Monday, September 19, 2011
တိုနီဘလဲ ကဒါဖီနှင့် တွေ့ဆုံခဲ့သည့်သတင်းထွက်ပေါ်လာ
ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲသည် လော့ကာဘီဗုံးခွဲမှုတရားခံကို လွှတ်ပေးရေးနှင့်ပတ်သက်ပြီး လစ်ဗျားခေါင်းဆောင် ကဒါဖီနှင့် နှစ်ကြိမ်တွေ့ဆုံခဲ့ကြောင်း ဆန်းဒေးတယ်လီဂရပ်သတင်းစာက ဖေါ်ထုတ်ရေးသားလိုက်သည်။
ဘလဲသည် ၂၀၀၇ ဇွန်လတွင် ဝန်ကြီးချုပ်အဖြစ်မှ အနားယူခဲ့ပြီး ၂၀၀၈ ဇွန်နှင့် ၂၀၀၉ ဧပြီလများတွင် ကဒါဖီ၏ ဂျက်လေယာဉ် ဖြင့် သွားရောက်တွေ့ဆုံခဲ့ကြောင်း ကဒါဖီထွက်ပြေးသွားပြီးနောက် ထရီပိုလီမှတွေ့ရှိရသော စာရွက်စာတမ်းအထောက်အထား များအရ သတင်းဌာနကရေးသားခဲ့ခြင်းဖြစ်သည်။
လော့ကာဘီဗုံးခွဲမှုတရားခံကို လွှတ်ပေးခြင်းအားအတွက် အပြန်အလှန်အားဖြင့် ကဒါဖီက သူ့၏ နျူကလီးယားအစီအစဉ်ကို စွန့်လွှတ်ရေးကိစ္စတွင် ဘလဲသည် အဓိကပါဝင်စေ့စပ်ညှိနှိုင်းခဲ့သည်။ ၂၀၀၄ ခုနှစ် မတ်လအတွင်းက ပထမဦးဆုံးအကြိမ်အဖြစ် တွေ့ဆုံခဲ့ပြီး “ကန္တာရတွင်းမှ သဘောတူညီချက်” ဟု အမည်ပေးထားသည်။
ဘလဲ၏ ပြောရေးဆိုခွင့်ရှိသူက ယင်းကိစ္စမှန်ကန်ကြောင်းဝန်ခံခဲ့ပြီး လစ်ဗျားက အဘ္ဘဒယ်ဘာဆက်အလီမိုဟာမက်အယ်-မက်ဂရာဟီ ကိစ္စကို ကျယ်ကျယ်လောင်လောင်ပြောဆိုခဲ့ရာ ဘလဲက မက်ဂရာဟီ ကိစ္စသည် စကော့တလန်အာဏာပိုင်နှင့်သာ သက်ဆိုင်ကြောင်းပြန်လည်ပြောဆိုခဲ့သည်။
မက်ဂရာဟီသည် ၁၉၈၈ ခုနှစ်က ပန်အန်လေကြောင်းပိုင် လေယာဉ်ခရီးစဉ် ၁၀၃ ကို ဖေါက်ခွဲခဲ့သည့် တရားခံတစ်ဦးဖြစ်သည်။ ယင်းလေယာဉ်တွင် အမေရိကန်အများစုပါဝင်ကာ စကော့တလန်နိုင်ငံ လော့ကာဘီမြို့ပေါ်တွင် ပေါက်ကွဲခဲ့ကာ ၂၇၀ ဦးသေဆုံး ခဲ့ရသည်။
မက်ဂရာဟီသည် ကင်ဆာကျွမ်းနေသောရောဂါသည်တစ်ဦးဖြစ်ပြီး သုံးလသာနေရတော့မည်ဟု ဆိုသဖြင့် လူသားချင်းစာနာ ထောက်ထားမှုဖြင့် စကော့တလန်အကျဉ်းထောင်မှ ၂၀၀၉၊ သြဂုတ်လ ၂၀ ရက်နေ့တွင် ပြန်လည်လွှတ်ပေးခဲ့သည်။
တယ်လီဂရပ်သတင်းဌာနမှ အဆိုပါသတင်းကို ဖေါ်ထုတ်လိုက်သဖြင့် ဝန်ကြီးချုပ်အဖြစ်မှ အနားယူသွားခဲ့ပြီးဖြစ်သော ဘလဲအတွက် ဖိအားများဖြစ်ပေါ်စေနိုင်သည်။ ၂၀၀၈ နှင့် ၂၀၀၉ ခုနှစ်များတွင် ဆီအာရာလီယွန်မှ ထရီပိုလီသို့သွားရန် ကဒါဖီ ၏ ဂျက်လေယာဉ်ကို အသုံးပြုပေးရန် တောင်းဆိုခဲ့ကြောင်း ဆန်းဒေး တယ်လီဂရပ်သတင်းစာက ပြောကြားခဲ့သည်။
ထို့ပြင် ၂၀၁၀ ဇွန်လအတွင်းကလည်း ဘလဲသည် ကဒါဖီနှင့် နောက်ထပ်တွေ့ဆုံခဲ့သေးကြောင်း အထောက်အထားများအရ သိရှိရသည်။ ထို့ကြောင့် အရှေ့အလယ်ပိုင်းတွင် ငြိမ်းချမ်းရေးကိုယ်စားလှယ်၊ စီးပွားရေးအတိုင်ပင်ခံနှင့် အလှူရှင်ကြီး စသည် ဖြင့် တာဝန်ယူဆောင်ရွက်နေသော ဘလဲ၏ လုပ်ဆောင်ချက်များအပေါ် ထိခိုက်စေနိုင်ကြောင်း တယ်လီဂရပ်က သုံးသပ်ခဲ့သည်။
“တိုနီဘလဲဟာ တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ၊ ပိုက်ဆံရသည်ဖြစ်စေ၊ ပိုက်ဆံမရသည်ဖြစ်စေ လစ်ဗျားရင်းနှီးမြှပ်နှံ မှုအာဏာပိုင်တွေနဲ့ ဒါမှမဟုတ် အစိုးရနဲ့ ဒါမှမဟုတ် စီးပွားရေးကုမ္ပဏီတွေနဲ့ အဆက်အစပ်လုံးဝမရှိပါဘူး။” ဟု ဘလဲ၏ ပြောခွင့် ရပုဂ္ဂိုလ်ကဆိုသည်။
“မစ္စတာဘလဲသွားခဲ့တဲ့ အဓိကဦးတည်ချက်က အဲဒီအချိန်တုန်းက အာဖရိကသမဂ္ဂရဲ့ဦးဆောင်နိုင်ငံဖြစ်နေတဲ့ နိုင်ငံတစ် နိုင်ငံအနေနဲ့ အာဖရိကကို အဓိကဦးတည်ခဲ့တာပါ။ နောက်ပြီးလစ်ဗျားမှာ ဘယ်လိုပြုပြင်ပြောင်းလဲမှုတွေရှိလဲ၊ ဘယ်လောက် ပွင့်လင်းသလဲဆိုတာ တွေကို သိရဖို့ပါ။ လစ်ဗျားတွေကလည်း သူတို့ထုံးစံအတိုင်းပေါ့ မက်ဂရာဟီကိစ္စကို ပြောခဲ့ကြသလို မစ္စတာ ဘလဲကလည်း သူ့ထုံးစံအတိုင်းပေါ့ ဝန်ကြီးချုပ်ဖြစ်စဉ်တုန်းရော၊ အနားယူလိုက်တဲ့နောက်ပိုင်းရော မက်ဂရာဟီအမှုဆုံးဖြတ်ချက် ဟာ စကော့တလန် အစိုးရနဲ့ သာ သက်ဆိုင်ပါ တယ်လို့ ပြောခဲ့တာပါပဲ။
စီးပွားရေးလုပ်ငန်းကိစ္စတွေနဲ့ ဘာမှမပတ်သက်ခဲ့ပါဘူး။ အဲဒီအချိန်တုန်းက တကမ္ဘာလုံးက အစိုးရတွေလည်း လစ်ဗျားနဲ့ စေ့စပ်ရေးလုပ်နေကြတာပါပဲ။ ကဒါဖီကိုလည်း ဘရပ်ဆဲလ်၊ ရောမနဲ့ ပါရီမြို့တို့အပါအဝင် ဥရောပနိုင်ငံတော်တော်များများမှာ လက်ခံတွေ့ဆုံခဲ့ကြတာပဲ။ ဒါကြောင့် အဲဒီအချိန်တုန်းက သူနဲ့ စေ့စပ်ညှိနှိုင်းမှု မလုပ်ဖို့ အကြောင်းပြချက်မရှိခဲ့ပါဘူး။ အထူးသဖြင့် မစ္စတာဘလဲဝန်ကြီးချုပ်ဖြစ်စဉ်က ကဒါဖီရဲ့ ဓါတုလက်နက်၊ နျူကလီးယားလက်နက် အစီအစဉ်တွေကို စွန့်လွှတ်ဖို့၊ အကြမ်းဖက် ဝါဒကို စွန့်လွှတ်ဖို့ ကြိုးပမ်းနေချိန်ဖြစ်ပါတယ်။” ဟု ပြောခွင့်ရပုဂ္ဂိုလ်က ဆက်လက်ပြောကြားသွားခဲ့သည်။
ဖေဖေါ်ဝါရီလအတွင်းက သုံးသပ်ချက်တစ်ခုတွင်လည်း ဗြိတိန်အစိုးရသည် မက်ဂရာဟီလွတ်မြောက်ရေးအတွက် အတတ်နိုင်ဆုံး ကြိုးပမ်းပေးခဲ့ကြောင်း ဖေါ်ပြခဲ့ရာ ဗြိတိန်၏ အကျိုးစီးပွားများထိခိုက်နိုင်သည်ဟူသော စိုးရိမ်ပူပန်မှုများရှိနေသည်။
Source: Yahoo News
0 comments:
Post a Comment