အစ္စရေး-ပါလက်စတိုင်းအရေးပြောကြားနေသောအိုဘားမား |
ပါလက်စတိုင်းကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ်တောင်းဆိုမှုအပေါ်သမ္မတအိုဘားမားက ပယ်ချလိုက်သည်။ အစ္စရေး၏ လုံခြုံရေးနှင့်ပတ်သက်၍ ဝါရှင်တန်က အခိုင်အမာကာကွယ်ပေးထားပြီး “သံနံရံ” မူဝါဒကျင့်သုံးကြောင်းလည်းပြောကြားလိုက် သည်။
ယခင်ကမကြုံဖူးသော အရှေ့အလယ်ပိုင်းအုံကြွမှုများနှင့် အမေရိကန်-အစ္စရေးဆက်ဆံရေးတွင် တင်းမာမှုအသစ်များဖြစ်ပေါ်လာ ခြင်းတို့ကြောင့် အမေရိကန်ရှိ အစ္စရေးလိုလားသောစည်းရုံးလှုပ်ရှားမှုတစ်ခုဖြစ်သော အမေရိကန်-အစ္စရေးလူထုရေးရာကော်မတီ - American Israel Public Affairs Committee (AIPAC) - ၏ နှစ်ပတ်လည်မူဝါဒညှိနှိုင်းဆွေးနွေးပွဲကို တနင်္ဂနွေနေ့က ကျင်းပရာ အိုဘားမားမိန့်ခွန်းပြောကြားခဲ့သည်။
“ပါလက်စတိုင်းကို ကုလသမဂ္ဂမှာအသိအမှတ်ပြုဖို့ ကန့်ကွက်ပါတယ်။ ကုလသမဂ္ဂမှာပဲဖြစ်ဖြစ်၊ နိုင်ငံတကာမှာပဲဖြစ်ဖြစ် အစ္စရေးကို ဖယ်ထုတ်ထားဖို့ကြိုးပမ်းမှုတွေကို အမေရိကန်က ဆန့်ကျင်သွားမှာပါ။ အစ္စရေးရဲ့တရားဝင်တည်ရှိမှုဟာ အငြင်းပွား စရာကိစ္စတစ်ခုမဟုတ်ပါဘူး။”
ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန်အတွက် အစ္စရေးအနေဖြင့် ၁၉၆၇ အာရပ်-အစ္စရေးစစ်ပွဲမတိုင်မီက သဘောတူညီချက်အတိုင်း နယ်နိမိတ်ပြန်လည်သတ်မှတ်ရန် ကြာသပတေးနေ့ကပြောကြားသောမိန့်ခွန်းတွင် အိုဘားမားကပြောကြားခဲ့သည်။ သို့သော် ထိုအချက်ကို အစ္စရေးဝန်ကြီးချုပ် ဘင်ယာမင်နေတန်ယာဟူးက အိမ်ဖြူတော်တွင် အိုဘားမားနှင့်တွေ့ဆုံစဉ်က လက်မခံနိုင် ကြောင်းပြောကြားခဲ့သည်။
ထို့နောက်စက်တင်ဘာလတွင် ကျင်းပမည့်ကုလသမဂ္ဂအထွေထွေညီလာခံတွင် ပါလက်စတိုင်းကို အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် သတ်မှတ်ပေးရန် တောင်းဆိုသွားမည်ဟု ပါလက်စတိုင်းတာဝန်ရှိသူများကပြောကြားခဲ့သည်။ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ ကုလသမဂ္ဂကိုယ်စားလှယ်များက ပါလက်စတိုင်းကို အသိအမှတ်ပြုရန် အားသန်လျက်ရှိကြသည်။
သို့သော် လုံခြုံရေးကောင်စီမှ ဦးစွာသဘောတူညီချက်ရယူရမည်ဖြစ်ရာ အမေရိကန်ပြည်ထောင်စုက ဗီတိုအာဏာကိုင်စွဲထား သည်။ ငြိမ်းချမ်းရေးအတွက် စေ့စပ်ညှိနှိုင်းဆွေးနွေးရန်ကိုမူတိုက်တွန်းလျက်ရှိသည်။
အစ္စရေးနိုင်ငံတည်ရှိမှုကို အကာအကွယ်ပေးရန် အိုဘားမားက တနင်္ဂနွေနေ့က ထပ်မံပြောကြားလိုက်သည်။
“အစ္စရေးနိုင်ငံတရားဝင်တည်ရှိမှုကို ဒုက္ခပေးဖို့ အမြဲတစေကြိုးပမ်းနေတဲ့ ကျုပ်တို့ပြိုင်ဘက်တွေရဲ့ရန်ကနေ အစ္စရေးရဲ့ လုံခြုံရေးအတွက် ကျုပ်တို့ အမေရိကန်ရဲ့ရပ်တည်ချက်ကို ခင်ဗျားတို့လည်း သိရှိပြီးသားပါ။ မနှစ်က ကုလသမဂ္ဂမှာကျုပ်ပြောခဲ့ သလိုပဲ အစ္စရေးနိုင်ငံတရားဝင်တည်ရှိမှုဟာ ငြင်းခုံနေရမယ့်ကိစ္စမဟုတ်ဘူး (တရားဝင်ပြီးသား)။ ဒီလို အစ္စရေးကတရားဝင်နိုင်ငံ တည်ထောင်ထားတာကို ဖယ်ရှားဖို့ကြိုးစားတဲ့ လုပ်ဆောင်ချက်မှန်သမျှ အစ္စရေးဘက်က မားမားရပ်တည်နေတဲ့ အမေရိကန်နဲ့ တွေ့ပါလိမ့်မယ်။”
သို့သော် လက်ရှိအရှေ့အလယ်ပိုင်းအခြေအနေမှာ လုံလောက်မှုမရှိသေးကြောင်းဆိုသည်။
“မိတ်ဆွေတွေမှာတစ်ခါတစ်ရံဖြစ်တတ်တဲ့ အတိုင်း ကျုပ်တို့မှာ သဘောမတူစရာအချက်တွေနဲ့ တွေ့တဲ့အခါမှာတောင် အမေရိကန်နဲ့ အစ္စရေး ပြုလုပ်ထားတဲ့ သဘောတူညီချက်စာချုပ်တွေဟာ မပျက်ပြယ်နိုင်ပါဘူး။ အစ္စရေးရဲ့လုံခြုံရေးနဲ့ ပတ်သက်လို့ အမေရိကန်ရဲ့ သဘောထားဟာလည်း သံနံရံလိုပါပဲ။” ဟူ၍ အိုဘားမားပြောကြားခဲ့သည်။
မကြာသေးမီက ဖြစ်တည်ခဲ့သော ဖာတာနှင့် ဟားမက် ပေါင်းစည်းညီညွတ်မှုကိုလည်း ငြိမ်းချမ်းရေးအတွက် ကြီးစွာသော အတား အဆီးဟုပြောဆိုလိုက်သည်။ လွန်ခဲ့သောငါးနှစ်က ဟားမက်အဖွဲ့ကဖမ်းထားသော အစ္စရေးစစ်သား ဂီလက်ရှာလစ်ကို ပြန်လွှတ် ပေးရန်လည်းတောင်းဆိုခဲ့သည်။
“ဖျက်စီးရေးကိုသာ ဦးထိပ်ပန်ဆင်ထားတဲ့ အကြမ်းဖက်အဖွဲ့နဲ့ ဘယ်နိုင်ငံကမှ တွေ့ဆုံညှိနှိုင်းဆွေးနွေးလိုခြင်းမရှိပါဘူး။
အစ္စရေးနိုင်ငံတည်ရှိမှုကို အသိအမှတ်ပြုဖို့၊ အကြမ်းဖက်မှုတွေကို ရှောင်ရှားဖို့၊ အားလုံးသောတည်ဆဲသဘောတူညီမှုတွေကို လိုက်နာဖို့ စတဲ့ ငြိမ်းချမ်းရေးအတွက် အခြေခံကျတဲ့ အချက်အလက်တွေကို လက်ခံဖို့ ဟားမက်အဖွဲ့ကို တောင်းဆိုလိုက်ပါ တယ်။ လက်ရှိအခြေအနေတွေအောက်မှာ စေ့စပ်ညှိနှိုင်းဖို့ဆိုတာ ဘယ်လောက်ပဲခက်ခဲနေပါစေ ၊ ကြိုးစားဆောင်ရွက်ဖို့ ပျက်ကွက်တာကိုတော့ လက်မခံနိုင်ပါဘူး။ ပိုနေမြဲ၊ ကျားနေမြဲအတိုင်းပဲဆိုရင်တော့ ဒါဟာ မလုံလောက်သေးပါဘူး။”
အိုဘားမားမိန့်ခွန်းပြောကြားစဉ် အစ္စရေးတည်ရှိမှုကို အကာကွယ်ပေးထားကြောင်းပြောစဉ်က လက်ခုပ်သြဘာသံများညံခဲ့သ လောက် ၁၉၆၇ ခုနှစ်နယ်မိတ်မျဉ်းဆီသို့ ပြန်ဆုတ်ပေးရန်ပြောသောအခါတွင်မူ ပရိသတ်ပေါင်း ၁၀၀၀၀ အတွင်း လှောင် ပြောင်သံအချို့ပေါ်ထွက်လာခဲ့ကြောင်း ဝါရှင်တန်ရှိ အယ်လ်ဂျာဇီယာသတင်းထောက် ရိုစီလန်ဂျော်ဒန်ကပြောသည်။
ကြာသပတေးနေ့က ၎င်းပြောကြားခဲ့သောမိန့်ခွန်းတွင် သီးသန့်ရည်ရွယ်ပြောဆိုချက်များတစ်ခုမှ မပါဝင်ကြောင်း အိုဘားမားက ဆိုသည်။
“ဒါပေမယ့် မေးခွန်းတွေပေါ်ထွက်လာတဲ့ အခါကျတော့ ကျုပ်ဘာကိုတကယ်ဆိုလိုချင်တာလဲ ဆိုတာထပ်ပြောပါရစေ”
“ကျုပ်ပြောခဲ့တာက အမေရိကန်ပြည်ထောင်စုအနေနဲ့ နှစ်နိုင်ငံဆွေးနွေးညှိနှိုင်းမှုကိုလိုလားတယ်။ ပါလက်စတိုင်းကလည်း အစ္စရေး၊ ဂျော်ဒန်၊ အီဂျစ်တို့နဲ့ ပုံသေနယ်နိမိတ်ထားဖို့ ၊ အစ္စရေးကလည်း ပါလက်စတိုင်းနဲ့ ပုံသေနယ်နိမိတ်ထားဖို့ပါ။ အစ္စရေးနဲ့ ပါလက်စတိုင်းနယ်မြေတွေကတော့ ၁၉၆၇ ခုနှစ်သဘောတူညီချက်အတိုင်းအခြေခံထားဖို့၊ ဒါမှ နှစ်နိုင်ငံလုံးအတွက် လုံခြုံတဲ့၊ အသိအမှတ်ပြုနယ်မြေတွေဖြစ်ပေါ်လာမှာဖြစ်တယ်။ ပါလက်စတိုင်းတွေလည်း ကိုယ့်နိုင်ငံကိုယ်အုပ်ချုပ်ခွင့်ရှိရမယ်။ အချုပ်အခြာ အာဏာပိုင်ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံတစ်နိုင်ငံထူထောင်နိုင်ရမယ်။”
အယ်လ်ဂျာဇီယာ နိုင်ငံရေးလေ့လာသုံးသပ်သူ မာဝမ်ဘစ်ရှာရာက အိုဘားမားပြောသွားသောမိန့်ခွန်းတွင် အသစ်အဆန်းမပါ ဟုဝေဖန်သည်။
“အဓိကပြောသွားတာကတော့အစ္စရေးလုံခြုံရေးအတွက် ပါလက်စတိုင်းနယ်မြေဘယ်လောက်လိုအပ်သလဲဆိုတာကို အစ္စရေးသဘောအတိုင်း ပြောဖို့ပါ။”
ရပ်ဆိုင်းနေသော ပါလက်စတိုင်းတို့နှင့် ငြိမ်းချမ်းရေးစကားပြောပွဲများ ပြန်လည်စတင်ဖို့ အိုဘားမားနှင့် အတူရှိနေကြောင်း အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟူးကလည်း တနင်္ဂနွေနေ့ကပြောကြားလိုက်သည်။
အိုဘားမားပြောကြားခဲ့သော ကြာသပတေးနေ့မိန့်ခွန်းနှင့်ပတ်သက်၍ နေတန်ယာဟူးကပြန်လည်ပြောကြားခဲ့ရာတွင်
“ငြိမ်းချမ်းရေးအဖြေရှာဖို့ အတိတ်ကရော၊ လက်ရှိပါ အိုဘားမားဆောင်ရွက်နေမှုများကို ကျွန်တော်လေးစားပါတယ်။ ငြိမ်းချမ်းရေးအတွက်ဆောင်ရွက်ဖို့ရာမှာ ကျွန်တော်လည်းသူနဲ့ အတူရှိနေပါတယ်။ ငြိမ်းချမ်းရေးစကားပြောပွဲတွေပြန်လည် စတင်နိုင်ဖို့ နည်းလမ်းတွေရှာဖွေရာမှာ သမ္မတအိုဘားမားနဲ့ အတူလက်တွဲဆောင်ရွက်ဖို့ ကျွန်တော် ဆုံးဖြတ်ထားပါတယ်။” ဟူ၏။
Source: Al Jazeera
0 comments:
Post a Comment