချို့ကတော့ အဲဒီလို ငရဲတွင်းထဲမှာတောင် မျှော်လင့်ချက်ကို ဆုပ်ကိုင်ပြီး တတ်နိုင်သမျှ ကယ်တင်နေကြပါသေးတယ်။ အဲဒီထဲက တစ်ယောက်ကတော့ ယေရှုသခင်၏ မြင့်မြတ် သန့်ရှင်းသော နှလုံးသားဆိုတဲ့ အသင်းတော်က နိုင်ဂျီးရီးယား သီလရှင် စစ္စတာ အန်တိုနီယာ ဖြစ်ပါတယ်။
သူမဟာ ၂၀၀၀ ခုနှစ်မှာ ကာဆာဆန်တာမာရီယာ ဒဲလ်အကော့ကလီယန်ဇာ လို့ခေါ်တဲ့ ရိပ်သာ တစ်ခုဖွင့်လှစ်ပြီး ဦးစီး လုပ်ကိုင်နေပါတယ်။ အဲဒီရိပ်သာမှာ အမျိုးသမီး ၇၀ ကျော် နဲ့ အဲဒီမှာမွေးတဲ့ ကလေး ၁၀ ယောက်ကို စောင့်ရှောက်ထားပါတယ်။
“ဆရာလေးတို့ကို ဘုန်းတော်ကြီး ကက်ပွာ၊ မွန်းစ်၊ ဘရူနို၊ စကက်တီနို တို့က ဒီအမျိုးသမီးတွေရဲ့ ဘဝကို မြှင့်တင်ပေးဖို့အတွက် တာဝန်ပေးထားတာပါ။ သူတို့အားလုံးက ပြည့်တန်ဆာ ဖြစ်ဖူးသူတွေချည်းပါ။ သူတို့ဘဝတွေကို ပြုပြင်ပြောင်းလဲချင်တယ် ဆိုရင် ဒီမှာသူတို့အတွက် နေရာရှိတယ်ဆိုတာ သူတို့သိကြပါတယ်။” လို့ စစ္စတာ အန်တိုနီယာက ပြောပြပါတယ်။ အမျိုးသမီး တစ်ယောက်ဟာ အဲဒီရိပ်သာမှာ ၆ လကနေ တစ်နှစ်အထိ နေလို့ရပြီးတော့ နေထိုင်နေစဉ် အတွင်းမှာ စာပေသင်ကြားခြင်း၊ သူတို့ရဲ့ ဂုဏ်သိက္ခာ ပြန်လည် အဖတ်ဆည်နိုင်အောင် လုပ်ကြရပါတယ်။ သီလရှင်တွေက ရောက်လာတဲ့ အမျိုးသမီးတွေကို သူတို့ရဲ့ဖြစ်စဉ်တွေကို ချရေးခိုင်းပြီး ဘာတွေဖြစ်ခဲ့တယ်၊ ဘယ်သူတွေက သူတို့ကို ဒီဘဝရောက်အောင် လုပ်ခဲ့တယ် ဆိုတာတွေ ကို ပြောပြစေပါတယ်။
“ဂျူဂျူး ကျမ်းသစ္စာ ကျိန်ခဲ့တာ သူတို့အပေါ် ဘယ်လို အကျိုးသက်ရောက်မှုမှ မရှိပါဘူးဆိုတာကို သူတို့နားလည်အောင် ဆရာလေးတို့ ကြိုးစားပြီး ရှင်းပြရတယ်။”
ဒါပေမယ့် လမ်းမတွေပေါ်မှာ ပြည့်တန်ဆာ အလုပ်ကို ဆက်လက် လုပ်ကိုင်ရင်း အကြွေးဆပ်နေရသေးတဲ့ ၊ ဂျူဂျူး ကျမ်းစူးမှာကို ကြောက်ရွံ့နေတဲ့ မိန်းကလေးတွေ အများအပြား တွေ့နေရပါသေးတယ်။ အချို့ဆိုရင် ပြန်ဆပ်ရမယ့် အကြွေးက ဒေါ်လာ ၅၈,၀၀၀ အထိ အောင်ရှိတယ်။ အကြွေးမပေးနိုင်ရင် သူတို့ပေါ်ကို၊ သူတို့ မိသားစုတွေအပေါ်ကို ဂျူဂျူးကျမ်းစူးမှာလည်း ကြောက်နေတယ်။
စုံစမ်းလေ့လာမှု ဒုတိယ အပိုင်းအဖြစ် ဂျူလီယာနာရူးဖတ်စ်ဟာ အီတလီကနေ နိုင်ဂျီးရီးယားမြို့တော် ဘင်နန်အထိ လိုက်လံပြီးတော့ စုံစမ်းခဲ့ပါတယ်။ ဘင်နန်မြို့ဆိုတာ အင်မတန် ဆင်းရဲတွင်းနစ်နေတဲ့ အမျိုးသမီးတွေအတွက် ဥရောပကို လူကုန်ကူးသန်း ပေးနေတဲ့နေရာဖြစ်ပါတယ်။
ဥရောပ ခရီးစဉ်ကုန်ကျငွေအတွက် အလွန်များပြားလှတဲ့ အကြွေးတွေကို လူကုန်ကူး ဒုစရိုက်ဂိုဏ်းတွေမှာ ဆပ်ကြရပါတယ်။ ဟိုကိုရောက်ရင် ဝင်ငွေကောင်းကောင်းရတဲ့ အလုပ်အကိုင် ကောင်းကောင်းတွေ ရှိတယ်ဆိုတဲ့ မက်လုံးတွေနဲ့ လူကုန်ကူးသူတွေက မြှူဆွယ်ကြပါတယ်။ ပြီးတော့ သူတို့ကို ဂျူဂျူး သစ္စာဆိုခိုင်းပြီး အကြွေးပြန်ဆပ်ခိုင်းပါတော့တယ်။
ဥရောပမြေကို ခြေချမိကာမှ သူတို့အတွက် လုပ်စရာ အလုပ်ဆိုတာ ပြည့်တန်ဆာ အလုပ်ပဲရှိပြီး သူတို့ဟာ လိင်ကုန်ကူးခံခဲ့ရတယ် ဆိုတာသိကြရတယ်။ အဲဒီလို လူကုန်ကူးမှုမှာ ပါဝင်တဲ့ ဂျူဂျူးဘုန်းကြီးက သူဟာ လူ့အဖွဲ့အစည်းအတွက် အမှုတော် ဆောင်နေပါတယ် ဆိုတဲ့ အနေအထားနဲ့ ဂျူဂျူးဥပဒေသတွေကို လိုသလို ဖြည့်စွက်ပြင်ဆင် ဆောင်ရွက်နေတာပါ။
ဒါပေမယ့် ဒီဂျူဂျူး ဓလေ့ဟာ လူကုန်ကူးမှုတွေမှာ လူကုန်ကူးခံရသူတွေကို ချည်နှောင်ဖို့ အသုံးပြုနေတဲ့ အနောက်အာဖရိက ရိုးရာဓလေ့တစ်ခုသာ မဟုတ်ပဲ ဧဝံဂလိ ခရစ်ယာန် တရားဟောဆရာတွေလည်း ပါဝင်တယ်ဆိုတာ ဂျူလီယာနာ သိရှိခဲ့ရပါတယ်။
ရည်ညွှန်း ။ အယ်လ်ဂျာဇီယားသတင်း People & Power ကဏ္ဍတွင်ထုတ်လွှင့်ခဲ့သည့် The Nigerian Connection
သတင်းမှတ်တမ်းဆောင်းပါးကို ဆီလျော်စွာဘာသာပြန်ဆိုထားခြင်းဖြစ်သည်။
Source: Al Jazeera
Friday, June 1, 2012
ဆေးလိပ်နှင့် ကျန်းမာရေး အားပြိုင်ပွဲ (ဆောင်းပါး)
ဆေးလိပ်သောက်သုံးမှုလျော့ကျရေးအတွက် ဥပဒေများတင်းကြပ်ခြင်း၊ တာဝန်ရှိသူများတိုးချဲ့ခန့်ထားခြင်း၊ ရံပုန်ငွေလက်ခံတိုက်ဖျက်သော အဖွဲ့များတိုးချဲ့ခြင်း စသည့်နည်းလမ်းပေါင်းစုံဖြင့် ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှား မှုများ ဆောင်ရွက်နေစဉ်တွင် ဆေးလိပ်ကုမ္ပဏီကြီးများကလည်း အန်တုမှုပိုမိုပြင်းထန်လာကြောင်း ဆေးလိပ်တိုက်ဖျက်ရေးလှုပ်ရှားဆောင်ရွက်သူများက ဆိုသည်။
မကြာသေးမီနှစ်များအတွင်းက ဆေးလိပ်ကုမ္ပဏီများကို အစိုးရများက တင်းကြပ်လာခဲ့လေသည်။ သို့သော် ဆေးလိပ်သောက်သုံးမှု၊ ရောင်းချမှုများကို အစိုးရများက တင်းကြပ်နေသည့်ကြားမှ ဆေးလိပ်သောက်သုံး သူဦးရေ တိုးတက်လာခဲ့လေသည်။ ထို့ကြောင့် လူထုကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင် အကုန်အကျများခဲ့ပြီး ဆေးလိပ်ကြောင့် အသက်ဆုံးရှုံးရသည့် ဦးရေလည်း တိုးပွားလာခဲ့လေသည်။
ဆေးလိပ်သောက်သုံးမှုကြောင့် သေဆုံးရသူစာရင်း မြင့်တက်လာသည်။ ဆေးလိပ်နှင့်ဆက်စပ်ရောဂါများ ဖြင့် သေဆုံးရသူ နှစ်စဉ် ၆ သန်းရှိနေပြီး ၂၀၃၀ တွင် ၈ သန်းအထိ တိုးတက်သေဆုံးမည်ဟု တွက်ချက် ထားကြသည်။ ဆေးလိပ်အမြဲစွဲသောက်သုံးသူ နှစ်ယောက်တွင် တစ်ယောက်နှုန်းဖြင့် သက်လတ်ပိုင်းတွင် အသက်ဆုံးရှုံးမည်ဖြစ်သည်။
ဆေးလိပ်ကုမ္ပဏီများကလည်း ၎င်းတို့၏ အကျိုးစီးပွားကို အချိန်ကာလကြာမြင့်စွာကတည်းကပင် ကာကွယ်ထားကြပြီး လူများကို ဆေးလိပ်သောက်သုံးတတ်စေရန် စွဲဆောင်စည်းရုံးထားကြသည်။
ကုလသမဂ္ဂကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က မေလ ၃၁ ရက်နေ့ကို ကမ္ဘာ့ဆေးလိပ်ကင်းစင်နေ့ သတ်မှတ်ခဲ့ပြီး ဆေးလိပ် တိုက်ဖျက်ရေးဆောင်ရွက်ချက်များကို ဆေးလိပ်ကုမ္ပဏီကြီးများက ကပျက်ကယက်ပြုလုပ်နှောက်ယှက်နေ ကြောင်း စွပ်စွဲခဲ့လေသည်။
ဆေးလိပ်ကုမ္ပဏီများက လူအများဆေးလိပ်စွဲမက်နေစေရန်နှင့် လူငယ်လူရွယ်များကိုလည်း စတင်သောက် သုံးလာတတ်စေရန် အမြဲတစေ ကြိုးစားအားထုတ်နေကြသည်။
၂၀၀၅ ခုနှစ်အတွင်းက WHO မှ ကြီးမှူးကျင်းပသော သမိုင်းဝင် ဆေးလိပ်ထိန်းချုပ်မှုအခြေခံမူချမှတ်ရေး ညီလာခံကြီးတွင် နိုင်ငံပေါင်း ၁၇၄ နိုင်ငံမှ သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။ ယင်းသဘောတူညီချက်များတွင် အစိုးရများက ဆေးလိပ်များအပေါ် အခွန်တိုးမြှင့်စည်းကြပ်ခြင်း၊ ဆေးလိပ် သောက်ခြင်းနှင့် ဆေးလိပ်ကြေငြာများကို တားမြစ်ခြင်း၊ ဆေးလိပ်ဖြတ်လိုသော သူများကို ကူညီပေးမည့် အစီအစဉ်များဖေါ်ဆောင်ခြင်း စသည်တို့ပါဝင်သည်။
ဆေးလိပ်ကုမ္ပဏီများကလည်း စာချုပ်သစ်များချုပ်ဆိုပြီး လုပ်ငန်းများဆောင်ရွက်လာသည့်အတွက် WHO အထွေထွေဒါရိုက်တာ မာဂရက်ချန်းက ဥရုဂွေး၊ နော်ဝေ၊ တူရကီနှင့် သြစတြေးလျနိုင်ငံများတွင် ဆေးလိပ် နှင့် ပတ်သက်ပြဌာန်းထားသည့် ဥပဒေများကို ထောက်ပြကာ ဆေးလိပ်ကုမ္ပဏီကြီးများ၏ အနှောက်အယှက် ပေးမှုကို ဝေဖန်ပြောဆိုခဲ့သည်။
`ကျွန်မတို့မှာ အင်မတန်ရက်စက်ကြမ်းကြုတ်ပြီး ရိုင်းစိုင်းတဲ့ ရန်သူရှိနေပါတယ်။ ကောက်ကျစ်ပြီး ညစ်ပတ်တဲ့နည်းလမ်းတွေနဲ့ ချဉ်းကပ်လာနေတဲ့ အဲဒီကုမ္ပဏီကြီးတွေက ကျွန်မတို့လူထုတွေရဲ့ အကျိုးစီးပွားတွေပျက်စီးရာပျက်စီးကြောင်း လုပ်နေတာကို ခွင့်ပြုလိုက်ရမှာ ဆိုတာ တွေးတောင်မတွေးရဲ ပါဘူး။` ဟု ပြောကြားခဲ့သည်။
သို့သော် ဆေးလိပ်ကုမ္ပဏီများက ၎င်းတို့လည်း ဆေးလိပ်သောက်သုံးမှုထိန်းချုပ်ရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနေပါကြောင်း ဆိုလေသည်။ ဖိလစ်မောရစ်ကုမ္ပဏီ၏ အစုရှယ်ယာဝင်များ မေလ ၉ ရက်နေ့ကနယူးယောက်မြို့တွင်တွေ့ဆုံစည်းဝေးခဲ့ကြပြီးအမှုဆောင်အရာရှိချုပ်လူးဝစ်ကမ္မီလာရီ က ဆေးလိပ်ဆန့်ကျင်ရေးသမားများ၏ ဝေဖန်မှုများကို စိန်ခေါ်ပြောဆိုလိုက်ပြီး ဆေးလိပ်ကုမ္ပဏီများကို အမုန်းပွားစိတ်သက်သက်ဖြင့် တိုက်ခိုက်နေကြခြင်းသာဖြစ်ကြောင်း ဆိုသည်။
`ဆေးလိပ်ကြောင့် ရောဂါဘယတွေ ဖြစ်ရတယ်ဆိုတာ ကျွန်တော်တို့လည်း သိပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး တာဝန်ရှိရှိ၊ တာဝန်သိသိနဲ့ ကျွန်တော်တို့ရဲ့ လုပ်ငန်းကိုလုပ်ကိုင်လည်ပတ်နေပါတယ်။` ဟု သူကပြောသည်။
ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ဆေးလိပ်သောက်သုံးမှုသိသိသာသာလျော့ကျသွားပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင်မူ ဆေးလိပ်သောက်သုံးသူ တိုးပွားနေဆဲဖြစ်သည်။ အာဖရိကတိုက်ရှိ ဆင်းရဲသောနိုင်ငံများအား ပစ်မှတ်ထား ထုတ်လုပ်ရောင်းချနေကြောင်းလည်း ဆေးလိပ်ကုမ္ပဏီများ အစွပ်စွဲခံနေရသည်။ ၂၀၃၀ တွင် ဆေးလိပ် ကြောင့် ရောဂါဖြစ်ပွားသူများ၏ ၈၀ ရာခိုင်နှုန်းမှာ ဝင်ငွေနည်း၊ ဝင်ငွေအလယ်အလတ်လူတန်းစားများတွင် ဖြစ်မည်ဟု ကြိုတင်တွက်ချက်ထားကြသည်။
`ကျွန်တော်တို့ဟာ ဈေးကွက်သစ်လို့ သူတို့ခေါ်တဲ့နေရာတွေမှာ ထိုးဖေါက်ရောင်းချနေတယ် လို့စွပ်စွဲကြပါတယ်။ ကျွန်တော်တို့ ရောက်သွားမှ သူတို့ဆေးလိပ်သောက်တတ်သွားတဲ့ ပုံစံမျိုးပြောဆို နေကြသည်။ အမှန်က အဲဒီကလူတွေက ဟိုးရာစုနှစ်ပေါင်းများစွာကတည်းက ဆေးလိပ်သောက်သုံးလာ ကြတဲ့လူတွေပဲဖြစ်ပါတယ်။` ဟု အာဖရိကတိုက်နှင့် ပတ်သက်၍ ဝေဖန်မှုကို ကမ္မီလာရီက ပြန်လည်တုံ့ပြန်ပြောဆိုခဲ့လေသည်။
ဆေးလိပ်တိုက်ဖျက်ရေးနှင့် ပတ်သက်ပြီး သြစတြေးလျနိုင်ငံသည် ကမ္ဘာပေါ်တွင် ပထမဦးဆုံး `မျက်နှာပြောင်ဆေးလိပ်ဗူးခွံ`(Plain Packaging Law) ဥပဒေကိုချမှတ်ခဲ့ပြီး ၁၉၉၈ တွင် ဆေးလိပ်သောက်သုံးမှု ၃၀.၁ ရာခိုင်နှုန်းမှ ၂၀၁၀ တွင် ဆေးလိပ်သောက်သုံးမှု ၁၅.၁ ရာခိုင်နှုန်းအထိ လျော့ချနိုင်ခဲ့သဖြင့် အောင်မြင်သည်ဟု ဆိုသည်။
မှတ်ချက်။ ။ `မျက်နှာပြောင်ဆေးလိပ်ဗူးခွံ` ဆိုသည်မှာ ဆေးလိပ်ဗူးတွင် ကုမ္ပဏီများက မိမိတို့ကြိုက်နှစ်သက်သလို အရောင်အသွေး၊ အမှတ်တံဆိပ်များ ရိုက်နှိပ်ခွင့်မပြုဘဲ မည်သည့်ဆေးလိပ် ကုမ္ပဏီမှ ထုတ်လုပ်သည်ဖြစ်စေ သတ်မှတ်ထားသော နီညိုရောင်အတိုင်း တစ်ပုံစံတည်းထုတ်လုပ်ရမည်၊
ကုမ္ပဏီတံဆိပ်ကို ထည့်ခွင့်မပြုဘဲ အမည်ကိုသာ သတ်မှတ်အရွယ်အစား၊ သတ်မှတ်စာလုံး၊ သတ်မှတ် နေရာတွင် ထည့်သွင်းရမည်၊ ကျန်းမာရေးနှင့် ပတ်သက်သော သတိပေးတားမြစ်ချက်စာသားများကို ထည့်သွင်းရမည် စသည် စည်းကမ်းများအတိုင်း ထုတ်လုပ်ထားသော ဗူးခွံဖြစ်ပြီး ယင်းကို ဥပဒေပြဌာန်း သတ်မှတ်ထားခြင်းဖြစ်သည်။
ယင်းဥပဒေသစ်သည် ၂၀၁၂ အောက်တိုဘာတွင် စတင်အသက်ဝင်မည်ဖြစ်ပြီး ဆေးလိပ်ဗူးများအားလုံး တစ်သွေးတစ်ရောင်တည်းသာ ရှိတော့မည်ဖြစ်ပြီး စွဲဆောင်မှုအပြည့်ရှိသော အရောင်တောက်တောက်များ၊ ခေတ်မီဆန်းသစ်သော ပုံစံများ၊ တံဆိပ်များ အားလုံးကိုဆေးလိပ်ဗူးများပေါ်မှ ဖယ်ရှားပစ်ရတော့မည် ဖြစ်သည်။ ထို့ကြောင့် ဗြိတိန်-အမေရိကန် ဆေးလိပ်ကုမ္ပဏီ၊ အမ်ပရီရယ် ဆေးလိပ်ကုမ္ပဏီနှင့် ဖိလစ်မောရစ်ဆေးလိပ်ကုမ္ပဏီများက အဆိုပါ သြစတြေးလျဥပဒေကို တရားရုံးတွင် ရင်ဆိုင်မည်ဖြစ်ပြီး ကုန်အမှတ်တံဆိပ်အခွင့်အရေးကို ချိုးဖေါက်ခြင်းဖြစ်ကြောင်း ပြောသည်။
ဆေးလိပ်ကုမ္ပဏီများ၏ ခေတ်မီဆန်းသစ်သော တံဆိပ်ပုံစံများနှင့် စွဲမက်ဖွယ်အရောင်အဆင်းများကြောင့် ကလေးများနှင့် ဆယ်ကျော်သက်များအား ဆေးလိပ်သောက်သုံးချင်စိတ်ဖြစ်ပေါ်လာအောင် စွဲဆောင်နိုင် စွမ်းကြောင်း ဆေးလိပ်ဆန့်ကျင်ရေးသမားများက ဆိုသည်။ သို့သော် ဆေးလိပ်လုပ်ငန်းရှင်များကမူ ဆေးလိပ်ဗူးခွံနှင့် ပတ်သက်၍ အဆိုပါစွပ်စွဲချက်သည် အကြောင်းပြချက်ခိုင်လုံမှုမရှိသော စွပ်စွဲချက်သာဖြစ် ပြီး ဗူးခွံ၏ အရောင်အသွေး၊ အဆင်တန်ဆာများက ဆေးလိပ်သောက်သုံးခြင်းနှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိကြောင်း ငြင်းချက်ထုတ်ကြသည်။
ဆေးလိပ်ကုမ္ပဏီများက သြစတြေးလျ၏ ဆေးလိပ်ဥပဒေကို ထိုးနှက်တိုက်ခိုက်နေသော ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ကြီး (WTO) အား ထောက်ခံကြလေသည်။ ဟူဒူးရပ်စ်နှင့် ယူကရိန်းတို့က WTO တွင် ယင်းဥပဒေအား ဆွေးနွေးညှိနှိုင်းပေးရန် တောင်းဆိုထားသဖြင့် ဆေးလိပ်လုပ်ငန်းရှင်များ နှင့် ဆေးလိပ်ဆန့်ကျင်ရေးသမားများ ဥပဒေလမ်းကြောင်းပေါ်တွင် ရင်ဆိုင်ကြတော့မည့် အနေအထားဖြစ် လေသည်။
ဗြိတိန်-အမေရိကန် ဆေးလိပ်ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူအမျိုးသမီးတစ်ဦးက အယ်ဂျာဇီယာသတင်းဌာန သို့ပြောကြားခဲ့ရာတွင် `ကျွန်မတို့ အစိုးရတွေရတွေနဲ့ ပွင့်ပွင့်လင်းလင်း စကားပြောနေပါတယ်။ ယူကရိန်း နဲ့ ဟူးဒူးရပ်စ်အပါအဝင်ပေါ့။ ဒီဥပဒေကိစ္စနဲ့ပတ်သက်ပြီး ကျွန်မတို့ရဲ့ အမြင်တွေ၊ ဖြစ်ချင်တာတွေပေါ့။ ယူကရိန်းမှာ ဆိုရင် ကျွန်မတို့ကုမ္ပဏီကနေ ငှားပေးထားတဲ့ရှေ့နေတွေနဲ့ ဥပဒေရေးရာကိစ္စတွေ၊ အကြံပြု ချက်တွေ ရယူဆောင်ရွက်နေပါတယ်။ ဟွန်ဒူးရပ်စ်အတွက်လည်း ကျွန်မတို့ဘက်က ဘာတွေလုပ်ပေးရ မလဲ ဆိုတာ ကမ်းလှမ်းထားပြီးပါပြီ။` ဟု ဆိုသည်။
WHO မှ စွပ်စွဲထားသော အချက်များနှင့် ပတ်သက်၍ အမ်ပရီရယ်ဆေးလိပ်ကုမ္ပဏီကို မေးမြန်းကြည့်ရာ တွင် ပြောခွင့်ရ ဆိုင်မွန်အီဗန်က ၎င်းတို့ကုမ္ပဏီအနေနှင့် ဆေးလိပ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များတွင် တက်တက်ကြွကြွပါဝင်ဆောင်ရွက်နေကြောင်း၊ သို့သော် လုပ်ဆောင်ပေးရန်လိုအပ်သည့် အချက်များသည် အဓိပ္ပါယ်ရှိရမည်ဖြစ်ကြောင်း ဆိုသည်။
`ဆေးလိပ်သောက်သုံးသူတွေကို သိက္ခာမဲ့ဖို့ သက်သက်ရည်ရွယ်ပြီး အကျိုးကြောင်းမဆီလျော်၊ မလိုအပ်တဲ့ ဥပဒေတွေထုတ်ပြန်နေတဲ့အပေါ်မှာ ကျွန်တော်တို့ ပြန်လည်စိန်ခေါ်သွားမှာဖြစ်ပါတယ်။ တင်းကြပ်တဲ့ ဥပဒေတွေပြဌာန်းလိုက်ရတဲ့ အခြေခံအချက်အလက်တွေကို ပြန်ကြည့်ရင် ဘာမှမဟုတ်တဲ့ အချက်တွေ၊ မခိုင်လုံတဲ့ အကြောင်းပြချက်တွေ ဖြစ်နေတယ်ဗျ။` ဟု အီဗန်က နာနာကျည်းကျည်းပြော လေသည်။
ထို့သို့ အပြန်အလှန်စွပ်စွဲမှုများဖြင့် အငြင်းပွားနေစဉ်တွင် ဗြိတိန်နိုင်ငံတွင် မျက်နှာပြောင်ဗူးခွံဥပဒေပြဌာန်း ရေးအတွက် ပြင်ဆင်လျက်ရှိသည်။ ဤနေရာတွင်လည်း ဆေးလိပ်လုပ်ငန်းရှင်များ၏ ဖိအားပေးမှုများနှင့် ကြုံတွေ့ရမည်ဖြစ်သည်။ ကုမ္ပဏီများက ယင်းဥပဒေကို ဆန့်ကျင်သည့် အုပ်စုများအား ထောက်ပံ့ပေးပြီး ဥပဒေဖြစ်မလာ ရေးအတွက် ဖိအားပေးသည့်နည်းမျိုးကို သုံးစွဲမည်ဖြစ်သည်။
လွပ်လပ်စွာဆေးလိပ်သောက်သုံးရှုရှိုက်ခွင့် အဖွဲ့၊ သို့မဟုတ် သစ်တောဟု အမည်ရသော အဖွဲ့များက ယင်းဥပဒေကို အပြင်းအထန်ဆန့်ကျင်လျက်ရှိပြီး `ဆေးလိပ်ဗူးခွံများကို မထိပါနဲ့` ဟု အမည်ပေးထားသော စည်းရုံးလှုပ်ရှားမှုတစ်ရပ် ဆောင်ရွက်လျက်ရှိသည်။
`မျက်နှာပြောင်ဗူးခွံဥပဒေ ဆိုတာ လူနည်းစုတွေရဲ့ ဘဝနေထိုင်မှုပုံစံရွေးချယ်မှုအပေါ်မှာ ဖိနှိပ် ချုပ်ခြယ်လိုက်တာပဲဖြစ်ပါတယ်။` ဟု သစ်တောအဖွဲ့၏ ဆိုင်မွန်ကလပ် ကပြောသည်။
သူတို့အဖွဲ့ကို ဆေးလိပ်ကုမ္ပဏီကြီးများက ယခုနှစ်အတွက် ထောက်ပံ့ငွေ ပေါင် ၃၃၀ ၀၀၀ (အမေရိကန် ဒေါ်လာ ၅၁၈ ၀၀၀) ပေးမည်ဖြစ်ကြောင်း Financial Times မဂ္ဂဇင်းတွင် ဖေါ်ပြထားလေသည်။
ဆေးလိပ်ဆန့်ကျင်ရေးသမားများက ဆေးလိပ်ဈေးနှုန်းများ မြှင့်တင်လိုက်လျှင် အထူးသဖြင့် ငယ်ရွယ်သူများနှင့် ဆင်းရဲသားများကြား ဆေးလိပ်သောက်သုံးမှုများလျော့ကျသွားနိုင်ကြောင်း ထောက်ပြ လာခဲ့ကြသည်မှာ ကြပြီဖြစ်သည်။ သို့သော် အံ့သြစရာကောင်းလှစွာပင် ယင်းအချက်ကို ဆေးလိပ်ကုမ္ပဏီ များက သဘောမတူကြပေ။
ဆေးလိပ်တစ်ဗူးလျင် အမေရိကန်ဒေါ်လာ ၁ ဒေါ်လာစီအခွန်တိုးမြှင့်ကောက်ခံမည့် ဥပဒေအဆိုပြုချက် ၂၉ ကို ပြဌာန်းရန်အတွက် ဇွန်လ ၅ ရက်နေ့တွင် အမေရိကန်နိုင်ငံ၌ မဲပေးဆုံးဖြတ်မည်ဖြစ်သည်။ ဥပဒေအတည်ပြုနိုင်လျှင် ဆေးလိပ်မှ ရသော အခွန်ငွေပမာဏ တစ်နှစ်လျှင်ဒေါ်လာ ၇၃၅ သန်းရရှိမည်ဖြစ်ပြီး ယင်းငွေများကို ကင်ဆာသုတေသနအတွက် အသုံးပြုမည်ဖြစ်သည်။
ဥပဒေအဆိုပြုချက် ၂၉ အရ ကယ်လီဖိုးနီးယားတွင် ဆေးလိပ်မှ ရသောအခွန်ငွေ နှစ်စဉ် ၁ ဘီလီယံ ရှိမည်ဖြစ်ကြောင်း ခန့်မှန်းတွက်ချက်ထားကြသည်။ ထို့ပြင် လူများကို ဆေးလိပ်ဖြတ်ရန်၊ ဆေးလိပ်စမ်းသပ် သောက်သုံးခြင်းများမပြုလုပ်ကြရန် တားမြစ်နိုင်မည်ဖြစ်သည်။
သို့သော် ဆန့်ကျင်သူများက အခွန်ငွေတိုးကောက်ခြင်းဖြင့် ဆေးလိပ်သောက်သုံးမှုလျော့ကျစေမည် ဟူသော အချက်သည် မခိုင်လုံကြောင်း စောဒကတက်ကြသည်။ ဥပဒေအရ အစိုးရဌာနအများအပြားကို ငွေကြေးများရောက်ရှိသွားမည်ဖြစ်ပြီး အစိုးရနှင့် မဆိုင်သော ကင်ဆာသုတေသနများသို့ ငွေကြေးများ ပျံ့နှံ့ရောက်ရှိမှုကိုလည်း တားဆီးနိုင်မည်မဟုတ်ကြောင်း ဆိုသည်။
ဥပဒေပြုရန်မဲခွဲဆုံးဖြတ်ရသည့် အနေအထားသည် ဆေးလိပ်တိုက်ဖျက်ရေးအတွက် အကုန်အကျကြီးမား စွာကျခံဆောင်ရွက်နေရကြောင်း ပြသနေသည့် ဥပမာကောင်းတစ်ခုပင်ဖြစ်လေသည်။ အခြားတစ်ဖက်တွင် လည်း ဖိလစ်မောရစ်နှင့် အာရ်.ဂျေ ရေးနိုးလ်ဒ်ကုမ္ပဏီကြီးများက ဦးဆောင်၍ ဥပဒေဖြစ်ပေါ်မလာစေရေး စည်းရုံးလှုံ့ဆော်ကြော်ငြာများအတွက် ရေဒီယိုနှင့် ရုပ်မြင်သံကြားကြေငြာကုန်ကျစားရိတ် ဒေါ်လာ သန်း ၄၀ ခန့် သုံးစွဲပြီးဖြစ်သည်။ ၂၀၀၆ ခုနှစ်အတွင်းက ကယ်လီဖိုးနီးယားတွင် စီးကရက်တစ်ဗူး ၂.၆၀ ဒေါ်လာ အခွန်ကောက်ခံရေး အလားတူ ဥပဒေတစ်ရပ် ပြဌာန်းရန်ကြိုးပမ်းခဲ့ရာ၌ ဘစ်စီးကရက်ကုမ္ပဏီက တန်ပြန်ကြေငြာများအတွက် ဒေါ်လာ ၆၇ သန်း သုံးစွဲခဲ့ရာ ဥပဒေမအောင်မြင်ခဲ့ပေ။
ဥပဒေလိုလားသူ ဆေးလိပ်တိုက်ဖျက်ရေးသမားများဘက်မှ ယခုအချိန်အထိ သုံးစွဲငွေ ၈.၆ သန်းရှိပြီဖြစ် ပြီး ကင်ဆာဝေဒနာမှ လွတ်မြောက်လာခဲ့သူ ယခင် တိုးဒီဖရန့်စ်ကားမောင်းချန်ပီယံဟောင်း လန့်စ်အမ်းစထရောင်းက ဒေါ်လာ ၁.၅ သန်းထည့်ဝင်ခဲ့လေသည်။ နယူးယောက်မြို့တော်ဝန် မိုက်ကယ် ဘလွန်းဘတ်က ဒေါ်လာ ၅၀၀ ၀၀၀ ထည့်ဝင်ခဲ့သည်။
ဆေးလိပ်တိုက်ဖျက်ရေးသမားများနှင့် ဆေးလိပ်လုပ်ငန်းရှင်များ အပြိုင်စည်းရုံးလှုပ်ရှားမှု ကြော်ငြာကဏ္ဍအားပြိုင်ရာတွင် လုပ်ငန်းရှင်များဘက်မှ အားသာနေသည်။ လတ်တလော ကောက်ခံရရှိသော စစ်တမ်းအရ ဥပဒေထောက်ခံမည့်ဘက်တွင် တစ်ဝက်မျှသာကျန်ရှိပြီး မတ်လအတွင်းက သုံးပုံ နှစ်ပုံရှိခဲ့ရာ ထောက်ခံသူကျဆင်းသွားခဲ့လေသည်။
Source: Al Jazeera
Thursday, March 15, 2012
အိပ်မက်တစ်ခုကို လိုက်ဖမ်းခြင်း (သတင်းမှတ်တမ်း)
အမေရိကန်နိုင်ငံအတွင်းသို့ လက်တင်အမေရိကမှ တရားမ၀င်ပြောင်းရွှေ့ဝင်ရောက်နေထိုင်သူများ၏ သက်စွန့်ဆံဖျား ခရီးသွားလာကြရပုံကို အယ်ဂျာဇီယာသတင်းဌာန Risking it all ကဏ္ဍတွင် Chasing an impossible Dream အမည်ဖြင့် မှတ်တမ်းရုပ်ရှင် တင်ပြထားခြင်း ဖြစ်သည်။
အယ်ဆဲလ်ဗာဒါ၊ ဟွန်ဒူးရပ်စ်နှင့် နိုင်ကာရာဂွါနိုင်ငံများမှ နှစ်စဉ် အမျိုးသား၊ အမျိုးသမီး တစ်သန်းကျော် ဂွါတီမာလာ နဲ့ မက္ကဆီကို ကြားမှာရှိတဲ့မြစ်ကိုဖြတ်ကူးပြီး မက္ကဆီကိုနိုင်ငံတွင်းကိုဝင်ရောက်ဖို့ ကြိုးစားကြပါတယ်။ သူတို့ရဲ့နောက် ဆုံး ပန်းတိုင်ကတော့ မက္ကဆီကို မဟုတ်သေးပါဘူး။ မက္ကဆီကို ကိုတရားမ၀င် ၀င်ရောက်ပြီး အမေရိကန်ကို အရောက်သွားဖို့ပဲဖြစ်ပါတယ်။ (သူတို့ကို `ရွှေ့ပြောင်း´ လို့ပဲ ခေါ်ကြပါတယ်။)
မက္ကဆီကိုထဲကနေ တစ်နိုင်ငံလုံးကို အလျားလိုက်ဖြတ်ပြီးတော့ အမေရိကန် တက္ကဆက်နယ်စပ်ကနေတစ်ဆင့် ၀င်ရောက်ကြပါတယ်။ မက္ကဆီကိုနိုင်ငံ အရီရာဂါဘူတာရုံကနေစပြီးတော့ တက္ကဆက်နယ်စပ်ရောက်တဲ့အထိ ကီလိုမီတာ ၄,၀၀၀ (မိုင် ၂,၅၀၀ ခန့်) လောက်ရှိတဲ့ခရီးကို စတင်ကြရပါတယ်။ အဲဒီလိုတရားမ၀င်ရွှေ့ပြောင်းသွားလာသူတွေအတွက် ကုန်တင်ရထားတွေကို သာအသုံးပြုကြရပါတယ်။ အဲဒီရထားတွေနဲ့ နေ့စဉ်ထောင်နဲ့ချီပြီး တရားမ၀င် ၀င်ရောက်သွား လာနေကြပါတယ်။ ခေါင်းမိုးတွေပေါ်မှာ၊ တွဲနှစ်တွဲကြားက ချိတ်တွေအပေါ်မှာ ဖြစ်သလိုလိုက်ပါသွားကြရပါတယ်။
အလွန်အန္တရာယ်များတဲ့ ခရီးဖြစ်ပြီးတော့ ခရီးသွားတွေထဲက ၄၀% လောက်သာသူတို့မျှော်လင့်တဲ့ ပန်းတိုင်းဖြစ်တဲ့ အမေရိကန်နယ်စပ်ကို အရောက်သွားနိုင်ကြပါတယ်။ အဲဒီပန်းတိုင်ကို အချို့က `မလှမ်းနိုင်သော အိပ်မက်´ လို့လည်း ခေါ်ကြသေးတယ်။
တစ်ခါတစ်လေလည်း ဘယ်ရထားက ဘယ်သွားမှန်းမသိတဲ့ ပြောင်းရွှေ့တွေဟာ ရထားမှားစီးမိပြီး အမေရိကန်နယ် စပ်ကို မရောက်ဘဲ ဂွါတီမာလာနယ်စပ်ဘက် ပြန်ရောက်သွားတာမျိုးလည်း ရှိတယ်။ ရထားမှန်အောင်စီးသွားနိုင်တဲ့ လူတွေကျတော့လည်း လမ်းခုလပ်မှာ ရဲတွေစစ်လို့ဖမ်းမိသွားပြီး ပြန်ပို့ခံရတာလည်း တစ်ပုံတစ်ပင်ရှိတယ်။ ဒီထက်ဆိုးဝါးတာမျိုးတွေလည်း ရှိပါသေးတယ်။
မက္ကဆီကို ဆိုင်ရှင်တစ်ဦးက `မတော်တဆအဖြစ်အပျက်တွေ ကျွန်တော် အများကြီးမြင်ဖူးတယ်ဗျာ။ ရထားပေါ်က ပြုတ်ကျပြီးသေတာတွေ၊ ခြေထောက်ပြတ်သွားတာမျိုးတွေ။´
နမူနာတစ်ခုကတော့ အယ်ဆာဗာဒိုက ရိုဆာနာပဲဖြစ်ပါတယ်။ အဲဒီလိုပဲ ရထားပေါ်ကပြုတ်ကျပြီး ခြေထောက်နှစ် ချောင်းလုံးပြတ်သွားတယ်။
`ကျွန်မရထားခေါင်မိုးပေါ်ကနေ လိုက်သွားတာ။ စစ်ဆေးရေးဂိတ်တစ်ခုရှေ့မှာရှိတယ် ဆိုလို့ ပုန်းဖို့အောက် ကိုအဆင်းမှာ ကျွန်မ ပြုတ်ကျသွားခဲ့တယ်လေ။´
ရိုဆာနာတို့လို အဖြစ်အပျက်မျိုးတွေ အများကြီးဖြစ်ခဲ့ဖူးပြီး ဒီခရီးကို စွန့်စားသွားလာနေတဲ့ ရွှေ့ပြောင်းတွေ စိတ်ထဲ မှာလည်း အဲဒီလို ကြောက်စရာအဖြစ်မျိုးတွေက ခြောက်လှန့်နေတတ်ပါတယ်။
နောက်တစ်ယောက်ကလည်း အယ်ဆာဗာဒိုက ဂျေမီလို့ ခေါ်တဲ့ အသက် ၃၀ အရွယ် လူငယ်တစ်ဦးဖြစ်ပါတယ်။ ချာတိတ်ကလေးဘ၀ကတည်းက မိဘတွေနဲ့ အတူ အမေရိကန်ကို တရားမ၀င် သွားရောက်နေထိုင်ခဲ့ပြီး လော့စ်အိန်ဂျလိစ်မှာ၁၅ နှစ်ကြာနေခဲ့ပါတယ်။ သူ့မှာ ဂရင်းကဒ်လို့ခေါ်တဲ့ ခိုလှုံခွင့်ကဒ်ပြားတောင်ရနေပါပြီ။ ဒါပေမယ့် နောက်ပိုင်း ဒုစရိုက်ဂိုဏ်းဝင်တစ်ဦးဖြစ်သွားခဲ့ပြီး ပြစ်မှုကျူးလွန်ခဲ့တဲ့အတွက် ဂရင်းကဒ်ပြန်သိမ်းခံလိုက်ရ ပြီး အယ်ဆာဗာဒိုကို ပြန်ပို့ခံလိုက်ရတယ်။ အဲဒီမှာ အသက် ၁၉ နှစ်ရှိတဲ့ လူပီတာလို့ခေါ်တဲ့ မိန်းကလေးနဲ့တွေ့ပြီး သူ့အပြောအရတော့ လူပီတာက သူ့ဘ၀ကို ပြောင်းလဲပစ်လိုက်တယ် လို့ဆိုတယ်။ အခုတော့ သူတို့နှစ်ယောက် အမေရိကန်ကို အတူတူသွားကြဖို့ ကြိုးစားနေကြတာဖြစ်တယ်။ အမေရိကန်မှာ နှစ်ယောက်အတူတူ ပိုမိုကောင်းမွန် ပြည့်စုံတဲ့ ဘ၀လေးတစ်ခုတည်ဆောက်နိုင်မယ်လို့ မျှော်လင့်ထားကြတယ်။
`ကျွန်တော့် ရည်မှန်းချက်ကတော့ တက္ကဆက်က ဘရောင်းစ်ဗီလီကို ရောက်ဖို့ပါ။ အဲဒီကိုရောက်တာနဲ့ လူပီတာကို ကောင်းကောင်းမွန်မွန်ထားနိုင်ဖို့ ကျွန်တော် အလုပ်ကို ကြိုးစားလုပ်ရတော့မယ်။´
အယ်ဆာဗာဒိုမှာ သူတို့ကြားဖူးနေတဲ့ ဒီခရီးကြမ်းအကြောင်းတွေကြောင့် လူပီတာက ကြောက်လန့်တုန်လှုပ်နေတယ် လို့ ဂျေမီက ပြောပါတယ်။
`ဒီလမ်းခရီးမှာ ဖြစ်ပျက်ခဲ့ဖူးတဲ့ မတော်တဆဖြစ်ရပ်တွေအကြောင်း လူပီတာကို သူတို့ကပြောပြီး ခြောက်လှန့်ထားကြတယ်ဗျာ။ ဒါကြောင့် သူ့ခမျာ လိုက်သာလာရတယ်၊ စိတ်မသက်သာဘူး။ ဘာပဲဖြစ်ဖြစ်ဗျာ ကျွန်တော်ကတော့ ရအောင်သွားမှာပဲ။´
Source: Al Jazeera
Saturday, February 11, 2012
အမေရိကန်နိုင်ငံတွင်း ဒရုန်းသူလျှိုလေယာဉ်များဖြင့် စောင့်ကြည့်မည် (သတင်းဆောင်းပါး)
လာမည့် ၁၀ နှစ်အတွင်း အမေရိကန်ကောင်းကင်ယံတွင် မောင်းသူမဲ့ ဒရုန်းသူလျှိုလေယာဉ် အစင်း ၃၀,၀၀၀ ခန့် မောင်းနှင်ပျံဝဲပြီး စောင့်ကြပ်ကြည့်ရှုနေမည်ဖြစ်သည်။ နိုင်ငံရပ်ခြားစစ်ပွဲများတွင် အကြမ်းဖက်နှိမ်နင်းရေးအတွက် အသုံးပြုခဲ့သော သူလျှိုလေယာဉ်များအား ပြည်တွင်း၌ အသုံးပြုခြင်းအားဖြင့် အမေရိကန်ပြည်သူများအား အမေရိကန် အစိုးရက စစ်ကြေငြာလိုက်ခြင်းသာဖြစ်တော့သည်။
`ဒရုန်းအစင်း ၃၀,၀၀၀ လောက် လေထဲမှာ ခရီးသည်တင်လေယာဉ်တွေနဲ့ အပြိုင်ပျံသန်းနေမယ်လို့ ပြည်ထောင်စုလေကြောင်းထိန်းချုပ်ရေးဌာန FAA က ပြောကြားခဲ့ပါတယ်။´
သမ္မတအိုဘားမား သဘောတူလက်မှတ်ရေးထိုးလိုက်ပြီးနောက် FAA က ၂၀၁၅ တွင် ဒရုန်းလေယာဉ်များ စမ်းသပ်ခွင့်၊ လိုင်စင်လျှောက်ထားခွင့်များ ရရှိမည်ဖြစ်သည်။
မောင့်ဂိုမာရီ၊ တက္ကဆက်တို့အပါအ၀င် နိုင်ငံအနှံ့အပြားတွင် အချို့ဒရုန်းအမျိုးအစားများကို ကင်းလှည့်ရာတွင် အသုံး ပြုနေပြီဖြစ်သည်။ နိုင်ငံတော်လုံခြုံရေးအဖွဲ့ (Department of Homeland Security) က ပြောင်းတိုသေနတ်များ၊ လက်ပစ်ဗုံးများ ပါဝင်သော ရှဲဒိုးဟော့ခ် ဒရုန်းရဟတ်ယာဉ်များကို အသုံးပြုနိုင်မည့် ဥပဒေတစ်ရပ်ပြုစုရန် ကြိုးပမ်းအားထုတ်လျှက်ရှိ သည်။
အမေရိကန် ဥပဒေပြုလွှတ်တော်များတွင်လည်း အမေရိကန်တွင် သူလျှိုလုပ်ငန်းများဆောင်ရွက်ရန် ဒရုန်းများအသုံး ပြုခြင်းကို ခွင့်ပြုထားသည်။ ဒီဇင်ဘာလအတွင်းက မြောက်ဒါကိုတာတွင် SWAT အဖွဲ့က နွားခြောက်ကောင်ပျောက်မှု ဖြင့် သံသယရှိသော ဘရိုဆတ်မိသားစု စိုက်ပျိုးမွေးမြူရေးခြံကို ပရက်ဒက်တာဘီဒရုန်းခေါ် သူလျှိုလေယာဉ်ဖြင့် ထောက်လှမ်းကြည့်ရှုခဲ့သည်။ လွန်ခဲ့သောနှစ် ဇွန်လမှစ၍ အဆိုပါနယ်မြေခံရဲများက အခင်း အခုနှစ်ဆယ်ကျော်ခန့် ဒရုန်းလေယာဉ်များသုံးစွဲခဲ့သည်။
အီရတ်နှင့် အာဖဂန်နစ္စတန်တို့တွင် သုံးစွဲခဲ့သော ယင်းသူလျှိုစံနစ်ကို အမေရိကန်ပြည်ထောင်စုတွင် ဒေါ်လာ သန်း ၅၀ ခန့်အကုန်အကျခံ၍ အကောင် အထည်ဖေါ်ရန် နိုင်ငံတော်လုံခြုံရေးအဖွဲ့က မကြာသေးခင်ကမှ ကြေငြာခဲ့သည်။
အမေရိကန်အစိုးရက ဒရုန်းများကို အမေရိကန်တွင် သူလျှိုလုပ်ရန်ကြိုးစားလျက်ရှိပြီး မည်မျှပင်ရိုးရှင်းသော အခြေအနေ၊ အဖြစ်အပျက်များဖြစ်နေစေကာမူ အကြမ်းဖက်မှုဖြစ်ပွားနိုင်ဖွယ်အလားအလာရှိသည့် အခြေအနေများ အဖြစ်ရှုမြင်သုံးသပ်နေမည်သာဖြစ်သည်။ ထို့ပြင် နိုင်ငံသူ၊ နိုင်ငံသားအချင်းချင်းလည်း သူလျှိုလုပ်၊ သတင်းပေးများ ဖြစ်လာစေရန် အားပေးအားမြှောက်ပြုနေသည့် သဘောဆောင်လေသည်။
အကြမ်းဖက်မှုဆန့်ကျင်တိုက်ဖျက်ရေး အစိတ်အပိုင်းတစ်ရပ်အနေနှင့် FBI က စီးပွားရေးလုပ်ငန်းရှင်များကို သူတို့၏ စားသုံးသူများအား ပြန်လည်သူလျှိုလုပ်ရန် တိုက်တွန်းအားပေးခဲ့သည်။ ထို့ကြောင့် အင်တာနက်ကဖေးဆိုင်များ၊ ဆေးမင်ကြောင်ထိုးဆိုင်များ၊ ကော်ဖီဝယ်သောက်သူများ၊ ဈေးဝယ်သူများ စသည်ဖြင့် မသင်္ကာဖွယ်ရာ ကောင်းကြောင်း သတင်းပေးခံခဲ့ရသည့် မှတ်တမ်းများရှိသည်။
နိုင်ငံတော်လုံခြုံရေးအဖွဲ့က မသင်္ကာဖွယ်ဟု သတ်မှတ်ထားသောအပြုအမူများထဲတွင် ဗွီဒီယိုကင်မရာအသုံးပြုခြင်း၊ ရဲသားများကို သွားရောက်စကားပြောခြင်း၊ ဦးဆောင်းပါသောအင်္ကျီဝတ်ဆင်ထားခြင်း၊ အလုံပိတ်ကားမောင်းနှင်သွား ခြင်း၊ စာရွက်ပေါ်တွင် တစ်ခုခုရေးမှတ်နေခြင်း၊ ဆဲလ်ဖုန်းပါ အသံဖမ်းကိရိယာကိုအသုံးပြုခြင်း စသည်တို့ပါဝင်သည်။
ဟော့ဒေါ့၊ ပီဇာ စသည့် လူစားသုံးမှုအများဆုံး စားသောက်ဖွယ်ရာများကို လမ်းဘေးတွင်ရောင်းချသည့် ဈေးသည် များကို အကြမ်းဖက်သမားထောက်လှမ်းရေးနည်းပညာရပ်များ ပို့ချသင်ကြားပေးရန် နိုင်ငံတော်လုံခြုံရေးအဖွဲ့က လွန်ခဲ့သော အပတ်ကပင် ဆုံးဖြတ်ခဲ့သည်။
ထို့ထက်ပို၍ ဆိုးသည်မှာ နိုင်ငံတော်လုံခြုံရေးအဖွဲ့က စီးပွားရေး၊ နိုင်ငံရေးနှင့် ပတ်သက်၍ အကြမ်းဖက်သမားအဖြစ် သတ်မှတ်နိုင်သည့် အတွေးအခေါ်၊ အယူအဆများကို အဓိပ္ပါယ်ဖွင့်ဆိုချက်များထုတ်ပြန်၍ ရာဇ၀တ်မှုအဖြစ်သတ်မှတ် မည်ဖြစ်သည်။
တနင်္လာနေ့ ရိုက်တာသတင်းဌာန ထုတ်ပြန်ချက်အရ `အမေရိကန်ပြည်ထောင်စု၏ ငွေကြေးအဆင့်လျှောကျကာ ဒေ၀ါလီခံရနိုင်သည်´ ဟု ယုံကြည်သူသည် အစွန်းရောက်သမားဖြစ်ပြီး နိုင်ငံတော်ကိုအချိန်မရွေးအကြမ်းဖက် အန္တရာယ်ပြုနိုင်သည့်သူဟု သတ်မှတ်မည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်လုံခြုံရေးအဖွဲ့က ရွန်ပေါလ် ထောက်ခံသူစစ်ပြန် ရွှေစုဆောင်းရင်းနှီးမြှုပ်နှံသူများသည် နိုင်ငံတွင်းအကြမ်း ဖက်သမားများဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ကြောင့် နိုင်ငံတော်အာဏာပိုင်များ အမြင်တွင် နိုင်ငံသားများသည် အကြမ်းဖက်သမားများဖြစ်နိုင်ချေရှိသူများ အဖြစ် ပစ်မှတ်ထား ချေမှုန်းရမည်ဟု မြင်နေလေသည်။ အမေရိကန်အစိုးရက အမေရိကန်နိုင်ငံသားများကို စစ်ကြေငြာလိုက်လေပြီ။ စောင့်ကြည့်ထောက်လှမ်းမှုများ၊ ခြောက်လုံး၊ လှန့်လုံးများ ဖြင့် ခြိမ်းခြောက်ထားရုံမျှမက
အမျိုးသားကာကွယ်ရေးဥပဒေပြုရေးအဖွဲ့က အတားအဆီး၊ အကန့်အသတ်မဲ့ ဖမ်းဆီးထိန်းသိမ်းထားနိုင်မည့် ဥပဒေ တစ်ရပ်ကို ထုတ်ပြန်လိုက်လေသည်။ ဤဥပဒေအရ အမေရိကန်အစိုးရသည် အမေရိကန်နိုင်ငံသားတစ်ယောက်ကို တရားစီရင်စစ်ဆေးခြင်းမပြုဘဲ အချိန်အကန့်အသတ်မဲ့ ဖမ်းဆီးထိန်းသိမ်းခွင့်ရနိုင်သည်။
Source: Paul Joseph Watson
www.inforwars.com
Sunday, October 23, 2011
ကဒါဖီနှင့် ကြောင်သူတော် ကြွက်သူခိုးများ
ကြောင်သူတော်
အနှီစကားလုံးသည် အလွန်အဓိပ္ပါယ်ပြည့်ဝထိရောက်သော စကားလုံးတစ်လုံးဖြစ်ချေသည်။ တစ်စုံတစ်ယောက်သောသူသည် ဤစကားလုံးဖြင့် ထိုးနှက်ခံရပါက ဆတ်ဆတ်ခါနာသွားစေလောက်အောင် အားပြင်းသော စကားလုံးဖြစ်၏။
သို့ပေသိ လစ်ဗျားတော်လှန်ရေးမတိုင်မီကာလများကလစ်ဗျားပြည်သူများအပေါ် အနောက်အုပ်စုကပြုမူကျင့် ကြံခဲ့သော အပြုအမူများအား ဖေါ်ပြနိုင်ရန် အတွက်မူ ထို့ထက်အားကောင်းသော၊ ထို့ထက်ပြင်းထန်သော စကားလုံး ရှိသေးမူ ကောင်းလေစွ။
တစ်ရံရောခါက လစ်ဗျားခေါင်းဆောင်ကြီး မွမ်မာကဒါဖီသေဆုံးသည့် သတင်းနှင့် ပတ်သက်၍ ၀မ်းသာအားရဖြစ်ရ သည့် အမူအယာမပေါ်အောင်အတင်းဖုံးဖိထားရင်း ရုပ်တည်ကြီးများဖြင့် မှတ်ချက်ပေးနေကြသော အနှီကမ္ဘာ့ခေါင်း ဆောင်ကြီးများ၏ မျက်နှာများကိုကြည့်ရင်း မျက်လုံးများပင်ပြူးထွက်မတတ် အံ့သြကြီးခြင်း မကကြီးခဲ့ရပေသည်တမုံ့။
ဖြစ်ရသည့်အကြောင်းက …
လစ်ဗျားပြည်သူများ၏ အာင်ပွဲကို ဤသို့ရုပ်တည်ကြီးများဖြင့် `ကွန်ဂရက်ကျူလေးရှင်း´ ဂုဏ်ပြုနေသည့် နိုင်ငံခေါင်း ဆောင်များသည် တစ်ချိန်က ကဒါဖီကို ထောက်ခံခဲ့ကြသည့် ပုဂ္ဂိုလ်ကြီးများပင်ဖြစ်နေလေသည်တစ်ကြောင်း၊ ကဒါဖီ ပြန်လည်အားအင်ပြည့်တင်းလာရန်ထောက်ပံ့ခဲ့ကြသည်တစ်ကြောင်း၊ အတိုက်အခံများကို ရက်ရက်စက်စက်ဖိနှိပ်ဖြို ခွင်းနေသည့် ကဒါဖီအကျင့်ကို သိလျက်နှင့် မသိဟန်ဆောင်နေခဲ့ကြသည်တစ်ကြောင်း။
အဘယ်ကြောင့် ကဒါဖီကို ပြန်လည်၍နားလျက်၊ ပါးလျက်လုပ်ကြရသနည်းဟူမူ အဖြေကရှင်း၏။ အနှီခေါင်းဆောင် ကြီးများ၏ တိုင်းပြည်ကိုယ်ကျိုးစီးပွားအတွက်ကိုသာ ငဲ့ကွက်ကြည့်ခဲ့ကြပြီး လစ်ဗျားပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်၊ လွတ်လပ်ခွင့်တို့က အရေးမပါ။ ယခုမှသာ လစ်ဗျားပြည်သူများ၏အခွင့်အရေးများကိုလေးစားပါသည် ဟု ဆိုသဖြင့် ကြောင်သူတော် ကြွက်သူခိုးများသာဖြစ်ချေတော့၏။
ဗြိတိန်နိုင်ငံက ဦးစွာမထမ ကဒါဖီနှင့် ရွှေလမ်းငွေလမ်းဖေါက်ခဲ့သည်။ လစ်ဗျားထောက်လှမ်းရေးအကြီးအကဲ မူဆာ ကူဆာက အမေရိကန်-ဗြိတိန်ပေါင်းစည်းအဖွဲ့များဖြစ်သော စီအိုင်အေ၊ အမ်-ဆယ့်ခြောက် အဖွဲ့များနှင့် စေ့စပ်ညှိနှိုင်း ခဲ့သည်။ ၂၀၀၃ အီရတ်ကျူးကျော်စစ်စတင်ချိန်မှာပင် မိမိ အာဏာ တည်မြဲရေးအတွက်ကစားကွက်ရွှေ့ရတော မည်ဟု ကဒါဖီသဘောပေါက်လာခဲ့သည်။ သဘောပေါက်သည့်အတိုင်းလည်း ကစားခဲ့သည်။
နျူကလီးယားအစီအစဉ်ကိုစွန့်လွှတ်ကြောင်း လက်မှတ်ရေးထိုးခဲ့သည်။ လော့ကာဘီဗုံးခွဲမှုတွင် လစ်ဗျားကနောက် ကွယ်မှပါဝင်ခဲ့ပါသည်ဟု အတိအလင်းဝန်ခံခဲ့သည့် အပြင် အိုစမာဘင်လာဒင်ကိုပင် ဖမ်းဝရမ်းထုတ်ပေးခဲ့သေးသည်။
ဤနေရာတွင် ကြားဖြတ်ပြောလိုသည်က အိုစမာဘင်လာဒင်ကို ကမ္ဘာ့အလိုအရှိဆုံးတရားခံအဖြစ်သတ်မှတ် ထားသည့် အလျှောက် ယင်းကာလများက နိုင်ငံတကာနိုင်ငံရေးနယ်ပယ်များတွင် အိုစမာဘင်လာဒင် မပါမပြီးဖြစ်နေခြင်းမှာ အတော်ပင်အူကြောင်ကြောင်နိုင်လှ သည်။
ဟန်ဆောင်မှု
နောက်ပိုင်း ဗြိတိန်ဝန်ကြီးချုပ်ကြီး တိုနီဘလဲကိုယ်တိုင် ကဒါဖီထံအလည်အပတ်သွားခဲ့သေးသည်။ သူ့ကိုယ်သူ ကမ္ဘာ့ခေါင်းဆောင်ကြီးအဖြစ်သတ်မှတ်ထားသော ဗြိတိန်ဝန်ကြီးချုပ်ကြီးက ကဒါဖီနှင့် အတူရွက်ဖျင်တဲတစ်ခုအတွင်း ထိုင်ကာ အစည်းအဝေးတစ်လျောက်လုံး ပြုံးရွှင်စွာရှိနေလေသည်။ ဤအပြုံးမှာ ဟန်ဆောင်ပြုံးပင်ဖြစ်ကြောင်း ရိုးရိုး လေးကြည့်ရုံဖြင့်သိနိုင်သည်။
သို့သော် အမှန်တကယ်ပင်ဖြစ်လာသည်မှာ ဗြိတိန်က လစ်ဗျားအပေါ်ပိတ်ဆို့မှုများရုပ်သိမ်းပစ်လိုက်သည်။ နိုင်ငံတကာအပယ်ခံဖြစ်နေခဲ့သော ကဒါဖီကို လည်းလူရာသွင်းခဲ့သည်။
ထိုနှစ်အတွင်းမှာပင် ဂျော့ဘုရှ်ကလည်း လစ်ဗျားနှင့်သံတမန်ဆက်ဆံရေးအပြည့်အ၀ပြန်လည်ဖေါ်ဆောင်ခဲ့သည်။ သူတို့ယင်းအစီအမံများဆောင်ရွက်နေသော်လည်း လစ်ဗျားတွင် လူထုကိုအကြမ်းဖက်နှိပ်ကွပ်ထားဆဲ၊ နိုင်ငံတကာ သတင်းသမားများကို ပိတ်ပင်ထားဆဲ၊ ကဒါဖီမိသားစုက လစ်ဗျားအရင်းအမြစ်များကိုကိုယ်ပိုင် ပစ္စည်းများသဖွယ် အသုံးပြုနေဆဲပင် ဖြစ်လေသည်။
ဤခေါင်းဆောင်ကြီးများသည်လည်း ဤအခြေအနေများကို မသိမဟုတ်။ သိပါ၏။ သို့သော် သူတို့အတွက် အရေး မဟုတ်။ သူတို့အရေးက လူကြားကောင်းရုံအသံကောင်းဟစ်ကာဗိုလ်မှူးကြီးကဒါဖီကို လူသိရှင်ကြားဝေဖန်မည်။ သူတို့ အကျိုးစီးပွားအတွက် လူမသိ၊ သူမသိအောင် ဗိုလ်မှူးကြီး ကဒါဖီနှင့်အလုပ်လုပ် မည်။ အကြောင်းက လစ်ဗျားတွင် ရေနံရှိသည်။ ထို့ကြောင့် ကဒါဖီကမိတ်ဆွေဖြစ်သွားပြီ။
၂၀၀၈ ခုနှစ်တွင် ကဒါဖီက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်ဇ်ကို လက်ခံတွေ့ဆုံခဲ့သည်။ ဤအကြိမ် တွင်တော့ တဲအတွင်း၌မဟုတ်တော့။ ဗိုလ်မှူးကြီးကဒါဖီက ရိုက်ဇ်ကိုအလွန်ပင်သဘောကျ နှစ်သက်လေသည်။ ဤအကြောင်းက ထရီပိုလီကို သူပုန်တပ်များဝင်ရောက်သိမ်းပိုက်ပြီးနောက် ကဒါဖီ၏နေအိမ်ခြံဝင်းအတွင်း၌ ရိုက်ဇ်၏ ဓါတ်ပုံများကိုတွေ့ရသော အခါကမ္ဘာကျော်သွားလေတော့သည်။ မေတ္တာထားခဲ့သည့် အတွက်ယခုအခါ ရောင်ပြန်မေတ္တာမှုကို ကဒါဖီတစ်ယောက် အပြည့်အ၀ခံစားခဲ့ရလေပြီ။
နောက်နှစ်တွင် ကဒါဖီသည် အမေရိကသို့ အလည်အပတ်သွားရောက်ခဲ့ပြီး ကုလသမဂ္ဂအထွေထွေညီလာခံကြီးတွင် မိန့်ခွန်းပြောခဲ့လေသည်။ သတ်မှတ်ချိန်က ၁၅ မိနစ်သာ။ သို့သော် ဗိုလ်မှူးကြီးမိန့်ခွန်းချွေသွားသည်က တစ်နာရီခွဲ ကြာသွားလေသည်။
သူ့မိန့်ခွန်းထဲတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီကို အကြမ်းဖက်သမားများဟု စွပ်စွဲခဲ့ပြီး အာဖရိကကိုကျူးကျော် ကိုလိုနီပြုခဲ့ခြင်းများအတွက် လျော်ကြေး ဒေါ်လာ ၇ ဘီလီယံပေးရန်တောင်းဆိုခဲ့သေးသည်။
ယင်းအချက်များမှာ သူမပြောခင်ကတည်းကလူပြောသူပြောများနေပြီဖြစ်ပြီး ပညာရှင်များနှင့် လေ့လာသူများက လုံခြုံရေးကောင်စီ ကိုပြန်လည်ပြုပြင်ပြောင်းလဲမှုများလုပ်ရန်၊ အာဖရိကပြန်လည်တည်ဆောက်ရေးအတွက် ဥရောပမှကူညီရန် ပြောဆို လျက်ရှိကြသည်။ အပြုသဘောဆောင်သော၊ အလေးအနက်စဉ်းစားတင်ပြသော အချက်များကို စာတမ်းပြုစုတင်ပြထားခြင်းများ ရှိနှင့်နေပြီးဖြစ်သည်။
ဗိုလ်မှူးကြီးက ယင်းအချက်များကို ကုလသမဂ္ဂတွင် ပြောဆိုသွားခြင်းမှာ ပညာရှင်များလေ့လာဆန်းစစ်တင်ပြမှုများ ကို အရေးတယူထားလေ့လာသုံးသပ်ခဲ့ပြီးမှ ပြောဆိုခဲ့ခြင်းမဖြစ်တန်ရာ။ သူ့ဝသီအတိုင်း ဒေါသတကြီးအော်ဟစ် ကြိမ်းမောင်းပြောဆိုသွားခြင်းသာဖြစ်၏။ ဤသို့ပြောဆိုသွားသော အပြုအမူကိုလည်း ယနေ့တိုင်လူအများမှတ်မိ နေကြဆဲ။ အပြောကောင်းလွန်း၍ မှတ်မိနေခြင်းတော့ မဟုတ်။ အလိုက်ကန်းဆိုးမသိရဲတင်းလွန်းခြင်းနှင့် အူကြောင် ကြောင်နိုင်မှုတို့ကြောင့်ဖြစ်၏။
သို့သော် ကဒါဖီ၏ ကမ္ဘာ့စင်မြင့်ထက်ရောက်ခြင်းမရောက်ခြင်း၊ အစွန်းအထင်းကင်းခြင်းမကင်းက အရေးမကြီး။ နောက်ထပ်အကောင်းစားအခြေအနေများပင် ထပ်မံပေါ်ပေါက်လာခဲ့သေးတော့သည်။
၂၀၁၀ တွင် အီတလီက ဗိုလ်မှူးကြီးကို ဖိတ်ကြားခဲ့သည်။ စစ်ဝတ်တန်ဆာအပြည့်အစုံနှင့် သွားရောက်ခဲ့ပြီး အီတလီ နိုင်ငံရေးသမားများနှင့်ဖက်လှဲတကင်းရှိခဲ့သည်။ ညစာဖြင့်တည်ခင်းဧည့်ခံမှုကိုသုံးဆောင်ခဲ့သေးသည်။ ကိုလိုနီပြုခဲ့ခြင်း အတွက် အီတလီက ကဒါဖီကို ဒေါ်လာ ၅ ဘီလီယံပေးလျော်လိုက်သေးသည်။ သို့သော် ဤဒေါ်လာ ၅ ဘီလီယံမှာ
အီတလီအတွက် မပြောပလောက်သော ပမာဏသာဖြစ်ပြီး ချူဆီလောင်းလိုက်ခြင်းသာဖြစ်၏။ အပြန်အလှန်အားဖြင့် အီတလီသည် ကဒါဖီနှင့်ကုန်သွယ်ဖက်များဖြစ်သွားလေတော့သည်။
အာဏာရှင်
အလုံးစုံစေ့ငုလိုက်လျှင် အနောက်နိုင်ငံများက အာဏာရှင်တစ်ဦးထံသို့ ယိမ်းယိုင်ခြင်းသည် အာဏာရှင်အားလုံးထံ ယိမ်းယိုင်ခြင်းပင်ဖြစ်တော့သည်။ အာဏာရှင်စံနစ်ဖြင့် တိုင်းပြည်ကိုဓါးမိုးအုပ်ချုပ်နေသော တစ်ဦးတစ်ယောက်တည်း ကို အပိုင်ပေါင်း၍ ကုန်သွယ်ခြင်းက ရှုပ်ထွေးပွေလီလှသော ကုန်သွယ်ရေးနည်းနာ၊ စံနစ်များအောက်တွင် ကြပ်ကြပ် တည်းတည်းလုပ်ကိုင်ရသော ဒီမိုကရေစီနိုင်ငံများနှင့် ကုန်သွယ်ရခြင်းထက် ပိုမိုလွယ်ကူမြန်ဆန် အကျိုးများကြောင်း အနောက်ကသဘောပေါက်၏။ ထို့ကြောင့် အနောက်နိုင်ငံများ၏ မိတ်ဆွေဖွဲ့ပုံကရုပ်လုံးကြွလာကာ မည်သူသည် ငါတို့၏ မိတ်ဆွေဖြစ်ပြီး၊ မည်သူကတော့ ငါတို့၏ မိတ်ဆွေမဟုတ်ဟု ရွေးချယ်ကြကုန်၏။
ယခုအခါ ယင်းတို့၏ မိတ်ဆွေလက်နက်ကိုင်အာဏာရှင်ကြီးများ ယင်ကောင်ကလေးများသဖွယ် တဖြုတ်ဖြုတ်ကျ ဆုံးကုန်သောအခါ အနောက်နိုင်ငံများအဖို့ ဘာလုပ်ရမှန်း မသိတော့ပေ။
`ဒီမိုကရေစီ´ ဟူသောစကားလုံးကို ဘုရားပေးသနားတော်မူ၍ ဒီမိုကရေစီကောင်းကင်ဘုံမှ ကျလာသောစကားလုံးသဖွယ် လျှာဖျားလေးဖြင့် ဖန်တရာတေအောင် ပြောဆိုလာခဲ့ကြပြီး `လူထုဆန္ဒ´ ဟု တဖွဖွရေရွတ်ခဲ့ကြလေသည်။ ထို့ကြောင့် ကဒါဖီက အထိန်းအသိမ်းကင်းမဲ့စွာဖြင့် ဆူပူအုံကြွသူပြည်သူလူထုကို လေကြောင်းမှ ဗုံးကြဲမည်ဟု ကြိမ်းဝါးသော အခါ `လူထုဆန္ဒအရလူထုကိုကာကွယ်ရန်´ ဟူသောအကြောင်းပြချက်ဖြင့် အနောက်က ၀င်ရောက်စွက်ဖက်ကာ ကဒါဖီကို တိုက်လေတော့သည်။ ထိုအခါ အာဏာရှင်တစ်ဦးတစ် ယောက်သည် မိမိ၏ပြည်သူကို ဤသို့ဤနှယ်ကြိမ်းဝါးပြုမူဆောင်ရွက်ပါက ဤသို့ဤနှယ်ပင် ခံရမည်ဟူ၍ တွေးတောယူဆမိလိမ့်မည်။
သို့သော် မှန်းချက်နှင့် နှမ်းထွက်မကိုက်။
ဆီးရီးယားအာဏာရှင် အာဆက် ကိုယ့်ပြည်သူကိုယ်ပြန်သတ်နေသည်မှာ အယောက် ၃,၀၀၀ ကျော်သွားပြီဖြစ်၏။
မည်သူကမျှ ဆီးရီးယားပြည်သူများဘက်မှ ရပ်တည်၍ အာဆက်ကို ဗုံးသွားမကြဲသေး။ အနောက်မှ ပုဂ္ဂိုလ်ကျော်ကြီးများ မည်သူမျှ ရှေ့သို့ထွက်မလာသေး။ ဆီးရီးယားကိုလည်း အင်အားကြီးမိတ်ဆွေများက ကာကွယ်ပေးထားလေသည်။
အာရပ်ကမ္ဘာတွင်လည်း မည်သူကမျှတော့ စစ်ပွဲကိုတွေ့မြင်လိုသည် မဟုတ်သော်လည်း ဆီးရီးယားနှင့် လစ်ဗျား ကြား အနောက်၏ရပ်တည်မှု ကွာခြားပုံကိုကား မျက်ဝါးထင်ထင်မြင်ရ၍ သြောချရပေတော့သည်။
ဤဆောင်းပါးတွင် အစချီထားသကဲ့သို့ပင် `ကြောင်သူတော်များ´ ဟူ၍သာ ကင်ပွန်းနာမ တပ်ရချေတော့မည်။ အာဏာရှင်ကို မြှောက်စားတော့လည်း သူတို့။ ဒီမိုကရေစီဟူသော ကြွေးကြော်သံဖြင့် အာဏာရှင်ကို ချေမှုန်းတော့လည်းသူတို့ပင်ဖြစ်ချေတော့သည်တကား။
Source: Al Jazeera
Imran Khan ၏ The Gaddafi Love-in ends ကို ဘာသာပြန်ဆိုသည်။
အိန္ဒိယ၏ လူမသိသောစစ်ပွဲ
စစ်ပွဲတွေက အိန္ဒိယအရှေ့အလယ်ပိုင်း တောအုပ်တွေထဲမှာနှစ်လေးဆယ်ကြာ ဖြစ်ပွားနေဆဲ။ ကမ္ဘာပေါ်မှာ အကြီးဆုံးလက်နက်ကိုင် ပဋိပက္ခတစ်ခုဖြစ်ပေမယ့် အိန္ဒိယရဲ့ အပြင်ဘက်မှာတော့ လူမသိ၊ သူမသိပါပဲ။
နှစ်ဘက်အပြန်အလှန်တိုက်ပွဲတွေကြားမှာ ကြားညပ်နေတာကတော့ အိန္ဒိယရဲ့အစောဆုံးလူမျိုးစုအဖြစ်သတ်မှတ်ထား တဲ့ အဒီဝသစ်လူမျိုးစုတွေပါပဲ။ လူဦးရေ ၈၄ သန်းးသာရှိပြီး အိန္ဒိယလူဦးရေရဲ့ ၈ ရာခိုင်နှုန်းသာ ရှိတဲ့လူမျိုးစုဖြစ်ပါ တယ်။
မျိုးဆက်ပေါင်းများစွာ ဒီနယ်မြေထဲမှာ လယ်ယာလုပ်ကိုင်စားသောက်လာကြတယ်။ ဒါပေမယ့် အခုတော့ သူတို့ရဲ့ ဘ၀တွေကို ခြိမ်းခြောက်ခံနေရပြီဖြစ်ပါတယ်။ သူတို့နေထိုင်ရာနယ်မြေတွင်းမှာ သဘာဝ အရင်းအမြစ်တွေ ဒေါ်လာ ထရီလီယံနဲ့ ချီပြီးတန်ကြေးရှိနေပါတယ်။ သံထုတ်လုပ်စက်ရုံတွေနဲ့ သတ္တုသန့်စင်စက်ရုံတွေဆောက်လုပ်ဖို့ အတွက် ဒေသခံရာပေါင်းများစွာကို အိန္ဒိယအစိုးရက မောင်းထုတ်ခဲ့ပါတယ်။
အဲဒီလို အခြေအနေတွေနဲ့ ရင်ဆိုင်လာရတဲ့ အဒီဝသစ်လူမျိုးတွေကို အိန္ဒိယမော်ဝါဒီ သူပုန်တွေကစည်းရုံးပြီး သူတို့ လက်နက်ကိုင်အဖွဲ့ထဲကို ၀င်ရောက်စေခဲ့ပါတယ်။မော်ဝါဒီသူပုန်တွေက နာဇာလိုက် လို့လည်း ခေါ်ပြီး အဲဒီတော တောင်တွေထဲမှာ အခြေစိုက်ပါတယ်။
မော်ဝါဒီတွေက အိန္ဒိယအစိုးရကို လက်နက်ကိုင်တော်လှန်ပုန်ကန်နေတာ အိန္ဒိယလွတ်လပ်ရေးရပြီးစလွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ လောက်ကတည်း ကဖြစ်ပါတယ်။အိန္ဒိယရဲ့ ကွန်မြူနစ်ဝါဒီသူပုန်တွေဖြစ်ပါတယ်။ လက်ဦးပိုင်းပိုင်းက မြေယာပြုပြင်ပြောင်းလဲရေးအတွက် တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး အိန္ဒိယရဲ့အကြီးမားဆုံး ပြည်တွင်း လက်နက်ကိုင် သူပုန်တွေဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အိန္ဒိယအစိုးရအနေနဲ့ တိုင်းပြည်ကို ဘယ်လိုအုပ်ချုပ် နေလဲဆိုတဲ့ ပိုပြီးအခြေခံကျတဲ့ မူဝါဒတွေပေါ်မှာ ရပ်တည်တိုက်ခိုက်လာကြပါတယ်။
အိန္ဒိယအစိုးရရဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေ၊ ကျောင်းတွေ၊ ရထားလမ်းတွေကို ဗုံးခွဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ ပြီး ရာပေါင်းများစွာသေဆုံးခဲ့ပါတယ်။ မော်ဝါဒီသူပုန်များကို နိုင်ငံတော်လုံခြုံရေးအကြောင်းပြချက်နဲ့ဖမ်းဆီးထောင်ချ နှိပ်စက်မှုတွေကို အစိုးရကလည်းပြုလုပ်ခဲ့ပါတယ်။မော်ဝါဒီတွေနဲ့ ပတ်သက်ဆက်နွယ်မှုတွေရှိလာမှာစိုးတဲ့ အတွက် ရွာသူရွာသားတွေကို အကြောက်တရားနဲ့ ခြောက်လှန့်အုပ်စိုးခြင်း နည်းလမ်းတွေကိုလည်း အသုံးပြုခဲ့ကြပါတယ်။
၁၉၈၀ ခုနှစ်က စပြီးတော့ မော်ဝါဒီတွေနဲ့ အစိုးရတပ်တွေတိုက်ခိုက်ကြတဲ့နေရာမှာ လူပေါင်း ၁၀,၀၀၀ ကျော်အသက် ဆုံးရှုံးခဲ့ရပြီးတော့ ၁၂ ကျော်နေရာပြောင်းရွှေ့ခဲ့ကြရပါတယ်။ အဲဒီမှာကြားညပ်ခံစားကြရတဲ့ လူအများစုကတော့ ဘယ်ဘက်နဲ့မှမပတ်သက်တဲ့ အပြစ်မဲ့ပြည်သူတွေပဲဖြစ်ပါတယ်။ အများဆုံးဖြစ်တာကတော့ နှစ်ဘက်တိုက်ပွဲတွေကြားမှာ ညပ်ပြီးခံရတာပဲဖြစ်ပါတယ်။ နှစ်ဘက်စလုံးက ထိုးစစ်တွေ၊ တန်ပြန်ထိုးစစ်တွေ ဆင်နွှဲ တိုင်း အကြမ်းဖက်မှုတွေဖြစ်ပွားပြီး ရွာသားတွေခံကြရပါတယ်။
အညွှန်း - အယ်လ်ဂျာဇီယာသတင်းထောက် အီမရန်ဂါဒါ ရေးသားသော India's silent war ဆောင်းပါးကို ဘာသာပြန်သည်။
Source: Al Jazeera
Saturday, October 1, 2011
ဥရောပတွင် လူမျိုးရေးပြဿနာကြီးထွားလာ (ဆောင်းပါး)
![]() |
| ဟိန့်ဇ်-ခရစ်ရှန် စထရာ့ခ်ျ |
နော်ဝေနိုင်ငံတွင် အန်ဒါစ်ဘဲရင်း ဘရီဗစ်၏ အကြမ်းဖက်မှုပြီးနောက် သူ့နောက်ကွယ်တွင် အုံနှင့်ကျင်းနှင့်အဖွဲ့အစည်းရှိနေသေး သည်လားဟူသည်ကို မသိရသေးပေ။ သို့သော် လက်ယာစွန်းရောက်များ၏ ခြိမ်းခြောက်မှုများအား ဥရောပတစ်ခွင် သတိထား ရန် အကြောင်းတစ်ရပ်ဖြစ်လာခဲ့တော့သည်။ နိုင်ငံများစွာတွင် စီးပွားရေးအကြပ်အတည်းများနှင့် အတူ နောက်ထပ်စိုးရိမ်စရာတစ် ခုမှာ မဲဆန္ဒရှင်များသည် လက်ယာစွန်းများကို အားပေးနှစ်သက်ကြသည့် အချက်ဖြစ်သည်။ လက်ယာစွန်းအများစုသည် နိုင်ငံခြား သားများဝင်ရောက်နေထိုင်မှုကို ဆန့်ကျင်ကြပြီး မွတ်စလင်မုန်းတီးကြသည်။
နော်ဝေတွင် လက်ယာ တိုးတက်ရေးပါတီက လွန်ခဲ့သောရွေးကောက်ပွဲတွင် မဲဆန္ဒ ၂၃% ရရှိခဲ့ပြီး ဒုတိယအများဆုံးဖြစ်သည်။ မကြာသေးမီက ပြုလုပ်ခဲ့သော စစ်တမ်းတစ်ခုတွင်နော်ဝေလူမျိုးတစ်ဝက်ခန့်က လူဝင်မှုဥပဒေကို တင်းကြပ်စေလိုသည်။ သို့သော် ဘရီဗစ်အတွက်မူ မလုံလောက်သေးပေ။ သူက နိုင်ငံတွင်းရှိမွတ်စလင်များအားလုံးကို အတင်းအကြပ်ပြည်တော်ပြန်ပို့ ရန်မှာ အစိုးရ၏တာဝန်ဖြစ်သည်ဟု ဆိုသည်။ ထို့နောက် သူနှင့်အယူအဆချင်းတူသူများနှင့် အင်တာနက်ဖိုရမ်များ၊ ဆိုဒ်များတွင် သူ၏အယူအဆများကို ဆွေးနွေးကြသည်။
အသက် ၃၂ နှစ်ဘရီဗစ်သည် အကြမ်းဖက်သတ်ဖြတ်ခြင်းမပြုမီ သူ၏အယူအဆများကို စာမျက်နှာ ၁,၅၀၀ ခန့်ရေးသားဖေါ်ပြခဲ့ သည်။ အော်စလိုတွင် ဗုံးဖေါက်ခွဲခဲ့ပြီး၊ ယူတိုးယားတွင် လူ ၆၈ ယောက်ကို ပစ်မသတ်မီ ဘရီဗစ်သည် သူ့စာများကို သူ့ကဲ့သို့ လက်ယာစွန်းအဆက်အသွယ် ၁,၀၀၃ ယောက်ထံသို့ပေးပို့ခဲ့သည်။ ယင်းအဆက်အသွယ်များထဲတွင် လွန်ခဲ့သောနှစ်အနည်း ငယ်အတွင်း သူ၏အစ္စလာမ်ဆန့်ကျင်ရေးအယူအဆများကို ဆက်ခံထားသော အင်္ဂလန်မှလူများလည်း ပါဝင်သည်ဟု ဘရီဗစ်က ပြောသည်။
သူ့အနေဖြင့်တော့ အင်္ဂလိပ်ကာကွယ်ရေးအသင်း (EDL)ခေါ် အစ္စလာမ်ဆန့်ကျင်ရေးအဖွဲ့ကို အထင်ကြီးကြောင်းဖက်ဆစ် ဆန့်ကျင်ရေး မဂ္ဂဇင်း Searchlight က ၎င်း၏ဝက်ဆိုဒ်တွင် မတ်လအတွင်းက ဖေါ်ပြခဲ့သည်။ ၁၂ ရာစုအတွင်းက ခရူးဆိတ်စစ်ပွဲကို ဦးဆောင် ဆင်နွှဲခဲ့သော နော်ဝေဘုရင် ဆီးဂါတ် ဂျော်ဆယ်ဖဲရ် ၏ အမည်ကို ကလောင်အမည်ယူ၍ ဘရီဗစ်က ရေးသားလေ့ရှိပြီး
“မင်္ဂလာပါ … အားလုံးသော အင်္ဂလိပ်အမျိုးကောင်းသား၊ အမျိုးကောင်းသမီးများခင်ဗျာ …. ။ အဆွေတို့သည် ဥရောပ၏ သားကောင်းများ၊ ဘုရားသခင်၏ လက်ဆောင်များဖြစ်ကြပါပေသည်။ ယခုခေတ်အခါလို ဥရောပမှာ အမှောင်လွှမ်းနေတဲ့ အချိန် အခါမှာ၊ တိုက်ကြီးတစ်ခွင် အစ္စလာမ်လွှမ်းမိုးလာခြင်းကြောင့် သင်တို့၏ စိတ်အားထက်သန်မှုများ၊ သတ္တိများနှင့် ယင်း မကောင်း ဆိုးဝါးကို ဖယ်ရှားပစ်နိုင်ရန် ဥရောပက မျှော်လင့်ချက်ဖြင့် သင်တို့ကို ရှာဖွေလျက်ရှိသည်။”
ဤသို့အရေးအသားများရေးသားလေ့ရှိသည်။
ဘရီဗစ်သည် EDL နှင့်ရော နော်ဝေရှိ အလားတူအဖွဲ့ဖြစ်သော နော်ဝေကာကွယ်ရေးအသင်း (NDL) နှင့်ပါ အဆက်အသွယ်ရှိ ကြောင်း Searchlight အွန်လိုင်းဂျာနယ်တွင်ဖေါ်ပြခဲ့သည်။ သို့သော် EDL ကမူ ဘရီဘစ်၏ ရာဇဝတ်မှုအပေါ် ရှုံ့ချခဲ့သည်။
EDL သည် အစ္စလာမ်အစွန်းရောက် စစ်သွေးကြွများကို ဆန့်ကျင်ရှုံ့ချသော ငြိမ်းချမ်းစွာ ဆန္ဒပြသော အဖွဲ့ဖြစ်ကြောင်း ပြောဆိုခဲ့ သော်လည်း ၂၀၀၉ ခုနှစ်အတွင်း EDL ဆန္ဒပြပွဲများတွင် အကြမ်းဖက်မှုများဖြစ်ပွားခဲ့သေးသည်။
၂၀၁၀ သြဂုတ်လအတွင်းက အင်္ဂလန်နိုင်ငံ လူတန်တွင် ဘောလုံးပရိတ်သတ် ၁၀၀ ကျော်ပါဝင်သော ဆန္ဒပြမှုတစ်ခုတွင် ရုန်းရင်း ဆန်ခတ်မှုများဖြစ်ပွားခဲ့ပြီး ၎င်းအဓိကရုဏ်းကို ဦးဆောင်သော EDL ၏ တည်ထောင်သူ တစ်ဦးဖြစ်သော စတီဖင် လန်နွန်ကို လွန်ခဲ့သော တနင်္လာနေ့က ပြစ်ဒဏ်ချမှတ်လိုက်ပြီဖြစ်ပြီး ၂၀၀၉ ခုနှစ်က အယ်လ်ဂျာဇီယာနှင့် အင်တာဗျူးတစ်ခုတွင် သူက EDL ကို အဘယ်ကြောင့် ဖွဲ့စည်းခဲ့ရကြောင်း ရှင်းပြခဲ့သည်။
“ကျွန်တော်နေတဲ့ လူတန်မြို့မှာ မွတ်စလင်လူငယ်တွေနဲ့ လူဖြူလူငယ်တွေ ကြားမှ တင်းမာနေကြတာ အခုဆိုရင် ဆယ်စုနှစ်တစ်ခုကျော်လာပါပြီ ။ ပထမပင်လယ်ကွေ့စစ်ပွဲ ကတည်းကစပြီး လူမျိုးရေးစိတ်ဓါတ်အရမ်းပြင်းထန်လာတဲ့ မွတ်စလင် လူငယ်တွေနဲ့ကလွဲလို့ လူမည်း၊ လူဖြူ၊ အိန္ဒိယ၊ တရုတ် စတဲ့ လူငယ်တွေနဲ့ ကျွန်တော်တို့နဲ့ အေးအေးဆေးဆေးပဲ။ အန်ဂျမ်ချူဒါရီ တို့လို အမုန်းပွားတရားဟောဆရာတွေကလည်း လူမျိုးစွဲကြီးတဲ့ မွတ်စလင်လူငယ်တွေကို စုဆောင်းပြီး ဟောပြောနေတာ လူတန်မှာ နှစ်အတော်ကြာနေပြီ။ အဲဒီအပေါ်မှာ အစိုးရက ဘာမှအရေးတယူမရှိဘူး ။ ဒါကြောင့် ကျွန်တော်တို့က ဆန္ဒပြဆန့်ကျင်ကြဖို့ ဆုံးဖြတ်ခဲ့ကြတာ။” ဟု သူကပြောဆိုသွားခဲ့သည်။
EDL သည် ဘောလုံးပွဲလူရမ်းကားများနှင့် စုစည်းထားသော အုပ်စုဖြစ်ခြင်းကြောင့် လူထုထောက်ခံမှုမရရှိခဲ့ပေ။ ထို့ကြောင့် အစ္စလာမ်ဆန့်ကျင်ရေးစိတ်ဓါတ်ရှိသည့် တစ်ဦးတစ်ယောက်ချင်းစီကို လိုက်လံစည်းရုံးထားခြင်းဖြစ်နိုင်လေသည်။ EDL သည် အချိတ်အဆက်များကောင်းစွာတည်ဆောက်၍ နော်ဝေနိုင်ငံတွင်း သာမက ဟော်လန်၊ ပြင်သစ်၊ ဆွီဒင်၊ အမေရိကန်နှင့် အစ္စရေးလ်နိုင်ငံများ မှ လူများနှင့် ချိတ်ဆက်ထားနိုင်ခဲ့သည်။
သြစတြီးယားတွင် EDL နှင့်အယူအဆတူသော လွတ်မြောက်ရေးပါတီ (FPO) တစ်ခုရှိလေသည်။ ယင်းပါတီကို အစ္စလာမ်ဆန့်ကျင်ရေး နှင့် လူဝင်မှုတင်းကြပ်ရေးတို့တွင် ပြင်းပြင်းထန်ထန်ထောက်ခံသော ဟိန့်ဇ်-ခရစ်ရှန် စထရာ့ခ်ျက ဦးဆောင်သည်။
၂၀၀၈ ခုနှစ်ရွေးကောက်ပွဲတွင် FPO ပါတီနှင့် အနာဂတ်မဟာမိတ် (BZO) တို့နှစ်ပါတီပေါင်း ဆန္ဒမဲသုံးပုံတစ်ပုံရရှိခဲ့လေသည်။ အစ္စလာမ်ကြီးစိုးရေးကို ဆန့်ကျင်ဝါဒဖြန့် မဲဆွယ်စည်းရုံးခြင်းဖြင့် ယင်းပါတီနှစ်ခုက ဆန္ဒမဲ ၂၉ % ရရှိခဲ့ရာ ဥရောပတစ်ခွင်ရှိ လူ အများအတွက် ကြောက်ခမန်းလိလိတိုးတက်မှုကြီးအဖြစ်ရှုမြင်ကြလေသည်။ ထို့ပြင်၎င်းပါတီနှစ်ခုစလုံးသည် နိုင်ငံခြားသားမုန်း တီးရေး မူဝါဒကို အခြေခံကာမဲဆွယ်စည်းရုံးမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အထူးသဖြင့် FPO သည် နိုင်ငံခြားသားများကို ပြည်တော်ပြန်ပို့ရေးဝန်ကြီးဌာနတစ်ခုတည်ထောင်မည်ဟု ဆိုခဲ့ပြီး ပါတီခေါင်းဆောင် ဟိန့်-ခရစ်ရှန် စထရာ့ခ်ျက လိင်တူဆက်ဆံ ခြင်းကို လှောင်ပြောင်ရှုံ့ချခဲ့ပြီး ဝတ်ရုံခြုံမွတ်စလင်အမျိုးသမီးများကို “မိန်းမနင်ဂျာများ” ဟု လှောင်ပြောင်ခေါ်ဝေါ်ခဲ့သည်။ ထို့ပြင် စထရာ့ခ်ျက ၁၉၄၇ တွင် ပြဋ္ဌာန်းခဲ့သော သြစတြီးယား၏ နာဇီလက်သစ်ဝါဒကို တားမြစ်သောဥပဒေကို ပုတ်ခတ်ပြောဆိုခဲ့သည်။
နောက်ပိုင်းတွင် စထရာ့ခ်ျသည် လူအများစဉ်းစားစရာပုဂ္ဂိုလ်ဖြစ်လာခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် စစ်ဝတ်စုံအပြည့်နှင့် သေနတ်ဟု ထင်ရသော အရာတစ်ခုကို ဆုပ်ကိုင်ထားရင်း တောထဲတွင်ရိုက်ထားသည့်သူ့ဓါတ်ပုံများ ပေါ်ထွက်လာခဲ့သည်။ ယင်းဓါတ်ပုံများ သည် နာဇီလက်သစ် လေ့ကျင့်ရေးအတွက် လူငယ်စခန်းသွင်းလေ့ကျင့်ရေးစခန်းတွင်ရိုက်ကူးထားသောပုံများဖြစ်သည်ဟု စွပ်စွဲချက် များထွက်ပေါ်လာခဲ့သော်လည်း စထရာ့ခ်ျက မဟုတ်မှန်ကြောင်း၊ ရောင်စုံဘောလုံးသေနတ်ပစ်ကစားနေခြင်းသာဖြစ် ကြောင်း ပြန်လည်ရှင်းပြခဲ့သည်။ ဘားတစ်ခုအတွင်း၌လည်း နာဇီစတိုင် လက်သုံးချောင်းဖြင့်အလေးပြုနေသည့် သူ့ဓါတ်ပုံထွက် ပေါ်လာ သည့်အခါကလည်း သူက ဘီယာသုံးခွက်မှာယူစဉ်ဓါတ်ပုံရိုက် ခံလိုက်ရခြင်းသာဖြစ်ကြောင်းပြန်လည်ချေပခဲ့လေသည်။
FPO ပါတီသည် အစွန်းရောက်ဝါဒနှင့် ကင်းကင်းရှင်းရှင်းရှိပါသည်ဟု ကြိုးစားရပ်တည်နေသော်လည်း စတင်တည်ထောင်သူများ မှာ ယခင်က SS* တပ်ဖွဲ့ဝင်ဟောင်းများဖြစ်ကြသော အန်တွန်ရိန်းသလာနှင့် ဟားဘတ်ရှဝင်ဂါ တို့ဖြစ်ကြသည်။ ၂၀၀၈ ခုနှစ် အတွင်း ရှဝင်ဂါ၏နေအိမ်၌ ကျွန်ုပ်သည် ရှဝင်ဂါနှင့် ငါးကြိမ်မြောက် အင်တာဗျူးတစ်ခုပြုလုပ်ခဲ့သည်။ထို့နောက် ရက်သတ္တပတ် အနည်းငယ် အကြာတွင် နာဇီလက်သစ်ဝါဒကို ပြောဆိုစည်းရုံးလှုံ့ဆော်မှုကြောင့် တရားစွဲဆိုခံခဲ့ရသည်။ သို့သော် လွန်ခဲ့သော ဇူလိုင်လ အတွင်းက ရှဝင်ဂါ ကွယ်လွန်သွားပြီဖြစ်သည်။
*(SS ဟူသည်မှာ ဂျာမန်စကား Schutzstaffel ဟူသောဝေါဟာရ၏ အတိုကောက်စာလုံးဖြစ်ပြီး “ကာကွယ်ရေးတပ်ဖွဲ့” ဟု ဘာသာပြန်၍ရကောင်းရနိုင်သော်လည်း ဘာသာမပြန်ဘဲ ထားခြင်းကပို၍သင့်လျှော်သည်။ SS တပ်ဖွဲ့ကို ဟစ်တလာ၏ ကိုယ်ရံ တော်တပ်ဖွဲ့အနေနှင့် ဖွဲ့စည်းခဲ့ပြီး SA ခေါ် ရှပ်ညိုတပ်များ၏ တပ်ဖွဲ့ခွဲတစ်ခုဖြစ်သည်။ ၁၉၃၄ တွင် ရှပ်ညိုတပ်များ၏ လက်အောက်တွင် မရှိတော့ဘဲ ဟစ်တလာလက်ရုံး ဟင်းမလားကိုယ်တိုင်တိုက်ရိုက် အုပ်ချုပ်သော သီးခြားတပ်ဖွဲ့တစ်ခုဖြစ်လာ သည်။ ယင်းတပ်ဖွဲ့သည် နာဇီတို့၏ အကြမ်းဖက်လုပ်ရပ်များကို အဓိကလုပ်ကိုင်သော တပ်ဖွဲ့ဖြစ်လာပြီး ချွေးတပ်စခန်းများကို ကိုင်တွယ်ခဲ့ကြသည်။ ၁၉၃၆ ခန့်တွင် အကြမ်းဖက်လုပ်ရပ်များအားလုံးကို အဓိကမောင်းနှင်သော ယန္တယားတစ်ခုလုံးဝဖြစ်လာခဲ့ တော့သည်။ ၁၉၃၀ ခုနှစ်များအတွင်း SS တပ်ဖွဲ့များနောက်ထပ်အများအပြားတိုးချဲ့ဖွဲ့စည်းခဲ့ပြီး ပင်မဂျာမန်တပ်မတော်ကြီးနှင့် အတူ တာဝန်ထမ်းဆောင်ခဲ့ကြသည်။ ယင်း SS စစ်တပ်ကို Waffen-SS တပ် ဟုခေါ်ပြီး ချွေးတပ်များကို ကွပ်ကဲသော SS တပ်ကို “Tokenkonfverbaende” (ခေါင်းပြတ်တပ်) ဟုခေါ်သည်။
SS တပ်များအားလုံးသည် ရေပေါ်ဆီလူတန်းစားများဖြင့်ဖွဲ့စည်းထားသော တပ်ဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်း SS တပ်များတွင် နိုင်ငံခြားသား အပျော်တမ်းစစ်သည်များကို လက်ခံခဲ့သည်။ ဂျာမန်ပင်မတပ်မတော်အတွင်း၌ မူနိုင်ငံခြားသား စစ်သည်များကို လက်မခံပေ။ ထို့ကြောင့် ယူကရိန်း၊ လတ်ဗီးယား၊ လစ်သူယေးနီးယား၊ ဘော့စနီးယား စသည့်နိုင်ငံသားများ ပါဝင်အမှုထမ်းကြသည်။ ယေဘုယျအားဖြင့် SS တပ်သည် နာဇီဝါဒကို အလွန်အမင်းထောက်ခံအားပေးသည် တပ်ဖြစ်သည်။ ရာထူးရာခံများကို သာမန်ဂျာမန်လူမျိုးများအား ပေးအပ်လေ့ရှိသည်။
အခြားသော စစ်တပ်များကဲ့သို့ပင် SS တပ်တွင်လည်း အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သား စသည့်အဆင့်အတန်းများဖြင့် ဖွဲ့စည်း ထားသည်။ သို့သော် အခြားစစ်တပ်များတွင်ပေးထားသော ရာထူးအမည်များနှင့် မတူဘဲ တစ်မူထူး၍ပေးလေ့ရှိသည်။ အဘယ်ကြောင့်ဆိုသော် ရာထူးအမည်များအား နိုင်ငံခြားတပ်များမှ ဖွဲ့စည်း မှည့်ခေါ်ထားသည့် အမည်များကိုပေးလေ့မရှိပေ။
ထို့ကြောင့် ဥပမာအားဖြင့် SS တပ်တွင် ဗိုလ်မှူးရာထူးရှိသူမျိုးကို “Sturmbannführer” ဟုလည်းကောင်း၊ ဗိုလ်ချုပ်ရာထူးရှိသူ ကို “Obergruppenführer” ဟုလည်းကောင်း ခေါ်သည်။ )
ရှဝင်ဂါ ဟာ အသက် ၈၅ နှစ်ရှိပြီဖြစ်ပြီး စိတ်ဓါတ်ထက်မြက်သူဖြစ်ကြောင်း၊ နာဇီဝါဒီတစ်ယောက်ဖြစ်ခြင်းကို ဂုဏ်ယူဝံ့ကြွားဆဲ ဖြစ်ကြောင်းတွေ့ရှိရပြီး သြစတြီးယား၊ ဂျာမဏီတို့ရှိ လက်ယာစွန်းရောက်များ၏ ကြိုးကိုင်ဆရာကြီးတစ်ဦးဖြစ်ကြောင်း သူ့ကိုယ်သူပြောသည်။ အဒေါ့ဟစ်တလာ၏ ကိုယ်ရံတော် တင့်ကားတပ်ခွဲတွင် ဗိုလ်ကလေးအဖြစ်နဲ့ တာဝန်ထမ်းဆောင်ခဲ့ သူဖြစ်၏။
ဒုတိယကမ္ဘာစစ်အတွင်း မဟာမိတ်တို့၏ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး စစ်အကျဉ်းခန်းကိုရောက်ရှိခဲ့သည်။ စစ်အကျဉ်းစခန်းမှ ထွက်ပြေး လွတ်မြောက်လာပြီးနောက် မွေးရပ်နိုင်ငံသြစတြီးယားသို့ပြန်လည်ရောက်ရှိကာ ၁၉၄၇ မှစ၍ ပေါ်ပေါ်တင်တင်ပင်နေထိုင်ခဲ့သည်။ နိုင်ငံရေးလောကတွင်း ထဲထဲဝင်ဝင် ပါဝင်လှုပ်ရှားခဲ့သည်။
သြစတြီးယားတွင် နိုင်ငံရေးပါတီသုံးခုကို တည်ထောင်ခဲ့သူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ ယင်းပါတီများမှာ VDU၊ ဖျက်သိမ်းခံ NDP နှင့် FPO တို့ဖြစ်သည်။ ကျွန်ုပ်တို့နှင့် အင်တားဗျူးစဉ်အတွင်း ဘာချန်ချက်ဖ်တန် (လက်ယာစွန်းရောက် ညီအကိုများအဖွဲ့) နှင့်ပူးပေါင်းကာ အကြမ်းဖက်လုပ်ငန်းများ၊ လက်ယာစွန်းလေ့ကျင့်ရေးသင်တန်းများပေးခဲ့ကြောင်း ဝန်ခံပြော ဆိုသွားခဲ့သည်။ ဘာချန်ချက်ဖ်တန်အဖွဲ့သည် ၁၉၆၁ မှစ၍ အီတလီနယ်မြေဖြစ်နေသော တိုင်ရိုးလ်တောင်ပိုင်းနယ်မြေနှင့် သြစတြီးယားပြန်လည်ပေါင်းစည်းရေးအတွက် တိုက်ပွဲဝင်နေသော အဖွဲ့ဖြစ်သည်။
“ကျုပ်က SS တပ်မှာတုန်းက ဖေါက်ခွဲရေးကျွမ်းကျင်သူပဲ။ ဒီတော့ ဘာချန်ချက်ဖ်တန်အဖွဲ့သားတွေကို ဖေါက်ခွဲရေး ပစ္စည်းလုပ်နည်းတွေ ကျုပ်ကသင်ပေးတယ်။ ကျုပ်နဲ့ ကျုပ်ဇနီးပိုင်တဲ့ ဟိုတယ်ကို လေ့ကျင့်ရေးစခန်းအဖြစ်ဖွင့်ထားတယ်။” ဟု ပြောလေသည်။ ဗုံးခွဲတိုက်ခိုက်မှုများကြောင့် ထိုစဉ်က အီတလီတွင် လူသုံးဆယ်ခန့်သေဆုံးခဲ့လေသည်။ ယင်းအတွက် နော်ဘတ်ဘာဂါဆိုသူတွင်တာဝန်ရှိလေသည်။ နောက်ပိုင်းတွင် ရှဝင်ဂါနှင့်ပေါင်း၍ နာဇီလက်သစ်ဝါဒီ NDP ကိုတည်ထောင်ခဲ့ပြီး ပိတ်ပင်ဖျက်သိမ်းခြင်းခံခဲ့ရလေသည်။ ရှဝင်ဂါကို ၁၉၆၂ တွင်ဖမ်းဆီးထိန်းသိမ်းကာ စစ်ဆေးခဲ့သော်လည်း အပြစ်မရှိကြောင်း အတည်ပြုပြီး တရားသေလွှတ်ပေးခဲ့လေသည်။
ရှဝင်ဂါသည် FPO ကိုထောက်ခံပြီး ပါတီခေါင်းဆောင် စထရာ့ခ်ျ၏ အစ္စလာမ်ဆန့်ကျင်ရေးနှင့် လူဝင်မှုတားဆီးရေးပေါ်လစီများ မှန်ကန်ကြောင်း ပြောသည်။ အသက်ကြီးပြီဖြစ်သော်လည်း သြစတြီးယားနှင့် ဂျာမဏီတို့ကို ခေါက်တုံ့သွားကာ နာဇီလက်သစ်ဝါဒီ မြေအောက်အဖွဲ့ငယ်များကို နာဇီအခြေခံဝါဒများသင်ကြားပို့ချပေးလျက်ရှိကြောင်း ပြောသည်။ ယင်းအဖွဲ့ငယ်များသည် FPO ကဲ့သို့သော ပါတီများနှင့် အဆက်အသွယ်ရှိကြောင်းလည်းဆိုသည်။
FPO က ယင်းအချက်ကို ငြင်းဆိုသော်လည်း နာဇီလက်သစ်ဝါဒီများကို စောင့်ကြည့်နေသော သြစတြီးယားအတိုက်အခံဆိုင်ရာ ဗီယင်နာအထောက်အထား (DOW) မှ စာရွက်စာတမ်းအထောက်အထားများအရ FPO သည် ပါတီဝင်အဖြစ်ပါဝင်နေသော ဘာချန်ချက်ဖ်တန်အဖွဲ့သားများမှ တစ်ဆင့် နာဇီလက်သစ်ဝါဒီများနှင့် အဆက်အသွယ်များရှိကြောင်း တွေ့ရှိရလေသည်။
ဒုတိယကမ္ဘာစစ်ပြီးနောက် ဘာချန်ချက်ဖ်တန်အဖွဲ့ကို မဟာမိတ်တို့က ပိတ်ပစ်လိုက်လေသည်။ သို့သော် ၁၉၅၀ ခုနှစ်များ အတွင်း ပြန်လည်ဖွဲ့စည်းခဲ့သည်။ ၁၉၈၇ ခုနှစ်တွင် အစွန်းရောက်အဖွဲ့များကြားတွင် အစွန်းအရောက်ဆုံးဖြစ်သော အိုလံပီယာ အဖွဲ့က ရူးဒေါ့ဖ်ဟက်ဇ်ကို နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် တင်ပြခဲ့သည်။ FPO ပါတီတွင် အကြီးတန်းအရာရှိများမှာ ဘာချန်ချက်ဖ်တန်အဖွဲ့သားများဖြစ်သည်။ ယင်းတို့ထဲတွင် စထရာ့ခ်ျနှင့် မာတင်ဂရပ်ဖ်တို့ပါဝင်သည်။ ရွေးကောက်ပွဲပြီးနောက် မာတင်ဂရပ်ဖ်ကို ဒုတိယသမ္မတအဖြစ် သြစတြီးယားပါလီမန်က ရွေးချယ်တင်မြှောက်ခဲ့သည်။ သူ့ကိုဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းအပေါ် ချွေးတပ်စခန်းများတွင်နေထိုင်ခဲ့ဖူးပြီး အသက်ရှင်ကျန်ရစ်နေခဲ့သူများက အပြင်းအထန်ကန့် ကွက်ခဲ့ကြသည်။ FPO ၏ အန်ဒါးစ် မော်လ်ဇာသည်လည်း ဘာချန်ချက်ဖ်တန်တစ်ဦးဖြစ်ပြီး လန်ဒန်တွင် ဗြိတိန်အမျိုးသားပါတီ နှင့်တွေ့ဆုံခဲ့သည်။ ဂရပ်ဖ်၊ စထရာ့ခ်ျနှင့် မော်လ်ဇာတို့က FPO သည် အစွန်းရောက်များနှင့် မပတ်သက်ဟု အပြင်းအထန်ငြင်းဆို ကြပြီး နာဇီလက်သစ်ဝါဒ တားမြစ်ဥပဒေကိုသာ ဝေဖန်ပြောဆိုပြီး လွတ်လပ်စွာထုတ်ဖေါ်ခွင့်ကိုပြောဆိုနေခြင်းဖြစ်ကြောင်း ဆိုကြသည်။
ဝို့ဖ်ဂန်ပါချယ်လာသည် ထင်ရှားသော လေးစားထိုက်သည့် စာရေးဆရာတစ်ဦးဖြစ်ပြီး သြစတြီးယား လက်ယာစွန်းရောက်များ ကိုဝေဖန်ခြင်းကြောင့် အသက်အန္တရာယ်ကိုပင် ခြိမ်းခြောက်ခံရလျက်ရှိသည်။ သူက နာဇီလက်သစ်ဝါဒီများသည် အတိတ်က အမှားများကို သင်ခန်းစာယူခဲ့ကြပြီး ယခုအခါ ခေတ်စားသောပါတီနိုင်ငံရေးတွင်း စီးမျောကာ လူထုထောက်ခံမှုရရှိရေးအတွက် ဆောင်ရွက်နေကြကြောင်းပြောဆိုခဲ့သည်။
“ရှဝင်ဂါလို ပုဂ္ဂိုလ်မျိုးကို ကြည့်ပေါ့ဗျာ။ ရာစုနှစ်ဝက်လောက်ကို နာဇီလက်သစ်ဝါဒီတွေရဲ့ ရုပ်သေးကြိုးကိုင်ဆရာကြီး အဖြစ်နဲ့ တောင်တွေကြားမှာ ကျင်လည်လာတာ။ သူတောင် နိုင်ငံရေးပါတီထောင်တာကတစ်ဖက်၊ဗုံးကိုဘယ်လိုလုပ်ရတယ် ဆိုတာ သင်ပေးတာက တစ်ဖက် လုပ်နေနိုင်သေးတာ။ ပြီးတော့ ဘာချန်ချက်ဖ်တန်တွေလည်း အကြမ်းဖက်လုပ်ရပ်တွေလုပ်ခဲ့ တဲ့သမိုင်းရှိခဲ့တယ်။ ဒါပေမယ့် လက်ရှိ နိုင်ငံရေးပါတီတွေနဲ့ အဆက်အသွယ်တွေရှိနေတာပဲ။ အဲဒီထဲမှာ သြဇာအာဏာရှိတဲ့ ပညာတတ်တွေ၊ ရဲတွေ၊ တရားရေး ဝန်ထမ်းတွေ၊ ပါလီမန်အမတ်တွေ ပါတာပဲ။ နာဇီလက်သစ်တွေဟာ အတိတ်က အမှားတွေအပေါ်သင်ခန်းစာယူပြီး ဒီနေ့ ခေတ်စားနေတဲ့ ပါတီနိုင်ငံရေးဝင်လုပ်ပြီး လူထုထောက်ခံမှုရအောင် လုပ်နေကြတယ်။ အဲဒီတော့ FPO ကသာ နာဇီလက်သစ်ဝါဒတားမြစ်ဥပဒေကို ပယ်ဖျက်လိုက်နိုင်ပြီဆိုရင် ဘာဖြစ်မလဲ စဉ်းစားပေါ့ဗျာ။”
FPO ပါတီအနေနှင့်လည်း အလားအလာကောင်းများရှိနေသည်။ လွန်ခဲ့သောအောက်တိုဘာလတွင်းက ကျင်းပသော ဗီယင်နာ ပြည်နယ်ရွေးကောက်ပွဲတွင် ထောက်ခံမဲ ၂၇% အထိတိုးတက်ရရှိခဲ့သည်။ နောက်လတွင် FPO ကကြီးမှူးကျင်းပသော နှစ်ရက် ကြာ ညီလာခံသို့ ဆွီဒင်ဒီမိုကရက်ပါတီဝင်များ၊ အီတလီ လီဂါနော့ပါတီဝင်များ၊ ဒိန်းမတ် ပြည်သူ့ပါတီမှ ကိုယ်စားလှယ်များ စသည်ဖြင့် ဥရောပတစ်ခွင်မှ လက်ယာစွန်းအဖွဲ့များ တက်ရောက်ခဲ့သည်။ စထရာ့ခ်ျသည် FPO ကို လူရိုသေ၊ ရှင်ရိုသေဖြစ် အောင် လုပ်နိုင်ခဲ့ပြီး နော်ဝေလူမျိုး ဘရီးဗစ်အမှုနှင့် ပတ်သက်၍ အန္တရာယ်အစစ်အမှန်မှာ ဘရီးဗစ်မဟုတ်၊ မွတ်စလင်များသာ ဖြစ်သည် ဟု မှတ်ချက်ပေးပြောဆိုခဲ့သော ပါတီတာဝန်ရှိသူတစ်ဦးကို လွန်ခဲ့သော အပတ်က ထုတ်ပယ်ပစ်ခဲ့သည်။
ရုရှသည်လည်း လူမျိုးရေးခွဲခြားမှုများနှင့် အစ္စလာမ်ဆန့်ကျင်ရေးလှုပ်ရှားမှုများ တိုးပွားလာနေသော တိုင်းပြည်ဖြစ်သည်။ လွန်ခဲ့ သောနှစ်များအတွင်း နာဇီလက်သစ်ဝါဒီအရေအတွက် တိုးပွားလာခဲ့လေသည်။ ယင်းတို့ထဲမှ အစွန်းရောက်ဆုံးသူများက တစ်ချိန်က ဆိုဗီယက်ပြည်ထောင်စုဝင်ဖြစ်ခဲ့သော ချေချင်းညာ၊ တာဂျစ်စတန်နှင့် ကော့ကေးဆပ်တို့မှ ဝင်ရောက်အခြေချနေထိုင် ကြသော နိုင်ငံခြားသားများကို သတ်ဖြတ်လာကြသည်။
ယခုနှစ်ဇူလိုင်လအတွင်းကပင် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက ရုရှတွင် လူမျိုးရေးအခြေခံအကြမ်းဖက်မှု များ စိုးရိမ်ဖွယ်ဖြစ်ပွားလျက်ရှိကြောင်း အစီရင်ခံစာတစ်စောင်ထွက်ပေါ်လာခဲ့လေသည်။ SOVA ခေါ် သတင်းအချက်အလက်နှင့် ဝေဖန်စိစစ်ရေးဌာနမှ အချက်အလက်များကို ကိုးကား၍ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး၏ အစီရင်ခံစာတွင် ၂၀၁၀ ၌ လူမျိုးရေး အမုန်းတရားကြောင့် သတ်ဖြတ်ခံရသူ ၃၇ ဦး ရှိကြောင်း ဖေါ်ပြခဲ့သည်။
“ဧပြီလအတွင်းက မော်စကိုတရားသူကြီး အက်ဒျူရက် ချူဗက်ရှို့ အသတ်ခံခဲ့ရသည်။ လူမျိုးရေးအမုန်းတရားဖြင့် ရာဇဝတ်မှုကျူးလွန်သူများကို ထောင်ဒဏ်နှစ်ရှည်ချမှတ်ခဲ့ခြင်းကြောင့် သူ့ကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာလတွင် အသက် ၂၂ ရှိ ဗက်ဆီလီး ခရီဗက်အား ဆလာဗစ်လူမျိုးဝင်* မဟုတ်သော လူ ၁၅ ယောက်ကို သတ်ဖြတ်ခဲ့မှုဖြင့် ထောင်ဒဏ် တစ်သက်ချမှတ်ခဲ့သည်။ ထို့နောက် အစွန်းရောက်ဆုံးအရက်စက်ဆုံး နာဇီလက်သစ်ဝါဒီငါးဦးပါဝင်သော အဖွဲ့တစ်ဖွဲ့မှ အဖွဲ့ဝင် တစ်ယောက်ကို လူ ၂၇ ယောက်အား သတ်ဖြတ်မှုဖြင့် ထောင်ဒဏ်ပေးလိုက်သည့်အခါတွင်မှယင်းလူမျိုးရေးမုန်းတီးမှုပြဿနာ များ၏ အတိမ်အနက်ကို သတိထားမိကြတော့သည်။ သူတို့သည် မြောက်ပိုင်းအမျိုးသားဆိုရှယ်လစ်အဖွဲ့အစည်းတွင် ပါဝင်သူများ ဖြစ်ကြပြီး မော်စကိုတရားရုံးမှ ထောင်ဒဏ်တစ်သက်ချမှတ်ခဲ့သည်။ အတွဲလိုက်သတ်ဖြတ်မှုများထဲတွင် သူတို့ အဖွဲ့အစည်းဝင် တစ်ဦးဖြစ်သူကို ခေါင်းဖြတ်သတ်သော ဗွီဒီယိုမှတ်တမ်းပါ အဖြစ်အပျက်လည်း အပါအဝင်ဖြစ်သည်။” ဟု၍ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး၏ အစီရင်ခံစာတွင်ရေးသားဖေါ်ပြထားသည်။
*(ဆလာဗစ် ဆိုသည်မှာ အင်ဒို-ဥရောပဘာသာစကားပြောအုပ်စုဝင် နိုင်ငံများဖြစ်ကြသော ဘီလာရုစ်၊ ဘူလ်ဂေးရီးယား၊ ချက်ဇ်၊ ပိုလန်၊ ဆားဘီးယား၊ ခရိုအေးရှား၊ ဆလိုဗင်း၊ ရုရှ၊ ယူကရိန်း နိုင်ငံများပါဝင်ပြီး ရုပ်ဆင်းအင်္ဂါနှင့် စကားချင်း အတော်ပင် တူညီကြလေသည်။)
တရားရုံးတွင် အမှုကို စစ်ဆေးစဉ် အသားမဲသောလူများကို တမင်ရွေးချယ်၍ မည်သို့မည်ပုံသတ်ဖြတ်ခဲ့ကြောင်း တရားခံက ပြော ပြခဲ့သည်။ ထို့ပြင် သူတို့အဖွဲ့ဝင်များထဲမှ တစ်ဦးဖြစ်သူက ရဲကိုသတင်းပေးမှု၊ အဖွဲ့ရံပုံငွေကို ခိုးယူမှုတို့ကြောင့် သူတို့ကိုယ်တိုင် ခေါင်းဖြတ်သတ်ခဲ့သည့် အမှုကိုလည်း ကျူးလွန်ခဲ့ကြသည်။ ယင်းသို့ခေါင်းဖြတ်စီရင်ရာတွင် လူရွှင်တော်မျက်နှာဖုံးများကို စွပ်ထား ကြပြီး အမျိုးသားရေးသီချင်းများကို သီဆိုခဲ့ကြပုံကို ဗွီဒီယိုရိုက်ကူးကာ အွန်လိုင်းပေါ်၌ လွှင့်တင်ခဲ့သည်။ ယင်းအမှုပြီးနောက် အမျိုးသားရေးအဖွဲ့တစ်ဖွဲ့က ရုရှ၏ တတိယအကြီးဆုံးပါတီတစ်ခုဖြစ်သော လစ်ဘရယ်ဒီမိုကရက်တစ်ပါတီနှင့် ပူးပေါင်းလိုက် ကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့သည်။ ယင်းပါတီသည် ရုရှလူမျိုးများနှင့် ရုရှတို့၏ အကျိုးစီးပွားကာကွယ်ရေးဟူသော မူဝါဒ ကိုင်ဆွဲသည်။
နော်ဝေမှ ဘရီဗစ်သည်လူ ၇၆ ယောက်ကို သတ်ဖြတ်ပြီး ဥရောပကို အစ္စလာမ်ရန်မှကာကွယ်ရမည်ဟု ပြောဆိုခဲ့သည်။ သူပါဝင် လှုပ်ရှားနေသော အွန်လိုင်းကွန်ယက်မှ အဖွဲ့ငယ်နှစ်ဖွဲ့မှာ လှုပ်ရှားမှုများဆက်လက်ဆောင်ရွက်နေကြောင်း ပြောသည်။ ဘရီးဗစ် သည် တစ်ကိုယ်တော်သမား ဟုတ်မဟုတ် စောင့်ကြည့်ရဦးမည်ဖြစ်သည်။ သို့သော် ဥရောပတွင် လက်ယာစွန်းရောက်များ ထကြွနေပြီ ဆိုသည့် အချက်ကိုမူ ငြင်း၍မရပေ။
ဆောင်းပါးရှင် Billy Briggs ၏ “Racism on the rise in Europe” ဆောင်းပါးကို ဘာသာပြန်ဆိုသည်။
ဆောင်းပါးရှင် Billy Briggs သည် သတင်းစာဆရာတစ်ဦးဖြစ်ပြီး New Statesman , The Guardian, The Sunday Times နှင့် အခြားကမ္ဘာတစ်ဝှမ်းသတင်းစာများတွင် ရေးသားနေသော ဆောင်းပါးရှင်တစ်ဦးဖြစ်သည်။
Source: Al Jazeera (Opinion)
Sunday, September 25, 2011
ဂျပန်နိုင်ငံနှင့် ပက်ချင်ကိုဂိမ်းဆိုင်များ
ယောင်လို့ပဲဝင်သွားသွား၊ စပ်စုချင်လို့ပဲဖြစ်ဖြစ်၊ တစ်ချက်ကလေးဝင်ကြည့်ပြီး အိမ်သာအသုံးပြုချင်လို့ပဲဖြစ်ဖြစ် ဂျပန်မှာ နေဖူး တယ်။ ဂျပန်ကို အလည်သွားဖူးတယ် ဆိုရင်တော့ ပက်ချင်ကို ထဲကို ခင်ဗျား အနည်းဆုံးတစ်ခေါက်တော့ ရောက်ဖူးခဲ့မှာပဲ။
အဲဒီလို ရောက်ဖူးသွားခဲ့တယ် ဆိုရင်လည်း ခင်ဗျားမှာမေ့မရနိုင်တဲ့ အတွေ့အကြုံတစ်ခုတော့ သေချာပေါက်ရလာမှာပဲ။
ဂျပန်အနှံ့မှိုလိုပေါက်နေတဲ့ အဲဒီလောင်းကစားစက် (ဂိမ်း) ဆိုင်ထဲကိုပထမဦးဆုံးအကြိမ်ဝင်မိရင် အခြားနေရာတစ်ခုကို ရောက်သွားသလို ခံစားရမှာပါ။ အဆက်မပြတ် တဝီးဝီး၊ တစီစီမြည်နေတဲ့ အသံတွေနဲ့ ပင်ရိုက်သံတွေက ခင်ဗျားကို ဆီးကြိုနှုတ် ဆက်နေမှာဖြစ်ပြီး မှုန်မွှားမွှားမီးရောင်အောက်မှာ စီးကရက်မီးခိုငွေ့တွေ ဝေ့ဝဲနေတဲ့ အထဲဖြတ်သွားရမယ်။
စက်တွေတန်းစီးပြီးထားတဲ့ ကြားကလူသွားလမ်းကျဉ်းကျဉ်းလေးတွေက တစ်ခုပြီးတစ်ခု။ အဲဒီမှာ ကစားသမားတွေက မျက်နှာ ချင်းဆိုင်လျက်၊ ကျောချင်းကပ်လျက်၊ ဘေးချင်းယှဉ်လျက်။ ငွေသတ္တုရောင် ပင်ဘောစေ့လေးတွေက ပေါက်ကောင်ကို ထိပြီး အကြီး ဆုံး ပေါက်မဲဆုငွေကို ရဖို့ မျှော်လင့်တကြီးနဲ့ ကစားနေကြတာတွေ့ရမှာပါ။
ဒီဘောစေ့လေးတွေကို ဝယ်ရပါတယ်။ အဲဒီနောက် စက်မှာ ဘောစေ့ထည့်တဲ့ခွက်ထဲကိုထည့်။ အောက်ဘက်မှာ ပါတဲ့မောင်းတံ နဲ့ အချိန်အဆ၊ အလျှော့အတင်းလုပ်ပြီး ဒီဘောစေ့လေးတွေကို ပစ်ရပါတယ်။ ဒီဘောစေ့လေးတွေက စက်ထဲကို ဝင်သွားပြီး အောက်ဘက်ကို ခလောက်ဆံပြီးပြန်ကျလာမယ်။ ကံကောင်းရင် ပေါက်မဲရှိတဲ့ ခွက်ထဲကို ဘောစေ့လေးတွေက ဝင်မယ်။ မဟုတ်ရင်တော့ အခြားအပေါက်တွေကနေ အောက်ဘက်ကို ပြန်ထွက်ကျလာမယ်။
နိုင်ငံအနှံ့ထောင်နဲ့ချီပြီး ရှိတဲ့ ပက်ချင်ကိုဆိုင်မှန်သမျှ ဒီလိုတစ်ပုံစံတည်းတူညီတဲ့ပတ်ဝန်းကျင်အနေအထားမျိုးပဲရှိပြီးတော့ ပထမဦးဆုံးရောက်ရှိ လာတဲ့ သူတစ်ယောက်ရဲ့ အာရုံကို လှုံ့ဆော်စမ်းသပ်ပါလိမ့်မယ်။
တစ်နှစ်မှာရောင်းအား ၃၈၀ ဘီလီယံဒေါ်လာအထိ အံ့ဖွယ်သရဲရောင်းအားကောင်းတဲ့ စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်ပါတယ်။
လောင်းကစားအများစုကတော့ ဂျပန်မှာတရားမဝင်ဖြစ်ပေမယ့် ပက်ချင်ကိုကတော့ ဘောစေ့လေးတွေထုတ်ပေးပြီး တရားဝင် လောင်းကစားဖြစ်နေပါတယ်။ အဲဒီမှာ အနိုင်ရခဲ့တဲ့ ဘောစေ့လေးတွေကို ရွှေရောင်တိုကင်စက္ကူလေးတွေနဲ့ ပြန်ပြီးလဲပေးပါတယ်။ အဲဒီတိုကင်တွေကို အပြင်က ဆိုင်ငယ်လေးတစ်ခုမှာ (TUC ဆိုင်လို့ဂျပန်မှာခေါ်ပါတယ်။) သွားပြီးငွေစက္ကူနဲ့ပြန်လဲရတယ်။
ဒီဆိုင်တွေက ဂျပန်မာဖီးယားဂိုဏ်းတွေ၊ ယာကူဇာတွေနဲ့ ပတ်သက်နေပြီး စွဲစွဲလန်းလန်းကစားမိတဲ့လူဟာ ပျက်စီးသွားနိုင်တဲ့ အနေအထားမျိုးတွေရှိတာကြောင့် အချို့သောဂျပန်တွေဟာ ပက်ချင်ကိုဆိုင်တွေအပေါ် သိပ်မနှစ်မြို့ကြပါဘူး။
ဒါကြောင့် မတ်လ ၁၁ ရက်နေ့ကျရောက်ခဲ့တဲ့ ဘေးအန္တရာယ်တွေနောက်ပိုင်း လျှပ်စစ်ဓါတ်အားပြဿနာပေါ်ပေါက်လာပြီး လျှပ်စစ်ဓါတ်အား ခြိုးခြံချွေတာဖို့တွေ ဖြစ်လာတဲ့ အချိန်မှာ ပက်ချင်ကိုဆိုင်တွေကို သိပ်မနှစ်မြို့တဲ့ တိုကျိုမြို့တော်ဝန် ရှင်တာရို အီရှီဟာရက ပက်ချင်ကိုဆိုင်တွေရဲ့ ဖွင့်ချိန်ကို လျှော့ချသင့်တယ်လို့ ဆိုလိုက်ပါတယ်။
ပက်ချင်ကိုဆိုင်တွေနဲ့ လမ်းဘေးဈေးရောင်းစက်တွေသုံးနေတဲ့ ဓါတ်အားက အသုံးအများဆုံးအချိန်ဆိုရင် ကီလိုဝပ် ၁၀ သန်းအထိတောင်ရှိတာဟာ သဘာဝမကျဘူးလို့ သူကပြောပါတယ်။
ဒါပေမယ့် ဒီလိုရုတ်ချည်းပြောင်းလဲ အဖြေရှာတာဟာ ပြေလည်သွားနိုင်ပါ့မလား။ ပက်ချင်ကိုဆိုင်တွေဟာ ဖွင့်ချိန်တွေကို လျှော့ချ လိုက်မယ်ဆိုရင် နောက်ဆက်တွဲပြဿနာတွေ မရှိနိုင်တဲ့ လုပ်ငန်းမျိုးလား။ ဒါမှမဟုတ် ပက်ချင်ကို ဆိုင်တွေဟာ ဂျပန်လူမျိုးတွေ ကို တစ်စုံတစ်ခုများ ပေးနိုင်စွမ်းရှိနေသလား။
ဂျပန် အနောက်အလယ်ပိုင်းမှာနေတဲ့ ယူကိုမာဆာကီ ဆိုတဲ့ အမျိုးသမီးတစ်ဦးကတော့ ၂၀၀၇ ခုနှစ်မှာ သူ့ယောင်္ကျားလေဖြတ် သွားကတည်းက သူကပဲ ပြုစုစောင့်ရှောက်နေခဲ့ရတယ်။ သူ့ယောင်္ကျားက အသက် ၆၁ နှစ်ရှိပါပြီ။ လေဖြတ်ထားတော့ သွားရေး လာရေးအခက်အခဲ ဖြစ်သွားတဲ့အတွက် အိပ်ယာထဲမှာပဲ အချိန်ပြည့်နီးပါး လှဲနေရတဲ့ လူမမာဖြစ်နေတယ်။ ဒီတော့ စိတ်ပိုင်း ဆိုင်ရာ အရလည်း ထိခိုက်ပြီး တဖြည်းဖြည်းပိုဆိုးလာတယ်။
သူ့ယောင်္ကျားပြန်ကောင်းလာလိမ့်မယ်လို့ မျှော်လင့်တာက တစ်ဖက်၊ ခေါင်းကလည်းမာတာကြောင့် သူ့ယောင်္ကျားကို အခြားတစ် နေရာကိုပို့ပြီး ပြုစုစောင့်ရှောက်ဖို့ မာဆာကီက ခွင့်မပြုဘူး။ လွန်ခဲ့တဲ့နှစ်တွေကတည်းက သူ့မှာ စပြီး သူ့ယောင်္ကျားနဲ့ ပတ်သက် လို့ စိတ်ဖိစီးတာတွေကြောင့် ရုပ်ပိုင်းရော၊ စိတ်ပိုင်းရော ယိုယွင်းလာခဲ့ပြီး အခုတော့ သူမရဲ့ဆရာဝန်က သူမမှာ အမြဲတမ်းလိုလို ဗိုက် အောက်တတ်တဲ့ရောဂါအပါဝင် အခြားရောဂါတွေလည်း ရှိနေပြီလို့ ပြောပါတယ်။ သူမအသက်က ၅၁ နှစ်ပါ။
လွန်ခဲ့တဲ့နှစ်ကတော့ ကောလိပ်ကျောင်းပြီးသွားလို့ အိမ်ကို ခဏအလည်ပြန်လာတဲ့ ၂၃ နှစ်အရွယ်သူ့သားနဲ့အတူ ပက်ချင်ကိုသွားဆော့ခဲ့တယ်။ အစကတော့ သိပ်ပြီးစွဲစွဲလန်းလန်းကစားမှာမဟုတ်ပါဘူးလို့ တွက်ပြီးသွားခဲ့ပေမယ့် နောက်ပိုင်းကျ တော့ သားအမိနှစ်ယောက် တစ်ပတ်ကို နှစ်ကြိမ်သုံးကြိမ်လောက် ပုံမှန်သွားဖြစ်နေတော့တယ်။ သူမကပြောပြတယ်။
“ပထမတော့ ကျွန်မလည်း ဆိုင်ထဲကိုဝင်ရတာ ခပ်ရွံ့ရွံ့ပါပဲ။ အခြားအမျိုးသမီးတွေလည်း ဆိုင်ထဲမှဆော့နေတယ် ဆိုတာကိုတော့ သတိထားမိတယ်။ အရင်တုန်းက ပက်ချင်ကိုဆိုင်တွေနဲ့ အခုဆိုင်တွေနဲ့တော့ မတူတော့ဘူး။ အခုဆိုင်တွေက ခေတ်မီပြီးတော့ သန့်တယ်။ မျက်နှာကြတ်တွေလည်း မြင့်တယ်။ အိမ်သာတွေလည်း သန့်တယ်။”
နောက်ပိုင်းသူ့သားပြန်သွားပေမယ့် သူတစ်ယောက်တည်းပဲ အနည်းဆုံးတော့ တစ်ပတ်တစ်ကြိမ်ဆက်ပြီးသွားဆော့နေတယ်။ တစ်ခါတစ်ခါသွားဆော့ရင် ငါးနာရီလောက် အချိန်ဖြုန်းပြီးဆော့တတ်တယ်။ အဲဒီလိုဆော့နေတဲ့အချိန်တွေမှာ သူ့ရဲ့မွန်းကြပ်တဲ့ နေ့စဉ်ဘဝရဲ့ ဖိအားတွေကနေ လွတ်မြောက်နေတယ်လို့ ခံစားလာရတယ်။
“အချို့လူတွေဟာ ပက်ချင်ကိုစွဲသွားပြီး ဘယ်လိုအကြွေးတွေတင်သွားပြီး ဘယ်လိုဘဝပျက်သွားတယ် ဆိုတဲ့ အကြောင်းတွေ လူတိုင်းကြားဖူးပါတယ်။ ဒါပေမယ့် ဒါကတစ်ထောင်မှာ တစ်ယောက်လောက်ပါ။” သူမကပြောတယ်။
“ကျွန်မအတွက်တော့ စိတ်ဖိစီးမှုတွေကနေ ထွက်ပေါက်ပါပဲ။ ပက်ချင်ကိုစက်ရှေ့မှာ ထိုင်ချလိုက်တာနဲ့ ကျွန်မစိတ်ထဲ မှာ အခြားအရာတွေ ဘာမှမရှိတော့ဘူး။ လုံးဝစိတ်က လွတ်လပ်ပေါ့ပါးသွားတယ်။ ကျွန်မကိုယ်ကျွန်မမေးတဲ့ဟာတွေကလွဲရင် ဘယ်သူ့ကိုမှ အဖြေတွေပေးနေစရာမလိုတော့ဘူး။”
နောက်တစ်ယောက်တော့ တိုကျိုက အသက် ၃၄ နှစ်ရှိ ယူကီဝါရှီဒါ ဆိုတဲ့ အမျိုးသမီးပါ။ သူမက ဖက်ရှင်ပစ္စည်းတွေရောင်းတဲ့ လုပ်ငန်းမှာ အလုပ်လုပ်တယ်။ ပက်ချင်ကို ကစားလာတာ ၁၀ နှစ်လောက်ရှိပြီလို့ဆိုပြီး ကံကောင်းတဲ့နေ့ဆို ယန်း ၁၃၀,၀၀၀ လောက်အထိ ပေါက်ဖူးတယ်။ သူမကလည်း မာဆာကီလိုပါပဲ။ ပက်ချင်ကို ကစားနေရင် အိမ်ရဲ့ စိတ်ညစ်စရာတွေကနေ လွတ် မြောက်ပြီး စိတ်ထွက်ပေါက်ရနေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ပက်ချင်ကို ကြိုက်တဲ့ မိန်းမတွေပို၊ ပိုများလာနေတယ်။
“အခုဆိုရင် ငယ်ငယ်ရွယ်ရွယ်အမျိုးသမီးတွေလည်းကစားလာတာ ပိုတွေ့လာရပါတယ်။ အလုပ်ကြီးအကိုင်ကြီးလုပ်နေတဲ့ အမျိုးသမီးတွေ၊ ရုံးဝန်ထမ်းအမျိုးသမီးတွေ အတော်များများလည်း အလုပ်ကအပြန်မှာဝင်ကစားလေ့ရှိကြတယ်။”
ပက်ချင်ကို ကစားခြင်းတွင် အမျိုးသမီးနှင့် အမျိုးသားတန်းတူကစားနိုင်ပြီဖြစ်ကြောင်း၊ ကစားကြတဲ့ အသက်အရွယ်ကလည်း ၁၈ နှစ်ကနေ အသက် ၈၀ အထိ သက်တမ်းအပိုင်းအခြားမရွေးကစားလာကြကြောင်း သူမက ဆက်လက်ပြောပါတယ်။
မြို့တော်ဝန် အီရှီဟာရာဟာ မတ်လ ၁၁ ရက်နောက်ပိုင်းပြဿနာတွေကြောင့် ပက်ချင်ကိုလုပ်ငန်းတွေကို တိုက်ခိုက်ပြောဆိုနေ တာဟာ ဒီလုပ်ငန်းနဲ့ မှီခိုနေရတဲ့ လူတွေအတွက် ထည့်မစဉ်းစားဘူးလို့ ဝါရှီဒါကပြောပါတယ်။ အီရှီဟာရာက ပက်ချင်ကိုလုပ်ငန်း တွေအပေါ်အမြင်မကြည်ပေမယ့် ဂျပန်မှာကာဆီနို ထွန်းကားအောင်လုပ်ချင်တယ်လို့ ပြောခဲ့ပါတယ်။
တကယ်တော့ ငလျင်နဲ့ ဆူနာမီဖြစ်သွားပြီးတဲ့နောက်ပိုင်း တိုင်းပြည်စီးပွားရေးပြန်လည်နာလန်ထူနိုင်ဖို့အတွက် သူမအနေနဲ့ ပက်ချင်ကို ကစားတာ အရင်ကထက်တောင် ပိုကစားပေးသင့်တဲ့တာဝန်ရှိတယ်လို့ ဆိုပါတယ်။ သူမရဲ့ယောင်္ကျားက ဂရပ်ဖစ် ဒီဇိုင်းဆရာ တစ်ဦးဖြစ်ပြီးတော့ ပက်ချင်ကို လုပ်ငန်းဆိုင်ရာမဂ္ဂဇင်းအတွက် ဒီဇိုင်းတွေမကြာခဏ ဆွဲပေးရတယ်လို့ ပြောပါတယ်။
၂၀၁၁ မေလ က ပြုစုခဲ့တဲ့ အစိုးရစစ်တမ်းအရ ပက်ချင်ကိုဆိုင် ၂၉၁ ဆိုင်ဟာ တစ်လကို အမြတ် ယန်းငွေ ၇၄,၇၆၇ သန်း ရရှိပြီးတော့ အချိန်ပြည့်လုပ်သား ၃,၆၀၄ ယောက်နဲ့ အချိန်ပိုင်းလုပ်သား ၃,၉၃၁ ယောက်ကို အလုပ်ပေးထားနိုင်တယ် လို့ လေ့လာ တွေ့ရှိရပါတယ်။
နောက်တစ်ခါ ၂၀၀၅ ခုနှစ်အတွင်းက ပက်ချင်ကို လုပ်ငန်းရဲ့ တစ်နှစ်တာ ရောင်းအားက အမေရိကန်ဒေါ်လာ ၃၀၀ ဘီလီယံ လောက်ရှိပြီးတော့ အဲဒီနှစ်အတွင်းက ကားလုပ်ငန်းက ရောင်းအားရဲ့ နှစ်ဆနီးပါးဖြစ်တယ်လို့ အစိုးရက တွက်ချက်ခဲ့ပါတယ်။
ဂျပန်မီးရထားလုပ်ငန်းရဲ့ သုတေသီတစ်ဦးဖြစ်တဲ့ အသက် ၄၆ နှစ်ရှိပြီဖြစ်တဲ့ ကိုအူတာဟာ တိုကျိုမှာနေထိုင်ပါတယ်။ သူက အစည်းအဝေးတွေတက်ရတဲ့ အချိန်မျိုးမှာ အစည်းအဝေးတစ်ခုနဲ့ တစ်ခုကြားစောင့်နေရတဲ့ အချိန်ကို ဖြုန်းဖို့ တစ်လ တစ်ကြိမ် လောက်တော့ ပက်ချင်ကို ကစားတတ်ပါတယ်။
ဒီလို ကစားတဲ့ အတွက် သူ မရှက်ပါဘူးလို့ဆိုပါတယ်။ ဒါပေမယ့် ကောလဟလတစ်ခုထွက်လာတာက မြောက်ကိုရီးယားက ဒီလုပ်ငန်းမှာ ဝင်ရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေပြီး ရရှိလာတဲ့ အကျိုးအမြတ်တွေကို သဲ့ယူနေတယ်လို့ ထွက်ပေါ်လာခဲ့ပါတယ်။
“ဒါကြောင့် ပြည်သူပိုင်လုပ်ငန်းတွေ၊ အစိုးရကိုယ်တိုင်လုပ်ကိုင်နေတဲ့ မြင်းပွဲတွေနဲ့ နှိုင်းယှဉ်ရင် ဒါဟာ မသမာတဲ့ လုပ်ငန်းတစ်ခုလို့ ပြောလို့ရပါတယ်။ ” လို့ သူကရှင်းပြပါတယ်။
နောက်တစ်ယောက်ကတော့ ရထားအစိတ်အပိုင်းထုတ်လုပ်ရေးကုမ္ပဏီတစ်ခုရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ အသက် ၄၈ နှစ်ရှိ တိုရှီဟီရိုရှီဘာတာဖြစ်ပါတယ်။ သူက မိသားစုနဲ့အတူ တိုကျို ယာမာဂူချီရပ်ကွက်မှာနေတယ်။ သူက တိုကျိုမြို့တော်ဝန် ပြောခဲ့တဲ့ စကားနဲ့ပတ်သက်ပြီးတော့ “အီရှီဟာရပြောတာက နိုင်ငံရေးရည်ရွယ်ချက်နဲ့ သူ့ရဲ့ ကိုယ်ပိုင်အယူအဆအရပြောခဲ့တာ ဖြစ်ပါတယ်။ ပက်ချင်ကိုလုပ်ငန်းမှာ ၉၀%က ကိုရီးယားပိုင်တွေဖြစ်ပြီးတော့ အမြတ်အစွန်းကလည်း ကိုရီးယားကိုပဲသွားတယ်။ သူမုန်းတဲ့နိုင်ငံတစ်နိုင်ငံဖြစ်နေတဲ့အတွက် ပက်ချင်ကိုအပေါ်မှာ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ပြောဆိုခဲ့တာဖြစ်ပါတယ်။” လို့ပြောသွား ပါတယ်။
ရှီဘာတာကိုယ်တိုင်လည်း ပက်ချင်ကို ကို ၁၉ နှစ်သားကတည်းက ကစားခဲ့တာပါ။ ဒီလုပ်ငန်းအပေါ် သူက မကောင်းဘူးလို့ မမြင်ပါဘူး။
“မကောင်းတဲ့ လုပ်ငန်းမှန်ရင် ဟိုးအစောကြီးကတည်းက ခေတ်ကုန်သွားတာ ကြာပြီပေါ့။ ဒါပေမယ့် ပျောက်ကွယ်မသွား ဘဲ ဆယ်စုနှစ်များစွာရှိနေတယ် ဆိုတာက တစ်ခုခုတော့ ကောင်းတာရှိပါလိမ့်မယ်။”
ပြီးတော့ အခြားနိုင်ငံတွေမှာဆိုရင်တော့ ကာစီနိုနဲ့ ခပ်ဆင်ဆင်တူတဲ့ ပက်ချက်ကိုကစားခြင်းဟာ အလုပ်အကိုင်မရှိတော့ဘဲ ဘဝရဲ့ နောက်ဆုံးအချိန်တွေကို ပျင်းရိငြီးငွေ့ဖွယ်ဖြတ်သန်းနေရတဲ့ ပင်စင်စား သက်ကြီးရွယ်အိုတွေအတွက် စိတ်အပန်းဖြေရာ တစ်ခုလည်း ဖြစ်တယ်လို့ သူက ပြောပါတယ်။
ဝါရှီဒါကလည်း ပက်ချင်ကိုကစားခြင်းကြောင့် စိတ်ထွက်ပေါက်တစ်ခုရစေတယ်လို့ မြင်ပါတယ်။
“လုံးဝကို စိတ်ဖိစီးမှုတွေပြေပျောက်စေပါတယ်။ ကျွန်မ ပက်ချင်ကို ကစားနေတဲ့ အချိန်မှာ အခြားကိစ္စတွေဘာမှ စဉ်းစား နေရတာတွေ မရှိတော့ဘူး။”
လွန်ခဲ့တဲ့နှစ်တွေအတွင်းမှာ သူမသတိထားမိတာတစ်ခုက အလုပ်တွေအရမ်းများပြီး စိတ်ဖိစီးမှုတွေများတဲ့ အခါ ပက်ချင်ကို သွားကစားတာ ပိုများတယ် လို့ဆိုတယ်။
ဒါပေမယ့် နောက်ဆုံးတော့ ဒီလိုရလဒ်မျိုးတွေရှိပြီး၊ စီးပွားရေးအရလည်း အကြီးအကျယ်အောင်မြင်တဲ့လုပ်ငန်းဖြစ်ပြီး နိုင်ငံတစ်ဝှမ်း အများဆုံးကစားကြတဲ့ လောင်းကစားနည်းဖြစ်ပေမယ့် ဂျပန်အများစုကတော့ ပက်ချင်ကိုလုပ်ငန်းကို ဂျပန့်ရိုးရာ တစ်ခုအဖြစ်တော့ လက်မခံလိုကြပါဘူး။ အဲဒီလိုပြောမယ်ဆိုရင် လှောင်ရယ်ပြီး နှာခေါင်းရှုံ့ကြပါလိမ့်မယ်။
“ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ပက်ချင်ကိုလုပ်ငန်းတွေလည်ပတ်နေတာနဲ့ ပတ်သက်ပြီး ကျွန်တော့်မှာ စိတ်မကောင်း စရာမရှိပါဘူး။ အဲဒီလုပ်ငန်းနဲ့ မှီခိုလုပ်ကိုင်နေတဲ့လူတွေအားလုံးကို ဖယ်ရှားပစ်လိုက်မယ်ဆိုရင်လည်း ကျွန်မဝမ်းမနည်းပါဘူး။ ပြီးတော့ ဒါဟာ ဂျပန်ယဉ်ကျေးမှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ် လို့လည်း ကျွန်မဘယ်တုန်းကမှ မထင်ပါဘူး” လို့ ဝါရှီဒါ ကပြောပါတယ်။
“ထူးထူးဆန်းဆန်းတစ်ခုပါပဲ။ အတန်းလိုက်တန်းစီပြီးချထားတဲ့ ထူးဆန်းတဲ့ စက်တစ်မျိုးပါပဲ။ ဒါတွေအားလုံး မရှိတော့ဘူး ဆိုလည်းကျွန်မ ဘာမှခံစားရမှာ မဟုတ်ပါဘူး။”
ကနေဒါဖွား ဂျပန်လူမျိုးအယ်ဒီတာ အူလာရာ နာကာဂါဝါ ၏ ဆောင်းပါးကို ဆီလျှော်စွာပြန်ဆိုသည်။
Source: CNNGo





















12:22 PM
HRDP NEWS WORLD














