Monday, May 23, 2011

ယီမင်သမ္မတဆာလဲထပ်မံ ကတိပျက်ကွက်ခြင်း

နိုင်ငံပိုင်ရုပ်မြင်သံကြားမှ မိန့်ခွန်းပြောကြားနေသော သမ္မတဆာလဲ
“သူတို့မလုပ်ဘူးဆိုရင်တော့ ပြည်တွင်းစစ်ဖြစ်ဖို့ ဆွဲခေါ်နေတာပဲ။ ပြီးတော့ အရင်ကဖြစ်ခဲ့တဲ့ သွေးထွက်သံယိုမှုတွေ၊ နောက်ပိုင်းသူတို့ရဲ့ ညံ့ဖျင်းမှုကြောင့်ဖြစ်လာမယ့် သွေးထွက်သံယိုမှုတွေအတွက် တာဝန်ယူရပါမယ်။”

ယီမင်သမ္မတ အဗ္ဗဒူလာဆာလဲသည် ရာထူးမှဆင်းပေးရန် သဘောတူညီချက်ကို လက်မှတ်ရေးထိုးရန်ငြင်းဆိုခဲ့ပြီးနောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဝေဖန်ပြစ်တင်လိုက်ပါတယ်။
ယီမင်နိုင်ငံတွင်သုံးလကြာမြင့်ခဲ့ပြီဖြစ်သော နိုင်ငံရေးမငြိမ်သက်မှုများဖြစ်ပေါ်လာပြီးနောက်၊ နောက်ထပ် အဓိကရုဏ်းများထပ်မံ မဖြစ်ပွားစေရန် အမေရိကန်တို့ အားပေးသောနှုတ်ထွက်ရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးရန်ကလင်တန်က ဆာလဲကို တနင်္လာနေ့က တိုက်တွန်းခဲ့သည်။
“ငြိမ်းငြိမ်းချမ်းချမ်း၊ အစီအစဉ်တကျအာဏာလွှဲပြောင်းပေးရေး၊ ယီမင်ပြည်သူတွေရဲ့ တရားဝင်ဆန္ဒနဲ့ အညီဖြစ်စေရမယ် လို့ ခဏခဏပြောနေပြီး၊ ပြောတဲ့ အတိုင်းလုပ်ဖို့ ကျွန်မတို့ တိုက်တွန်းပါတယ်။ အခုဟာ လုပ်ရတော့မယ့် အချိန်ဖြစ်ပါတယ်။” ဟု ကလင်တန်က ပြောသည်။
ပင်လယ်ကွေ့အာရပ်အိမ်နီးချင်းနိုင်ငံများနှင့် အနောက်ကြားဝင်စေ့စပ်သူများ၏ ပြင်းပြင်းထန်ထန်ဝေဖန်မှုများကြားပင် ဆာလဲက သဘောတူညီချက်ကိုလက်မှတ်ထိုးဖို့ ငြင်းဆန်လိုက်ခြင်း ဖြစ်သည်။ဤသဘောတူညီချက်ကို လိုက်နာခဲ့လျင်အပြန်အလှန် အားဖြင့် တရားတဘောင်ရင်ဆိုင်ရခြင်းမှ ကင်းလွတ်မည်ဖြစ်သည်။
ကြားဝင်စေ့စပ်သူများကလည်း လူပေါင်း ၁၇၀ ခန့်သေဆုံးခဲ့ပြီဖြစ်သော အဓိကရုဏ်းများအဆုံးသတ်နိုင်လိမ့်မည်ဟုမျှော်လင့် ထားကြသည်။
“ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ - Gulf Co-operation Council (GCC) - က ကမကထပြုထားတဲ့ စာချုပ်ကို လက်မှတ်ထိုးဖို့ ငြင်းတဲ့ အတွက် ဆာလဲကို အမေရိကန်ပြည်ထောင်စုကလည်း အတော်စိတ်ပျက်နေပါပြီ။”

နောက်ဆုံးအချိန်မှကပ်၍ လက်မှတ်ထိုးရန်ငြင်းဆန်သည်မှာ ယခုအခါ သုံးကြိမ်ရှိပြီဖြစ်သည်။
“ပြောတဲ့အတိုင်းလုပ်ဖို့ပျက်ကွက်နေတာ ဆာလဲဘက်ကပဲ ဖြစ်ပါတယ်။” ဟုကလင်တန်ကပြောသည်။ အခြားသူများက သဘောတူညီချက်တွင် အကြိမ်ကြိမ်လက်မှတ်ရေးထိုးပြီးဖြစ်သည် ဟုလည်းဆိုသည်။
ယခင်ကလည်းနှစ်ကြိမ်ငြင်းဆိုခဲ့ပြီးဖြစ်သည်။ ယခု အကြိမ်တွင်တော့ အာရပ်နိုင်ငံများ၊ အမေရိကန်ပြည်ထောင်စုနှင့် ၎င်း၏ မဟာမိတ်များကိုယ်တိုင်က ဖိအားများပေးလာခဲ့ပြီဖြစ်၍ လိုက်နာတော့မည့်အသွင်ဆောင်ခဲ့သည်။ အတိုက်အခံများက စနေနေ့ ကလက်မှတ်ရေးထိုးခဲ့ပြီး နောက်နေ့တွင် ၎င်းကလက်မှတ်ရေးထိုးရန် စိတ်မပါတပါဖြင့် ကတိပေးခဲ့ပြီး နောက်ဆုံးတွင် မထိုးပေး ဘဲ နေခဲ့သည်။ ထို့နောက် လက်နက်ကိုင်နောက်လိုက်များကို တနင်္ဂနွေနေ့က ဆာနားမြို့လမ်းများပေါ်သို့စေလွှတ်၍ ၎င်းနှုတ်ထွက် မပေးရရေးအတွက်တန်ပြန်ဆန္ဒပြမှုတစ်ခုဖန်တီးခဲ့သည်။
အမေရိကန်၊ ဥရောပ၊ အာရပ်သံတမန်များက ဆာလဲလက်မှတ်ရေးထိုးပေးရန် သမ္မတနန်းတော်သို့လာရောက်ခေါ်ဆောင်မည့် အချိန်ကိုအာရပ်စော်ဘွားများနိုင်ငံ သံရုံးအတွင်းစောင့်ဆိုင်းနေစဉ် ဆာလဲကိုထောက်ခံသူများက သေနတ်များ၊ ဓါးတိုဓါးရှည် များကိုင်ဆောင်ကာ သံရုံးကို ဝိုင်းထားခဲ့သည်။

အဆိုပါအဖြစ်အပျက်နှင့်ပတ်သက်၍ အမေရိကန်ပြည်ထောင်စုက အမျက်ထွက်ကြောင်း ကလင်တန်က ဆိုသည်။
“ဒီအပြုအမူကိုကျွန်မတို့ရှုံ့ချပါတယ်။ ယီမင်မှာရှိတဲ့ နိုင်ငံခြားသံတမန်များအားလုံးနဲ့ ဝန်ထမ်းများအားလုံး ဘေးကင်း လုံခြုံရေးအတွက် သမ္မတဆာလဲ အနေနဲ့ နိုင်ငံတကာတာဝန်ရှိမှုတွေအတိုင်း ဆောင်ရွက်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။”
ယီမင်အာဏာပိုင်များကို အာရပ်စော်ဘွားများနိုင်ငံက သံရုံးလုံခြုံရေးအတွက် တာဝန်ယူရန်တိုက်တွန်းပြီးနောက် သံတမန်များ ရဟတ်ယာဉ်ဖြင့် ထွက်ခွါသွားခဲ့ကြသည်။
ယီမင်နိုင်ငံတော်ရုပ်မြင်သံကြားမှ ဆာလဲ အစိုးရထိပ်တန်းအကြီးအကဲများက သမ္မတနှင့် အမေရိကန်သံအမတ် ဂါးရက် အမ်ဖီအီရာစတိန်းတို့ရှေ့မှောက်တွင် လက်မှတ်ရေးထိုးနေပုံများကို ထုတ်လွှင့်ပြသခဲ့သည်။ သို့သော်ဆာလဲကိုယ်တိုင်တော့ မထိုးပေ။
ထို့နောက်ဆာလဲက အတိုက်အခံများသည် သမ္မတနန်းတော်သို့လာရောက်၍ လူသိရှင်ကြားလက်မှတ်ရေးထိုးရန်နှင့် တံခါးပိတ် ပြုလုပ်ခြင်းကို သူ့ကလက်မခံနိုင်ကြောင်းပြောကြားခဲ့သည်။
“သူတို့မလုပ်ဘူးဆိုရင်တော့ ပြည်တွင်းစစ်ဖြစ်ဖို့ ဆွဲခေါ်နေတာပဲ။ ပြီးတော့ အရင်ကဖြစ်ခဲ့တဲ့ သွေးထွက်သံယိုမှုတွေ၊ နောက်ပိုင်းသူတို့ရဲ့ ညံ့ဖျင်းမှုကြောင့်ဖြစ်လာမယ့် သွေးထွက်သံယိုမှုတွေအတွက် တာဝန်ယူရပါမယ်။” ဟူ၍ နိုင်ငံပိုင်ရုပ်မြင်သံ ကြားမှပြောကြားခဲ့သည်။ အတိုက်အခံများကလည်း လူထုရှေ့မှောက်လက်မှတ်ရေးထိုးမည်မဟုတ်ဟုယူဆရသည်။

ခြောက်နိုင်ငံပါဝင်သော GCC ကစာမျက်နှာသုံးမျက်နှာပါ သဘောတူညီချက်ကိုပြင်ဆင်ထားခဲ့ပြီးဖြစ်၍ မည်သည့်အပြောင်းအလဲ ဖြစ်စေ သဘောတူညီချက်ကိုချိုးဖေါက်ခြင်းပင်ဖြစ်သည်ဟု အတိုက်အခံတာဝန်ရှိသူ အဗ္ဗဒူလ်မာလက် အယ်လ်မူခလာဖီက ပြောကြားခဲ့သည်။
“အစိုးရက ပြည်သူနဲ့ ကမ္ဘာကို လျှော့တွက်နေပါတယ်။” ဟူ၍ AFP သို့ပြောသည်။
“ပြည်သူလူထုရဲ့ဆန္ဒကိုအစိုးရကလေးစားလိုက်နာဖို့နဲ့ လူထုတောင်းဆိုချက်တွေကို တုံ့ပြန်တဲ့ အနေနဲ့ ပိတ်ဆို့အရေးယူ ဒဏ်ခတ်ဖို့ နိုင်ငံတကာနဲ့ ဒေသတွင်း အဖွဲ့အစည်းတွေကို ကျွန်တော်တို့ ပြောကြားလိုပါတယ်။”

ပင်လယ်ကွေ့ကောင်စီမှ နိုင်ငံခြားရေးဝန်ကြီးငါးဦးသည် တနင်္ဂနွေနေ့က ဆော်ဒီမြို့တော် ရီယာဒ်တွင် အရေးပေါ်အစည်းအဝေး ကျင်းပခဲ့ကြသည်။ ယင်းအစည်းအဝေးတွင်ဆာလဲ၏ရပ်တည်ချက်အတွက် စိတ်ဆိုးလျက်ရှိကြောင်း ဆော်ဒီသံတမန်တစ်ဦးက ပြောပြသည်။ အစည်းအဝေးမှထွက်ပေါ်လာသော ကြေငြာချက်အရ အခြေအနေအချိန်အခါကောင်းမဟုတ်သေးဟု ဆုံးဖြတ် ခဲ့သဖြင့် ကြားဝင်ညှိနှိုင်းပေးမှုကို ရွှေ့ဆိုင်းလိုက်ကြောင်း၊ ဆာလဲကိုမူ အမြန်ဆုံးလက်မှတ်ရေးထိုးရန်တိုက်တွန်းထားသေး ကြောင်း အဆိုပါ သံတမန်ကပင်ပြောပြခဲ့သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။