Tuesday, February 21, 2012

ကိုရမ်ကျမ်းစာအုပ်များကို မီးရှို့မှုကြောင့် အာဖဂန်တွင် ဆန္ဒပြ


နေတိုးတပ်ဖွဲ့ဝင်များက ကိုရမ်ကျမ်းစာအုပ်များကို မီးရှို့ခဲ့သဖြင့် အာဖဂန်နစ္စတန် မြို့တော်ကဘူးလ်အနီးနေရာ နှစ်ခုတွင် ရာပေါင်းများစွာဆန္ဒပြခဲ့ကြသည်။

အင်္ဂါနေ့က ဘာဂရမ်ရှိ အမေရိကန်လေတပ် အခြေစိုက်စခန်းအနီးတွင် ဆန္ဒပြသူများစုရုံးပြီး `အလ္လာရှင်သည် ကြီးမြတ်သည်´ ဟု အဓိပ္ပါယ်ရသော `အလာဟူ အက္ကဘာ´ ဟု ကြွေးကြော်ကြပြီး လေးခွများ၊ မီးလောင်ဗုံးများဖြင့် ပစ်ခတ်ကြလေသည်။ စခန်းအစောင့်တပ်သားများက ဆန္ဒပြလူအုပ်ကို ရော်ဘာကျည်ဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း အေအက်ဖ်ပီ သတင်းထောက်ကပြောသည်။
`စခန်းထဲမှာ ကိုရမ်ကျမ်းစာအုပ်တွေကို မီးရှို့ခဲ့တာကြောင့် မကျေမနပ်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။´ ဟု ဒေသခံတာဝန်ရှိသူတစ်ဦးက အေအက်ဖ်ပီသတင်းဌာနသို့ ပြောသည်။

အာဖဂန်ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရ ဆစ်ဒစ် ဆစ်ဒီကီက ဆန္ဒပြသတင်းကို အတည်ပြုခဲ့ပြီး အကြမ်းဖက်မှုများ ကာကွယ်နိုင်ရေးအတွက် တပ်ဖွဲ့များစေလွှတ်လိုက်ပြီဖြစ်ကြောင်း ဆိုသည်။
နောက်ထပ်ဆန္ဒပြမှုတစ်ခုတွင် လူ ၅၀၀ ခန့်ရှိပြီး ကဘူးလ်အနီး ဂျလာလာဘတ်လမ်းပေါ်ရှိ နေတိုးဌာနချုပ်တွင် ဖြစ်ပွားခဲ့ကြောင်း ရဲဌာနပြောခွင့်ရ အက်ရှ်ဟာမက်အက်စ်တန်ဇိုင်းက အေအက်ဖ်ပီသို့ ပြောသည်။

အစ္စလာမ်ဘာသာရေးဆိုင်ရာ ကိုရမ်ကျမ်းစာအုပ်များနှင့် အခြားပစ္စည်းများကို မလျှော်မကန်သောနည်းဖြင့် စွန့်ပစ်ခဲ့ သည့်အပေါ် စုံစမ်းစစ်ဆေးသွားရန်နှင့် အာဖဂန်ပြည်သူများကို တောင်းပန်ပါကြောင်း အာဖဂန်ရှိ အမေရိကန် တပ်မမှူး ဗိုလ်ချုပ်ဂျွန်အလန်က ဆိုသည်။

`အာဖဂန်သမ္မတကြီး၊ အာဖဂန်အစ္စလာမ္မစ် အစိုးရနဲ့တကွ အထူးသဖြင့် အာဖဂန်ပြည်သူများ အပေါ် ကျွန်တော် အနူးအညွတ်တောင်းပန်အပ်ပါတယ်။´ ဟု ဆိုသည်။

ယင်းကဲ့သို့ အဖြစ်အပျက်များ ဖြစ်ပွားခဲ့ဖူးပြီး နောက်ပိုင်း နိုင်ငံခြားသားများကို အကြမ်းဖက်သတ်ဖြတ်မှုများဖြစ်ပွား လေ့ရှိသဖြင့် အလန်၏ တောင်းပန်စကားကို အာဖဂန်ရုပ်သံတွင် ထပ်ခါတလဲလဲ ထုတ်လွှင့်ပြသပေးနေလေသည်။

`အဖြစ်အပျက်အပေါ်မှာ ကျွန်တော်တို့ သေသေချာချာစုံစမ်းစစ်ဆေးပြီး နောက်ထပ်ဒါမျိုးမဖြစ်ရလေအောင် အစွမ်းကုန်ဆောင်ရွက်ပါ့မယ်။´ ဟု အလန်က ပြောကြားခဲ့သေးသည်။

အာဖဂန်တွင်ယင်းသို့ ဘာသာရေးအရ ဆန္ဒပြမှုများမှ တစ်ဆင့် အကြမ်းဖက်မှုများဖြစ်ပွားခဲ့ဖူးပြီး အစွန်းရောက် အစ္စလာမ်ဘာသာရေးဥပဒေအရ သေဒဏ်အထိ အပြစ်ပေးနိုင်သော ကျူးလွန်မှုမျိုးဖြစ်သည်။

လွန်ခဲ့သောနှစ် ဧပြီလက အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါတွင် ခရစ်ယာန်တရားဟောဆရာ တယ်ရီဂျုံးစ် ဦးဆောင်ပြီး ကိုရမ်ကျမ်းစာအုပ်များကို မီးရှို့ခဲ့ခြင်းကြောင့် အဓိကရုဏ်းဖြစ်ပွားခဲ့ပြိး လူ ၁၀ ဦးခန့်သေဆုံးခဲ့ကာ အများအပြားဒဏ်ရာရရှိခဲ့ဖူးသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။