Friday, August 12, 2011
အသံထက် အဆနှစ်ဆယ်မြန်သည့် မောင်းသူမဲ့ စစ်ဘက်လေယာဉ် စမ်းသပ်စဉ်ပျက်ကျ
တစ်ကမ္ဘာလုံးကို ပတ်၍ ဗုံးကြဲနိုင်သည့် လေယာဉ် တစ်စင်း ဖြစ်လာမည့် ရှေ့ပြေး စမ်းသပ် တီထွင် ထားသော အသံထက် အဆနှစ်ဆယ် မြန်သည့် မောင်းသူမဲ့ လေယာဉ်တစ်စင်းကို စမ်းသပ် ပျံသန်းစဉ် ဆက်သွယ်မှု ပြတ်တောက်ပြီး ပျက်ကျသွားကြောင်း ပင်တာဂွန်က ပြောသည်။
Falcon HTV-2 ဟု အမည်ပေးထားသော မောင်းသူမဲ့ လေယာဉ်ကို ကယ်လီဖိုးနီးယားရှိ ဗန်ဒန်ဘာ့ဂ် လေတပ်ဌာနချုပ်မှ ဒုံးပျံတွင် တပ်ဆင်၍ လေထုထဲသို့ ဦးစွာ လွှတ်တင်ပြီး ဒုံးပျံမှ ခွဲထွက်သည့် အဆင့်အထိ အောင်မြင်ခဲ့ကြောင်း ကာကွယ်ရေး အဆင့်မြင့် သုတေသန စီမံကိန်းဌာန (Defense Advanced Research Projects Agency – DARPA) မှ အစီရင်ခံ ခဲ့သည်။
လေယာဉ်သည် မြှားဦးပုံသဏ္ဍာန် ရှိပြီး လိုအပ်သော အမြင့်အရောက်တွင် ဒုံးပျံမှ ခွဲထွက်ပြီး ကမ္ဘာမြေသို့ တဟုန်ထိုး ပြန်လည်ဆင်း သက်လာခဲ့သည်။ ထိုသို့ ဆင်းသက်လာစဉ်တွင် အမြန်ဆုံး ပျံသန်းနိုင်မှုစံချိန်သို့ ရောက်ရှိခဲ့သည်။ ထို့နောက် မြေပြင်စခန်းနှင့် အဆက်အသွယ် ပြတ်ကာ ပစိဖိတ် သမုဒ္ဒရာ အတွင်းသို့ ပျက်ကျသွားခဲ့ကြောင်း စမ်းသပ်ပျံသန်းမှု သရုပ်ပြပုံများအရ သိရှိရသည်။
လေယာဉ်အမြန်နှုန်းမှာ မက်ခ်ျ (Mach) ၂၀ (သို့) တစ်နာရီ ကီလိုမီတာ၂၁,၀၀၀၀ ခရီးပေါက်ခဲ့သည်။ အမေရိကန် စစ်တပ်၏ ရည်ရွယ်ချက်မှာ ယင်းလေယာဉ်မျိုးကို အသုံးပြု၍ ကမ္ဘာပေါ်ရှိ မည်သည့် ဒေသကို မဆို မိနစ်ပိုင်းအတွင်း တိုက်ခိုက်ချေမှုန်းပစ်နိုင် ရန်ရည်ရွယ်သည်။
“ပင်တာဂွန်က လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက ဒီလို တစ်ကမ္ဘာလုံး အလျင်အမြန် တိုက်ခိုက် နိုင်စွမ်း ရှိတဲ့ လေယာဉ်မျိုး လိုချင်နေတာပါ။ ကမ္ဘာပေါ်က ဘယ်နေရာကိုမဆို မိနစ်ပိုင်း နာရီပိုင်းအတွင်း လေကြောင်းကနေ တိုက်ခိုက်လို့ရတယ်။”
“ဒီလောက် အမြင့်မျိုးမှာ ဒီလောက် အမြန်နှုန်းမျိုးနဲ့ ပျံသန်းနိုင်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ အခု လေယာဉ်ပျက်ကျမှုကနေ အဖိုးတန်တဲ့ သင်ခန်းစာတွေ ပင်တာဂွန်အနေနဲ့ ရရှိနိုင်ပါတယ်။ ဒီလို အဆင့်မြင့် နည်းပညာသစ်တွေကို ဖန်တီးရာမှာ ဒီလိုအမှား မျိုးတွေ ဖြစ်ပါတယ်ဆိုတာရယ်၊ ဒီနေ့ပျက်ကျခဲ့ရတဲ့ လေယာဉ်ကနေ နောင်တီထွင်မယ့် ကိစ္စတွေကို သင်ခန်းစာ ရစရာတွေပေးခဲ့တယ်လို့ အမေရိကန် ပြည်ထောင်စုက ပြောပါလိမ့်မယ်။” စသည်ဖြင့် အွန်လိုင်း ဂျာနယ်တစ်စောင် ဖြစ်သော DOD Buzz အယ်ဒီတာ ဖိလစ်အီဝင်းက ပြောကြားသွားသည်။
Source: Al Jazeera




















11:48 AM
HRDP NEWS WORLD
Posted in:
0 comments:
Post a Comment