Showing posts with label အရှေ့ တောင်အာရှ. Show all posts
Showing posts with label အရှေ့ တောင်အာရှ. Show all posts

Tuesday, March 20, 2012

ဖိလစ်ပိုင် ပန်းပဲဖိုမှ ဓါးများ အမေရိကန်သို့တင်ပို့ (ဗွီဒီယိုသတင်း)

The Last Samurai ဇါတ်ကားမှ တွမ်ခရုစ်ကိုင်ခဲ့သော ဓါးပုံစံတူ





ဖိလစ်ပိုင်တောင်ပိုင်း လယ်ယာလုပ်ငန်းလုပ်ကိုင်သော ရွာတစ်ရွာတွင် ပန်းပဲဆရာတစ်ဦး၏ ကျေးဇူးကြောင့် စီးပွားရေး အခွင့်အလမ်းများပွင့်လန်းပြီး နိုင်ငံခြားဝင်ငွေရရှိလျက်ရှိသည်။

ယခင်က စစ်သားတစ်ဦးဖြစ်ခဲ့သော ဖီလိုမန်နိုဒီဂုဇ်မန်သည် စစ်သားဘ၀မှ အနားပြီးနောက် ပန်းပဲလုပ်ငန်းတည် ထောင်ကာ ထရပ်ကားကြီးများမှ ရရှိသော စတီးလ်သံချောင်းများ၊ သားရေအကြမ်းထည်များ ကိုအသုံးပြုကာ ဒီဇိုင်း လှပသစ်ဆန်းသော ဓါးမြောင်နှင့် ဓါးရှည်များပြုလုပ်ရောင်းချလျက်ရှိသည်။

၎င်းပြုလုပ်သော ဓါးများတွင် ရုပ်ရှင်များတွင်ပါဝင်သော နာမည်ကြီးဓါးများ၏ ပုံစံတူများလည်း ပါဝင်သည်။

ယခင်က သူ၏၀ါသနာဖြစ်သော ပန်းပဲအလုပ်သည် ယခုအခါ အဓိကလုပ်ငန်းကြီးဖြစ်လာပြီး အမေရိကန်သို့ အဓိက ထားတင်ပို့ရောင်းချလျက်ရှိသည်။

Source: Al Jazeera

Monday, March 19, 2012

အင်ဒိုနီးရှားတွင် အကြမ်းဖက်သမားငါးဦးကို ရဲက ရှင်းလင်း


အင်ဒိုနီးရှားဘာလီကျွန်းအပန်းဖြေစခန်းတွင် အင်ဒိုနီးရှားအကြမ်းဖက်မှုတိုက်ဖျက်ရေးရဲများက အကြမ်းဖက်သမားများ ဟု သံသယရှိသူ ၅ ဦးအား သုတ်သင်သတ်ဖြတ်လိုက်သည်။
`အကြမ်းဖက်လုပ်ရပ်တွေနဲ့ ဓါးပြတိုက်ဖို့အစီအစဉ်တွေရှိနေတဲ့ လူငါးဦးကို ကျွန်တော်တို့ရဲတပ်ဖွဲ့က ပစ်သတ် လိုက်ပါတယ်။´ ဟု ရဲဘက်ပြောရေးဆိုခွင့်ရှိသူ ဘွိုင်းရာဖလီအေမာက ဆိုသည်။
`အားလုံးသေနတ်အပစ်ခံရပြီး သေဆုံးသွားတာပါ။ သူတို့ကလည်း ထွက်ပြေးရင်းနဲ့ ရဲတွေကိုပြန်လည်ပစ် ခတ်ပါတယ်။´

ငွေလဲလှယ်ရေး ဌာနတစ်ခုကို ဦးစွာဓါးပြတိုက်ပြီး နောက်ထပ် ဓါးပြမှုများနှင့် အကြမ်းဖက်မှုများပြုလုပ်ရန် အစီအစဉ်များ ၎င်းတို့တွင်ရှိနေကြောင်း သူကပြောသည်။ ၎င်းတို့ထံမှ သေနတ်နှစ်လက်နှင့် ကျည်ဆန်အများအပြားသိမ်းဆည်းရမိ ခဲ့သည်။

၂၀၁၀ ခုနှစ်အတွင်းက မြောက်ပိုင်းဆူမားတြားပြည်နယ် မက်ဒန်တွင် ဘဏ်ဓါးပြတိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး ရဲအရာရှိ တစ်ဦး သေဆုံးခဲ့ရသည့် ဖြစ်ရပ်တွင် ကျုးလွန်ခဲ့သည့် အကြမ်းဖက်အုပ်စု၏ အဖွဲ့ဝင်များဖြစ်ကြောင်းလည်း ဆို၏။

အင်ဒိုနီးရှားအကြမ်းဖက်မှုတိုက်ဖျက်ရေး တပ်ဖွဲ့အမှတ် ၈၈ တွင် အဖွဲ့ဝင်ဦးရေ တစ်ရာကျော်ပါဝင်ပြီး ဘာလီတောင် ပိုင်း ဆာနာရှိ အိမ်ယာတစ်ခုတွင် အကြမ်းဖက်သမား သုံးဦးကို သတ်ဖြတ်ခဲ့ကြောင်း အေအက်ဖ်ပီသတင်းက ဆိုသည်။

၂၀၀၂ ခုနှစ် ဘာလီဗုံးကွဲမှုတွင် လူ ၂၀၂ ဦး သေဆုံးခဲ့မှုအပါအ၀င် နိုင်ငံတွင်း အကြမ်းဖက်ကွန်ယက် ဂျမားအစ္စလာမ်မီယာ အဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များကို အင်ဒိုနီးရှားတွင် ရင်ဆိုင်နေရသည်။

Source: Al Jazeera

Wednesday, March 14, 2012

ဘင်္ဂလားဒေ့ရှ် ကူးတို့သင်္ဘောတိမ်းမှောက်


ဘင်္ဂလားဒေ့ရှ် မြို့တော် တောင်ပိုင်းတွင် ခရီးသည်တင်ကူးတို့သင်္ဘောက ၀မ်းပြားရေယာဉ်တစ်စင်းကို ၀င်ရောက် တိုက်မိခြင်းကြောင့် လူ ၃၀ ကျော်သေဆုံးခဲ့ရကြောင်း တာဝန်ရှိသူများက ဆိုသည်။

မြို့တော်ဒါကာအရှေ့တောင်ပိုင်း မဂ္ဂနာမြစ်အတွင်း ရှာရီရာပါး ၁ ဟု အမည်ပေးထားသော နှစ်ထပ်ခရီးသည်တင် ကူးတို့သင်္ဘောက အခြားသင်္ဘောတစ်စင်းကို ၀င်ရောက်တိုက်မိခြင်းဖြစ်ကြောင်း ဒေသခံရဲအရာရှိတစ်ဦးဖြစ်သူ ရှာဟီဒယ်လ်အစ္စလာမ်က အေအက်ဖ်ပီသတင်းဌာနသို့ပြောပြခဲ့သည်။

`ခရီးသည် ၃၅ ယောက်ကို အခြားသင်္ဘောတစ်စင်းက ကယ်တင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ခရီးသည် နောက်ထပ် ၁၅၀ လောက် ပျောက်ဆုံးနေပါသေးတယ်။´ ဟု ဆို၏။ သင်္ဘောပေါ်တွင် ခရီးသည် ၂၀၀ ခန့်တင်ဆောင် လာကြောင်း၊ အရေအတွက် အတိအကျကိုမူ မသိကြောင်း ဆိုသည်။

နစ်မြုပ်နေသော သင်္ဘောအတွင်းမှ ရုပ်အလောင်း ၃၀ ကျော် ရေငုပ်သမားများက ဆယ်ယူရရှိခဲ့ပြီးဖြစ်ကြောင်း နောက်ထပ်ဒေသခံရဲတစ်ဦးဖြစ်သော မိုဟာမက်ရှာဟာဘူဒင်က ပြောသည်။

`သင်္ဘောထဲမှာ ပိတ်မိပြီးသေဆုံးနေတဲ့လူတွေ နောက်ထပ်ရှိဦးမှာဖြစ်တဲ့ အတွက် သေဆုံးသူအရေအတွက် ထပ်မံတိုးပွားလာနိုင်ပါတယ်။ သင်္ဘောကိုရေထဲကနေဆယ်ယူပြီးတဲ့နောက်မှာတော့ သေဆုံးသူအရေအတွက်ကို အတိအကျကျွန်တော်တို့ ပြောနိုင်ပါလိမ့်မယ်။´
အခင်းဖြစ်ပွားရာနေရာသို့ သင်္ဘောပေါ်လိုက်ပါသွားသူများ၏ ဆွေမျိုးမိတ်သင်္ဂဟများ ရောက်ရှိလာခဲ့ကြကြောင်း အယ်ဂျာဇီယာသတင်းထောက် နစ်ကိုလပ်စ်ဟာကီက သတင်းပေးပို့ခဲ့သည်။

Source: Al Jazeera

Tuesday, September 6, 2011

အင်ဒိုနီးရှားတွင် ၆.၆ မဂ္ဂနီကျုရှိ ငလျင်လှုပ်


အင်ဒိုနီးရှားအနောက်ဘက် ဆူမားတြားကျွန်းတွင် အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ အနည်းဆုံး တစ်ဦးသေဆုံးပြီး နေအိမ် များ၊ ဟိုတယ်များနှင့် ဆေးရုံတစ်ခုမှ လူများ လမ်းမများပေါ်သို့ ထွက်ပြေးကြရသည်။

အင်္ဂါနေ့မနက်ပိုင်းက ပြင်းအား ၆.၆ မဂ္ဂနီကျုရှိ ငလျင်လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။ မြို့တော်မီဒါန်နှင့် အနောက်တောင်ဘက် ၁၀၀ ကီလိုမီတာအကွာနှင့် ကမ္ဘာ့မြေလွှာအောက်ဘက် ၁၁၀ ကီလိုမီတာအကွာမှ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်ဘူမိ လေ့လာရေးဌာနက ဆိုသည်။
ကုန်းတွင်းပိုင်းနှင့်နီးလွန်းသောကြောင့် ဆူနာမီလှိုင်းမဖြစ်ခဲ့ပေ။

၁၈၀၀ GMT ခန့်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ကျွန်းတောင် ပိုင်းထိပ်ဖျား ရွာများ၊ မြို့များမှ အိပ်ပျော်နေသော လူများကို လှုပ်နိုးလိုက် သကဲ့သို့ဖြစ်စေခဲ့သည်။

အပျက်အစီးများနှင့် ပိမိသဖြင့် အသက် ၁၁ နှစ်အရွယ်ယောင်္ကျားလေးတစ်ဦးနှင့် အခြားတစ်ဦးသေဆုံးပြီး နေအိမ်အများအပြား၊ အခြားအဆောက်အဦအများအပြား ပျက်စီးသွားခဲ့ရကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနကပြောသည်။


လူရာပေါင်းများစွာကို ယာယီစခန်းများသို့ပို့ဆောင်ထားပြီး အာဏာပိုင်များက အပျက်အစီးများကို လေ့လာဆန်းစစ်နေကြ ကြောင်း အထိအနာဆုံးမြို့တစ်မြို့ဖြစ်သော ဆင်ဂလီမြို့ရှိ ရဲမှူး လက်ဖတင်နင် ကာနယ် ဟယ်လ်မီ ကီဆူမာက ပြောသည်။

ဓါတ်တိုင်းများ နေအိမ်များအတွင်းသို့ ပြိုလဲကျခဲ့ပြီး လျှပ်စစ်မီးပြတ်တောက်လျက်ရှိသည်။

“ငလျင်လှုပ်နေချိန်မှာ ကျွန်တော့်မိန်းမနဲ့ ကလေးတွေက ကြောက်လန့်တကြားအော်ဟစ်ငိုယိုကြပါတယ်။ ကျွန်တော်တို့ အိမ်နံရံတွေအက်ကွဲပြီး အိမ်ထဲကပစ္စည်းတွေအားလုံး ပြုတ်ကျကုန်တယ်။
 ဒါပေမယ့် ကျွန်တော်တို့ ဘေးကင်းခဲ့ပါတယ်။” ဟု ဆင်ဂလီမြို့ခံတစ်ဦးက အတွေ့အကြုံကို ပြန်လည်ပြောပြခဲ့သည်။

ငလျင်လန့်မှုကြောင့် မီဒါန်မြို့တွင်းရှိ ဆေးရုံမှ လူနာရာပေါင်းများစွာကို ပြောင်းရွှေ့ခဲ့ကြသည်။ လက်တွန်းလှည်းပေါ်မှာလူနာများ၊ လက်မောင်းတွင် အကြောဆေးတန်းလန်းနှင့် လူနာများပါဝင်သည်။
ဟိုတယ်များတွင်လည်း တည်းခိုနေထိုင်ကြသူများ မနေရဲကြတော့ပဲ လမ်းများပေါ်သို့ ထွက်ပြေးခဲ့ကြသည်။ အချို့ကလေးများကို လက်ဆွဲ၍၎င်း၊ ချီပိုး၍၎င်း ပြေးလွှားရှောင်တိမ်းခဲ့ကြသည်။
 
ထို့နောက် ငလျင်ငြိမ်သွားပြီး နာရီပေါင်းအတန်ငယ်ကြာသည့်တိုင် အဆောက်အဦနေအိမ်များအတွင်းသို့ ပြန်လည်ဝင်ရောက်ကြ ခြင်းမပြုနိုင်ဘဲ ကြောက်လန့်နေကြသည်။
အင်ဒိုနီးရှားသည် ပြတ်ရွေ့ကြောင်းများပေါ်တွင် အလျားလိုက်တည်ရှိနေသည့် ကျယ်ပြန့်သော ကျွန်းနိုင်ငံဖြစ်သည့်အတွက် မီးတောင်ပေါက်ကွဲမှုများ ၊ ငလျင်လှုပ်ခတ်မှုများကို မကြာခဏခံစားရသည့် နိုင်ငံဖြစ်သည်။

၂၀၀၄ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့တွင် ဧရာမငလျင်ကြီးတစ်ခုလှုပ်ခတ်ခဲ့ရာ အိန္ဒိယသမုဒ္ဒရာအတွင်းဆူနာမီလှိုင်းဖြစ်ပေါ်ခဲ့ပြီး လူပေါင်း ၂၃၀,၀၀၀ ခန့်သေဆုံးခဲ့သည်။ ယင်းတို့ထဲမှ တစ်ဝက်ခန့်မှာ အင်ဒိုနီးရှားအနောက်ဘက်စွန်းအေဆက်ခ်ျပြည်နယ်မှဖြစ် သည်။

Source: Al Jazeera

Sunday, July 31, 2011

အင်ဒိုနီးရှား စက်ဘီးတက္ကစီ




အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျကာတာတွင်တစ်ချိန်က “အိုဂျက်ခ်စ်” ခေါ် စက်ဘီးတက္ကဆီများ အလွန်ပေါများခဲ့သည်။

သို့သော် ယခုအခါ သူတို့ထက်ပို၍ ဈေးချိုသော ဘတ်စ်ကားများပေါများလာသောအခါ အိုဂျက်ခ်စ် တက္ကစီလုပ်ငန်းကျဆင်းလာ ခဲ့ပြီး ငှားရမ်းစီးသူ အနည်းငယ်မျှသာရှိတော့သည်။
ထိုအကြောင်းကို အယ်လ်ဂျာဇီယာသတင်းဌာနမှ မှတ်တမ်းရယူခဲ့သည်။

Source: Al Jazeera

Monday, July 4, 2011

ယင်လပ် အပြတ်အသတ်နိုင်


တိုင်းပြည်မှ ထွက်ပြေးနေရသော ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာ၏ ညီမဖြစ်သူ ယင်လပ်ရှင်နာဝပ်ထရာ ဦးဆောင်သော ဖွေ့ထိုင်းပါတီသည် တနင်္ဂနွေနေ့က ကျင်းပခဲ့သော အထွေထွေ ရွေးကောက်ပွဲတွင် ပြိုင်ဘက် ဒီမိုကရက် ပါတီကို အပြတ်အသတ် အနိုင်ရရှိခဲ့ပြီ ဖြစ်သည်။ အသက် ၄၄ နှစ်ရှိပြီဖြစ်သာ အနိုင်ရ ပါတီခေါင်းဆောင် ယင်လပ်သည် အရှေ့တောင်အာရှ ဘုရင့်နိုင်ငံ၏ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ်ဖြစ်လာသည်။ 

ပါလီမန် အမတ်နေရာ ၅၀၀ တွင် အနိုင်ရ ဖွေ့ထိုင်းပါတီက ၂၆၃ နေရာ၊ ပြိုင်ဘက် အာဏာရ ဒီမိုကရက်ပါတီက ၁၆၁ နေရာဖြင့် အပြတ် အနိုင်ရရှိသွားခဲ့ခြင်း ဖြစ်သည်။ ရွေးကောက်ပွဲ ကော်မရှင် ထုတ်ပြန်ချက် အရ ၇၄ ရာခိုင်နှုန်း ရရှိခဲ့ခြင်းဖြစ်သည်။

အရေးနိမ့်သွားသော လက်ရှိ ဝန်ကြီးချုပ်ဖြစ်သူ အဘီဆစ်က ရုပ်မြင်သံကြားသို့ ပြောကြားရာတွင် “ရွေးကောက်ပွဲ ရလဒ်ကတော့ ရှင်းရှင်းလင်းလင်းပါပဲ။ ဖွေ့ထိုင်းပါတီက အပြတ်အနိုင်ရရှိသွားပြီး ကျွန်တော်တို့ ဒီမိုကရက်တွေ ရှုံးနိမ့်သွားပါပြီ။” ဟု ပြောကြားခဲ့ သည်။ 

“ဖွေ့ထိုင်းပါတီက အစိုးတစ်ရပ် ဖွဲ့ရပါတော့မယ်။ ဒီအတွက် ကျွန်တော်ချီးကျူးဂုဏ်ပြုပါတယ်။”

ထို့နောက် ယနေ့ (တနင်္လာနေ့) တွင် အဘီဆစ်သည် ဒီမိုကရက် ပါတီ ခေါင်းဆောင် အဖြစ်မှ နှုတ်ထွက် လိုက်ပြီ ဖြစ်သည်။

“ကျွန်မနဲ့ ဖွေ့ထိုင်းပါတီတို့ အတွက် အောင်ပွဲပဲလို့ ကျွန်မပြောလိုပါဘူး။ ဒါပေမယ့် ထိုင်းပြည်သူတွေက ကျွန်မကို လုပ်ကိုင်ခွင့်တွေ အပ်နှင်းလိုက်ပါပြီ။ ကျွန်မ အစွမ်းရှိသလောက် လုပ်ကိုင် ဆောင်ရွက်သွားမှာပါ။” ဟု ယင်လပ်က ဘန်ကောက်ရှိ ဖွေ့ထိုင်းပါတီ ရုံးချုပ်တွင် ပြောကြားခဲ့သည်။ 

“တရားဝင် ထွက်ပေါ်လာမယ့် ရွေးကောက်ပွဲ ရလဒ်ကို စောင့်နေတုန်းမှာပဲ ဖွေ့ထိုင်းပါတီရဲ့ အလုပ်အမှုဆောင်တွေက ချာ့ထိုင်းပတ္တာနာပါတီနဲ့ ဆက်သွယ် ဆွေးနွေးမှုတွေ လုပ်နေပါတယ်။” ပါတီငယ်များနှင့် ပူးပေါင်း ဆောင်ရွက်ရေးအတွက် လုပ်ဆောင်နေကြောင်း ယင်လပ်က ပြောကြားခဲ့သည်။

သက်ဆင်က ဒူဘိုင်းမှနေ၍ ထိုင်းသတင်းသမားတစ်ယောက်နှင့် အင်တာဗျူးပြောရာတွင် သူ့ပါတီ အနိုင်ရရှိကြောင်း ကြားသိရပြီးနောက် ညီမဖြစ်သူထံ ဖုန်းဆက်ပြီး ဂုဏ်ပြုစကား ပြောကြားခဲ့ကြောင်း၊ ရှေ့တွင် ခက်ခဲကြမ်းတမ်းသော အလုပ်များ စောင့်ကြိုနေကြောင်းလည်း သတိပေးစကား ပြောကြားပြီး ဖြစ်ကြောင်း ဆိုသည်။

Source: Al Jazeera

Sunday, July 3, 2011

ထိုင်းရွေးကောက်ပွဲ မဲစစ်တမ်းအရ အတိုက်အခံပါတီ အနိုင်ရ


ထိုင်းနိုင်ငံ ရွေးကောက်ပွဲ မဲရုံများမှ ရရှိသော မဲစစ်တမ်းအရ အထိုက်အခံ ပါတီတစ်ခုဖြစ်သော ယင်လပ်ရှင်နာ ဝပ်ထရာ ခေါင်းဆောင်သည့် ဖွေ့ထိုင်းပါတီက အနိုင်ရရှိ သွားပြီ ဖြစ်သည်။

ဖွေ့ထိုင်းပါတီ ခေါင်းဆောင် ယင်လပ်ရှင်နာ ဝပ်ထရာသည် ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ ညီမဖြစ်ပြီး အမတ်နေရာ ၅ဝဝတွင် ၃၁၃နေရာဖြင့် အနိုင်ရသွားခဲ့ခြင်း ဖြစ်သည်။  Bangkok's Suan Dusit University က သမိုင်းအတွက် စိတ်အချရဆုံးလို့ ယူဆပါကြောင်း ပြောကြားခဲ့သည်။

Assumption University  (ABAC) က ယခု အနိုင်ရရှိသွားသော အတိုက်အခံ ပါတီးအား အမတ်နေရာ ၂၉၉ ထိ မဲပေးထောက်ခံခဲ့သည်။

အခြား ခြုံငုံလေ့လာချက်အရ NIDA (National Institue of Development Administration) က ဖွေ့ထိုင်းပါတီအား ၂၇၅နေရာနှင့် လက်ရှိအာဏာရ ဒိုမိုကရက်ပါတီးအား ၁၀၄ နေရာ အသီးသီး ထောက်ခံမဲ ပေးခဲ့ကြသည်။

ထိုင်းစံတော်ချိန် တနင်္ဂနွေနေ့ မွန်းလွဲ ၃ နာရီ၊   ရွေးကောက်ပွဲဆိုင်ရာ မဲစစ်တမ်း ကောက်ယူ ချိန်ကတည်းက အတိုက်အခံပါတီမှ ထောက်ခံ အားပေးသူများ  အစုလိုက် အပြုံလိုက် ရောက်ရှိစုရုံး နေခဲ့သည်။ ပြီးခဲ့သည့်နှစ်က   အတိုက်အခံများ လူစုရုံး၍ အကြမ်းဖက်သော ကိစ္စကြောင့် စစ်တပ်မှ ဖြိုခွဲခဲ့ရာ လူပေါင်း ၉၁ ယောက် သေဆုံးခဲ့ရသည်။

ယင်းသို့သော အတိုက်အခံပါတီ အနိုင်ရရှိမှုသည် ထိုင်းနိုင်ငံသားများအား အံ့အားသင့်စေခဲ့ကြောင်း အယ်လ်ဂျာဇီးယား သတင်းထောက် ၀ိန်ဟေက ပြောကြားသွားခဲ့သည်

Source: Aljazeera

ထိုင်းရွေးကောက်ပွဲ အတိုက်အခံတို့ အခြေအနေကောင်း


ထိုင်းနိုင်ငံတွင် ယနေ့(တနင်္ဂနွေနေ့)တွင် အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပလျက်ရှိရာ လူဦးရေ ၄၇.၃သန်းနီးပါး မဲပေးခဲ့ကြသည်။ ယခု ရွေးကောက်ပွဲသည် ထိုင်းနိုင်ငံ အနာဂတ် တည်ငြိမ် အေးချမ်းရေး အတွက် အလွန်အရေးကြီးသော ရွေးကောက်ပွဲဖြစ်သည်။ လွန်ခဲ့သော နှစ်ကဖြစ်ပွားခဲ့သော ဘန်ကောက် လူထု အုံကြွမှုကြီးတွင် စစ်တပ်က အကြမ်းဖက် နှိမ်နင်းခဲ့ပြီး လူ ၉၀ ခန့် သေဆုံးခဲ့ရသော အဖြစ်အပျက်များ ပြီးနောက် ယနေ့ ရွေးကောက်ပွဲသည် လက်ရှိ အာဏာရ အစိုးရအတွက် စိန်ခေါ်မှု တစ်ရပ်ပင် ဖြစ်သည်။ 

မဲရုံအထွက် ကောက်ခံရရှိသော စစ်တမ်းများ (Exit poll) များအရ အတိုက်အခံ ဖွေ့ထိုင်း ပါတီမှ လက်ရှိအာဏာရ ဒီမိုကရက်တစ် ပါတီအပေါ် အပြတ်အသတ် အနိုင်ရရှိနေကြောင်း သိရှိရသည်။ Assumption University of Thailand တက္ကသိုလ်၏ Exit Poll စစ်တမ်းအရ ဖွေ့ထိုင်းပါတီ အနေနှင့် အမတ်နေရာ ၅၀၀ တွင် ၂၉၉ နေရာခန့် ရရှိနိုင်ကြောင်း ခန့်မှန်းထားသည်။ နောက်ထပ် စစ်တမ်း တစ်ခုအရ ဖွေ့ထိုင်းပါတီက ၂၅၇ နေရာနှင့် ဒီမိုကရက်ပါတီက ၁၀၄ နေရာရရှိသည်။

ဖွေ့ထိုင်းပါတီ၏ ခေါင်းဆောင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ၏ ညီမဖြစ်သူ ယင်လပ်ရှင်နာဝပ်ထရာ ဖြစ်ပြီး ဒီမိုကရက်တစ် ပါတီ၏ ခေါင်းဆောင်မှာ လက်ရှိ ဝန်ကြီးချုပ် အဘီဆစ်ဝီယာယီဝိ ဖြစ်သည်။

၂၀၀၆ ခုနှစ်တွင် စစ်တပ်မှ အာဏာသိမ်းပြီးနောက် သက်ဆင်ကို လာဘ်စားမှုများဖြင့် တရားစွဲဆိုခဲ့ချိန်မှစ၍ သက်ဆင်သည် တိုင်းပြည်ကို စွန့်ခွာနေခဲ့ရပြီး ယခုအခါ ဒူဘိုင်းတွင် နေထိုင်လျက်ရှိသည်။ လွန်ခဲ့သောနှစ်က သူ့ကို ထောက်ခံသော ရှပ်နီဝတ်များ ကဘန်ကောက်တွင် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြရာ နှစ်လကြာမြင်ခဲ့သည်။ မြို့တော်အလည် ရာဂျာပရာဆွန် လမ်းဆုံကို အချက်အခြာ ဆနရာအဖြစ် သိမ်းပိုက်ပြီး အဆောက်အဦများကို မီးရှို့ခြင်း၊ စီးပွားရေး လုပ်ငန်းများကို အတင်းအဓမ္မ ပိတ်ခိုင်းခြင်းများ ပြုလုပ်ခဲ့ပြီး ရဲများနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည်။ 

အာဏာရ ဒီမိုကရက်ပါတီက သက်ဆင်ကို နိုင်ငံတွင်းပြန်လာပြီး လာဘ်စားမှု စွဲချက်များကို ရင်ဆိုင်ရန် လိုလားလျက် ရှိသည်။ 

တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံတောင်ပိုင်း ခွန်ခန်းမှ အယ်လ်ဂျာဇီယာ  သတင်းထောက် အေလာကော်လန်က သတင်းပေး ပို့ခဲ့ရာ “နိုင်ငံတစ်ဝှမ်း မဲရုံပေါင်း ၉၀,၀၀၀ ဖွင့်လှစ်ထားပြီး ရဲ ၁၈၀,၀၀၀ ကို လုံခြုံရေးအတွက် နေရာချထားပါတယ်။ မနှစ်က ဘန်ကောက်မှာ တွေ့မြင်ခဲ့ရတဲ့ ပုံစံမျိုးတွေနဲ့ အကြမ်းဖက်မှုတွေ မဖြစ်ဘဲ အေးအေးချမ်းချမ်း ပြီးစီးသွားမယ်လို့ မျှော်လင့်ပါတယ်။” ဟု ပြောဆိုခဲ့သည်။

အဘီဆစ် မတိုင်မီက အစိုးရကို တရားရုံးအမိန့်ဖြင့် ဖျက်သိမ်းခဲ့ပြီး ပါလီမန်မဲဖြင့် အနိုင်ရလာသော အဘီဆစ်သည် ၂၀၀၈ ခုနှစ် ကတည်းက ဝန်ကြီးချုပ်ရာထူး ရရှိခဲ့သည်။ ဒီမိုကရက်တစ် ပါတီသည် အထွေထွေ ရွေးကောက်ပွဲများတွင် အနိုင်မရခဲ့ သည်မှာ ဆယ်စုနှစ် နှစ်ခုနီးပါး ရှိပြီဖြစ်သည်။

Source: Al Jazeera

Saturday, June 25, 2011

ထိုင်း-ကမ္ဘောဒီးယား နယ်နမိတ် ပြဿနာ ပိုမိုတင်းမာ



ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံနယ်နမိတ် ကြားအတွင်း တည်ရှိသော ရှေးဟောင်းဘုရားစေတီများသည် ယခုအခါ ၄င်းပိုင်နက်သည် နှစ်နိုင်ငံ အငြင်းပွားဖွယ်ရာ နယ်မြေတစ်ခု ဖြစ်လာခဲ့သည်။ အရှေ့ တောင်အာရှတွင် ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုတစ်ခုလည်း ဖြစ်လာခဲ့သည်။

ယင်းအငြင်းပွားမှုကြောင့် နယ်နမိတ်တစ်လျောက်တွင် ဖေဖော်ဝါရီလမှစ၍ ယခုတိုင် လူပေါင်း ၂၃ယောက် သေဆုံးခဲ့ရပြီးဖြစ်သည်။ လူအတော်များများ ဒဏ်ရာရကြပြီး ထောင်ပေါင်း ဆယ်ချီသော ရွာသားများလည်း ရွှေ့ ပြောင်းရန် အခြေအနေထိ ဆိုက်ရောက်လာခဲ့သည်။

နှစ်ဖက်သော အစိုးရများက ၄င်း ၄.၆ ကီလိုမီတာအကျယ်ရှိသော ဘုရားစေတီတ၀ိုက်အား သူပိုင်/ငါပိုင် အငြင်းပွားခဲ့ကြသည်မှာ ယခုထိ အဆုံးမသတ်နိုင်သေးပေ။ သို့သော် လူမျိုးစွဲဝါဒနှင့် ပြည်တွင်း နိုင်ငံရေးဝါဒသည် အငြင်းပွားမှုနောက်ကွယ်မှ ပြဿနာတစ်ခုဖြစ်ကြောင်း အချို့ က ပြောကြသည်။

ဖရက်ဗီဟီယာနှင့် ရှေးဟောင်းစေတီပုထိုးများနှင့် ပတ်သက်၍ အငြင်းပွားဖွယ်ရာကိစ္စသည် နှစ်နိုင်ငံ လုမျိုးရေး မုန်းတီးမှုများ၏ အဓိကအချက် ဖြစ်လာခဲ့သည်။ ယင်းမသေချာသော အဖြေသည် နှစ်နိုင်ငံ တိုက်ခိုက်မှုများကို ဖြစ်ပေါ်စေပြီး နှစ်နိုင်ငံလုံးအတွက် လူမျိုးရေးရာ ဖိအားများသည်လည်း နိုင်ငံရေး ဖိနှိပ်မှုများအထိ ရောက်ရှိရန် ဦးတည်လာခဲ့ပြီး ဖြစ်သည်။

Thursday, June 23, 2011

အကြမ်းမဖက်နည်းလမ်းကို ဒေါ်အောင်ဆန်းစုကြည် စွန့်လွှတ်ဖွယ်ရှိ


ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အနေနှင့် အကြမ်းမဖက် ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဒီမိုကရေစီရေးလှုပ်ရှား ကိုအပြောင်းအလဲပြုလုပ်နိုင်ကြောင်း မကြားသေးမီကပြောကြားခဲ့သော စကားများအရ အရိပ်အမြွက်တွေ့ရှိရသည်။ 

လန်ဒန်ဘီဘီစီ စတူဒီယိုတွင် သူမ၏ပြောကြားချက်များကို နားထောင်နေသောသူများကို တနင်္လာနေ့မွန်းလွဲပိုင်းက ရန်ကုန်မှနေ၍ ဒေါ်အောင်ဆန်းစုကြည်က စကားပြောကြားခဲ့သည်။ 

မေးခွန်းတစ်ခုကိုဖြေကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးမငြိမ်သက်မှုများအတွင်း နယ်လ်ဆင်မင်ဒဲလား၏ အနေအထားကို ထောက်ပြဖြေဆိုခဲ့သည်။ ထို့နောက် သူမအနေနှင့် အကြမ်းမဖက်နည်းလမ်းကို စွန့်လွှတ်ကောင်းစွန့်လွှတ်နိုင် ကြောင်းပြောကြားခဲ့သည်။ 

သူမ၏ အကြမ်းမဖက်နည်းလမ်းနှင့်ပတ်သက်၍ အမြင်သစ်ကိုပြောကြားရာတွင် ငြိမ်းချမ်းရေးဖခင်ဖြစ်သော မဟတ္တမဂန္ဓီ၏ “သူရဲဘောကြောင်ခြင်းနှင့် အကြမ်းဖက်ခြင်း” နည်းလမ်းနှစ်ခုသာရှိမည်ဆိုလျှင် အကြမ်းဖက်ခြင်းကိုသာရွေးချယ်မည်ဟု ဆိုသော အဆိုကို ထောက်ပြပြောဆိုခဲ့သည်။

ယင်းဟောပြောချက်များကို ဘီဘီစီတွင် အသံဖမ်းထားခဲ့ပြီး ပထမဟောပြောချက်ကို သီးသန့်အုပ်စုတစ်စုက နားထောင်ပြီးဖြစ်သည်။ ထို့နောက် ဇွန်၂၈ရက်နေ့တွင် အများပြည်သူ နားဆင်နိုင်ရန် ထုတ်လွှင့်မည် ဖြစ်သည်။ 

အာရပ်ကမ္ဘာတွင် အင်တာနက်ကို သုံးစွဲနိုင်မှု အားသာချက်ကြောင့် လူထုလှုပ်ရှားမှုများ အထမြောက် အောင်မြင်ခဲ့သော်လည်း မြန်မာပြည်တွင်မူ အလားတူ မဖြစ်နိုင်ကြောင်း ပြောဆိုခဲ့သည်။ 

အာရပ်ကမ္ဘာဒီမိုကရေစီရေး အုံကြွမှုများကို မြန်မာလူမျိုးများ အားကျအတုယူခဲ့ကြသည်။ လွတ်လပ်မှုအတွက် တိုက်ပွဲဝင်လိုစိတ် များကမ္ဘာတစ်ဝှမ်းလူများတွင် ကိန်းအောင်းလျက်ရှိသည်။ လွတ်လပ်မှုအတွက် စိတ်ဆန္ဒပြင်းပြမှုမှာ တူနီးရှားလူမျိုးများနှင့် မြန်လူ မျိုးများတွင်လည်းအတူတူပင်ဖြစ်သည်။

Source: BOC News

Wednesday, June 15, 2011

သီရိလင်္ကာ စစ်ရာဇဝတ်မှု


ဗြိတိန်သတင်းတွင် သီရိလင်္ကာအစိုးရစစ်တပ်များက တမီလ်သူပုန်အကျဉ်းသားများကို သတ်ဖြတ်နေသည့် မှတ်တမ်းကား ပြသ ခဲ့ပြီး သီရိလင်္ကာကို စစ်ရာဇဝတ်မှုဖြင့်တရားရင်ဆိုင်ရမည်ဟု ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ထို့ပြင် တမီလ်သူပုန်အမျိုးသမီးများကို မုဒိန်းကျင့်သတ်ဖြတ်ထားသည့် အလောင်းများကိုလည်း ဗြိတိန် ရုပ်သံလိုင်းအမှတ် ၄ မှ ထုတ်လွှင့်ပြသခဲ့သည်။
“ကျွန်တော် အတော်ကို အထိတ်တလန့်ဖြစ်မိပါတယ်။” ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးတစ်ဦးက ပြောကြားခဲ့သည်။

တမီလ်အီးလမ် လွတ်မြောက်ရေးကျားသူပုန်များနှင့်၂၆ နှစ်တာ တိုက်ပွဲများအတွင်း လူ့အခွင့်အရေးချိုးဖေါက်မှုများအပေါ် စုံစမ်း စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ယခုအခါ ကိုလမ်ဘိုအစိုးရအနေနှင့် နိုင်ငံတကာဥပဒေအရရင်ဆိုင်ရဖွယ်ရှိကြောင်းဗုဒ္ဓဟူးနေ့က ပြောဆိုခဲ့သည်။ သီရိလင်္ကာသမ္မတ မဟင်ဒါရာဂျာပက်ဆာက အဆိုပါဗွီဒီယိုသည် လုပ်ကြံဖန်တီးထားခြင်းဖြစ်ကြောင်းပြော သည်။
“သီရိလင်္ကာ သတ်ကွင်း” ဟုအမည်ပေးထားသော ၂၀၀၉ ခုနှစ်တမီလ်သူပုန်များကို အမြစ်ပြတ်တိုက်ခိုက်နှိမ်နင်းပြီး သူပုန်များကို ကွပ်မျက်သောဗွီဒီယိုကို အင်္ဂါနေ့က ထုတ်လွှင့်ပြသခြင်းဖြစ်သည်။
အမျိုးသမီးတစ်ဦးအပါအဝင် တမီလ်သူပုန်သုံးယောက်ကို သုတ်သင်သတ်ဖြတ်ပုံကို မိုဘိုင်းလ်ဖုန်းဖြင့် ရိုက်ကူးထားသည်။ ဗွီဒီယိုအများစုကို တမီလ်အရပ်သားများကရိုက်ကူးထားခြင်းဖြစ်ပြီး အပစ်အခတ်ရပ်နေရာဟု သတ်မှတ်ထားသောနေရာများတွင် အစုလိုက်သတ်ဖြတ်ခြင်းဖြစ်သည်။

လုံခြုံစိတ်ချရသောနေရာဟု သတ်မှတ်ထားသော ဆေးရုံကို အမြောက်ဆံထိမှန်ထားသော မှတ်တမ်းများလည်းပါဝင်သည်။ အချို့မှတ်တမ်းများတွင် တမီလ်သူပုန်များလည်း ပါဝင်သည်။

ပြည်တွင်းစစ်အဆုံးသတ်နောက်ဆုံး အပတ်များအတွင်း လူသောင်းနှင့်ချီ၍ သေဆုံးခဲ့ပြီး အများစုမှာ အရပ်သားများဖြစ်ကြောင်း ကုလသမဂ္ဂမှ တွက်ချက်ထားသည်။ ကုလအတွင်းရေးမှူးဘန်ကီမွန်ကို စစ်ရာဇဝတ်မှုစုံစမ်းရေးအတွက် အမိန့်ထုတ်ရန်ဖိအား ပေးလျှက်ရှိသည်။

သို့သော် သီရိလင်္ကာတွင် တရားမဝင်သတ်ဖြတ်မှုများအတွက် ကုလအထူးစုံစမ်းရေးမှူး ခရစ္စတိုဖာဟိန်းက ကုလလူ့အခွင့်အရေး ကောင်စီတွင်ွေီဒီယိုကို ပြသခဲ့ပြီး လုံးဝစစ်ရာဇဝတ်မှုမြောက်သော သက်သေအထောက်အထားပင်ဖြစ်ကြောင်းပြောကြားခဲ့သည်။

Source: Al Jazeera

Monday, June 13, 2011

ဗီယက်နမ်ကွန်မြူနစ်နှင့် တရုတ်ကွန်မြူနစ် ရေပိုင်နက်အငြင်းပွားမှုကြောင့် ဆက်ဆံရေးတင်းမာ

တရုတ်ဆန့်ကျင်ရေးဆန္ဒပြနေသူဗီယက်နမ်များ
တရုတ်က ဗီယက်နမ်ရေပိုင်နက်အတွင်းကျူးကျော်သည့်အပေါ် တုံ့ပြန်သည့်အနေနှင့်ဗီယက်နမ်က တောင်တရုတ်ပင်လယ်အတွင်း လက်နက်အပြည့်အစုံစစ်ရေးလေ့ကျင့်မှုတစ်ခုပြုလုပ်ခဲ့သည်။

“တနင်္လာနေ့ GMT ၀၁၀၀ အချိန်ကနေစပြီး ဗီယက်နမ်က လက်နက်အစစ်တွေပစ်ခတ်နေတာ GMT ၀၅၀၀ အထိပဲ။” အမည်မဖေါ်လိုသူ ဒါန်နန်းမြို့ရေတပ်အခြေစိုက်အရာရှိတစ်ဦးကပြောသည်။ အဆိုပါစစ်ရေးလေ့ကျင့်မှုကို ဗီယက်နမ်အလယ်ပိုင်းခွာအမ်နမ်းပြည်နယ်မှ၄၀ကီလိုမီတာအကွာရှိဟွန်အုန်းကျွန်းအနီးတစ်ဝိုက်တွင်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။

ဗီယက်နမ်နှင့်တရုတ်ကွန်မြူနစ်နိုင်ငံနှစ်နိုင်ငံကြားရေနံထွက်သောကျွန်းနှစ်ကျွန်းပိုင်ဆိုင်မှုကို အချိန်ကာလကြာမြင့်စွာကပင် အငြင်းပွားလာခဲ့ကြပြီး ယခုတဖန်ထပ်မံထိပ်တိုက်တွေ့ဆုံကြပြန်ရာ ဆက်ဆံရေးအခြေအနေတင်းမာလျက်ရှိသည်။

ဗီယက်နမ်မြို့တော် ဟနွိုင်းနှင့် ဟိုချီမင်းမြို့တော်တို့တွင် တနင်္ဂနွေနေ့က လူပေါင်း ၃၀၀ ခန့်စုရုံးကာ တရုတ်ဆန့်ကျင်ရေးဆန္ဒပြ ခဲ့ကြသည်။ ဗီယက်နမ်တွင် ဆန္ဒပြပွဲများကို ခွင့်ပြုလေ့မရှိချေ။ သို့သော်ယခုအခါ ဆန္ဒပြမှုကိုခွင့်ပြုခဲ့ပြီး ဆန္ဒပြသူများက ဘေဂျင်း အစိုးရကိုဝေဖန်ခဲ့ကြသည်။

ဒုတိယအချီပစ်ခတ်လေ့ကျင့်မှုသည် ၆ နာရီကြာမြင့်ပြီး နိုင်ငံခြားရေးဝန်ကြီးက နှစ်စဉ်ပုံမှန်လေ့ကျင့်ရေး ဖြစ်ကြောင်းပြောကြား သည်။
“ဒီစစ်ရေးလေ့ကျင့်မှုမှာ သင်္ဘောဘယ်နှစင်းပါဝင်တယ်ဆိုတာကျွန်တော် မပြောလိုပါဘူး။ ဒါပေမယ့် ဒုံးကျည်တွေမပါ ပါဘူး။ သေနတ်ပဲပစ်တာပါ။”

စင်္ကာပူရှိဗီယက်နမ်လူမျိုး အရှေ့တောင်အာရှလေ့လာရေးဌာနမှ ဝေဖန်အကဲဖြတ်တစ်ဦးဖြစ်သူ ဒေးဗစ်ခိုးက စစ်ရေးလေ့ကျင့်မှု ကြောင့် တောင်တရုတ်ပင်လယ်အတွင်း တင်းမာမှုမြင့်တက်နေကြောင်းပြောသည်။
လေ့ကျင့်မှုများကို ဗီယက်နမ်စီးပွားရေးရေပိုင်နက် ရေမိုင် ၂၀၀ အတွင်းပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။

ယင်းနယ်မြေအတွင်း တရုတ်စောင့်ကြည့်ရေယာဉ်က ရေနံရှာဖွေရေးသင်္ဘော၏ ကြိုးကိုဖြတ်ချပစ်လိုက်ကြောင်း ဗီယက်နမ်က တရုတ်ကို လွန်ခဲ့သောလက စွပ်စွဲခဲ့သည်။ ထို့နောက် ကြာသပတေးနေ့ကတစ်ခါ အလားတူသင်္ဘော၏ ကြိုးများကိုတရုတ်ငါးဖမ်း သင်္ဘောတစ်စင်းက တမင်ရည်ရွယ်၍ တိုက် ဖြတ်ပစ်ခဲ့ကြောင်း ဗီယက်နမ်ကဆိုသည်။

အငြင်းပွားနယ်မြေအတွင်း တရုတ်၏ အချုပ်အခြာအာဏာကိုထိပါးစေသော အပြုအမူများကိုရှောင်ရှားရန် ဗီယက်နမ်ကို ဘေဂျင်း အစိုးရက သတိပေးပြောကြားခဲ့သည်။ အဆိုပါရေပိုင်နက်အငြင်းပွားမှုကို ငြိမ်းချမ်းသောနည်းဖြင့်ဖြေရှင်းရန် အမေရိကန်ကတောင်းဆိုလိုက်သည်။ ဗီယက်နမ်တို့ ရေတပ်စစ်ရေးလေ့ကျင့်သောနေရာသည် နှစ်နိုင်ငံသူပိုင်ငါပိုင်အငြင်းပွားနေ ပြီး ရေကြောင်းအရလည်း မဟာဗျူရာအချက်အခြာကျသော ပရာဆယ်စ် ကျွန်းများနှင့် ၂၅၀ ကီလိုမီတာအကွာနှင့် စပရာတိုင်စ် ကျွန်းများနှင့် ၁,၀၀၀ ကီလိုမီတာအကွာတွင်ဖြစ်သည်။

Source: Al Jazeera

Friday, May 27, 2011

ဟံသာဝတီဦးဝင်းတင် အရေးပေါ်ဆေးကုသမှုခံယူ (ကြားဖြတ်သတင်း)

မြန်မာ့အရေး ကြားဖြတ်သတင်း


ဟံသာဝတီ ဦးဝင်းတင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် တစ်ဦး ဖြစ်သူ သတင်းစာဆရာကြီး 
ဟံသာဝတီ ဦးဝင်းတင်သည် ယမန်နေ့(၂၆. ၅. ၂၀၁၁) ညနေပိုင်းတွင် အာရှတော်ဝင်ဆေးရုံသို့ ပို့ဆောင်ကာအရေးပေါ်ဆေးကုသမှု ခံယူနေရကြောင်း ဦးဝင်းတင်နှင့်ဆွေမျိုးနီးစပ်သူ တစ်ဦးထံမှ သိရှိရသည်။ ဦးဝင်းတင်သည် ယခုနှစ် လွန်ခဲ့သော မတ်လ ၁၂ ရက်နေ့က အသက် ၈၁ နှစ်ပြည့်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်း မြန်မာလူမျိုးများမှ မွေးနေ့ အခမ်းအနားများစည်ကားစွာကျင်းပခဲ့ကြသည်။
ဦးဝင်းတင်သည် ဟံသာဝတီသတင်းစာအယ်ဒီတာတစ်ဦးအဖြစ်ဆောင်ရွက်ခဲ့ပြီး ၁၉၈၈ ခုနှစ်အရေးအခင်းတွင် ပြည်သူလူထုဘက်မှရပ်တည်ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်ပူးပေါင်း၍ နိုင်ငံရေးလှုပ်ရှားမှုများပြုလုပ်ခဲ့ သည်။
အစိုးရက သူ့ကိုနိုင်ငံရေးလှုပ်ရှားမှုကြောင့် ထောင်နှစ်ရှည်ချထားခဲ့ရာ စုစုပေါင်းထောင်ထဲတွင် ၁၉ နှစ်ခန့်နေ ခဲ့ရပြီး ၂၀၀၉ ခုနှစ်က ပြန်လည်လွတ်မြောက်လာခဲ့သည်။ ထို့နောက် ဆက်လက်၍ နိုင်ငံရေး၊ အမျိုးသားရေး များကို ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့တို့နှင့် လက်တွဲမဖြုတ်ဘဲ ဆက်လက်လုပ်ဆောင် နေရင်း ထောင်တွင်းအတွေ့အကြုံများကို “ဘာလဲဟဲ့ လူ့ငရဲ” ဟူသော အမည်ဖြင့် စာအုပ်ထုတ်ဝေခဲ့သည်။ ယင်းစာအုပ်ကို ပြည်တွင်း၌ ထုတ်ဝေခွင့်မရှိသော်လည်း ပြည်ပနိုင်ငံများတွင်မူ ထင်ရှားသောထောင်တွင်း အတွေ့အကြုံစာအုပ်တစ်အုပ်ဖြစ်သည်။
Source: HRDP World News Network

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။