Wednesday, May 25, 2011

အရှေ့အလယ်ပိုင်း သတင်းအကျဉ်းများ



ယီမင်သမ္မတ အဗ္ဗဒူလာဆာလဲ၏ အစိုးရစစ်တပ်နှင့် သမ္မတကိုဖြုတ်ချရန် ဆန္ဒပြသူများ ဘက်မှ ရပ်တည်သော တိုင်းရင်းသား လူမျိုး ခေါင်းဆောင်တစ်ဦး၏  တပ်တို့ ယီမင်မြို့တော်တွင် တိုက်ခိုက်မှုဖြစ်ပွားရာ အနည်းဆုံး ၃၈ ဦးသေဆုံးခဲ့သည်။



မျက်မြင်တစ်ဦး၏ အဆိုအရ နှစ်ဘက်လက်နက်ကိုင်များသည် အင်္ဂါနေ့က အပြန်အလှန်ပစ်ခတ်ခဲ့ကြကြောင်းဆိုသည်။အီဂျစ်နှင့်တူနီးရှား တို့တွင် အာဏာရှင်အစိုးရများကိုလူထုအင်အားဖြင့် ဖြုတ်ချနိုင်ခဲ့သည့် အဖြစ်များကို နမူနာယူ၍ တော်လှန်ပုန်ကန်ခဲ့ကြရာ သုံးလရှိသွားပြီဖြစ်ပြီး နိုင်ငံရေးမျှော်လင့်ချက်အားဖြင့် အားနည်းလျက်ရှိနေသေးသည်။

“သေနတ်သမားတွေနဲ့စစ်သားတွေဟာ နေရာတိုင်းမှာရှိနေပြီးတော့ သေနတ်သံတွေလည်း မကြာမကြာကြားနေရ ပါတယ်။” မျက်မြင်သက်သေတစ်ဦးက ရိုက်တာသတင်းဌာနသို့ပြောပြသည်။

လုံခြုံရေးတာဝန်ရှိသူတစ်ဦးက စစ်သား ၁၄ ဦးသေဆုံးပြီး ၂၀ ပျောက်ဆုံးနေကြောင်းဆိုသည်။ ဆေးရုံတာဝန်ရှိသူတစ်ဦးကတော့ တိုင်းရင်းသား ၂၄ ဦးသေဆုံးကြောင်းပြောကြားသည်။ ပြောကြားခဲ့သူနှစ်ဦးစလုံးမှာ လုံခြုံရေးအခြေအနေကြောင့် အမည်နာမများ ကိုမူထုတ်ဖေါ် ပြောကြားခြင်းမရှိပေ။
တနင်္လာနေ့ကလည်း ယင်းမြို့၌ပင် တိုက်ပွဲဖြစ်ပွားရာ အနီးအနားမှ အရပ်သားများအပါအဝင် ၇ ဦးသေဆုံးကြောင်းသိရသည်။

ဆီးရီးယား

နိုင်ငံအဝှမ်းဆန္ဒပြမှုများကိုအစိုးရကအကြမ်းဖက်နှိမ်နင်းရသေဆုံးသူ ၁,၀၀၀ ကျော်သွားပြီဖြစ်ပြီးဆီးရီးယား အစိုးရတပ်များကို အပြစ်တင်ပြောကြားလျက်ရှိကြသည်။
သေဆုံးသူ ၁,၀၆၂ ဦး၏ အမည်များနှင့် မည်သည့်နေရာတွင်သေဆုံးသည်ကို အတိအကျ မှတ်တမ်းတင် ထားကြောင်း အီဂျစ် အခြေစိုက် လူ့အခွင့်အရေးအမျိုးသားအစည်းအရုံးမှ ဥက္ကဋ္ဌ အေမာကူရာဘီက အင်္ဂါနေ့ကပြောခဲ့သည်။ ဆန္ဒပြမှုများအတွင်း လူပေါင်း ၁၀,၀၀၀ ကျော်ကိုအစိုးရက ဖမ်းဆီး ထားကြောင်း လည်း ၎င်းကပြောကြားခဲ့သည်။

ဆဝါဆီယာခေါ်ဆီးရီးယားလူ့အခွင့်အရေးအဖွဲ့ကလည်း ဆန္ဒပြမှုများစတင်ဖြစ်ပွားရာ တောင်ဘက် ဟွာရန်မြေပြန့်ဒေသတွင်သေဆုံးသူ၁,၁၀၀၏အမည်များကိုစာရင်းပြုစုထားကြောင်းအင်္ဂါနေ့က ပြောခဲ့သည်။

ယင်းအဖွဲ့ကို အကျဉ်သားဟောင်းလူ့အခွင့်အရေးရှေ့နေ မိုဟန်နက် အယ်လ်ဟက်စနီကတည်ထောင် ခဲ့ခြင်းဖြစ်ပြီး နောက်ထပ် အရပ်သား ၂၀၀ သေဆုံးမှုကြားသိရသော်လည်း အမည်များကို မသိရသေးကြောင်း

ဆိုသည်။

အဓိကရုဏ်းများစတင်ဖြစ်ပွားချိန်မှစ၍ နိုင်ငံတကာသတင်းဌာနများကို ဆီးရီးယားအစိုးရက ခွင့်မပြုသဖြင့် လွတ်လပ်စွာသတင်း ယူရန်နှင့် အတည်ပြုနိုင်ရန်ခက်ခဲလေသည်။

ပါကစ္စတန်

ပါကစ္စတန်နိုင်ငံ ပက်ရှဝါမြို့တွင် ကားဗုံးတစ်လုံးပေါက်ကွဲရာ ရဲဌာနတစ်ခု ပျက်စီးသွားပြီး လူ ၆ ယောက်သေ၊ အများအပြား ဒဏ်ရာရကြောင်း ရဲကပြောသည်။

ဗုဒ္ဓဟူးနေ့ အစောပိုင်းတွင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ရဲစခန်းမှာ မြေပြင်သို့ ပြားပြားဝပ်သွားပြီး ဒဏ်ရာရသူ ၂၆ ဦးအထိရှိကြောင်း တာဝန်ရှိသူများကပြောကြားသည်။

ဗုံးခွဲသမားတို့၏ ပစ်မှတ်မှာ အနီးတွင် ပါကစ္စတန်စစ်ဘက်အဆောက်အဦရှိသော ရာဇဝတ်မှုစုံစမ်းရေး ရဲဌာနပင်ဖြစ်ကြောင်း နယ်မြေခံအကြီးတန်းရဲအရာရှိ လီယာကက် အလီခန်းကပြောကြားသည်။ တာဝန်ရှိသူများက အလောင်းများနှင့် ဒဏ်ရာရ အသက်ရှင်ကျန်ရစ်သူများကို အပျက်အစီးများကြားတွင် လိုက်လံရှာဖွေလျက်ရှိကြောင်းဆိုသည်။

ပေါက်ကွဲမှုကြောင့်တစ်မြို့လုံးရှိပြူတင်းပေါက်များ တုန်ခါသွားကြောင်းမြို့ခံများကပြောသည်။ စစ်သားနှင့်ရဲများက အခင်းဖြစ်ပွား ရာနေရာကို မဝင်ရနယ်မြေအဖြစ်သတ်မှတ် ကြိုးများဆွဲနေကြောင်း ရုပ်မြင်သံကြားမှပြသခဲ့သည်။

ယခုအခင်းဖြစ်ပွားရာနေရာမှာ ယခင်အပတ်က အမေရိကန်သံတမန်ကားများ လမ်းဘေးဗုံးဖြင့် တိုက်ခိုက်ခံရသောနေရာနှင့် တစ်ကီလိုမီတာသာကွာဝေးသော နေရာဖြစ်သည်။ ယင်းတိုက်ခိုက်မှုတွင် တစ်ဦးသေဆုံးပြီး အမေရိကန်နိုင်ငံသားနှစ်ဦးအပါ အဝင် ၁၂ ဦးခန့်ဒဏ်ရာရှိခဲ့သည်။

ဗုဒ္ဓဟူးနေ့တိုက်ခိုက်မှုနှင့်ပတ်သက်၍ ၎င်းတို့လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပါကစ္စတန်တာလီဘန်တို့က AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

“ပါကစ္စတန်နိုင်ငံဟာ အစ္စလာမ်အစဉ်အလာကို လိုက်နာတဲ့နိုင်ငံမဟုတ်တဲ့အတွက် အစ္စလာမ်အစဉ် အလာတွေ ကျင့်သုံး လာတဲ့အထိ ကျုပ်တို့က ဆက်လက်တိုက်ခိုက်သွားနေဦးမယ်။” ပါကစ္စတန်တာလီဘန်ပြောခွင့်ရ အီဆနူလာအီဟန်က ပြောကြား ခဲ့ခြင်းဖြစ်ပြီး ဘင်လာဒင်အတွက် လက်စားချေခြင်းဖြစ်ကြောင်းလည်း ထပ်လောင်းပြောကြားသည်။

ယခု မေလ ၂ ရက်နေ့တွင် ဘင်လာဒင်ကို အမေရိကန်ကသတ်ဖြတ်ပစ်လိုက်ပြီးနောက်ပိုင်းမှ စ၍ ပါကစ္စတန်တာလီဘန်တို့က လက်စားချေတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်နေလျက်ရှိသည်။

အကြီးမားဆုံးတိုက်ခိုက်မှုတစ်ခုမှာ လွန်ခဲ့သော တနင်္ဂနွေနေ့က ကရာချိမြို့ရှိ ရေတပ်စခန်းတစ်ခုကို ဝင်ရောက်စီးနင်းတိုက်ခိုက် ခြင်းဖြစ်ပြီး ၁၀ ဦးသေဆုံးကာ ၁၅ ဦးဒဏ်ရာရှိခဲ့သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။