Sunday, July 31, 2011

ဂျပန်တွင် ငလျင်လှုပ်



ဂျပန်အရှေ့မြောက်ဘက်တွင် အင်အားပြင်း ၆.၄ မဂ္ဂနီတျုရှိ ငလျင်တစ်ခုလှုပ်ခတ်သွားရာ ဖူကူရှီးမားဒေသတွင် ခုနှစ်ဦးဒဏ်ရာရ ရှိခဲ့သည်။
မတ်လအတွင်းက ၉.၀ ပြင်းအားရှိငလျင် လှုပ်ခတ်စဉ်က ဆိုးဆိုးရွားရွား ပျက်စီးသွားပြီး ရေဒီယိုသတ္တိ ယိုစိမ့်မှုဖြစ်ခဲ့သော ဖူကူရှီးမား ဒိုင်အိချိ နျူကလီးယား စက်ရုံကို ယခုတစ်ကြိမ်တွင် ထိခိုက်မှု မရှိခဲ့ကြောင်း မီးနှင့် သဘာဝဘေးအန္တရာယ် ကွပ်ကဲမှု ဌာနက ပြောကြား ခဲ့သည်။
ဟီတာချီနာကာမြို့တွင် ငလျင်လှုပ်ခတ်စဉ် တုန်ခါမှုကြောင့် ကုတင်ပေါ်မှ ပြုတ်ကျခဲ့သော အသက် ၆၀ ရှိသက်ကြီးရွယ်အိုတစ်ဦး လက်ကောက်ဝတ်ကျိုးသွားခဲ့ကြောင်း သတင်းကဖေါ်ပြခဲ့သည်။ ကိုရီယာမာမြို့တွင် အသက် ၆၉ နှစ်နှင့် အသက် ၉၀ ရှိ အဖွားအိုနှစ်ဦး ဒဏ်ရာရရှိသွားကြောင်းသိရသည်။
မတ် ၁၁ နေ့လှုပ်ခတ်မှု၏ နောက်ဆက်တွဲအဖြစ်လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဂျပန်မိုးဇလဌာနက ပြောသည်။
“ငလျင်ကြီးတွေရဲ့ နောက်ဆက်တွဲ ငလျင်ငယ်လေးတွေ လှုပ်ရှားမှုရှိနေပါသေးတယ်။” ဌာနရှိ ငလျင်နှင့် ဆူနာမီစောင့် ကြည့်ရေး ဒါရိုက်တာ အာကီရာ နာဂိုင်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ငလျင်သည် ဖူကူရှီးမား တောင်ဘက်-အရှေ့တောင်ဘက် ပတ်လည် ၁၀၀ ကီလိုမီတာအတွင်း ပစိဖိတ်သမုဒ္ဒရာအတွင်း ဗဟိုပြု လှုပ်ခတ်ခဲ့ကြောင်း၊ အနက် ၄၀ ကီလိုမီတာခန့်တွင်ဖြစ်ကြောင်း ဂျပန်မိုးဇလဌာနနှင့် အမေရိကန်ဘူမိလေ့လာရေးအဖွဲ့တို့က ဆိုသည်။
ဂျပန်နိုင်ငံသည် ပြတ်ရွေ့ကြီးလေးခုဆုံရာတွင် တည်ရှိသောနိုင်ငံဖြစ်ပြီး နှစ်စဉ်နှစ်တိုင်းကမ္ဘာပေါ်တွင် လှုပ်ခတ်သော အင်အားပြင်း ငလျင်ကြီးများ၏ ၂၀% မှာဂျပန်တွင်ဖြစ်သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။