Wednesday, September 7, 2011
အိန္ဒိယ နယူးဒေလီတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား
လက်ဆွဲသေတ္တာတွင်း ထည့်၍ထောင်ထားသော ဗုံးတစ်လုံး ပေါက်ကွဲသဖြင့် အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီရှိ တရားရုံးတစ်ရုံး ရှေ့တွင် လူ ၁၁ ဦးထက်မနည်းသေဆုံးပြီး ၄၅ ဦးဒဏ်ရာရရှိခဲ့သည်။
“သူရဲဘောကြောင်တဲ့ အကြမ်းဖက်လုပ်ရပ်ဖြစ်ပါတယ်။” ဟု အိန္ဒိယဝန်ကြီးချုပ်မန်မိုဟန်ဆင်းက ပြောကြားခဲ့သည်။
လတ်တလောတွင် ဆင်းသည် ဘင်္ဂလားဒေ့ရှ်သို့ အလည်အပတ် ရောက်ရှိနေခိုက်ဖြစ်သည်။
“အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှုကို ကျွန်တော်တို့ ဂရုစိုက်မှာ မဟုတ်ပါဘူး။ နိုင်ငံရေး ပါတီတွေအားလုံး၊ အိန္ဒိယ ပြည်သူတွေအားလုံး အတူတူ ပူးပေါင်းလက်တွဲကြပြီးတော့ အကြမ်းဖက်မှုတွေကို နှိမ်နင်းရမှာ ဖြစ်ပါတယ်။”
ပြည်ထဲရေးဝန်ကြီး ပလာနီယက်ပန် ချီဒမ်ဘာရမ်ကလည်း ဗုဒ္ဓဟူးနေ့က ပါလီမန်တွင် မိန့်ခွန်းပြောကြားခဲ့ရာ “ဒီလိုအကြမ်းဖက်မှု ကျူးလွန်ခဲ့တဲ့ လူတွေကို တွေ့အောင်ရှာပြီး တရားဥပဒေရှေ့မှောက်ပို့ဆောင်ရပါမယ်။” ဟု ပြောကြားခဲ့သည်။
နာရီအနည်းငယ်မျှအကြာတွင် ဒေလီရဲအဖွဲ့က သံသယရှိသူနှစ်ဦး၏ ပုံပန်းသဏ္ဍာန်ကို ပန်းချီရေးဆွဲ၍ ထုတ်ပြန်ခဲ့သည်။
အဆိုပါဗုံးပေါက်ကွဲမှုမှာ မိမိတို့၏လက်ချက်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှေ့်နှင့် ပါကစ္စတန်အခြေစိုက် ဟာကက်-အူလ်-ဂျီဟက်အစ္စလာမ် HUJI အဖွဲ့က အီးမေးလ်ဖြင့် အသိပေးခဲ့သည်ဟု အာဏာပိုင်များက ပြောဆိုခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဆိုသည်။
“HUJI အဖွဲ့ဟာ နာမည်ကြီး အကြမ်းဖက် အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး သူတို့ရဲ့ ပစ်မှတ်တွေထဲမှာ အိန္ဒိယလည်း တစ်ခုအပါအဝင်ဖြစ် တာကြောင့် ဒီအီးမေးလ်ကို အလေးထား စုံစမ်းလေ့လာနေပါတယ်။” ဟု အမျိုးသား စုံစမ်းရေးအေဂျင်စီ NIA ၏ အကြီးအကဲ အက်စ်စီ ဆင်ဟာက သတင်းထောက်များကို ပြောပြခဲ့သည်။
အီးမေးလ်တွင် ၂၀၀၁ ခုနှစ်ပါလီမန်ဗုံးပေါက်ကွဲမှုကြောင့် ဖမ်းဆီးပြီး ကြိုးမိန့်ကျခံထားရသူ ၎င်းတို့ အဖွဲ့ဝင်တစ်ဦးအား ကြိုးမိန့်မှ ပယ်ဖျက်ပေးရန်တောင်းဆိုချက်ပါဝင်သည်။
ဗုံးပေါက်ကွဲရာနေရာသည် ပါလီမန်၊ ဝန်ကြီးချုပ်ရုံးတို့နှင့် မနီးမဝေးတွင်ဖြစ်ပြီး ရဲက တားမြစ်နယ်မြေသတ်မှတ်ထားသည်။
တရားရုံးအတွင်း ဝင်ရောက်ခွင့်ရရန် လူအများ တန်းစီစောင့်ဆိုင်းပြီး လက်မှတ်ရယူရာနေရာတွင် ဗုံးပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း ပြည်ထဲရေးညွှန်ချုပ် အာရ်ကေဆင်း ကပြောသည်။
“လက်ဆွဲသေတ္တာ အပိုင်းအစတွေ တွေ့ရတဲ့အတွက် လက်ဆွဲသေတ္တာထဲမှာ ထည့်ပြီးထောင်ထားတဲ့ ဗုံးလို့ ယူဆရပါတယ်။”
ဒေလီပြည်နယ် အစိုးရကသေဆုံးသွားသူများ၏ ကျန်ရစ်သူမိသားစုများကို ၈၆၇၁ ဒေါ်လာနှင့်ညီမျှသော အိန္ဒိယရူပီး ၄၀၀,၀၀၀ နှင့် ဒဏ်ရာရရှိသူများကို ရူပီး ၁၀၀,၀၀၀ - ၂၀၀,၀၀၀ (ဒေါ်လာ ၂၁၆၈ - ၄၃၃၆) ပေးလျော်မည်ဖြစ်ကြောင်း ဆိုသည်။
Source: Al Jazeera




















10:23 PM
HRDP NEWS WORLD

Posted in:
1 comments:
for real Burmese people - http://tinyurl.com/sharphwei
(tha_khoe zawgyi users are not Burmese)
Post a Comment