Sunday, July 1, 2012

အမေရိကန်ပြည်ထောင်စုတွင် အပူလှိုင်းနှင့် မိုးကြိုးမုန်းတိုင်း ကျရောက်

အမေရိကန်ပြည်ထောင်စု အရှေ့ဘက်တွင် အပူလှိုင်းကျရောက်ပြီး မိုးကြိုးမုန်တိုင်းတိုက်ခတ်ခဲ့သဖြင့် လျှပ်စစ်ဓါတ်အားလိုင်းများပြတ်တောက်ကာ လူဦးရေ သုံးသန်းခန့် လျှပ်စစ်မီးမရဘဲ ဖြစ်လျှက်ရှိသည်။ မိုးကြိုးမုန်တိုင်းကြောင့် လူ ၁၃ ဦး အနည်းဆုံးသေဆုံးခဲ့ကြောင်း စနေနေ့က တာဝန်ရှိသူများက ပြောသည်။ ဗာဂျီးနီးယားပြည်နယ်တွင် ၆ ဦးသေဆုံးခဲ့ပြီး ထိုအထဲတွင် အသက် ၉၀ အဘွားအိုတစ်ဦးဖြစ်ကာ အိပ်ယာထဲတွင် အိပ်နေစဉ် သူမအိမ်ပေါ်သို့ သစ်ပင်လဲကျပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။ နယူးဂျာစီပြည်နယ်တွင်လည်း အပျော်တမ်းစခန်းချခရီးထွက်နေသော ညီအစ်ကိုနှစ်ဦး၏ ရွက်ဖျင်တဲပေါ်သို့ သစ်ပင်လဲကျကာ သေဆုံးခဲ့သည်။ မေရီလင်းပြည်နယ်တွင် နှစ်ဦး၊ အိုဟိုင်းအိုးတွင် တစ်ဦးနှင့် ဝါရှင်တန်ဒီစီတွင် တစ်ဦး အသီးသီးသေဆုံးခဲ့သည်။ ကိုလမ်ဘီယာ၊ အိုဟိုင်းအိုး၊ ဗာဂျီးနီးယားနှင့် အနောက်ဗာဂျီးနီးယားပြည်နယ်များတွင် တစ်ညလုံးမုန်တိုင်းကျရောက် ပြီး အပျက်အစီးများဖြစ်ပွားခဲ့သောကြောင့် အရေးပေါ်အခြေအနေကြေငြာထားလေသည်။ ဟာရီကိန်းမုန်တိုင်းကြောင့် ဖြစ်ပေါ်လာသော လေပြင်းသည် ကီလိုမီတာ ၆၀၀ ခန့်ကျယ်ဝန်းသော နယ်မြေအတွင်း ဝင်ရောက်တိုက်ခတ် ခဲ့ခြင်းဖြစ်သည်။ ပိုမိုအင်အားပြင်းထန်သောမုန်တိုင်းနှင့် အတူ အပူလှိုင်းထပ်မံကျရောက်ဦးဖြစ်ကြောင်း မိုးလေဝသသတင်းများက ကြေငြာအသိပေးထားသည်။ လျှပ်စစ်ဓါတ်အားလိုင်းများပြန်လည်ပြင်ဆင်ရန် အချိန်တစ်ပတ်မျှကြာမြင့်မည်ဖြစ်ပြီး အိုဟိုင်းအိုးနှင့် ဗာဂျီးနီးယားပြည်နယ်များတွင် အပျက်အစီးအလွန်များပြားလေသည်။ `အပူလှိုင်းကလည်းကျရောက်နေတဲ့ အချိန် လျှပ်စစ်ဓါတ်အားပြန်ရဖို့ကလည်း အချိန်နည်းနည်းယူရဦးမယ်။` ဗာဂျီးနီးယားပြည်နယ်အရေးပေါ်ကိစ္စစီမံခန့်ခွဲရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဘော့ဘ်စပီးလ်ဒန်နာက ပြောသည်။ ဗာဂျီးနီးယားတွင် လူဦးရေတစ်သန်းခန့် လျှပ်စစ်ဓါတ်အားပြတ်တောက်နေသော အခြေအနေတွင် နေထိုင်နေရပြီး ပြည်နယ်သမိုင်းတွင် ဟာရီကိန်းနှင့် ဆက်စပ်ပျက်စီးဆုံးရှုံးမှုများ မဖြစ်ခဲ့ဖူးကြောင်း ဘော့ဘ်က ပြောသည်။ ဝါရှင်တန်နှင့် ဖီလာဒဲလ်ဖီးယားကြားရှိ ရထားလမ်းပျက်စီးသွားကြောင်း Amtrak ရထားဌာနက ပြောသည်။ ဓါတ်အားကုမ္ပဏီများကလည်း လျှပ်စစ်ဓါတ်အားလိုင်းများ ပြန်လည်ပြင်ဆင်ရန် အနီးအနားပြည်နယ်များထံမှ အကူအညီတောင်းခံထားသည်။ လျှပ်စစ်ဓါတ်အားများပြတ်တောက်နေစဉ် အိုဟိုင်းအိုးတောင်ကြားနှင့် မြောက်ဘက်အတ္တလန္တိတ်အလယ်ပိုင်း ပြည်နယ်များတွင် ပိုမိုပြင်းထန်သော မိုးကြိုးမုန်တိုင်းများနှင့် အပူလှိုင်းများကျရောက်ဦးမည်ဖြစ်ကြောင်း မိုးလေဝသ ဌာနများက ကြေငြာထားသည်။ ပြည်နယ်နှင့် ဒေသဆိုင်ရာအာဏာပိုင်များက လူအများကို လေအေးပေးစက်ရှိသောနေရာများတွင် နေထိုင်ကြရန်၊ ရေများများသောက်ရန်၊ အရောင်ဖျော့ဖျော့ အဝတ်အစားများဝတ်ဆင်ထားကြရန် တိုက်တွန်းနှိုးဆော်ထားသည်။ အပူဒဏ်ကို ခံနိုင်ရည်နည်းသော သက်ကြီးရွယ်အိုများ၊ ကလေးငယ်များနှင့် စိတ်ဝေဒနာသည်များကို ကြည့်ရှုစောင့် ရှောက်ထားကြရန်လည်း နှိုးဆော်ထားသည်။ `ဒီကနေ့ အပူချိန် ၁၀၀ ဒီဂရီအထိ ရောက်သွားမှာကို ကျွန်တော်တို့ အကြောက်ဆုံးပါပဲ။` ဟု မေရီလင်းပြည်နယ် အရေးပေါ်ကိစ္စများ စီမံခန့်ခွဲရေးဌာန ပြောခွင့်ရ အက်ဒ်မက်ဒိုးနပ်က ပြောသည်။ အပူဒဏ်မှ အကာအကွယ်ရရန် လူများသည် ကုန်တိုက်ကြီးများ၊ ဟိုတယ်များတွင် သွားရောက်နေကြလေသည်။ ကားလမ်းမများတွင်လည်း မီးပွိုင့်များပျက်နေသည်။ ဝါရှင်တန်မြို့စွန်တွင် အရေးပေါ်ဆက်သွယ်ရမည့် ဌာနများတွင် လျှပ်စစ်မီးပြတ်တောက်နေသဖြင့် အကူအညီလိုအပ် သူများအနေနှင့် ရဲစခန်းများနှင့် မီးသတ်ဌာနများသို့ သွားရောက်ကြရန် ညွှန်ကြားထားသည်။ ဆဲလ်ဖုန်းလိုင်းများ ပြတ်တောက်ပြတ်တောက်ဖြစ်နေပြီး ရေများ သိုလှောင်ထားကြရန်လည်း ညွှန်ကြားထားသည်။ ဇွန်လ အပူချိန်အနေနှင့် သောကြာနေ့တွင် ဝါရှင်တန်၊ အတ္တလန္တာ၊ နက်ရှ်ဗီးလ်၊ တန်နက်စီ၊ လူးဝစ်ဗီးလ် နှင့် ကန်တပ်ကီပြည်နယ်များတွင် စံချိန်လွန်ပူပြင်းခဲ့လေသည်။ အမျိုးသားမိုးလေဝသဌာနမှ ပြောကြားချက်အရ မြို့လေးမြို့တွင် အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယပ်စ်အထိ ပူပြင်းခဲ့ကြောင်း သိရသည်။ Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။