Friday, January 27, 2012
အမေရိကန်စစ်အသုံးစားရိတ်များလျှော့ချ
အမေရိကန်ပြည်ထောင်စုတွင် လာမည့်ဆယ်စုနှစ်များအတွင်း စစ်အသုံးစားရိတ် ဒေါ်လာ ၄၈၇ ဘီလီယံခန့် လျှာ့ချနိုင်ရေးအတွက် ခေတ်မီမျိုးဆက်သစ်သူလျှိုလေယာဉ်များဝယ်ယူခြင်း၊ လေယာဉ်ဟောင်းများနှင့် သင်္ဘော ဟောင်းများကို အနားပေးခြင်းများ တဖြည်းဖြည်းချင်းပြုလုပ်သွားမည်ဖြစ်ကြောင်း ပင်တာဂွန်အကြီးအကဲများက အစီအစဉ်တစ်ရပ်ချမှတ်လိုက်သည်။
အီရတ်နှင့် အာဖဂန်တို့တွင် ဆင်နွှဲနေသော စစ်ပွဲများကို ရပ်ဆိုင်းပြီး အာရှ၊ အရှေ့အလယ်ပိုင်းနှင့် အင်တာနက် နည်းပညာနယ်ပယ်များတွင် အာရုံစိုက်သွားမည့်အကြောင်း ကာကွယ်ရေးဝန်ကြီး လီယွန်ပန်နက်တာက ကြာသပတေးနေ့က ပြောကြားလိုက်သည်။ ရွေးကောက်ပွဲအကြိုကာလ ရီပတ်ဗလီကန်များ၏ ဝေဖန်မှုများအား ပြန်လည်ချေပလိုက်ခြင်းဖြစ်သည်။
အိုစမာဘင်လာဒင်ကို သုတ်သင်ချေမှုန်းခဲ့သော လေတပ် SEAL တပ်များကိုမူဆက်လက်ထားရှိသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
`ကမ္ဘာပေါ်မှာ အင်အားအကောင်းဆုံးစစ်တပ်အဖြစ်ဆက်လက်တည်ရှိနေဖို့အတွက် ဒါကို အခွင့်အရေးတစ်ခုအနေနဲ့ အသုံးချခြင်းဖြစ်ပါတယ်။ အင်အားမရှိတော့တဲ့ အဖြစ်မျိုး အဖြစ်မခံပါဘူး။´ ဟု ပင်တာဂွန် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
သို့သော် အချို့အမတ်များက သူ့သဘောထားကိုလက်မခံနိုင်ကြပါ။
`၉/၁၁ မတိုင်မီက စစ်တပ်အတိုင်းပြန်ထားမယ်ဆိုရင် ကျွန်တော်တို့အတွက် အလွန်အန္တရာယ်ကြီးမားပါ တယ်။´ ဟု ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ်နှင့် စစ်ဘက်ဆိုင်ရာအထက်လွှတ်တော်ကော်မီတီအဖွဲ့ဝင် တစ်ဦးလည်းဖြစ်သူ ဂျွန်ကော်နင်က ပြောကြားခဲ့သည်။ ယင်းကော်မီတီသည် ပင်တာဂွန်စစ်အသုံးစားရိတ်နှင့် ပတ်သက်ပြီး ရှင်းလင်းချက်များကို ကြားနာမည်ဖြစ်သည်။
၂၀၁၃ စစ်အသုံးစားရိတ်အတွက် ပင်တာဂွန်မှ ဘတ်ဂျက်ငွေ ဒေါ်လာ ၅၂၅ ဘီလီယံနှင့် အာဖဂန်စစ်အသုံးစားရိတ် အတွက် နောက်ထပ် ဒေါ်လာ ၈၈ ဘီလီယံ တောင်းခံမည်ဖြစ်ကြောင်း ပန်နက်တာက ပြောကြားခဲ့သည်။ ယခုနှစ် စုစုပေါင်းစစ်အသုံးစားရိတ်ထက် ဒေါ်လာ ၃၃ ဘီလီယံလျှော့၍ သုံးစွဲသွားမည်ဖြစ်သည်။ သို့သော် ၂၀၁၇ တွင် ပင်တာဂွန်စစ်အသုံးစားရိတ်သည် ဒေါ်လာ ၅၆၇ ဘီလီယံအထိ ရောက်ရှိသွားမည်ဖြစ်သည်။
အသုံးစားရိတ်လျှော့ချရေးအတွက် ကွန်ဂရက်နှင့် သဘောတူညီချက်ရရှိပြီးနောက် ငါးနှစ်အတွင်း တစ်စတစ်စ မြင့်တက်လာမည့် စစ်အသုံးစားရိတ်သည် ယခင်အသုံးစားရိတ်ထက် ၂၅၉ ဘီလီယံသက်သာသွားမည်ဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် ကာကွယ်ရေးအသုံးစားရိတ် ၄၈၇ ဘီလီယံအထိ လျှော့ချသွားရန် ရည်ရွယ်ထားသည်။
စစ်သားအရေအတွက်ကိုလည်း ၈၀,၀၀၀ ခန့်လျှော့ချသွားမည်ဖြစ်ကြောင်း ပန်နက်တာကပြောကြားခဲ့သည်။ လက်ရှိ အင်အား ၅၇၀,၀၀၀ မှ ၂၀၁၇ အရောက်တွင် ၄၉၀,၀၀၀ အထိလျှော့ချသွားမည်ဖြစ်ပြီး ၉/၁၁ မတိုင်မီစစ်တပ်အင် အားထက် အနည်းငယ်ပိုများမည်ဖြစ်သည်။ လက်ရှိရေတပ်အင်အားကိုလည်း ၂၀၂,၀၀၀ မှ ၁၈၂,၀၀၀ အထိ လျှော့ချသွားမည်ဖြစ်သည်။
C-5A လေယာဉ်သယ်သင်္ဘော နှစ်ဒါဇင်ခန့်နှင့် C-130 သင်္ဘောများအပါအ၀င် လေတပ်ရှိ လေယာဉ်ဟောင်းများကို လည်း အနားပေးသွားမည်ဟု ဆိုသည်။
လေတပ်မတော်တွင် လေယာဉ်တင်သင်္ဘော ၁၁ စင်းကိုဆက်လက်ထားရှိပြီး ခုနှစ်စင်းကို စောစီးစွာအနားပေးမည် ဖြစ်သည်။ ဗာဂျီးနီးယားအဆင့် ရေငုပ်သင်္ဘောများဝယ်ယူခြင်းအပါအ၀င် အခြားသင်္ဘောသစ်များဝယ်ယူခြင်းကို ရပ်ဆိုင်းထားမည်ဖြစ်သည်။
Source: Al Jazeera
မှတ်ချက်။ ။ ၂၀၁၁ တရုတ်စစ်အသုံးစားရိတ်မှာ ဒေါ်လာ ၉၁.၅ ဘီလီယံသာရှိသည်။
အောက်ဖေါ်ပြပါဇယားမှာ တရုတ်စစ်အသုံးစားရိတ်ဖေါ်ပြချက်နှင့် အမေရိကန်က တွက်ချက်ဖေါ်ပြထားသောတရုတ်စစ်အသုံးစားရိတ် ဖြစ်သည်။
(ကိုးကား- BBC News Business)
0 comments:
Post a Comment