![]() |
ယီမင်သမ္မတ အဗ္ဗဒူလာဆာလဲ |
“ဒီနေ့ ယီမင်ကို အသစ်တစ်ဖန်ပြန်လည်မွေးဖွားခဲ့ပြီ။” ဆိုသည့်သီချင်းကို ဆာနားတက္ကသိုလ်ရင်ပြင်တွင် တနင်္ဂနွေနေ့က သီဆိုခဲ့ကြသည်။ ဖေဖေါ်ဝါရီလမှ စတင်ခဲ့သောဆန္ဒပြမှုများ၏ ဗဟိုချက်မဖြစ်ခဲ့သော အဆိုပါရင်ပြင်ကို “ပြောင်းလဲခြင်းရင်ပြင်” ဟု အမည်ပေးထားကြသည်။
“ဒါပါပဲ။ အစိုးရပြုတ်ကျသွားပါပြီ။” ဟုအချို့က ကြွေးကြော်နေကြသည်။
ဆာနားတောင်ဘက် ဒုတိယမြို့တော် တိုင်အစ်ဇ်တွင်လည်း လူအများ “လွတ်လပ်ရေးရပြီ။ အလီထွက်ပြေးပြီ။” ဟုအော်ဟစ်နေ ကြသည်။
သို့သော် ဆော်ဒီတာဝန်ရှိသူများကဆာလဲလာရောက်ခြင်းမှာ နိုင်ငံရေးနှင့်မသက်ဆိုင်ဘဲ ဆေးကုသခံယူရန်သာ ရောက်ရှိနေခြင်းဖြစ်ကြောင်းပြောသည်။
သောကြာနေ့က တိုက်ခိုက်ခံရသဖြင့် ဒဏ်ရာရရှိခဲ့သောကြောင့် စနေနေ့တွင် ဆော်ဒီနိုင်ငံမြို့တော်ရီယက်သို့ ဆာလဲထွက်ခွါလာ ခဲ့ကြောင်း ဆော်ဒီတော်ဝင်တရားရုံးကြေငြာချက်တစ်စောင် တနင်္ဂနွေနေ့က ထွကပေါ်လာခဲ့သည်။
သို့သော် ယခုကဲ့သို့ ထွက်ခွာသွားခြင်းကြောင့် ယီမင်သို့ ပြန်လာပါဦးမည်လား ဟူသည့် မေးခွန်းများ ပေါ်ထွက်လျက်ရှိသည်။
အယ်လ်ဂျာဇီယာသတင်းထောက် ဟက်ဆန် အဟယ်ဘာရာက ဆော်ဒီသို့ ဆာလဲထွက်ခွါသွားခြင်းသည် သူ့အုပ်ချုပ်ရေးကုန်ဆုံး သွားပြီဆိုသည့် အဓိပ္ပါယ်ပင်ဖြစ်ကြောင်း ပြောကြားသည်။
“တကယ်လို့ ကြီးကြီးမားမားဒဏ်ရာရတယ်ဆိုရင် အချိန်အတော်ကြာကုသရမှာပါ။ ဒီအခါ ယီမင်မှာ အစိုးရမရှိဘဲ အကြာ ကြီးနေမှာ မဟုတ်ပါဘူး။”
“ဒဏ်ရာကနည်းတယ်ဆိုရင် သူ့အနေနဲ့ ယီမင်မှာပဲ ကုမှာပါ။ ဆော်ဒီကို ထွက်ခွာသွားတဲ့ သူ့ကိုတော့ အတော်များများက ဆာလဲမရှိတော့ဘူးလို့ပဲ ပြောနေကြပါတယ်။”
ထိုအချိန်တွင် ယီမင်ဒုသမ္မတ အက်-ရက်ဘူးမန်ဆွားဟက်ဒီက ယာယီသမ္မတနှင့် စစ်ဦးစီးချုပ်တာဝန်ကို ယူလိုက်ကြောင်း သတင်းထွက်ပေါ်လာပြီးနောက်ပိုင်းတွင် ဝါရှင်တန်အစိုးရက အတည်ပြုခဲ့သည်။ ယီမင်သတင်းဌာန ဆာဘာက ဟက်ဒီနှင့် အမေရိကန် သံတမန် ဂါးလ်မိုက်ကယ်ဖီအီရာစတိန်းတို့ တနင်္ဂနွေနေ့က စကားပြောခဲ့ကြောင်း ဖေါ်ပြခဲ့သည်။
သို့သော် ဒုတိယသမ္မတမှာ အသွင်ကူးပြောင်းရေး ကောင်စီဖွဲ့ပြီးသည် အထိသာရှိမည့် ယာယီမျှသာဖြစ်ကြောင်း သတင်းထောက်က ပြောသည်။
“အတိုက်အခံတွေနဲ့ တိုင်းရင်းသားအဖွဲ့တွေကသာ သဘောတူညီချက်အသစ်တွေကို ပြောနိုင်တဲ့ သူတွေ ဖြစ်ပါလိမ့်မယ်။ အင်အားကောင်းတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ၊ လူထုဘက်ကူးပြောင်းလာတဲ့ စစ်ဗိုလ်ချုပ်တွေ၊ အတိုက်အခံဘက်မှာ အများဆုံး ပါဝင်နေတဲ့ အစ္စလာမ္မစ်ဝါဒီတွေ တွေ့ဆုံဆွေးနွေး ကြပြီးတော့ ကူးပြောင်းရေးနဲ့ပတ်သက်တဲ့ အခြေခံဥပဒေမူကြမ်းတွေကို ရေးဆွဲကြပါလိမ့်မယ်။”
“ဆော်ဒီက ယီမင်နိုင်ငံအပေါ်မှာ ငွေကြေးအရရော၊ နယ်နိမိတ်ချင်းထိစပ်နေတဲ့ နိုင်ငံအနေနဲ့ရော၊ သမိုင်းတလျောက် နိုင်ငံရေးအရရော သြဇာလွှမ်းမိုးမှုရှိတဲ့ နိုင်ငံပါ။ တိုင်းရင်းသား ခေါင်းဆောင်တွေကို ပိုက်ဆံပေးပြီး သူတို့လိုချင်တဲ့အတိုင်းခိုင်းပါလိမ့်မယ်။” အယ်လ်ဂျာဇီယာသတင်းထောက် ကသုံးသပ်တင်ပြသွားခြင်းဖြစ်သည်။
လေးလကြာ အုံကြွမှုများဖြစ်ပေါ်ခဲ့ပြီးနောက် သောကြာနေ့က မြို့တော်ဆာနားရှိ သမ္မတအိမ်တော်ကို ပခုံးထမ်းအမြှောက်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ခဲ့ပြီး အဆိုးရွားဆုံးအဖြစ်အပျက်ဖြစ်ခဲ့သည်။
Source: Al Jazeera
0 comments:
Post a Comment