![]() |
| ဆော်ဒီ ဟိုက်ကုတ်တရားရုံး |
ဆော်ဒီအာရေဗျနိုင်ငံတွင် အမျိုးသမီးတစ်ဦးအား မှော်အတတ်ကျင့်သုံးမှုကြောင့် ခေါင်းဖြတ်ကွပ်မျက်လိုက်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။ ဆော်ဒီတွင် မှော်အတတ်များလေ့လာလိုက်စားကျင့်သုံးမှုကို ပိတ်ပင်တားမြစ်ထားသည်။
အသတ်ခံရသူအမျိုးသမီး၏ အမည်မှာ အမီနာဘင့် အဘ္ဘဒူလ်ဟာလင်မ် ဘင် ဆာလမ်နက်ဆာဖြစ်ပြီး မှော်အတတ် ကျင့်သုံးမှုကြောင့် နိုင်ငံမြောက်ပိုင်း ဂျော့ဖ်ပြည်နယ်တွင် တနင်္လာနေ့က ကွပ်မျက်လိုက်ခြင်းဖြစ်ကြောင်း နိုင်ငံပိုင် SPA သတင်းဌာနက ကြေငြာခဲ့သည်။ အမှုသွားအမှုလာ အသေးစိတ်ကိုမူ ဝန်ကြီးဌာနက ပြောဆိုခဲ့ခြင်းမရှိပေ။
နက်ဆာသည် အသက် ၆၀ ရှိပြီး လူအများထံမှ အခကြေးငွေယူကာ ရောဂါဘယများကို မှော်အတတ်ဖြင့်ပျောက် ကင်းအောင်ကုသပေးနိုင်သည်ဟု လိမ်လည်ခဲ့ကြောင်း ဆော်ဒီဘာသာရေးရဲတစ်ဦး၏ ပြောကြားမှုကို ကိုးကား၍ လန်ဒန်အခြေစိုက် အယ်-ဟေးယက်သတင်းစာတွင် ဖေါ်ပြခဲ့သည်။ သူမနှင့် တစ်ကြိမ်တွေ့ဆုံကုသလျင် ဒေါ်လာ ၈၀၀ အထိ ယူကြောင်းသိရသည်။
အောက်တိုဘာလအတွင်းက အမျိုးသမီးတစ်ဦးက အိမ်ကိုမီးတင်ရှို့ပြီး လင်ယောင်္ကျားဖြစ်သူကို သတ်ဖြတ်ခဲ့ခြင်း ကြောင့် ခေါင်းဖြတ်ကွပ်မျက်မှုအပါအဝင် ယခုနှစ်အတွင်း ဆော်ဒီတွင် သေဒဏ်ပေးမှု ၇၃ ခုအထိ ရှိပြီဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက ပြောသည်။ သို့သော် အမျိုးသမီးမည်မျှကို သေဒဏ်ပေးခဲ့ပြီး ဖြစ်ကြောင်း ဆော်ဒီအစိုးရက သတင်းထုတ်ပြန်ခြင်းမရှိပေ။
တနင်္လာနေ့စီရင်မှုကို လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက အလွန်ထိတ်လန့်တုန်လှုပ်ဖွယ် တရားစီရင်ခြင်းအဖြစ် ရှုံ့ချ ပြောဆိုခဲ့ပြီး ယင်းသို့စီရင်မှုများကို အမြန်ဆုံးရပ်တန့်ရန် တောင်းဆိုလိုက်သည်။
“ မှော်အတတ်၊ စုန်းကဝေ အတတ်များကို ဆော်ဒီမှာ ရာဇဝတ်မှုအဖြစ်သတ်မှတ်မထားပါဘူး။ အဲဒီအတွက် အမြင့်ဆုံးပြစ်ဒဏ်တပ်လိုက်တာက အလွန်ရက်စက်ရာကျပါတယ်။” ဟု အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိက ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး၏ ယာယီဒါရိုက်တာ ဖီးလစ်လူသာက ပြောသည်။
မုဒိန်းမှု၊ လူသတ်မှု၊ ဘာသာကူးပြောင်းမှု၊ ဘာသာစွန့်ပယ်မှု၊ လက်နက်ကိုင်ဆောင် ဓါးမြတိုက်မှု၊ မူးယစ်ဆေးဝါးမှု တို့သည် ဆော်ဒီ တွင် သေဒဏ်ထိုက်သော ပြစ်မှုများဖြစ်သည်။
ဆော်ဒီသည် အကြွင်းမဲ့သက်ဦးဆံပိုင်ဘုရင်စံနစ်ဖြစ်ပြီး ရာဇဝတ်အက်ဥပဒေများရေးဆွဲထားခြင်းမရှိပေ။ နိုင်ငံ၏ ဥပဒေများမှာ တရားသူကြီးများက အဓိပ္ပါယ်ဖွင့်ဆိုထားသည့် အစ္စလာမ်ကျမ်းစာလာ ရှာရီရာဥပဒေများကိုပင်အခြေခံ ကျင့်သုံးသည်။
၂၀၁၀ ခုနှစ်တွင် ၂၇ ဦးသေဒဏ်ပေးခဲ့ပြီး ၂၀၀၉ ခုနှစ်အတွင်းက ၆၇ ဦးသေဒဏ်ပေးခံခဲ့ရကြောင်း လွတ်ငြိမ်းချမ်းသာ ခွင့် အဖွဲ့ကြီး၏ အစီရင်ခံစာတွင် ဖေါ်ပြထားသည်။ သေဒဏ်ကျခံပြီး သတ်ဖြတ်ခံရသူ ဦးရေတိုးပွားလာခြင်းသည် အလွန်စိတ်ပျက်ဖွယ်ဖြစ်ကြောင်း လူသာက ဆိုသည်။
စွပ်စွဲခံရပြီး စီရင်ခြင်းခံခဲ့ရသူများမှာ ခုခံလျှောက်လဲပေးသောရှေ့နေ၊ ရှေ့ရပ်မရှိခြင်း၊ တရားဥပဒေကြောင်းအရ မည်သည့်စွဲချက်ဖြင့် စွဲဆိုအပြစ်ပေးသည်ကိုလည်း သိခွင့်မရဘဲ အသတ်ခံခဲ့ရသည်ဟုလည်း ဆိုသည်။
“အမီနာကို ဘယ်လိုအက်ဥပဒေပုဒ်မတွေနဲ့ တပ်ပြီးစွပ်စွဲခဲ့သလဲဆိုတာ ကျွန်တော်တို့သေချာသိခွင့်မရပါဘူး။ မှော်အတတ်ကို အသုံးပြုလို့ တရားစွဲ၊ အပြစ်ပေးတဲ့ကိစ္စတွေ ဆော်ဒီမှာ မကြာခဏပေါ်ပေါက်ခဲ့ပါတယ်။ ပြီးတော့ မတရားစီရင်ခံရတယ်။ သူတို့ရဲ့ လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်နဲ့ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်တွေကို ကျင့်သုံးခဲ့တဲ့ အတွက် မတရားအပြစ်ပေးခံခဲ့ကြရတာပါ။” ဟု လူသာက ပြောသည်။
အာရပ်နွေဦး အုံကြွမှုနှင့်အတူ ဆော်ဒီတွင်ဖြစ်ပွားခဲ့သော လူထုဆန္ဒပြမှုများကို အစိုးရက နှိပ်ကွပ်ခဲ့သည်ဟုလည်း လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက ယခုလအစောပိုင်းက စွပ်စွဲလိုက်သည်။
လွန်ခဲ့သောနှစ် ဒီဇင်ဘာလက ကျင်းပသော ကုလသမဂ္ဂအထွေထွေညီလာခံကြီးတွင် ကမ္ဘာတစ်ဝှမ်းသေဒဏ် ပယ်ဖျက်ရေးအတွက် အဆိုတင်သွင်းခဲ့ရာ နိုင်ငံအနည်းအကျဉ်းက ကန့်ကွက်မဲပေးခဲ့ကြသည့်အထဲတွင် ဆော်ဒီ လည်း အပါအဝင်ဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့များက ပြောသည်။
Source: Al Jazeera




















11:37 AM
HRDP NEWS WORLD

Posted in:
0 comments:
Post a Comment