ဂျာမဏီတွင် အီးကိုလီ (E-coli) ဘက်တီးရီးယားကူးစက်ပျံ့ပွားမှုဖြစ်ပွားနေကြောင်း တာဝန်ရှိသူများကပြောသည်။ ဗုဒ္ဓဟူးနေ့က နောက်ထပ်အသစ်ကူးစက်မှု ၃၆၅ ခုထပ်မံတွေ့ရှိရသည်။
ဂျာမဏီ ရောဂါထိန်းချုပ်ရေးဌာန ရောဘတ်ကို့ခ်ျ အင်စတီကျုက ရောဂါဖြစ်ပွားမှု၏ ၄ ပုံ ၁ ပုံမှာ ဆီးနှင့်သွေးတို့တွင် ရောဂါလက္ခဏာပြသမှုပြင်းထန်ကြောင်းဆိုသည်။ မေလလယ်ခန့်လောက်မှစ၍ ရောဂါဖြစ်ပွားမှုစတင်လာခဲ့ရာတွင် သေဆုံးသူ ၁၆ ဦးရှိသွားပြီဖြစ်ရာ ၎င်းတို့တွင် အထက်ပါရောဂါလက္ခဏာအတိုင်းခံစားခဲ့ရကြောင်းသိရသည်။
မြောက်ဥရောပတွင် လူ ၁၀၀၀ ခန့်ဝေဒနာခံစားနေရပြီး ရောဂါဇစ်မြစ်ကို ဥရောပမှ အစိုးရများရှာဖွေလျက်ရှိသည်။
ပထမဆုံးခြေရာခံမိသည်မှာ ဂျာမဏီသို့တင်ပို့သော စပိန်သခွားသီးများမှ ပါလာသည်ဟုဆိုသည်။ သို့သော် စမ်းသပ်စစ်ဆေးမှုများအရ စပိန်သခွားသီးများနှင့် သက်ဆိုင်မှုမရှိကြောင်း ဂျာမန်တာဝန်ရှိသူများက ပြောသည်။
“စပိန်သခွားသီးတွေနဲ့ မသက်ဆိုင်ပါဘူး။”
ဟန်ဂေရီတွင်ကျင်းပသော ဥရောပသမဂ္ဂဝန်ကြီးများအစည်းအဝေးတွင် ဂျာမဏီစိုက်ပျိုးရေးဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီး ရောဘတ်ကလူးစ်ကပြောကြားခဲ့သည်။
ဂျာမဏီက စွပ်စွဲခဲ့ခြင်းအတွက် စပိန်ပို့ကုန်လုပ်ငန်းကို ထိခိုက်ခဲ့သဖြင့် ဂျာမဏီအာဏာပိုင်များကို တရားစွဲမည်ဖြစ်ကြောင်း စပိန်က ပြောသည်။
“ဒီလိုရောဂါမျိုးစပိန်မှာ မဖြစ်ဖူးပါဘူး။ ဒါကြောင့် ဒီဘက်တီးရီးယားက စပိန်ကမဟုတ်ပါဘူး။” စပိန်ရေဒီယို ကာဒီနာဆား သို့ စပိန်ဒုတိယဝန်ကြီးချုပ် အယ်လ်ဖရက်ဒို ပီရက်ဇ် ရူဘယ်ကာဘာက ပြောသည်။
“ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေအပေါ်သံသယအဖြစ်ခံရတဲ့ အတွက်ဂျာမဏီအာဏာပိုင်တွေအပေါ်တရားစွဲမှာပါ။ ဟမ်းဘတ်က အာဏာပိုင်တွေကို တရားစွဲမှာ ဖြစ်ပါတယ်။”
ရောဂါဖြစ်ပွားမှုကြောင့် ဂျာမဏီ၊ စပိန်၊ ပြင်သစ်နှင့် ရုရှနိုင်ငံများကြား သံတမန်ဆက်ဆံရေးများ တင်းမာလျက်ရှိသည်။ မော်စကိုက အချို့ပို့ကုန်များကို ပိတ်ထားပြီး ဥရောပသမဂ္ဂပို့ကုန်များအားလုံးကို ပိတ်ပစ်မည်ဟု ခြိမ်းခြောက်လျက်ရှိသည်။
ဂျာမဏီ၊ ဒိန်းမတ်၊ ချက်သမ္မတနိုင်ငံ၊ လူဇင်ဘတ်၊ ဟန်ဂေရီ၊ ဆွီဒင်၊ ဘယ်လ်ဂျီယန် နှင့် ရုရှတို့က စပိန်မှ သခွားသီးများတင်ပို့ မှုကို ပိတ်ပင်ထားကြောင်း စပိန် မီဒီယာက ထုတ်လွှင့်ခဲ့သည်။
ထို့ကြောင့် စပိန်စိုက်ပျိုးရေးသမားများ တစ်ပတ်လျှင် ဒေါ်လာ ၂၈၆ မီလီယံနစ်နာလျက်ရှိသည်။
စပိန်အတွက် အလွန်ကြီးမားသော နစ်နာဆုံးရှုံးမှုဖြစ်ခြင်းကြောင့် သာမန်ထက်ပိုသောနစ်နာကြေးရရှိရန် မက်ဒရစ်အစိုးရက တောင်းဆိုမည်ဖြစ်ကြောင်း အော်ဂူလာကပြောသည်။
Source: Al Jazeera
0 comments:
Post a Comment