တူရကီနိုင်ငံတွင်ကျင်းပသော ဆီးရီးယားအတိုက်အခံ ညီလာခံ |
နယူးယောက်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ကိုယ်တွေ့ကြုံခဲ့သူများ၊ မျက်မြင်သက်သေများကို မေးမြန်းခဲ့ရာ အကွက်ကျကျသတ်ဖြတ်ခြင်း၊ ရိုက်နှက်ခြင်း၊ လျှပ်စစ်ပစ္စည်းများအသုံးပြု၍ နှိပ်စက်ခြင်း၊ ဆေးဝါးကုသမှုခံယူနေသူများကို ဖမ်းဆီးထိန်းသိမ်းခြင်း စသည့် အချက်များကို သိရှိခဲ့ရကြောင်း ဗုဒ္ဓဟူးနေ့က ထုတ်ပြန်သော ကြေငြာချက်တွင်ဖေါ်ပြထားသည်။
အဆိုပါကြေငြာချက်တွင်ဆီးရီးယားအစိုးရ၏အပြုအမူများသည်“လူသားမျိုးနွယ်အပေါ်ရာဇဝတ်မှုကျူးလွန်မှုဖြစ်နေကြောင်း” ဖေါ်ပြထားသည်။ ရဲများနှင့်ထောက်လှမ်းရေးများလက်ချက်ကြောင့် အရပ်သား ၁,၀၀၀ ကျော်သေဆုံးခဲ့ပြီး ၁၀,၀၀၀ ခန့်ဖမ်းဆီး ထိန်းသိမ်းထားခြင်းခံနေရသည်။
“ဆီးရီးယား အစိုးရက သူ့ပြည်သူတွေကို အညှာအတာကင်းမဲ့စွာသတ်ဖြတ်နေတာ အခုဆို နှစ်လကျော်သွားပါပြီ။”
HRW၏ အရှေ့အလယ်ပိုင်း ဒါရိုက်တာဆာရာလဲယာဝစ္စတန်က ကြေငြာချက်တွင်ဖေါ်ပြထားသည်။
“ဆီးရီးယားအစိုးရက ဒါတွေကိုရပ်တန့်ပစ်ရမှာပါ။ ဒီလိုမဟုတ်ရင်တော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေ ဦးဆောင်ပြီးတော့ တရားသဖြင့် ဆောင်ရွက်ပေးရမယ့် တာဝန်ရှိပါတယ်။”
ဆီးရီးယားအတိုက်အခံများ တူရကီတွင် တွေ့ဆုံကြပြီး ပြည်သူလူထုအပေါ်ကျူးလွန်ခဲ့မှုများအတွက် သမ္မတ ဘက်ရှာအယ်လ်အာဆက်ကို နိုင်ငံတကာရာဇဝတ်တရားရုံး (International Criminal Court – ICC)သို့ တင်ရန်တောင်းဆို ခဲ့ကြသည်။ တိုင်းပြည်တွင်းပြဿနာများပြေလည်ရန် သမ္မတအယ်လ်အာဆက်ကမ်းလှမ်းသော လွတ်ငြိမ်းချမ်းသာခွင့်ကိုလည်း အတိုက်အခံများက ငြင်းပယ်ခဲ့သည်။ မေလ ၃၁ ရက်မတိုင်မီက နိုင်ငံရေးအကျဉ်းသားများ၊ မွတ်စလင်ညီအစ်ကိုများအပါအဝင် နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရများအားလုံး လွတ်ငြိမ်းချမ်းသာ ခွင့်ပြုလိုက်ကြောင်း သမ္မတအာဆက် ကြေငြာခဲ့သည်။
သို့သော် တူရကီကမ်းခြေမြို့ အန်တယ်လ်ယာတွင်ကျင်းပသော ညီလာခံသို့တက်ရောက်ခဲ့သော ဆီးရီးယားတက်ကြွလှုပ်ရှားသူ တစ်ဦးက အတိုက်အခံများက အဆိုပါလွတ်ငြိမ်းချမ်းသာခွင့်ကို လက်မခံကြောင်းပြောသည်။
အတိုက်အခံတို့ ပြုလုပ်သောအဆိုပါညီလာခံမှာ အာဏာရှင်စံနစ်ဖျက်သိမ်းရေးနှင့် ဒီမိုကရက်တစ်ဆီးရီးယားနိုင်ငံပေါ်ပေါက်ရေး အတွက်ဖြစ်သည်။ ညီလာခံတွင် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆက်သွယ်ဆောင်ရွက်နိုင်ရန် ကော်မတီတစ်ရပ် ကိုဖွဲ့စည်းကြမည်ဖြစ်သည်။
အမေရိကန်၊ ဥရောပသမဂ္ဂနှင့် ဆွစ်ဇာလန်နိုင်ငံတို့က ဆီးရီးယားအပေါ်လက်နက်ရောင်းဝယ်မှုပိတ်ပင်လိုက်ပြီး အစိုးရအရာရှိကြီး များအပြင် အယ်လ်အာဆက်ပိုင် ငွေ၊ လုပ်ငန်းများနှင့် ခရီးသွားလာခွင့်တို့ကိုပိတ်ပင်တားဆီးလိုက်သည်။
ထိုအချိန်တွင် ဆီးရီးယားအစိုးရက ဗုဒ္ဓဟူးနေ့တွင် နိုင်ငံရေးအကျဉ်းသားရာပေါင်းများစွာလွှတ်ပေးလိုက်ပြီး အသက် ၁၃ နှစ်အရွယ် ဟမ်ဇာ အယ်လ်ခါတိ သေဆုံးမှုကို စုံစမ်းစစ်ဆေးအရေးယူပေးမည်ဟု ကတိပေးခဲ့သည်။ ဟမ်ဇာသည် ထောက်လှမ်း ရေးများ၏ တရားလွန်ညှဉ်းပန်းနှိပ်စက်မှုကြောင့် သေဆုံးခဲ့ရသည့် ၁၃ နှစ်အရွယ်ကလေးငယ် တစ်ဦးဖြစ်ပြီး အာဆက်၏ တစ်ပါတီ အာဏာရှင်စံနစ်ကိုတော်လှန်ရေးအတွက် စံပြပုံရိပ်တစ်ခုဖြစ်လာခဲ့ပြီး နိုင်ငံအဝှမ်းအုံကြွမှုများ ပိုမိုပြင်းထန်လာခဲ့သည်။
နောက်ဆုံးဖမ်းဆီးခဲ့သော ဆန္ဒပြသူများအပါအဝင် နိုင်ငံရေး အကျဉ်းသား ၅၀၀ ကျော်အစိုးရကလွှတ်ပေးခဲ့ကြောင်း ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ ဒါရိုက်တာ ရာမီအဗ္ဗဒူလ် ရာမန်က AFP သတင်းသို့ပြောပြသည်။
Source: Al Jazeera
0 comments:
Post a Comment