Sunday, June 5, 2011

သေမင်းကို အံတုနေသော ကိုလံဘီယာလေယာဉ်မှူးများ

ဒီလေကြောင်းလိုင်း ကတော့ ကမ္ဘာပေါ်မှာ အန္တရာယ်အများဆုံး လေကြောင်းလိုင်းတစ်ခုပါ။
အင်မတန် ထူထပ်သိပ်သည်းလှတဲ့ အမေဇုန် တောအုပ်ကြီးကို ဖြတ်ပြီးတော့ ကမ္ဘာကြီးနဲ့ အဆက်အသွယ် ပြတ်နေတဲ့ အထီးကျန် ရွာငယ်လေးတွေကို အစားအသောက်တွေ၊ ကုန်စည်တွေ ဒီလေကြောင်းက ပို့ဆောင်ပေးနေပါတယ်။

ခရီးစဉ် စတင်ရာ နေရာကတော့ အန်ဒီယန်း ကော်ဒီလာရာ တောင်ခြေက မြို့တစ်မြို့ ဖြစ်တဲ့ ဗီလာဗစ် ဆန်ဆီယို ဖြစ်ပါတယ်။ ဆိုက်ရောက်မယ့် နေရာတွေကတော့ တောအုပ်တစ်ခွင်မှာ ဟိုဒီ တစ်ရွာစီ ပျံ့ကျဲနေပြီး မြို့ပြ ယဉ်ကျေးမှုတွေနဲ့ အဆက်အသွယ် ပြတ်နေတဲ့ အင်ဒီးယန်း ရွာငယ်လေးတွေ ပဲဖြစ်ပါတယ်။

ရွာကို လေယာဉ်ဆိုက်တဲ့ အချိန်ဟာ ဆိုရင်တော့ ရွာမှာ တကယ့်ပွဲတော်ကြီး တစ်ခုလိုပဲ။ ရွာကိုတစ်လ နှစ်ကြိမ်ရောက်တယ်။ အသီးအနှံတွေ၊ အိပ်ရာတွေ၊ ခွေးတွေ၊ ကြက်တွေကအစ တယ်လီဗေးရှင်း အထိပါတယ်။

ကိုလံဘီယာမှာတော့ DC3 လေယာဉ်တွေက ကျေးလက်ဘတ်စ်ကားတွေလိုပဲ။

ဘရာဇီးနဲ့နယ်စပ် အမေဇုန် မိုးသစ်တော အထက် ကိုလံဘီယာဝေဟင်မှာ DC3 လေယာဉ်အိုကြီးတစ်စီး အပူပိုင်း မုန်တိုင်းတစ်ခုနဲ့ မိနေပါပြီ။ မြင်ကွင်းက ဘာမှမမြင်ရတော့ဘူး။ ရေဒီယို ပြတ်သွားပြီ။ လေယာဉ်အမှတ် ၃၀-၃၇ ကတော့ ဒုက္ခအကြီးအကျယ် တွေ့နေပါပြီ။ မုန်တိုင်းထဲကနေ လွတ်မြောက်နိုင်ဖို့ အင်ဂျင်နှစ်လုံးတပ် လေယာဉ်ကို အတတ်နိုင်ဆုံး အတည်ငြိမ်ဆုံး ဖြစ်အောင် ကပ္ပတိန် ရာအူးလ် ကြိုးစား ထိန်းသိမ်းနေပါတယ်။

ဒါပေမယ့် အန္တရာယ် အပေးနိုင်ဆုံးက မုန်တိုင်းတော့ မဟုတ်ပါဘူး။ အင်ဂျင် ချို့ယွင်းခြင်းလည်း မဟုတ်ဘူး။ အောက်ဘက် မီတာ ၂,၀၀၀ မှာရှိနေတဲ့ အစိမ်းရောင် အမေဇုန် တောကြီးပါ။ အစိမ်းရောင် ငရဲပြည်လို့  ခေါ်လို့ရပါတယ်။

အမေရိကန်က တက္ကဆက်ပြည်နယ် နှစ်ဆစာလောက် ကျယ်ဝန်းတဲ့ အင်မတန် နက်ရှိုင်းကျယ်ဝန်းတဲ့ တောကြီးထဲကို လေယာဉ်တစ်ခုခု ဖြစ်လို့များ အရေးပေါ် ဆင်းသက်စရာ နေရာမရှိပါဘူး။ လေယာဉ်မှူးတွေ အကြောက်ဆုံး အန္တရာယ်ပါ။ တစ်စုံတစ်ခုမှားယွင်းပြီ၊ ချို့ယွင်းပြီဆိုတာနဲ့ လေယာဉ်ပျက်ကျပြီ။ အရေးပေါ် ဆင်းသက်ဖို့ဆိုတာ လုံးဝမရှိ။

လေယာဉ်ပေါင်း မြောက်များစွာလည်း အမေဇုန်တောအုပ်ထဲကို ပျက်ကျ ပျောက်ဆုံးခဲ့ဖူးပါပြီ။ တောအုပ်က ဝါးမြိုပစ်လိုက်တာပါပဲ။

နတ်ဒေဝါ စောင့် မ လို့ပဲလား၊ ကပ္ပတိန် ရာအူးလ်ရဲ့ ကျွမ်းကျင်မှု ကြောင့်ပဲလား … တော့ မသိဘူး။ လေယာဉ်ကို မုန်တိုင်းနဲ့ ကင်းလွတ်ရာဆီ ဦးလှည့် ထွက်လာနိုင်ခဲ့တယ်။ ခရီးသည်တွေလည်း အင်ဒီယန်း ရွာငယ်လေးဖြစ်တဲ့ အကာရီကွာရာကို ချောချောမောမော ဆိုက်ရောက်လာခဲ့တယ်။

လေယာဉ်ပြေး လမ်းကို မြင်နေရပါပြီ။ တစ်လမ်းမောင်းပါ။ ထိန်းချုပ်ရေး မျှော်စင်လည်း မရှိပါဘူး။ လေယာဉ်ကွင်း အပြင်အဆင် အရာအားလုံးက ဟိုးလွန်ခဲ့တဲ့ ၁၉၂၀-၃၀ ခုနှစ်များဆီက အတိုင်းပါပဲ။ အာရုံသိ၊ ဆုံးဖြတ်ချက် မှန်ကန်မှု၊ အတွေ့အကြုံတို့ ပေါင်းစပ်ပြီး လေယာဉ်ကို ဆင်းရပါတယ်။ ပြေးလမ်းက ချော်ချွတ်ချွတ်နဲ့ ကျင်းတွေချိုင့်တွေနဲ့။ ပြီးတော့ တိုလည်း တိုတယ်။ လေယာဉ်မှူး အနေနဲ့ ပြေးလမ်း အစကနေကို လေယာဉ်ကို ဘီးချနိုင်မှ ဖြစ်မယ်။

အကာရီကွာရာ ရွာလေးမှာ လူတစ်ရာလောက်ပဲ ရှိပါတယ်။ အခုလို DC3 လေယာဉ်သာ မရှိဘူးဆိုရင် သူတို့ဟာ လုံးဝ အဆက်ပြတ်ပြီး စားစရာတောင်ရှိမှာ မဟုတ်ဘူး။ အခြား ဆက်သွယ်ရေး လမ်းကြောင်းအနေနဲ့ မြစ်တော့ရှိတယ်။ ဒါပေမယ့် သိပ်ကိုရှည်လျား ရှုပ်ထွေးလွန်းပြီး ဒီကိုရောက်ဖို့အတွက် အချိန်တွေ အကြာကြီးယူရမယ်။

“ဒီလေယာဉ်သာ ဒီကိုမလာဘူးဆိုရင် ဒီကလူတွေငတ်သေကုန်လိမ့်မယ်” လို့ ကာမာဂိုက ပြောတယ်။

လေယာဉ်ရပ် ပြီးသွားပြီဆိုရင်တော့ ကပ္ပတိန်ရာအူးလ် ၁၅ မိနစ်ထက် ပိုမနေပါဘူး။ ပါလာတဲ့ ကုန်စည်တွေလည်း ဒီအချိန်အတွင်းမှာ ချပြီးပါပြီ။ ပြီးတာနဲ့ ကလေးတစ်အုပ်ကြီးကို ရှောင်ကွင်းပြီးတော့ လေယာဉ်တက်ဖို့ သူပြင်ပါတယ်။ ဒီလိုနေရာမျိုးမှာ ညဘက်ဆို ရင်တော့ သူမမောင်းပါဘူး။
“ကလေးတွေကဗျာ … အန္တရာယ်ကို မသိဘူး။ လေယာဉ်ပြေးလမ်းမှာ လျှောက်ပြေးဆော့နေတာပဲ။ လေယာဉ်ပတ်ပတ် လည်မှာ သူတို့တွေ ဝိုင်းနေတော့ ကျွန်တော့်မှာ သတိကြီးကြီးနဲ့ မောင်းရတယ်။” ကပ္ပတိန်ရာအူးလ်က ပြောပါတယ်။

ဗီလာဗစ်ဆန်ဆီယို အပြန် ခရီးကျတော့လည်း တစ်ခါတောအုပ်ကို ဖြတ်ပျံရပြန်ပြီ။ ခရီးသည်တွေကတော့ စိတ်မသက်မသာပါပဲ။
တကယ်လို့ ပျက်ကျခဲ့ရင်တော့ အသက်ရှင်ဖို့လမ်း အလွန်နည်းတယ်။ တောအုပ်ကိုနှစ်နာရီကြာ ဖြတ်ပျံပြီးတဲ့ အခါမှာတော့ ဗီလာဗစ်ဆန်ဆီယိုကို တောင်ခြေမှာ လှမ်းမြင်နေရပါပြီ။

ကပ္ပတိန် ရာအူးလ်မောင်းနေတဲ့ DC3 လို လေယာဉ်မျိုးတွေက တကယ့် ဂန္ဓဝင်တွေပါ။ လေထဲမှာ ပျံသန်းနေသေးတဲ့ အဲဒီလို လေယာဉ်မျိုးတွေ အစီးတစ်ရာလောက် ရှိနေပါသေးတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော်လောက်ကတည်းက စပြီးဆောက် လုပ်ခဲ့တဲ့ အမျိုးအစားတွေ ဖြစ်ပြီးတော့ စစ်ပွဲတွေ၊ အိုမင်းရင့်ရော်မှုတွေကို အံတုပြီးကျန်နေခဲ့တာ။
“စစ်အတွင်းကတော့ ပျံသန်းမှု မှတ်တမ်းတွေ လုပ်မထားနိုင်ခဲ့ကြဘူး။ ခရီးသည်တင် လေယာဉ်အဖြစ် စတင်ပျံသန်းပြေး ဆွဲတော့မှပဲ မှတ်တမ်းမှတ်ရာ စပြီးလုပ်ခဲ့ကြတာ။ ကျွန်တော့် အထင်တော့ ဒီသံပြားလေးမှာ ရေးထားတဲ့ အတိုင်း ၁၉၆၂ လို့ထင် တာပဲ။” ကပ္ပတိန်ရာအူးလ်က လေယာဉ် ဝမ်းတွင်း ကိုယ်ထည်တစ်နေရာက သံပြားလေးကို ပြပြီးပြောပါတယ်။

တကယ်တော့ ဒီလေယာဉ်ရဲ့သက်တမ်းကို ကပ္ပတိန်ရာအူးလ် ကိုယ်တိုင်မသိပါဘူး။ ဘယ်နေရာမှာမှလည်း ရေးထိုးထားခြင်း မရှိဘူး။ DC3 တွေကတော့ သူတို့သက်တမ်းနဲ့ သူတို့ရဲ့ အခြေအနေနဲ့ အမေဇုန်သစ်တောကို ဖြတ်သန်းပျံနိုင်တဲ့ အမျိုးအစားအ ချို့ထဲက တစ်မျိုးဖြစ်ပါတယ်။

ကိုလံဘီယာမှာတော့ ဒါမျိုး အစင်း ၃၀ ရှိပါသေးတယ်။ ဗီလာဗစ်ဆန်ဆီယို မှာတော့ ရှေးဟောင်းလေယာဉ်တွေ ကမ္ဘာပေါ်မှာ အများဆုံးပါပဲ။ တစ်ဝက်လောက်က အမြဲပြင်နေရတယ်။ ဟိုဆေးက မြေပြင်လေယာဉ်ပြင်ဆင်ရေးအလုပ်ရုံမှာ အလုပ်လုပ်တယ်။ ဆက်ဒယ်လ်ကာ လေကြောင်းပိုင်အမှတ် ၁၁၄၉ လေယာဉ်ကို လောလောဆယ်ပြင်ဆင်နေတယ်။ လေယာဉ်စက်ပြင်နှစ်ဦးရှိတဲ့ တစ်စီးတည်းသော လေယာဉ်ပါ။ လွန်ခဲ့တဲ့ ၁၈ လတုန်းက ဒီလေယာဉ်ပေါ်မှာပဲ သူလိုက်ပါသွားတဲ့ အချိန်လေယာဉ်က ဗီလာဗစ်ဆန်ဆီယိုကနေ ၅ ကီလိုမီတာအကွာလောက်မှာရှိတဲ့ စပါးခင်း ထဲအရေးပေါ်ဆင်းသက်ခဲ့ရတာနဲ့ ကြုံခဲ့ရတယ်။
“ဘယ်ဘက်အင်ဂျင် စလင်ဒါက ဒုက္ခပေးတာဗျာ။ ဆန့်ငင်ဆန့်ငင်ဖြစ်ပြီးတော့ အင်ဂျင်ရပ်သွားတယ်။ ကုန်တွေနဲ့ ခရီးသည် ၁၅ ယောက်ပါတယ်။ အရေးပေါ်ထွက်ပေါက်ကိုဖွင့်ပြီးတော့ ကုန်တွေကို ပစ်ချ။ နောက်အင်ဂျင်တစ်လုံးကိုတော့ ပိတ်ချ ပစ်လိုက်တယ်။ လေယာဉ်မှူးက စပါးကွင်းထဲဆင်းဖို့ ဆုံးဖြတ်လိုက်တယ်ဗျ ။”
“ကျွန်တော်တို့မြေပြင်ပေါ်ကို ရှောရှောရှုရှုတော့ရောက်သွားတယ်။ ဒါပေမယ့် ပန်ကာပျက်စီးသွားတယ်။ ဘီးနဲ့သူ့ အထိုင်တွေ ပြုတ်ထွက်သွားတယ်။ ကျွန်တော်တို့တော့ မသေဘူးပေါ့ဗျာ။” ဟိုဆေးက သူ့အတွေ့အကြုံကိုပြောပြပါတယ်။

အခု ပြင်နေရတာလည်း ဒီအင်ဂျင်ပဲ။
“အမေရိကန်မှာဆိုရင်တော့ဗျာ … ပန့်တစ်ခုလောက်ပျက်လည်း အင်ဂျင်တစ်လုံးလုံး ဖြုတ်လဲပစ်လိုက်တာပဲ။ ကိုလံဘီယာမှာတော့ ကျွန်တော်တို့က ဖြတ်လမ်းပဲ။ ဘယ်နေရာပျက်လဲ။ ပျက်တဲ့နေရာကိုလိုက်ပြင်တယ်။”

၁၁၄၉ ရဲ့ကပ္ပတိန် ဖာဟာဒိုကတော့ သူ့လေယာဉ်ပျက်တာကို ပေါ့ပေါ့ပါးပါးပဲပြောတယ်။
“ပုံမှန်ပြင်ဆင်ထိန်းသိမ်းခြင်းနဲ့ အင်ဂျင်ကို အနည်းငယ်မျှ သခြင်း” လို့ပဲ သူကပြောတယ်။
“ဘာမှ ကြီးကြီးကျယ်ကျယ်ဖြစ်တာ မဟုတ်ပါဘူး။” တဲ့။

ဒါပေမယ့် ပြင်ဆင်ချိန်က မျှော်လင့်ထားတာထက်ပိုကြာနေတော့ ခရီးသည်တွေလည်း စိတ်ပျက်လာပြီ။ ငါးနာရီကြာပြီးတဲ့နောက် မှာတော့ ခရီးစဉ်ဖျက်သိမ်းလိုက်ပါတော့တယ်။
“ပြဿနာက အမြဲဖြစ်နေတာပဲ။ တစ်ခုခုတော့ အမြဲချို့ယွင်းနေတာပဲ။ လွန်ခဲ့တဲ့ နှစ်ပတ်ကလည်း ဆက်ဒယ်ကာ လေကြောင်းက လေယာဉ် ပန်ကာကျိုးသေးတယ်။ ဒါနဲ့ လူတွေ အမေဇုံတောကြီးအလယ်မှာ တစ်ပတ်လောက်သောင်တင်နေ သေးတယ်။” ခရီးသည်အမျိုးသမီးနှစ်ဦးက မကျေမနပ်နဲ့ပြောနေတာပါ။

အဲဒီအချိန်မှာပဲ ကပ္ပတိန်ရာအူးလ်နဲ့ သူ့တွဲဘက် မာရီယာတို့လည်း မုန်တိုင်းအခြေအနေကြောင့် လေယာဉ်ထွက်ဖို့ မဖြစ်နိုင်ဘူး။ ဒီတော့ လေယာဉ်မထွက်ရင် ပိုက်ဆံမရဘူး။ ဒါကုမ္ပဏီရဲ့သတ်မှတ်ချက်ပဲ။
“လေယာဉ်မထွက်ရရင် ကျွန်တော်တို့လည်း ပိုက်ဆံမရဘူး။ ဒါကြောင့် လေထဲမှာရောက်နေလေလေ၊ ကောင်းလေလေ ပဲ။ ဒီလိုလေယာဉ်မထွက်နိုင်တဲ့ အခါမျိုး အလကားပဲ။ တစ်ပြားမှ မရဘူး။”ကပ္ပတိန်ရာအူးလ်ကပြောပါတယ်။

သူကဆက်ပြီးတော့ ကမ္ဘာမှာ သာမန်လေယာဉ်မှူးတွေထက် သူရတာကနည်းပြီးတော့ တာဝန်ကတော့ ပိုကြီးတယ်။ လေယာဉ် ထွက်ဖို့ အားလုံးဝိုင်းပြီးတော့ သူလည်းလုပ်ရတယ်၊ ခရီးသည်ရှာရတယ်။
“ခရီးစဉ်တွေကတော့ ရှယ်တွေချည်းပဲ။ ဘယ်နေ့ထွက်မယ်၊ ဘယ်အချိန်ထွက်မယ် ဆိုတဲ့ပျံသန်းမှုအစီအစဉ်ဇယား မရှိဘူး။ ကုန်ရဖို့၊ ခရီးသည်ရဖို့ပဲလိုတယ်။ ပြည့်ရင်ထွက်။ ဒါပဲ။ ”

ရာသီဥတုက ခန့်မှန်းရခက်နေပေမယ့် ကပ္ပတိန်ရာအူးလ်က ထွက်ဖို့ ဆုံးဖြတ်လိုက်တယ်။ မိုးရွာနေရင် မိုးရေတွေက ဓါတ်ဆီတိုင်ကီ ထဲကို ဝင်သွားနိုင်တယ်။ ဒါမျိုးဖြစ်ခဲ့ရင် ပျံနေရင်းနဲ့ လေယာဉ်ရပ်သွားတတ်တယ်။



လေယာဉ်မှူးနဲ့ ကုန်သည်ပွဲစား ပက်ဘလို တို့ လေယာဉ်ပေါ်တင်မယ့် ကုန်အတွက် ဈေးစကားပြောနေကြတယ်။ ပက်ဘလိုက ကုန်အလေးချိန်ကို ညာပြောတယ်။ ဒါပေမယ့် ကပ္ပတိန်ရာအူးလ်က ကုန်တွေ ချိန်တွယ်တာအသေအချာလိုက်ကြည့်နေတယ်။ သူ့လေယာဉ်ပေါ်ကို ၁.၅ တန်ထက်ပိုပြီးတော့မတင်ဘူး။
“ဒါ အန္တရာယ်ရှိတယ်။ ပြဿနာသေးသေးလေးကတောင် လေယာဉ်ကို ပျက်ကျသွားအောင်လုပ်နိုင်တယ်။”
“ဒါကြောင့်ကုန်အလေးချိန်ကို ကျွန်တော်တို့သေချာကြည့်ရတယ်။ တစ်ခုခုချွတ်ယွင်းသွားရင် အလေးချိန်ပိုနေတဲ့ကုန် တွေကိုကျွန်တော်တို့ ပစ်ချရတယ်။ ဒါမှလေယာဉ်က လိုရာကိုဆက်ပျံလို့ရမယ်။”

လေယာဉ်ဆီကိုလည်း အတတ်နိုင်ဆုံးလျှော့ထားရတယ်။ ဆီအများကြီးထည့်ထားရင် အရမ်းလေးနေမယ်။ ဆီနည်းသွားရင် လည်း ဆီပြတ်ပြီး အမေဇုန်ထဲကို ပျက်ကျသွားမယ်။
နောက်ထပ်ပျံသန်းရမယ့် နေရာတစ်ခုကတော့ ဗီလာဗစ်ဆန်ဆီယိုကနေ တစ်နာရီခွဲလောက်သွားရမယ့် မီရာဖလိုရက်စ် ဆိုတဲ့ မြို့ငယ်လေးပါ။ ကိုလံဘီယာတောအုပ် အလယ်က မြို့ငယ်လေးဖြစ်ပါတယ်။
အခုတော့ အဲဒီမြို့ကလေးက (Revolutionary Armed Forced of Colombia – FARC) လို့ခေါ်တဲ့ ကိုကင်းမှောင်ခိုကုန်ကူးတဲ့ သူပုန်တွေရဲ့ထိန်းချုပ်မှုအောက်ရောက်သွားပါပြီ။

ဗီလာဗစ်ဆန်ဆီယို မှာရှိတဲ့ ဆက်ဒယ်ကာလေယာဉ်ပြင်ရုံထဲမှာတော့ အမှတ် ၁၁၄၉ ကိုပြင်ပြီးသွားပါပြီ။ ဒါပေမယ့် အင်ဂျင်ကို တောင်ပံမှာပြန်လည်တပ်ဆင်ဖို့က နည်းနည်းခက်ခဲတဲ့ အပိုင်းဖြစ်နေပြန်တယ်။
ကပ္ပတိန် ဖာဟာဒိုက လေယာဉ်ကို စမ်းသပ်မောင်းနှင်ပါလိမ့်မယ်။ DC3 လေယာဉ်တွေကို သူမောင်းနှင်လာတာ ၇ နှစ်လောက် ရှိပြီ။ ဒီလေယာဉ်တွေအကြောင်းသူကောင်းကောင်းသိတယ်။ လွန်ခဲ့တဲ့ ၁၈ လတုန်းက လယ်ကွင်းထဲကို ပျက်ကျတုန်းက သူလည်းပါတာပေါ့။ အခုပြင်ဆင်ပြီးသွားတဲ့လေယာဉ်ကို မတက်ခင် သူအသေအချာစစ်ဆေးကြည့်ရှုနေပါတယ်။

ဘယ်ဘက်ခြမ်း အင်ဂျင်ကို အားလုံးက သတိထားကြည့်နေကြပါတယ်။ ရုတ်တရက် ညာဘက်အင်ဂျင်က ရပ်သွားပါတယ်။ လေယာဉ်ထဲကလူတွေနည်းနည်းတော့ တုန်တုန်လှုပ်လှုပ်ဖြစ်သွားပေမယ့် အင်ဂျင်တစ်လုံးတည်းနဲ့ပဲ ဆက်လက်ပျံနေပါတယ်။ အဲဒီနောက် လေယာဉ်မှူးက မြေပြင်ကို ဆင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။
“ကျွန်တော် ဆီပရက်ရှာကို စစ်ဆေးနေတာပါ။ ကောင်းပါတယ်။ နည်းနည်းတော့ကျနေတယ်။ ဒါပေမယ့် ပြင်လို့ရပါတယ်။” ကပ္ပတိန် ဖဟာဒိုကပြောပါတယ်။ ပြီးတော့ လေယာဉ်ကို တစ်ခါလေပေါ်မောင်းတက်သွားပြန်ပါတယ်။

ဗီလာဗစ်ဆန်ဆီယိုမှာ ကပ္ပတိန်ရာအူးလ်နဲ့ သူ့အဖွဲ့သားတွေ နောက်တစ်ကြိမ်ခရီးစဉ်အတွက် အသေအချာပြင်ဆင်နေကြပါ တယ်။ မုန်တိုင်းလည်း စဲသွားပါပြီ။ လေယာဉ်မှူးကတော့ သိပ်ပြီးကြည်ကြည်လင်လင်မရှိလှဘူး။ ကိုလံဘီယာမှာ အဆိုးဝါးဆုံးနဲ့ အန္တရာယ်အများဆုံး ပြေးလမ်းမှာသူဆင်းသက်ရမှာဖြစ်ပါတယ်။ ပြီးတော့ ဒါသူ့အတွက် ပထမဦးဆုံးအကြိမ်ဆင်းရမှာ။
“အစစအရာရာ ချောချောမွေ့မွေ့ဖြစ်အောင်လုပ်ရမှာ။ မြေပြင်မှာ ဘယ်နေရာကို ဘီးချမလဲဆိုတာ အတိအကျသိရမယ်။”
“တစ်ခုခုမှားယွင်းသွားလို့ကတော့ ပျက်ကျရင်ကျ၊ မကျရင် ပြေးလမ်းအပြင်ဘက်ကို လည်ထွက်သွားမယ်။ ပြေးလမ်းတစ်ဘက်မှာ ချောက်ကြီးရှိတယ်။” ကပ္ပတိန်ရာအူးလ်က စိတ်မသက်မသာဖြင့်ပြောပြသည်။

ပြေးလမ်းအဆုံးက ချောက်က ၈၀ မီတာ အနက်ရှိပါတယ်။ လေယာဉ်ပေါ်မှာတင်သွားရမှာက မီးလောင်ပေါက်ကွဲလွယ်တဲ့ လောင်စာဆီ လီတာ ၁,၈၀၀။ မီးပွားလေးတစ်ချက်၊ ရှော့လေးတစ်ချက်ဝင်တာနဲ့ အားလုံးပေါက်ကွဲသွားမယ်။
“တကယ်သွေးပျက်စရာပါပဲ။ အထူးသဖြင့် မြေပြင်ကို ဆင်းတဲ့ အခါမျိုးတွေမှာပေါ့။ ကျွန်မတို့ ပြေးလမ်းအပြင်ဘက်ထွက် သွားပြီး ဘရိတ်ကို ဆွဲထားတယ်။ ဘယ်ညာလျှောထွက်နေတယ်။ လေယာဉ်ကဆက်သွားနေတုန်း။ ဒါပေမယ့် ကျွန်မတို့ ဘာမှ မတတ်နိုင်ဘူး။” ကပ္ပတိန်ရာအူးလ်၏ တွဲဘက် မာရီယာကပြောပြသည်။

ဒါပေမယ့် အသေအချာ ပြောလို့ရတာကတော့ ကိုလံဘီယာ ရှေးဟောင်း DC3 လေယာဉ်ပျံ ကြီးတွေကို မောင်းနေရတဲ့ လေယာဉ်မှူး တွေကတော့ တစ်ချိန်ချိန်အထိ ဆက်မောင်းနေရ ဦးမှာပါ။

Source: Al Jazeera (Risking it all)

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။