Sunday, December 18, 2011
အီရတ်မှ အမေရိကန်တပ်များ နောက်ဆုံးအသုတ်ထွက်ခွါ
အီရတ်တွင် နောက်ဆုံးကျန်နေသော အမေရိကန်စစ်တပ်များ ကူဝိတ်နယ်စပ်သို့ရောက်ရှိဆုတ်ခွါနေကြပြီဖြစ်သည်။ အီရတ်တွင် ကိုးနှစ်ကျော်ကြာတပ်စွဲပြီးနောက် လုံးဝပြန်လည်ဆုတ်ခွါခြင်းဖြစ်သည်။
နောက်ဆုံးလက်ကျန် စစ်သည်တော် ၅၀၀ ခန့်ကိုတင်ဆောင်လာသော ကားအစီး ၁၁၀ ခန့် တနင်္ဂနွေနေ့ ဒေသစံတော်ချိန် ၇ နာရီ ၃၈ မိနစ်ခန့်တွင် နယ်စပ်ကို ဖြတ်ကျော် လာခြင်းဖြစ်သည်။ အမေရိကန်သံရုံးအစောင့်အရှောက် အတွက် စစ်သည်အင်အား ၂၀၀ ကျော်သာကျန်ရစ်ခဲ့တော့သည်။
ကူဝိတ်ဘက်နယ်စပ်အခြမ်းသို့ နောက်ဆုံးထရပ်ကားများဖြတ်ကျော်လာခဲ့ပြီး စစ်သားများမတ်တပ်ရပ်ကာ လက်များ ဝှေ့ယမ်းနှုတ်ဆက်ကြပြီး ဓါတ်ပုံရိုက်နေကြသည်။
ကိုးနှစ်တာကာလ အီရတ်စစ်ပွဲအတွင်း အမေရိကန်စစ်သား ၄,၅၀၀ ခန့်နှင့် အီရတ်စစ်သား သောင်းဂဏန်းနှင့် ချီကာ သေဆုံးခဲ့သည်။ ဒဏ်ရာရသူအများအပြားနှင့် စစ်ပွဲကြောင့်ရွှေ့ပြောင်းရသူပေါင်း ၁.၇၅ သန်းခန့်ရှိသည်။
စစ်ပွဲအဆုံးသတ်ပြီး ပြန်လည်ဆုတ်ခွါရာတွင် အခြေစိုက်စခန်းပေါင်း ရာပေါင်းများစွာနှင့် ရှေ့တန်းစစ်မျက်နှာပေါင်း များစွာမှ စစ်သည်များ၊ လက်နက်ခဲယမ်းများရွှေ့ပြောင်းခဲ့ရသည်။ လွန်ခဲ့သည့်နှစ်ကတည်းက အမေရိကန်စစ်သည် ပေါင်း ၅၀,၀၀၀ ခန့်နှင့် လက်နက်ခဲယမ်းများကို တစ်စချင်း ရွှေ့ပြောင်းလာခဲ့ကြသည်။
စစ်သင်တန်းများ၊ လုံခြုံရေးအကူအညီပေး စစ်သည်များနှင့် အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေး စစ်သည်များပါ ပြန်လည်ထွက်ခွါလာကြပြီဖြစ်သည်။
သမ္မတဂျော့ဒဗလျူဘုရှ်လက်ထက် ၂၀၀၇ ခုနှစ်အတွင်း နောက်ထပ်ပို့ဆောင်လိုက်သော စစ်သည်အင်အား ၁၇၀,၀၀၀ အပါအဝင် စစ်စခန်း ၅၀၀ ခန့်ကို တဖြည်းဖြည်းချင်းလျှော့ချသွားရာ စစ်စခန်း နှစ်ခုမှ စစ်သည်အင်အား ၄,၀၀၀ ခန့်ကို ကြာသပတေးနေ့မှစ၍ ရွှေ့ပြောင်းထွက်ခွါခိုင်းနေခြင်းဖြစ်သည်။
Source: Al Jazeera
0 comments:
Post a Comment