Wednesday, March 28, 2012

ဗြိတိန်အဓိကရုဏ်း လူငယ်အလုပ်လက်မဲ့နှုန်းမြင့်မားမှုကြောင့်ဖြစ်


မိဘ၏ ဆိုဆုံးမမှု၊ ထိန်းကျောင်းပဲ့ပြင်မှုအားနည်းခဲ့ပြီး အလုပ်အကိုင်ရရှိရန် အထောက်အပံ့ပေးခံရမှုမရှိဘဲ အလုပ်လက်မဲ့ဖြစ်နေသော လူငယ်များဦးဆောင်ခဲ့သော လွန်ခဲ့သောနှစ်က ဗြိတိန်တွင်ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းကို လေ့လာသုံးသပ်ထားသော အစီရင်ခံစာတစ်စောင် ထွက်ရှိလာခဲ့သည်။

အစီရင်ခံစာကို အဓိကရုဏ်းနှင့် အဓိကရုဏ်းကြောင့် ထိခိုက်နစ်နာရသူအများအဖွဲ့ ကပြုစုပြီး ၀န်ကြီးချုပ် ကင်မရွန်း ထံသို့ ဗုဒ္ဓဟူးနေ့တွင် တင်ပြမည်ဖြစ်သည်။ အစီရင်ခံစာတွင် ကလေးငယ်များအား ရေးတတ်၊ ဖတ်တတ်အောင် သင်ကြားမပေးနိုင်သည့် ဆရာများအား ဒဏ်တပ်သင့်ကြောင်း တောင်းဆိုထားသည်။

မြို့လယ်ခေါင်များတွင် အဓိကရုဏ်းများဖြစ်ပွားခဲ့ကြောင်း အစီရင်ခံစာပြုစုသောအဖွဲ့က လေ့လာတွေ့ရှိခဲ့သည်။ မိဘ ဆိုဆုံးမမှုကင်းမဲ့နေခြင်း၊ ပညာမဲ့ခြင်း၊ အလုပ်အကိုင်မဲ့နေခြင်းများကြောင့် အဓိကရုဏ်းဖြစ်သောအခါ ထိုလူငယ်များ ပူးပေါင်းပါဝင်လာကြပြီး ယင်းသို့ပါဝင်ခဲ့ခြင်းကြောင့် သူတို့ဘ၀အတွက် များစွာထူးထူးခြားခြားထိခိုက်နစ်နာမှုမရှိဟု ယူဆထားသူများ ဖြစ်ကြောင်း ရေးသားထားသည်။

လူနေမှုအဆင့်အတန်းအလွန်နိမ့်ကျနေပြီး အထောက်အပံ့ပေးခံရမှုမရှိသော လူတန်းစားတစ်ရပ် နိုင်ငံအ၀ှမ်း သန်း တစ်ဝက်ခန့်ရှိနေပြီး ယင်းတို့အတွက် အစိုးရက ဖွံ့ဖြိုးရေးအစီအစဉ်များချမှတ်ပေးသင့်ကြောင်း တိုက်တွန်းထားသည်။
`ပြဿနာ (လုယက်ခိုးဆိုးမှုများ) နဲ့ ခပ်ကင်းကင်းနေနိုင်ဖို့ဆိုတာ သူတို့မှာ အကြောင်းပြချက်ကောင်း ကောင်းရှိရမယ်။ အဲဒီလိုမရှိတော့ လူ့အဖွဲ့အစည်းအတွင်းမှာပါ နောက်ဆက်တွဲ မကောင်းကျိုးတွေ ဖြစ်ပျက်ခဲ့တာ သြဂုတ်လအတွင်းက အားလုံးမြင်တွေ့ကြတဲ့အတိုင်းပါပဲ။´ ဟု အစီရင်ခံစာပြုစုရေးအဖွဲ့ ဥက္ကဋ္ဌ ဒါရာဆင်းက ပြောသည်။ လွန်ခဲ့သောနှစ်သြဂုတ်လ ဗြိတိန်အဓိကရုဏ်းကို ရည်ညွှန်းပြောကြားသွားခြင်းဖြစ်သည်။

အဓိကရုဏ်းဖြစ်ပွားပြီးနောက် ယင်းအဖွဲ့ကို အစိုးရကဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ပြီး လွတ်လပ်စွာလုပ်ပိုင်ခွင့်ပေးထားလေ သည်။ နိုင်ငံအနှံ့ အဓိကရုဏ်းဒဏ်ခံစားခဲ့ရသူများနှင့် တွေ့ဆုံမေးမြန်းခဲ့သည်။

အဓိကရုဏ်းအတွင်း လူပေါင်း ၁၅,၀၀၀ ခန့်ပါဝင်ခဲ့ကြပြီး လန်ဒန်မြောက်ပိုင်းတွင် စတင်ဖြစ်ပွားခဲ့ကာ အခြားမြို့ကြီး များဖြစ်သော မန်ချက်စတာ၊ ဘာမင်ဂန် နှင့် ဘရစ်စတိုးလ်မြို့များသို့ ကူးစက်ပျံ့နှံ့သွားလေသည်။ အဆောက်အဦ များကို မီးရှို့ဖျက်ဆီးခြင်း ၊ ဆိုင်ခန်းများကို ချိုးဖေါက်လုယက်ယူငင်ခြင်းများပြုလုပ်ခဲ့ကြလေသည်။ ယင်းဖြစ်ရပ်များ အတွင်း လူ ၅ ဦးသေဆုံးခဲ့ပြီး ဒေါ်လာ သန်း ၈၀၀ ခန့်ဆုံးရှုံးခဲ့ လေသည်။

လန်ဒန်တစ်မြို့တည်းမှာပင် အဓိကရုဏ်းနှင့် ဆက်စပ်၍ လူပေါင်း ၃,၈၀၀ ဖမ်းဆီးခဲ့ရပြီး တရားရုံးများတွင် အမှုများ ရင်ဆိုင်နေရဆဲဖြစ်သည်။

ယခုနှစ် ဇူလိုင်နှင့် သြဂုတ်လများတွင် ကျင်းပမည့် အိုလံပစ်ပွဲတော်သို့ နိုင်ငံတကာမှ ဧည့်သည်များလာရောက်ကြ မည်ဖြစ်ရာ ဗြိတိန်နိုင်ငံတွင်း လုံခြုံရေးအတွက် နိုင်ငံတကာက ဝေဖန်မှုများပြုခဲ့လေသည်။

အစီရင်ခံစာအဖွဲ့က တွေ့ဆုံမေးမြန်းခဲ့သော လူငယ်အများအပြားမှာလည်း `မျှော်လင့်ချက်ကင်းမဲ့´ နေသော အနေ အထားတွင်ရှိပြီး အလုပ်အကိုင်ရရှိရန် အခွင့်အလမ်းမမြင်ကြောင်း ပြောဆိုကြသည်။
ကျောင်းမပြီးသေးဘဲထွက်ထားသူ ငါးယောက်တွင် တစ်ယောက်နှုန်းမှာလည်း ၁၁ သားအရွယ် စာရေး၊ စာဖတ်နှုန်း မျှသာရှိသည်။ ထို့ကြောင့် ကလေးများကို စာရေး၊ စာဖတ်ကောင်းကောင်းတတ်အောင် သင်ကြားပေးနိုင်ခဲ့ခြင်းမရှိ သော ဆရာ၊ ဆရာမများကို ဒဏ်ရိုက်ပြီး အခြားကျောင်းများကို ယင်းဒဏ်ကြေးငွေများဖြင့် ပိုမိုကောင်းမွန်လာ အောင် ပြုလုပ်သင့်ကြောင်း အစီရင်ခံစာအဖွဲ့က အကြံပြုထားသည်။

နှစ်နှစ်မျှ အလုပ်လက်မဲ့ဖြစ်နေသော လူငယ်များကိုလည်း အလုပ်အကိုင်ပြန်လည်ရရှိနိုင်အောင် အစိုးရမှ အာမခံချက်ပေးပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရှာဖွေပေးသင့်ကြောင်းဆိုသည်။

အင်္ဂလန်တွင် လူငယ်အလုပ်လက်မဲ့နှုန်းမြင့်မားလျက်ရှိပြီး တစ်သန်းခန့်ရှိသည်။ ယင်းပမာဏမှာ တစ်နိုင်ငံလုံးရှိ ၁၆ နှစ်မှ ၂၄ နှစ်ကြား လူငယ်ဦးရေ၏ ၂၂ ရာခိုင်နှုန်းဖြစ်သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။