Saturday, May 28, 2011

ဂါဇာ-အီဂျစ်နယ်စပ်ဂိတ် ပြန်ဖွင့်

ဂါဇာကမ်းမြှောင်ဒေသနှင့်အီဂျစ် နယ်စပ်ထွက်ပေါက်ဖြစ်သော ရာဖာကို လေးနှစ်ကြာပိတ်ထားခဲ့ရာမှ ယခုအခါပထမဆုံးအကြိမ် အဖြစ်ပြန်လည်ဖွင့်လှစ်ခဲ့ရာ လူများလွတ်လွတ်လပ်လပ်ဖြတ်သန်းသွား လာနိုင်ကြပြီဖြစ်သည်။
ပါလက်စတိုင်းတို့ အလွန်မျှော်လင့်နေသော အဆိုပါနယ်စပ်အပေါက်ကိုအီဂျစ်အစိုးရသစ်မှ စနေနေ့မနက်က ဖွင့်လှစ် ပေးခဲ့ပြီး ဂါဇာကမ်း မြှောင်ဒေသခံများအတွက် သက်သာရစေခဲ့သည်။ အယ်လ်ဂျာဇီယာသတင်းထောက် နစ်ကိုးလ်ဂျွန်စတန်က ဟားမတ်အုပ်ချုပ်သော ဂါဇာကမ်းမြှောင်ဒေသမှ သတင်းပေးပို့ရာတွင် အသက် ၄၀ အောက်ငယ်ရွယ်သူများကိုဂါဇာကမ်းမြှောင် ဒေသမှထွက်ခွါခွင့်မပေးသည့် သတ်မှတ်ချက်အချို့ရှိနေသေးကြောင်းပေးပို့ခဲ့သည်။
“အထူးသဖြင့်အမျိုးသမီးတွေနဲ့ အသက် ၁၈ နှစ်အောက်ကလေးတွေရယ်၊ အသက် ၄၀ ကျော်အမျိုးသားတွေရယ် ဂါဇာကနေထွက်ခွါနိုင်ပါတယ်။ ဒါပေမယ့် အသက် ၁၈ နှစ်ကနေ ၄၀ အတွင်းယောင်္ကျားတွေအတွက်တော့ အီဂျစ်အစိုးရရဲ့ ဗီဇာ လိုပါတယ်။”
“ဗီဇာနဲ့ဆိုရင် ရာမာလာကနေသွားရမှာပါ။ ဟားမတ်အဖွဲ့က ပြောတဲ့ သတင်းအရတော့ ဒီလိုဗီဇာတွေ ထုတ်ပေးနိုင်ဖို့ အတွက် ဂါဇာမှာ အီဂျစ်ကိုယ်စားလှယ်ရုံးလာဖွင့်မယ်လို့ သူတို့ကို အီဂျစ်ကပြောတယ် လို့ဆိုပါတယ်။”

နယ်စပ်ဖွင့်လျှင်ဖွင့်ချင်းပထမဦးဆုံးဖြတ်သန်းသွားသူများမှာ အီဂျစ်တွင်ဆေးကုသမှုခံယူရန်လူနာများတင် ထားသော လူနာတင် ယာဉ်နှစ်စီးနှင့် ဧည့်သည်များပါသော ဘတ်စ်ကားငယ်တစ်စီးဖြစ်သည်။ ဂါဇာဒေသခံ ၄၀၀ ခန့်ဖြတ်သန်းရန်စောင့်ဆိုင်းနေကြ ကြောင်းလည်းဆိုသည်။
အဆိုပါထွက်ပေါက်သည် ဂါဇာကမ်းမြှောင်ဒေသရှိ လူပေါင်း ၁.၅ သန်းအတွက် အဓိကထွက်ပေါက်ဖြစ်သည်။ အခြားထွက်ပေါက်များအားလုံးမှာ အစ္စရေးစစ်သားများစောင့်ကြပ်လျက်ရှိပြီး ထိုထွက်ပေါက်တစ်ခုတည်းသာ အစ္စရေးစစ်သား မရှိသောထွက်ပေါက်ဖြစ်သည်။
ဟားမက်က ဂါဇာကမ်းမြှောင်ဒေသကိုထိန်းချုပ်လိုက်ပြီး အစ္စရေးကထွက်ပေါက်များကို ပိတ်လိုက်သော ၂၀၀၇ မှစ၍အီဂျစ်ဘက် ကလည်း အဆိုပါ ရာဖာနယ်စပ်ဂိတ်ကို ပိတ်ထားလိုက်ခြင်းဖြစ်သည်။ ဟားမတ်အဖွဲ့ကအဆိုပါနယ်စပ်ဂိတ်မှ ဖြတ်သန်းသွား လာရန်လိုအပ်သောလူများစာရင်း ကို ပြုစုထားခဲ့ကြောင်းနှင့် စာရင်းအရ ၁၂,၀၀၀ ဦးရေရှိကြောင်း အယ်လ်ဂျာဇီယာသတင်း ထောက်က သတင်းဌာနသို့ ပြောပြခဲ့သည်။
“ပြီးတော့ အဲဒီစာရင်းကို အီဂျစ်တွေဆီကိုပို့တယ်။ အီဂျစ်တွေက စစ်ဆေးအတည်ပြုပြီးတော့ တစ်နေ့ကို ၃၀၀ လောက် ဖြတ်သန်းခွင့်ပြုခဲ့တယ်။ အဲဒီတုန်းကတော့ အရမ်းနည်းတာပေါ့။ အခုတော့လွတ်လွတ်လပ်လပ်နဲ့ များများစားစားဖြတ်သန်းသွား နိုင်ပါတော့မယ်။”
ရုံးပိတ်ရက်များနှင့် သောကြာနေ့များမှအပ ဂိတ်ကို မနက် ၉ နာရီမှစတင်၍ တစ်နေ့ရှစ်နာရီဖွင့်လှစ်ပေး ထားပြီး ဂါဇာ ဒေသခံများ အတွက်အစ္စရေးကို ဖြတ်သွားစရာမလိုပဲ ပြင်ပကမ္ဘာသို့ထွက်ခွင့်ရသောတစ်ခု တည်းသောဂိတ်ပေါက်ဖြစ်သည်။
ပိတ်ဆို့ခြင်းခံထားရသော ဂါဇာနေ ဆင်းရဲဒုက္ခရောက်နေသောပါလက်စတိုင်းတို့အတွက် ကုန်စည်များသည်အစ္စရေးထိန်းချုပ် ဝင်၊ထွက် ဂိတ်ပေါက်များမှ ဖြတ်သန်းလျက်ရှိသည်။
နောက်ပိုင်းတွင် ရာဖာဂိတ်ကို ကုန်စည်စီးဆင်းရာအပေါက် ဖြစ်လာဖို့ ဟားမတ်တို့က မျှော်လင့်ထားကြောင်း သတင်းထောက်က ပြောကြားခဲ့ပါသည်။
“ဒါပေမယ့် ရာဖာကိုသာ ကုန်စည်စီးဆင်းရာ အပေါက်အဖြစ်သတ်မှတ်လိုက်မယ်ဆိုရင် ဂါဇာဒေသခံတွေအတွက် တာဝန်ကို အစ္စရေးကအီဂျစ်ပခုံးပေါ်ကို လွှဲပြောင်းပေးလိုက်လိမ့်မယ်လို့ လူအများကပြောနေကြပါတယ်။ ဒါကိုသူတို့က လက်မခံ နိုင်ကြပါဘူး။ ဘာကြောင့်လဲဆိုတော့ ဂါဇာကို အစ္စရေးက သိမ်းပိုက်ထားဆဲမို့လို့ပါ။”
အစ္စရေးက ဂါဇာကို အခုလိုပိတ်ဆို့ထားခြင်းမှာ တရားမဝင်ဟု ကုလသမဂ္ဂက ပြောနေပြီး ဖယ်ရှားပေး ရန်လည်း အကြိမ်ကြိမ်တောင်းဆိုထားပါသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။