Tuesday, January 24, 2012

ဥရောပသမဂ္ဂက အီရန်အပေါ် ပိတ်ဆို့မှုချမှတ်လိုက်ပြီ


အီရန်ရေနံတင်ပို့မှုကို ဥရောပသမဂ္ဂမှ ပိတ်ဆို့ဒဏ်ခတ်လိုက်ခြင်းသည် အနောက်အုပ်စု၏ လုပ်နေကျပုံစံအတိုင်း
“စိတ်ဓါတ်စစ်ဆင်ရေး” ဆင်နွှဲခြင်းဖြစ်ကြောင်း အီရန်ကစွပ်စွဲပြောကြားလိုက်သည်။ “အီရန်၏ နျူကလီးယားခြိမ်းခြောက်မှု” အပေါ်တုံ့ပြန်ရန်အတွက် နောက်ထပ်ပြင်းထန်သော ပိတ်ဆို့ဒဏ်ခတ်မှုများဆောင်ရွက်သွားမည်ဟု အမေရိကန်သမ္မတ အိုးဘားမားကလည်း ပြောဆိုခဲ့သည်။

ဥရောပသမဂ္ဂသို့ အီရန်ရေနံတင်ပို့မှုမှာ ၉၀ ရာခိုင်နှုန်းခန့်ရှိပြီး လွန်ခဲ့သောနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့က ယင်းကို ပစ်မှတ်ထား၍ ဘဏ္ဍာရေးပိတ်ဆို့ဒဏ်ခတ်မှုဥပဒေတစ်ရပ်ကို အမေရိကန်သမ္မတကလက်မှတ်ရေးထိုးခဲ့ပြီးနောက် ဥရောပသမဂ္ဂက တနင်္လာနေ့တွင် ဘရပ်ဆဲလ်မြို့၌ တွေ့ဆုံဆွေးနွေးပြီး ပိတ်ဆို့ဒဏ်ခတ်မှုများကို ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ရေနံပိတ်ဆို့မှုနှင့် အတူ အီရန်ဗဟိုဘဏ်အားပိတ်ဆို့ဒဏ်ခတ်ခြင်း၊ အခြားသောကဏ္ဍများတွင်လည်း လိုအပ်သလို ပိတ်ဆို့ခြင်းများချမှတ်ထားပြီးအီရန်က နျူကလီးယားလက်နက်တည်ဆောက်ရန် အားထုတ်နေသည်ဟု ယူဆကာ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်နိုင်ရေးအတွက် အနောက်အုပ်စုက အီရန်အပေါ်ဖိအားတိုးလိုက်ခြင်းဖြစ်သည်။

“ နိုင်ငံတစ်နိုင်ငံကို ခြိမ်းခြောက်မယ်၊ ဖိအားပေးမယ်၊ မတရားပိတ်ဆို့ဒဏ်ခတ်မှုတွေလုပ်မယ် ဆိုတဲ့ သူတို့ရဲ့ နည်းလမ်းတွေက အလုပ်မဖြစ်ပါဘူး။” ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး ရာမင်မယ်မန်ပါရက်စ်က နိုင်ငံပိုင်ရုပ်သံသို့ ပြောကြားခဲ့သည်။
“ဥရောပသမဂ္ဂရဲ့ အီရန်ရေနံပိတ်ဆိုမှုဟာ စိတ်ဓါတ်စစ်ဆင်ရေး လုပ်တာပါ။ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်တယ် ဆိုတာ ယုတ္တိမတန်၊ တရားမျှတမှုမရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ကလည်း ဂရုမစိုက်ပါဘူး။”

အီရန် ရေနံဝန်ကြီးဌာနက ကြေငြာချက်ထုတ်ပြန်ခဲ့ရာတွင် ပိတ်ဆို့ဒဏ်ခတ်မှုကြောင့် တုန်လှုပ်မှုမရှိကြောင်း ဆိုသည်။
“ အီရန်ရေနံဝန်ကြီးဌာနအနေနဲ့ ဒီလိုဖြစ်လာမယ်ဆိုတာ အစောပိုင်းကတည်းက တွေးမိပါတယ်။ ဒါကြောင့် စိန်ခေါ်မှုတွေကို ရင်ဆိုဖို့ ပြင်ဆင်ထားပြီးသားပါ။” ဟု ပြောကြားခဲ့သည်။

“အမေရိကန်သြဇာအောက်ကိုရောက်နေတဲ့ ဥရောပနိုင်ငံတွေအနေနဲ့ ကိုယ့်အကျိုးစီးပွား ကိုယ်စဉ်းစားသင့် ပါတယ်။ အီရန်ရေနံဈေးကွက်ထဲကနေထွက်သွားတဲ့ နိုင်ငံတွေနေရာမှာ အခြားဝယ်ယူမယ့် နိုင်ငံတွေရှိလာမယ် ဆိုတာ မကြာခင်တွေ့ရပါလိမ့်မယ်။” ဟု နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

ဥရောပသမဂ္ဂသည် အီရန်အပေါ် တစ်ဆင့်ချင်းတိုးတက်ပိတ်ဆို့သွားခြင်းဖြစ်ကြောင်း အမေရိကန်ကဆိုသည်။ ပိတ်ဆို့မှုအသစ်တွင် အီရန်အကြီးဆုံးနိုင်ငံပိုင်ဘဏ်ဖြစ်သော တီဂျာရက်ဘဏ် နှင့် လက်အောက်ခံ ထရိတ်ကက်ပီတယ်ဘဏ်တို့ ပါဝင်သည်။ ယင်းဘဏ်နှစ်ခုသည် နိုင်ငံတကာဘဏ္ဍာရေးစံနစ်အတွင်းလည်ပတ်နေဆဲ ဖြစ်သည်။

ဥရောပသမဂ္ဂ၏ ပိတ်ဆို့မှုသည် အီရန်နျူကလီးယားအစီအစဉ်နှင့် ခြိမ်းခြောက်မှုအပေါ် နိုင်ငံတကာ၏ဆန့်ကျင်မှုနှင့် အင်အားကိုပြသလိုက်ခြင်းဖြစ်ကြောင်း အိုဘားမားက ပြောကြားခဲ့သည်။
“အီရန်အပေါ် ဖိအားပိုမိုပေးနိုင်ဖို့ နောက်ထပ်ပိတ်ဆို့မှုအသစ်တွေ အမေရိကန်ပြည်ထောင်စုက လုပ်ဆောင် သွားမှာ ဖြစ်ပါတယ်။” ဟု အိုဘားမားက ဆိုသည်။

အမေရိကန်နိုင်ငံခြားဝန်ကြီး ဟီလာရီကလင်တန်နှင့် ဘဏ္ဍာရေးဝန်ကြီး တီမိုသီဂါ့သနာတို့၏ ပူးတွဲကြေငြာချက်တွင် ဥရောပသမဂ္ဂ၏ ဆောင်ရွက်မှုသည် အီရန်အပေါ် ဖိအားပိုမိုတိုးစေပြီး နိုင်ငံတကာအသိုင်းအဝိုင်း၏ အင်အားပြင်း သော ထိုးနှက်ချက်တစ်ရပ်ဖြစ်ကြောင်းဆိုသည်။

တနင်္လာနေ့ဆုံးဖြတ်ချက်အရ အီရန်နှင့် ဥရောပသမဂ္ဂဝင်နိုင်ငံ ၂၇ နိုင်ငံကြား ရေနံစိမ်း၊ ဓါတ်ဆီဝယ်ယူမှု အရောင်း အဝယ်စာချုပ်သစ်များ ချုပ်ဆိုဝယ်ယူ၍ မရနိုင်တော့ပေ။ လက်ရှိချုပ်ဆိုထားသော စာချုပ်များအား ဇွန်လ အထိသာ ခွင့်ပြုထားမည်ဖြစ်သည်။ ထို့နောက် စာချုပ်များလုံးဝရပ်ဆိုင်းသွားမည့် အချိန်မတိုင်မီ တစ်လအလို မေလ ၁ ရက်နေ့တွင် ပိတ်ဆို့မှုအပေါ် ပြန်လည်သုံးသပ်မည်ဖြစ်သည်။

အီရန်သို့ ဇန်နဝါရီလ ၂၉ မှ ၃၁ ရက်နေ့အထိ ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာစွမ်းအင်အေဂျင်စီ (IAEA) မှ ထိပ်ပိုင်းပုဂ္ဂိုလ်များသွားရောက်ပြီး တီဟီရန်၏ နျူကလီးယားအစီအစဉ်များနှင့် ပတ်သက်ပြီး ပြောဆိုဆွေးနွေးမည် ဖြစ်ကြောင်း တနင်္လာနေ့က အတည်ပြုပြောကြားလိုက်သည်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဝီလီယံဟေ့ဂ်ကလည်း ဥရောပသမဂ္ဂ၏ယခုပိတ်ဆို့မှုသည် မကြုံစဖူးထူးကဲသော လုပ်ဆောင်ချက်ဖြစ်ပြီး “နျူကလီးယားလက်နက်ပြန့်ပွားမှုတားဆီးရေးနဲ့ အီရန်ကို ဆွေးနွေးပွဲစားပွဲဝိုင်းပေါ်ကို ပြန်ရောက်ဖို့ ဥရောပသမဂ္ဂက အလွန်စိတ်အားထက်သန်နေတယ်ဆိုတာ ပြသလိုက်ခြင်းပါပဲ။” ဟု ဆို၏။

တနင်္ဂနွေနေ့က ပြင်သစ်၊ ဗြိတိန်စစ်သင်္ဘောများနှင့် အမေရိကန်လေယာဉ်တင်သင်္ဘောတစ်စင်းပါဝင်သည့် သင်္ဘော အုပ်ကို ဟော်မျူဇ်ရေလက်ကြားအတွင်း ဖြတ်သန်းမောင်းနှင်လာခဲ့ပြီးနောက် ဘရပ်ဆဲလ်အစည်းအဝေးကိုကျင်းပခဲ့ ခြင်းဖြစ်သည်။ အီရန်၏ ရေနံတင်ပို့မှုကို ပိတ်ဆို့မည်ဆိုလျှင် ရေလက်ကြားကို ဖြတ်သန်းသွားလာခွင့် မပေးတော့ဟု အီရန်က ခြိမ်းခြောက်ထားခြင်းအပေါ် အကဲစမ်းကြည့်ခြင်းဖြစ်သည်။

“ နိုင်ငံတကာဥပဒေနဲ့ အညီရေလက်ကြားကို ဖြတ်သန်းသွားလာခွင့် နိုင်ငံတကာကလိုလားတယ်ဆိုတာ ပြသဖို့ ဒီလိုဖြတ်သန်းမောင်းနှင်ပြလိုက်ခြင်းဖြစ်ပါတယ်။” ဟု ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကပြောသည်။

အီရန်၏ နျူကလီးယားသန့်စင်ရေးလုပ်ငန်းသည် ဗုံးထုတ်လုပ်ရန် ရည်ရွယ်သည်ဟု အနောက်နိုင်ငံများက ယူဆနေ ကြပြီး အီရန်ကမူ ငြိမ်းချမ်းစွာအသုံးပြုရေးအတွက်သာဖြစ်ကြောင်း ပြောဆိုနေသည်။

အီရန်အပေါ်ပိတ်ဆို့မှုများဆက်လက်ပြုလုပ်သွားရန် ဥရောပသမဂ္ဂ ၂၇ နိုင်ငံလုံးက သဘောတူညီကြောင်း ဥရောပသမဂ္ဂ နိုင်ငံခြားမူဝါဒရေးရာ ကိုယ်စားလှယ် ကက်သရင်းအက်ရှ်တန်၏ ရုံးအဖွဲ့ဝင်တစ်ဦးက အယ်ဂျာဇီယာ သတင်းဌာနသို့ အတည်ပြုပြောကြားခဲ့သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။