Friday, June 3, 2011

လစ်ဗျား အရေးအခင်း

ဇန်တန်းတွင်တပ်စွဲထားသော အတိုက်အခံတပ်သားများ (ရိုက်တာ)
လစ်ဗျား ရေနံစွမ်းအင်ဝန်ကြီး ရှော်ကရီဂါနန် နှုတ်ထွက်ကြောင်းကြေငြာပြီးနောက်တစ်နေ့တွင် ကဒါဖီက OPEC သို့ ကိုယ်စားလှယ်တစ်ဦး ထပ်မံစေလွှတ်မည်ဟု ကြေငြာခဲ့သည်။
ဇွန်လ ၈ ရက်နေ့တွင် ဗီယင်နာမြို့တွင် ကျင်းပမည့် ရေနံတင်ပို့ရောင်းချရေးနိုင်ငံများအဖွဲ့ (Organisation of Petroleum Exporting Country – OPEC) ၏ အစည်းအဝေးသို့ လစ်ဗျားအစိုးရက ကိုယ်စားလှယ်တစ်ဦးစေလွှတ်မည်ဖြစ်ကြောင်း အစိုးရ ပြောရေးဆိုခွင့်ရှိသူ မတ်ဆာအီဘရာဟင်က ကြာသပတေးနေ့ကပြောကြားခဲ့သည်။
“နာမည်တော့ မသိသေးပါဘူး။ ဒါပေမယ့် တစ်ယောက်ယောက်တော့လွှတ်မှာပါ။” သူကပြောသည်။

ဂါနန်က လစ်ဗျားအစိုးရအဖွဲ့မှနှုတ်ထွက်ပြီး အတိုက်အခံများနှင့်ပူးပေါင်းလိုက်ကြောင်း ရောမမြို့တွင် သတင်းစာဆရာများကို ပြောကြားခဲ့ပြီးနောက်တစ်နေ့တွင် အထက်ပါကြေငြာချက်ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
အီဘရာဟင်က ဂါနန်ထွက်သွားမှုနှင့်ပတ်သက်ပြီး
“ဒါဟာနိုင်ငံတစ်နိုင်ငံပါ။ တိုင်းပြည်တစ်ပြည်ပါ။ လူတစ်ဦးတစ်ယောက်တည်း အပေါ်မှာမတည်နေပါဘူး။” ဟူ၍ ရိုက်တာ သတင်းသို့ပြောပြခဲ့သည်။

ယခုအချိန်အထိ လစ်ဗျားတွင်ပို့ကုန်မှ ရသောစုစုပေါင်းဝင်ငွေ၏ ၉၅% မှာရေနံမှဖြစ်ပြီး စုစုပေါင်း ပြည်တွင်းအသားတင် ထုတ်လုပ်မှု၏ ၂၅% ရှိကာ အစိုးရဘဏ္ဍာကို ၈၀% ဖြည့်တင်းပေးနေသည်ဟု အမေရိကန်ပြုစုထားသော စာရင်းဇယားများအရ သိရှိရသည်။

တစ်ဖက်တွင် နိုင်ငံအနောက်ဘက်ရှိ အတိုက်အခံတိုက်ခိုက်ရေးသမားများက ဗုဒ္ဓဟူးနေ့က ကဆာအယ်လ်ဟာ့ဂ်ျမြို့နှင့် ရှာ့ခ်ချန့်မြို့များရှိ ကဒါဖီ၏ တပ်များကိုမောင်းထုတ်ပစ်နိုင်ခဲ့ကြောင်းပြောသည်။
၁၂ နာရီကြာတိုက်ပွဲများဖြစ်ပွားပြီးနောက် မြို့သူမြို့သားများနှင့် တိုက်ခိုက်ရေးသမားများ လမ်းမများပေါ်တွင်ထွက်၍ အောင်ပွဲခံ ခဲ့ကြသည်။

မြို့နှစ်မြို့ ကဒါဖီတပ်များလက်အောက်မှ လွတ်မြောက်သွားပြီးနောက် နေရာသုံးခုတွင် လျှပ်စစ်မီးများပြန်လည်ပတ်အောင် လုပ်ဆောင်နိုင်တော့မည်ဖြစ်ကြောင်း အတိုက်အခံများက ပြောသည်။ ထိုအထဲမှတစ်နေရာမှာ လွန်ခဲ့သောရက်အနည်းငယ်က ဗုံးဒဏ်ခံခဲ့ရသော ဇီတန်းအပါအဝင်ဖြစ်သည်။

မစ္စူရာတာမြို့တွင် အတိုက်အခံတပ်များက ကဒါဖီသစ္စာခံတပ်များကို မြို့လယ်ခေါင်မှ အနောက်ဘက် ဇလီတန်းမြို့ဘက်သို့ တိုက်ထုတ်နိုင်ခဲ့ပြီး ယင်းနေရာတွင် လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်ခဲ့ကြသည်။
“ကဒါဖီတပ်တွေက ဇလီတန်းနားကနေပြီးတော့ ကြုံရာကျပန်း လှမ်းပစ်နေကြတယ်။” ဟူ၍ အတိုက်အခံပြောရေးဆိုခွင့် ရ ယူဆက်ဖ်က ရိုက်တာသတင်းသို့ မစ္စူရာတာမှနေ၍ပြောသည်။ ဇလီးတန်းသည် နောက်ထပ်စစ်မြေပြင်တစ်ခုဖြစ်လာနိုင်ကြောင်း အတိုက်အခံများက ပြောသည်။

အဆိုပါဒေသရှိမြို့ခံများက ကဒါဖီ၏တပ်များသည် ဆန့်ကျင်သူများ၊ အတိုက်အခံနှင့်ပူးပေါင်းလိုသူများထကြွနိုင်ခြင်း မရှိအောင် ဖိနှိပ်ဖြိုခွဲလျက်ရှိကြောင်းပြောသည်။
“ကဒါဖီက ဒီမှာလုံခြုံရေးတင်းကြပ်ထားပါတယ်။ တပ်တွေကိုနေ့တိုင်းအင်အားဖြည့်တင်းနေတယ်။ ဒေသခံတွေကို ဖမ်းဆီး၊ ခြောက်လှန့်တာတွေ အရမ်းလုပ်နေတယ်။” မက်ဘရောက်ဆိုသူ အတိုက်အခံတစ်ဦးက ဇလီတန်းမှ နေ၍ပြောသည်။
“လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေကတော့ တော်တော်ဆိုးတယ်။ အစားအသောက်၊ ကလေးနို့မှုန့်၊ ဆေးဝါးတွေပြတ်နေတယ်။ လောင်စာဆီပြတ်နေတာလည်း နှစ်လနီးပါးရှိပြီ။” သူကဆက်လက်ပြောပြသည်။

လစ်ဗျားမြို့တော် ထရီပိုလီတွင် ဗုံးကြဲတိုက်ခိုက်မှုများဖြစ်ပွားပြီးနောက် ဆေးရုံကားများ၊ ဥသြဆွဲသံများ ဆူညံလျက်ရှိသည်။ နေတိုးကြေငြာချက်တွင် စစ်ကားနှင့် လက်နက်သိုလှောင်တိုက်များ၊ မြေပြင်မှဝေဟင်ပစ်အမြောက်တစ်ခုနှင့် ပစ်ခတ်မှုထိန်းချုပ် ရေဒါတစ်ခုတို့ ဖျက်ဆီးပစ်လိုက်နိုင်ကြောင်း ရေးသားဖေါ်ပြထားသည်။ အစိုးရတီဗွီကလည်း နေတိုးတပ်ဖွဲ့များ မြို့တော်တွင်းရှိ ပစ်မှတ်များကိုတိုက်ခိုက်ခဲ့ကြောင်းကြေငြာခဲ့သည်။

နေတိုးနှင့် အုပ်စုဝင်များက လစ်ဗျားတွင်နောက်ထပ် ရက် ၉၀ တိုက်ခိုက်မှုများတိုးမြှင့်ဆောင်ရွက်ပြီး အတိုက်အခံတိုက်ခိုက်ရေး တပ်များကို အကူအညီပေးမည်ဟု ကြေငြာပြီးနောက် နာရီအနည်းငယ်အကြာတွင် လေကြောင်းမှ ဗုံးမိုးရွာချခဲ့ခြင်းဖြစ်သည်။
“ဒီဆုံးဖြတ်ချက်ဟာ အတိအကျဖြစ်ကြောင်းကဒါဖီအစိုးရကိုပြသဖို့ ဗုံးကြဲခဲ့တာပါ။ လစ်ဗျားပြည်သူတွေကိုကာကွယ်ဖို့ အတွက် စစ်ဆင်ရေးဆက်လက်ဆင်နွှဲဖို့ ကျွန်တော်တို့ဆုံးဖြတ်ထားပါတယ်။” နေတိုး အထွေထွေအတွင်းရေးမှူး အင်ဒါစ်ဖို့ဂ်ရက်စ်မူဆန်ကပြောသည်။

ဗုဒ္ဓဟူးနေ့က သူပုန်များသိမ်းပိုက်ထားသော ဘင်ဂါဇီရှိ တိုက်ခိုက်ရေးသမားများနှင့် နိုင်ငံခြားသားများ တည်းခိုလေ့ရှိသော ဟိုတယ် တစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ တစ်ဦးဒဏ်ရာရရှိခဲ့သည်။
အဆိုပါဗုံးမှာလက်လုပ်ဗုံးဖြစ်ပြီး ကဒါဖီနောက်လိုက်များက အကြမ်းဖက်ရန်ရည်ရွယ်ချက်ဖြစ် တစ်ဘက်စတီဟိုတယ် အပြင်ဘက်တွင်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဘင်ဂါဇီရှိ အမျိုးသားအသွင်ကူးပြောင်းရေးကောင်စီ ဒုတိယဥက္ကဋ္ဌ အဗ္ဗဒယ်ဟာဖစ်ဂိုရ်ဂါကရိုက်တာသို့ပြောသည်။

ယခုအခါ လစ်ဗျားပဋိပက္ခမှာလေးလကြာမြင့်သွားပြီဖြစ်ပြီး အတိုက်အခံတို့ကလည်း ကဒါဖီ အခိုင်အမာခြေကုပ်ယူထားရာ ထရီပိုလီကို သိမ်းပိုက်နိုင်ခြင်းမရှိသေးဘဲ အခြေအနေမှာ မလှုပ်သာ၊ မလွန့်သာဖြစ်ဆဲပင် ။
ဗုဒ္ဓဟူးနေ့ကပင် ကုလစုံစမ်းရေးဌာနတစ်ခုက ကဒါဖီသည် အရပ်သားများကို ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်ပေါ်ကျူးလွန်သောရာဇဝတ်များ ဖြစ်နေကြောင်း စွပ်စွဲပြောကြားလိုက်သည်။ ယင်းအဖွဲ့က
အတိုက်အခံစစ်တပ်များကမူ ချိုးဖေါက်မှု အရေအတွက်နည်းပါးကြောင်းဆိုသော်လည်း ကုလလူ့အခွင့်အရေးကောင်စီမှ တည်ထောင်ထားသော လေ့လာရေးအဖွဲ့ကမူ အတိုက်အခံလက်နက်ကိုင်များလည်းစစ်ရာဇဝတ်မှုကျူးလွန်ကြောင်း ဖေါ်ပြခဲ့သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။