Monday, November 21, 2011
လစ်ဗျားထောက်လှမ်းရေးအကြီးအကဲဟောင်းကို ဖမ်းမိ
ကဒါဖီလက်ထက် လစ်ဗျားထောက်လှမ်းရေးခေါင်းဆောင် အဘ္ဘဒူလာ အယ်-ဆနူဆီအားဖမ်းဆီးရမိခဲ့ပြီဖြစ်ကြောင်း အမျိုးသားအသွင်ကူးပြောင်းရေးကောင်စီ (NTC) ကပြောကြားလိုက်သည်။
“သူ့ကို နိုင်ငံတောင်ပိုင်း အယ်-ဂူအီရာမှာဖမ်းမိတာပါ။” ဟု NTC တာဝန်ရှိသူတစ်ဦးက AFP သတင်းဌာနသို့ ပြောကြားခဲ့သော်လည်း မည်သည့်အချိန်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မပြောခဲ့ပေ။ ယမန်နေ့က ကဒါဖီ၏သား ဆာအစ်အယ်-အစ္စလာမ်ကို ဖမ်းဆီးရမိခဲ့ပြီးနောက် ဆနူဆီကို ဖမ်းဆီးမိခြင်းဖြစ်သည်။
နိုင်ငံတကာရာဇဝတ်မှုခုံရုံး (ICC) ကဆာအစ် နှင့် ဆနူဆီတို့နှစ်ဦးအား လူ့အဖွဲ့အစည်းအပေါ်ကျူးလွန်သည့် ရာဇဝတ်ပြစ်မှုများဖြင့် အလိုရှိကြောင်း ဇွန်လ ၂၇ ရက်နေ့က ဖမ်းဝရမ်းထုတ်ခဲ့သည်။
ဆနူဆီကိုဖမ်းမိကြောင်းကို ဘန်ဂါဇီမြို့၌ ကြေငြာခဲ့ခြင်းဖြစ်သည်။ လစ်ဗျားကာကွယ်ရေးဝန်ကြီး ဂျာလာအယ်-ဒစ်ဟီးလီးက ဆနူဆီကိုဖမ်းဆီးရမိခြင်းသည် “အောင်ပွဲ” တစ်ရပ်ပင်ဖြစ်ကြောင်း မှတ်ချက်ပေးပြောကြားခဲ့သည်။ ထရီပိုလီမြို့ရှိ တော်လှန်ရေးကောင်စီအဖွဲ့ဝင်တစ်ဦးကလည်း ဖမ်းဆီးရမိခြင်းသတင်းမှန်ကန်ကြောင်း အတည်ပြုပြော ကြားသည်။
ဆနူဆီသည် ကဒါဖီ၏ ယောက်ဖတော်သူဖြစ်သည်။ ဆနူဆီကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့တရုံးမှ ၁၉၉၉ ခုနှစ်အတွင်းက မျက်ကွယ်ထောင်ဒဏ် ချမှတ်ထားခဲ့သည်။ ၁၉၉၉ မတိုင်မီ လွန်ခဲ့သော ၁၀ နှစ်က ပြင်သစ်လေကြောင်းလိုင်း UTA တိုက်ခိုက်ခံရမှုတွင် လူ ၁၇၀ သေဆုံးခဲ့ပြီး နောက်ကွယ်မှ ဆနူဆီကြိုးကိုင်ခဲ့သည်ဟု ယူဆသောကြောင့်ဖြစ်၏။
Source: Al Jazeera




















11:56 AM
HRDP NEWS WORLD
Posted in:
0 comments:
Post a Comment