Friday, October 7, 2011
ဝေါလ်စထရိ လှုပ်ရှားမှု အားကောင်းလာ
အမေရိကန်နိုင်ငံ နယူးယောက်မြို့ စီးပွားရေးအချက်အခြာရပ်ကွက်တွင် ဖြစ်ပွားနေသော လူထုဆန္ဒပြမှုများကို အဖွဲ့အစည်းအသီး သီးမှ စိတ်ဝင်းစားလာကြပြီး အင်အားကောင်းသော သမဂ္ဂများမှ လာရောက်ပူးပေါင်းကာ တက္ကသိုလ်ကျောင်းသားအချို့လည်း ဆန္ဒပြမှုတွင်ပါဝင်လှုပ်ရှားလာကြသည်။
“ဝေါလ်စထရိကို သိမ်းပိုက်ကြ” ဟု အမည်ပေးထားသော လူထုလှုပ်ရှားမှုကြီးသည် နယူးယောက်တွင် လွန်ခဲ့သော သုံးပတ်ခန့်မှ စတင်ခဲ့ပြီး ဗုဒ္ဓဟူးနေ့က အမေရိကန်ရှိ အလုပ်သမားသမဂ္ဂ ဆယ်ဂဏာန်းကျော်ပူးပေါင်းလာခဲ့သည်။
ယင်းသို့ပူးပေါင်းလာသည့် သမဂ္ဂများထဲတွင် “တရုတ်တန်းအိမ်ငှားများသမဂ္ဂ” နှင့် “သယ်ပို့အလုပ်သမားများသမဂ္ဂ” တစ်သီးပုဂ္ဂလ အုပ်စု MoveOn.org နှင့် လူမှုရေးအဖွဲ့အစည်းများဖြစ်သော အလုပ်သမားမိသားစုပါတီနှင့် နယူးယောက်အသင်း တို့ ပါဝင်သည်။ ယင်းအဖွဲ့များက တရားရုံးများပတ်ချာလည်ဝန်းရံနေသော မက်ဟန်တန်ရပ်ကွက် ဖော်လေရင်ပြင်မှ စတင်၍ ချီတက်ခဲ့ကြသည်။
ထိုမှတစ်ဆင့် ဆန္ဒပြလူထုလှုပ်ရှားမှုဆုံရပ်အဖြစ်သတ်မှတ်ထားပြီး အိပ်ယာများကိုပါယူဆောင်ကာ ဆန္ဒပြသူများ ညအိပ်ညဥ့်နေ အခြေစိုက်ထားသော ဇပ်ကော့တီပန်းခြံသို့ရှေးရှုသွားခဲ့ကြသည်။ လူဦးရေမည်မျှပါဝင်သည်ကို အတိအကျမသိရသော်လည်း ထောင်ဂဏန်းရှိသည်ဟု စည်းရုံးလှုပ်ရှားသူများက ဆိုသည်။
“အလုပ်သမားတွေလည်း လှုပ်ရှားမှုမှာပါဝင်လာတာ သိပ်ပြီးတော့အားတက်ဖွယ်ကောင်းပါတယ်။” ဟု အလုပ်သမားကိုးကွယ်ရေးတပ်ပေါင်းစု ၏ ပြောရေးဆိုခွင့်ရ အယ်လ်ဘာနီက ပြော၏။ ယင်းတပ်ပေါင်းစုသည် နယူးယောက်တွင် အခြေစိုက်ပြီး အလုပ်သမားများအတွက် တရားမျှတမှုရှိရန်ဦးတည်ဆောင်ရွက်နေသော အဖွဲ့ဖြစ်၏။
လှုပ်ရှားမှုကြီးတွင် နောက်ထပ်အဖွဲ့အစည်းများပါဝင်ပူးပေါင်းလာခြင်းကြောင့် ဆန္ဒပြသူများ ပျော်ရွှင်ဝမ်းမြောက်နေကြကြောင်း အခင်းဖြစ်ပွားရာနေရာတွင်ရောက်ရှိသတင်းယူနေသော အယ်လ်ဂျာဇီယာသတင်းထောက် ကာ့သ်တာနာက သတင်းပေးပို့ ပြော ကြားခဲ့သည်။ သူတို့ဆောင်ရွက်ချက်များ ခရီးအတော်ရောက်နေခြင်းကြောင့် ဦးဆောင်စည်းရုံးလှုပ်ရှားသူများလည်းတက်ကြွနေ ကြောင်းဆိုသည်။
နယူးယောက်အသင်းမှ ဗုဒ္ဓဟူးနေ့ချီတက် ဆန္ဒပြခွင့်တောင်းဆိုထားကြောင်း ၊ လူ ၂,၀၀၀ ခန့်ပါဝင်မည်ဟု မျှော်လင့်ကြောင်း ရဲက ပြောသည်။
“သူတို့မှာ အင်အားမရှိဘူးလို့ သူတို့ခံစားနေရတယ်လေ ။ သူတို့ပြောတာကို ဘယ်သူမှလည်း ဂရုမစိုက်ဘူးလို့ ခံစားနေ ရတယ်။ ရှင်ပြောတာကို ဘယ်သူကမှ ဂရုမစိုက်ဘူး၊ နားထောင်မပေးဘူးဆိုရင် ရှင်ဘာလုပ်မလဲ။ ထုတ်ပြောရမယ်။ လုပ်စရာရှိတာ လုပ်ရမယ်လေ။” ဟု နယူးယောက်အသင်း၏ အမှုဆောင်ဒါရိုက်တာ ကမ္မီလီရီဗာရာက ပြောသည်။
ဆန္ဒပြချီတက်ပွဲတွင်ပါဝင်မည့်လူများအတွက်မူ ခွင့်ပြုချက်ရယူရန်မလိုပေ။ သို့သော် ပုံမှန်အားဖြင့် တရားမဝင်ဟုသတ်မှတ်ထား သော လမ်းမပေါ်တွင် အပြည့်အလျှံတက်ရောက်ချီတက်လမ်းလျှောက်ခြင်းအတွက်မူ ခွင့်ပြုချက်ရှိရမည်ဖြစ်သည်။
စနေနေ့က ဘရွတ်ကလင်းတံတားပေါ်တွင် ဖြစ်ပျက်ခဲ့သော ဆန္ဒပြမှုဖြစ်ရပ်တွင် ရဲများက သတိပေးတားမြစ်နေသည့်ကြားမှ လမ်းမပေါ်သို့ဆင်းကာ ဆန္ဒပြခဲ့ကြသည့် အတွက် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသော လူ ၇၀၀ သည် တရားရင်ဆိုင်ရမည်ဖြစ် သည်။
နယူးယောက်ရဲဌာပြောခွင့်ရ ပေါလ်ဘရောင်နီက ဗုဒ္ဓဟူးနေ့ဆန္ဒပြပွဲကို ထိန်းသိမ်းရန် ရဲများလည်း ပြင်ဆင်ထားကြောင်း ဆိုသည်။
“လမ်းဘေးပလက်ဖေါင်းနဲ့ ကပ်လျက်လမ်းမပေါ်မှာ ရဲတွေနေရာယူထားပါလိမ့်မယ်။ လူတွေကိုလမ်းမကြီးပေါ်မဆင်းဖို့ ထိန်းသိမ်းပေးကြဖို့ပါ။ ဒါပေမယ့် လူအုပ်အရမ်းများလာရင်လည်း လမ်းမပေါ်ဆင်းပြီးလမ်းလျှောက်ကြဖို့ လိုမယ်ဆိုတာ ကျွန်တော် တို့နားလည်ပါတယ်။” ဟု သူက ဆိုသည်။
အကယ်၍ ဆန္ဒပြအုပ်စုများက ဘရော့ဒ်ဝေးလမ်းမကြီးပေါ်သို့ဆင်းကာ မော်တော်ကားယာဉ်ကြောများပိတ်ဆို့ရပ်တန့်သွားစေရန် ရည်ရွယ်၍လုပ်ဆောင်ပါက ဖမ်းဆီးခံရလိမ့်မည်ဖြစ်ကြောင်း ဘရောင်နီက ပြောသည်။
“ဝေါလ်စထရိကို သိမ်းပိုက်ကြ” ဟူသောလှုပ်ရှားမှုသည် စက်တင်ဘာလ ၁၇ ရက်နေ့က လူအနည်းငယ်မှစတင်၍ နယူးယောက် စတော့အိပ်ချိန်းအဆောက်အဦရှေ့တွင် တဲများထိုးပြီးဆန္ဒပြလှုပ်ရှားရာမှပေါ်ပေါက်လာခြင်းဖြစ်သည်။
ထိုအချိန်မှစကာ ရာပေါင်းများစွာစုဝေးရောက်ရှိလာကြပြီး အနီးရှိပန်းခြံအတွင်းစတည်းချကာ တဖြည်းဖြည်းအင်အားကောင်းလာ ခြင်းဖြစ်သည်။ ထို့နောက် ဆေးဝါးအကူအညီအဖွဲ့များ၊ ဥပဒေရေးရာ အကူအညီပေးသူများနှင့်တကွ Occupy Wall Street Journal အမည်ဖြင့်ကိုယ်ပိုင်ဂျာနယ်ကိုပင်ရိုက်နှိပ်ထုတ်ဝေခဲ့ကြလေသည်။
နိုင်ငံတစ်ဝှမ်းမှ အခြားအဖွဲ့များလည်း စုဝေးကာဆန္ဒပြကြလေသည်။
Source: Al Jazeera
0 comments:
Post a Comment