Sunday, October 30, 2011

ဆီးရီးယားသမ္မတအာဆက်နှင့် ဆန်းဒေးတယ်လီဂရပ် အင်တာဗျူး


အနောက်နိုင်ငံများက ဆီးရီးယားပြည်တွင်းရေးကိုဝင်ရောက်စွက်ဖက်ပါက `ငလျင်´ တစ်ခုလိုတုန်လှုပ်ခြောက်ခြားသွား မည်ဖြစ်ကြောင်း ဆီးရီးယားသမ္မတ ဘရှာအယ်လ်-အာဆက်က ခြိမ်းခြောက်ပြောကြားလိုက်သည်။
ဆီးရီးယား၏ ပြုပြင်ပြောင်းလဲရေးတွင် ၀င်ရောက်စွက်ပါက နောက်ထပ်အာဖဂန်နစ္စတန်တစ်ခုသဖွယ် အကျိုးဆက် များခံစားရမည်ဖြစ်ကြောင်း ဗြိတိန်ဆန်းဒေးတယ်လီဂရပ်သတင်းစာနှင့် အင်တာဗျူးတွင် အာဆက်က ပြောဆိုခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သောရက်ပိုင်းကပင် ဟုမ်းမြို့တွင် ဆန္ဒပြသူများအားပစ်ခတ်နှိမ်နင်းမှုကြောင့် လူပေါင်းများစွာသေဆုံးပြီးနောက် စနေနေ့က အင်တာဗျူးတွင်ပြောဆိုခဲ့ခြင်းဖြစ်၏။ ထို့ပြင်ဆီးရီးယားသည် ဒေသတွင်းငြိမ်းချမ်းရေးအတွက် အရေးပါ သောနိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း ဆိုသည်။ သို့သော် ကုလသမဂ္ဂ၊ အာရပ်အဖွဲ့ချုပ်၊ အနောက်နိုင်ငံများက လွန်ခဲ့သော ခုနှစ်လအတွင်း ဆက်တိုက် ဆန္ဒပြသူများကိုအကြမ်းဖက်နှိမ်နင်းခဲ့ခြင်းကြောင့် အာဆက်ကိုအပြင်းအထန်ဝေဖန် နေကြသည်။

အနောက်နိုင်ငံများက ဆီးရီးယားကို ဖိအားပေးပြီးအကြပ်အတည်းဆိုက်အောင်လုပ်ဆောင်နေကြောင်း ၊ သို့သော် ဆီးရီးယားသည် အီဂျစ်၊ တူနီရှား၊ ယီမင်တို့နှင့် မတူသောနိုင်ငံဖြစ်ကြောင်း ဆိုသည်။
`သမိုင်းနောက်ခံလည်းမတူဘူး။ နိုင်ငံရေးအခြေအနေလည်း မတူဘူး။´ ဟု အာဆက်ကပြောသည်။

`ဒေသတွင်းမှာ ဆီးရီးယားက ဗဟိုကျပါတယ်။ ဒီတော့ပြတ်ရွေ့တစ်ခုနဲ့အလားသဏ္ဍာန်တူပါတယ်။ ဒီလိုနိုင်ငံ မျိုးမှာလာပြီး ၀င်ရောက်စွက်ဖက် ကစားမယ်ဆိုရင် ငလျင်ကြီးတစ်ခုလှုပ်သလိုအခြေအနေတွေဆိုးဝါးသွားမှာဖြစ်ပါ တယ်။´
`နောက်ထပ်အာဖဂန်တစ်ခုထပ်မြင်ချင်လား၊ ဒါမှမဟုတ်ဆယ်ခုလောက်ထပ်ဖြစ်သွားစေချင်လား။ ဆီးရီးယား နိုင်ငံတွင်းက ဘယ်လိုပြဿနာမျိုးမဆို ဒေသတွင်းတစ်ခုလုံးကို ကူးစက်သွားလိမ့်မယ်။´
`ဆီးရီးယားကို ဖြိုခွဲဖို့အကြံရှိနေလား။ အာဏာရှင်ကတော့ မပြိုကွဲဘဲ ဒေသတွင်းတစ်ခုလုံးသာ ပြိုကွဲသွား လိမ့်မယ်။´ ဟူ၍ အာဆက်က ပြောကြားခဲ့သည်။

အာဆက်နှင့်ကိုယ်တိုင်တွေ့ဆုံကာ အင်တာဗျူးခဲ့သော တယ်လီဂရပ်သတင်းစာ၏ သတင်းထောက် အင်ဒရူး ဂီလီဂန် ကို အယ်ဂျာဇီယာက ပြန်လည်အင်တာဗျူးခဲ့ရာတွင် အာဆက်သည် အေးအေးဆေးဆေးပင်စကားပြောဆိုခဲ့ပြီး ဥပဓိရုပ်တည်ကြည်ကြောင်းဆိုသည်။
`သူက ပုံသေကားကျအာဏာရှင်တော့မဟုတ်ပါဘူး။ ရက်စက်ကြမ်းကြုတ်မှုလည်းမရှိပါဘူး။´

ပြုပြင်ပြောင်းလဲမှုအရေးအတွက်မေးမြန်းခဲ့ရာတွင် ပြုပြင်ပြောင်းလဲရေးအတွက် လိုအပ်သောသဘောတူညီမှုများပြု လုပ်ပြီးဖြစ်ကြောင်းအာဆက်က ပြောသည်ဟု အင်ဒရူးကဆိုသည်။
`ဥပဒေအသစ်တွေ အများကြီးကြေငြာပြီးသွားပြီလို့ သူကပြောပါတယ်။´ ဟု ဆိုသည်။
ဆန္ဒပြပွဲများအတွင်း ကလေးငယ် ၂၀၀ ခန့်အပါအ၀င် လူပေါင်း ၃,၀၀၀ ခန့်သေကြေပျက်စီးခဲ့ကြောင်း ကုလသမဂ္ဂမှ လေ့လာတွက်ချက်ထားသည်။ မတ်လအတွင်း ဆန္ဒပြပွဲများစတင်ချိန်မှစကာ စစ်သားနှင့်ရဲ ၁,၁၀၀ ခန့်သေဆုံးခဲ့ရပြီး အကြမ်းဖက်သေနတ်သမားများလက်ချက်ဖြစ်ကြောင်း အာဆက်က စွပ်စွဲခဲ့သည်။

ဆီးရီးယားနိုင်ငံတွင် နိုင်ငံတကာမှသတင်းသမားများဝင်ရောက်သတင်းယူခွင့်ကို အာဆက်က ပိတ်ပင်ထားသည့် အတွက် တက်ကြွလှုပ်ရှားသူများနှင့် အာဏာပိုင်အဖွဲ့အစည်းများမှ ရရှိသော သတင်းများကိုအတည်ပြုရန် အလွန် ခက်ခဲလေသည်။

ဆီးရီးယားအာဏာပိုင်များအနေနှင့် အုံကြွမှုအစောပိုင်းကာလများတွင် အမှားများစွကျူးလွန်ခဲ့ကြောင်း၊ သို့သော် ယခု အခါတိုးတက်မှုများရှိလာပြီဖြစ်ကြောင်း ပြောဆိုခဲ့သည်။

အာရပ်အုံကြွမှုအပေါ်အခြားအာရပ်ခေါင်းဆောင်များနှင့် မတူ သူကတစ်မူထူးခြားစွာ တုံ့ပြန်ခဲ့ကြောင်းအာဆက်က ဆိုသည်။
`ခေါင်းမာတဲ့ အစိုးရဆိုတဲ့ပုံစံမျိုးကျုပ်တို့မလုပ်ခဲ့ပါတယ်။´ ဟု ဆိုသည်။

`ဆန္ဒပြပွဲတွေစပြီး ခြောက်ရက်အကြာမှာပဲ ပြုပြင်ပြောင်းလဲရေးတွေ စပြီးလုပ်ခဲ့တယ်။ ပြုပြင်ပြောင်းလဲရေးနဲ့ လူတွေကို မှိုင်းတိုက်ထားတယ်လို့ အဝေဖန်ခံရတယ်။ ဒါပေမယ့် ပြုပြင်ပြောင်းလဲရေးတွေကို လက်တွေ့စလုပ်တဲ့ အခါ ပြဿနာတွေ လျှော့နည်းသွားပြီး လူတွေကအစိုးရကို ထောက်ခံလာကြတယ်။´ ဟု အာဆက်က ဆန်းဒေး တယ်လီဂရပ်သတင်းစာ သို့ပြောပြသွားခဲ့သည်။

Source: Al Jazeera
`

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။