Showing posts with label အရှေ့ အလယ်ပိုင်း. Show all posts
Showing posts with label အရှေ့ အလယ်ပိုင်း. Show all posts

Monday, August 13, 2012

အီရန် ငလျင် လူ ၂၀၀ ကျော်သေဆုံး

အီရန်အနောက်တောင်ပိုင်း တက်ဘရစ်ဇ်မြို့အနီးတွင်စနေနေ့က အင်အားပြင်းငလျင်နှစ်ခုလှုပ်ခဲ့ရာ အနည်းဆုံး ၂၂၇ ဦးသေဆုံးခဲ့ပြီး ၂ ၀၀၀ ခန့်ဒဏ်ရာရရှိခဲ့သည်။ အဆောက်အဦ အပျက်အစီးများအတွင်းပိတ်မိနေသော လူများအားလုံးကို ရှာဖွေကယ်ဆယ်ပြီးဖြစ်၍ ကယ်ဆယ်ရေးလုပ်ငန်းများ ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ပြောကြား လိုက်သည်။ `အပျက်အစီးတွေကြား ပိတ်မိနေတဲ့လူတွေအားလုံးကို ကယ်ထုတ်ပြီးဖြစ်ပါတယ်။ အရေးပေါ် လိုအပ်တဲ့ အကူအညီပစ္စည်းတွေကို ဝေငှနေပါတယ်။` ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ အရေးပေါ်ကိစ္စစီမံခန့် ခွဲရေးဌာန တာဝန်ရှိသူ ဟို့စ်နီဂါဒါမီက ပြောကြားခဲ့သည်။ ငလျင်ဒဏ်ခံခဲ့ရသော လူများအတွက် ရေနှင့် ယာယီတဲများပေးဝေရေးလုပ်ဆောင်လျှက်ရှိပြီး ငလျင်လှုပ် ခတ်ပြီး နောက်ပိုင်း စနေနေ့ညက လူထောင်ပေါင်းများစွာ ယာယီတဲများ၊ လမ်းမများပေါ်တွင် အိပ်စက် ခဲ့ကြရသည်။ တနင်္ဂနွေနေ့တွင် အထိအနာဆုံး ဗာဇက်ဂန်မြို့တွင် ယာယီတဲများဝေငှမည်ဖြစ်ပြီး ဒဏ်ရာရရှိသူများကို ကုသပေးနိုင်ရန် အရေးပေါ်ယာယီဆေးရုံးတစ်ခုလည်း တည်ဆောက်မည်ဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။ Source: Al Jazeera

Friday, August 3, 2012

ဆီးရီးယားငြိမ်းချမ်းရေးကိုယ်စားလှယ် ကိုဖီအာနန် နှုတ်ထွက်တော့မည်

ကုလ-အာရပ်အဖွဲ့ချုပ်မှ ဦးဆောင်စေလွှတ်ထားသော ဆီးရီးယားငြိမ်းချမ်းရေးကိုယ်စားလှယ် ကိုဖီအာနန် ကိုယ်စားလှယ်အဖြစ်မှ နှုတ်ထွက်တော့မည်ဖြစ်ကြောင်း ကုလသမ္မဂ္ဂအထွေထွေအတွင်းရေးမှူး ဘန်ကီမွန်က ကြေငြာလိုက်သည်။ ဆီးရီးယားတွင် အကြမ်းဖက်မှုများဖြစ်ပွားနေသည်မှာ ၁၇ လတာကြာမြင့်ခဲ့ပြီဖြစ်ပြီး ထိန်းသိမ်း၍ မရနိုင်သေးပေ။ ကိုဖီအာနန်ကို ဖေဖေါ်ရီလ ၂၃ ရက်နေ့က ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖြစ်တာဝန်ပေးခဲ့ခြင်းဖြစ်ပြီး ဘန်ကီမွန်က ကိုဖီအာနန်နှုတ်ထွက်သွားသည့်အတွက် အလွန်အမင်းဝမ်းနည်းကြောင်းလည်း ကြာသပတေးနေ့က ပြောကြားခဲ့ သည်။ အစောပိုင်းကတည်းက ကိုဖီအာနန်က ၂၀၁၂ သြဂုတ်လ ၃၁ ရက်နေ့တွင် မိမိအားခန့်အပ်ထားသော ကိုယ်စားလှယ်တာဝန်သက်တမ်းကုန်ဆုံးချိန်တွင် ထပ်မံသက်တမ်းတိုးမြှင့်ပေးခြင်း မပြုလုပ်ရန် ဘန်ကီမွန် နှင့် အာရပ်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး နဘီးလ်အယ်အာရဘီကို ပြောကြားထားခဲ့ဖူးသည်။ ကိုဖီအာနန်က အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်သော လုံခြုံရေးကောင်စီ၏ တာဝန်တစ်ရပ်ပေးအပ်ရာတွင် `တစ်စုံတစ်ယောက်ကို လက်ညှိုးထိုး ခေါ်ယူခိုင်းစေ` တတ်သည့် အပြုအမူကြောင့် မိမိနှုတ်ထွက်ရခြင်းဖြစ် ကြောင်း ဂျီနီဗာတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပြီး ဗြိတိန်နေ့စဉ်ထုတ် Financial Times သတင်းစာတွင်လည်းကြာသပတေးနေ့က ဖေါ်ပြခဲ့သည်။ အမေရိကန်နှင့် အာရပ်နိုင်ငံများက ဆီးရီးယားသမ္မတအာဆက်နှင့် မည်သည့်စေ့စပ်ညှိနှိုင်းမှုမျှ လုပ်ဆောင် ၍ ရတော့မည်မဟုတ်ဟု ထင်မြင်ယူဆထားချိန်တွင် ကိုဖီအာနန်က ဆက်လက်ကြိုးစားရန် ဆုံးဖြတ်ခဲ့ခြင်း အပေါ် သဘောမတွေ့ခဲ့ကြကြောင်း လုံခြုံရေးကောင်စီဝင် သံတမန်များက အလွတ်သဘော ပြောကြားခဲ့ သည်။ ဘန်ကီမွန်က သူနှင့် အာရပ်အဖွဲ့ချုပ်ခေါင်းဆောင် အယ်လ်အာရဘီတို့သည် ကိုဖီအာနန်နေရာတွင် အစားထိုးခန့်အပ်မည့်ကိစ္စအတွက် ဆွေးနွေးတိုင်ပင်နေကြောင်း ဆိုသည်။ `အခက်အခဲဆုံးနဲ့ အပင်ပန်းဆုံး အလုပ်ကိစ္စတစ်ခုကို ကိုယ်ကျိုးမဲ့လုပ်ဆောင်ဖို့အတွက် ကိုဖီအာနန် ရဲ့ ကျွမ်းကျင်လိမ္မာမှု၊ ဂုဏ်သိက္ခာရှိမှုတွေကို ရင်းနှီးမြှုပ်နှံပြီး လုပ်ဆောင်သွားတဲ့အပေါ် ကျွန်တော်တို့ အင်မတန်လေးစားတန်ဖိုးထားပါတယ်။` ဟု ဘန်ကီမွန်က ပြောသည်။ ဆော်ဒီနိုင်ငံမှ တင်ပြထားသော ဆီးရီးယားအရေး ဆုံးဖြတ်ချက်မူကြမ်းကို သောကြာနေ့တွင် ကုလသမဂ္ဂ အထွေထွေညီလာခံမှ မဲခွဲဆုံးဖြတ်မည့်အရေးတွင် မည်သည့်အဖြေထွက်ရှိလာမည်ကို မသိရသေးကြောင်း အယ်ဂျာဇီယာသတင်းထောက် ခရစ်စတန်ဆလွန်မေက နယူးယောက်ရှိ ကုလသမဂ္ဂရုံးချုပ်မှ သတင်းပေး ပို့ခဲ့သည်။ ရုရှဆိုင်ရာ ကုလသမဂ္ဂကိုယ်စားလှယ် ဗိုက်တယ်လီချာကင်က ကိုဖီအာနန်နှုတ်ထွက်သွားသည့်အတွက် စိတ်ဓါတ်ကျမိကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။ `ဒါသူ့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ပဲဆိုတာ ကျွန်တော်တို့နားလည်ပါတယ်။ ဒီလိုနှုတ်ထွက်သွားတဲ့ အတွက် အလွန်စိတ်မကောင်းဖြစ်ရပါတယ်။ သူ့ရဲ့ ဆီးရီးယားအရေးဆောင်ရွက်ချက်တွေကို ကျွန်တော်တို့ အားသွန်ခွန်စိုက် ထောက်ခံပေးခဲ့ပါတယ်။` ဟု ချာကင်က ပြောသည်။ `သူ့မှာ နောက်ထပ်တစ်လ အချိန်ရပါသေးတယ်။ ဒီလအတွင်းမှာ အလွန်ခက်ခဲတဲ့ အခြေအနေတွေ အောက်မှာပဲ တတ်နိုင်သလောက်ကြိုးစားအားထုတ်သွားဖို့ ကျွန်တော်မျှော်လင့်ပါတယ်။` ဟု ချာကင်က ပြောကြားခဲ့ပြီး ကိုဖီအာနန်၏ နေရာတွင် နောက်ထပ်တစ်ယောက်ခန့်အပ်ရန် ဘန်ကီမွန်ကြိုးစားနေခြင်းကို အားပေးနေကြောင်းလည်း ဆို၏။ အနောက်အုပ်စုများက ကိုဖီအာနန်၏ ဆီးရီးယားငြိမ်းချမ်းရေးဆောင်ရွက်ချက်များအပေါ် အထင်သေးခဲ့ကြောင်း ချာကင်က သတင်းထောက်များကို ပြောသည်။ Source: Al Jazeera

Tuesday, July 24, 2012

ဆီးရီးယားက နိုင်ငံခြားမှ ကျူးကျော်စစ်ပြုလာလျှင် ဓါတုလက်နက်သုံးစွဲခုခံမည်ဟု ပြောကြား

ဆီးရီးယားက ဓါတုလက်နှင့် ဇီဝလက်နက်များကို ဆီးရီးယားသူပုန်များအားတိုက်ခိုက်ရာတွင် အသုံးပြုမည်မဟုတ် ကြောင်း သို့သော် နိုင်ငံခြားတိုင်းပြည်များက ကျူးကျော်လာလျှင်မူ ယင်းတို့ကို အသုံးပြုတိုက်ခိုက်သွားမည်ဟု ပြောကြားလိုက်သည်။ တနင်္လာနေ့က ဒမတ်စကတ်တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျီဟက်မက်ဒီစီက အဆိုပါလက်နက်များကို ဆီးရီးယားအနေနှင့် မိမိနိုင်ငံကိုမိမိကာကွယ်ရာတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ပြည်တွင်းစစ်ပွဲတွင်မူ အသုံးပြုမည်မဟုတ်ကြောင်း ပြောဆိုလိုက်သည်။ `ဆီးရီးယားအာရပ်သမ္မတနိုင်ငံတော်က ပိုင်ဆိုင်တဲ့ အစုလိုက်အပြုံလိုက်သေကြေစေတဲ့လက်နက်တွေ၊ တားမြစ်လက်နက်တွေကို ဆီးရီးယားပြည်သူတွေအပေါ်၊ ဆီးရီးယားယား ပြည်တွင်းစစ်အတွင်း ဘယ်လိုအခြေအနေ မျိုးမှာပဲဖြစ်ဖြစ် သုံးစွဲမှာ မဟုတ်ပါဘူး။` ဟု မက်ဒီစီက ဆိုသည်။ သူပုန်များ၏ တိုက်ခိုက်မှုကြောင့် ကာကွယ်ရေးဝန်ကြီးနှင့် ဒုတိယကာကွယ်ရေးဝန်ကြီးတို့ အပါအဝင်ဆီးရီးယား သမ္မတအာဆက်၏ အစိုးရထိပ်ပိုင်းမှ ထိပ်တန်းအရာရှိလေးဦးသေဆုံးခဲ့ပြီးနောက် သူပုန်များအား နှိမ်နင်းရန် ဆီးရီးယား၏ ဓါတုလက်နက်များ နှင့် ဇီဝလက်နက်များအား အသုံးပြုလာမည့် အရေးအတွက် ဆွေးနွေးပြောဆို မှုများရှိလာခဲ့လေသည်။ ဆီးရီးယားတွင် ဓါတုလက်နက်များပိုင်ဆိုင်ကြောင်း အများက ယုံကြည်ထားကြသော်လည်း ဆီးရီးယားအနေနှင့် လူသိရှင်ကြားထုတ်ဖေါ် ပြောကြားခဲ့ခြင်း မရှိခဲ့ဖူးပေ။ Source: Al Jazeera

Monday, July 23, 2012

အီရတ်တွင် တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွား

အီရတ်နိုင်ငံတွင် ဗုံးခွဲတိုက်ခိုက်မှုများ၊ ပစ်ခတ်တိုက်ခိုက်မှုများ ဒုတိယမြောက်နေ့အဖြစ်ဆက်တိုက်ဖြစ်ပွားခဲ့ပြီး မည်သည့်အဖွဲ့အစည်းမှန်းမသိရသည့် သေနတ်သေများများက စစ်တပ်အခြေစိုက်စခန်းများကိုတိုက်ခိုက်ခြင်း၊ ကားဗုံးခွဲခြင်းများ မြို့တော်ဘဂ္ဂဒက်နှင့် ကယ်ကွတ်မြို့တွင် ပြုလုပ်ခဲ့ကြသည်။ တနင်္လာနေ့နံနက်ပိုင်းတွင် တိုက်ခိုက်မှုပေါင်း ၁၇ ခုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၅၀ သေဆုံးကာ ၁၃၁ ဦးဒဏ်ရာရ ရှိခဲ့ကြောင်း သိရသည်။ ဆာလာဒင်ပြည်နယ်ရှိ စစ်စခန်းတစ်ခုကို သေနတ်သမားများက တိုက်ခိုက်ခဲသဖြင့် အီရတ်စစ်သား ၇ ဦးသေဆုံးခဲ့ပြီး ၄ ဦးဒဏ်ရာရရှိခဲ့သည်။ သို့သော်နောက်ပိုင်းတွင် သေဆုံးသူ စစ်သား ၁၅ ဦးအထိရှိကြောင်း စစ်တပ်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါစစ်စခန်းသည် ဘဂ္ဂဒက်မြို့ မြောက်ဘက် ၉၀ ကီလိုမီတာအကွာတွင်ရှိပြီး ဒူလူအီယာမြို့နယ် အရှေ့ဘက်တွင်ရှိပြီး တနင်္လာနေ့ နံနက်အစောပိုင်းတွင် တိုက်ခိုက်မှုဖြစ်ပွားခဲ့ကာ စစ်သားများ အိပ်ယာမှ မနိုးသေးပေ။ တိုက်ခိုက်မှုအတွက် မည်သည့်အဖွဲ့အစည်းကမျှ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ပြောဆိုခြင်းမရှိပေ။ ဘဂ္ဂဒက်မြို့မြောက်ဘက် တာဂျီမြို့တွင် လူနေထိုင်သော ရပ်ကွက်တစ်ခုကို ပစ်မှတ်ထား၍ ကားဗုံးတစ်လုံးပေါက်ကွဲ ခဲ့သည်။ အစောပိုင်းသတင်းများအရ ၁၈ ဦးသေဆုံးပြီး ၁၂ ဦးခန့်ဒဏ်ရာရှိကြောင်း ဆိုသည်။ ကယ်ဆယ်ရေးလုပ် သားများ အခင်းဖြစ်ပွားရာသို့ရောက်ရှိစဉ်တွင် နောက်ထပ်ဗုံးတစ်လုံးပေါက်ကွဲခဲ့လေသည်။ ကယ်ကွတ်မြို့တွင် ရဲများကို ပစ်မှတ်ထားတိုက်ခိုက်သော ကားဗုံးလေးလုံး တစ်ပြိုင်နက်ပေါက်ကွဲခဲ့ပြီး အရပ်သား ၃ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ၁၉ ဦးဒဏ်ရာရရှိခဲ့သည်။ ဘဂ္ဂဒက်အရှေ့ဘက် ဟူစိန်နီယာရပ်ကွက်တွင် တနင်္လာနေ့က ရပ်ထားသောကားဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံးသုံးဦး သေဆုံးပြီး ၃၁ ဦး ဒဏ်ရာရရှိခဲ့သည်။ ဘဂ္ဂဒက် မြောက်ဘက် ကီလိုမီတာ ၁၄၀ အကွာရှိ တိုအုခါမာတိုမြို့တွင် ဈေးတစ်ခုကို ပစ်မှတ်ထား၍ ဖေါက်ခွဲသော ကားဗုံးကြောင့် တစ်ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ ရှိသည်။ ယင်းမြို့၌ပင် အခြားပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံး ၊ ၃၅ ဦး ဒဏ်ရာရရှိခဲ့သည်။ မွတ်ဒါဒီယာမြို့တွင် မော်တော်ဆိုင်ကယ်ဗုံးပေါက်ကွဲမှုကြောင့် အရပ်သား ၂ ဦးသေဆုံးပြီး ၁၃ ဦးဒဏ်ရာရရှိသည်။ မြို့တော်တောင်ဘက် မာမွတ်ဒီယာတွင် ဗုံးသုံးလုံးဆက်တိုက်ပေါက်ကွဲမှုကြောင့် ၁၀ ဦးသေဆုံးပြီး ၃၈ ဦးဒဏ်ရာရရှိ သည်။ ဘဂ္ဂဒက်မြောက်ဘက် ကီလိုမီတာ ၁၂၀ အကွာရှိ ဆာမာရာမြို့လည်တွင် လုံခြုံရေးယူထားသော တိုင်းရင်းသားလက်နက်ကိုင်ညွန့် ပေါင်းတပ်ဖွဲ့ဝင်များအား အမည်မသိသေနတ်သမားများက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးခဲ့သည်။ ဘဂ္ဂဒက် မြောက်ဘက် ၇၅ ကီလိုမီတာအကွာရှိ ဒူဂျာအီမြို့တွင် ရှီးအိုက်ဘုရားရှိခိုးကျောင်း အနီး ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့သည်။ Source: Al Jazeera

Wednesday, July 18, 2012

ဆီးရီးယားအရေး လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အသစ်ချမှတ်ရန် ကြိုးပမ်း

ဆီးရီးယားအရေးနှင့် ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဆုံးဖြတ်ချက်အသစ်တစ်ခုချမှတ်ရန် မဲခွဲဆုံးဖြတ်ရန် ကုလသမဂ္ဂက စီစဉ်ထားသည်။ သို့သော် လုံခြုံကောင်စီတစ်ရပ်လုံး ညီညီညွတ်ညွတ်ဖြင့် ဆုံးဖြတ်ချက်ချနိုင်ရန် အနေအထားမှာမူ မျှော်လင့်ချက်နည်းလေသည်။ ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းတွင် မဲပေးဆုံးဖြတ်ကြမည်ဖြစ်ပြီး ကောင်စီတွင်း သဘောထားမတိုက်ဆိုင်သောနိုင်ငံများ အကြား မဲမပေးမီ အကျေအလည်ညှိုနှိုင်းဆွေးနွေးခဲ့ကြပြီး ဆုံးဖြတ်ချက်တစ်ရပ် ထွက်ပေါ်လာရန် မျှော်လင့်ချက်နည်း ကြောင်း သက်ဆိုင်ရာ သံတမန်များက အင်္ဂါနေ့က ပြောသည်။ ဆုံးဖြတ်ချက်အပေါ် မကျေမလည်ဖြစ်နေရသည့် အဓိကအကြောင်းအရင်းမှာ အနောက်အုပ်စုများက စီးပွားရေးပိတ် ဆို့မှုနှင့် အကြမ်းဖက်မှုများရပ်တန့်ရေးအတွက် အင်အားသုံးဖြေရှင်းနိုင်သော ကုလသဘောတူညီချက် အခန်း ၇ ပါ အချက်များထည့်သွင်းဆုံးဖြတ်ရန် တောင်းဆိုနေခြင်းကြောင့်ဖြစ်လေသည်။ ရုရှအနေနှင့် စီးပွားရေးပိတ်ဆို့မှု၊ အင်အားသုံးဖြေရှင်းမှု စသည့်ဆုံးဖြတ်ချက်များအားလုံးကို လက်ခံနိုင်ဖွယ်မရှိပေ။ ထိုအချိန်တွင် အမေရိကန်နှင့် ဥရောပနိုင်ငံများက အခန်း ၇ ပါ အချက်များအရ လိုအပ်လျှင် စစ်အင်အားသုံးနိုင် သည့် အချက်ကို ပါဝင်ဆုံးဖြတ်စေလိုသည်။ အင်္ဂါနေ့က လာမည့်ဆုံးဖြတ်ချက်အသစ်နှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းရန် ရုရှက တောင်းဆိုခဲ့လေသည်။ တွေ့ဆုံးဆွေးနွေးပွဲပြီးနောက် စီးပွားရေးပိတ်ဆို့မှု၊ စစ်ရေးအရအရေးယူမှုများကို ရုရှအနေနှင့် သဘောတူလက်ခံနိုင် မည်မဟုတ်ကြောင်း ရုရှသံအမတ် အလက်ဇန္ဒါးပန်ကင်က ပြောကြားခဲ့သည်။ ကုလ-အာရပ်အဖွဲ့ချုပ်နှစ်ရပ်ပေါင်း စေလွှတ်ထားသော ငြိမ်းချမ်းရေးကိုယ်စားလှယ် ကိုဖီအာနန်က ဆီးရီးယား ပြဿာနာသည် လက်မခံနိုင်လောက်အောင် အခြေအနေဆိုးဝါးနေပြီဖြစ်ကြောင်း ပြောဆိုခဲ့ပြီး ရုရှသမ္မတ ဗလာဒီမာ ပူတင်က ကိုဖီအာနန်၏ ငြိမ်းချမ်းရေးဆောင်ရွက်မှု လုပ်ငန်းစဉ်များကို အားပေးထောက်ခံသွားမည်ဖြစ်ကြောင်း အင်္ဂါနေ့က ပြောကြားခဲ့သည်။ ကိုဖီအာနန်လည်း အင်္ဂါနေ့က ရုရုသမ္မတ ပူတင်နှင့်တွေ့ဆုံရန် သွားရောက်ခဲ့သည်။ နောက်ထပ်အသစ်ချမှတ်မည့် ဆုံးဖြတ်ချက်အပေါ် ရုရှက ဗီတိုအာဏာသုံးပယ်ရှားမည့် အရေးအတွက် ကြိုတင်သွားရောက် ညှိနှိုင်းနေခြင်း ဖြစ်သည်။ ရုရှသမ္မတနှင့် အစိုးရအဖွဲ့ဝင်များသည် ဆီးရီးယား၏ အကြမ်းဖက်နှိမ်နင်းမှုများကို ပြင်းပြင်းထန်ထန်တုံ့ပြန်အပြစ်ပေး အရေးယူသွားမည်ဟု ပြောဆိုထားသော်လည်း ယခုအချိန်အထိ ဆီးရီးယားသမ္မတ အာဆက်အပေါ် တင်းတင်း မာမာ ပြုမူမည့် အရိပ်အယောင်မျှ မတွေ့ရသေးပေ။ `ဆီးရီးယားငြိမ်းချမ်းရေး အတွက် ခင်ဗျားဆောင်ရွက်နေတာတွေကို ဟိုးအစကတည်းက ကျွန်တော်တို့ အားပေးထောက်ခံခဲ့ပြီး အခုထိလည်း ဆက်လက် အားပေးထောက်ခံနေပါတယ်။` ဟု ပူတင်က ကိုဖီအာနန်နှင့် တွေ့ဆုံရာတွင် စတင်ပြောကြားခဲ့လေ သည်။ ကိုဖီအာနန်ကလည်း ဆီးရီးယားအခြေအနေမှာ စိုးရိမ်ဖွယ်အနေအထားရောက်နေပြီဖြစ်ကြောင်း ပြန်လည်ပြောကြား ခဲ့လေသည်။ သုံးလကြာမြင့်ခဲ့ပြီဖြစ်သော ကိုဖီအာနန်၏ ငြိမ်းချမ်းရေးအစီအစဉ်မှာ အကြမ်းဖက်မှုများမြင့်မားလာခြင်းဖြင့်သာ ကြုံတွေ့ခဲ့ရပြီး အောင်မြင်မှုမရရှိခဲ့ပေ။ လာမည့်ဆုံးဖြတ်ချက်အသစ်ချမှတ်မည့် အချိန်တွင် ယင်းအစီအစဉ်သက်တမ်း ကုန်သွားတော့မည်ဖြစ်လေသည်။ စုံစမ်းလေ့လာရေးအဖွဲ့ဝင် ၃၀၀ စေလွှတ်ထားမှုကိုလည်း ငြိမ်းချမ်းရေးကောင်စီက ပြန်လည်သုံးသပ်မည်ဖြစ်ပြီး ဆက်လက်ထားရှိရေး ၊ ပြန်လည်ခေါ်ယူရေးအတွက် ဆုံးဖြတ်မည်ဖြစ်သည်။ ဆီးရီးယားပြဿနာမှာ ပြည်တွင်းစစ်ပွဲအသွင်ကူးပြောင်းသွားပြီဖြစ်ကာ ၁၆ လကြာမြင့်ခဲ့ပြီဖြစ်သည်။ နှစ်ဖက်စစ်သား များနှင့် အရပ်သား ထောင်ပေါင်းများစွာ သေကြေပျက်စီးခဲ့ပြီးဖြစ်သည်။ Source: Al Jazeera

Sunday, July 8, 2012

အာဖဂန်တွင် အမျိုးသမီးတစ်ဦးကို လူအများရှေ့တွင် အပြစ်ပေးသတ်ဖြတ်

http://aje.me/L0SkDB တာလီဘန်ဟု ဆိုသောအမျိုးသားတစ်ဦးက အိမ်ထောင်ရေးဖေါက်ပြန်သည်ဟု စွပ်စွဲခံရသော အမျိုးသမီးတစ်ဦးကို ကဘူးလ်မြို့အနီး လူအများရှေ့တွင် ပစ်သတ်ခဲ့သည့် ဗွီဒီယိုကို ရိုက်တာသတင်းဌာနက ရရှိခဲ့သည်။ သုံးမိနစ်ကြာမြင့်သော ယင်းဗွီဒီယိုမှတ်တမ်းတွင် အပြစ်ကျူးလွန်သည်ဟုစွပ်စွဲခံရပြီး ငုတ်တုတ်ထိုင်နေသော အမျိုးသမီးကို ခေါင်းပေါင်းပေါင်းထားသော အမျိုးသားတစ်ဦးကအော်တိုမက်တစ်ရိုင်ဖယ် သေနတ်ဖြင့် အနီးကပ် ငါးချက်ပစ်သတ်ခဲ့ ကြောင်း တွေ့ရသည်။ ပြီးနောက် ဝိုင်းဝန်းကြည့်ရှုနေကြသော အမျိုးသား ၁၅၀ က ဝိုင်းဝန်း အော်ဟစ်အော်ဘာပေးကြလေသည်။ ပါဝမ်ပြည်နယ် ကျေးရွာတစ်ရွာတွင် ဖြစ်ပျက်ခဲ့ခြင်းဖြစ်လေသည်။ `အိမ်ထောင်ရေးဖေါက်ပြန်တာမလုပ်ဖို့ အလ္လာက ပြောထားတယ်။ ဒီမိန်းမကို သတ်ဖြတ်ဖို့ အလ္လာက အမိန့် ပေးထားတယ်။` ဟု သေနတ်သမား အမျိုးသမီးအနီးချဉ်းကပ်သွားစဉ် အခြားအမျိုးသားတစ်ဦးက ပြောသည်။ ယင်းအဖြစ်အပျက်သည် ကဘူးလ်မှ တစ်နာရီခန့်အကြာသာ ကားမောင်းသွားရသော ရှင်ဝါရီခရိုင်ရှိ ခင်ချုပ်ကျေးရွာ တွင် လွန်ခဲ့သော တစ်ပတ်က ရိုက်ကူးထားခဲ့သော ဗွီဒီယိုဖြစ်ကြောင်း ပြည်နယ် အုပ်ချုပ်ရေးမှူးဘဆာဆလန်ဂီက ပြောသည်။ ယင်းကဲ့သို့ လူစုလူဝေးရှေ့မှောက် သတ်ဖြတ်စီရင်ခြင်းများသည် တာလီဘန်တို့အာဏာရှိစဉ် ၁၉၉၆-၂၀၀၁ ခုနှစ် ကာလအတွင်းက အာဖဂန်လူထုအတွက် နာကျင်ကြေကွဲဖွယ်ဖြစ်ရပ်များအဖြစ် အမှတ်ရနေစေခဲ့သည်။ တာလီဘန် တို့ကို နေတိုးတပ်ဖွဲ့များ တိုက်ခိုက်လာသည်မှာ ၁၁ နှစ်ရှိပြီဖြစ်ပြီး အာဖဂန်အသိုင်းအဝန်းရှိ အမျိုးသမီးများနှင့် ပတ်သက်၍ ခွဲခြားဆက်ဆံမှုများအတွက် ဝေဖန်ပြောဆိုမှုများရှိနေဆဲဖြစ်သည်။ `ကျွန်တော်ဒီဗွီဒီယိုကို ကြည့်တဲ့အခါမှာ မျက်စေ့တောင်ပိတ်ထားမိပါတယ်။ အမျိုးသမီးမှာ ဘာအပြစ်မှမရှိ ပါဘူး။ တာလီဘန်တွေသာ အပြစ်ရှိတာပါ။` ဟု ဆလန်ဂီက ရိုက်တာသတင်းဌာနသို့ ပြောသည်။ Source: Al Jazeera

Sunday, June 24, 2012

ပါလက်စတိုင်း-အစ္စရေးလ် အပစ်ရပ်ဦးမည်

ဂါဇာကမ်းမြှောင်ဒေသကို အစ္စရေးလ်တို့က ခြောက်ရက်ကြာတိုက်ခိုက်ပြီးနောက် ပါလက်စတိုင်း ဟားမားစ်အဖွဲ့ ခေါင်းဆောင်များက အစ္စရေးလ်နှင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အသစ်တစ်ခု ထပ်မံပြုလုပ်လိုက်ပြီးဖြစ် ကြောင်း ဆိုသည်။ `ကျွန်တော်တို့ရဲ့ အီဂျစ်ညီအစ်ကိုတွေက အစ္စရေးလ်နဲ့ လုံးဝအပစ်အခတ်ရပ်စဲဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အစ္စရေးလ်နဲ့ အပစ်အခတ်ရပ်စဲခဲ့ပါတယ်။` ခေါင်းဆောင်တစ်ဦးဖြစ်သူ အိုင်မန်တာဟာက ပြောသည်။ ဟားမားအဖွဲ့နှင့် နီးစပ်သော တာဝန်ရှိသူတစ်ဦး၏ အဆိုအရ အပစ်ရပ်သဘောတူညီချက်သည် စနေနေ့ ညသန်းခေါင်အချိန်တွင် စတင်အသက်ဝင်မည်ဖြစ်ကြောင်းသိရသည်။ တနင်္လာနေ့မှ စတင်ခဲ့သော တိုက်ခိုက်မှုများအတွင်း လူပေါင်း ၁၅ ဦးခန့် သေဆုံးခဲ့ရပြီး စနေနေ့ နောက်ဆုံးတိုက် ခိုက်မှုအတွင်း သုံးဦးသေဆုံးခဲ့ကြောင်း ပါလက်စတိုင်းတာဝန်ရှိသူများက အစောပိုင်းကပြောဆိုခဲ့သည်။ သေဆုံးသူများအတွင်း ကလေးငယ်တစ်ဦးပါဝင်ပြီး ၂၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း ပါလက်စတိုင်း ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူများက ပြောသည်။ Source: Al Jazeera

Saturday, June 23, 2012

တူရကီတိုက်လေယာဉ်ကို ဆီးရီးယားစစ်တပ်မှ ပစ်ချ

တူရကီဝန်ကြီးချုပ် အာဒိုဂန်
ဆီးရီးယားရေပိုင်နက်အတွင်း ဝင်ရောက်လာသော တူရကီတိုက်လေယာဉ်တစ်စင်းကို မိမိတို့ပစ်ချလိုက်ကြောင်း ဆီးရီးယားစစ်တပ်မှ ပြောဆိုလိုက်သည်။ ဆီးရီးယားနိုင်ငံတွင်း သမ္မတအာဆက်ကို ဖြုတ်ချရေး လူထုအုံကြွမှု ၁၆ လတာကြာမြင့်ခဲ့ပြီး အရှေ့အလယ်ဒေသတွင် နိုင်ငံတကာအာရုံစိုက်ခံနေရသောဆီးရီးယားအတွက် နောက်ထပ် ပြဿနာတစ်ခုဖြစ်လာခဲ့သည်။ `သောကြာနေ့ နေ့လည်မတိုင်ခင်အချိန်လောက်မှာ ကျွန်တော်တို့ရဲ့ ရေပိုင်နက်တွင်းကို ဝင်ရောက်လာတဲ့ လေယာဉ်တစ်စင်းကို လေကြောင်းကာကွယ်ရေးက ပစ်ချလိုက်ပါတယ်။ အဲဒီလေယာဉ်ဟာ တူရကီစစ်ဘက် လေယာဉ်တစ်စင်းဖြစ်နေတာကို တွေ့ရပါတယ်။` ဟု စစ်ဘက်မှ ထုတ်ပြန်သော ကြေငြာချက်ကို နိုင်ငံသတင်းဌာနက ကြေငြာခဲ့သည်။ အဆိုပါဖြစ်ရပ်အတွင်း တူရကီလေယာဉ်မှူးနှစ်ဦးပျောက်ဆုံးနေကြောင်း တူရကီဝန်ကြီးချုပ် ရီဆက်တေယစ်အာဒိုဂန် ၏ ဝန်ကြီးချုပ်ရုံးမှ အတည်ပြုပြောကြားလိုက်သည်။ `ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေထံကနေရရှိတဲ့ သတင်းများအရ ကျွန်တော်တို့လေယာဉ်ကို ဆီးရီးယား က ပစ်ချလိုက်တယ်လို့ သိရပါတယ်။` ဟု ဝန်ကြီးချုပ်ရုံးက ပြောကြားခဲ့သည်။ စုံစမ်းစစ်ဆေးမှုအချက်အလက်များ အသေးစိတ်ပြည့်စုံသွားသည်နှင့် တုံ့ပြန်မှုပြုလုပ်သွားမည်ဖြစ်ကြောင်း တူရကီက ဆိုသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ ဝန်ကြီးချုပ်နှင့် ၎င်း၏အစိုးရအဖွဲ့ဝင်ဝန်ကြီးများ နှစ်နာရီကြာတွေ့ဆုံဆွေးနွေး ခဲ့ကြသည်။ `တူရကီက ဘယ်လိုတုံ့ပြန်မှုပြုလုပ်သွားမလဲ၊ ဒါမှမဟုတ်နေတိုးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကို ထိပါးလာတဲ့ အတွက် နေတိုးအဖွဲ့က ကူညီထောက်ပံ့ပေးသွားမှာလားဆိုတဲ့ အချက်တွေကတော့ မသိရသေးပါဘူး။` ဟု အယ်ဂျာဇီယာ သတင်းထောက် အန်နီတာမက်နော့က အီစတန်ဘူမြို့မှ နေ၍ သတင်းပေးပို့ခဲ့သည်။ `အဲဒါအပြင် တူရကီဗုံးကြဲလေယာဉ်တစ်စင်းက ဆီးရီးယားပိုင်နက်ထဲကို သွားပြီး ဘာလုပ်တာလဲ ဆိုတာလည်း မသိရသေးပါဘူး။` `လေယာဉ်ဘယ်လို ပျက်ကျသွားခဲ့ရတာလဲ၊ တူရကီရဲ့ ဆုံးဖြတ်ချက်အပေါ် နိုင်ငံတကာက ဘယ်လို တုံ့ပြန် ကူညီသွားကြမှာလဲ ဆိုတာ မသိရသေးပါဘူး။` ဟု သတင်းထောက်က ပြောကြားသွားခဲ့သည်။ ပျက်ကျသွားသော F-4 လေယာဉ်၏ လေယာဉ်မှူးနှစ်ဦးကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိ သည်ဟု တူရကီသတင်းဌာန အန်နာတိုလီယာက ကြေငြာသွားခဲ့သည်။ Source: Al Jazeera

Monday, June 18, 2012

အီရန်နျူးကလီးယားအရေး ဆွေးနွေးပွဲ မော်စကိုတွင်ကျင်းပ

အီရန်နျူကလီးယားအရေးအတွက် အီရန်နှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများ ဆွေးနွေးပွဲ မော်စကိုမြို့တွင် ကျင်းပလျက်ရှိသည်။ ယင်းဆွေးနွေးပွဲို့ တနင်္လာနေ့က စတင်ခဲ့ပြီး နှစ်ရက်ကြာကျင်းပမည်ဖြစ်သည်။ မေလအတွင်းက အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တွင် ကျင်းပခဲ့သော အစည်းအဝေးတွင် အီရန်က နှုတ်ထွက်ရန် ပြင်ဆင်ခဲ့သည်။ ယခုမော်စကိုတွင် ကျင်းပသည့်ဆွေးနွေးပွဲတွင်ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံဖြစ်သည့် အမေရိကန်၊ ရုရှ၊ တရုတ်၊ ပြင်သစ်၊ ဗြိတိန်နှင့် ဂျာမဏီတို့ တက်ရောက်ခဲ့ကြပြီး အီရန်တွင် ယူရေနီယံ ၂၀ ရာခိုင်နှုန်းအထိ သန့်စင်ပြီးသည့်အပေါ် စိုးရိမ်သည့်အကြောင်း အဓိကထားပြောဆိုမည်ဖြစ်သည်။ အီရန်နှင့် ကမ္ဘာ့နိုင်ငံများကြား အီရန်နျူကလီးယားအရေး သံတမန်နည်းလမ်းများဖြင့် ဆွေးနွေးညှိနှိုင်းမှု မအောင်မြင်ပါက အစ္စရေးလ်က အီရန်နျူကလီးယားစက်ရုံများကို ဗုံးကြဲမည်ဟု ခြိမ်းခြောက်ထားသဖြင့် ဒေသတွင်းတည်ငြိမ်မှုပျက်ပြားပြီး ကမ္ဘာ့ရေနံဈေးကွက်တွင်လည်း ရေနံဈေးနှုန်းများ မြင့်တက်လာမည် ဖြစ်သည်။ သို့သော် ဧပြီလအတွင်းမှစ၍ ယခုအချိန်အထိ နှစ်ကြိမ်ဆွေးနွေးပွဲများ ပြုလုပ်ခဲ့သော်လည်း သဘောတူညီ ချက်တစ်ခုရရှိရန် နီးစပ်သည့်အနေအထားမျိုးပင် မတွေ့ရသေးပေ။ `နျူကလီးယားအရေးနဲ့ပတ်သက်ပြီး အီရန်ကနေ တစ်စုံတစ်ရာသဘောတူညီချက်ရရှိဖို့ ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားဖို့ ဆုံးဖြတ်ထားပါတယ်။` ဟု ဥရောပသမဂ္ဂ သံတမန်တစ်ဦးက ဆိုသည်။ ဆယ်စုနှစ်တစ်ခုခန့်ကြာမြင့်ခဲ့ပြီဖြစ်သော အီရန်နျူကလီးယားအရေးအား ယခုမော်စကို ဆွေးနွေးပွဲဖြင့် ပြေလည်သွားနိုင်မည့် အခွင့်အလမ်းအလွန်နည်းပါးကြောင်း ကျွမ်းကျင်သူများနှင့် သံတမန်များက သုံးသပ်ကြသည်။ သို့သော် ခြောက်နိုင်ငံကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဥရောပသမဂ္ဂနိုင်ငံခြားရေးမူဝါဒအကြီးအကဲ ကက်သရင်းအက်ရှ်တွန်က ခိုင်မာသည့်အဖြေတစ်ခုရရှိလာသည်အထိ ဆက်လက်ဆွေးနွေးသွားနိုင်မည့် နောက်ထပ်ဆွေးနွေးပွဲများပြုလုပ်ရန် အီရန်ထံမှ စိတ်ပါဝင်စားမှုတစ်ခုရရှိနိုင်လိမ့်မည်ဟု အနည်းဆုံးအား ဖြင့် မျှော်လင့်ထားကြောင်း ဆိုသည်။ Source: Al Jazeera

Sunday, June 17, 2012

ဆီးရီးယားတွင် အကြမ်းဖက်မှုများကြောင့် ကုလလုပ်ငန်းများ ခေတ္တရပ်ဆိုင်းထား

ဆီးရီးယားတွင် အကြမ်းဖက်မှုများလျော့ကျမသွားဘဲ ပိုမိုမြင့်တက်လာခြင်းကြောင့် ကုလစောင့်ကြည့်အဖွဲ့ ဝင်များ၏ လုံခြုံရေးစိုးရိမ်ရသဖြင့် ကုလလုပ်ငန်းများ ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ကြေငြာလိုက်သည်။ `ကုလအဖွဲ့ဝင်တွေအနေနဲ့ လှည့်လည်ကြည့်ရှုမှုလုပ်ငန်းတွေ မလုပ်တော့ပါဘူး။ သူတို့နေတဲ့နေရာ မှာဘဲ ရှိနေမှာဖြစ်ပြီးတော့ နောက်ထပ်ညွှန်ကြားမှုမရမချင်း ဘာမှဆောင်ရွက်မှာ မဟုတ်တော့ပါဘူး။`ဟု တနင်္ဂနွေနေ့က စောင့်ကြည့်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး ရောဘတ်မုဒ်က ကြေငြာချက်ထုတ်ပြန် လိုက်သည်။ ဆီးရီးယားတွင် ကုလစေလွှတ်တပ်ဖွဲ့ဝင် ၃၀၀ ခန့်ရှိပြီး ကိုဖီအာနန်တင်ပြထားသော ငြိမ်းချမ်းရေးသဘော တူညီချက် ၆ ချက်ကို လိုက်နာဆောင်ရွက်ခြင်းရှိ၊ မရှိနှင့် အစိုးရနှင့် အတိုက်အခံများကြားအပစ်အခတ် ရပ်စဲမှုရှိ၊ မရှိ စောင့်ကြည့်ရန် တာဝန်ပေးအပ်ထားသည်။ သို့သော် ဧပြီလအတွင်းကစ၍ စောင့်ကြည့်အဖွဲ့ကို ပထမဆုံးစေလွှတ်လိုက်သည့်အချိန်မှ စ၍ အကြမ်းဖက်မှုများကြောင့် လူပေါင်း ၃၀၀ ကျော်သေဆုံးခဲ့ရပြီးဖြစ်ကာ အတိုက်အခံများက စောင့်ကြည့်အဖွဲ့ကို ဝေဖန်ပြောဆိုလျှက်ရှိသည်။ ဗိုလ်မှူးကြီးမုဒ်သည် စောင့်ကြည့်အဖွဲ့၏ လုပ်ငန်းများ ရပ်ဆိုင်းလိုက်သည့် အကြောင်းကို အစိုးရသို့ အကြောင်းကြားခဲ့ကြောင်း ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။ `လုံခြုံရေးအကြောင်းပြချက်ကြောင့် ကုလစောင့်ကြည့်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးရောဘတ်မုဒ်ရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော်တို့ ဝန်ကြီးဌာနက နားလည်ပေးပါတယ်။` ဟု ပြောကြားခဲ့ကြောင်း ဆီးရီးယား ဆာနာသတင်းဌာနက ကြေငြာခဲ့သည်။ နေ့စဉ်အခြေအနေများနှင့် ဆောင်ရွက်မှုများအပေါ်မူတည်ပြီး စောင့်ကြည့်ရေးလုပ်ငန်းများ၊ ကူညီရေးလုပ် ငန်းများ ပြန်လည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရောဘတ်မုဒ်က ဆိုသည်။ `အတိုက်အခံနဲ့ အစိုးရနှစ်ဘက်စလုံးက ငြိမ်းချမ်းစွာအသွင်ကူးပြောင်းရေးကို စိတ်မဝင်စားဘဲ စစ်ရေးအရတိုက်ခိုက်ခြင်းတွေသာ ပြုလုပ်နေတာကြောင့် နှစ်ဘက်စလုံး အဆုံးအရှုံးများကြရတဲ့အပြင် အပြစ်မဲ့အရပ်သားတွေ၊ ယောင်္ကျား၊ မိန်းမ၊ ကလေးတွေလည်း နေ့စဉ်သေဆုံးနေကြရပါတယ်။ ဒါ့အပြင် ကုလစောင့်ကြည့်ရေးအဖွဲ့ဝင်တွေအတွက်ပါ လုံခြုံရေးစိုးရိမ်ရတဲ့ အခြေအနေအထိဖြစ်နေပါတယ်။` ဟု ရောဘတ်မုဒ်က ပြောဆိုသွားသည်။ `လွန်ခဲ့တဲံ ၁၀ ရက်အတွင်းခန့်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် စောင့်ကြည့်ရေးအဖွဲ့ရဲ့ လုပ်ငန်းတွေကို အနှောက်အယှက်ဖြစ်စေခဲ့ပြီး ဒေသတွင်း ညှိနှိုင်းမှုတွေပြုလုပ်ဖို့၊ တည်ငြိမ်မှုတွေတည် ဆောက်ဖို့ တိုက်တွန်းခဲ့တာတွေလည်း မအောင်မြင်ခဲ့ပါဘူး။` ဟု ဆို၏။ Source: Al Jazeera

Tuesday, June 12, 2012

ပါကစ္စတန်နှင့် ညှိနှိုင်းမှု ရပ်တန့်ရန် အမေရိကန်ဆုံးဖြတ်

အာဖဂန်နစ္စတန်အတွင်းရှိ နေတိုးတပ်များအား ပါကစ္စတန်မှ ဖြတ်ကာ အထောက်အပံ့ပေးရေးအတွက် ပါကစ္စတန်အစိုးရနှင့် ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်တော့မည်မဟုတ်ကြောင်း ပင်တာဂွန်က ပြောကြားလိုက်သည်။ `သွားရောက်စေ့စပ်ညှိနှိုင်းနေတဲ့ ကိုယ်စားလှယ်အဖွဲ့ကို မကြာခင်ပြန်လည် ခေါ်ယူတော့မှာ ဖြစ်ပါတယ်။` ပင်တာဂွန်ပြောခွင့်ရ ဂျော့လစ်တဲက တနင်္လာနေ့က သတင်းထောက်များကို ရှင်းလင်းပြော ကြားခဲ့သည်။ ညှိနှိုင်းရေးအဖွဲ့သည် ပါကစ္စတန်တွင် သွားရောက်ညှိနှိုင်းနေသည်မှာ ၆ ပတ်ကျော်ကြာမြင့်ခဲ့ပြီးဖြစ်သည်။ နေတိုးထောက်ပံ့ရေးလမ်းကြောင်း ပါကစ္စတန်မှ ပြန်လည်ဖွင့်လှစ်ပေးရေး ဆွေးနွေးညှိနှိုင်းမှု အတော်နီးစပ် နေပြီဟု ယုံကြည်ကြောင်း ပြောခဲ့သေးသည်။ သို့သော် ညှိနှိုင်းမှုများရပ်တန့်ခဲ့ပြီး မည်သည့်ရက်တွင် ပြန်လည်စတင်မည်ဟုလည်း အသေအချာမသိရသေးကြောင်း ဂျော့လစ်တဲက ဆိုသည်။ ထိုအခြေအနေများကို ရှင်းလင်းရန် ပါကစ္စတန်သို့လာရောက်ခဲ့သော အမေရိကန်လက်ထောက် ကာကွယ်ရေးဝန်ကြီး ပီတာလာဗွိုင်း နှင့်တွေ့ဆုံရန် ပါကစ္စတန် စစ်ဦးစီးချုပ် ဗိုလ်ချုပ် အက်ရှ်ဖက်ကာယာနီ က ငြင်းဆိုခဲ့သည်။ လွန်ခဲ့သောရက်အနည်းငယ်က အမေရိကန်ကာကွယ်ရေးဝန်ကြီး လီယွန်ပန်နက်တာက ပါကစ္စတန်သည် လက်နက်ကိုင် အကြမ်းဖက်အုပ်စုများအား ခြေကုပ်ယူခွင့်ပေးထားသော နိုင်ငံဖြစ်ကြောင်း၊ အမေရိကန် အနေနှင့် သီးခံနိုင်မှုအတိုင်းအတာ ကုန်ဆုံးနေပြီဖြစ်ကြောင်း ပြောကြားပြီးနောက် ဆွေးနွေးညှိနှိုင်းမှုများ ရပ်ဆိုင်းရေးဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ အမေရိကန်ဆိုင်ရာ ပါကစ္စတန်သံအမတ်ကလည်း လွန်ခဲ့သော ကြာသပတေးနေ့က ပန်နက်တာပြောကြား ခဲ့သော စကားသည် နှစ်နိုင်ငံကြား သဘောမတူညီမှုများကို ဖြေရှင်းနေသည့်အချိန်တွင် မပြောသင့်သည့် စကားဖြစ်ကြောင်း ပြောဆိုလိုက်သည်။ ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ကို ပါကစ္စတန်မှ ပြန်လည်ထွက်ခွါရန် ဆုံးဖြတ်ချက်မှာ ပါကစ္စတန်၏ ဆုံးဖြတ် ချက်မဟုတ်ကြောင်း၊ အချိန် အတော်ကြာမြင့်ခဲ့ပြီဖြစ်သည့်အတွက် ကိုယ်စားလှယ်အဖွဲ့ကို အနားယူနိုင်ရန် ရပ်ဆိုင်းလိုက်ခြင်းသာဖြစ်ကြောင်း ဂျွန်လစ်တဲက ပြောကြားခဲ့သည်။ Source: Al Jazeera

Friday, June 8, 2012

ပါကစ္စတန်ကို အမေရိကန်ကာကွယ်ရေးဝန်ကြီး သတိပေး

ပါကစ္စတန်နိုင်ငံ၏ လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အစည်းများ၊ အထူးသဖြင့် အယ်ကေဒါ နှင့် အချိတ်အဆက်ပြုလှုပ်ရှားနေသည်ဟု သံသယရှိသော ဟက်ခါနီအကြမ်းဖက်အုပ်စုအား နှိမ်နင်းရေး အတွက် ပိုမိုအားထုတ်လုပ်ဆောင်ရန် အမေရိကန်ကာကွယ်ရေးဝန်ကြီး လီယွန်ပန်နက်တာက ဖိအားပေး ပြောကြားလိုက်သည်။ အင်္ဂါနေ့က အာဖဂန်ကာကွယ်ရေးဝန်ကြီး အဘ္ဘဒူလ်ရာဟင်မ်ဝါဒက်နှင့် ကဘူးလ်မြို့ညီလာခံတွင် တွေ့ဆုံစဉ် ပန်နက်တာက ပါကစ္စတန်ကို သတိပေးပြောကြားလိုက်ခြင်းဖြစ်သည်။ `ကျွန်တော်တို့ အမေရိကန်ပြည်ထောင်စုက ပါကစ္စတန်အပေါ် သီးညည်းခံနိုင်စွမ်း ကုန်ဆုံးလာပါ ပြီ။ ပါကစ္စတန်က အကြမ်းဖက်သမားတွေကို နိုင်ငံတွင်းမှာ ခြေကုပ်ယူခွင့်ပေးထားပြီး ကျွန်တော်တို့ တပ်တွေကို တိုက်ခိုက်ဖို့ အခွင့်အရေးတွေပေးထားတဲ့ ကိစ္စတွေကို တားဆီးပေးဖို့ အထူးအရေးကြီးတယ် လို့ ကျွန်တော်ပြောလိုပါတယ်။` ဟု ပန်နက်တာက အလေးအနက်ထား သတိပေးခဲ့လေသည်။ ပန်နက်တာသည် အာဖဂန်မှ အမေရိကန်စစ်တပ်များ တဖြည်းဖြည်းချင်းလျှော့ချသွားရေးအတွက် အသေး စိတ်ဆွေးနွေးညှိနှိုင်းရန် မြို့တော်ကဘူးလ်သို့ ရောက်ရှိနေခြင်းဖြစ်သည်။ ရာထူးမှ အနားယူသွားသော အာဖဂန်ဆိုင်ရာ အမေရိကန်သံအမတ် ရန်းခရွတ်ကာနှင့်လည်း ကဘူးလ်မြို့တွင် တွေ့ဆုံရန် အစီအစဉ်ရှိ သည်။ ဟက်ခါနီအကြမ်းဖက်အုပ်စုသည် အာဖဂန်တွင် အမေရိကန်များအား တိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး လွန်ခဲ့သော ဆောင်းဦးပေါက်ကာလအတွင်းက ကဘူးလ်ရှိ အမေရိကန်သံရုံးနှင့် နေတိုးဌာနချုပ်တို့အား နောက်ဆုံးအကြိမ်တိုက်ခိုက်ခဲ့လေသည်။ ဟက်ခါနီအုပ်စုသည်အာဖဂန်ရှိ တာလီဘန်တို့နှင့်လည်း အချိတ် အဆက်ရှိသည်။ `ပါကစ္စတန်လို လုံခြုံတဲ့နေရာတစ်ခုရှိနေပြီးတော့ ဟက်ခါနီလို အကြမ်းဖက်အုပ်စုတွေက ကျွန်တော်တို့ကို တိုက်ခိုက်နိုင်ဖို့အတွက် အဲဒီနိုင်ငံမှာ ခြေကုပ်ယူထားနိုင်ကြတယ်။` ဟု ပန်နက်တာက ဆိုသည်။ Source: Al Jazeera

ဆီးရီးယားငြိမ်းချမ်းရေး မအောင်မြင်ကြောင်း ကိုဖီအာနန် ဝန်ခံ

ဆီးရီးယားငြိမ်းချမ်းရေးအတွက် လိုက်နာဆောင်ရွက်ရန် ချမှတ်ထားသော စီမံကိန်းများ မအောင်မြင်ဘဲ နိုင်ငံအဝှမ်း ပြည်တွင်းစစ်၊ အတိုက်အခံအကြမ်းဖက်မှုများ၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ၊ ရက်ရက် စက်စက်ဖိနှိပ်ချုပ်ခြယ်ညှဉ်းပမ်းမှုများ ဖြစ်ပွားလျက်ရှိကြောင်း ကုလသမဂ္ဂနှင့် အာရပ်အဖွဲ့ချုပ်တို့ ပူးတွဲ ခန့်အပ်ထားသေ ငြိမ်းချမ်းရေးကိုယ်စားလှယ် ကိုဖီအာနန်ကဝန်ခံ ပြောကြားလိုက်သည်။ အင်္ဂါနေ့က ပြုလုပ်သော ကုလအထွေထွေညီလာခံကြီးတွင် ကိုဖီအာနန်က အထက်ပါအတိုင်းပြောကြား လိုက်ခြင်းဖြစ်ပြီး ဟူလာနှင့် အယ်-ခူဘေယာမြို့များတွင် အရပ်သားများအား အစုလိုက်အပြုံလိုက်သတ် ဖြတ်မှုများဖြစ်ပွားခဲ့ကြောင်း အတည်ပြုပြောဆိုခဲ့သည်။ ယင်းသို့အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများအ တွက် လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲနေသော အတိုက်အခံများအား အပြစ်တင်ခြင်းမပြုဘဲ အစိုးရတွင် သာ ဦးစွာပထမတာဝန်ရှိကြောင်း ပြောသည်။ `ကျွန်တော် ပွင့်ပွင့်လင်းလင်းပြောရရင် အချက် ၆ ချက်ပါ ငြိမ်းချမ်းရေးမူဝါဒကို ဆီးရီးယားမှာ တစ်စုံတစ်ရာ လိုက်နာခြင်းမရှိပါဘူး။` ဟု ဆိုသည်။ `နိုင်ငံတကာအသိုင်းအဝိုင်းက တညီတညွတ်တည်းရှိနေပါတယ်။ ဒါပေမယ့် အခုဆိုရင် အဲဒီညီညွတ်မှုကို နောက်တစ်ဆင့်တက်ရပါမယ်။ ငြိမ်းချမ်းရေးအစီအစီတွေကို လိုက်နာခြင်းမရှိဘူးဆိုရင် နောက်ဆက်တွဲ အကျိုးဆက်တွေကို ခံစားရမယ်ဆိုတာ အသေအချာပြသဖို့လိုပါတယ်။` ဟု ကိုဖီအာနန်ကပြောကြားခဲ့သည်။ အယ်-ခူဘေယာတွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုပြီးနောက် ကုလသမဂ္ဂ စောင့်ကြည့်ရေးအဖွဲ့များ မြို့တွင်းသို့ဝင်ရောက်ရေးအတွက် ကြိုးပမ်းခဲ့ကြောင်း ကုလအထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်က ပြောကြားခဲ့သည်။ လေ့လာစောင့်ကြည့်ရေးအဖွဲ့မျာအား မြို့ဝင်စစ်ဆေးရေးဂိတ်များတွင် ဆီးရီးယားစစ်တပ်မှ တားမြစ်ခြင်း၊ ဝင်ရောက်ခွင့်မပြုဘဲ နောက်ပြန်လှည့်ခိုင်းခြင်းများရှိခဲ့ကြောင်း အဖွဲ့ခေါင်းဆောင် နော်ဝေလူမျိုး ဗိုလ်ချုပ် ရောဘတ်မုဒ်က ပြောသည်။ ကုလသမဂ္ဂဆိုင်ရာ ဆီးရီးယားသံအမတ် ဘက်ရှာဂျာဖရီက ဆီးရီးယားအစိုးရအနေနှင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို စုံစမ်းစစ်ဆေးဖေါ်ထုတ်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတကာရုပ်သံ ဌာနများသည် မဟုတ်မမှန်သော သတင်းများ၊ ရုပ်ပုံဗွီဒီယိုများ ထုတ်လွှင့်နေကြောင်း ပြောသည်။ အစုလိုက် အပြုံလိုက်လူသတ်မှုများ၊ လုပ်ကြံသတ်ဖြတ်မှုများ၊ ဗုံးဖေါက်ခွဲမှုများကို လက်နက်ကို ခွဲထွက် ရေးသမားများက လုပ်ဆောင်နေကြောင်း၊ နိုင်ငံခြားတိုင်းပြညအချို့သည် ဆာလာဖစ်ခွဲထွက်ရေးသမားများ နှင့် အကြမ်းဖက်သမားများကို ငွေကြေးထောက်ပံ့မှုများပေးနေကြောင်း စွပ်စွဲပြောကြားခဲ့သည်။ `လူသတ်အဖျက်လုပ်ရပ်တွေ လုပ်ဆောင်ခြင်းမရှိတဲ့ မည်သည့်နိုင်ငံရေးအဖွဲ့အစည်းနဲ့ မဆို ဆီးရီးယားအစိုးရအနေနဲ့ ပြန်လည်ပေါင်းစည်းရေးအတွက် လိုလားပါတယ်။` ဟု ဂျာဖရီက ဆိုသည်။ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများဖြစ်ပွားနေသော နေရာများသို့ ကုလလေ့လာရေးအဖွဲ့များဝင်ရောက် လျှင် အန္တရာယ်ရှိနိုင်သဖြင့် အချို့အဖွဲ့များအား အရပ်သားများကိုယ်တိုင်က ဝင်ရောက်လေ့လာခွင့်မပြုဘဲ တားဆီးခဲ့ခြင်းသာ ဖြစ်ကြောင်း ပြောသည်။ Source: Al Jazeera

Sunday, June 3, 2012

အာဖဂန်တွင် ပြန်ပေးဆွဲခံထားရသော NGO လုပ်သားလေးဦး ပြန်လည်လွတ်မြောက်

ဟယ်လင်ဂျွန်ဆင်
အာဖဂန်အရှေ့တောင်ဘက် တောင်များကြားတွင် ခိုအောင်းနေသော အစွန်းရောက်အဖွဲ့က ပြန်ပေးဆွဲထားသော နိုင်ငံခြားသူနှစ်ဦးအပါအဝင် NGO လုပ်သား လေးယောက်အဖွဲ့အား ကယ်ဆယ်ရေးအဖွဲ့က သွားရောက် ကယ်ဆယ်လိုက်နိုင်ပြီဖြစ်ကြောင်း သိရသည်။ သူတို့လေးဦးကို မေလနှောင်းပိုင်းက ရေးဘေးဒုက္ခသင့် ဘက်ဒက်ရှန်းပြည်နယ်တွင် လက်နက်ကိုင် လူတစ်စုကဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။ စနေနေ့ မိုးမသောက်မီ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားရာ နေရာကို ဝင်ရောက်စီးနင်းပြီး ကယ်ဆယ်ခဲ့ခြင်းဖြစ်သည်။ ဗြိတိန်နိုင်ငံမှ အသက် ၂၈ နှစ်ရှိ ဟယ်လင်ဂျွန်ဆင်၊ ကင်ညာမှ အသက် ၂၆ နှစ်ရှိ မိုရာဂွါ အိုရီရီနှင့် အာဖဂန်နိုင်ငံသားနှစ်ဦးတို့ဖြစ်ကြပြီး ဆွစ်ဇာလန် NGO ဖြစ်သော Medair အဖွဲ့တွင် အလုပ်လုပ်နေသူ များဖြစ်ကြသည်။ အပြည်ပြည်ဆိုင်ရာလုံခြုံရေးအထောက်အကူတပ်ဖွဲ့ (ISAF) က ၎င်းတို့ဝက်ဆိုက်တွင် NGO လုပ်သားများ အားကယ်တင်ပြီးဖြစ်ကြောင်း၊ သူတို့ကို ဖမ်းဆီးခဲ့သူများမှာ လက်နက်ကိုင်သောင်းကျန်းသူများဖြစ်ကြောင်း အတည်ပြုရေးသားဖေါ်ပြခဲ့သည်။ `ဒီကယ်ဆယ်ရေးအောင်မြင်ဖို့အတွက် အစီတွေချ၊ အစမ်းလေ့ကျင့်ရေးတွေလုပ်ပြီး သွားရောက်ကယ်တင်နိုင်ခဲ့တဲ့ ISAF အဖွဲ့အတွက် ဂုဏ်ယူပြီးတော့ အာဖဂန်အစိုးရကိုလည်း ကျေးဇူးတင် ပါတယ်။` ဟု ISAF တပ်မှူး ဗိုလ်ချုပ်ဂျွန်အလန်ကပြောသည်။ ISAF ညွန့်ပေါင်းတပ်များသည် အာဖဂန်ပြည်ထဲရေးဝန်ကြီး၏ အကူအညီဖြင့် အဆိုပါ ကယ်ဆယ်ရေးစစ်ဆင်ရေးကို ဆင်နွှဲခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံထားရသူများကို နေတိုး-အာဖဂန် ပူးပေါင်းတပ်ဖွဲ့က သွားရောက်ကယ်တင်ခဲ့ခြင်းဖြစ်သည်။ ပြန်ပေးသမားများက NGO လုပ်သားများကို ပြန်လွှတ်ပေးရန် ပြန်ပေးငွေ တောင်းခဲ့ပြီး စစ်ဆင်ရေးအတွင်း ပြန်ပေးသမား ၅ ဦးစလုံးကို ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက သတ်ဖြတ်နိုင်ခဲ့သည်။ ယင်းဒေသတွင် နယ်မြေကြမ်းတမ်းခြင်း၊ လုံခြုံရေးလျော့ရဲခြင်းများကို အခွင့်ကောင်းယူကာ လက်နက်ကိုင် ရာဇဝတ်သားများက ယခုကဲ့သို့ ပြုလုပ်ခြင်းဖြစ်ကြောင်း ဘက်ဒက်ရှန်းရှိ ရဲက ပြောသည်။ `အများအားဖြင့် ဒုစရိုက်သမားတွေ အခြေစိုက်ကြတာများပါတယ်။ ဒါပေမယ့် ဒီကောင်တွေကိုလည်း တာလီဘန်က ထောက်ပံ့ထားတယ်။` ဟု ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ရှမ်းဆူ-ရာမန်က ပြောသည်။ ဆောင်းတွင်းကာလအတွင်းက နှင်းများလွန်ကဲစွာကျဆင်းပြီး ၎င်းတို့အရည်ပျော်ချိန်တွင် ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့သဖြင့် NGO လုပ်သားများသည် ကြမ်းတမ်းသောနယ်မြေအတွင်း မြည်းများကို စီးကာ ယာဝမ်ခရိုင် ဆေးပေးခန်းသို့ သွားရောက်ကြစဉ် အဖမ်းခံခဲ့ရခြင်းဖြစ်သည်။ လက်ဦးပိုင်းတွင် သူတို့အဖွဲ့မှာ ငါးဦးအဖမ်းခံရခြင်းဖြစ်ပြီး တစ်ဦးက ထွက်ပြေးလွတ်မြောက်ခဲ့သည်။ Source: Al Jazeera

Saturday, June 2, 2012

ဂါဇာ-အစ္စရေးလ်နယ်စပ်တွင် ပစ်ခတ်မှုဖြစ်ပွား

သားဖြစ်သူပါလက်စတိုင်း တိုက်ခိုက်ရေးသမားဓါတ်ပုံကို ပြသနေသော ဖခင်
ဂါဇာနှင့် အစ္စရေးလ်နယ်စပ်တွင် ပစ်ခတ်မှုကြောင့် အစ္စရေးလ်စစ်သားတစ်ဦးနှင့် ပါလက်စတိုင်းတိုက်ခိုက် ရေးသမားတစ်ဦးတို့သေဆုံးခဲ့ကြောင်း နှစ်ဘက်စလုံးမှ ပြောကြားခဲ့သည်။ `ဒီနေ့မနက်အစောပိုင်းက အစ္စရေးလ်စစ်သားတစ်ဦးကျဆုံးခဲ့ပါတယ်။ ဂါဇာကမ်းမြောင်တောင်ဘက် ကနေ အစ္စရေးလ်ထဲကို ဝင်ရောက်လာတဲ့ အကြမ်းဖက်သမားတစ်ဦးနဲ့ အစ္စရေးလ်စစ်သားတစ်ဦးတို့ အပြန်အလှန်ပစ်ခတ်ကြပြီးတော့ အစ္စရေးလ်စစ်သားရော အကြမ်းဖက်သမားရော သေဆုံးသွားကြပါတယ်။`ဟု အစ္စရေးလ်စစ်တပ်မှ ကြေငြာချက်ထုတ်ပြန်ခဲ့သည်။ အစ္စလမ်ဂျီဟက်အုပ်စုကလည်း ၎င်းတို့အဖွဲ့ဝင်ဖြစ်သူ အသက် ၂၀ ရှိ အာမက်နက်ဆာ သေဆုံးသွားကြောင်း အတည်ပြုပြောကြားခဲ့သည်။ လက်နက်ကိုင် အုပ်စု အယ်ကဒ်အဖွဲ့က ပါလက်စတိုင်း တိုက်ခိုက်ရေးသမား အာမက်နက်ဆာသည် သူရဲကောင်းပီသစွာသေဆုံးသွားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ အာဆက်၏ ဖခင်ဖြစ်သူက သူ့သားသည် တော်လှန်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။ `အာမက်ရဲ့ သူရဲကောင်းပီသမှုအတွက် ကျွန်တော်ဂုဏ်ယူပါတယ်။ အာမက်က အစ္စရေးလ်စစ်သား တစ်ယောက်ယောက်ကို ပြန်ပေးဆွဲနိုင်ဖို့ ဒါမှမဟုတ် သတ်နိုင်ဖို့ အမြဲပြောလေ့ရှိပါတယ်။ သားသေဆုံးသွား တဲ့ အတွက် ဝမ်းနည်းပေမယ့် သူ့ရဲ့အာဇာနည်လုပ်ရပ်အတွက် ဂုဏ်ယူပါတယ်။` ဟု အစ္စလာမ္မစ်ဂျီဟက် ကိုထောက်ခံသည့် ဖခင်ဖြစ်သူက ပြောကြားခဲ့သည်။ အစ္စရေးလ်စစ်သား၏ အမည်မှာ နစ်နယ်လ်မိုရှီယာရှီဗလီဖြစ်ပြီး တောင်ပိုင်း အက်ရှ်ကယ်လွန်မြို့မှ ဖြစ်သည်။ ယင်းအဖြစ်အပျက်ဖြစ်ပွားပြီးနောက် အစ္စရေးလ်လေယာဉ်များနှင့် တင့်ကားများက ဂါဇာနယ်အတွင်းသို့ သတိပေးပစ်ခတ်ခဲ့သည်။ ခန်းယူးနစ်နယ် အရှေ့ပိုင်းသို့ အမြောက်ဆံများကျရောက်ခဲ့ပြီး ဂျုံခင်း ၃ ဟက်တာခန့် လောင်ကျွမ်းပျက်စီးသွားကြောင်း သိရသည်။ သောကြာနေ့ နံနက်ပိုင်းက ဂါဇာဘက်မှ ပုခုံးထမ်းအမြောက်ဆံနှစ်ခု အစ္စရေးလ်ဘက်သို့ကျရောက်ခဲ့ ကြောင်း အစ္စရေးလ်စစ်တပ် ပြောခွင့်ရအမျိုးသမီးတစ်ဦး ဆိုသည်။ သို့သော် မည်သည့် ပျက်စီးသေဆုံးမှု သတင်းကိုမျှ မကြားရပေ။ ထို့နောက် သောကြာနေ့ နေ့လည်ပိုင်း တွင် အစ္စရေးလ်က လေကြောင်းမှ ပြန်လည်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း သုံးဦးဒဏ်ရာရရှိခဲ့ သည်။ `အစ္စရေးလ်ကို ပုခုံးထမ်းအမြောက်နဲ့ ပစ်ခတ်ခဲ့တဲ့ အကြမ်းဖက်သမားတွေရှိတဲ့ နေရာကို လေကြောင်းက ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။` ဟု အစ္စရေးလ်စစ်တပ်က ပြောသည်။ ဂါဇာရှိ ဆေးဘက်ဆိုင်ရာ အဖွဲ့များက ခန်းယူးနစ်အရှေ့ဘက်တွင် မော်တော်ဆိုင်ကယ်စီးနင်းလာသူတစ်ဦး ထိမှန်ခဲ့ပြီး လူထုတော်လှန်ရေးကော်မီတီ မှ အဖွဲ့ဝင်သုံးဦး အပြင်းအထန်ဒဏ်ရာရရှိသွားကြောင်း ဆိုသည်။ အစ္စရေးလ်စစ်သားနှင့် ပါလက်စတိုင်းတိုက်ခိုက်ရေးသမားတို့ အပြန်အလှန်ပစ်ခတ်သေဆုံးမှုဖြစ်ပွားပြီး နောက် တင့်ကားများနှင့် အတူ အစ္စရေးလ်စစ်သားများ ခန်းယူးနစ်သို့ ဝင်ရောက်လာပြီး လူတစ်ဦးကို ဖမ်းဆီးသွားခဲ့ကာ နောက်ပိုင်း ပြန်လွှတ်ပေးခဲ့ကြောင်း မျက်မြင်သက်သေများက ပြောသည်။ အဆိုပါသတင်းကို အစ္စရေးလ်စစ်တပ်က အတည်မပြုခဲ့ပေ။ ဂါဇာတွင် တင်းမာမှုများဖြစ်ပေါ်နေသောကြောင့် ဟားမားအဖွဲ့ခေါင်းဆောင် အစ္စမေးလ်ဟာနီယာ၏ အပတ်စဉ်သောကြာနေ့တိုင်း ပြုလုပ်နေသော လူထုမိန့်ခွန်းပြောကြားမှုအစီအစဉ်ကို ရပ်ဆိုင်းလိုက်ရကြောင်း ၎င်း၏ ရုံးအဖွဲ့က ပြောသည်။ အစ္စရေးလ်စစ်တပ်က ဂါဇာနယ်စပ်အတွင်းပိုင်း အထိနေရာယူထားပြီး ယင်းနေရာသို့ ပါလက်စတိုင်းများ ဝင်ရောက်ခြင်းခွင့်မပြုပေ။ ထို့ပြင် အစ္စရေးလ်စစ်တပ်က မကြာခဏစစ်ဆင်ရေးပြုလုပ်လေ့ရှိသည်။ လွန်ခဲ့သော အပတ်က နယ်စပ်တွင် ပါလက်စတိုင်း တိုက်ခိုက်ရေးသမားများနှင့် အစ္စရေးလ်စစ်သားများ အပြန်အလှန်ပစ်ခတ်မှုကြောင့် အစ္စရေးလ်အရာရှိတစ်ဦးနှင့် စစ်သားတစ်ဦးတို့ ဒဏ်ရာရရှိခဲ့သည်။ Source: Al Jazeera

Thursday, May 31, 2012

ဆီးရီးယားကို ကုလ စိတ်ပျက်

ဆီးရီးယားငြိမ်းချမ်းရေးကိုယ်စားလှယ် ကိုဖီအာနန်၏ ငြိမ်းချမ်းရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များကို ပြန်လည်သုံးသပ်ရန်ဆီးရီးယား အတိုက်အခံ လွတ်လပ်သောဆီးရီးယားတပ်မတော် (FSA ) မှ သမ္မတ အာဆက်ကို ၄၈ နာရီအချိန်ပေးလိုက်သည်။ FSA ၏ ဗိုလ်မှူးကြီး ကာဆင်ဆာဒက်ဒိုင်းဗုဒ္ဓဟူးနေ့က အွန်လိုင်းတွင် ဗွီဒီယိုဖိုင်ဖြင့် ထုတ်လွှင့်ပြောကြား ရာ၌ `အစိုးရက အပစ်အခတ်ချက်ခြင်းရပ်ပါ၊ တပ်တွေပြန်ဆုတ်ပေးပါ၊ မြို့တွေ၊ ရွာတွေထဲကနေ တင့်ကား တွေ၊ လက်နက်ကြီးတွေ ပြန်လည်ရုပ်သိမ်းပေးပါ။` ဟု ပြောဆိုခဲ့သည်။ ဗုဒ္ဓဟူးနေ့က နိုင်ငံအရှေ့ပိုင်းတွင် လက်ပြန်ကြိုးတုပ်၊ မျက်လုံးများကို အဝတ်ဖြင့်ပိတ်စည်းထားပြီး ဦးခေါင်းများကို သေနတ်ဖြင့် တေ့ပစ်သတ်ခြင်းခံထားရသော အလောင်း ၁၃ လောင်း တွေ့ရှိခဲ့ရကြောင်း ကိုဖီအာနန်၏ ကိုယ်စားလှယ်ဖြစ်သူ ဂျင်းမာရီးဂူဟန်နိုက ကုလသမဂ္ဂလုံခြုံရေးကောင်စီဝင်များကို ရှင်းလင်း တင်ပြခဲ့သည်။ အစိုးရက သောကြာနေ့ နေ့လည်ပိုင်းအထိ အပစ်အခတ်ရပ်စဲခြင်းမပြုလျှင် ၎င်းတို့ကလည်း ငြိမ်းချမ်းရေး အစီအစဉ်ကို လိုက်နာရန် မလိုတော့ကြောင်း ဗိုလ်မှူးကြီး ကာဆင်က ပြောကြားခဲ့သည်။ ယင်းသို့ FSA က ပြောကြားလိုက်ခြင်းကြောင့် ကိုဖီအာနန်၏ ငြိမ်းချမ်းရေးအစီအစဉ်ပျက်ပြားပြီး အခြေအနေများ ပိုမိုဆိုးရွားလာမည်ကို စိုးရိမ်ရကြောင်း လုံခြုံရေးကောင်စီသို့ တင်ပြထားသည်။ `အပြုသဘောဆောင်တဲ့ အခြေအနေတွေ ဆီးရီးယားမှာ အလွန်နည်းပါးနေပါတယ်။`ဟု လုံခြုံရေး ကောင်စီ တံခါးပိတ်အစည်းအဝေးပြီးနောက် ရုရှသံအမတ် ဗစ်တလီချာကင်က ပြောကြားလိုက်သည်။ ဆီးရီးယားနိုင်ငံရေးအခြေအနေမှာ မကောင်းကြောင်း၊ အစိုးရနှင့် အတိုက်အခံနှစ်ဘက်စလုံးက လိုက်နာ ဆောင်ရွက်ရမည့် ကိစ္စများပျက်ကွက်နေပြီး စေ့စပ်ညှိနှိုင်းရေးနှင့် အလှမ်းဝေးနေဆဲဖြစ်ကြောင်း ချာကင် ကပြောသည်။ ကိုဖီအာနန်တင်ပြပြီး နိုင်ငံတကာအသိုင်းအဝ်ုင်းက ထောက်ခံခဲ့သော ငြိမ်းချမ်းရေးအတွက် မူဝါဒ ခြောက်ချက်ကို မည်သည့်ဘက်ကမှ လိုက်နာခဲ့ခြင်းမရှိကြောင်းလည်း ပြောဆိုလိုက်သည်။ Source: Al Jazeera

Tuesday, May 29, 2012

ဒိုဟာတွင် မီးလောင်မှုဖြစ်ပွား၊ လူသေပျောက်မှုရှိ

ကာတာနိုင်ငံ ဒိုဟာမြို့တော်ရှိ ဈေးဆိုင်များ၊ ဖျော်ဖြေရေးလုပ်ငန်းများရှိသော ကုန်တိုက် အဆောက်အဦ ကြီးတစ်ခု တနင်္လာနေ့က မီးလောင်မှု ဖြစ်ပွားခဲ့ရာ ကလေး ၁၃ ဦးအပါအဝင် စုစုပေါင်း ၁၉ ဦးသေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေငြာခဲ့သည်။ သေဆုံးသူများထဲတွင် ဆရာမလေးဦးနှင့် မီးသတ်သမား နှစ်ဦးပါဝင်ပြီး အခြား ၁၇ ဦးလည်း ဒဏ်ရာရရှိ ခဲ့ကြောင်း၊ ကလေး ၁၃ ဦးတွင် ယောင်္ကျားလေး ၆ ယောက်နှင့် မိန်းကလေး ၇ ယောက်ပါဝင်ကြောင်း သိရသည်။ ကုန်တိုက်အဆောက်အဦခေါင်မိုးထပ်တွင်ရှိသော နေ့ကလေးထိန်းကျောင်းတွင် ကလေးငယ်များပိတ်မိနေ ပြီး မီးသတ်သမားများက သွားရောက်ကယ်တင်နိုင်ရန် ကြိုးစားခဲ့ကြောင်း အယ်ဂျာဇီယာသတင်းထောက် စတက်ဖ်နီဒက်ကာက အခင်းဖြစ်ပွားရာ ဗီလာဂျီယို ကုန်တိုက်ကြီးမှ သတင်းပေးပို့ခဲ့လေသည်။ ဂျင်ပင်ဇီဟု အမည်ရသော နေ့ကလေးထိန်းကျောင်းတွင် ကလေးငယ်များနှင့် ဆရာမများ အသက်ရှုကြပ် ၍ သေဆုံးခဲ့ရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။ `သေဆုံးသွားသူကလေးတွေထဲမှာ ဂျပန်၊ ဖိလစ်ပိုင်၊ တောင်အာဖရိက လူမျိုးကလေးတွေ အပါအဝင် အခြား ဥရောပနဲ့ အာရပ်က ကလေးတွေလည်း ပါဝင်ပါတယ်။ ကာတာက ကလေးတွေတော့ တစ်ယောက်မှ မပါပါဘူး။` `သေဆုံးသူ ဆရာလေးယောက်မှာ သုံးယောက်က ဖိလစ်ပိုင်ဖြစ်ပြီးတော့ နောက်တစ်ယောက်က တော့ အာဖရိကန်ဖြစ်ပါတယ်။` ဟု သတင်းထောက်မှ သတင်းပေးပို့ခဲ့သည်။ မီးလောင်မှုစတင်ဖြစ်ပွားရခြင်းအကြောင်းရင်းကို မသိရသေးကြောင်း၊ အာဏာပိုင်များမှ စုံစမ်းစစ်ဆေးဆဲ ဖြစ်ကြောင်း ဆိုသည် ။ `လက်ဦးပိုင်း ဖြစ်စမှာ မြင်လိုက်တဲ့ မျက်မြင်သက်သေတစ်ဦးပြောပြချက်အရတော့ အစိမ်းရောင် မီးခိုးတွေစထွက်လာပြီး နောက်ပိုင်း မဲမှောင်သွားပြီးတော့ မီးခိုးလုံးတွေ နဲ့ ပိန်းပိတ်သွားတယ်လို့ ပြောပါတယ်။` `အဲဒီအချိန်မှာ အလိုအလျောက်မီးငြိမ်းသတ်ပေးတဲ့ မျက်နှာကြတ်ရေပန်းတွေလည်း အလုပ်မလုပ် ဘူးလို့ ဆိုပါတယ်။` ထို့ပြင်မျက်မြင်သက်သေများအဆိုအရ ကောင်းမွန်စံနစ်ကျသော ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ခြင်းကိုလည်း မတွေ့ရကြောင်း ဆိုသည်။ အချို့မျက်မြင်သက်သေများကလည်း အဆောက်အဦ၏ အရေးပေါ်ထွက်ပေါက် တံခါးမှာလည်း သော့ခတ် ထားကြောင်း ဆိုသည်။ Source: Al Jazeera

အီဂျစ်ရွေးကောက်ပွဲ ရလဒ်အပေါ် မကျေနပ် ဆန္ဒပြ

အီဂျစ်ရွေးကောက်ပွဲတွင် မသမာမှုများပြုလုပ်ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် နောက်ဆုံးအဆင့် ရှုံးထွက်သမ္မတရွေးကောက်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အာမက်ရှာဖစ်၏ ရုံးခန်းကို မီးတင်ရှို့ခဲ့ကြပြီး ဆန္ဒပြသူများ ကိုင်ရိုမြို့ တာဟာရာရင်ပြင်တွင် စုရုံးဆန္ဒပြခဲ့ကြသည်။ တနင်္လာနေ့နှောင်းပိုင်းတွင် မွတ်စလင်ညီအစ်ကိုတော်များ ပါတီမှ မိုဟာမက်မော်ဆီနှင့် ယခင်ဝန်ကြီးချုပ်ဟောင်း အာမက်ရှာဖစ်တို့ နောက်ဆုံးရှုံးထွက် သမ္မတရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရမည် ဟူသော ရွေးကောက်ပွဲရလဒ်ကြေငြာချက်ကို ထုတ်ပြန်ခဲ့ပြီးနောက် ရှာဖစ်၏ရုံးခန်း မီးရှို့ခံခဲ့ရခြင်းဖြစ် သည်။ သို့သော် မီးသတ်သမားများက မီးကိုငြှိမ်းသတ်လိုက်ပြီဖြစ်ကြောင်းပြောဆိုခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှု သတင်း တစ်စုံတစ်ရာမကြားရပေ။ မီးရှို့မှုနှင့် ပတ်သက်ပြီး ရဲက မသင်္ကာသူ ရှစ်ဦးကို ဖမ်းဆီးထားသည်။ `သူတို့ လာရောက်တိုက်ခိုက်စဉ်မှာ ကျွန်တော်တို့က အဆောက်အဦထဲမှာရှိနေပါတယ်။` ဟု ရှာဖစ်၏ ရုံးဝန်ထမ်းတစ်ဦးဖြစ်သူက ပြောကြားခဲ့သည်။ နောက်ဆုံးသမ္မတရွေးကောက်ပွဲတွင် ရှာဖစ်ပါဝင်လာခဲ့ခြင်းအတွက် အစောပိုင်းက ဆန္ဒပြသူ ၂ ၀၀၀ ခန့် ကိုင်ရိုမြို့လယ် တဟာရာရင်ပြင်တွင် စုရုံးဆန္ဒပြခဲ့ကြသည်။ အလက်ဇန်းဒရီးယားမြို့တွင်လည်း ဆန္ဒပြသူများက ရှာဖစ်၏ ရုပ်ပုံပိုစတာများကို ဆုတ်ဖြဲခဲ့ကြကြောင်း အယ်ဂျာဇီယာသတင်းထောက် ဂျမေးလ်အယ်ရှေယယ်က ကိုင်ရိုမြို့မှ သတင်းပေးပို့ခဲ့သည်။ နိုင်းမြစ်ဝှမ်း ဒေသ ဒါကာလီယာနှင့် မန်ဆူရာပြည်နယ်များတွင်လည်း ဆန္ဒပြမှုများဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ကိုင်ရိုဆန္ဒပြပွဲတွင် မွတ်စလင်ညီအစ်ကိုတော်များပါတီမှ သမ္မတလောင်း မိုဟာမက်မော်ဆီနှင့် အခြားသမ္မတလောင်းတစ်ဦးတို့လည်း ပူးပေါင်းပါဝင်ခဲ့ကြောင်းသိရသည်။ `ရွေးကောက်ပွဲတွေသာ ကြိုတင်ခန့်မှန်းလို့မရနိုင်အောင် ဖြစ်ခဲ့မယ်ဆိုရင် ဒီထက်တောင်ပိုပြီး ပွဲဆူ သွားနိုင်ပါတယ်။ အီဂျစ်လူထုဟာ နှစ်ခြမ်းကွဲသွားပြီဖြစ်ကြောင်း ဒီဆန္ဒပြပွဲတွေက ပြသနေပါတယ်။` ဟု သတင်းထောက်က ပြောကြားခဲ့သည်။ ဆန္ဒပြသူများသည် မော်ဆီကိုရော ရှာဖစ်ကိုပါ မလိုလားကြောင်း ကြွေးကြော်သံများအော်ဟစ်ဆန္ဒပြကြ လေသည်။ တစ်ပါတီတည်းက အာဏာကိုဆုပ်ကိုင်အုပ်ချုပ်ခြင်း၊ သို့တည်းမဟုတ် ယခင်အစိုးရဟောင်းမှ လူများ အာဏာပြန်လည်ရရှိခြင်း၊ စသည့် မည်သည့်ဘက်ကိုမှ လက်မခံနိုင်ကြောင်း ဆိုသည်။ `လွတ်လပ်ရေး၊ လွတ်လပ်ရေး`ဟူ၍သာ လက်သီးလက်မောင်းတန်းအော်ဟစ်နေကြလေသည်။ `ဘာသာရေးအစိုးရနဲ့ အာဏာရှင်အစိုးရ တွေကြားမှာ ကျွန်တော်တို့ ဘာမှလုပ်နိုင်မှာ မဟုတ်ပါဘူး။`ဟု ဆန္ဒပြလူအုပ်အတွင်းပါဝင်သော အသက် ၃၅ နှစ်ရှိ ဘက်စီယိုနီ က ပြောသည်။ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဖာရွတ်ဆော်တန်က တနင်္လာနေ့ အစောပိုင်းက ရွေးကောက်ပွဲရလဒ်များ ကြေငြာရာတွင် `မည်သည့်သမ္မတလောင်းတစ်ဦးတစ်ယောက်မျှ ဆန္ဒမဲအများအပြားနဲ့ အပြတ်အသတ် အနိုင်ရရှိခြင်းမရှိတာကြောင့် ရွေးကောက်ပွဲဥပဒေ အခန်း ၄၀ မှာ ပြဌာန်းထားချက်အရ မိုဟာမက် မော်ဆီ နဲ့ အာမက်ရှာဖစ် တို့နှစ်ယောက် ရှုံးထွက်ရွေးကောက်ပွဲမှာ ဆက်လက်ယှဉ်ပြိုင်ရပါမယ်။` ဟု ကြေငြာခဲ့ သည်။ အထက်ပါရလဒ်အရ ပြည်သူများအနေနှင့် ရွေးချယ်ရမည့် သမ္မတလောင်းနှစ်ဦးမှာ အစွန်းနှစ်ဘက် တွင် ရောက်နေသည့် သူများဖြစ်လာခဲ့သည်။ မိုဟာမက် မော်ဆီသည် အစ္စလာမ်ဝါဒရိုးစွဲဖြစ်ပြီး ရှာဖစ်မှာ အမုန်းခံမူဘာရက်အစိုးရမှ လူဖြစ်နေလေသည်။ ရွေးကောက်ပွဲရလဒ်များအရ မော်ဆီက ၂၄.၇ ရာခိုင်နှုန်းရရှိပြီး ရှာဖစ်မှာ ၂၃.၆ ရာခိုင်နှုန်းဖြင့် နှစ်ဦးသား မတိမ်းမယိမ်းဖြစ်နေကြောင်း ရွေးကောက်ပွဲဥက္ကဌက ဆိုသည်။ နက်ဆာဝါဒဆက်ခံသူ ဟမ်ဒင်းဆဘာဟီက ၂၀.၇ ရာခိုင်နှုန်း၊ အလယ်အလတ်အစ္စလာမ္မစ်ဝါဒသမား အဘ္ဘဒယ်မိုနီယမ်အဘူဖိုတိုးက ၁၇.၄ ရာခိုင်နှုန်း အသီးသီးရရှိခဲ့ကြသည်။ ယခင်နိုင်ငံခြားရေးဝန်ကြီးဟောင်း အေမာမူဆာက ၁၁.၁ ရာခိုင်နှုန်းဖြင့် နောက်ဆုံးကလိုက်သည်။ အီဂျစ်တွင် လူဦးရေ သန်း ၅၀ ၏ ၄၆ ရာခိုင်နှုန်းမှာ မဲပေးပိုင်ခွင့်အရည်အချင်းပြည့်မီသူများအဖြစ် ကော်မရှင်က သတ်မှတ်ခဲ့သည်။ ဝါဒရေးရာ ဆန့်ကျင်ဘက် အစွန်းနှစ်ဘက်တွင်ရပ်တည်နေသော မောဆီနှင့် ရှာဖစ်နှစ်ဦးစလုံးတို့သည် ယခုအခါ ရှုံးနိမ့်ထွက်ခွါသွားသော ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူများအား ထောက်ခံသည့် မဲဆန္ဒရှင်များ မိမိတို့ ဘက်ပါလာစေရန် အသီးသီးကြိုးစားအားထုတ်လျက်ရှိကြသည်။ မွတ်စလင်ညီအစ်ကိုတော်များပါတီသည် လွန်ခဲ့သောနှစ်က ကျင်းပခဲ့သော ပါလီမန်ရွေးကောက်ပွဲတွင် ထိုင်ခုံနေရာ အများအပြားရရှိအောင်မြင်ခဲ့ပြီး အခြားပါတီများနှင့် ခပ်စိမ်းစိမ်းရပ်တည်ခဲ့လေသည်။ ယခုရွေး ကောက်ပွဲတွင် ရှာဖစ်ကိုရွေးချယ်ခဲ့မည်ဆိုပါက အန္တရာယ်ရှိကြောင်း သတိပေးပြောကြားခဲ့လေသည်။ ရှုံးနိမ့်ထွက်ခွါသွားသော မူဆာနှင့် အဘူဖိုတိုးတို့ကလည်း ကျန်ရစ်သည့် သမ္မတလောင်းနှစ်ဦးအပေါ် မည်သူ့ကိုမျှ မထောက်ခံပေ။ သို့သော် မွတ်စလင်ညီအစ်ကိုတော်များ ပါတီက ရှေးရိုးစွဲ ဆာလာဖစ် အယ်-နွားပါတီ၏ ထောက်ခံမှုကို ရရှိထားလေသည်။ ရှာဖစ်၏ သမ္မတလောင်းအဖြစ်ဝင်ရောက်ယှဉ်ပြိုင်မှုသည် ဥပဒေကြောင်းအရ ရှုပ်ထွေးမှုဖြစ်နိုင်ဖွယ်ရှိလေ သည်။ ယခင်မူဘာရက်လက်ထက် အကြီးတန်းရာထူးပိုင်ဆိုင်ခဲ့ဖူးသူများအနေနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ယခုရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ပြီး သမ္မတဖြစ်ခွင့်ရှိ၊ မရှိဆိုသည်ကို ဇွန်လ ၁၁ ရက်နေ့တွင် တရားရုံးချုပ်မှ ဆုံးဖြတ်ပေးနိုင်မည်ဟု မျှော်လင့်ရလေသည်။ Source: Al Jazeera

Sunday, May 27, 2012

ဆီးရီးယားတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရ

ဆီးရီးယားတွင် အရပ်သား ၉၀ ကျော်သတ်ဖြတ်ခံခဲ့ရသော အစုလိုက်အပြုံလိုက်လူသတ်မှုအား ကုလသမဂ္ဂ အတွင်းရေးမှူးဘန်ကီမွန်နှင့် ငြိမ်းချမ်းရေးကိုယ်စားလှယ် ကိုဖီအာနန်တို့က ရက်စက်သော ကြောက်မက် ဖွယ် သတ်ဖြတ်မှုဖြစ်ကြောင်း ပြစ်တင်ရှုံ့ချပြောဆိုလိုက်သည်။ `သတ်ဖြတ်မှုအတွက် အပြင်းထန်ဆုံးပြစ်တင်ရှုံ့ချလိုက်ပါတယ်။ ကလေးငယ်တွေအပါအဝင် ယောင်္ကျား၊ မိန်းမ အယောက် ၉၀ ကျော်သေဆုံးခဲ့တဲ့အကြောင်း ကုလလေ့လာစောင့်ကြည့်အဖွဲ့က အတည်ပြုပြောကြားထားပါတယ်။` ဘန်ကီမွန်နှင့် အာနန်တို့က ပြောဆိုခဲ့ကြောင်း ကုလပြောခွင့်ရ မာတင်နက်ဆာကီက စနေနေ့က ပြောကြားခဲ့သည်။ `အရပ်သားများနေထိုင်ရာ ဒေသတွေမှာ စစ်တပ်တွေအလုံးလိုက်အရင်းလိုက်ချထားပြီး အကြမ်းဖက် သတ်ဖြတ်မှုတွေဟာ ဆီးရီးယားအစိုးရက သဘောတူထားတဲ့ အချက်တွေကို ချိုးဖေါက်ခြင်း ဖြစ်ပြီး အခုလို ရက်စက်ကြမ်းကြုတ်တဲ့ သတ်ဖြတ်မှုက နိုင်ငံတကာဥပဒေတွေကို ချိုးဖေါက်တဲ့ ရာဇဝတ်မှု တွေ ဖြစ်ပါတယ်။` ဟု အတွင်းရေးမှူးနှင့် အာနန်တို့ကိုယ်စားပြု ထုတ်ပြန်သော ကြေငြာချက်တွင် ရေးသားဖေါ်ပြထားသည်။ `ဒီရာဇဝတ်မှုမှာ ပါဝင်ကျူးလွန်ခဲ့တဲ့ သူတွေကို အရေးယူရမှာ ဖြစ်ပါတယ်။` ဟု ဆိုသည်။ ဟူလာတွင် သောကြာနေ့က အစိုးရကလက်နက်ကြီးများဖြင့် ပစ်ခတ်ထိုးစစ်ဆင်ပြီးနောက် အသက် ၁၀ နှစ်အောက် ကလေးငယ် ၃၂ ဦးအပါအဝင် သေဆုံးသူ စုစုပေါင်း ၉၂ ယောက် ရှိကြောင်း ကုလလေ့လာ စောင့်ကြည့်ရေးအဖွဲ့က သတင်းပေးပို့ခဲ့သည်။ လေ့လာစောင့်ကြည့်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး ရောဘတ်မုဒ် အစုလိုက်အပြုံလိုက် မြှုပ်နှံသင်္ဂြိုလ်ရာ သို့ သွားရောက်ကြည့်ရှုခဲ့ပြီး အလွန်ရက်စက်သော လုပ်ရပ်ဖြစ်ကြောင်း ရှုံ့ချပြောဆို ခဲ့သည်။ `အကြမ်းဖက်နည်းလမ်းကို သုံးစွဲနေတာဟာ ပိုပြီးမတည်မငြိမ်ဖြစ်စေနိုင်ပြီး ပြည်တွင်းစစ်ကို ဦးတည်သွားနိုင်ပါတယ်။` ဟု ရောဘတ်မုဒ်က ဒမတ်စကတ်မြို့တွင် သတင်းထောက်များအား ပြောကြား ခဲ့သည်။ အစိုးရ၏ အကြမ်းဖက်မှုများအတွက် ချက်ခြင်းဖြေရှင်းမပေးလျှင် အပစ်အခတ်ရပ်စဲထားခြင်းကို မိမိတို့ဘက် မှ ဆက်လက်လိုက်နာနိုင်တော့မည်မဟုတ်ကြောင်း ဆီးရီးယားအတိုက်အခံ လွတ်လပ်သော ဆီးရီးယားတပ်မတော် FSA အဖွဲ့က စနေနေ့က ကြေငြာချက်ထုတ်ပြန်ခဲ့လေသည်။ အစိုးရနှင့် အတိုက်အခံတပ်များအကြား အပစ်အခတ်ရပ်စဲရေး ကိုဖီအာနန်ကြားဝင်စေ့စပ်ညှိနှိုင်းပေးထားပြီး ဧပြီလ ၁၂ ရက်နေ့က စတင်ခဲ့သည်။ ထို့ပြင် အပစ်အခတ်ရပ်စဲမှုရှိ၊ မရှိနှင့် အကြမ်းဖက်မှုများအား စောင့်ကြည့်သွားရန် ကုလသမဂ္ဂမှ လက်နက်တပ်ဆင်ထားခြင်းမရှိသော စောင့်ကြည့်ရေးကိုယ်စားလှယ် တပ်ဖွဲ့တစ်ဖွဲ့စေလွှတ်ထားသော်လည်း အကြမ်းဖက်သတ်ဖြတ်မှုများနှင့် သွေးစွန်းမှုများ ရပ်တန့်သွားခြင်း မရှိခဲ့ပေ။ Source: Al Jazeera

Saturday, May 26, 2012

ဆီးရီးယားကို ဘန်ကီမွန် အပြစ်တင်

ဆီးရီးယား အရေးအခင်း ၁၅ လတာအချိန်ကြာမြင့်ခဲ့ပြီးဖြစ်ပြီး နေ့စဉ်နှင့် အမျှ အကြမ်းဖက်မှုများ၊ နှိပ်စက် ညှင်းပန်းမှုများဖြစ်ပေါ်နေသဖြင့် လက်ခံနိုင်ဖွယ်မရှိကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ဘန်ကီမွန်က ပြောကြားလိုက်ပြီး အာဆက်အစိုးရကို ပြစ်တင်ပြောဆိုခဲ့သည်။ အစိုးရစစ်တပ်များနှင့် အစိုးရဘက်တော်သား လက်နက်ကိုင်အဖွဲ့များက ဖိနှိပ်ဖြိုခွင်းမှုများ အရှိန်မြှင့်လုပ် ဆောင်နေသဖြင့် လူ့အခွင့်အရေးများ အကြီးအကျယ်ချိုးဖေါက်လျက်ရှိပြီး လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ တင်ပြသော အစီရင်ခံစာတစ်စောင် တွင် ရေးသားဖေါ်ပြထားလေသည်။ ကုလသမဂ္ဂနှင့် အာရပ်အဖွဲ့ချုပ်တို့မှ ကျောထောက်နောက်ခံပြုပြီး ကိုဖီအာနန်ကို ငြိမ်းချမ်းရေးကိုယ်စား လှယ်အဖြစ် စေလွှတ်ကာ သဘောတူညီချက်ရရှိခဲ့သော အချက် ၆ ချက် အပေါ် ဆီးရီးယားက လိုက်နာမှု အားနည်းခဲ့သဖြင့် အောင်မြင်မှုအနည်းငယ်သာရရှိခဲ့ကြောင်း ဘန်ကီမွန်က ဆိုသည်။ ဘန်ကီမွန်သည် ဗုဒ္ဓဟူးနေ့တွင် ကုလလုံခြုံရေးကောင်စီ၌ မိန့်ခွန်းပြောကြားမည်ဖြစ်သည်။ ဆီးရီးယားအစိုးရအနေနှင့် လိုက်နာရန် သဘောတူညီထားသော အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်၊ လက်နက်ကြီးများနှင့် စစ်တပ်များ လူနေထူထပ်သော နေရာများတွင်ချထားခြင်းမှ ပြန်လည်ရုပ်သိမ်းရန်၊ လူသားချင်းစာနာထောက်ထား အကူအညီပေးရေးအဖွဲ့များအား ဝင်ခွင့်ပြုရန်နှင့် လူ့အခွင့်အရေးချိုးဖေါက်မှု များ ရပ်တန့်ရန် ဘန်ကီမွန်က တောင်းဆိုလိုက်သည်။ အတိုက်အခံလက်နက်ကိုင်များကလည်း လူ့အခွင့်အရေးချိုးဖေါက်ခြင်းများမပြုရန်နှင့် အကြမ်းဖက်မှုများရပ် တန့်ကြရန် ဘန်က တောင်းဆိုသည်။ လုံခြုံရေးကောင်စီမှ စေလွှတ်ထားသော ကုလစစ်ဘက်ဆိုင်ရာလေ့လာစစ်ဆေးရေးမှူး ၂၇၁ ယောက်သည် ၁၅ လကြာ အကြမ်းဖက်မှုများ အဆုံးသတ်ရေးအတွက် ကူညီနိုင်ရန်ဖြစ်ကြောင်း ဘန်က ပြောသည်။ အကြမ်းဖက်မှုများ အများအပြားဖြစ်ပွားနေသည်ဟု သတင်းရရှိသော အဓိကမြို့များတွင် ၎င်းတို့ကို စေလွှတ်ထားလေသည်။ သို့သော် အခြေအနေအဖက်ဖက်မှ ဖြစ်ပွားနေသော အကြမ်းဖက်မှုနှုန်းထားများမှာ မြင့်မားနေဆဲပင်ဖြစ် သည်။ ဧပြီလ ၁၂ နေ့မှ စ၍အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကြောင့် အကြမ်းဖက်မှုများ အနည်းငယ်လျော့ကျသွားသော်လည်း သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုနှုန်းထားများမှာမူ မြင့်တက်နေဆဲဖြစ် သည်။ `ဆီးရီးယားအကြမ်းဖက်မှုတွေ ရပ်ဆိုင်းရေးအတွက် နိုင်ငံတကာကကြိုးပမ်းနေကြပေမယ့် လက်ခံနိုင်စရာမရှိတဲ့ အကြမ်းဖက်မှုတွေ၊ လူ့အခွင့်အရေးချိုးဖေါက်မှုတွေနဲ့ အချက် ၆ ချက်ပါ သဘောတူ ညီချက်ကို ဆီးရီးယားက ဆက်လက်ချိုးဖေါက်နေပါတယ်။` ကုလစေလွှတ် လေ့လာရေးကိုယ်စားလှယ်အဖွဲ့အား ခြိမ်းခြောက်ခြင်း၊ သွားလာမည့်နေရာများကို လူစုလူဝေးဖြင့် ပိတ်ဆို့တားဆီးခြင်းများပြုလုပ်နေခဲ့သဖြင့် စိန်ခေါ်မှုများပြားကြောင်း ဘန်က ပြောသည်။ Source: Al Jazeera

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။