Thursday, June 2, 2011

မူဘာရက်နှင့် သားများကို ရုံးထုတ်တော့မည်

ဂမေးလ်(ယာစွန်) မူဘာရက်နှင့် ဇနီး (အလယ်) အယ်လ်လား (ဝဲ-ဒု)
အကျင့်ပျက်လာဘ်စားမှု၊ ဆန္ဒပြသူများကို သတ်ဖြတ်မှုများဖြင့် အီဂျစ်သမ္မတဟောင်း ဟိုစနီမူဘာရက်နှင့် သားနှစ်ယောက်ကို သြဂုတ်လ ၃ ရက်နေ့မှစ၍ ကိုင်ရိုရာဇဝတ်တရားရုံးတွင် ရုံးတင်စစ်ဆေးမည်ဖြစ်ကြောင်း အီဂျစ်နိုင်ငံပိုင်သတင်းက ပြောသည်။
လာဘ်စားမှု၊ ၁၈ ရက်တာ ဆန္ဒပြမှုများအတွင်း ဆန္ဒပြသူများကို ရည်ရွယ်ချက်ရှိရှိသတ်ဖြတ်မှုတို့ဖြင့် မူဘာရက် တရားရင်ဆိုင် ရတော့မည်ဟု တရားရုံးတာဝန်ရှိသူတစ်ဦးက ပြောကြားကြောင်း အရှေ့အလယ်ပိုင်း သတင်းဌာနကဗုဒ္ဓဟူးနေ့ကပြောသည်။
ကိုင်ရိုမြောက်ဘက် ရာဇဝတ်တရားရုံးတွင် မူဘာရက်နှင့် သားနှစ်ဦးဖြစ်သူ အယ်လားနှင့် ဂမေးလ်တို့ကို တရားသူကြီး အာမက် ရီဖက်ဦးဆောင်၍ စစ်ဆေးမည်ဖြစ်ကြောင်း တရားရုံးမှလာသောသတင်းကို ကိုးကား၍ AFP သတင်းကပြောသည်။
ဆန္ဒပြသူ ၈၀၀ သေဆုံးခဲ့သောအမှုတွင် တစ်စိတ်တစ်ဒေသပါဝင်သည် (သို့) ကြိုတင်ကြံစည်ခဲ့ကြောင်း ထင်ရှားလျှင် မူဘာရက် အနေနှင့် သေဒဏ်ကျခံရမည်ဖြစ်ကြောင်း အီဂျစ်တရားရေးဝန်ကြီးက ယခုလအစောပိုင်းက ပြောကြားခဲ့သည်။
မူဘာရက်သည် ၎င်းကိုမေးမြန်စစ်ဆေးနေစဉ် ဧပြီလ ၁၃ ရက်နေ့ကတည်းကနှလုံးရောဂါဖေါက်လာသဖြင့် ပင်လယ်နီကမ်းခြေ အပန်းဖြေမြို့ရှမ်းအယ်လ် ရှိတ်ခ်မြို့ရှိဆေးရုံတွင် အစောင့်အရှောက်ဖြင့် တက်ရောက်ကုသမှုခံနေကြောင်းသိရသည်။
မူဘာရက်ကို အကျဉ်းထောင်ဆေးရုံသို့ လွှဲပြောင်းမည်မဟုတ်ကြောင်း၊ ယခုလက်ရှိတွင် ဆေးရုံ၌ပင်ထားထားကြောင်း ရှေ့နေတစ်ဦးက အင်္ဂါနေ့ကပြောသည်။
သားနှစ်ဦးဖြစ်သောအယ်လားနှင့်ဂမေးလ်တို့ကိုမြို့တော်ကိုင်ရိုအစွန်ဘက်တိုရာထောင်တွင်ထိန်းသိမ်းထားကြောင်းသိရသည်။ မူဘာရက်၏ ကျန်းမာရေးအခြေအနေမှာ အလွန်ဆိုးရွားနေသောကြောင့် ထောင်ဆေးရုံသို့ပို့ဆောင်ရန် မသင့်လျှော်ကြောင်း ကျန်းမာရေးအဖွဲ့က ပြောကြားခဲ့သည်။
“တရားစွဲဆိုရေးကိစ္စတွေ ဆက်လက်ဆောင်ရွက်မယ်ဆိုရင် တရားသူကြီးတွေရှေ့နေတွေက မူဘာရက်ရှိတဲ့ ဆေးရုံကိုသွားရပါမယ်။”အယ်လ်ဂျာဇီယာသတင်းထောက်အိုင်မန်မိုယယ်လ်ဒင်ကကိုင်ရိုမှနေ၍သတင်းပေးပို့ခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီလတွင်ပေါ်ပေါက်ခဲ့သော လူထုအုံကြွမှုအရေးအခင်းအတွင်း အင်တာနက်၊ ဖုန်းလိုင်းများဖြတ်တောက်ရန် အမိန့်ပေးခဲ့ ခြင်းကြောင့် လွန်ခဲ့သောအပတ်ကမူဘာရက်ကို အီဂျစ်တရားရုံးက ဒေါ်လာ သန်း ၉၀ ဒဏ်ရိုက်ခဲ့သည်။
မူဘာရက်လက်ထက် အကျင့်ပျက်အရာရှိများနှင့် အာဏာရှင်ဆန်ဆန်ပြုမူခဲ့သော အစိုးရအကြီးအကဲများအား တရားစွဲရန် မူဘာရက်ကို ရာထူးမှဖယ်ရှားပြီးနောက် နိုင်ငံရေးအာဏာရရှိထားသော စစ်ဦးစီးချုပ်အား သာမန်အီဂျစ်ပြည်သူများက ဖိအားပေး လျက်ရှိသည်။ ထို့ပြင် အီဂျစ်ပြည်သူများက တရားစီရင်မှုများကို အများပြည်သူ မြင်သာထင်သာရှိအောင်ဆောင်ရွက်ရန်လိုလား လျက်ရှိကြောင်း အယ်လ်ဂျာဇီယာသတင်းထောက်က ပြောပြသည်။
“ပြည်သူလူထုရှေ့မှောက်မှာ တရားရင်ဆိုင်ပြီးတော့ ၊ ကြားနာမှု၊ လျှောက်လဲမှုတွေကို အများပြည်သူက သိမြင်လိုတဲ့ ဆန္ဒရှိကြပါတယ်။”

ယခင်အရာရှိဆိုးများကို တရားရုံးတင်စဉ်က တံခါးပိတ်ပြုလုပ်ခဲ့ကြကြောင်း၊ အချို့သော အမှန်တကယ်ခံစားခဲ့ရသူများ မှာ တရားခွင်သို့ သွားရောက်နိုင်ခြင်းမရှိခဲ့ကြောင်း၊ အရေးအကြီးဆုံးဖြစ်စဉ်ဖြစ်သော တရားခံများကို စီရင်ချက်ချမှုများကို မျက်မြင်ကိုယ်တွေ့ မသိရှိခဲ့ကြရကြောင်း သတင်းထောက်က ပြောကြားခဲ့သည်။

သို့သော်မူဘာရက်ကို မည်သို့မည်ပုံရုံးတင်မည်နည်းဟူသော မေးခွန်းများရှိနေဆဲဖြစ်သည်။ မူဘာရက်ကို ရုံးတင်ရာတွင် သေဆုံး၊ အကျဉ်းချ၊ နှိပ်စက်ခံခဲ့ရသူများ၏ မိသားစုများတက်ရောက်ခွင့်ရပြီး စာနယ်ဇင်းများ၊ နိုင်ငံတကာမှလေ့လာသူများနှင့် တွေ့ဆုံနိုင်ခွင့်ရမည်လား ဟူသည်မှာ မသိသေးပေ။ သို့သော် ရုံးတင်မည့်ရက်ကို သတ်မှတ်လိုက်ခြင်းကိုမူ အရေးကြီးသော ရှေ့တစ်လှမ်းတိုးဆောင်ရွက်ချက်အဖြစ် အများက ရှုမြင်ကြသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။