Monday, August 29, 2011
မိုဂါဒစ်ရှူးသို့တစ်ခေါက် (ငြိမ်းချမ်းရေး ဆောင်းပါး)
ကျွန်တော်မိုဂါဒစ်ရှူးကိုပြန်ရောက်လာခဲ့ပါပြီ။ မိုဂါဒစ်ရှူးက ကျွန်တော်ကြီးပြင်းခဲ့တဲ့မြို့ပါ။ ဒါကြောင့် ပထမဦးဆုံးရောက်ရောက် ချင်းတစ်ရက်နှစ်ရက်လောက် ကျွန်တော်တစ်မြို့လုံးနေရာအနှံ့လျှောက်သွားကြည့်ခဲ့ပါတယ်။
မိုဂါဒစ်ရှူးမြို့က တစ်ချိန်က အင်မတန်စည်ကားလှပတဲ့မြို့ပါ။ အိန္ဒိယသမုဒ္ဒရာနဲ့ ထိစပ်နေပြီးတော့ သာယာတဲ့ရာသီဥတု၊ သဲဖြူ ဖွေးဖွေးကမ်းခြေတွေနဲ့ နေချင်စဖွယ် မြို့တစ်မြို့ဖြစ်ပါတယ်။ မြို့ပြင်ကို နည်းနည်းကားမောင်းထွက်သွားလိုက်ရင် စိမ်းလန်းစိုပြေတဲ့၊ ပန်းရောင်စုံ အက်ဖ်ဂူရီ ဥယျာဉ်ကိုရောက်ပါတယ်။ အခုတော့ စိတ်ပျက်စရာကောင်းလောက်အောင် စုတ်ပြတ်သတ်နေတဲ့မြို့ဖြစ်နေပါပြီ။
နှစ်နှစ်ဆယ်ပြည်တွင်းစစ်ရဲ့ အရုပ်ဆိုးအကျည်းတန်တဲ့ မြင်ကွင်းတွေကိုပဲ မြင်တွေ့ရမှာပါ။ လမ်းတွေလည်း ပျက်ကုန်ပြီ။ ထင်ရှား တဲ့အဆောက်အဦတွေဖြစ်တဲ့ ပါလီမန်နဲ့ အမျိုးသားဇါတ်ရုံတွေဆိုတာလည်း လုံးဝပျက်စီးလုနီးနီးဖြစ်နေပြီ။ ကျည်ဆံရာမရှိတဲ့၊ ကျည်မခတဲ့အဆောက်အဦဆိုလို့ မရှိသလောက်ပါပဲ။ အယ်လ်ရှာဘက် သူပုန်တွေ ဆုတ်ခွာသွားတဲ့နေရာတွေမှာဆို အဆိုးဆုံးပဲ။
စွန့်ခွာထွက်ပြေးသွားကြတဲ့လူတွေဆို ခုထိပြန်တောင်မလာနိုင်ကြသေးဘူး။
စစ်ပွဲက အပြင်ပန်းအဆောက်အဦတွေ၊ ရုပ်ဝတ္ထုပစ္စည်းတွေကိုသာ မကဘူး။ မြို့သူမြို့သားလူတွေရဲ့စိတ်ဓါတ်တွေကိုပါ ပျက်စီး စေခဲ့ပါတယ်။ လူတွေက သေနတ်သံတွေနဲ့ နားယဉ်ပြီးတော့ အသံကြားလိုက်ရင်ပဲ ဒါဘာသေနတ်သံဆိုတာကို ခွဲခြားသိနေပြီ။ ဒါလေထဲကိုပစ်တာလား ၊ လူကိုပစ်တာလားလို့ သူတို့စဉ်းစားနေမယ်။ ဒါမှမဟုတ် အာဖရိကသမဂ္ဂငြိမ်းချမ်းရေးစစ်တပ်က ပစ်လိုက်တာလား ဆိုတာ သူတို့တွေးနေမယ်။
ဥပမာအားဖြင့် အစိုးရစစ်သားတွေက သေနတ်ကို မိုးပေါ်ထောင်ဖေါက်ပြီးတော့ ပိတ်ဆို့နေတဲ့ယာဉ်ကြောတွေကို ရှင်းလင်းမယ်။ ဒါကိုခပ်ဝေးဝေးကကြားရတဲ့ လူတွေက ဒါယာဉ်ကြောရှင်းနေတာ၊ အရေးမကြီးပါဘူးဆိုတာ သူတို့သိတယ်။ ဒါပေမယ့် တစ်ခါတစ်လေလည်း အဲဒီလို သေနတ်သံတွေဟာ လူကိုပစ်တဲ့၊ သေပျောက်မှုဖြစ်တဲ့ သေနတ်သံလည်းဖြစ်နေတတ်ပါတယ်။
လူတိုင်းရေဒီယိုနားထောင်ပြီးတော့ ဘယ်နေရာတွေမှာ အန္တရာယ်ရှိတယ်။ ဘယ်နေရာတွေကို ရှောင်ရှားရမယ်ဆိုတာ သိထား ဖို့လိုတယ်။ ယူနီဖေါင်းဝတ် လက်နက်ကိုင်တွေအပြင် အိမ်တိုင်းမှာ သေနတ်ရှိတယ်။ တစ်ခုကောင်းလာတာက မြို့လည်ခေါင်မှာ တိုက်ပွဲတွေ သိပ်မဖြစ်တော့ဘူး။ ဒါပေမယ့် တစ်ချိန်ကစစ်သွေးကြွဖြစ်ခဲ့ဖူးပြီး ပြည်သူတွေကိုအကြမ်းဖက်ခဲ့ဖူးတဲ့ လက်နက်ကိုင် တွေက အခုအခါအစိုးရစစ်သားတွေဖြစ်နေပြန်ရော။ သူတို့က စည်းမဲ့ကမ်းမဲ့နဲ့ အရင်ကအကျင့်တွေ မပျောက်ဘူး။
အစိုးရက သူတို့ကို သေသေချာချာပြန်လေ့ကျင့်ပေး၊ စည်းကမ်းကလနားပြန်ချပေးပြီး လမ်းမတွေပေါ်ကနေ ဖယ်ရှားပေးလိုက်ရင်တော့ မိုဂါဒစ်ရှူးမှာ ပြန်ပြီးလုံခြုံလာနိုင်မယ်။
မိုဂါဒစ်ရှူးဟာ ဆိုမာလီနိုင်ငံရဲ့မြို့တော်ဖြစ်ပြီး အကြီးဆုံးမြို့တော်လည်းဖြစ်ပါတယ်။ လုံခြုံမှုမရှိပဲနဲ့တော့ ဆိုမာလီယာနိုင်ငံသား တွေအားလုံးအတွက် စံနစ်ကျတဲ့ အစိုးရတစ်ရပ်ဖြစ်ထွန်းဖို့ ခက်ခဲနေဦးမှာပါ။
ဆောင်းပါးရှင် Abdurahman Warsame ၏ Returning to Mogadishu ကိုဘာသာပြန်၍ဖေါ်ပြပါသည်။
Source: Al Jazeera
0 comments:
Post a Comment