Sunday, May 27, 2012

ဆီးရီးယားတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရ

ဆီးရီးယားတွင် အရပ်သား ၉၀ ကျော်သတ်ဖြတ်ခံခဲ့ရသော အစုလိုက်အပြုံလိုက်လူသတ်မှုအား ကုလသမဂ္ဂ အတွင်းရေးမှူးဘန်ကီမွန်နှင့် ငြိမ်းချမ်းရေးကိုယ်စားလှယ် ကိုဖီအာနန်တို့က ရက်စက်သော ကြောက်မက် ဖွယ် သတ်ဖြတ်မှုဖြစ်ကြောင်း ပြစ်တင်ရှုံ့ချပြောဆိုလိုက်သည်။ `သတ်ဖြတ်မှုအတွက် အပြင်းထန်ဆုံးပြစ်တင်ရှုံ့ချလိုက်ပါတယ်။ ကလေးငယ်တွေအပါအဝင် ယောင်္ကျား၊ မိန်းမ အယောက် ၉၀ ကျော်သေဆုံးခဲ့တဲ့အကြောင်း ကုလလေ့လာစောင့်ကြည့်အဖွဲ့က အတည်ပြုပြောကြားထားပါတယ်။` ဘန်ကီမွန်နှင့် အာနန်တို့က ပြောဆိုခဲ့ကြောင်း ကုလပြောခွင့်ရ မာတင်နက်ဆာကီက စနေနေ့က ပြောကြားခဲ့သည်။ `အရပ်သားများနေထိုင်ရာ ဒေသတွေမှာ စစ်တပ်တွေအလုံးလိုက်အရင်းလိုက်ချထားပြီး အကြမ်းဖက် သတ်ဖြတ်မှုတွေဟာ ဆီးရီးယားအစိုးရက သဘောတူထားတဲ့ အချက်တွေကို ချိုးဖေါက်ခြင်း ဖြစ်ပြီး အခုလို ရက်စက်ကြမ်းကြုတ်တဲ့ သတ်ဖြတ်မှုက နိုင်ငံတကာဥပဒေတွေကို ချိုးဖေါက်တဲ့ ရာဇဝတ်မှု တွေ ဖြစ်ပါတယ်။` ဟု အတွင်းရေးမှူးနှင့် အာနန်တို့ကိုယ်စားပြု ထုတ်ပြန်သော ကြေငြာချက်တွင် ရေးသားဖေါ်ပြထားသည်။ `ဒီရာဇဝတ်မှုမှာ ပါဝင်ကျူးလွန်ခဲ့တဲ့ သူတွေကို အရေးယူရမှာ ဖြစ်ပါတယ်။` ဟု ဆိုသည်။ ဟူလာတွင် သောကြာနေ့က အစိုးရကလက်နက်ကြီးများဖြင့် ပစ်ခတ်ထိုးစစ်ဆင်ပြီးနောက် အသက် ၁၀ နှစ်အောက် ကလေးငယ် ၃၂ ဦးအပါအဝင် သေဆုံးသူ စုစုပေါင်း ၉၂ ယောက် ရှိကြောင်း ကုလလေ့လာ စောင့်ကြည့်ရေးအဖွဲ့က သတင်းပေးပို့ခဲ့သည်။ လေ့လာစောင့်ကြည့်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး ရောဘတ်မုဒ် အစုလိုက်အပြုံလိုက် မြှုပ်နှံသင်္ဂြိုလ်ရာ သို့ သွားရောက်ကြည့်ရှုခဲ့ပြီး အလွန်ရက်စက်သော လုပ်ရပ်ဖြစ်ကြောင်း ရှုံ့ချပြောဆို ခဲ့သည်။ `အကြမ်းဖက်နည်းလမ်းကို သုံးစွဲနေတာဟာ ပိုပြီးမတည်မငြိမ်ဖြစ်စေနိုင်ပြီး ပြည်တွင်းစစ်ကို ဦးတည်သွားနိုင်ပါတယ်။` ဟု ရောဘတ်မုဒ်က ဒမတ်စကတ်မြို့တွင် သတင်းထောက်များအား ပြောကြား ခဲ့သည်။ အစိုးရ၏ အကြမ်းဖက်မှုများအတွက် ချက်ခြင်းဖြေရှင်းမပေးလျှင် အပစ်အခတ်ရပ်စဲထားခြင်းကို မိမိတို့ဘက် မှ ဆက်လက်လိုက်နာနိုင်တော့မည်မဟုတ်ကြောင်း ဆီးရီးယားအတိုက်အခံ လွတ်လပ်သော ဆီးရီးယားတပ်မတော် FSA အဖွဲ့က စနေနေ့က ကြေငြာချက်ထုတ်ပြန်ခဲ့လေသည်။ အစိုးရနှင့် အတိုက်အခံတပ်များအကြား အပစ်အခတ်ရပ်စဲရေး ကိုဖီအာနန်ကြားဝင်စေ့စပ်ညှိနှိုင်းပေးထားပြီး ဧပြီလ ၁၂ ရက်နေ့က စတင်ခဲ့သည်။ ထို့ပြင် အပစ်အခတ်ရပ်စဲမှုရှိ၊ မရှိနှင့် အကြမ်းဖက်မှုများအား စောင့်ကြည့်သွားရန် ကုလသမဂ္ဂမှ လက်နက်တပ်ဆင်ထားခြင်းမရှိသော စောင့်ကြည့်ရေးကိုယ်စားလှယ် တပ်ဖွဲ့တစ်ဖွဲ့စေလွှတ်ထားသော်လည်း အကြမ်းဖက်သတ်ဖြတ်မှုများနှင့် သွေးစွန်းမှုများ ရပ်တန့်သွားခြင်း မရှိခဲ့ပေ။ Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။