အယ်ဂျာဇီးရား သတင်းထောက် ဒေါ်ရသီ ပါဗက်ဇ် ပြန်လည် လွတ်မြောက် လာခဲ့ပါပြီ။ သူမဟာ ဆီးရီးယား နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲကို သွားရောက်သတင်းယူရာမှာ အဖမ်းဆီး ခံခဲ့ရခြင်းဖြစ်ပါတယ်။ စုစုပေါင်း ၁၉ ရက်ကြာမြင့်ခဲ့ပါတယ်။
သူ့ရဲ့ အတွေ့ အကြုံကို အောက်ပါ အတိုင်း ပြန်လည် ပြောပြပါတယ် … ။
သွေးကွက်ငယ် နှစ်ခုပေါ်မှာ ကျွန်မ မတ်တတ်ရပ်ပြီး ဆီးရီးယား လူမျိုးခုနှစ်ယောက်ကကျွန်မကို ဘာကြောင့် အော်ဟစ်နေကြတာလဲ ဆိုတာကို စဉ်းစားနေမိပါတယ်။ အဲဒီထဲက တစ်ယောက်ကိုတော့ နောက်ပိုင်းမှာ “ဦးတိတ်စမ်း” လို့ ကျွန်မ နာမည်ပေးလိုက်ပါ တယ်။ ဆီးရီးယား လူမျိုး အများအပြားကို ထိန်းသိမ်းထားရာ အဲဒီအချုပ်မှာကျွန်မကို သုံးရက်တာ ထိန်းသိမ်းထားရာမှာ အင်္ဂလိပ်လို
“တိတ်စမ်း” “တိတ်စမ်း” လို့ မကြာခဏ အော်ငေါက်တဲ့ အတွက်ပါ။
ကျွန်မရဲ့ အိတ်ကို ရှာဖွေနေကြတာကို ကြည့်နေရင်း အခန်းအလယ် စာရေးစာပွဲနောက်က အိပ်စင်ပေါ်မှာချိတ်ဆွဲထားတဲ့ လက်ထိပ်တစ်စုံကို စူးစမ်းကြည့်ရှုနေမိပါတယ်။ ကျွန်မကိုတော့ ဖမ်းပြီလို့တွက်လိုက်တယ်။ အနည်းဆုံးတော့ ထိန်းသိမ်းထား မယ့်အဆင့်ပေါ့။
“ရှင်တို့ဘာကြောင့်ဒီလိုလုပ်တာလဲ … ” ကျွန်မကမေးလိုက်တဲ့ အခါမှာတော့
“တိတ်စမ်း … ။ တိတ် ……. စမ်း။” လို့  ဦးတိတ်စမ်းက အော်ပါတယ်။
… … … … … … … … … … … …
အဲဒီနေရာကိုရောက်လို့သိပ်မကြာခင်မှာပဲ လက်နက်ကိုင်လူနှစ်ယောက်က ကျွန်မကိုဟိုဘက်ဒီဘက်ညှပ်ပြီး ဆံပင်ကနေဆွဲ ခေါ်သွားပါတယ်။ ကျွန်မနေတဲ့ ဟိုတယ်ကိုပို့ပေးမယ်လို့ပြောပါတယ်။ ဒါပေမယ့် အရပ်ဝတ်နဲ့ လုံခြုံရေးဝန်ထမ်းတွေက ကျွန်မနေတဲ့နေရာကို ကိုယ်တိုင်ကိုယ်ကျလိုက်ပို့ပေးမယ်ဆိုတာကတော့ မဖြစ်နိုင်ဘူးဆိုတာ သိပြီးသားပါ။
ကျွန်မ မျက်နှာကို အဝတ်စည်းပြီးခေါ်သွားဖို့ကြိုးစားပေမယ့် ကျွန်မငြင်းဆန်နိုင်ခဲ့ပါတယ်။ ကျွန်မကိုပစ်သတ်ဖို့ဆိုရင် တော့ဒီလို မျက်နှာကိုအဝတ်စည်းပေးဖို့မလိုဘူးဆိုတာတော့ တွေးမိတယ်။
မိနစ်နှစ်ဆယ်လောက်ကြာတဲ့အခါ အဝေးပြေးလမ်းမကြီးကိုရောက်ပြီး စစ်ဆေးရေးဂိတ်နှစ်ခုကို ဖြတ်ခဲ့ပါတယ်။
အဲဒီနေရာတွေကိုရောက်ရင် လက်သရမ်းတဲ့ကျွန်မရဲ့ဘယ်ဘက်က လူက ကျွန်မမျက်လုံးတွေကို ကျွန်မရဲ့ ပဝါနဲ့အုပ်ထားပါ တယ်။ လက်နက်ကိုင်အစောင့်တွေက ဂိတ်တံခါးကိုဖွင့်ပေးပြီး စစ်တပ်ဝင်းတစ်ခုလို့ထင်ရတဲ့အထဲကိုဝင်သွားပါတယ်။
အဲဒီမှာ အရပ်ဝတ်အရပ်စားနဲ့ လူတွေ ဒါဇင်ပေါင်းများစွာရှိပြီး ခေါင်းတွေကို ပတ်တီးနဲ့စည်းထားကြပါတယ်။ အဓိကရုဏ်း အရှိန် မြင့်မားနေတယ်ဆိုတဲ့ သင်္ကေတပါပဲ။
ဂွါတာနာမိုအသေးစားပါ။ အဲဒီနေရာက အစိုးရကိုဆန့်ကျင်ဆန္ဒပြသူတွေရော၊ ဘေးကရပ်ကြည့်နေသူတွေကိုပါ သိမ်းကြုံးဖမ်း ဆီးလာပြီးတော့ထားတဲ့နေရာတွေထဲက တစ်ခုဖြစ်နိုင်ပါတယ်။ ကျွန်မလည်းအခုရောက်လာပါပြီ။ ကျွန်မရဲ့ခရီးဆောင်အိတ်ထဲက ဂြိုလ်တုဖုန်းတစ်လုံးနဲ့ အင်တာနက်ချိတ်တဲ့ ကိရိယာတစ်ခုကိုတွေ့ရှိသွားခဲ့လို့ပါ။ အမှန်တော့ ဒါတွေဟာ ဈေးကွက်မှာလူတိုင်း ဝယ်သုံးလို့ရပြီး ဘာမှအထူးပြုလုပ်ထားတဲ့ပစ္စည်းတွေ မဟုတ်တဲ့ အပြင် ဆက်သွယ်ရေး မကောင်းတဲ့နေရာတွေကို ခရီးသွားမယ်ဆိုရင် လိုအပ်တဲ့ ပစ္စည်းတွေပါပဲ။
ဒါတွေကို အခုတော့ သံသယအဖြစ်ခံရတယ်။ နောက်တော့ အမေရိကန်ပတ်စ်ပို့။ အယ်လ်ဂျာဇီရားက စေလွှတ်ခြင်းဖြစ် ကြောင်းအထောက်အထားလည်း အဲဒီမှာရေးထားပြီးသားပါ။ ထောက်လှမ်းရေးတွေက ကျွန်မဘယ်သူဖြစ်တယ်ဆိုတာကို ပြော ပြလို့ကိုမရဘူး။ ပိုဆိုးတာက အစ္စရေးအတွက်အလုပ်လုပ်ပေးနေတဲ့ အမေရိကန်စပိုင်ဖြစ်ဖြစ်၊ အယ်လ်ဂျာဇီရားသတင်းထောက်ပဲ ဖြစ်ဖြစ် သူတို့အဖို့တော့ အတူတူပဲသတ်မှတ်ထားတော့ခက်နေတယ်။
မျက်နှာကို အဝတ်နဲ့စည်းပြီးတော့ ပထဆုံးအချုပ်ခန်းကိုကျွန်မကိုခေါ်လာတယ်။ အလျားခြေငါးလှမ်းစာ၊ အကျယ်သုံး လှမ်းစာလောက်ပဲရှိတဲ့ အခန်းကျဉ်းလေးတစ်ခုပါ။ ကြမ်းပြင်ပေါ်မှာတော့ ခပ်စုတ်စုတ်အညိုရောင်စောင်တစ်ထည်ခင်းထားပြီး အဲဒီအပေါ်မှာ ငိုရလွန်းလို့မျက်နှာဖေါင်းအစ်နေတဲ့ မိန်းမငယ်တစ်ယောက်ထိုင်နေတယ်။ သူ့အသက်က ၂၅ နှစ်ရှိပြီး ဒမတ်စကတ် မြို့ကဖြစ်ကြောင်းနဲ့ ဒီကိုရောက်နေတာ လေးရက်ရှိပြီဖြစ်တဲ့ အကြောင်းပြောပြပါတယ်။ သူ့ကိုဘာဖြစ်လို့ ဆီးရီးယားထောက် လှမ်းရေးတွေက ဒီကိုဖမ်းခေါ်လာခဲ့တာလဲမသိဘူးလို့လည်းပြောတယ်။ သူက အဝတ်အထည်စတိုးဆိုင်က အရောင်းသမတစ်ဦး သာဖြစ်ပြီး ဖုန်းပြောနေတုန်း ကားပေါ်ဖမ်းတင်ကာ မျက်နှာကို အဝတ်စည်းပြီး ခေါ်လာတာခံခဲ့ရတယ်လို့ဆိုပါတယ်။ သူဘယ်မှာရောက်နေမှန်းမသိသလို ဘယ်လောက်ကြာကြာနေရဦးမယ်ဆိုတာလည်း မသိဘူးလို့ဆိုပါတယ်။ မိသားစုနဲ့ လည်းဆက်သွယ်ခွင့်မရပါဘူး။ ကျွန်မတို့ရဲ့မျက်လုံးများက နံရံပေါ်က အရင်နေသွားတဲ့လူတစ်ယောက်ယောက်ဆွဲသွားတဲ့ တစ်လစာ ပြက္ခဒိန်ဆီကိုရောက်သွားပြီး သူမဘယ်လောက် ကြာကြာဒီမှာနေရဦးမယ်ဆိုတာ စဉ်းစားရင်း စကားမပြောဘဲ အကြည့်ချင်းဆုံကြပါတယ်။
လူတစ်ယောက်က နှစ်ခါလောက်အချုပ်ခန်းရှေ့လာပြီးတော့မှ ကျွန်မကို မျက်နှာအဝတ်စည်း၊ လက်ထိပ်ခတ်ပြီး တရားရုံးလို့ထင်ရတဲ့နေရာတစ်ခုကိုခေါ်သွားပါတယ်။ သူကကျွန်မကို နံရံကိုမျက်နှာမူမတ်တတ်ရပ်ခိုင်းထားပြီးတော့ အဲဒီအတိုင်းပဲ နေဖို့ပြောပါတယ်။ ကျွန်မအဲဒီလိုနေနေတဲ့ အချိန်မှာပဲ စစ်ဆေးမေးမြန်း၊ ရိုက်နှက်နေတဲ့ အသံနှစ်ခုကိုကြားရပြီး တော့ တစ်ခုချင်းစီက ကျွန်မနဲ့ ဆယ်မီတာအဝေးလောက်စီမှာရှိတယ်လို့ ထင်ရပါတယ်။
ရိုက်နှက်တာတွေက အင်မတန်ပြင်းထန်ပါတယ်။ အရိုက်ခံရတဲ့လူတွေကတော့ ကြောက်ခမန်းလိလိအော်သံကြီးတွေနဲ့
(Wallahi)“ဘုရားကို ကျိန်ပြီးပြောပါတယ်။” (La! La!) “မဟုတ်ရပါဘူး” ဆိုတဲ့ အသံတွေကြားနေရပါတယ်။
ကျွန်မအဲဒီမှာရပ်နေရတာ တစ်သက်လောက်ကြာတယ်လို့ထင်ရပါတယ်။ နောက်တော့ လူတစ်ယောက်လာပါတယ်။
“မင်းက ဘယ်သူ့အတွက်အလုပ်လုပ်နေတာလဲ”
“အယ်လ်ဂျာဇီရား အွန်လိုင်း”
“တစ်ယောက်တည်းပဲလား”
“တစ်ယောက်တည်းပါ”
ကျွန်မကိုနောက်ထပ်အချုပ်ခန်းတစ်ခုဆီကို ခေါ်သွားပြန်ပါတယ်။ ဒီအခန်းထဲမှာတော့ နံရံပေါ်မှာသွေးတွေပေကျံနေတာ တွေ့ရပါတယ်။ သွေးမရှိဘူးလို့ထင်ရတဲ့ အခန်းထောင့်တစ်ခုမှာကျွန်မ ထိုင်နေလိုက်ပါတယ်။ သန်းခေါင်အချိန်လောက်မှာ နောက်တစ်ခါလာခေါ်ပြန်ပါတယ်။ တစ်ခါလက်ထိပ်ခတ်ပြန်ပါတယ်။ မျက်နှာကို အဝတ်မစည်းခင်မှာ မြင်လိုက်ရတာက လူသွား စင်္ကြံအပြင်ဘက်က အပူပေးစက်နဲ့တွဲပြီးတော့အသက်နှစ်ဆယ်လောက်ရှိတဲ့ လူငယ်လေးတစ်ဦးကိုသံကြိုးခတ်ထားပါတယ်။
သူ့ဒူးခေါင်းပေါ်မှာ ရုံးသုံးစာရွက်တစ်ရွက်ရှိပြီးတော့ ဘောလ်ပင်ကိုတောင်မကိုင်နိုင်လောက်အောင် တုန်တုန်ရီရီဖြစ်နေပါတယ်။ တစ်စုံတစ်ခုဝန်ခံချက်ရေးပေးဖို့ဖြစ်ပုံရပါတယ်။
အဲဒီအချိန်မှာပဲ အပြင်ဘက်က ရိုက်နှက်သံတွေနဲ့ အော်ဟစ်သံတွေထွက်လာပြန်ပါတယ်။ ကျွန်မကိုကြောင်လိမ်လှေ ကားအတိုင်းခေါ်လာပါတယ်။ အဲဒီနောက်ကျွန်မကို စစ်ဆေးဖို့စောင့်ဆိုင်းနေတဲ့ ရုံးခန်းဆီကိုရောက်ပါတယ်။ ကျွန်မမျက်နှာကို စည်းထားတဲ့ အဝတ်ကို ဖြုတ်ပေးဖို့ ကျွန်မသူ့ကိုပြောပါတယ်။ သူ့ကို ဖိုင်းရက်စ် လို့ပဲခေါ်ကြပါစို့။ သူလိုတဲ့အခါယဉ်ယဉ်ကျေး ကျေးဆက်ဆံတတ်ပါတယ်။ အိပ်ယာတစ်ခု၊ အာလူးတွေထည့်ထားတဲ့ ခြင်းတွေနဲ့ ရေခဲသေတ္တာတစ်လုံးလည်းရှိနေတဲ့ အခန်းထဲမှာ အခုလို စစ်ဆေးမေးမြန်းရတဲ့အတွက် သူကတောင် တောင်းပန်နေသေးတယ်။
“အခုရက်တွေအတွင်း ကျွန်တော်တို့ အလုပ်ရှုပ်နေလို့ပါ။” တဲ့။
တိုင်းရင်းသားလူမျိုးစုသေးသေးလေးရဲ့ ပြဿနာဆိုရင် ထောက်လှမ်းရေးတွေအနေနဲ့ ဘာကြောင့် ဒီလောက်အလုပ်ရှုပ် စရာရှိလဲလို့ ကျွန်မမေးလိုက်ချင်တယ်။ ဒါပေမယ့် အခုချိန်က ဒီလိုအနာပေါ်တုတ်ကျတဲ့စကားမျိုးပြောဖို့ အချိန်မဟုတ်သေးဘူး လေ။ ဒီလူကတော့ အင်္ဂလိပ်စကားကိုကောင်းကောင်းပြောတတ်ပါတယ်။ ကျွန်မကိုသူလျှိုလို့လည်းယူဆထားပုံရတယ်။
နောက်တော့ အယ်လ်ဂျာဇီရားအကြောင်းပြောပါတယ်။ အယ်ဂျာဇီရားသတင်းဌာနကိုလူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့ တစ်ခုလိုသဘောထားပြီးပြောနေတာပါ။ အယ်ဂျာဇီယာဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ ဆီးရီးယားကြားမှာ ကြီးမားတဲ့ ပြဿနာကြီးတွေဖန်တီး နေတယ်လို့ သူက ဆိုပါတယ်။
ကျွန်မကို လေးနာရီကြာမေးမြန်းစစ်ဆေးအပြီးမှာ နောက်ထပ်အခန်းတစ်ခုကိုပို့ပြန်ပါတယ်။ ဒီအခန်းကတော့ အသုံးမပြု တာကြာပြီဖြစ်တဲ့ ရုံးခန်းဟောင်းတစ်ခုဖြစ်ပြီး ကြောက်ရွံ့နေတဲ့ ကောင်မလေးတစ်ယောက် တန်းလျားရှည်ပေါ်တစ်လုံးပေါ်မှာ အိပ်နေပါတယ်။
နောက်နေ့မနက်မှာတော့ ကျွန်မရဲ့ အခန်းဖေါ်အသစ်နဲ့ ကျွန်မ ခင်မင်သွားကြပါတယ်။ တစ်ယောက်အကြောင်းတစ် ယောက်အသေးစိတ် ပြောစရာမလိုဘူးလို့ သတ်မှတ်ထားသလိုပဲ သူနဲ့ ကျွန်မဘာမှ များများစားစားမပြောဖြစ်ကြပါဘူး။ သူလည်း ဒီလိုပါပဲ လမ်းပေါ်ကနေဘာမှန်းညာမှန်းမသိဘဲ ကောက်ပြီး အဖမ်းခံလာခဲ့ရတာ။
ကျွန်မနဲ့တွေ့တဲ့ အချိန်မှာတော့ သူအဲဒီကိုရောက်နေတာ ရှစ်ရက်ရှိပြီဖြစ်ပြီး ဖျားနေတဲ့ပုံပေါက်နေပါတယ်။ တစ်နေ့ကို အစာသုံးကြိမ်ကျွေးပါတယ်။ အစားအသောက်တွေက သိုးနံ့ထွက်နေပြီးတော့ ကြုံရာကျပန်းပါပဲ။ အံထွက်ချင်လောက်အောင်ကို အနံ့က ပုတ်တာပါ။ ဒါပေမယ့် သူဆာလွန်းတော့လည်း မရပ်မနားစားပစ်လိုက်တာပါပဲ။
ဆရာဝန်တစ်ယောက်ရှိပါတယ်။ သူ့နောက်မှာ “ခေါင်းဆောင် အာဆက်” လို့ရေးထားတဲ့ စာတန်းတစ်ခုရှိပါတယ်။ ဒါပေမယ့် ဆရာဝန်နဲ့တွေ့ဖို့လည်း မိန်းကလေးက ကြောက်နေတာပါပဲ။
နေ့တိုင်းနီးပါးပါပဲ။ လူငယ်တွေကို အပြင်းအထန်ရိုက်နှက်မေးမြန်းစစ်ကြောနေတဲ့ အသံတွေကို နားထောင်ရင်း အချိန်တွေ ကုန်လွန်ခဲ့ရတာ။ တစ်ခါတစ်လေ အရိုးတွေကျိုးကြေထွက်သွားမလားထင်ရအောင်တင်းကြပ်နေအောင်ချည်နှောင် ထားသေးတယ်။ ဒါတွေက ကျွန်မတို့ရဲ့ ရေချိုးခန်းပြူတင်းက မြင်နေရတာပါ။ (ရေချိုးခန်းက ရေမရှိတဲ့ ရေချိုးခန်းပါ။ ရေပိုက်ခေါင်းတစ်ခုနဲ့ အောက်မှာ ရေဆိုးရေပုတ်တွေ ၁၀ စင်တီမီတာလောက်တက်နေတဲ့ လက်ဆေးကန်ပဲရှိတယ်။)
တစ်ခုသောနေ့လည်ဘက်မှာတော့ ပြင်းပြင်းထန်ထန်ရိုက်နှက်နေတဲ့ အသံတွေကိုကြားရပါတယ်။ စစ်ကြောနေတဲ့လူရဲ့ ဘွတ်ဖိနပ်နဲ့ အားရပါးရကန်တဲ့အသံ၊ လက်သီးနဲ့ထိုးတဲ့အသံတွေဟာ ခံရသူမေ့မျောသွားလောက်ပါပေရဲ့။ အစစ်ခံသူရဲ့ နံကြား ကိုထိုးနှက်ကန်ကြောက်နေတဲ့ အသံတွေနဲ့ စစ်မေးနေတဲ့ မေးခွန်းတွေရဲ့ အသံတွေက စည်းချက်ကျကျပါပဲ။
ကျွန်မရဲ့ အခန်းဖေါ်ကတော့ ကြောက်လွန်းလို့တုန်ပြီးငိုနေပါတယ်။ အမျိုးသမီးတွေကိုတော့ ဒီလိုမရိုက်လောက်ပါဘူး လို့ သူ့ကိုယ်သူပြောသလိုလို၊ ကျွန်မကိုပဲပြောသလိုလိုနဲ့ပြောနေပါတယ်။
ခဏနားပြီးထပ်မံရိုက်နှက်ပြန်ပါတယ်။ ကျွန်မအလိုလိုလုပ်မိတာကတော့ နားပိတ်လိုက်မိတာပါပဲ။ ဒါပေမယ့် “ဒီလူအော် ဟစ်ငိုညည်းသံတွေကို တစ်စုံတစ်ယောက်က မကြားသင့်ဘူးလား ” လို့တွေးမိပြန်ပါတယ်။
ပြီးသွားတဲ့အခါမှာတော့ အပြင်ကဖြတ်သွားဖြတ်လာကြားရတဲ့ ကားသံတွေကိုနားထောင်ရင်း ဒီဟာက အဝေးပြေးလမ်းမ တစ်နေရာမှာဖြစ်ပြီးတော့ ပြူတင်းပေါက်ကနေ မြင်ရသလောက် အိမ်တစ်လုံးမှ မရှိပါဘူး။ ထိန်းသိမ်းရေးစခန်းဝင်းကြီးပဲဖြစ်ပါ တယ်။ အကျဉ်းထောင်ဟောင်းဖြစ်ပုံရပြီးတော့ ရုံးခန်းအချို့ရှိပြီး တစ်ချိန်ကတော့ ကောင်းကောင်းအသုံးပြုခဲ့ပုံရပါတယ်။ ဒါက ကျွန်မတို့ အချုပ်ခန်းကနေမြင်ရသလောက်ပါပဲ။
ထောက်လှမ်းရေးတစ်ယောက် အထဲကိုဝင်လာတဲ့ အခါမှာတော့ ကျွန်မရဲ့ အခန်းဖေါ်ဆယ်ကျော်သက်အရွယ်မိန်းက လေးက သူ့အနားကိုကပ်သွားပြီး မိဘတွေဆီကိုအကြောင်းကြားဖို့ သူမရဲ့ဆဲလ်ဖုန်းကို အသုံးပြုခွင့်ပေးဖို့တောင်းပန်ပါတယ်။
ဒါပေမယ့် ဖြစ်မလာပါဘူး ။ အပြင်မှာကြားနေရတဲ့ ရိုက်နှက်သံတွေအကြောင်းကိုမေးတဲ့ အခါမှာတော့ ဒါရာမှာ လူတွေကို ပစ်သတ်လာခဲ့တဲ့ လူသတ်သမားတွေဖြစ်ကြောင်း အဲဒီလူက ပြန်ဖြေပါတယ်။
အဲဒီနောက်တော့ ဦးတိတ်စမ်းကြီးလာပြီးတော့ ကောင်မလေးကို စစ်ဆေးဖို့ခေါ်သွားပါတယ်။ ကျွန်မစိတ်မကောင်း ဖြစ်မိတယ်။ တစ်နာရီလောက်ကြာတဲ့အခါကျတော့ သူပြန်ရောက်လာတယ်။ ပြူတင်းပေါက်အပြင်ကိုကြည့်ပြီးငိုနေတယ်။ မိဘ တွေနဲ့ပြန်တွေ့ရပါ့တော့မလားလို့ တွေးတောရင်း မိဘတွေအတွက်စိတ်ပူပြီး ငိုနေပါတယ်။ ကျွန်မလည်း ဘာမှမတတ်နိုင်ပါဘူး ။ ဒါပေမယ့် တွေးနေမိတာကတော့ ဆီးရီးယားနိုင်ငံကို ဒီကလေးမလေးက ဘယ်လိုအန္တရာယ်တွေပေးနိုင်တာမို့လို့ဒီလို နံစော်နေတဲ့ အခန်းထဲမှာ ချုပ်နှောင်ထားတာပါလိမ့်။ သူတို့ ဘာကိုဒီလောက်ကြောက်နေတာပါလိမ့်။
သုံးရက်အကြာမှာတော့ ဖိုင်းရက်စ်လာပြောပါတယ်။ ကျွန်မကို လွှတ်ပေးပြီး ကာတာကို ပြန်ရတော့မယ်လို့။ ကျွန်မ အလွန်ဝမ်းသာသွားပါတယ်။ သူက ကျွန်မကို သူရဲ့ဆရာရုံးခန်းကို ခေါ်သွားပါတယ်။ ဒီမှာ သတိထားမိရဲ့လား ။ ဘယ်သူမှ နာမည်မရှိဘူး။ အလွန်အင်မတန်မှ အနည်းစုဖြစ်တဲ့ တိုင်းရင်းသားတွေရဲ့ ပြဿနာရှာမှုတွေကြောင့် ပျော်ရွှင်နေကြတဲ့ လူများစုကြီးက ဆီးရီးယားမှာဒုက္ခရောက်နေရကြောင်း ကျွန်မကို ဟောပြောပါတော့တယ်။
ဒီအထဲကပြန်ထွက်တဲ့အခါတော့ နောက်ဆုံးအနေနဲ့ ကြည့်ခွင့်ရခဲ့တာက စုတ်ပြတ်သတ်နေတဲ့ ရုံးခန်းတွေနဲ့၊ ဘက်ရှာအယ်လ်အာဆက်ရဲ့ ရုပ်ပုံကားချပ်တွေကပ်ထားတဲ့ နံရံတွေပါ။ သတ္တုဘောင်ကွပ်ထားပြီး ရုပ်ရှင်ရုံ၊ ပြဇါတ်ရုံတွေမှာ
(2 for 1 drinks) ဆိုပြီး အရောင်းမြှင့်တင်ရေးလုပ်သလိုပဲ နေရာအနှံ့ချထားတော့တာပဲ။ စိတ်ပျက်စရာ။
ကျွန်မကို လေဆိပ်ကိုခေါ်သွားပါတယ်။ ဒါပေမယ့်ကာတာကိုပြန်ဖို့အတွက်တော့ မဟုတ်သေးပါဘူး။ ကျွန်မကို ရိုက်နှက် တရွတ်ဆွဲပြီး တီဟီရန်ကိုသွားမယ့် လေယဉ်ပေါ်တင်ပေးလိုက်ပါတယ်။ ဆီးရီးယားတာဝန်ရှိသူတွေက ကျွန်မကို သူလျှိုလို့ အီရန် တွေကိုပြောလိုက်ပါတယ်။ အီရန်မှာဆိုရင် သေဒဏ်အထိကျနိုင်တဲ့ ပြစ်မှုပါ။
ကံကောင်းထောက်မစွာပဲ ကျွန်မအမှုမှာ အမှန်ပေါ်ပေါက်လာပါတော့တယ်။ နှစ်ပတ်ကြာစစ်ဆေးအပြီးမှာတော့ အီရန် စစ်ကြောရေးအရာရှိတွေက ကျွန်မဟာ သူလျှိုမဟုတ်မှန်း၊ သတင်းသမားမှန်း သိသွားကြပါတယ်။
ဗုဒ္ဓဟူးနေ့မှာတော့ ဘာမှထူးထူးခြားခြားမဖြစ်တော့ဘဲ တရားသူကြီးရဲ့ ခွင့်ပြုချက်နဲ့ ကျွန်မကိုလွှတ်ပေးလိုက်ပြီး တီဟီရန်ကနေ ဒိုဟာကိုသွားမယ့် မနက်စောစောလေယာဉ်ပေါ်ကို တင်ပေးလိုက်ပါတော့တယ်။
အီရန်နိုင်ငံရေးမူဝါဒတွေနဲ့ပတ်သက်ပြီး ကျွန်မ ဝေဖန်ရေးသားခဲ့ဖူးပေမယ့် ကျွန်မကိုလေးလေးစားစားဆက်ဆံကြ ပါတယ်။ ထိန်းသိမ်းထားစဉ်ကာလတစ်လျှောက်လုံး ဂရုတစိုက်၊ သိက္ခာရှိရှိနဲ့ ဆက်ဆံခဲ့ကြပါတယ်။
နေရတဲ့အခန်းဟာလည်း သန့်ရှင်းပြီးတော့ စစ်ကြောရေးအရာရှိတွေကလည်းပြောစရာ မရှိအောင်ကိုယဉ်ကျေးပါတယ်။ အီဗင်အကျဉ်းထောင်အမျိုးသမီးထိန်းသိမ်းရေးဌာနက ကျွန်မကိုတာဝန်ယူရတဲ့ အမျိုးသမီးဟာဆိုရင်ကျွန်မလိုအပ်တာသမျှ ကိုဖြည့်ဆည်းပေးပါတယ်။ အထူးသဖြင့်တော့ ကျွန်မအိပ်ရင် ဖက်လုံး လိုတာပါ။ ဆီးရီးယားမှာကြားခဲ့ရတဲ့ “ဝါလာဟီ၊ ဝါလာဟီ” ဆိုတဲ့ အသံတွေကကျွန်မနားထဲမှာ ညတိုင်းကြားနေတာပါပဲ။ သူတို့ရဲ့ထိခိုက်နာကျင်မှုများလည်း ဘယ်တော့မှ ပျောက်ကင်းမလဲ ဆိုတာ ကျွန်မတွေးတောနေမိပါတော့တယ်။
Source: Aljazeera
0 comments:
Post a Comment