Saturday, March 17, 2012

မြောက်ကိုရီးယားက တာဝေးပစ်ဒုံးကျည်စမ်းသပ်ပစ်လွှတ်မည်


နောက်လတွင် ကျရောက်မည့် မြောက်ကိုရီးယားကွန်မြူနစ်နိုင်ငံတော်တည်ထောင်သူ ခေါင်းဆောင်ကြီး ကင်အီလ်ဆွန်၏ မွေးနေ့ အထိမ်းအမှတ်အဖြစ် ဂြိုလ်တုတစ်လုံးကိုတင်ဆောင်ကာ တာဝေးပစ်ဒုံးပျံပစ်လွှတ်မည် ဖြစ်ကြောင်း မြောက်ကိုရီးယား က ကြေငြာလိုက်သည်။
အမေရိကန်နှင့် အခြားနိုင်ငံများက မြောက်ကိုရီးယား၏ဤအပြုအမူသည် ကုလသမဂ္ဂ၏ဆုံးဖြတ်ချက်ကို ချိုးဖေါက် ခြင်းဖြစ်ကြောင်း ပြောဆိုရှုံ့ချလိုက်သည်။

တိုက်ချင်းပစ်ဒုံးကျည်များပစ်လွှတ်ခြင်းကို ကုလသမဂ္ဂမှ ပိတ်ပင်တားဆီးထားသည့်အတွက် မြောက်ကိုရီးယားအနေ နှင့် လေးစားလိုက်နာရန်လိုအပ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ပြောကြားလိုက် သည်။
`တာဝေးပစ်ဒုံးကျည်စမ်းသပ်ပစ်ခတ်ခြင်းဟာ ဒေသတွင်းတည်ငြိမ်မှုကို ခြိမ်းခြောက်မှုတစ်ခုဖြစ်ပြီး မြောက်ကိုရီးယားက ကိုယ့်စကားကိုယ် မတည်ကြည်ခြင်းလည်း ဖြစ်ပါတယ်။´ ဟု ဆို၏။

တာဝေးပစ်ဒုံးကျည်များ ပစ်ခတ်စမ်းသပ်ခြင်းမပြုပါဟု မကြာသေးမီကမှ ပြောဆိုခဲ့သော မြောက်ကိုရီးယား အာဏာပိုင်များက ပတ်ဝန်းကျင်နိုင်ငံများကို ထိခိုက်ခြင်းမရှိပါဟု ဆိုသည်။

အမေရိကန်မှ အကူအညီပေးရေး ဆွေးနွေးမှုများပြုလုပ်လာစေရန် ဖိအားပေးသည့်အနေနှင့် နောက်ထပ်စမ်းသပ် ပစ်ခတ်ပြမှုတစ်ခုဖြစ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ကြသည်။ ဒေသတွင်းလုံခြုံရေးကို ခြိမ်းခြောက်ခြင်းဖြစ် ကြောင်း တောင်ကိုရီးယားနှင့် ဂျပန်က ဆိုသည်။
မြောက်ကိုရီးယားက ဂြိုလ်တုတင်ဆောင်ပစ်ခတ်ခြင်းဖြစ်ကြောင်း ပြောဆိုသော်လည်း မည်သို့သောပစ်ခတ်မှုမျိုးပင် ဖြစ်စေ ကုလသမဂ္ဂဆုံးဖြတ်ချက်ကို ချိုးဖေါက်ခြင်းသာဖြစ်ကြောင်း ဂျပန်အစိုးရက ပြော၏။
`ပစ်ခတ်စမ်းသပ်မှုမပြုဖို့ မြောက်ကိုရီးယားအစိုးရကို ကျွန်တော်တို့ တိုက်တွန်းထားပါတယ်။´ ဟု ၀န်ကြီးများရုံး အတွင်းရေးမှူးနှင့် အစိုးရထိပ်တန်းပြောခွင့်ရ အိုဆာမူဖူဂျီမူရာက ပြောသည်။

မြောက်ကိုရီးယား၏ အဓိကမဟာမိတ်ဖြစ်သော တရုတ်ကမူ မည်သို့မျှဝေဖန်ပြောကြားခြင်းမရှိဘဲ ကိုရီးယားကျွန်းဆွယ်တွင် ငြိမ်းချမ်းရေးအရှည်တည်တန့်ရေးအတွက် ဆောင်ရွက်ရန်သာ ပြောဆိုခဲ့သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။