Tuesday, December 13, 2011

ဆီးရီးယားဆန္ဒပြမှု သေဆုံးသူ ၅,၀၀၀ ကျော်ပြီ


ဆီးရီးယားနိုင်ငံတွင် လူထုဆန္ဒပြမှုများစတင်ဖြစ်ပွားချိန်မှ စ၍အစိုးရ၏ အကြမ်းဖက်နှိမ်နင်းသတ်ဖြတ်မှုကြောင့် လူပေါင်း ၅၀၀၀ ကျော် သေဆုံးခဲ့ရပြီးဖြစ်ကြောင်းကုလသမဂ္ဂလူ့အခွင့်အရေးအကြီးအကဲကလုံခြုံရေးကောင်စီ သို့တင်ပြခဲ့သည်။

ကုလသမဂ္ဂလူ့အခွင့်အရေးအကြီးအကဲ နာဗီပီလေးက သမ္မတအာဆက်၏ စစ်တပ်အား အတိုက်အခံအုပ်စုများမှ တိုက်ခိုက်မှုများမြင့်တက်လာနေကြောင်း သို့သော် ဆန္ဒပြမှုများဆက်တိုက်ဖြစ်ပွားနေသော ဟုမ်းမြို့တွင် စိုးရိမ်ရ သည့် အခြေအနေသို့ရောက်နေကြောင်း တနင်္လာနေ့က ပြောကြားခဲ့သည်။

စုစုပေါင်း ၁၄,၀၀၀ ခန့်ဖမ်းဆီးထိန်းသိမ်းခံထားရပြီး သေဆုံးသူများစာရင်းတွင် ကလေးငယ် ၃၀၀ ပါဝင်သည်ဟု ပီလေးက ကုလလုံခြုံရေးကောင်စီ ၁၅ နိုင်ငံသို့တင်ပြခဲ့ကြောင်း သံတမန်ရပ်ကွက်မှ သတင်းရရှိသည်။
မတ်လမှ စတင်၍ တိုင်းပြည်တွင်း မငြိမ်သက်မှုများဖြစ်ပွားနေခြင်းကြောင့် အိမ်နီးချင်းနိုင်ငံများသို့ထွက်ပြေးခိုလှုံသူ ဦးရေ ၁၂,၄၀၀ ခန့်ရှိကြောင်းလည်း သူမက ခန့်မှန်းတွက်ချက်ပြောဆိုခဲ့သည်။

သြဂုတ်လအတွင်းက လုံခြုံရေးကောင်စီသို့ သူမတင်ပြခဲ့စဉ်က သေဆုံးသူ ၂၀၀၀ ခန့်သာရှိမည်ဟု တင်ပြခဲ့ကြောင်း လည်း ပြန်လည်ထောက်ပြပြောဆိုခဲ့သည်။

ဒီဇင်ဘာလအတွင်း အာဆက်အစိုးရက ရာပေါင်းများစွာ ဆက်လက်သတ်ဖြတ်ခဲ့သဖြင့် “ဒီနှစ် နှစ်ဆန်းပိုင်းကစပြီး ပေါ်ပေါက်လာခဲ့တဲ့ ဆန္ဒပြမှုတွေကနေစပြီးတော့ အခုအချိန်အထိ သတ်ဖြတ်လာလိုက်တာ ကျွန်မတွက်ချက်မှုအရ ဆိုရင် ငါးထောင်ကျော်သွားပါပြီ။ အခြေအနေက အတော်ဆိုးဝါးနေပြီ။ ” ဟု ပြောဆိုခဲ့သည်။

ကုလလုံခြုံရေးကောင်စီက ဆီးရီးယား၏ အကြမ်းဖက်မှုများအားတုံ့ပြန်ရှုံ့ချသည့်အနေနှင့် အစိုးရအပေါ်ဖိအားတိုးမြှင့် ရေးအတွက် အနောက်နိုင်ငံများနှင့် သီးသန့်တွေ့ဆုံဆွေးနွေးခဲ့သည်။ အောက်တိုဘာလအတွင်းက လုံခြုံရေးကောင်စီ ၏ ဆီးရီးယားအပေါ် ဆုံးဖြတ်ချက်ကို ရုရှနှင့် တရုတ်တို့က ဗီတိုအာဏာသုံး ကန့်ကွက်ခဲ့ကြသည်။

ပီလေးနှင့်တွေ့ဆုံပြီးနောက် ဂျာမဏီနိုင်ငံခြားရေးဝန်ကြီး ဂူဒိုဝက်စတာဝယ်လီက “လုံခြုံရေးကောင်စီအဖွဲ့ဝင် ထဲမှာ ပါဝင်ပြီး ချီတုန်ချတုန်ဖြစ်နေတဲ့ နိုင်ငံတွေအနေနဲ့ သူတို့ရဲ့သဘောထားတွေကို ပြောင်းလဲပစ်ရပါမယ်။” ဟု သတင်းထောက်များအားပြောကြားခဲ့သည်။
“ဆီးရီးယားနိုင်ငံက ရက်စက်ကြမ်းကြုတ်မှုတွေကို ကြားသိရတာ ကျွန်တော်အလွန်တုန်လှုပ်မိပါတယ်။ အဲဒီက သေဆုံးသွားခဲ့ရတဲ့ လူတွေအတွက် ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။”

လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများအနက် ရုရှ၊ တရုတ်၊ အိန္ဒိယ၊ တောင်အာဖရိနှင့် ဘရာဇီးတို့က ဆီးရီးယားအပေါ် ဆုံးဖြတ်ချက်ချရေးကို ကန့်ကွက်နေကြသည်။ အနောက်အုပ်စု၏ ဆီးရီးယားအစိုးရပြောင်းလဲပစ်ရေးအတွက် ပထမ ခြေလှမ်းအဖြစ်ရှုမြင်ကာ ကန့်ကွက်နေကြခြင်းလည်းဖြစ်သည်။

တွေ့ဆုံဆွေးနွေးပွဲပြီးနောက် ကုလသမဂ္ဂဆိုင်ရာပြင်သစ်သံအမတ် ဂျာရာ့အာရောက်က “နှုတ်ဆိတ်နေတဲ့ သူတွေနဲ့ ကန့်လန့်တိုက်နေတဲ့သူတွေကို သမိုင်းကအဆုံးအဖြတ်ပေးသွားပါလိမ့်မယ်။ လုံခြုံရေးကောင်စီရဲ့ ဂုဏ်သိက္ခာဟာ လည်းမေးခွန်းထုတ်စရာဖြစ်နေပါပြီ။”

ဆီးရီးယားဆန္ဒပြသူများသည် အများအားဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်နေသူများသာဖြစ်ကြောင်းလည်း ပီလေးက ပြောသည်။
“ဒါပေမယ့် ဆီးရီးယားစစ်တပ်ကနေခွဲထွက်ပြီး လွတ်လပ်သောဆီးရီးယားစစ်တပ်လို့ခေါ်တဲ့ လက်နက်ကိုင် အဖွဲ့ကတော့ ဆီးရီးယားတပ်တွေအပေါ် တိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်နေပါတယ်။” ဟုလည်း ဆိုသည်။

တင်ပြခဲ့သော သေဆုံးသူအရေအတွက်ထဲတွင် ဆီးရီးယားစစ်တပ်မှ သေဆုံးသူများမပါဝင်ကြောင်း ပီလေးက အထူး ပြုပြောကြားခဲ့ပြီး ဆီးရီးယားအစိုးရကမူ လူထုအုံကြွမှုကြီးအတွင်း စစ်သား၊ ရဲ စုစုပေါင်း ၁,၀၀၀ ကျော်သေဆုံးခဲ့ ကြောင်း ပြောဆိုလိုက်သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။