Wednesday, July 18, 2012

ဆီးရီးယားအရေး လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အသစ်ချမှတ်ရန် ကြိုးပမ်း

ဆီးရီးယားအရေးနှင့် ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဆုံးဖြတ်ချက်အသစ်တစ်ခုချမှတ်ရန် မဲခွဲဆုံးဖြတ်ရန် ကုလသမဂ္ဂက စီစဉ်ထားသည်။ သို့သော် လုံခြုံကောင်စီတစ်ရပ်လုံး ညီညီညွတ်ညွတ်ဖြင့် ဆုံးဖြတ်ချက်ချနိုင်ရန် အနေအထားမှာမူ မျှော်လင့်ချက်နည်းလေသည်။ ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းတွင် မဲပေးဆုံးဖြတ်ကြမည်ဖြစ်ပြီး ကောင်စီတွင်း သဘောထားမတိုက်ဆိုင်သောနိုင်ငံများ အကြား မဲမပေးမီ အကျေအလည်ညှိုနှိုင်းဆွေးနွေးခဲ့ကြပြီး ဆုံးဖြတ်ချက်တစ်ရပ် ထွက်ပေါ်လာရန် မျှော်လင့်ချက်နည်း ကြောင်း သက်ဆိုင်ရာ သံတမန်များက အင်္ဂါနေ့က ပြောသည်။ ဆုံးဖြတ်ချက်အပေါ် မကျေမလည်ဖြစ်နေရသည့် အဓိကအကြောင်းအရင်းမှာ အနောက်အုပ်စုများက စီးပွားရေးပိတ် ဆို့မှုနှင့် အကြမ်းဖက်မှုများရပ်တန့်ရေးအတွက် အင်အားသုံးဖြေရှင်းနိုင်သော ကုလသဘောတူညီချက် အခန်း ၇ ပါ အချက်များထည့်သွင်းဆုံးဖြတ်ရန် တောင်းဆိုနေခြင်းကြောင့်ဖြစ်လေသည်။ ရုရှအနေနှင့် စီးပွားရေးပိတ်ဆို့မှု၊ အင်အားသုံးဖြေရှင်းမှု စသည့်ဆုံးဖြတ်ချက်များအားလုံးကို လက်ခံနိုင်ဖွယ်မရှိပေ။ ထိုအချိန်တွင် အမေရိကန်နှင့် ဥရောပနိုင်ငံများက အခန်း ၇ ပါ အချက်များအရ လိုအပ်လျှင် စစ်အင်အားသုံးနိုင် သည့် အချက်ကို ပါဝင်ဆုံးဖြတ်စေလိုသည်။ အင်္ဂါနေ့က လာမည့်ဆုံးဖြတ်ချက်အသစ်နှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းရန် ရုရှက တောင်းဆိုခဲ့လေသည်။ တွေ့ဆုံးဆွေးနွေးပွဲပြီးနောက် စီးပွားရေးပိတ်ဆို့မှု၊ စစ်ရေးအရအရေးယူမှုများကို ရုရှအနေနှင့် သဘောတူလက်ခံနိုင် မည်မဟုတ်ကြောင်း ရုရှသံအမတ် အလက်ဇန္ဒါးပန်ကင်က ပြောကြားခဲ့သည်။ ကုလ-အာရပ်အဖွဲ့ချုပ်နှစ်ရပ်ပေါင်း စေလွှတ်ထားသော ငြိမ်းချမ်းရေးကိုယ်စားလှယ် ကိုဖီအာနန်က ဆီးရီးယား ပြဿာနာသည် လက်မခံနိုင်လောက်အောင် အခြေအနေဆိုးဝါးနေပြီဖြစ်ကြောင်း ပြောဆိုခဲ့ပြီး ရုရှသမ္မတ ဗလာဒီမာ ပူတင်က ကိုဖီအာနန်၏ ငြိမ်းချမ်းရေးဆောင်ရွက်မှု လုပ်ငန်းစဉ်များကို အားပေးထောက်ခံသွားမည်ဖြစ်ကြောင်း အင်္ဂါနေ့က ပြောကြားခဲ့သည်။ ကိုဖီအာနန်လည်း အင်္ဂါနေ့က ရုရုသမ္မတ ပူတင်နှင့်တွေ့ဆုံရန် သွားရောက်ခဲ့သည်။ နောက်ထပ်အသစ်ချမှတ်မည့် ဆုံးဖြတ်ချက်အပေါ် ရုရှက ဗီတိုအာဏာသုံးပယ်ရှားမည့် အရေးအတွက် ကြိုတင်သွားရောက် ညှိနှိုင်းနေခြင်း ဖြစ်သည်။ ရုရှသမ္မတနှင့် အစိုးရအဖွဲ့ဝင်များသည် ဆီးရီးယား၏ အကြမ်းဖက်နှိမ်နင်းမှုများကို ပြင်းပြင်းထန်ထန်တုံ့ပြန်အပြစ်ပေး အရေးယူသွားမည်ဟု ပြောဆိုထားသော်လည်း ယခုအချိန်အထိ ဆီးရီးယားသမ္မတ အာဆက်အပေါ် တင်းတင်း မာမာ ပြုမူမည့် အရိပ်အယောင်မျှ မတွေ့ရသေးပေ။ `ဆီးရီးယားငြိမ်းချမ်းရေး အတွက် ခင်ဗျားဆောင်ရွက်နေတာတွေကို ဟိုးအစကတည်းက ကျွန်တော်တို့ အားပေးထောက်ခံခဲ့ပြီး အခုထိလည်း ဆက်လက် အားပေးထောက်ခံနေပါတယ်။` ဟု ပူတင်က ကိုဖီအာနန်နှင့် တွေ့ဆုံရာတွင် စတင်ပြောကြားခဲ့လေ သည်။ ကိုဖီအာနန်ကလည်း ဆီးရီးယားအခြေအနေမှာ စိုးရိမ်ဖွယ်အနေအထားရောက်နေပြီဖြစ်ကြောင်း ပြန်လည်ပြောကြား ခဲ့လေသည်။ သုံးလကြာမြင့်ခဲ့ပြီဖြစ်သော ကိုဖီအာနန်၏ ငြိမ်းချမ်းရေးအစီအစဉ်မှာ အကြမ်းဖက်မှုများမြင့်မားလာခြင်းဖြင့်သာ ကြုံတွေ့ခဲ့ရပြီး အောင်မြင်မှုမရရှိခဲ့ပေ။ လာမည့်ဆုံးဖြတ်ချက်အသစ်ချမှတ်မည့် အချိန်တွင် ယင်းအစီအစဉ်သက်တမ်း ကုန်သွားတော့မည်ဖြစ်လေသည်။ စုံစမ်းလေ့လာရေးအဖွဲ့ဝင် ၃၀၀ စေလွှတ်ထားမှုကိုလည်း ငြိမ်းချမ်းရေးကောင်စီက ပြန်လည်သုံးသပ်မည်ဖြစ်ပြီး ဆက်လက်ထားရှိရေး ၊ ပြန်လည်ခေါ်ယူရေးအတွက် ဆုံးဖြတ်မည်ဖြစ်သည်။ ဆီးရီးယားပြဿနာမှာ ပြည်တွင်းစစ်ပွဲအသွင်ကူးပြောင်းသွားပြီဖြစ်ကာ ၁၆ လကြာမြင့်ခဲ့ပြီဖြစ်သည်။ နှစ်ဖက်စစ်သား များနှင့် အရပ်သား ထောင်ပေါင်းများစွာ သေကြေပျက်စီးခဲ့ပြီးဖြစ်သည်။ Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။