Friday, May 20, 2011

အိုစမာအတွက် တာလီဘန်လက်တုံ့ပြန်

လမ်းဘေးဗုံးကြောင့်ပျက်စီးသွားသော အမေရိကန်သံတမန်ကား
ပါကစ္စတန်အနောက်မြောက်မြို့တော် ပက်ရှဝါတွင် အမေရိကန်သံတမန်များပါဝင်သောကားနှစ်စီး တိုက်ခိုက်ခံရရာတွင် တစ်ဦး သေဆုံးပြီး အခြား ၁၀ ဦးဒဏ်ရာရရှိခဲ့သည်။
အဆိုပါကားနှစ်စီးကို လမ်းဘေးဗုံးဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အနီးရှိပါကစ္စတန်တစ်ဦးသေဆုံးသွားခဲ့ကြောင်း ပါကစ္စတန် ရဲက ဆိုသည်။ ၎င်းတို့ကားနှစ်စင်းကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်ပြီး တစ်စင်းမှာ ဆိုးဆိုးရွားရွားပျက်စီးသွားကြောင်းအမေရိ ကန်သံရုံးက အတည်ပြုပြောကြားလိုက်သည်။
“အမေရိကန်သံတမန်တွေပါဝင်တဲ့ကားတွေ သံရုံးကို အသွားလမ်းမှာအခုလိုတိုက်ခံရခြင်းဖြစ်ပါတယ်။ တစ်စီးကတော့ ပျက်စီးသွားပါတယ်။ ကျွန်တော်တို့လူတွေတော့တစ်ယောက်မှ မသေပါဘူး။ ဆိုးဆိုးရွားရွားထိခိုက် ဒဏ်ရာရခြင်းလည်း မရှိပါဘူး။” ဟု အမေရိကန် သံရုံးပြောရေးဆိုခွင့်ရှိသူ အယ်ဘာတို ရော်ဒရီကဂတ်စ်ကဆိုသည်။
“ကားတစ်စီးကိုပဲထိသွားတာပါ။ အဲဒီထဲမှာ အမေရိကန်သံအရာရှိတွေနဲ့ ပါကစ္စတန် ဒရိုင်ဘာတစ်ဦးပါဝင်ပါတယ်။”
ရဲအရာရှိတစ်ဦးဖြစ်သူ အီဂျက်ခန်းက ရိုက်တာသတင်းဌာနသို့ပြောကြားရာတွင် အမေရိကန်လုံခြုံရေးဝန်ထမ်းနှစ်ဦး အနည်းငယ် ထိခိုက်ဒဏ်ရာရရှိသွားပြီး အမေရိကန်ဆေးဘက်ဆိုင်ရာသို့ ပို့ဆောင်ကုသပေးလျက်ရှိကြောင်းဆိုသည်။
အယ်ဂျာဇီယာသတင်းထောက် ခမေးလ်ဟိုင်ဒါက အစ္စလမ္မာဘတ်မြို့မှ သတင်းပေးပို့ရာတွင် “ကားတွေက ဗုံးဒဏ်ခံ ကားတွေမို့လို့ ကားအတွင်းရှိသူတွေတစ်ယောက်မှ မသေပါဘူး။” ဟု ဆို၏။
မြို့တွင်းလမ်းမကြီးပေါ်တွင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မော်တော်ဆိုင်ကယ်စီးလာသော ဒေသခံတစ်ဦးသေဆုံး သွားကြောင်းပက်ရှဝါရဲချုပ် လီယာကက် အလီက ပြောသည်။

ဗုံးမှာ အလွန်ပြင်းထန်သောကြောင့် မှန်ကွဲစများ မီတာရာပေါင်းများစွာလွင့်စင်ထွက်သွားပြီး အနည်းဆုံး အဆောက်အဦ သုံးလုံးခန့်ပျက်စီးသွားကြောင်း အယ်လ်ဂျာဇီယာ သတင်းထောက်က ဆိုသည်။ အဆိုပါဗုံးဖေါက်ခွဲမှုကို ပါကစ္စတန်တာလီဘန်တို့က ပြုလုပ်ခြင်းဖြစ်ကြောင်း ကြေငြာခဲ့သည်။
“နေတိုးနိုင်ငံတွေအားလုံးက သံတမန်တွေကို ကျုပ်တို့ပစ်မှတ်ထားထားတယ်။ ဒီလိုတိုက်ခိုက်မှုတွေဆက်လက်လုပ်ဆောင်သွား ဦးမှာပါ။ ပါကစ္စတန်တွေက ကျုပ်တို့ရဲ့ပထမပစ်မှတ်ဖြစ်ပြီးတော့ အမေရိကန်တွေက ဒုတိယပစ်မှတ်ဖြစ်ပါတယ်။” ဟု တာလီဘန် ပြောရေးဆိုခွင့်ရှိသူ အီစနူလား အီဆန်က ရိုက်တာသတင်းဌာနသို့ ဖေါ်ထုတ်၍မရသောနေရာတစ်ခုမှ တယ်လီဖုန်းဖြင့် ပြောကြား ခဲ့သည်။
လွန်ခဲ့သောနှစ်ရက်က တာလီဘန်တို့က လက်တုံ့ပြန်မည်ဟု ခြိမ်းခြောက်ထားသော ဗွီဒီယိုသတင်းကားတစ်ခုကို အယ်ဂျာဇီယာသတင်းဌာနက ရရှိခဲ့ကြောင်း၊ ယခုတိုက်ခိုက်မှုသည် အိုစမာဘင်လာဒင် အသတ်ခံရခြင်းကို လက်တုံ့ပြန်မှု တစ်ခု ဖြစ်ကြောင်း ဟိုင်ဒါက သတင်းပေးပို့ခဲ့သည်။
မေလ ၂ ရက်၊ ၂၀၁၁ တွင် အိုစမာဘင်လာဒင် အသတ်ခံရခြင်းနှင့်ပတ်သက်၍ အယ်ကေဒါနှင့် ပါကစ္စတန်တာလီဘန် တို့က လက်တုံ့ပြန်ရန်ခြိမ်းခြောက်မှုများရှိလာခဲ့ပြီး ပါကစ္စတန်သည် အကြမ်းဖက်တိုက်ခိုက်မှုများကိုရင်ဆိုင်နေရသည်။
ပြည်သူ့စစ်အဖွဲ့ဝင် ၇၆ ယောက်သေဆုံးခဲ့ရသော လွန်ခဲ့သောအပတ်ဗုံးခွဲမှုနှစ်ခုသည်လည်း ၎င်းတို့လက်ချက်ပင်ဖြစ် ကြောင်း တာလီဘန်တို့ကပြောကြားခဲ့သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။