ထရီပိုလီရောက် တောင်အာဖရိကသမ္မတ ယာကုပ်ဇူးမား |
လစ်ဗျားစစ်တပ်မှ အရာရှိကြီးတစ်ချို့ တနင်္လနေ့က အီတလီနိုင်ငံတွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ပြီး အရာရှိနှင့် စစ်သားအပါအဝင် ၁၂၀ ခန့်ရှိသော အုပ်စုတွင် ၎င်းတို့အပါအဝင်ဖြစ်ပြီး လွန်ခဲ့သောရက်များမကြာမီကပင် ကဒါဖီ စစ်တပ်မှ နှုတ်ထွက်လိုက်ကြကြောင်းပြောကြားခဲ့သည်။
အီတလီအစိုးရက အဆိုပါအရာရှိ ရှစ်ယောက်အတွက် သတင်းစာရှင်းပွဲတစ်ရပ်ကျင်းပပေးနိုင်ရန်ဆောင် ရွက်ပေးခဲ့သည်။ ဗိုလ်ချုပ်ငါးယောက်၊ ကာနယ်နှစ်ယောက်နှင့် ဗိုလ်မှူးနှစ်ယောက်တို့ပါဝင်သည်။
“ကျွန်တော်တို့လူထုတွေရဲ့အဖြစ်အပျက်တွေကိုကြည့်ပြီး ကြောက်လန့်တုန်လှုပ်ခဲ့ရပါတယ်။” ဗိုလ်ချုပ် အွန်းအလီအွန်း ဆိုသူက ပြောသည်။
“သတ်ဖြတ်တာတွေလည်း အများအပြား၊ လူမျိုးတုန်းသတ်ဖြတ်မှုတွေ၊ အမျိုးသမီးတွေအပေါ် ချိုးဖေါက်မှုတွေရှိတယ်။ ပညာမရှိ၊ ဆင်ခြင်ဉာဏ်မရှိ၊ ဂုဏ်သိက္ခာနည်းတဲ့ လူတစ်ယောက်က လုပ်ချင်ရာတွေလုပ်နေတာကို မျက်စေ့နဲ့တပ်အပ်မြင်တွေ့ ရပြီးတော့ ကျွန်တော်တို့ကိုလည်း ခိုင်းတယ်။”
ဗိုလ်ချုပ်ဆာလာဂူမာယာမက်ကလည်း ကဒါဖီတပ်သည် ယခင်ကထက် ၂၀ ရာခိုင်နှုန်းခန့် အင်အားလျော့ နည်းသွားပြီးတစ်နေ့ ထက်တစ်နေ့ အားနည်းလာနေကြောင်းပြောပြီး ကဒါဖီအတွက်နေ့ရက်များ မကျန်တော့ဟု ဆိုသည်။
နှုတ်ထွက်ထားပြီးသားဖြစ်သော လစ်ဗျားဆိုင်ရာကုလသံအမတ် အဗ္ဗဒါရာမန်ရှဲလ်ဂမ်က စစ်တပ်နှုတ်ထွက်လာသောသူ ၁၂၀ မှာ လစ်ဗျားနိုင်ငံပြင်ပသို့ရောက်ရှိနေကြောင်းပြောပြပြီး မည်သည့်နေရာတွင်ရှိနေသည်ကိုမူ မပြောပေ။ တောင်အာဖရိကသမ္မတ ယာကုပ်ဇူးမား လစ်ဗျားပဋိပက္ခများရပ်စဲရေးဆွေးနွေးရန်ထရီပိုလီသို့သွားရောက်စဉ်အီတလီသတင်းစာရှင်းလင်းပွဲ ကိုပြုလုပ်ခဲ့ ခြင်းဖြစ်သည်။
ထရီပိုလီတွင် တနင်္လာနေ့က ကဒါဖီနှင့်တွေ့ဆုံပြီးနောက် လစ်ဗျားခေါင်းဆောင်သည် တိုင်းပြည်တွင်း တိုက်ခိုက်နေမှုများကို ရပ်စဲလိုပြီး အပစ်ရပ်ရန် အဆင်သင့်ရှိနေကြောင်း ဇူးမားကပြောသည်။ သို့သော် ယခင်ကပြုလုပ်ခဲ့သောအပစ်အခတ်ရပ်စဲရေးကိုချိုးဖေါက်ခဲ့သည့်ကဒါဖီ၏အပြုအမူကိုလည်း ထောက်ပြခဲ့သည်။ သူပုန်များက ယင်းအပစ်ရပ်စဲရေးကမ်းလှမ်းမှုကို ချက်ခြင်းပယ် ချခဲ့သည်။
အားလုံးသော လစ်ဗျားများကို တိုင်းပြည်အနာဂတ်အတွက်ဆုံးဖြတ်ကြဖို့ အချင်းချင်းကြားပြောဆိုဆွေးနွေးရန် အခွင့်အရေး ပေးဖို့လိုကြောင်း ကဒါဖီက ပြောကြားသည်ဟု ဇူးမားကပြောသည်။ သူပုန်တို့ အဓိကတောင်းဆို ထားသော ကဒါဖီရာထူးမှ ဆင်းပေးရန် တောင်းဆိုချက်နှင့်ပတ်သက်၍မူ ဇူးမားကပြောကြားခြင်းမရှိပေ။
ဇူးမား၏ ထရီပိုလီသို့ ခရီးစဉ် အဓိကရည်ရွယ်ချက်မှာ စေ့စပ်ညှိနှိုင်းရေးနှင့် ချက်ခြင်းအပစ်ရပ်ရေး အတွက်ဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးနိုင်ရန်၊ ပြုပြင်ပြောင်းလဲရေးနှင့် ပဋိပက္ခရပ်စဲရေးတို့ ဖြစ်ကြောင်း ဇူးမားသမ္မတရုံးမှ အစောပိုင်းက ပြောကြားခဲ့သည်။
သို့သော် အယ်လ်ဂျာဇီယာသတင်းထောက် ကယ်လ်ပါရီ ဘင်ဂါဇီမှသတင်းပေးပို့ရာတွင် ဇူးမားခရီးစဉ်နှင့် ပတ်သက်၍အလွန်နားလည်ရခက်ကြောင်းဆိုသည်။
“လက်ဦးကျွန်တော်တို့ကြားရတာက ဇူးမားသွားတာ ကဒါဖီကို ထွက်ပေါက်ရှာပေးဖို့သွားတယ်လို့ကြားတယ်။
ဒါပေမယ့် ဖြစ်မလာဘဲ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာဆွေးနွေး ဖို့ ဒေသ တွင်းခရီးထွက်တဲ့ ပုံစံဖြစ်သွားတယ်။ ဒီခရီးစဉ်မှာ နိုင်ငံရေးမေးခွန်းတစ်ခုထွက်ပေါ်လာတယ်။
အထူးသဖြင့် လွတ်မြောက်လစ်ဗျားလို့ခေါ်တဲ့ အရှေ့ဘက်လစ်ဗျားမှာပါ။ တကယ်လို့ နိုင်ငံရေးဆွေးနွေးသဘောတူညီမှုတွေ
ပျက်ပြားခဲ့ရင်၊ ဘာတွေဆက်ဖြစ်လာမလဲ၊ လစ်ဗျားနှစ်နိုင်ငံကွဲသွားမှာလား ဆိုတဲ့ စိုးရိမ် ထိတ်လန့်မှုတွေပါ။ ဒါဟာလည်း ဖြစ်နိုင်ချေရှိတဲ့ အနေအထားမျိုးပါ။ ”
ဇူးမားခရီးစဉ်တွင် ကြေငြာချက်တစ်စောင်ထွက်ပေါ်လာရာ နေတိုးက လစ်ဗျားကို ဗုံးကြဲခြင်းကို ရှုံ့ချခဲ့သည်။
“ကျွန်တော်တို့က တစ်တိုက်တည်းသားတွေဖြစ်ပါတယ်။ ပြီးတော့ ကမ္ဘာပေါ်မှာရှိတဲ့ ငြိမ်းချမ်းရေးလိုလား သူတိုင်းက လစ်ဗျားအပေါ် အနောက်နိုင်ငံများက ဝေဟင်ကနေဗုံးကြဲနေတာကို ကန့်ကွက်ပါတယ်။”
သောကြာနေ့ G8 အစည်းအဝေးတွင် ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီ၊ ဂျပန်၊ ရုရှ၊ နှင့် အမေရိကန်တို့က ကဒါဖီကို နှုတ်ထွက်ရန်တောင်းဆိုလိုက်ကြသည်။ လစ်ဗျားအစိုးရက မည်သို့သောတောင်းဆိုမှုမျိုးမဆို အာဖရိကသမဂ္ဂကသာပြောဆိုရ မည်ဖြစ်ကြောင်း တုံ့ပြန်ပြောကြားသည်။
“G8 က စီးပွားရေး ထိပ်သီးဆွေးနွေးပွဲပါ။ ကျုပ်တို့နဲ့ မဆိုင်ပါဘူး။” လစ်ဗျားလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ခါလက်ခါအိမ်းကပြောသည်။
“ကျုပ်တို့ကအာဖရိကနိုင်ငံပါ။အာဖရိကသမဂ္ဂအပြင်ဘက်က ပြောဆိုဆောင်ရွက်ချက်မှန်သမျှကိုပယ်ပါတယ်။”
ကုလသမဂ္ဂလူ့အခွင့်ရေးဆိုင်ရာ အကြီးအကဲ နာဗီပီးလေးက လစ်ဗျားအစိုးရ၏ဆန္ဒပြသူများကို ရက်စက်စွာနှိမ်နင်းခဲ့ခြင်းအပေါ်ရှုံ့ချလိုက်ပြီးလူ့အခွင့်အရေးချိုးဖေါက်မှုမှာ ကြောက်ခမန်းလိလိဖြစ်ကြောင်းပြောကြားခဲ့သည်။
“လစ်ဗျားအစိုးရက ရက်ရက်စက်စက်ပြုမူခဲ့ပါတယ်။ အခုလည်း ဆီးရီးယားအစိုးရက လူ့အခွင့်အရေးတွေ ကြောက်မက်ဖွယ်ရာ ချိုးဖေါက်နေပါတယ်။” ဟူ၍ သူမက ဆိုသည်။
Source: Al Jazeera
0 comments:
Post a Comment