Saturday, October 15, 2011
ထရီပိုလီတွင် တိုက်ပွဲငယ်ဖြစ်ပွား
လစ်ဗျားအမျိုးသားအသွင်ကူးပြောင်းရေးကောင်စီ (NTC ) နှင့် အာဏာရှင်ဟောင်းကဒါဖီကိုထောက်ခံသော တပ်များကြား မြို့တော် ထရီပိုလီတွင်တိုက်ပွဲတစ်ပွဲဖြစ်ပွားခဲ့သည်။
သောကြာနေ့က အဘူဆာလင်မ်မြို့တွင် လက်နက်ကိုင်လူတစ်စု ထွက်ပေါ်လာပြီး ကဒါဖီလိုလားသော ကြွေးကြော်သံများ ကြွေးကြော်ခဲ့ကြကြောင်း မြို့ခံလူထုကပြောသည်။ ထို့နောက် အဘူဆာလင်မ်အနီး ဟေးနက်ဆာခရိုင်တွင် NTC တပ်သားများ ကလက်နက်အပြည့်အစုံတပ်ဆင်ထားသော နောက်ပွင့်ကားများဖြင့်ထွက်လာကြပြီး စစ်ဆေးရေးဂိတ်များ ချထားလိုက်သည်။
လက်ဖြောင့်သေနတ်သမားများရှိမည်ဟုထင်ရသော အဆောက်အဦများကို ပစ်ခတ်ခဲ့ကြသည်။
အယောက် ၂၀ မှ အယောက် ၅၀ အထိရှိမည့် ကဒါဖီထောက်ခံသူ လက်နက်ကိုင်များကလည်း NTC စစ်တပ်ကို အော်တိုမက် တစ်သေနတ်များ၊ စက်သေနတ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း မျက်မြင်သက်သေတစ်ဦးက ရိုက်တာသတင်းဌာနသို့ပြောကြားခဲ့သည်။
မြို့တော်ထရီပိုလီ အဘူဆာလင်မ်ခရိုင်အတွင်း မီးခိုးများထွက်နေသည်ကို တွေ့နေရကြောင်း အယ်ဂျာဇီယာသတင်းထောက် ဂျိမ်းစ်ဘေးက ထရီပိုလီမှ သတင်းပေးပို့ခဲ့သည်။
`အဲဒီမှာ သေနတ်သံတွေ ၊ လက်နက်ကြီးသံတွေ ကြားခဲ့ရပါတယ်။´ ဟုဆိုသည်။
လူတစ်ယောက်က ကဒါဖီအလံဖြစ်သောအစိမ်းရောင်အလံကိုလွှင့်တင်ခဲ့သည်ကိုတွေ့သဖြင့် စတင်ပစ်ခတ်ခဲ့ကြောင်း ထရီပိုလီမြို့ သိန်းငှက်တပ်ရင်းမှ တပ်သား အာဆမ်အယ်လ်-ဘက်ရှားက ပြောသည်။ ကဒါဖီထောက်ခံသူ တိုက်ခံရေးသမား ၁၀ ယောက်မှ ၁၅ ယောက်အထိဖမ်းဆီးရမိခဲ့ကြောင်း NTC တာဝန်ရှိသူများက ဆိုသည်။
လွန်ခဲ့သည့်သြဂုတ်လအတွင်း ထရီပိုလီကို အတိုက်အခံ NTC တို့သိမ်းပိုက်ပြီး ကဒါဖီကိုမောင်းထုတ်လိုက်သည့်အချိန်မှစ၍ ပထမဦးဆုံးအကြိမ်အဖြစ်တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး လက်နက်ကြီးပေါက်ကွဲသံများ မြို့တွင်း၌ မြည်ဟည်းနေသည်။ ဟက်ဒ်ဘား ခရိုင်အနီးတွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း NTC တပ်သားများက ပြောသည်။
`သောကြာနေ့ ၀တ်ပြုဆုတောင်းပွဲပြီးတာနဲ့ စပြီးထကြွကြဖို့ ကဒါဖီက သူတို့ကို မနေ့ညက ညွှန်ကြားထားခဲ့ပါတယ်။´ ဟု NTC တပ်သားတစ်ဦးဖြစ်သူ အဘ္ဘဒူလာက ပြောသည်။
`ဒါကြောင့် အချို့ထကြွလာပြီး တိုက်ပွဲဖြစ်ခဲ့တာပါ။´
ကဒါဖီကလည်း အသံသွင်းတိပ်ခွေများဖြင့်အသံသွင်းကာ သူ့ကိုအာဏာမှဖြုတ်ချခဲ့သော NTC ကိုပြန်လည်ပုန်ကန်တိုက်ခိုက်ကြ ရန် နှိုးဆော်လျက်ရှိသည်။
`လစ်ဗျားပြည်သူတွေသန်းပေါင်းများစွာ ရင်ပြင်တွေဆီ၊ မြို့တော်တွေ၊ ရွာတွေဆီ ချီတက်ကြလော့ ။´ ဟု လွန်ခဲ့သည့်လက ထွက်ပေါ်လာခဲ့သော အသံဖိုင်တစ်ခုတွင် လှုံ့ဆော်ခဲ့သည်။
`ငြိမ်းချမ်းစွာချီတက်ကြလော့ ။ သတ္တိရှိကြလော့ ။ ထကြွကြလော့ ။ လမ်းတွေပေါ်တက်ကြလော့ ။ ကျုပ်တို့ရဲ့အစိမ်း ရောင်အလံတော်ကို ကောင်းကင်ထိအောင်လွှင့်တင်ကြလော့ … ။´
Source: Al Jazeera




















11:19 AM
HRDP NEWS WORLD

Posted in:
0 comments:
Post a Comment