အရှေ့အလယ်ပိုင်းအရေးမိန့်ခွန်းပြောကြားနေသောအိုဘားမား |
ကြာသပတေးနေ့က ပြောကြားခဲ့သော အရှေ့အလယ်ပိုင်းနှင့်ပတ်သက်သောမိန့်ခွန်းတွင် အိုဘားမားက ၁၉၆၇ နှစ်တွင် သဘောတူညီခဲ့သော နယ်မြေအပြန်အလှန်လဲလှယ်ရေးသဘောတူညီချက်အတိုင်းပြန်သွားမှသာ အစ္စရေးနှင့်ပါလက်စတိုင်းကြား ငြိမ်းချမ်းရေးအတွက် အခြေခံကျသောလုပ်ဆောင်မှုဖြစ်မည်ဟု ပြောကြားခဲ့ပြီးနောက် နေတန်ယာဟူးက တုန့်ပြန်ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“စိတ်ကူးယဉ်ဆန်တဲ့ အချက်တွေပေါ်အခြေခံတဲ့ ငြိမ်းချမ်းရေးမျိုးဆိုရင် အရှေ့အလယ်ပိုင်းရဲ့ အမှန်ဖြစ်တည်မှုကို ဖေါက်ခွဲလိုက်သလိုဖြစ်သွားပါလိမ့်မယ်။ ပါလက်စတိုင်းတွေအနေနဲ့ ငြိမ်းချမ်းရေးကို လိုလားတယ်ဆိုရင် အခြေခံကျတဲ့ အရှိတ ရားတွေကို လက်ခံဖို့လိုပါလိမ့်မယ်။” ဟု နေတန်ယာဟူးက ပြောသည်။
လူဦးရေအနေအထားပြောင်းလဲသွားပြီဖြစ်၍ ၁၉၆၇ ခုနှစ်ဆီက နယ်နိမိတ်ဆီသို့ပြန်သွားရန်မဖြစ်နိုင်တော့ကြောင်းလည်း ၎င်းက ပြောကြားသည်။
“အစ္စရေးက ရက်ရောလိုက်လျောတဲ့ သဘောတူညီချက်တွေပေးဖို့ ပြင်ဆင်နေတဲ့ အချိန်မှာ ခိုင်မာမှုမရှိတဲ့၊ ချိနဲ့တဲ့ ၁၉၆၇ သဘောတူညီချက်ပါ နယ်နိမိတ်အထိပြန်ဆုတ်ပေးလိုက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။”
အစ္စရေးအာဏာပိုင်အဖွဲ့- Palestinian Authority (PA) - ပြောရေးရှိသူ ဥက္ကဋ္ဌ မာမွတ်အာဘက်ကမူ ၁၉၆၇ ခုနှစ်က ပါလက်စတိုင်း နယ်မြေအတိုင်းပြန်ပေးရန်ဖိအားပေးဖို့ သမ္မတအိုဘားမားကို တိုက်တွန်းခဲ့သည်။
“နေတန်ယာဟူးရဲ့ ပြောဆိုချက်က အိုဘားမားရဲ့ပြောကြားချက်ကို တရားဝင်ငြင်းပယ်လိုက်ခြင်းဖြစ်ပြီး နိုင်ငံတကာ တရားဝင်မှုနဲ့ နိုင်ငံတကာဥပဒေတွေကိုငြင်းဆိုလိုက်ခြင်းလည်းဖြစ်ပါတယ်။” ဟု နဘီးလ် အဘူ ရူဒီအီနာကပြောကြားလိုက် သည်။
အိုဘားမားနှင့် နေတန်ယာဟူးတို့ဆွေးနွေးပွဲပြီးနောက် ထွက်ပေါ်လာသောကြေငြာချက်တွင် မကြာခင်ကမှဖွဲ့စည်းလိုက် သော ပါလက်စတိုင်းညီညွတ်ရေးသဘောတူညီချက်တွင် ဟားမက်ပါဝင်နေခြင်းနှင့်ငြိမ်းချမ်းရေးစေ့စပ်ညှိ နှိုင်းမှုများတွင် ဟားမက်ပါဝင်ခြင်းကို အိုဘားမားနှင့် နေတန်ယာဟူးတို့နှစ်ဦးစလုံးက သဘောမတူကြပါ။
အာဘက်အနေနှင့် အစ္စရေးနှင့် ငြိမ်းချမ်းရေးကိုရွေးချယ်မလား၊ ဟားမက်ကိုရွေးချယ်မလားဟု နေတန်ယာဟူးက မေးခွန်းထုတ်ပြောဆိုလိုက်သည်။ ၎င်းကပင်ဆက်လက်၍ ဟားမက်အဖွဲ့ကို ပါလက်စတိုင်း အယ်လ်ကေဒါဟု ခေါ်ဆိုခဲ့သည်။
“အစ္စရေးနိုင်ငံတည်ရှိမှုကို လက်မခံလိုတဲ့ အဖွဲ့အစည်းနဲ့ စေ့စပ်ညှိနှိုင်းရတာဟာ အစ္စရေးအတွက် အင်မတန်ခက်ခဲပါ တယ်။ ဟားမက်အဖွဲ့ဟာ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် မှန်ကန်တဲ့၊ အရေးပါတဲ့ အဖွဲ့အစည်းတစ်ခုမဟုတ်ပါဘူး။” ဟု အမေရိကန် သမ္မတ ဘားရက်အိုဘားမားက ပြောသည်။
သို့သော ဟားမက် ပြောရေးဆိုခွင့်ရှိသူ ဂါဇီဟာမဒ်က ဟားမက်အဖွဲ့ဟာ အကြမ်းဖက်အဖွဲ့အစည်းမဟုတ်ကြောင်း အယ်လ်ဂျာဇီးယားသို့ပြောပြကာ တုန့်ပြန်ခဲ့သည်။ အောင်မြင်တဲ့ငြိမ်းချမ်းရေးလမ်းကြောင်းတစ်ခုကို တွေ့မြင်ရလိမ့်မည်ဖြစ် ကြောင်း၎င်းက ဆက်လက်ပြောကြားခဲ့သည်။
“စေ့စပ်ညှိနှိုင်းနေတာ နှစ် ၂၀ ရှိပါပြီ။ ပါလက်စတိုင်းအတွက် ဒီအချိန်ဟာ လုံလောက်နေပါပြီ။ ဟာမက်အဖွဲ့ဟာ ပြည်သူတွေအတွက်၊ အမိမြေအတွက်၊ လွတ်မြောက်ရေးအတွက်၊ ဂုဏ်သိက္ခာအတွက်တိုက်ပွဲဝင်နေတာပါ။”
“အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတာကို ကျွန်တော်တို့က မပေးနိုင်ပါဘူး။ ကျူးကျော်မှုကို ပြန်လည်တွန်းလှန်နေ တာကို ရပ်တန့်လိုက်ဖို့ ပြောနေတာကိုလည်း လက်မခံနိုင်ပါဘူး။”
အိုဘားမားနှင့်နေတန်ယာဟူး နှစ်ယောက်စလုံးကပါလက်စတိုင်းဒုက္ခသည်များအရေးနှင့်ပတ်သက်၍ပြောကြားရာ အိုဘားမားက ဒုက္ခသည်များအိမ်ပြန်ခွင့်ကို ပြောဆိုပြီး နေတန်ယာဟူးကမူ ပါလက်စတိုင်းဒုက္ခသည်များကို အခြားအာရပ်နိုင်ငံ များက အကူအညီပေးခြင်းမရှိသည့်အပေါ် နားမလည်နိုင်ဟုဆိုသည်။
“ပါလက်စတိုင်းဒုက္ခသည်တွေ အစ္စရေးကိုလာဖို့တော့ မဖြစ်နိုင်ပါဘူး။” ဟုလည်း နေတန်ယာဟူး ကပြောကြားခဲ့သည်။
ဂါဇာ ရှက်တီကမ်းခြေဒုက္ခသည်စခန်းမှ အယ်လ်ဂျာဇီယာ သတင်းထောက် နစ်ကိုးလ်ဂျွန်စတန်သတင်းပေးပို့ရာတွင်
“ကြေငြာချက်က ဂါဇာတွေအတွက်အံ့သြစရာတော့ မဟုတ်ပါဘူး။ အခုအစ္စရေးပိုင်နက်ဖြစ်သွားတဲ့နေရာကို ပြန်သွားပြီး သူတို့ အိမ်သူတို့ပြန်ဖို့ဆိုတဲ့ မျှော်လင့်ချက်မရှိတော့ပါဘူး။” ဟုပြောကြားခဲ့သည်။ သူမက ဆက်လက်၍
“ဒီကလူတွေဟာ ဒီလိုအခြေအနေတွေကြောင့် အလွန်စိတ်ပျက်ဒေါသထွက်နေကြပါတယ်။ ဒါပေမယ့် လတ်တလောလိုအပ်ချက် တွေအပေါ်မှာလည်း ပူပန်နေရပါသေးတယ်။” ဟူ၍ အလုပ်အကိုင်မရှိခြင်း ၊ နေထိုင်ရေးခက်ခဲခြင်း စသည့်အခြေအနေများကို ထောက်ပြပြောဆိုခဲ့သည်။
အာရပ်အုံကြွမှုနှင့် ပတ်သက်၍ပြောကြားခဲ့သော အိုဘားမား၏ ကြာသပတေးနေ့ မိန့်ခွန်းတွင် ငြိမ်းချမ်းရေးအတွက် အစ္စရေး ပြုလုပ်ရမည့်သဘောတူညီချက်များကို ရှင်းရှင်းလင်းလင်းထောက်ပြပြောဆိုခဲ့သည်။
မိန့်ခွန်းထဲတွင် နှစ်နိုင်ငံပူးပေါင်းအဖြေရှာရန်တိုက်တွန်းထားပြီး ၁၉၆၇ ခုနှစ်သဘောတူညီချက်အရ အစ္စရေးတို့ အနောက်ဘက်ကမ်းကိုမကျူးကျော်မီက နယ်နိမိတ်အတိုင်း ပါလက်စတိုင်း နယ်မြေကိုပြန်လည်ရေးဆွဲရန်ပြောကြားခဲ့သည်။
ထိုအချက်ကို ယနေ့အထိခေါင်းမာမာတင်းခံနေသောအစ္စရေးအနေနှင့် တဖြည်းဖြည်းချင်းသဘောတူညီသွားလိမ့်မည် ဟု အိုဘားမားက မျှော်လင့်ထားကြောင်းအသိပေးလိုက်ခြင်းပင်ဖြစ်သည်။
ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ - Palestine Liberation Organization (PLO) - အကြီးတန်းအရာရှိ ယာဆာအာဘက် ရက်ဘိုက အိုဘားမားမိန့်ခွန်းပါ ၁၉၆၇ ခုနှစ်သဘောတူညီချက်တိုက်တွန်းမှုကို ကြိုဆိုပါကြောင်းပြောကြား ခဲ့သည်။
အိုဘားမားနှင့် နေတန်ယာဟူးတို့၏ ကြေငြာချက်များထွက်မလာခင်က အရှေ့အလယ်ပိုင်းစေ့စပ်ညှိနှိုင်းရေး လေးပွင့်ဆိုင်အဖွဲ့ - အမေရိကန်ပြည်ထောင်စု၊ ရုရှ၊ ဥရောပသမဂ္ဂ နှင့် ကုလသမဂ္ဂ - က အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးအတွက် အိုဘားမား၏ အဆိုကို အခိုင်အမာထောက်ခံကြောင်း အသံထွက်ခဲ့သည်။
“အဓိကကျတဲ့ အချက်တွေအပေါ်မှာ နှစ်ဦးနှစ်ဘက်သဘောတူညီမှု၊ နောက်ဆုံးအဖြေတစ်ခုကျလာဖို့ လေးနက်ခိုင်မာတဲ့ စေ့စပ်ညှိနှိုင်းပွဲတွေနဲ့ အစ္စရေး- ပါလက်စတိုင်းနှစ်ဦးစလုံး အခြေခံနယ်မြေပိုင်နက်တွေ၊ လုံခြုံရေးတွေအတွက် အုတ်မြစ်ချဖို့ ရှေ့ဆက် လုပ်ဆောင်သွားရန် အချက်တွေအပေါ် လေးပွင့်ဆိုင်အဖွဲ့မှ သဘောတူညီပါသည်။” ဟု ကြေငြာချက်ထုတ်ခဲ့သည်။
“နှစ်နိုင်ငံစေ့စပ်ညှိနှိုင်းစရာရှိသည်များကို အချိန်မဆိုင်းဘဲ ပြန်လည်ညှိနှိုင်းကြရန်၊ အခက်အခဲများကိုကျော်လွှားရန်၊ လေးပွင့်ဆိုင်အဖွဲ့မှ ထပ်မံတိုက်တွန်းလိုက်ပါသည်။” ဟူ၍လည်းဖေါ်ပြပါရှိသည်။
Source: Al Jazeera
0 comments:
Post a Comment