Friday, June 3, 2011

ယီမင်အရေးအခင်း

ယီမင်သမ္မတဆာလဲကို သစ္စာခံသောတပ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်များ မြို့တော်ဆာနားတစ်ခွင်တိုက်ပွဲဖြစ်ပွားရာဒါဇင်ပေါင်းများစွာသေဆုံးခဲ့ပြီးအမေရိကန်ကိုယ်စားလှယ်တစ်ဦး ဒေသတွင်းလှည့်လည်သွားရောက်ကာ ပြည်တွင်းစစ်ရပ်စဲရေး အတွက် လုံးပမ်းလျက်ရှိသည်။

ဇန်နဝါရီလမှစတင်၍ ဆာလဲအစိုးရကို ဆန္ဒပြမှုများပေါ်ပေါက်ခဲ့ပြီး ဆာနားလမ်းမများပေါ်တွင်တိုက်ပွဲများဖြစ်ပွားခဲ့ရာ လွန်ခဲ့သော ဆယ်ရက်အတွင်း ၁၃၅ ဦးသေဆုံးခဲ့ပြီးဖြစ်သည်။ ဆင်းရဲသောအာရပ်နိုင်ငံတစ်နိုင်ငံဖြစ်သောယီမင်သည်စီးပွားရေး ကပ်ဆိုက် တော့မည်ဖြစ်သည်။

ကြာသပတေးညက အပြင်းအထန်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဆန္ဒပြသူများကို ရဲများက ကျည်ဆံအစစ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း မျက်မြင်များက ပြောသည်။ သို့သော် ဒဏ်ရာရရှိမှုသတင်းကိုမူမသိရသေးပေ။ ယီမင်လေကြောင်းအဆောက်အဦမီးလောင်နေပုံ ကို နိုင်ငံပိုင်ရုပ်မြင်သံကြားမှတိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ပြီးတိုင်းရင်းသားလက်နက်ကိုင်များကမီးတင်ရှို့လိုက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။ သို့သော် အစိုးရစစ်တပ်များက အနီးအနားရှိ တိုင်းရင်းသားအဖွဲ့ခေါင်းဆောင် ဆာဒစ်အယ်အာမာ ၏အိမ်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီးနောက် မီးလောင်မှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း အယ်လ်ဂျာဇီယာသတင်းဌာနမှ လေ့လာသိရှိခဲ့သည်။

ပင်လယ်ကွေ့ကောင်စီမှ ကမ်းလှမ်းသော ရာထူးမှထွက်ခွာရေးသဘောတူညီချက်ကို ဆာလဲကအကြိမ်ကြိမ်ချိုးဖေါက်ခဲ့သည်။ အမေရိကန်သမ္မတအိုဘားမား၏အကြမ်းဖက်မှုတိုက်ဖျက်ရေးအကြီးတန်းအကြံပေးအရာရှိတစ်ဦးဗုဒ္ဓဟူးနေ့က ဒေသတွင်းသို့ ရောက်ရှိခဲ့ပြီး ဆာလဲနှုတ်ထွက်ရေးအတွက် ကြိုးပမ်းလျက်ရှိသည်။

ယီမင်တွင် ယခုလိုအဓိကရုဏ်းများ၊ ပြည်တွင်းစစ်များဖြစ်ပွားနေခြင်းကြောင့် အယ်လ်ကေဒါများအတွက် အခွင့်အရေးရကာ အိမ်နီးချင်း ရေနံအများဆုံးတင်ပို့နေသောဆော်ဒီနှင့် ကမ္ဘာ့ရေနံတင်ပို့မှုလုပ်ငန်းများထိခိုက်မည်ကို အင်အားကြီးနိုင်ငံများက စိုးရိမ်လျက်ရှိသည်။

တိုင်းရင်းသားခေါင်းဆောင်များချုပ်ကိုင်ထားသော ဝန်ကြီးဌာနတစ်ခုကိုရှင်းလင်းရန် ဆာလဲ၏အထူးတပ်ဖွဲ့များကိုတာဝန် ပေးထား ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနကပြောသည်။ အနီးရှိလေဆိပ်တွင်လေယာဉ်ခရီးစဉ်များ ခေတ္တရပ်နားထားခဲ့ရသည်။

“အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် အမေရိကန်ကပေးထားတဲ့ လက်နက်တွေကို ပြည်သူတွေကို နှိမ်နင်းရာမှာ အခုအသုံးပြုနေတယ်။” ဟု ဟက်ရှ်တိုင်းရင်းသား ဖက်ဒရယ်မှ ပြောခွင့်ရ အဗ္ဗဒယ်ခါဝီအယ်ခေးဆီ ကပြောသည်။
အစိုးရစစ်တပ်များက ပြန်လည်သိမ်းပိုက်ထားပြီးဖြစ်သော အစိုးရအဆောက်အဦအပျက်အစီးများကို နိုင်ငံပိုင်ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသခဲ့သည်။

ယီမင်အရေးအခင်းကို ပြင်ပကမ္ဘာမှ အာရုံပိုမိုစိုက်လာကြကြောင်း၊ ယီမင်တွင် တိုင်းရင်းသားခေါင်းဆောင်များမှာ ပိုမိုအင်အားကြီး မားကြကြောင်း အကဲခတ်များကပြောဆိုလျက်ရှိသည်။ ယီမင်နှင့် နှစ်ရှည်လများအခိုင်အမာလက်တွဲလာခဲ့သော ဆော်ဒီအနေဖြင့် ဆာလဲကို ရာထူးမှ ဆင်းပေးရန်နောက်တစ်နည်း၊ တစ်လမ်းဖြင့် ကြိုးပမ်းဖွယ်ရှိနေသည်။ အဘယ်ကြောင့်ဆိုသော် လူဦးရေ ၂၃ သန်းရှိသောယီမင်တွင် သေနတ်များလည်းအလွန်ပေါများသောကြောင့် ပဋိပက္ခမဆုံးမချင်း ဒေသတွင်းအကြမ်းဖက်မှုများ ထပ်မံတိုးပွားလာဖွယ်ရှိပြီး စီးပွားရေးထိခိုက်မည်ကိုစိုးရိမ်၍ဖြစ်သည်။

အမေရိကန်အထူးကိုယ်စားလှယ် ဂျွန်ဘရန်နန်သည် ကြာသပတေးနေ့က ဆော်ဒီမှ အာရပ်စော်ဘွားများနိုင်ငံသို့ထွက်ခွါသွားပြီး ယီမင်အရေး ပြောဆိုမည်ဖြစ်သည်။ နှုတ်ထွက်ရေးသဘောတူညီချက်ကိုဆာလဲလက်မှတ်ရေးထိုးအောင် ဆော်ဒီနှင့်စော်ဘွားများနိုင်ငံနှစ်နိုင်ငံက အကူအညီပေးရန်တောင်းခံမည်ဖြစ်သည်။

ပင်လယ်ကွေ့ကောင်စီက ဆာလဲထွက်ခွာရေးအတွက် ငြိမ်းချမ်းသောနည်းလမ်းဖြင့် ထပ်မံကြိုးပမ်းဦးမည်ဟု ကြာသပတေးနေ့ ညနေပိုင်းကပြောကြားခဲ့သည်။
“သွေးမြေကျမှုတွေ၊ တိုက်ပွဲတွေ ရပ်တန့်နိုင်ရေးအတွက်၊ယီမင်နေညီအစ်ကိုအပေါင်းတို့အားငြိမ်းချမ်းသောအဖြေတစ်ခု ရရှိနိုင်အောင် ပင်လယ်ကွေ့ကောင်စီမှ ဆက်လက်ကြိုးပမ်းသွားမည်ဟု ပင်လယ်ကွေ့ကောင်စီအဖွဲ့ အထွေထွေအတွင်းရေးမှူး အဗ္ဗဒူလတ္တစ် အယ်လ်ဇရာနီက အခိုင်အမာပြောဆိုလိုက်သည်။” ဟု ကောင်စီကြေငြာချက်တွင်ပါရှိသည်။

လမ်းမပေါ်မှ တိုက်ပွဲများ၊ ဆန္ဒပြမှုများ၊ အကြမ်းဖက်နှိမ်နင်းမှုများ၊ ဇင်ဂျီဘာကိုထိန်းချုပ်ထားသော အာရပ်ကျွန်းဆွယ် အယ်လ်ကေဒါနှင့် အခြားသူပုန်များအရေးစသည်ဖြင့် ယီမင်တွင် အခက်အခဲပေါင်းစုံ၊ ပြဿနာပေါင်းစုံဝန်းရံလျက်ရှိသည်။

ကြာသပတေးနေ့ကပင် ဇင်ဂျီဘာမြို့ပြင်တွင် ချုံခိုတိုက်ခိုက်ခံရရ၍ စစ်သားနှစ်ဦးသေဆုံးခဲ့ရာ ဒေသတွင်းတာဝန်ရှိသူက သူပုန်များပစ်သည်ဟု စွပ်စွဲခဲ့သည်။
ဆာနားတွင်လည်း ဆာလဲစစ်တပ်များနှင့်တိုင်းရင်းသားလက်နက်ကိုင်များ တိုက်ပွဲဖြစ်ပွားနေသည်မှာ နှစ်ပတ်ခန့်ကြာပြီဖြစ်သည်။
မြို့တော်ဆာနားမှာလည်း ဆာလဲစစ်တပ်များက တောင်ဘက်နှင့် အခြားတိုင်းရင်းသားလက်နက်ကိုင်တပ်များကမြောက်ဘက်တို့ကို ချုပ်ကိုင်ထားပြီး နှစ်ခြမ်းကွဲလျက်ရှိသည်။ ထို့ကြောင့်အရပ်သားများနေထိုင်၍ မရတော့ဘဲ ထောင်နှင့်ချီ၍ ထွက်ပြေးလျက်ရှိ သည်။
“လက်နက်ကြီးကျည်ဆံတွေက ကျွန်တော့်ခေါင်းနားက ဖြတ်ဖြတ်သွားသလိုပဲ။ ကျွန်တော့် မိန်းမနဲ့ ကလေးတွေကတော့ ကြောက်လန့်တကြားအော်နေကြတယ်။”
“မီးမရှိဘူး။ ရေမရှိဘူး။ လက်နက်ကြီးတွေနဲ့ပစ်နေကြလို့ အိမ်တွေတုန်ခါနေတယ်။ ဒါဘဝလားဗျာ။”
မြို့ခံတစ်ဦးဖြစ်သူ ဆာဒက်အယ် လာဘီက ပြောပြခြင်းဖြစ်သည်။

Source: Al Jazeera


0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။