Monday, December 19, 2011

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီ ကွယ်လွန်

ကင်ဂျုံအီနှင့် သားဖြစ်သူ ကင်ဂျုံအန်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီလ် အသက် ၆၉ နှစ်အရွယ်တွင် နှလုံးရောဂါဖြင့် သေဆုံးသွားကြောင်း နိုင်ငံပိုင်ရုပ်သံမှ ကြေငြာခဲ့သည်။ ဆင်းရဲချွတ်ခြုံကျနေသော မြောက်ကိုရီးယားတွင် နျူကလီးယားလက်နက်ပိုင်ဆိုင် ထားပြီး ကင်ဂျုံအီလ်သေဆုံးသွားပြီးနောက် မည်သို့ဆက်လက်ဆောင်ရွက်သွားမည်မှာမူ မသေချာသေးပေ။

နိုင်ငံတွင်း ရထားဖြင့်ခရီးသွားလာနေစဉ် နှလုံးရောဂါဖေါက်လာပြီး စနေနေ့က သေဆုံးသွားခဲ့ကြောင်း နိုင်ငံပိုင် KNCA သတင်းက ကြေငြာခဲ့သည်။ အလောင်းကို တနင်္ဂနွေနေ့တွင် ခွဲစိတ်စစ်ဆေးမည်ဖြစ်ပြီး ဒီဇင်ဘာ ၁၇ မှ ၂၉ ရက်နေ့အထိ နိုင်ငံတော်ကြေကွဲဝမ်းနည်းမှု အထိမ်းအမှတ်နေ့ရက်များအဖြစ် ကြေငြာခဲ့သည်။

တောင်ကိုရီးယားတွင် စစ်တပ်များကို အသင့်အနေအထားပြင်ဆင်ထားပြီး ဆိုးလ်မြို့ စတော့ဈေးကွက်များ ၅% ကျဆင်းသွားကြောင်း ယွန်ဟက်သတင်းဌာနက ကြေငြာခဲ့သည်။ တောင်ကိုရီးယားသမ္မတအိမ်ပြာတော်မှ အမျိုးသား လုံခြုံရေးကောင်စီ အရေးပေါ်အစည်းတစ်ရပ်ခေါ်ယူထားပြီး နိုင်ငံတော်ဗဟိုဘဏ်နှင့် ဈေးကွက်လည်ပတ်နေသူများ ကလည်း အရေးပေါ်အစည်းအဝေးများ အသီးသီးခေါ်ယူခဲ့ကြသည်။

ကင်ဂျုံအီလ်သည် ၂၀၀၈ ခုနှစ်အတွင်းက လေဖြတ်သွားခဲ့ဖူးသည်ဟု ယူဆခဲ့ကြနောက်ပိုင်း မကြာသေးမီက တရုတ် နှင့် ရုရှနိုင်ငံများသို့ အလည်အပတ်ခရီးစဉ်များ၊ နိုင်ငံတွင်းလှည့်လည်သွားလာသည့် ခရီးစဉ်များအတွင်း ကျန်းကျန်း မာမာရှိကြောင်း နိုင်ငံပိုင်ရုပ်သံများမှ ထုတ်လွှင့်ပြသခဲ့ကြသည်။ ဆေးပြင်းလိပ်နှင့် ကော့ညက်အရက်ကြိုက်နှစ်သက် ခြင်း၊ အစားကောင်းအသောက်ကောင်း ခုံမင်ခြင်းများကြောင့် သူ့တွင် ဆီးချိုနှင့် နှလုံးရောဂါများရှိလိမ့်မည်ဟု ယူဆ ကြသည်။

သူ့၏ တတိယသား ကင်ဂျုံအန်ကို အရိုက်အရာဆက်ခံမည့်သားအဖြစ် ၂၀၁၀ စက်တင်ဘာလက ကင်ဂျုံအီလ်က ကြေငြာခဲ့ပြီး အဆင့်မြင့်ရာထူးကြီးပေးထားလေသည်။

“စစ်စခန်းတစ်ခုကို သွားရောက်ခဲ့တဲ့အကြောင်း လွန်ခဲ့တဲ့နှစ်ရက်ကမှ လူသိရှင်ကြားကြေငြာခဲ့သေးတယ်။” ဟု Christian Science Monitor မှ ဒွန်ကာ့ခ် က အယ်ဂျာဇီယာသို့ပြောသည်။
“ နိုင်ငံတော်ကြေကွဲဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့က အတော်ကြာပါလိမ့်မယ်။ ဒါပေမယ့် သူ့သား ကင်ဂျုံအန် ရာထူးဆက်ခံဖို့အတွက် စီစဉ်ခဲ့တယ်လို့တော့ ယူဆရပါတယ်။”
“ကြည့်ရတာတော့ နိုင်ငံတွင်းမှာ တည်တည်ငြိမ်ငြိမ်ပါပဲ။ ဒါပေမယ့် ဆက်လက်တည်ငြိမ်နေဦးမှာလား ဆိုတာတော့ မသေချာသေးပါဘူး။”

ကင်ဂျုံအီလ်သည် ၁၉၉၄ ခုနှစ်တွင် နိုင်ငံတော်ပထမဆုံးခေါင်းဆောင်ဖြစ်သော ဖခင် ကင်အီလ်ဆန်းသေဆုံးပြီး နောက် နိုင်ငံတော်အာဏာကိုရယူခဲ့ပြီး ယခုကွယ်လွန်ချိန်တွင် အသက် ၆၉ နှစ်ရှိပြီဖြစ်သည်။
ဧပြီ ၂၀၁၂ တွင် ကင်အီလ်ဆန်း အသက် ၁၀၀ ပြည့်မွေးနေ့ပွဲကို ပြုံယမ်းတွင်ကျင်းပမည်ဖြစ်သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။