Sunday, September 25, 2011

ဂျပန်နိုင်ငံနှင့် ပက်ချင်ကိုဂိမ်းဆိုင်များ


ယောင်လို့ပဲဝင်သွားသွား၊ စပ်စုချင်လို့ပဲဖြစ်ဖြစ်၊ တစ်ချက်ကလေးဝင်ကြည့်ပြီး အိမ်သာအသုံးပြုချင်လို့ပဲဖြစ်ဖြစ် ဂျပန်မှာ နေဖူး တယ်။ ဂျပန်ကို အလည်သွားဖူးတယ် ဆိုရင်တော့ ပက်ချင်ကို ထဲကို ခင်ဗျား အနည်းဆုံးတစ်ခေါက်တော့ ရောက်ဖူးခဲ့မှာပဲ။
အဲဒီလို ရောက်ဖူးသွားခဲ့တယ် ဆိုရင်လည်း ခင်ဗျားမှာမေ့မရနိုင်တဲ့ အတွေ့အကြုံတစ်ခုတော့ သေချာပေါက်ရလာမှာပဲ။

ဂျပန်အနှံ့မှိုလိုပေါက်နေတဲ့ အဲဒီလောင်းကစားစက် (ဂိမ်း) ဆိုင်ထဲကိုပထမဦးဆုံးအကြိမ်ဝင်မိရင် အခြားနေရာတစ်ခုကို ရောက်သွားသလို ခံစားရမှာပါ။ အဆက်မပြတ် တဝီးဝီး၊ တစီစီမြည်နေတဲ့ အသံတွေနဲ့ ပင်ရိုက်သံတွေက ခင်ဗျားကို ဆီးကြိုနှုတ် ဆက်နေမှာဖြစ်ပြီး မှုန်မွှားမွှားမီးရောင်အောက်မှာ စီးကရက်မီးခိုငွေ့တွေ ဝေ့ဝဲနေတဲ့ အထဲဖြတ်သွားရမယ်။

စက်တွေတန်းစီးပြီးထားတဲ့ ကြားကလူသွားလမ်းကျဉ်းကျဉ်းလေးတွေက တစ်ခုပြီးတစ်ခု။ အဲဒီမှာ ကစားသမားတွေက မျက်နှာ ချင်းဆိုင်လျက်၊ ကျောချင်းကပ်လျက်၊ ဘေးချင်းယှဉ်လျက်။ ငွေသတ္တုရောင် ပင်ဘောစေ့လေးတွေက ပေါက်ကောင်ကို ထိပြီး အကြီး ဆုံး ပေါက်မဲဆုငွေကို ရဖို့ မျှော်လင့်တကြီးနဲ့ ကစားနေကြတာတွေ့ရမှာပါ။


ဒီဘောစေ့လေးတွေကို ဝယ်ရပါတယ်။ အဲဒီနောက် စက်မှာ ဘောစေ့ထည့်တဲ့ခွက်ထဲကိုထည့်။ အောက်ဘက်မှာ ပါတဲ့မောင်းတံ နဲ့ အချိန်အဆ၊ အလျှော့အတင်းလုပ်ပြီး ဒီဘောစေ့လေးတွေကို ပစ်ရပါတယ်။ ဒီဘောစေ့လေးတွေက စက်ထဲကို ဝင်သွားပြီး အောက်ဘက်ကို ခလောက်ဆံပြီးပြန်ကျလာမယ်။ ကံကောင်းရင် ပေါက်မဲရှိတဲ့ ခွက်ထဲကို ဘောစေ့လေးတွေက ဝင်မယ်။ မဟုတ်ရင်တော့ အခြားအပေါက်တွေကနေ အောက်ဘက်ကို ပြန်ထွက်ကျလာမယ်။

နိုင်ငံအနှံ့ထောင်နဲ့ချီပြီး ရှိတဲ့ ပက်ချင်ကိုဆိုင်မှန်သမျှ ဒီလိုတစ်ပုံစံတည်းတူညီတဲ့ပတ်ဝန်းကျင်အနေအထားမျိုးပဲရှိပြီးတော့ ပထမဦးဆုံးရောက်ရှိ လာတဲ့ သူတစ်ယောက်ရဲ့ အာရုံကို လှုံ့ဆော်စမ်းသပ်ပါလိမ့်မယ်။
တစ်နှစ်မှာရောင်းအား ၃၈၀ ဘီလီယံဒေါ်လာအထိ အံ့ဖွယ်သရဲရောင်းအားကောင်းတဲ့ စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်ပါတယ်။

လောင်းကစားအများစုကတော့ ဂျပန်မှာတရားမဝင်ဖြစ်ပေမယ့် ပက်ချင်ကိုကတော့ ဘောစေ့လေးတွေထုတ်ပေးပြီး တရားဝင် လောင်းကစားဖြစ်နေပါတယ်။ အဲဒီမှာ အနိုင်ရခဲ့တဲ့ ဘောစေ့လေးတွေကို ရွှေရောင်တိုကင်စက္ကူလေးတွေနဲ့ ပြန်ပြီးလဲပေးပါတယ်။ အဲဒီတိုကင်တွေကို အပြင်က ဆိုင်ငယ်လေးတစ်ခုမှာ (TUC ဆိုင်လို့ဂျပန်မှာခေါ်ပါတယ်။) သွားပြီးငွေစက္ကူနဲ့ပြန်လဲရတယ်။

ဒီဆိုင်တွေက ဂျပန်မာဖီးယားဂိုဏ်းတွေ၊ ယာကူဇာတွေနဲ့ ပတ်သက်နေပြီး စွဲစွဲလန်းလန်းကစားမိတဲ့လူဟာ ပျက်စီးသွားနိုင်တဲ့ အနေအထားမျိုးတွေရှိတာကြောင့် အချို့သောဂျပန်တွေဟာ ပက်ချင်ကိုဆိုင်တွေအပေါ် သိပ်မနှစ်မြို့ကြပါဘူး။

ဒါကြောင့် မတ်လ ၁၁ ရက်နေ့ကျရောက်ခဲ့တဲ့ ဘေးအန္တရာယ်တွေနောက်ပိုင်း လျှပ်စစ်ဓါတ်အားပြဿနာပေါ်ပေါက်လာပြီး လျှပ်စစ်ဓါတ်အား ခြိုးခြံချွေတာဖို့တွေ ဖြစ်လာတဲ့ အချိန်မှာ ပက်ချင်ကိုဆိုင်တွေကို သိပ်မနှစ်မြို့တဲ့ တိုကျိုမြို့တော်ဝန် ရှင်တာရို အီရှီဟာရက ပက်ချင်ကိုဆိုင်တွေရဲ့ ဖွင့်ချိန်ကို လျှော့ချသင့်တယ်လို့ ဆိုလိုက်ပါတယ်။

ပက်ချင်ကိုဆိုင်တွေနဲ့ လမ်းဘေးဈေးရောင်းစက်တွေသုံးနေတဲ့ ဓါတ်အားက အသုံးအများဆုံးအချိန်ဆိုရင် ကီလိုဝပ် ၁၀ သန်းအထိတောင်ရှိတာဟာ သဘာဝမကျဘူးလို့ သူကပြောပါတယ်။
ဒါပေမယ့် ဒီလိုရုတ်ချည်းပြောင်းလဲ အဖြေရှာတာဟာ ပြေလည်သွားနိုင်ပါ့မလား။ ပက်ချင်ကိုဆိုင်တွေဟာ ဖွင့်ချိန်တွေကို လျှော့ချ လိုက်မယ်ဆိုရင် နောက်ဆက်တွဲပြဿနာတွေ မရှိနိုင်တဲ့ လုပ်ငန်းမျိုးလား။ ဒါမှမဟုတ် ပက်ချင်ကို ဆိုင်တွေဟာ ဂျပန်လူမျိုးတွေ ကို တစ်စုံတစ်ခုများ ပေးနိုင်စွမ်းရှိနေသလား။

ဂျပန် အနောက်အလယ်ပိုင်းမှာနေတဲ့ ယူကိုမာဆာကီ ဆိုတဲ့ အမျိုးသမီးတစ်ဦးကတော့ ၂၀၀၇ ခုနှစ်မှာ သူ့ယောင်္ကျားလေဖြတ် သွားကတည်းက သူကပဲ ပြုစုစောင့်ရှောက်နေခဲ့ရတယ်။ သူ့ယောင်္ကျားက အသက် ၆၁ နှစ်ရှိပါပြီ။ လေဖြတ်ထားတော့ သွားရေး လာရေးအခက်အခဲ ဖြစ်သွားတဲ့အတွက် အိပ်ယာထဲမှာပဲ အချိန်ပြည့်နီးပါး လှဲနေရတဲ့ လူမမာဖြစ်နေတယ်။ ဒီတော့ စိတ်ပိုင်း ဆိုင်ရာ အရလည်း ထိခိုက်ပြီး တဖြည်းဖြည်းပိုဆိုးလာတယ်။

သူ့ယောင်္ကျားပြန်ကောင်းလာလိမ့်မယ်လို့ မျှော်လင့်တာက တစ်ဖက်၊ ခေါင်းကလည်းမာတာကြောင့် သူ့ယောင်္ကျားကို အခြားတစ် နေရာကိုပို့ပြီး ပြုစုစောင့်ရှောက်ဖို့ မာဆာကီက ခွင့်မပြုဘူး။ လွန်ခဲ့တဲ့နှစ်တွေကတည်းက သူ့မှာ စပြီး သူ့ယောင်္ကျားနဲ့ ပတ်သက် လို့ စိတ်ဖိစီးတာတွေကြောင့် ရုပ်ပိုင်းရော၊ စိတ်ပိုင်းရော ယိုယွင်းလာခဲ့ပြီး အခုတော့ သူမရဲ့ဆရာဝန်က သူမမှာ အမြဲတမ်းလိုလို ဗိုက် အောက်တတ်တဲ့ရောဂါအပါဝင် အခြားရောဂါတွေလည်း ရှိနေပြီလို့ ပြောပါတယ်။ သူမအသက်က ၅၁ နှစ်ပါ။

လွန်ခဲ့တဲ့နှစ်ကတော့ ကောလိပ်ကျောင်းပြီးသွားလို့ အိမ်ကို ခဏအလည်ပြန်လာတဲ့ ၂၃ နှစ်အရွယ်သူ့သားနဲ့အတူ ပက်ချင်ကိုသွားဆော့ခဲ့တယ်။ အစကတော့ သိပ်ပြီးစွဲစွဲလန်းလန်းကစားမှာမဟုတ်ပါဘူးလို့ တွက်ပြီးသွားခဲ့ပေမယ့် နောက်ပိုင်းကျ တော့ သားအမိနှစ်ယောက် တစ်ပတ်ကို နှစ်ကြိမ်သုံးကြိမ်လောက် ပုံမှန်သွားဖြစ်နေတော့တယ်။ သူမကပြောပြတယ်။

“ပထမတော့ ကျွန်မလည်း ဆိုင်ထဲကိုဝင်ရတာ ခပ်ရွံ့ရွံ့ပါပဲ။ အခြားအမျိုးသမီးတွေလည်း ဆိုင်ထဲမှဆော့နေတယ် ဆိုတာကိုတော့ သတိထားမိတယ်။ အရင်တုန်းက ပက်ချင်ကိုဆိုင်တွေနဲ့ အခုဆိုင်တွေနဲ့တော့ မတူတော့ဘူး။ အခုဆိုင်တွေက ခေတ်မီပြီးတော့ သန့်တယ်။ မျက်နှာကြတ်တွေလည်း မြင့်တယ်။ အိမ်သာတွေလည်း သန့်တယ်။”

နောက်ပိုင်းသူ့သားပြန်သွားပေမယ့် သူတစ်ယောက်တည်းပဲ အနည်းဆုံးတော့ တစ်ပတ်တစ်ကြိမ်ဆက်ပြီးသွားဆော့နေတယ်။ တစ်ခါတစ်ခါသွားဆော့ရင် ငါးနာရီလောက် အချိန်ဖြုန်းပြီးဆော့တတ်တယ်။ အဲဒီလိုဆော့နေတဲ့အချိန်တွေမှာ သူ့ရဲ့မွန်းကြပ်တဲ့ နေ့စဉ်ဘဝရဲ့ ဖိအားတွေကနေ လွတ်မြောက်နေတယ်လို့ ခံစားလာရတယ်။
“အချို့လူတွေဟာ ပက်ချင်ကိုစွဲသွားပြီး ဘယ်လိုအကြွေးတွေတင်သွားပြီး ဘယ်လိုဘဝပျက်သွားတယ် ဆိုတဲ့ အကြောင်းတွေ လူတိုင်းကြားဖူးပါတယ်။ ဒါပေမယ့် ဒါကတစ်ထောင်မှာ တစ်ယောက်လောက်ပါ။” သူမကပြောတယ်။
“ကျွန်မအတွက်တော့ စိတ်ဖိစီးမှုတွေကနေ ထွက်ပေါက်ပါပဲ။ ပက်ချင်ကိုစက်ရှေ့မှာ ထိုင်ချလိုက်တာနဲ့ ကျွန်မစိတ်ထဲ မှာ အခြားအရာတွေ ဘာမှမရှိတော့ဘူး။ လုံးဝစိတ်က လွတ်လပ်ပေါ့ပါးသွားတယ်။ ကျွန်မကိုယ်ကျွန်မမေးတဲ့ဟာတွေကလွဲရင် ဘယ်သူ့ကိုမှ အဖြေတွေပေးနေစရာမလိုတော့ဘူး။”

နောက်တစ်ယောက်တော့ တိုကျိုက အသက် ၃၄ နှစ်ရှိ ယူကီဝါရှီဒါ ဆိုတဲ့ အမျိုးသမီးပါ။ သူမက ဖက်ရှင်ပစ္စည်းတွေရောင်းတဲ့ လုပ်ငန်းမှာ အလုပ်လုပ်တယ်။ ပက်ချင်ကို ကစားလာတာ ၁၀ နှစ်လောက်ရှိပြီလို့ဆိုပြီး ကံကောင်းတဲ့နေ့ဆို ယန်း ၁၃၀,၀၀၀ လောက်အထိ ပေါက်ဖူးတယ်။ သူမကလည်း မာဆာကီလိုပါပဲ။ ပက်ချင်ကို ကစားနေရင် အိမ်ရဲ့ စိတ်ညစ်စရာတွေကနေ လွတ် မြောက်ပြီး စိတ်ထွက်ပေါက်ရနေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ပက်ချင်ကို ကြိုက်တဲ့ မိန်းမတွေပို၊ ပိုများလာနေတယ်။
“အခုဆိုရင် ငယ်ငယ်ရွယ်ရွယ်အမျိုးသမီးတွေလည်းကစားလာတာ ပိုတွေ့လာရပါတယ်။ အလုပ်ကြီးအကိုင်ကြီးလုပ်နေတဲ့ အမျိုးသမီးတွေ၊ ရုံးဝန်ထမ်းအမျိုးသမီးတွေ အတော်များများလည်း အလုပ်ကအပြန်မှာဝင်ကစားလေ့ရှိကြတယ်။”
ပက်ချင်ကို ကစားခြင်းတွင် အမျိုးသမီးနှင့် အမျိုးသားတန်းတူကစားနိုင်ပြီဖြစ်ကြောင်း၊ ကစားကြတဲ့ အသက်အရွယ်ကလည်း ၁၈ နှစ်ကနေ အသက် ၈၀ အထိ သက်တမ်းအပိုင်းအခြားမရွေးကစားလာကြကြောင်း သူမက ဆက်လက်ပြောပါတယ်။

မြို့တော်ဝန် အီရှီဟာရာဟာ မတ်လ ၁၁ ရက်နောက်ပိုင်းပြဿနာတွေကြောင့် ပက်ချင်ကိုလုပ်ငန်းတွေကို တိုက်ခိုက်ပြောဆိုနေ တာဟာ ဒီလုပ်ငန်းနဲ့ မှီခိုနေရတဲ့ လူတွေအတွက် ထည့်မစဉ်းစားဘူးလို့ ဝါရှီဒါကပြောပါတယ်။ အီရှီဟာရာက ပက်ချင်ကိုလုပ်ငန်း တွေအပေါ်အမြင်မကြည်ပေမယ့် ဂျပန်မှာကာဆီနို ထွန်းကားအောင်လုပ်ချင်တယ်လို့ ပြောခဲ့ပါတယ်။

တကယ်တော့ ငလျင်နဲ့ ဆူနာမီဖြစ်သွားပြီးတဲ့နောက်ပိုင်း တိုင်းပြည်စီးပွားရေးပြန်လည်နာလန်ထူနိုင်ဖို့အတွက် သူမအနေနဲ့ ပက်ချင်ကို ကစားတာ အရင်ကထက်တောင် ပိုကစားပေးသင့်တဲ့တာဝန်ရှိတယ်လို့ ဆိုပါတယ်။ သူမရဲ့ယောင်္ကျားက ဂရပ်ဖစ် ဒီဇိုင်းဆရာ တစ်ဦးဖြစ်ပြီးတော့ ပက်ချင်ကို လုပ်ငန်းဆိုင်ရာမဂ္ဂဇင်းအတွက် ဒီဇိုင်းတွေမကြာခဏ ဆွဲပေးရတယ်လို့ ပြောပါတယ်။

၂၀၁၁ မေလ က ပြုစုခဲ့တဲ့ အစိုးရစစ်တမ်းအရ ပက်ချင်ကိုဆိုင် ၂၉၁ ဆိုင်ဟာ တစ်လကို အမြတ် ယန်းငွေ ၇၄,၇၆၇ သန်း ရရှိပြီးတော့ အချိန်ပြည့်လုပ်သား ၃,၆၀၄ ယောက်နဲ့ အချိန်ပိုင်းလုပ်သား ၃,၉၃၁ ယောက်ကို အလုပ်ပေးထားနိုင်တယ် လို့ လေ့လာ တွေ့ရှိရပါတယ်။
နောက်တစ်ခါ ၂၀၀၅ ခုနှစ်အတွင်းက ပက်ချင်ကို လုပ်ငန်းရဲ့ တစ်နှစ်တာ ရောင်းအားက အမေရိကန်ဒေါ်လာ ၃၀၀ ဘီလီယံ လောက်ရှိပြီးတော့ အဲဒီနှစ်အတွင်းက ကားလုပ်ငန်းက ရောင်းအားရဲ့ နှစ်ဆနီးပါးဖြစ်တယ်လို့ အစိုးရက တွက်ချက်ခဲ့ပါတယ်။

ဂျပန်မီးရထားလုပ်ငန်းရဲ့ သုတေသီတစ်ဦးဖြစ်တဲ့ အသက် ၄၆ နှစ်ရှိပြီဖြစ်တဲ့ ကိုအူတာဟာ တိုကျိုမှာနေထိုင်ပါတယ်။ သူက အစည်းအဝေးတွေတက်ရတဲ့ အချိန်မျိုးမှာ အစည်းအဝေးတစ်ခုနဲ့ တစ်ခုကြားစောင့်နေရတဲ့ အချိန်ကို ဖြုန်းဖို့ တစ်လ တစ်ကြိမ် လောက်တော့ ပက်ချင်ကို ကစားတတ်ပါတယ်။

ဒီလို ကစားတဲ့ အတွက် သူ မရှက်ပါဘူးလို့ဆိုပါတယ်။ ဒါပေမယ့် ကောလဟလတစ်ခုထွက်လာတာက မြောက်ကိုရီးယားက ဒီလုပ်ငန်းမှာ ဝင်ရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေပြီး ရရှိလာတဲ့ အကျိုးအမြတ်တွေကို သဲ့ယူနေတယ်လို့ ထွက်ပေါ်လာခဲ့ပါတယ်။
“ဒါကြောင့် ပြည်သူပိုင်လုပ်ငန်းတွေ၊ အစိုးရကိုယ်တိုင်လုပ်ကိုင်နေတဲ့ မြင်းပွဲတွေနဲ့ နှိုင်းယှဉ်ရင် ဒါဟာ မသမာတဲ့ လုပ်ငန်းတစ်ခုလို့ ပြောလို့ရပါတယ်။ ” လို့ သူကရှင်းပြပါတယ်။

နောက်တစ်ယောက်ကတော့ ရထားအစိတ်အပိုင်းထုတ်လုပ်ရေးကုမ္ပဏီတစ်ခုရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ အသက် ၄၈ နှစ်ရှိ တိုရှီဟီရိုရှီဘာတာဖြစ်ပါတယ်။ သူက မိသားစုနဲ့အတူ တိုကျို ယာမာဂူချီရပ်ကွက်မှာနေတယ်။ သူက တိုကျိုမြို့တော်ဝန် ပြောခဲ့တဲ့ စကားနဲ့ပတ်သက်ပြီးတော့ “အီရှီဟာရပြောတာက နိုင်ငံရေးရည်ရွယ်ချက်နဲ့ သူ့ရဲ့ ကိုယ်ပိုင်အယူအဆအရပြောခဲ့တာ ဖြစ်ပါတယ်။ ပက်ချင်ကိုလုပ်ငန်းမှာ ၉၀%က ကိုရီးယားပိုင်တွေဖြစ်ပြီးတော့ အမြတ်အစွန်းကလည်း ကိုရီးယားကိုပဲသွားတယ်။ သူမုန်းတဲ့နိုင်ငံတစ်နိုင်ငံဖြစ်နေတဲ့အတွက် ပက်ချင်ကိုအပေါ်မှာ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ပြောဆိုခဲ့တာဖြစ်ပါတယ်။” လို့ပြောသွား ပါတယ်။

ရှီဘာတာကိုယ်တိုင်လည်း ပက်ချင်ကို ကို ၁၉ နှစ်သားကတည်းက ကစားခဲ့တာပါ။ ဒီလုပ်ငန်းအပေါ် သူက မကောင်းဘူးလို့ မမြင်ပါဘူး။
“မကောင်းတဲ့ လုပ်ငန်းမှန်ရင် ဟိုးအစောကြီးကတည်းက ခေတ်ကုန်သွားတာ ကြာပြီပေါ့။ ဒါပေမယ့် ပျောက်ကွယ်မသွား ဘဲ ဆယ်စုနှစ်များစွာရှိနေတယ် ဆိုတာက တစ်ခုခုတော့ ကောင်းတာရှိပါလိမ့်မယ်။”

ပြီးတော့ အခြားနိုင်ငံတွေမှာဆိုရင်တော့ ကာစီနိုနဲ့ ခပ်ဆင်ဆင်တူတဲ့ ပက်ချက်ကိုကစားခြင်းဟာ အလုပ်အကိုင်မရှိတော့ဘဲ ဘဝရဲ့ နောက်ဆုံးအချိန်တွေကို ပျင်းရိငြီးငွေ့ဖွယ်ဖြတ်သန်းနေရတဲ့ ပင်စင်စား သက်ကြီးရွယ်အိုတွေအတွက် စိတ်အပန်းဖြေရာ တစ်ခုလည်း ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဝါရှီဒါကလည်း ပက်ချင်ကိုကစားခြင်းကြောင့် စိတ်ထွက်ပေါက်တစ်ခုရစေတယ်လို့ မြင်ပါတယ်။
“လုံးဝကို စိတ်ဖိစီးမှုတွေပြေပျောက်စေပါတယ်။ ကျွန်မ ပက်ချင်ကို ကစားနေတဲ့ အချိန်မှာ အခြားကိစ္စတွေဘာမှ စဉ်းစား နေရတာတွေ မရှိတော့ဘူး။”

လွန်ခဲ့တဲ့နှစ်တွေအတွင်းမှာ သူမသတိထားမိတာတစ်ခုက အလုပ်တွေအရမ်းများပြီး စိတ်ဖိစီးမှုတွေများတဲ့ အခါ ပက်ချင်ကို သွားကစားတာ ပိုများတယ် လို့ဆိုတယ်။
ဒါပေမယ့် နောက်ဆုံးတော့ ဒီလိုရလဒ်မျိုးတွေရှိပြီး၊ စီးပွားရေးအရလည်း အကြီးအကျယ်အောင်မြင်တဲ့လုပ်ငန်းဖြစ်ပြီး နိုင်ငံတစ်ဝှမ်း အများဆုံးကစားကြတဲ့ လောင်းကစားနည်းဖြစ်ပေမယ့် ဂျပန်အများစုကတော့ ပက်ချင်ကိုလုပ်ငန်းကို ဂျပန့်ရိုးရာ တစ်ခုအဖြစ်တော့ လက်မခံလိုကြပါဘူး။ အဲဒီလိုပြောမယ်ဆိုရင် လှောင်ရယ်ပြီး နှာခေါင်းရှုံ့ကြပါလိမ့်မယ်။

“ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ပက်ချင်ကိုလုပ်ငန်းတွေလည်ပတ်နေတာနဲ့ ပတ်သက်ပြီး ကျွန်တော့်မှာ စိတ်မကောင်း စရာမရှိပါဘူး။ အဲဒီလုပ်ငန်းနဲ့ မှီခိုလုပ်ကိုင်နေတဲ့လူတွေအားလုံးကို ဖယ်ရှားပစ်လိုက်မယ်ဆိုရင်လည်း ကျွန်မဝမ်းမနည်းပါဘူး။ ပြီးတော့ ဒါဟာ ဂျပန်ယဉ်ကျေးမှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ် လို့လည်း ကျွန်မဘယ်တုန်းကမှ မထင်ပါဘူး” လို့ ဝါရှီဒါ ကပြောပါတယ်။
“ထူးထူးဆန်းဆန်းတစ်ခုပါပဲ။ အတန်းလိုက်တန်းစီပြီးချထားတဲ့ ထူးဆန်းတဲ့ စက်တစ်မျိုးပါပဲ။ ဒါတွေအားလုံး မရှိတော့ဘူး ဆိုလည်းကျွန်မ ဘာမှခံစားရမှာ မဟုတ်ပါဘူး။”

ကနေဒါဖွား ဂျပန်လူမျိုးအယ်ဒီတာ အူလာရာ နာကာဂါဝါ ၏ ဆောင်းပါးကို ဆီလျှော်စွာပြန်ဆိုသည်။
Source: CNNGo

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။